အခန်း ၃၆ ။ အစိမ်းရောင်စားကျက်မြေ
“သေလမ်းလာရှာတဲ့ အဲဒီစပ်စပ်စုစု ရွှေအမြုတေကျင့်ကြံသူကြောင့်သာ မဟုတ်ရင် သွေးစတေးခံအစီအရင်က ခုချိန်ထိ နှောင့်နှေးနေမှာ မဟုတ်ဘူး” သွေးမြေခွေးက နှာမှုတ်ပြီး အမြီးတယမ်းယမ်းနဲ့ အစီအရင်ပေါ် စိုက်နေတဲ့ ဝိညာဉ်ဓားကို ဖယ်ထုတ်လိုက်တယ်။ သွေးစတေးခံအစီအရင်မှာ ဖြူနီအလင်းတန်းတွေက တောက်ပလာပြန်တယ်။
“ဒါပေမဲ့ ဒါလည်းအဆင်ပြေပါတယ်၊ ငါ့သားကို ပြန်ရှင်သန်ထမြောက်အောင်လုပ်ပြီးရင် မင်းတို့နှစ်ယောက်လုံးကို မျိုပြီးတာနဲ့ အနည်းဆုံးတော့ အမြုတေဖွဲ့စည်းခြင်းကို ချက်ချင်းပြီးမြောက်နိုင်ပြီ ဟားဟားဟား!”
“ရပ်” သွေးစီးကြောင်းက သွေးစတေးခံအစီအရင်ကနေ စိမ့်ထွက်လာပြီး အများစုက ခပ်မြန်မြန်ပဲ မြို့လေးဆီ ဦးတည် ပျံ့သွားခဲ့တယ်။ ကူယွဲ့ သွေးပျက်သွားတယ်။
“သွေးမြေခွေး၊ မင်း မြို့ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ရဲရင် ငါ့မဟူရာကောင်းကင်ဂိုဏ်းက မင်းကို ဘယ်တော့မှ အလွတ်မပေးဘူး”
သွေးမြေခွေးရယ်သံက ကျယ်သထက်ကျယ်လာတယ်။
“မဟူရာကောင်းကင်ဂိုဏ်းလား၊ အဲတော့ ဘာဖြစ်တုံး၊ ဒီမှာမင်းတို့နှစ်ယောက်နဲ့ အရည်အချင်းမပြည့်မီတဲ့ ကြောင်ကတိုးတစ်ကောင်ပဲရှိတာ၊ ငါမင်းတို့အားလုံးကို သတ်လိုက်သရွေ့ အစီအရင်ကို ဖန်တီးသူက ငါဆိုတာ ဘယ်သိတော့မှာလဲ”
“ဟဲ့…” ရုတ်တရက် အသံတစ်သံထွက်လာတယ်။ အဲအချိန်ထိ တိတ်ဆိတ်ပြီး အစီအရင်အင်းကွက်ထဲရောက်နေတဲ့ ရှန်းရင်က လက်လေးမြှောက်လာလေရဲ့။
“နင် ငါ့ကိုမေ့သွားပုံပဲနော်”
“မင်း ဘယ်သူလဲ”
လန့်ဖျပ်သွားပြီး သွေးမြေခွေးက နောက်ကို ချက်ချင်းလှည့်ကြည့်လ်ုက်တယ်။ ဒီလူ ဘယ်ချိန်က ဝင်လာတာတုံးဟ။ အဲနေရာမှာ စောနက လူရှိနေလို့လား။ ပြီးတော့…။
“ဘာလို့ မင်းကို မသက်ရောက်တာလဲဟ” သူက ရှေးခေတ် ဝိညာဉ်ပျက်သုဉ်းအစီအရင်ထဲမှာ လွတ်လွတ်လပ်လပ်ကို လှုပ်ရှားနေနိုင်တာပေါ့။ အဲဒါ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။
“ရှန်းရင်” ကူယွဲ့ ဝမ်းသာသွားပါလေရော။ ဟိုလီရှစ်။ သူ ဒီ cheat ပါ အတူပါလာတယ်ဆိုတာ လုံးဝကို မေ့နေတာ။
“မြန်မြန်၊ ဒီဝိညာဉ်ပျက်သုဉ်းအစီအရင်ကို ဖျက်ဆီးပစ်လိုက်”
“ဘယ်အစီအရင်လဲ”
ရှန်းရင် ဟိုဟိုဒီဒီကြည့်လိုက်တယ်။ ဘယ်လိုမျိုး ဖျက်ဆီးရမှာတုန်း။
“မြေကြီးပေါ်မှာလင်းနေတဲ့ ဒီဟာလေ”
ကူယွဲ့ အကျယ်ကြီး အော်လိုက်တော့တယ်။
“မင်းဘေးက မြေကြီးပေါ်ကျနေတဲ့ ဝိညာဉ်ဓားတွေကိုသုံးပြီး အဲပုံဆွဲထားတဲ့ဟာတွေထဲက တချို့ကို ခြစ်လိုက်ရုံပဲ”
“အိုး” ရှန်းရင် မြေကြီးပေါ်က ဓားတစ်ချောင်းကို အဆင်သင့် ကောက်ယူလိုက်တယ်။
“ဆုတောင်းလေ”
သွေးမြေခွေးရဲ့ မျက်လုံးတွေက ပြူးသွားပြီး မြေခွေးအမြီးတွေနဲ့ ရှန်းရင်ဆီ တိုက်ရိုက် ပစ်မှတ်ထားတော့တယ်။ ဒါပေမဲ့ သူ့အမြီးတွေ သူ့ကို စူးဝင်သွားတော့မဲ့ဆဲဆဲမှာပဲ သူမက ရုတ်တရက် နောက်ပြန်လှည့်ပြီး အမြီးတွေကို ဖမ်းဆုပ်ရင်း လိပ်လိုက်ပြီးတော့ ရှေ့ကိုတစ်လက်မမှ ထပ် မတိုးလာအောင် တားလာတယ်။
သွေးမြေခွေးက ထိတ်လန့်သွားခဲ့တယ်။ သူ အမြီးပြန်ရုပ်မလို့ကို ရှန်းရင်က ရုတ်တရက်ကြီး အားပြင်းပြင်းနဲ့ ဆောင့်ဆွဲလိုက်တာ သွေးတွေချက်ချင်း ပက်ဖျန်းသွားတော့တာပဲ။ သွေးမြေခွေးရဲ့ ကျန်နေတဲ့ အမြီးခြောက်ချောင်းလုံး တစ်ခါတည်းနဲ့ ဆွဲနှုတ်ခံလိုက်ရပါလေရော။
သွေးမြေခွေးဆီကနေ ဝမ်းနည်းစူးရှတဲ့အာခေါင်ခြစ်အော်သံတွေ ပေါ်လာတော့တယ်။ လူအသွင်ကို ထိန်းမထားနိုင်တော့ဘဲ အစီအရင်ပေါ်မှာ ဝေဒနာကြောင့် လူးလိမ့်နေရလေရဲ့။
“ဟယ် ဘုရားရေ ပြတ်သွားပြီ” ရှန်းရင်က အံ့ဩနေတဲ့ပုံနဲ့ သူ့လက်ထဲက မြေခွေးအမြီးရှည်ကြီးတွေကို လွှင့်ပစ်လိုက်တယ်။
“ငါ အားအဲလောက်လည်း မသုံးခဲ့ပါဘူး”
ကူယွဲ့ : “…”
ယိချင်း : “…”
ကတိုးကြောင် : “…”
ရုတ်တရက် ငါ့ကိုမလိုတော့ဘူးလို့ ခံစားနေရပြီ။
မြေခွေးကို စိတ်ထဲမထားတော့ဘဲ ရှန်းရင် ဓားတစ်ချောင်းကိုကောက်ယူပြီး တောက်ပနေတဲ့ အစီအရင်ဆီ လျှောက်လာကာ မြေကြီးကို ဓားနဲ့ခြစ်ရင်း တစ်ဝက်ထိုးစိုက်လိုက်တယ်။ အစီအရင်မှာ အက်ကွဲရာတွေ ချက်ချင်းပေါ်လာပြီး ကျိုးပဲ့သံ ကြားလိုက်ရတယ်။ တောက်ပမှုက အရောင်မှိန်သွားပေမဲ့ လုံးဝကြီး ပြိုကွဲသွားတာတော့မဟုတ်သေးဘူး။
ရှန်းရင် လုပ်သမျှက ဓားကို မြေကြီးထဲ နက်ထက်နက်နက် ဆက်ထိုးစိုက်ဖို့ပဲရှိတော့တယ်။ တစ်ခဏကြာတော့ အဆင်မပြေဘူး ခံစားရတာမို့ ထရပ်ပြီး ဓားကို မြေကြီးထဲ ဖိနင်းပစ်မယ်ဆိုတဲ့ အတွေးနဲ့ ခြေထောက်တစ်ဖက်မြှောက်လိုက်တယ်။ ဒီလိုနဲ့ သူ အားအများကြီးနဲ့ ဖိနင်းပစ်လိုက်တော့…။
ဝုန်းဒိုင်းဆူညံနေတဲ့ အသံကျယ်ကြီးနဲ့အတူ အစီအရင်တင်မကဘဲ ပတ်ဝန်းကျင်ကလည်း အရမ်းတုန်ယင်နေတော့တယ်။ မြေကြီးက ချက်ချင်း နှစ်ပိုင်းကွဲသွားပြီး လက်မောင်းတစ်လုံးစာ ပက်ကြားအက်တွေ ဖြစ်လာတော့တယ်။ အစီအရင်က လုံးဝကိုပျက်စီးသွားပြီး အလင်းလည်း ပျောက်ကွယ်သွားပြီ။
ကူယွဲ့ : “…” နင် အားလုံးကို ဖနောင့်တစ်ဖက်ပေါက်ရုံနဲ့ ခြေမွှပစ်နိုင်တာ။ ဓားတွေနဲ့ ဘာလို့အလုပ်ရှုပ်ခံနေသေးတာတုံး။
ယိချင်း ချက်ချင်း ပေါ့ပါးသွားခဲ့တယ်။ စောနက ထိန်းချုပ်ခံထားရတဲ့ ခံစားချက်က ပျောက်သွားပြီး ချီတွေ ဆုံးရှုံးနေတာတောင် ပျောက်သွားပြီ။ ဒါပေမဲ့ သူ မတ်တတ်ရပ်ချိန်မှာတင် မြေကြီးပေါ်က မြေခွေးနတ်ဆိုးက ထွက်ပြေးဖို့ အနီရောင် မီးခိုးလုံးကြီးအဖြစ် ပြောင်းတော့တယ်။
ယိချင်း ဇက်ခနဲ ဓားသိုင်းတစ်ကွက် ထုတ်သုံးပြီး နတ်ဆိုးကို ဘယ်မှ ထွက်ပြေးလို့မရအောင် ကျောက်နံရံပေါ် ဝိညာဉ်ဓားဒါဇင်ချီနဲ့ တွယ်ထားလိုက်တယ်။
“ဆရာ ကျွန်တော်တို့ ဒီမြေခွေးနတ်ဆိုးကို ဘယ်လိုရှင်းသင့်ပါသလဲ”
ရှန်းရင် ကျောက်နံရံပေါ်က သေလုနီးပါး သွေးမြေခွေးကို ကြည့်ပြီး မျက်နှာပေါ် မရေရာမှုတချို့ ဖြတ်ပြေးသွားတယ်။ သူမ စကားပြောဖို့ပဲရှိသေး ကူယွဲ့က ရှေ့တက်လာတယ်။
“မေးဖို့ကို လိုမနေတာ၊ ဒီမြေခွေးနတ်ဆိုးက မြို့လုံးကျွတ်လူသတ်ချင်နေတာ — ဒီလို ထိန်းမနိုင်သိမ်းမရ ကောက်ကျစ်တဲ့ နတ်ဆိုးသေတာ နောင်တရစရာမရှိဘူး”
“ဟမ့်၊ သတ်… ချင်ရင် သတ်ပလိုက်လေ” မြေခွေးနတ်ဆိုးက ထေ့ပြောလာတယ်။ ခန္ဓာကိုယ်က တရစပ်သွေးယိုစီးနေပေမဲ့ မာန်ကတော့မလျှော့သေးဘူး။
“ငါ့တစ်ခုတည်းသောနောင်တက ငါ့ဇနီးနဲ့သားအတွက် လက်စားချေပေးဖို့ မြို့ထဲက ဒီသေမျိုးတွေကို မသတ်လိုက်နိုင်ခဲ့တာပဲ”
“မင်းတကယ်ကို နောင်တမရှိတာပဲ” ကူယွဲ့ သူ့အသက်ကို ဇီဝိန်ချုပ်ပေးဖို့ လုပ်လိုက်တယ်။
ဒါပေမဲ့ ရှန်းရင်က ရုတ်တရက် ပြောလာပါလေရော။
“ခဏနေပါဦး၊ သိပ်မမြန်နဲ့လေ”
“မဖြစ်ဘူး ရှန်းရင်” ကူယွဲ့ သူမအင်္ကျီလက်ကို ဆွဲလိုက်တယ်။ သဘောမတူတဲ့မျက်နှာနဲ့ သူ သူမကို ခပ်တိုးတိုးမေးတော့တယ်။
“မင်း ဒီနတ်ဆိုးကိုလည်း သနားပြီး လွှတ်ပေးချင်တယ်လို့တော့ မပြောဘူးမလား၊ ဟိုမိစ္ဆာလမ်းစဉ်ကျင့်ကြံသူက သဘာဝအရ ဆိုးယုတ်တာ မဟုတ်လို့ လွှတ်ပေးတာ နားလည်နိုင်တယ်၊ ဒါပေမဲ့ ဒီမြေခွေးနတ်ဆိုးကတော့ တစ်ကိုယ်လုံး သွေးသံတရဲရဲ အရှိန်အဝါတွေ အကျိုးနည်း လွှင့်ထုတ်နေတာနော်၊ သဘာဝအရကို သွေးဆာတဲ့ကောင်၊ လွှတ်ပေးလိုက်ရင် နောက်ကျ လူတွေကို ထပ်ဒုက္ခပေးလာနိုင်တယ်”
“ဟင့်အင်း၊ ငါ ကိစ္စတချို့ သေချာမစဉ်းစားကြည့်ရသေးလို့ပါ၊ နင်တို့အားလုံး မသိချင်ဘူးလား…”
သူ သွေးမြေခွေးကို လက်ညှိုးထိုးလိုက်တယ်။ အမြီးတွေအားလုံး ဆွဲထုတ်ခံထားရပေမဲ့ မသိစိတ်ကနေ အလိုလို ပြတ်တောက်နေတဲ့ သူ့အမြီးတွေနဲ့ ကလေးအသေလေးကို ကာကွယ်ပေးနေဆဲပဲ။
“သူ့အမြီးပေါ်က တစ်ယောက်ကလေ၊ တကယ်ပဲ သူ့သားရင်းဟုတ်လားဆိုတာ”
“ဟုတ်မှာပေါ့၊ မဟုတ်ဘူးဆို ဘာလို့ အသက်ကို စွန့်စားမှာလဲ”
“ဒါပေမဲ့ ကလေးက လူကနေ မွေးတာလို့ သူခုနလေးတင် ပြောတယ်မဟုတ်လား”
“အင်းလေ သူအဲလိုပြောတာပဲ” သူ ခေါင်းညိတ်ပြလိုက်တယ်။
“လူသားတစ်ယောက်နဲ့ ချစ်မိသွားတယ်၊ သူက နတ်ဆိုးဆိုတော့ သူ့မှာရှိနေတဲ့ နတ်ဆိုးအငွေ့အသက်နဲ့ လူသားနဲ့ နေထိုင်ဖို့ ဘယ်လိုမှ နည်းလမ်းမရှိဘူး၊ ဒါကြောင့် လူသားနဲ့မြေခွေးက လမ်းချင်းမတူဆိုတဲ့ ဆိုရိုးရှိတာ၊ လူသားတွေက အမြဲ နတ်ဆိုးတွေကို ကြောက်နေခဲ့တာ၊ ဒါကြောင့် နတ်ဆိုးနဲ့ ကြိုက်တဲ့လူသားကို ခွဲခြားဆက်ဆံကျတာ ပုံမှန်ပဲ၊ ပြီးတော့ အဲဒီအချက်အတိအကျကြောင့်ပဲ သူ အဲမြို့ကလူတွေကို လက်စားချေချင်တာလေ”
“လူသားနဲ့ နတ်ဆိုးတွေက တကယ်ပဲကလေးရနိုင်တာလား”
“ထင်တာပဲလေ… အဲလို၊ ဒီမှာတစ်ယောက် ရှိနေတယ်မဟုတ်လား”
“သူတို့ရဲ့ မျိုးပွားစနစ်တွေက ကွဲပြားတယ်မဟုတ်ဘူးလား”
“အိုး…” ဒါကတော့ သူတကယ်မတွေးမိတဲ့ မေးခွန်းပဲ။ အဲတော့ ဒီလောက်တောင်စဉ်းစားနေပြီးတော့မှ သူတကယ်မေးချင်တယ်ဆိုတာ ဒါလားဟ။
“နင်ကြည့်လေ၊ သဘောတရားအရဆို မတူညီတဲ့မျိုးစိတ်တွေကို မတူညီတဲ့မျိုးရိုးဗီဇ တည်ဆောက်မှုတွေနဲ့ ထိန်းချုပ်ထားတာ၊ အဲတော့ မျိုးပွားမှုနည်းလမ်းတွေလည်း အများကြီးရှိပြီး မျိုးပွားနိုင်တဲ့နှုန်းကလည်း ကွဲကြတယ်၊ ဒါကြောင့် မျိုးစိတ်တွေကြား မျိုးရိုးဗီဇတွေရောတာကို ထိန်းချုပ်ကန့်သတ်ထားမှာ၊ ဒါကြောင့် မျိုးစိတ်မတူရင် အတူတူဆက်ဆံပြီး မျိုးပွားနိုင်ကြမှာမဟုတ်ဘူး”
“အာ…” ဘာလို့ ရုတ်တရက်ကြီး အဲလောက်တောင်သိပ္ပံနည်းကျတွေ ဖြစ်လာတာလဲ။ သူအရင်က စီးပွားရေးလေ့လာခဲ့တာလေ၊ ဇီဝဗေဒမှ မဟုတ်တာ။ သူတော့ သူမကိုလုံးဝကို နားမလည်နိုင်တော့ဘူး။ ဒါပေမဲ့လေ… ဘာကြောင့်မှန်းမသိ ကျိုးကြောင်းဆီလျော်သလိုမျိုးပဲ။ ဘာတွေဖြစ်နေတာတုံး။
“သီးခြားမျိုးပွားမှုစနစ်တွေက ကန့်သတ်ချက်တွေအဖြစ် သက်ရောက်စေတာမို့ လူတွေနဲ့ တိရစ္ဆာန်တွေက ဆက်ဆံပြီးမျိုးပွားလို့မရဘူး၊ အဲတော့ ဒါဆို…” သူမ ခေါင်းလေး ငဲ့ကြည့်လိုက်တယ်။
“အဲကလေးက ဘယ်ကထွက်လာတာတုံး”
ကူယွဲ့နဲ့ ယိချင်း : “…”
မိနစ်ဝင်နေတော့ လူတိုင်း နံရံပေါ်က မြေခွေးနတ်ဆိုးကိုပြန်လှည့်ကြည့်မိလိုက်ကြတယ်။ ရုတ်တရက်ကြီး သူ့အမြီးက အစိမ်းရောင်သန်းသွားပုံပဲ။
(⊙ o ⊙)
ဒါပေမဲ့လည်း ရှန်းရင်ကတော့ အတည်ပေါက် မျက်နှာပေးနဲ့ ဆက်မေးလေရဲ့။
“ဟဲ့၊ နင်က အဲကလေးရဲ့အဖေရင်းဆိုတာ… သေချာရဲ့လားဟေ”
သွေးမြေခွေး : “…”
တစ်ခဏကြာသော်…
ဖွီ!
မြေခွေးခမျာ သွေးအန်ပါတော့တယ်။ သူ့ ပါးစပ်က တွန့်ချိုးသွားပေမဲ့ စကားတစ်လုံးမှတော့ ထွက်မလာဘူး။ တစ်ခဏအကြာမှာတော့ ခေါင်းက ဘေးကိုစောင်းကျသွားပြီး နောက်ကျအသက်မရှူတော့ဘူး — သူ့ကိုယ်သူ အသက်ရှူကြပ်အောင်လုပ်ပြီး သေသွားခဲ့တာပဲ။
ကူယွဲ့နဲ့ယိချင်း : “…”
သူတို့နှစ်ယောက်အကြည့်က ရှန်းရင်ဆီ ပြန်ရောက်လာတော့တယ်။
“နင်တို့အားလုံး ဘာလို့ငါ့ကိုကြည့်နေတာလဲ” ရှန်းရင် ရပ်လိုက်တယ်။
“ငါ တစ်ခုခုမှားပြောမိလို့လား”
ကူယွဲ့ : “…” ဟိုလီရှစ်၊ ဘယ်ကနေစရမလဲတောင် မသိတော့ဘူးဟေ့။
ယိချင်း : “…” ဒီမှာလည်း အတူတူပါပဲ။
…