အခန်း ၃၇။ ရှေးဟောင်းလျှို့ဝှက်ဆန်းကြယ်ဘုံ
“ဝူး ဝူး ငါ့ရဲ့လက်ဆောင် သွားပြီ” ကြောင်ကတိုးက ဝမ်းနည်းပမ်းနည်း ငိုလိုက်ပြီး သူ့ရင်ဘတ်ထဲမှာ သေတ္တာကို ဖက်ထားလိုက်တယ်။
ကူယွဲ့က လျှောက်လာပြီး တစ်ဝက်ပွင့်လျက်သားသေတ္တာကို တစ်ချက်ကြည့်မိလိုက်လေရဲ့။ သေတ္တာထဲက ဝိညာဉ်ဆေးပင်တွေအားလုံးခြောက်ကပ်ကုန်ပြီ။ သူက သက်ပြင်းချရင်းနဲ့ ပြောလိုက်တယ်။
“ဒီဆေးပင်တွေက သူတို့ရဲ့ဝိညာဉ်ချီတွေ ကုန်အောင်စုပ်ယူခံထားရတာ စိတ်လျှော့”
မြေခွေးနတ်ဆိုးက ဒီဆေးပင်တွေကို ဆေးလုံးဖော်စပ်ဖို့ သိမ်းထားပြီး သူတို့ကို မြန်မြန်အပြီးမသတ် လိုက်ရတာလို့ သူတွေးမိတယ်။ သူ မသိတာကတော့ နတ်ဆိုးက ဒါတွေအားလုံးကို သူ့ရဲ့သားလေးကို ကယ်ဖို့ရည်ရွယ်ခဲ့တာပဲ။ ကူယွဲ့က တစ်လှမ်းနောက်ကျသွားတာ။
အဲဒီစကားကိုကြားတော့ ကြောင်ကတိုးက အော်ညည်းပြီး ပိုတောင် သည်းသည်းထန်ထန် ငိုကြွေးတော့တာပဲ။
ရှန်းရင်က တစ်ချက်လှည့်ကြည့်ပြီး ကြောင်ရဲ့လက်ထဲက သေတ္တာကို တစ်ချက်ကြည့်လိုက်တယ်။ အဲ့ဒီတော့မှ သူမသဘောပေါက်သွားတာက အထဲမှာရှိနေတာက ခြောက်ကပ်ကပ် တွန့်လိမ်တွန့်လိမ်နဲ့ …/
“မုန်လာဥလား”
“ဘယ်နားက ဒါက မုန်လာဥနဲ့တူနေလို့လဲ။ ဒါက လင်ဇီးကွ” ကူယွဲ့က အမှန်ပြင်ပေးလိုက်တယ်။
သူမက သိချင်စိတ်နဲ့ဆေးပင်ကိုကောက်ကိုင်လိုက်ပြီး လက်မနဲ့လက်ညှိုးကြားမှာ သေချာကိုင်ထားပြီး ကြည့်ကြည့်လိုက်တယ်။ ဆေးပင်က ခရမ်းရောင်ဖြစ်နေတာကလွဲပြီး မုန်လာဥနဲ့ တစ်ပုံစံထဲပဲ။
“ဝူး ဝူး ဝူး အသင်္ချေနတ်ဆိုးဘုရင်အတွက် လက်ဆောင်မပါဘဲ…. မြောင်… ကျုပ်တော့ ပြန်မသွားနိုင်တော့ဘူး။ မြောင်” ကြောင်ကတိုးက ဆက်ပြီးငိုကြွေးနေတယ်။
“ဒါက” ရှန်းရင်က တွေဝေသွားရောပဲ။ “နင်ပြောပြောနေတဲ့ အသင်္ချေနတ်ဆိုးဧကရာဇ်ဆိုတာ… ယုန်တစ်ကောင်လား”
“ခင်ဗျား ဘယ်လိုလုပ်သိတာလဲ” ကြောင်ကတိုးက ရုတ်တရက်ကြီး အငိုရပ်သွားတယ်။ ရှန်းရင်ကို မျက်ရည်လည်ရွဲမျက်လုံးတွေနဲ့ ကြည့်လိုက်ပြီးတော့ သူကပြောလိုက်တော့တယ်။
“အသင်္ချေနတ်ဆိုးဘုရင်ရဲ့ပုံစံအစစ်အမှန်က တကယ်တော့ ယုန်မျိုးနွယ်စုပဲ”
“ဪ တကယ်မှန်နေတာပဲ”
“နင် စောစောကပြောသင့်တာ။ ဒါဆို ကိစ္စတွေက ပိုလွယ်သွားပြီ” ရှန်းရင်က ကြောင်ကတိုးရဲ့ခေါင်းကို ဖတ်ခနဲ ရိုက်လိုက်တယ်။
“ငါနဲ့ ယုန်နဲ့ အတော်ရင်းနှီးတယ်လေ။ မငိုနဲ့။ နင့်အတွက် ယုန်ဆီကို စာရေးပေးမယ်” သူမ ပတ်ဝန်းကျင်ကို လိုက်ရှာကြည့်ပြီးတော့ သူမဘေးနားက လူဆီက အဝတ်စကိုမြန်မြန်ဆန်ဆန် ဆွဲဖြဲပစ်လိုက်တာပဲ။
“ဟိုလီရှစ် ငါ့အဝတ်အစား ဘာကြောင့်ယူသွားရတာလဲ” ကူယွဲ့ကပြောလိုက်ပြီး သူ့အတွင်းဝတ်ပဲ ကျန်လျက်သားနဲ့ မတ်တတ်ရပ်နေရတယ်။
“စာရွက်အစားထိုးဖို့နင့်အဝတ်အစားနင် မသုံးနိုင်ဘူးလား။ နင်က တကယ် ငါနဲ့ဆို အရမ်းသက်တောင့်သက်သာတွေရှိနေတာမဟုတ်ဘူးလား”
“အဖြူရောင်ဝတ်ထားတာ နင့်အမှားလေ။ မှင်ကို မြင်ရတာပိုလွယ်တာပေါ့”
“…” သူ့နားမှာရပ်နေတဲ့လူအားလုံးကို ကြည့်မိလိုက်တယ်။ ကြောင်က အနက်ရောင်၊ ရိချင်းက အပြာရောင်၊ ရှန်းရင်က အစိမ်းရောင် သူပြန်ပြောနိုင်တော့မယ်မထင်ပါဘူး။
ရှန်းရင်က အဝတ်စပေါ်မှာ စာစရေးတော့တယ်။ သူက မှင်ဆိုတဲ့စကားလုံးကို သုံးခဲ့ပေမဲ့ ရလဒ်အနေနဲ့ နေရာအနှံ့မှာ သွေးတွေ စွန်းထင်းသွားတာပဲ။ မြန်မြန်ဆန်ဆန်နဲ့ စာနှစ်ကြောင်း ရေးပြီးသွားတယ်။ သူက သေတ္တာထဲမှာ အဝတ်စကိုထည့်ပြီး ကြောင်ဆီကိုပေးလိုက်တယ်။
“ပြီးသွားပြီ။ ဒါကို ယုန်ဆီပေးလိုက်။ သူနင့်ကို အပြစ်တင်မှာ မဟုတ်ဘူး”
“မင်း သေချာလား” ကြောင်ကတိုးက မဝံ့မရဲနဲ့သေတ္တာကိုကိုင်ထားပြီး သူ့မျက်နှာမှာ စိုးရိမ်ပူပန်မှုတွေအပြည့်ရှိနေတယ်။
“စိတ်မပူနဲ့။ သူက ညင်သာတယ်။ အသီးအရွက်စားတဲ့ယုန်လေးလေ”
ငါ့ကံကို စမ်းရုံကလွဲပြီး တခြားနည်းလမ်းမှာမရှိတော့တာ။ ကြောင်ကတိုးက အသက်ပြင်းပြင်းရှူပြီး သေတ္တာကို ယူသွားတယ်။ သူက ရှန်းရင်ကို ကျေးဇူးတင်တော့မယ့်အချိန်မှာပဲ မြေပြင်က ကြမ်းတမ်းစွာ လှုပ်ခါလာတယ်။ အက်ကွဲကြောင်းတွေက ပေါ်လာပြီးတော့ ကောင်းကင်ကနေ မျက်စိကန်းလောက်တဲ့ အဖြူရောင်အလင်းတွေက တန်းတန်းမတ်မတ် ရောက်သွားတယ်။ မြေကြီးထဲကနေ တစ်စုံတစ်ခုထွက်ပေါ်လာသလိုမျိုးပဲ။
“မြေကြီးထဲမှာ တစ်ခုခုရှိနေတယ်” ကူယွဲ့က သူ့နားက လူတိုင်းကို အော်လိုက်တယ်။
“ဒီနေရာကပြိုနေပြီ။ ငါတို့ဒီကနေပျံသွားရမယ်” သူကပြောပြီးတာနဲ့ ဓားပျံကို ထုတ်စီးဖို့ပြင်လိုက်တယ်။
“ဆရာ” ယီချင်းက ရှန်းရင်ကို သူ့ဓားပေါ် မြန်မြန်ဆန်ဆန်ဆွဲတင်လိုက်တယ်။ အနက်ရောင်ချီတိမ်တိုက်စွမ်းအင်အဖြစ် အသွင်ပြောင်းပြီးခါစ ကြောင်ကတိုးနဲ့အတူ သူတို့က ဂူထဲကနေပြန်ထွက်လိုက်တယ်။
ဂူအပြင်ကိုရောက်တာနဲ့ အက်ကွဲကြောင်းက သုံးကီလိုမီတာ၊ လေးကီလိုမီတာလောက် ပြန့်သွားတယ်ဆိုတာ သူတို့သိလိုက်ရတယ်။ အက်ကွဲကြောင်းတွေအားလုံးမှာ မျက်စိကန်းလောက်တဲ့ အဖြူရောင်အလင်းတွေ တောက်ပနေတာ။ မြေပြင်ပေါ်က မဟာအပိုင်းအစတစ်ခုက အပေါ်ကိုရုတ်တရက်ကြီးတက်လာပြီး မြေပြင်က ကြမ်းကြမ်းတမ်းတမ်း ဆက်တုန်ခါနေတော့တာပဲ။ မြေအောက်ကနေ ဧရာမအရာဝတ္တုကြီးတစ်ခု ပေါ်ထွက်လာသလိုမျိုး မြင့်သထက်မြင့်လာတယ်။ မကြာခင်မှာပဲ မြေအောက်ကနေ အပြည့်အဝပေါ်လာပြီး ကောင်းကင်တစ်ဝက်မှာ တန့်သွားတယ်။
အဲ့ဒီတော့မှာ သူတို့အဲ့ဒီအရာကို မြင်လိုက်ရတယ်။ ဒါက ဧရာမတောင်ထွတ်ကြီး မဟူရာကောင်းကင်ဂိုဏ်းရဲ့ ပင်မတောင်ထွတ်ထက်တောင် မြင့်သေးတယ်။ တောင်ထွတ်ဝန်းကျင်မှာ မတူညီတဲ့ ထူးဆန်းတဲ့ ဓမ္မအဆောင်တွေရှိနေတယ်။ တောင်ထွတ်နားမှာ အစီအရင်အခင်းအကျင်း အထပ်ထပ်ရှိနေသလိုပဲ။
တောင်ထွက်က ဆက်လက်မြင့်မားနေပြီး လျှပ်စီးနဲ့မိုးကြိုးတွေက အထက်ကနေ ရွာသွန်းကျလာတယ်။ ခရမ်းရောင်လျှပ်စီးက ကောင်းကင်ကနေကျလာပြီး လေထုကို မွှေနှောက်သွားတော့တယ်။ ရုတ်တရက်အကြည်ရောင်တောင်ထွက်က ကောင်းကင်မှာ ဖွဲ့တည်လာတယ်။ ပြီးတော့ တစ်ဖက်မှာ လွင်ပြင်တစ်ခုဖွဲ့တည်လိုက်တယ်။ လှပတဲ့ဝိညာဉ်ချီတွေက နိုင်လုနီးပါးပဲ။ ကြောက်ဖို့ကောင်းလောက်အောင် သိပ်သည်းနေပြီး သက်တံမြူ တစွန်းတစလည်းရှိနေတယ်။
နေဦး။ အဲ့ဒါက ဝိညာဉ်ချီမဟုတ်ဘူး။ အဲဒါက မသေမျိုးချီတွေပဲ။
“ဒါက ရှေးဟောင်းလျှို့ဝှက်ဆန်းကြယ်ဘုံဆီ ဝင်ပေါက်တစ်ပေါက်ဟ” ကူယွဲ့က မယုံနိုင်တွေ ဖြစ်ပြီး မျက်လုံးအပြူးသားဖြစ်သွားတယ်။ သူတို့တွေက ဂူထဲမှာရှေးဟောင်း ဝိညာဉ်သုတ်သင် အစီအရင်ကို တွေ့လိုက်ရတာ အံ့ဩစရာမရှိဘူးပဲ။ သူ့အောက်မှာ ရှေးဟောင်းလျှို့ဝှက် ဆန်းကြယ်ဘုံတစ်ခုလုံး ရှိနေတာကိုး။ ထျန်းလန်လောကမှာ ရှေးခေတ်ကာလနဲ့ပတ်သက်ပြီး ပုံပြင်တွေအများကြီးရှိတယ်။ ရှေးဟောင်းလျှို့ဝှက်ဆန်းကြယ်ဘုံနဲ့ပတ်သက်ပြီး မှတ်တမ်းတွေ အများကြီးရှိပေမဲ့ ဘယ်သူကမှ အဲ့ဒီအကြောင်း သိတဲ့ပုံမပေါ်ဘူး။ လျှို့ဝှက်ဆန်းကြယ်ဘုံတစ်ခုလုံးကို သူတို့ကိုယ်တိုင်ရှာတွေ့လိမ့်မယ်လို့ ဘယ်သူက ထင်မှာတုန်း။
“လျှို့ဝှက်ဆန်းကြယ်ဘုံဆိုတာဘာလဲ” ရှန်းရင်က ဘယ်နေရာကမှန်းမသိ ပေါ်လာပုံပေါ်တဲ့ တောင်ထွက်ကို လေ့လာနေတယ်။
ကူယွဲ့က သူ့ဖက် လှည့်ကြည့်ပြီး စိတ်လှုပ်ရှားမှုတစွန်းတစနဲ့ပြောလိုက်တယ်။ “လျှို့ဝှက်ဆန်းကြယ် ဘုံဆိုတာ ထျန်းလန်အပြင်ဖက်လောကမှာတည်ရှိနေတဲ့ လောကအသေးလေးပဲ။ ဆန်းကြယ်ဘုံက ထျန်းလန်လောကနဲ့ယှဉ်ရင် အရွယ်အစား သေးငယ်ပေမဲ့ သူတို့တွေက ကိုယ်ပိုင်ကမ္ဘာတွေ ဖွဲ့တည် ထားတာ။ ဒဏ္ဍာရီအဆိုအရ လျှို့ဝှက်ဆန်းကြယ်ဘုံကို ဖွင့်နိုင်တဲ့မှော်အတတ်က ရှေးခေတ် ကာလမှာပဲရှိတာတဲ့။ ဒီနေ့ ထျန်းလန်လောကထဲမှာ ငါတို့တွေ လျှို့ဝှက်ဆန်းကြယ်ဘုံကို တွေ့ကြုံဖို့ ဆိုတာခက်ခဲသွားပြီ။ ရှေးဟောင်း လျှို့ဝှက်ဆန်းကြယ်ဘုံဆိုရင် ပိုတောင်တွေ့ဖို့ခဲယဉ်းသေးတယ်”
“ဪ ဆိုလိုတာက ဒါက မိတ္တူကြီးပေါ့”
“အမ်း မင်းပြောသလိုပဲထင်တာပဲ” ကူယွဲ့က တိမ်တိုက်ကိုးခုကနေ လက်တွေ့ထဲပြုတ်ကျလာသလို ခံစားလိုက်ရတယ်။
သူက လည်ချောင်းရှင်းပြီးတော့ သတိအနေအထားကို ထိန်းလိုက်လေရဲ့။ သူက အသံတိုးတိုးလေးနဲ့ ပြောလိုက်တော့တယ်။
“ရှေးဟောင်း လျှို့ဝှက်ဆန်းကြယ်ဘုံက ပေါ်ပေါက်လာပြီး ဒီဝင်ပေါက်ဒီမှာ ဘယ်လောက်ကြာကြာရှိနေမလဲဆိုတာ ငါတို့မသိဘူး။ လျှို့ဝှက်ဆန်းကြယ်ဘုံဆီ ဘယ်ချိန် ရောက်နိုင်မလဲဆိုတာ သေချာမသိသေးတော့ ငါတို့တွေ တက်နိုင်သလောက်ဂိုဏ်းကို မြန်မြန်အကြောင်းကြားသင့်တယ်။ ပြီးတော့ လျှို့ဝှက်ဆန်းကြယ်ဘုံထဲသွားဖို့အစီအစဉ်တစ်ခုလည်း လုပ်သင့်တယ်”
ကူယွဲ့က တောင်ထွတ်မှာရှိတဲ့ သလင်းရောင်ဝင်ပေါက်ကို လှည့်ကြည့်လိုက်တယ်။ ဘယ်အချက် ကများ လျှို့ဝှက်ဆန်းကြယ်ဘုံကို မဟူရာကောင်းကင်ဂိုဏ်းနားမှာ ပေါ်ပေါက်လာစေလည်းဆိုတာ သူမသိဘူး။
“ငါတို့တွေ ဒီထက်လေးဖင့်မနေသင့်တော့ဘူး။ အခုပဲ ဂိုဏ်းကိုပြန်ကြရအောင်”
ရှန်းရင်နဲ့ ရိချင်းက တစ်ခွန်းမှမပြောဘဲ ခေါင်းညိတ်လိုက်တယ်။ ကြောင်ကတိုးကို နှုတ်ဆက်ပြီးတော့ သူတို့က မဟူရာကောင်းကင်ဂိုဏ်းဆီသို့တန်းပြန်သွားတော့တာပဲ။
ကိစ္စတွေက တင်းမာမှုနောက်တဆင့်ကိုရောက်သွားတာ။ ကူယွဲ့ကအရှိန်ပြင်းပြင်းနဲ့ပျံနေပြီး ဓားစီးနေတဲ့အမြင့်ဆုံးအရှိန်ကို ရောက်လုနီးပဲ။ သူတို့တွေက ဂိုဏ်းကို ထက်ဝက်အချိန်တွင်းမှာ ပြန်ရောက်လာတယ်။ ဒါပေမဲ့သူ့ရင်ထဲမှာတော့ တစ်ခုခုကိုမေ့သွားသလို့ ခံစားနေရတယ်။ အား ထားလိုက်ပါတော့လေ။ အရေးမကြီးပါဘူး။
ချန်အန်းနဲ့ တခြားတပည့်တွေက တည်းခိုဆောင်မှာကျန်နေတာ။
“ဆရာဦးလေးက ဒီအစီအရင်အခင်းအကျင်းကို ဖယ်ရှားဖို့ဘယ်အချိန်မှပြန်လာမှာပဲ”
အဲ့ဒီအချိန် အသင်္ချေနတ်ဆိုးဘုရားကျောင်းမှာတော့ ယုန်ဧကရာဇ်က ကြောင်ကတိုးဆီကနေ လက်ဆောင်ကို နောက်ဆုံးတော့ လက်ခံရရှိလိုက်တယ်။ လက်ဆောင်သေတ္တာထဲမှာ အဖြူရောင် အဝတ်တစ်စကို တွေ့လိုက်ရတော့ သူက ကောက်ယူပြီး ပလ္လင်ပေါ်ကနေ ပစ်ပေါက်ဖို့ အသင့်ပြင် လိုက်တယ်။ ဒါပေမဲ့ အဝတ်စပေါ်မှာရေးထားတဲ့ စာတွေကိုသတိပြုမိလိုက်တဲ့ အချိန်မှာတော့
“ယုန်ရေ နင့်ကိုလေ ကြောင်ကပေးမဲ့ မုန်လာဥယူလိုက်မိတယ်။ သူ့ကိုအပြစ်မတင်ပါနဲ့။ ရှန်းရင်”
Σ(°△°|||)
“ဂုဏ်… ဂုဏ်… ဂုဏ်သရေကြီးမြတ်လှတဲ့ နတ်ဒေဝါရှန်း”
သူ့မျက်လုံးတွေက လှည့်စားနေတာများလား။ ဒါကပျောက်နေတာအတော်ကြာနေပြီဖြစ်တဲ့ ဂုဏ်သတင်းကြီးတဲ့ နတ်ဒေဝါရှန်းရေးလိုက်တာပဲလား။ ဒီလိုဆိုတော့ လင်ဇီးကိုမုန်လာဥအဖြစ် ရည်ညွှန်းတာ သူ့တစ်ယောက်ပဲရှိတာလေ။
ဒါပေမဲ့ သူကလက်ဆောင်ယူသွားတာလေ။ ဘာ ဘာကြောင်များ သွေးစာနဲ့ရေးရတာလဲ။ ဒါက ခြိမ်းခြောက်တာလား။ ခြိမ်းခြောက်တာတစ်ခုဆိုတာ သိသာနေတာပဲ။
ဒါ ဒါပေမဲ့ ယုန်က ဘာလုပ်မိလို့လဲ။ နတ်ဒေဝါရှန်းက ဘာကြောင့်ရှင်းရှင်းလင်းလင်း မပြောတာတုံး။
ယုန်ဧကရာဇ်ရဲ့ နှလုံးသေးသေးလေးက ခုန်ပေါက်နေတော့တာပဲ။ ပြီးတော့ အဲ့ဒီညက အသင်္ချေနတ်ဆိုးစုဝေးမှုမှာရှိနေတဲ့သူတွေအားလုံးက အကြောက်တရားခံစားလိုက်ရတယ်။
ငါတို့ ကံဆိုးပြီ။ ကံဆိုးပြီ။ ကံဆိုးမိုးမှောင်ကျပြီပဲ။ ယုန်ဘာလုပ်သင့်လဲဟေ့။
ခဏတာ စဉ်းစားပြီးတော့ ရုတ်တရက်လှည့်ပြီး အမိန့်ပေးလိုက်တယ်။
“တစ်ယောက်ယောက်မြန်မြန် မြန်မြန် ငါတို့ရဲ့ရတနာတွေယူပြီး ကြီးမြတ်တဲ့ နတ်ဒေဝါရှန်းရဲ့ လိပ်စာဟောင်းကို အားလုံး ပို့ပေးလိုက်။ တစ်ခုမှမချန်နဲ့”
“ပြီးတော့ မင်းတို့ အဲဒီကိုရောက်တဲ့အချိန် နတ်ဒေဝါရှန်းရဲ့အိမ်ကိုလည်း ရှင်းပေးလိုက်ဦးနော်။ ဟုတ်သား။ ဖုန်တစ်စက်မှမကျန်စေနဲ့နော်”
“အာ… ထားလိုက်တော့ကွာ ငါကိုယ်တိုင်ပဲသွားလိုက်တော့မယ်”
…