အခန်း ၃၈ ။ အထက်ထျန်းလန်မှ ဧည့်သည်များ
“ပင်မတောင်ထွတ်ဆီ သွားဦးမယ်”
မဟူရာကောင်းကင်ဂိုဏ်းကနေပြန်လာပြီးတော့ ကူယွဲ့က တခြားနှစ်ယောက်ကို စိတ်ထဲမထားဘဲ ဒီစကားတွေပဲ လေပစ်ခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်ဘုံအကြောင်းဆွေးနွေးဖို့ ဂိုဏ်းခေါင်းဆောင်ကို ခပ်သုတ်သုတ် သွားရှာတော့တယ်။
ယိချင်းက ရှန်းရင်ကို ယင်းယွမ်တောင်ထွတ်ဆီ ပြန်ခေါ်လာခဲ့ပြီး ကောင်းကင်ကို မော့ကြည့်လိုက်တယ်။
“မွန်းတည့်တောင်ရောက်တော့မယ်၊ ဆရာ ကျေးဇူးပြုပြီး ခဏလောက်စောင့်ပေးပါ၊ ကျွန်တော် ဒီနေ့အတွက် ပါဝင်ပစ္စည်းတွေသွားယူပြီး ခဏနေပြန်လာခဲ့ပါ့မယ်”
“ကောင်းပြီလေ” ရှန်းရင်ခေါင်းညိတ်ပြပြီး အိမ်ထဲ ဝင်လာခဲ့တယ်။ နောက်တော့ ချက်ချင်း အိပ်ဖို့ ကျောက်တုံးစားပွဲပေါ် လှဲချလိုက်တာပဲ။ ပင်ပန်းလိုက်တာ အဲမြွေခွေးစိမ်းနဲ့ ရင်ဆိုင်ရတာက သူမကို တစ်ညအိပ်ရေးပျက်စေခဲ့လို့ ခေါင်းကငိုက်ကျနေပြီ။ တစ်ခဏလှဲပြီးတဲ့နောက်မှာ မျက်ခွံနှစ်ဖက်စလုံး ပိတ်ကျတော့မယ်။
စောနလေးတင် ထွက်သွားတဲ့ ယိချင်းက အကြံအိုက်နေပုံနဲ့ ပြန်လာတယ်။
“မြန်လိုက်တာ” ရှန်းရင် ခေါင်းလေးစောင်းပြီး သူ့ကိုလှမ်းကြည့်လိုက်တယ်။
“နင်ယူလာတဲ့ ဟင်းသီးဟင်းရွက်တွေရော” သူ ဟင်းချက်စရာတွေ သွားယူတာမဟုတ်ဘူးလား။ ဘာလို့ လက်ဗလာနဲ့ပြန်လာရတာတုန်း။
“ဆရာ…”
အပြစ်ရှိသလိုအမူအရာနဲ့ ယိချင်းကပြောလာတယ်။
“အပြင်စည်းခန်းမကလူတွေက ကျွန်တော်တို့ ဒီလရဲ့ စိတ်ဝိညာဉ်ဆန်ခွဲတမ်းကို… ပြည့်ပြီးသွားပြီလို့ ပြောနေကြတယ်”
“အား” သူမ အသံတုန်ယင်သွားတော့တယ်။
“အကန့်အသတ်မရှိ မဟုတ်ဘူးလား”
“တပည့်လည်း အခုမှ စိတ်ဝိညာဉ်ဆန်က လအလိုက် ခွဲတမ်းအကန့်အသတ်ရှိမှန်း သိခဲ့တာပါ” သူသာ သိခဲ့ရင် ဒီလောက်အများကြီး အဆာသွတ်မုန့်တွေ လုပ်ခဲ့မှာမဟုတ်ဘူး။ ဒါအကုန်လုံးက ဟိုကပ်ပါးကောင်ရဲ့ အပြစ်ကြောင့်ပဲ။ ဟုတ်တယ်၊ အဲလိုပဲဖြစ်ရမယ်။ သူ အများကြီးစားလိုက်လို့ ဆရာ့မှာ ခုစားသောက်ဖို့ စားစရာမရှိတော့တာ။
“အပြင်စည်းခန်းမကပြောပါတယ်၊ စိတ်ဝိညာဉ်ကျောက်တုံးတွေကိုသုံးပြီး တခြားတပည့်တွေနဲ့ လဲလို့တော့ရတယ်တဲ့၊ ဒါပေမဲ့…”
ရှန်းရင် နှုတ်ခမ်းတွေ တွန့်ချိုးသွားတော့တယ်။
“ငါနားလည်ပြီ” သူတို့မွဲနေတာပေါ့။
လတွေကြာသွားပြီးတဲ့နောက်မှာ သူမ ကမ္ဘာကူးပြောင်းလာမှုရဲ့ အကြီးဆုံးဒုက္ခက ဆင်းရဲမှုဆိုတာ နောက်ဆုံးတော့ အခုသတိရသွားခဲ့ပါပြီ!
“ဆရာမစိုးရိမ်ပါနဲ့၊ နောက်နှစ်ရက်ဆို လစာပေးရက်ပါ၊ အဲကျ တပည့် ဝိညာဉ်ကျောက်တုံးတွေ ရနိုင်ပါပြီ” ယိချင်းက ချက်ချင်းနှစ်သိမ့်ပေးလိုက်တယ်။
“ပြီးတော့ မဟူရာကောင်းကင်ဂိုဏ်းအနီးတစ်ဝိုက်မှာ သားကောင်လေးတွေရှိတယ်တဲ့၊ ဒါကြောင့် ရက်ပိုင်းတော့ ဆရာ နည်းနည်း ဒုက္ခခံပြီး သူတို့အသားကိုစားလို့ရပါတယ်၊ ကျွန်တော် အခု သူတို့ကိုသွားဖမ်းလိုက်မယ်!”
တော်လိုက်တဲ့ စားဖိုမှူး။ ရှန်းရင် သက်ပြင်းချလိုက်တယ်။ သူမကတော့ ဆင်းရဲလွန်းလို့ ထမင်းတစ်နပ်တောင် မတတ်နိုင်တော့ဘူး။ ပြီးတော့ အမဲလိုက်ဖို့ တပည့်ကိုက လိုသေးတယ်။ ဒါက… အခန့်သင့်လွန်းတာပဲ။
“ဒါဆို နင့်ကို လွှဲပေးလိုက်မယ်” ရှန်းရင် သူ့ပခုံးတွေကို ပုတ်လိုက်တယ်။
“သွား၊ ငါ နင့်ကိုစောင့်နေမယ်”
“ကောင်းပါပြီ ကိစ္စမရှိပါဘူး ဆရာ” ယိချင်း ခပ်ပြင်းပြင်း ခေါင်းညိတ်ပြီး တစ်ဖက်လှည့်ကာ ပျံထွက်လာခဲ့တယ်။
ရှန်းရင် နောက်တစ်ကြိမ် သက်ပြင်းချလိုက်မိတယ်။ စားဖိုမှူးတစ်ယောက်ရဲ့ ကျွမ်းကျင်အရည်အချင်းတွေကို တွက်ရင် ဒီတစ်ယောက်က အမှတ်ပြည့်ပဲ။
ဒါပေမဲ့ ဒီလိုမျိုးတော့ ဆက်သွားလို့မဖြစ်ဘူး။ ကြည့်ရတာ ပိုက်ဆံရှာဖို့ နည်းလမ်းရှာဖို့အတွက် အချိန်တန်လာပုံပဲ။ သူသာ စောစောသိခဲ့ရင် ကတိုးကြောင် စောနကချထားခဲ့တဲ့ ရွှေတွေကို ကောက်လာခဲ့ပါတယ်။ အဲယာယီစားဖိုမှူးကိုပဲ အပြစ်တင်ရမယ်။
——————
“ဟတ်ချိုး” ပင်မတောင်ထွတ်မှာတော့ ကူယွဲ့ ဆွေးနွေးနေရင်း နှာချေမိသွားတယ်။ အာ.. ဘယ်လိုလုပ် တစ်ယောက်ယောက်က အခုလေးတင် ငါ့ကို ဆူလိုက်တယ်လို့ ခံစားရတာပါလိမ့်။
“ဆရာဦးလေး” ရှီးချိုးက သူ့ကို နားမလည်နိုင်သလို ကြည့်လာတယ်။
“ဘာမှမဖြစ်ဘူး၊ မင်းဆက်ပြောလို့ရပြီ”
“ဟုတ်ကဲ့၊ တူတပည့်က ရှေးဟောင်းလျှို့ဝှက်ဆန်းကြယ်ဘုံကိစ္စကလေ အတော်လေး အရေးကြီးတယ်လို့ ခံစားမိပါတယ်”
ရှေးဟောင်းလျှို့ဝှက်ဆန်းကြယ်ဘုံ နိုးထလာမှုက ကိစ္စကောင်းပဲ။ သူ သတင်းစစကြားတုန်းကဆို အပျော်လွန်နေခဲ့တာ။ ရှေးဟောင်းလျှို့ဝှက်ဆန်းကြယ်ဘုံတဲ့လေ! ပြီးတော့ ဘယ်သူမှ ခြေမချဖူးဘူး။ အထဲမှာ မရေမတွက်နိုင်တဲ့ ထူးထူးခြားခြားကျောက်မြက်တွေနဲ့ ရတနာတွေရှိနေနိုင်တယ်။ ဒါကြောင့် ဘယ်သူက မဝမ်းသာဘဲနေမလဲ။ ဘယ်သူက စိတ်မလှုပ်ရှားဘဲနေမလဲ။ ဒါပေမဲ့ ပျော်ရွှင်မှုတွေ ပြီးသွားတော့ စိုးရိမ်မှုတွေ ပေါ်ပေါက်စပြုလာတယ်။
“အဲအလင်းတန်းက ကောင်းကင်တစ်လျှောက် တောက်ပသွားတာ၊ ဂိုဏ်းအားလုံးက သတိထားမိပြီးသွားလောက်ပြီဆိုတော့ သွားစစ်ဆေးကြမှာပဲ၊ ဒီနိုးထလာမှုကို အနှေးနဲ့အမြန် အားလုံးသိသွားကြမှာပါ”
“အင်း ငါအဲဒါ ကောင်းကောက်းသဘောပေါက်တယ်” ကူယွဲ့ ခေါင်းညိတ်ပြလိုက်တယ်။
“ဒါပေမဲ့ ဒီလျှို့ဝှက်ဆန်းကြယ်ဘုံက မဟူရာကောင်းကင်ဂိုဏ်းပိုင်နက်အတွင်းမှာ ပေါ်လာတာဆိုတော့ ငါတို့လျစ်လျူရှုဖို့ အကြောင်းရင်းမရှိဘူး၊ လျှို့ဝှက်ဆန်းကြယ်ဘုံထဲဝင်မဲ့ကိစ္စကတော့… မင်းက ဂိုဏ်းခေါင်းဆောင်မို့ မင်းပဲဆုံးဖြတ်ချက်ချလိုက်”
“ကျွန်တော်ထင်တာတော့… လျှို့ဝှက်ဆန်းကြယ်ဘုံတစ်ခုပွင့်တဲ့ အချိန်က အမြဲ အကန့်အသတ်ရှိတယ်၊ ဒီကိစ္စကို အနှေးနဲ့အမြန် ဂိုဏ်းတွေသိသွားမှာပဲဆိုတော့ ကျွန်တော်တို့ ကျောင်းခြောက်ကျောင်း ဂိုဏ်းသုံးဂိုဏ်းကို တန်းအသိပေးပြီး လျှို့ဝှက်ဆန်းကြယ်ဘုံကို စစ်ဆေးလို့ရအောင် အတူတူဝင်ဖို့ တိုက်ရိုက်အသိပေးလိုက်ရင်ရော”
ရှီးချိုးက အသံကိုနှိမ့်ချလိုက်တယ်။
“ပို့မဲ့အဖွဲ့ဝင်တွေကိုတော့ တစ်ဂိုဏ်းချင်းစီက သူတို့ဘာသာဆုံးဖြတ်ကြပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ရှေးဟောင်းလျှို့ဝှက်ဆန်းကြယ်ဘုံလေ၊ အခွင့်အရေးတွေနဲ့အတူ စွန့်စားမှုတွေလာမှာ — အားလုံးက ကိုယ့်ကံပေါ်ပဲမူတည်တယ်”
“အင်း ငါလည်းအဲလိုပဲတွေးတယ်” ကူယွဲ့ ခေါင်းညိတ်ပြလိုက်တယ်။
“ကောင်းပါပြီ၊ ကျွန်တော် အခု ဂိုဏ်းအားလုံးဆီ စာတွေပို့လိုက်ပါ့မယ်” ရှီးချိုးက ဂါဝရပြုပြီး ခပ်သုတ်သုတ် ထွက်သွားတယ်။
ကူယွဲ့ တစ်ခဏတွေးတောနေမိပြီး လင်းရှောင်တောင်ထွတ်ဆီ သွားခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ကိစ္စကြီးတစ်ခုဆိုတော့ တခြားဆရာသခင်နှစ်ယောက်ကို သွားအသိပေးဖို့လိုတယ်။ ဒါမှ ပို့ရမဲ့ အဖွဲ့ဝင်တွေကို မြန်မြန်ဆုံးဖြတ်ပြီး ဂိုဏ်းအားလုံးက လူတွေစုဝေးပြီးတော့ လျှို့ဝှက်ဆန်းကြယ်ဘုံထဲဝင်ဖို့ကို စောင့်ရမှာ။
ဒါပေမဲ့ ကျောင်းခြောက်ကျောင်း ဂိုဏ်းသုံးဂိုဏ်းက အကြောင်းပြန်မကြားခင်မှာတင် မထင်မှတ်ထားတဲ့ ဧည့်သည်တွေ ရောက်လာမယ်လို့ မမျှော်လင့်ခဲ့မိဘူး။
ဧည့်သည်သုံးယောက်က ရုတ်တရက်ကြီး မဟူရာကောင်းကင်ဂိုဏ်းအပေါ်မှာ ပေါ်လာတယ်။ သူတို့ရဲ့ဝင်ရောက်လာမှုနဲ့အတူ မိုးကောင်းကင်အသံပေါင်းမြောက်များစွာ ပေါ်လာပြီး ကောင်းကင်ကြီးတောင် ပိုင်းခြားခံလိုက်ရတဲ့ပုံမျိုး။ သူတို့က ဟင်းလင်းပြင်ကို ဖြတ်သန်းပြီး ရောက်လာကြတယ်။
ကူယွဲ့နဲ့ရှီးချိုး ခဏလောက်ကြောင်နေပြီးမှ နောက်ဆုံးတော့ သဘောပေါက်သွားခဲ့တယ် — ဒီလူတွေက အထက်ထျန်းလန်လောကက လူတွေပဲ။
အထက်ထျန်းလန်လောကရဲ့ လူတွေက ဘာလို့ အလယ်ထျန်းလန်လောကကို ရောက်လာကြတာတုံး။
“မင်းတို့ဂိုဏ်းချုပ်ဘယ်မှာလဲ” သုံးယောက်သားက လေထဲ ရပ်နေကြတယ်။ ညာဘက်က တစ်ယောက်က ပင်မတောင်ထွတ်ကို မနှစ်မျို့တဲ့ပုံနဲ့ကြည့်နေတာက တစ်လောကလုံးကို အထင်သေးရှုံ့ချတဲ့ပုံမျိုးနဲ့။ သူက ထိန်းချုပ်တဲ့ အငွေ့အသက်ဖျော့ဖျော့ကိုတောင် ထုတ်လွှတ်ထားသေးတယ်။
ဒါက… နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ရဲ့ ထိန်းချုပ်အရှိန်အဝါပဲ။
ထိတ်လန့်သွားပြီး ရှီးချိုးက ရှေ့တစ်လှမ်းတိုးမိလိုက်တယ်။
“ကျွန်တော်က ရှီးချိုး၊ မဟူရာဂိုဏ်းခေါင်းဆောင်ပါ၊ ဘာကိစ္စကြောင့်များ အထက်ထျန်းလန်လောကရဲ့ ဆရာသခင်တွေက ဒီကိုရောက်လာရတာပါလဲ”
သုံးယောက်က နောက်ဆုံးတော့ လေထဲက ဆင်းသက်လာပြီး ပင်မတောင်ထွတ်ရဲ့ခန်းဆောင်ရှေ့ ရပ်လိုက်တယ်။ သူတို့ ရှီးချိုးကို လှမ်းကြည့်လာပြီး အထင်သေးမှုအပြည့်နဲ့ ဖြစ်နေဆဲပဲ။ ဒါပေမဲ့ ဘေးက ကူယွဲ့ကို မြင်ချိန်ကျ အံ့ဩသွားပြီး ပိုသတိထားလာကြတယ်။
“ကျုပ်က အထက်ထျန်းလန်လောကက ရွှမ်းယွမ်မိသားစုရဲ့ အကြီးအကဲတစ်ယောက်ပဲ၊ တာအိုနာမည် ချင်းယင်၊ ဒီနှစ်ယောက်က ငါ့ရဲ့ဆရာတူညီအစ်ကိုတွေ”
ချင်းယင်က ခေါင်းကိုမော်ထားပြီး မော်ကြွားမှုနဲ့ ဖြေလိုက်တယ်။
ရှီးချိုး ပိုလန့်သွားပါလေရော။ ရွှမ်းယန်မိသားစု… အလယ်ထျန်းလန်လောကက အထက်ထျန်းလန်လောကနဲ့ ပတ်သက်ပြီး သိပ်များများစားစားမရှိပေမဲ့ ဒီမိသားစုကိုတော့ သေချာပေါက် ကြားဖူးတာပေါ့။ မျိုးရိုးမြင့်အထက်တန်းမိသားစုလေးစုထဲက တစ်စုပဲ။ သူတို့က ရုတ်တရက်ကြီး ဘာလို့ ဒီလောကထဲကဂိုဏ်းတစ်ဂိုဏ်းဆီ သူတို့အဖွဲ့ဝင်သုံးယောက်ကို လွှတ်လိုက်ရတာလေ၊ တစ်ယောက်ဆို အကြီးအကဲတောင်ဖြစ်နေသေးတယ်။
“ရှေးဟောင်းလျှို့ဝှက်ဆန်းကြယ်ဘုံ နိုးထလာတာကြောင့် အထက်ထျန်းလန်လောကထဲ မူမမှန်မှုတွေအများကြီး ဖြစ်ပွားသွားတယ်၊ ဒါကြောင့် ဆရာ့အမိန့်အရ စုံစမ်းဖို့လာခဲ့တာ၊ ဒီလျှို့ဝှက်ဆန်းကြယ်ဘုံရဲ့ အန္တရာယ်တွေကို လောလောဆမသိနိုင်သေးသလို အထက်ထျန်းလန်လောကမှာတောင် ရှေးဟောင်းဘုံတွေအကြောင်း ဗဟုသုတခေါင်းပါးကြတယ်၊ ပြဿနာတွေဖြစ်ပေါ်လာမှာဆိုးလို့ အလယ်ထျန်းလန်လောကကို အကူအညီပေးဖို့ ဆန္ဒရှိပြီးအရင်စစ်ဆေးကြည့်ဖို့ ဝင်ချင်တယ်”
ရှီးချိုးမျက်နှာက မှုန်မှိုင်းသွားတော့တယ်။ သူတို့လည်း ရှေးဟောင်းလျှို့ဝှက်ဆန်းကြယ်ဘုံ ဆွဲဆောင်တာကို ခံရတာပဲ။ ဒီကိုကူညီဖို့ရောက်လာတာမဟုတ်ဘူး — စားခွက်လုဖို့ ဒီနေရာရောက်နေတယ်ဆိုတာ အသိသာကြီး! သူတို့ပြောတဲ့လေသံအရဆို ကောင်းပေ့ညွှန့်ပေ့တွေရဖို့ ဦးဦးဖျားဖျားတောင် ဝင်ချင်သေးတယ်ပေါ့။ ဒါကို ဘယ်လိုလုပ် ခွင့်ပြုနိုင်ပါ့မလဲ!
“ကြင်နာမှုအတွက် ကျေးဇူးပါ၊ ဒါပေမဲ့ ဒီလျှို့ဝှက်ဆန်းကြယ်ဘုံက မဟူရာကောင်းကင်ဂိုဏ်းရဲ့ ပိုင်နက်အတွင်းမှာ ပေါ်လာပြီးတော့ ကျွန်တော့်တစ်ဂိုဏ်းပဲ ကိုင်တွယ်ရင် အဆင်မပြေဖြစ်မှာမို့ တစ်ဂိုဏ်းချင်းစီကို ဘုံထဲဝင်ဖို့ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ဖိတ်ကြားစာတွေပို့ပြီးပါပြီ၊ သူတို့ ခုဆို လျှို့ဝှက်ဆန်းကြယ်ဘုံအဝကို ရောက်နေလောက်မှာ စိုးမိပါတယ်၊ ဒါကြောင့်အရှင်သခင်တို့ကို သွားစမ်းသပ်ကြည့်ဖို့ ဝန်ထုပ်ဝန်ပိုးမပေးတော့ပါဘူး”
“ဘာ!” ချင်းယင်က လန့်သွားတယ်။ ကြည့်ရတာတော့ လျှို့ဝှက်ဆန်းကြယ်ဘုံတစ်ခုကို ရှာတွေ့တဲ့သူတစ်ယောက်ယောက်က ချက်ချင်းပိုင်ရှင်ရှိကြောင်း မကြေငြာဘဲ ခွဲဝေယူဖို့တခြားဂိုဏ်းတွေကို အသိပေးမယ်မထင်ထားပုံပဲ။ သူ့မျက်ခုံးတွေ ကျုံ့သွားပြီး စဉ်းစားမိသွားတယ်။
သူတို့တွေ အဆင့်နိမ့်ဘုံ ကျင့်ကြံသူတွေဖြစ်နေရုံဆိုတာ အံ့ဩစရာမရှိတော့ဘူး၊ ငတုံးတစ်သိုက်ကိုး!
သူ ချက်ချင်း ရှီးချိုးဆီ သူ့နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ထိန်းချုပ်အရှိန်အဝါကို ပစ်လွှတ်လိုက်တယ်။
ဘေးမှာရှိနေတဲ့ကူယွဲ့က အရင်ဆုံးသတိထားမိသွားပြီး သူလည်း ချက်ချင်း တစ်ဖက်လူရဲ့ ဖြုံစရာအရှိန်အဝါကို ပြန်တွန်းထုတ်တဲ့ ထိန်းချုပ်အားပစ်လွှတ်လိုက်တယ်။ သူတို့က အထက်ထျန်းလန်လောကရဲ့ လူတွေဆိုတော့ရော ဘာဖြစ်လဲ။ မဟူရာဂိုဏ်းက လာပြီး ပြဿနာရှာစရာမဟုတ်ဘူး။
ကြောင်သွားပြီး ချင်းယင် နောက်တစ်လှမ်းတောင် ပြန်ဆုတ်လိုက်ရတဲ့အခြေအနေထိရောက်သွားတယ်။ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်း ကနဦးအဆင့်သာရှိသေးတဲ့ ဒီလူက သူ့ထိန်းချုပ်အရှိန်အဝါကို ကြားဖြတ်တိုက်နိုင်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး။ သူက လက်တုံ့ပြန်လာတော့မဲ့ဆဲဆဲ သူတို့အုပ်စုရဲ့အလယ်မှာ တိတ်နေတဲ့လူက ရုတ်တရက်ကြီး ရှေ့တက်လာတာနဲ့ ပိုပြီးအရှိန်ပြင်းတဲ့ ဖိနှိပ်ထိန်းချုပ်တဲ့အရှိန်အဝါကို ချက်ချင်းခံစားလိုက်ရတယ်။
ကူယွဲ့ မျက်ခုံးကြုတ်မိပြီး တောင့်မခံနိုင်လုနီးပါးပဲ။ သူ တစ်ဖက်လူကို အထိတ်တလန့်ကြည့်လိုက်တယ် — ဒါက နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ အရှိန်အဝါမျိုးမဟုတ်ဘူး။ ဒီလူက… ပြိုကွဲသွားတဲ့ ခရီးသွားမသေမျိုးတစ်ယောက်ပဲ။
ခရီးသွားမသေမျိုးဆိုတာက ကောင်းကင်တက်လှမ်းအဆင့်ကို ရောက်ရှိပြီးပြီဆိုပေမဲ့ အောင်အောင်မြင်မြင် မတက်လှမ်းနိုင်ခဲ့သူတွေကို ရည်ညွှန်းတာ။ သူတို့အသက်ကို ကယ်တင်ဖို့အတွက် ရွေးစရာမရှိဘဲ ပြိုကွဲသွားအောင် လုပ်ရပြီး ခရီးသွားမသေမျိုးတွေ ဖြစ်လာတော့တာပဲ။ ခရီးသွားမသေမျိုးကလည်း ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး တကယ့်မသေမျိုးအစစ်တော့ မဟုတ်ပေမဲ့ သူတို့တွေက နတ်ဝိညာဉ်ဖြစ်ပေါ်ခ့င်းအဆင့်ထက် ပိုပြီးအင်အားကြီးတယ်။ တစ်ခုရှိတာက သူတို့ ပြိုကွဲအောင်လုပ်ပြီးရင် တက်လှမ်းဖို့အခွင့်အရေးမရှိတော့တာပဲ။
အဲရှေးဟောင်းလျှို့ဝှက်ဆန်းကြယ်ဘုံမှာ ရှိနေနိုင်တဲ့အရာက ရင်းမြစ်ပေါကြွယ်ဝတဲ့ အထက်ထျန်းလန်လောကကိုတောင် အဆင့်မြင့်ကျင့်ကြံသူတစ်ယောက် လွှတ်ရလောက်တယ်ပေါ့လေ။ တစ်ယောက်ဆို ခရီးသွားမသေမျိုးတောင် ဖြစ်နေသေးတယ်။
…
Yoh သဘောကျရင် like နဲ့ share လေးတွေ ပလိစ်