အခန်း ၂၆ ။ သန့်စင်သောယင်ခန္ဓာကိုယ်
ယိချင်းနဲ့ကူယွဲ့တို့လည်း မိစ္ဆာလမ်းစဉ်ကျင့်ကြံသူရဲ့ ဝိညာဉ်ချီ အကြွင်းအကျန် ဖျော့ဖျော့လေးပဲ ရှိတော့တဲ့ အဲတောထဲ ရှာနေတာ ရက်နည်းနည်းတောင်ရှိနေပြီ။ သူတို့ပစ်မှတ်ရဲ့ တည်နေရာကို သိသိသာသာကြီး ခဏခဏ အာရုံခံစားမိပေမဲ့ အဲမိစ္ဆာလမ်းစဉ်ကျင့်ကြံတဲ့သူကို ရှာကိုမတွေ့တာ။ သူတို့ တစ်တောလုံးကိုလည်း အချည်းနှီး ခဏခဏရှာပြီးပြီ။ ကူယွဲ့ခမျာ အဲမိစ္ဆာလမ်းစဉ်ကျင့်ကြံသူက တမင်များ လမ်းလွဲအောင် အစီအရင်လုပ်ခဲ့တာလား သံသယဖြစ်မိခဲ့တယ်။
ဒါပေမဲ့ သူတို့ ထွက်ခွာတော့မဲ့အချိန်မှာပဲ ရှာမတွေ့နိုင်ခဲ့တဲ့ ရှန်းရင်က ကူယွဲ့ရှေ့ ဘွားခနဲ ပေါ်လာလေတယ်။
“ဆရာ” ယိချင်း ပျော်သွားပါလေရော။
“အဖမ်းမခံ…”
ဒါပေမဲ့ သူစကားတောင် မဆုံးခင် ရှန်းရင်က ကူယွဲ့ကို အင်္ကျီလည်ကုပ်ကနေ ဆွဲပြီး တောင်းဆိုလာတယ်။
“ငါ့ကိုကူညီပေး”
နောက်တော့ နေရာကနေတင် ပျောက်သွားလေတယ်။
ကူယွဲ့ အချိန်မီ မတုံ့ပြန်နိုင်သေးဘဲ တန်းလန်းလေး ပါသွားပါလေရော။ နောက်အခိုက်အတန့်မှာတင် သူက နတ်ဝိညာဉ်ကျင့်ကြံသူ တစ်ကိုယ်လုံးကနေ ယင်ချီတွေထွက်နေတဲ့ မိန်းမလှတစ်ယောက်ရှေ့ တွန်းထိုးခံလိုက်ရလေတယ်။
“မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ” သတိကြီးကြီးထားပြီး ကူယွဲ့က ခြေတစ်လှမ်းဆုတ်ကာ ခပ်တိုးတိုးမေးလိုက်တယ်။
“ရှင်းရင်၊ မင်းဘာတွေလုပ်နေတာလဲ”
ဒီအချိန်မှာပဲ တစ်ဖက်သူရဲ့လက်ထဲ သူမြင်ဖူးသလိုရှိနေတဲ့ ယပ်တောင်လိုလက်နက်မျိုးရှိနေမှန်း သိလိုက်ရတယ်။
“အဲဒါ ငါ့ကိုယ်ပိုင်ဓမ္မလက်နက်ပဲ” ဘယ်လိုလုပ် မိစ္ဆာလမ်းစဉ်ကျင့်ကြံသူလက်ထဲ ရောက်နေရတာလဲဟ!
ခဏနေစမ်းပါဦး။ အဲ ပုလွေနဲ့ ကျောက်စိမ်းပစ္စည်းကိုလည်း ရင်းနှီးနေတယ်။ သူ အလိုလို ပစ္စည်းအိတ်ထဲ ရှာကြည့်မိလိုက်တယ်။
“ချီးလိုသောက်ကျိုးနည်း၊ မင်းလက်ထဲ အဲပစ္စည်းတွေ ဘယ်လိုလုပ်ရောက်နေတာလဲ” ဘယ်ချိန်တုန်းက ခိုးခံလိုက်ရတာလဲ။ သူ လုံးဝကိုမသိလိုက်ဘူး။
“ငါသူ့ကိုပေးလိုက်တာ” ရှန်းရင်က ဖြေလာတယ်။
“မင်းလား” ကူယွဲ့က သူမကိုသရဲမြင်လိုက်ရသလိုမျိုး လှည့်ကြည့်မိတော့တယ်။
“မင်းပြဿနာက ဘာတုံး၊ ဘာကြောင့် ငါ့ကိုယ်ပိုင်ဓမ္မအသုံးအဆောင်တွေကို အကြောင်းမရှိ ယူသွားရတာလဲ”
ပြီးတော့ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူကိုတောင် ကစားဖို့ပေးလိုက်သေးတယ်ပေါ့လေ။ ရွာခံချင်း ရဲဘော်ရဲဘက်စိတ် ဘယ်နားရောက်သွားလဲ။
“ဘယ်သူက နင့်ပစ္စည်းတွေယူလို့လဲ” ရှန်းရင် ဒေါသတကြီးကြည့်ပေးလိုက်တယ်။
“နင်ယူသွားဖို့ မေ့သွားတာ အသိသာကြီးလေ၊ ဒါကြောင့် ငါကောက်လာပေးတာ”
“…” အမ် အဲလိုကိစ္စမျိုး ဖြစ်ခဲ့တာလား။ သူ မှတ်ဉာဏ်ပြန်ဖော်ကြည့်တော့ တကယ်ပဲ ဒီလက်နက်တွေကို သူမနဲ့ မိတ်ဆက်ပေးခဲ့တာ သတိရသွားတယ်။ အဲအချိန်တုန်းကများလား။ ဒါပေမဲ့ သူက နမော်နမဲ့နိုင်တဲ့သူမှ မဟုတ်တာ။ ပြပြီးရင် သိမ်းဖို့ဘာလို့မေ့ရမှာလဲ။
“ဒီပစ္စည်းတွေက အရှင်သခင်ပိုင်မှတော့ ကျွန်မပြန်ပေးရမှာပေါ့!”
ဒီတော့မှပဲ ချီချန်းယွီတစ်ယောက် ရှန်းရင် နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် အရှင်သခင်တစ်ယောက်ကို ဆွဲခေါ်လာတယ်ဆိုတဲ့ ထိတ်လန့်မှုကနေ သတိပြန်ဝင်လာပြီး စိုးထိတ်မှုတချို့နဲ့အတူ လက်ထဲက ပစ္စည်းတွေ ပြန်ပေးလိုက်တယ်။ ရှန်းရင်မှာ ရည်ရွယ်ချက်ကောင်းတွေ ရှိတယ်ဆိုပေမဲ့လည်း သူမက မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတစ်ယောက်လေ။ တစ်ဖက်သူကသာ အန္တရာယ်ပေးလိုတဲ့ ရည်ရွယ်ချက်တွေ ရှိရင် နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူဆီကနေ ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်ဘူး။
ကူယွဲ့က သူ့ ဓမ္မအသုံးအဆောင်တွေကို ရတော့ သံသယနဲ့စစ်ဆေးပြီးမှ သိမ်းဆည်းလိုက်တယ်။ ခေါင်းထဲမှာတော့ မေးခွန်းတွေက တိုးသထက်တိုးလာနေတာပဲ။ ဒီမိစ္ဆာလမ်းစဉ်ကျင့်ကြံသူက တကယ် ဘယ်သူများလဲ။ ရှန်းရင်ကရော ဘာလို့ကူညီချင်တာတုန်း။
ဒါပေမဲ့ သူ မမေးနိုင်ခင် ယိချင်းက အမှီလိုက်လာတယ်။
“ဆရာ” သူ အမောတကော လေထဲကဆင်းလာပြီးတော့ ဘေးက ချီချန်းယွီကိုမြင်သွားတယ်။ သူ သတိတကြီး လှမ်းကြည့်လိုက်ပေမဲ့ ချက်ချင်း မလှုပ်ရှားသေးပဲ ရှန်းရင်ဘေးသာ အပြေးလေးသွားလေရဲ့။
“ဆရာ့ကို ဒီလိုအကျပ်အတည်းနဲ့ ရင်ဆိုင်စေမိတာ ကျွန်တော့်ရဲ့ နမော်နမဲ့နိုင်မှုပါ၊ အဆင်ပြေရဲ့လားဟင်”
“ငါအဆင်ပြေပါတယ်၊ တကယ်တော့ တော်တော်လေးကိုပြေတာ”
“ငါ့မှာပြဿနာတစ်ခုရှိတယ်” ကူယွဲ့ မျက်ဆံလှန်လိုက်ပြီး သူပြန်ယူထားတဲ့ ဓမ္မအဆောင်တွေကို ဆုပ်ကိုင်ထားရင်း မေးလိုက်တယ်။
“ရှန်းရင်၊ ဘာတွေဖြစ်နေတာလဲ၊ ငါတို့ မင်းကိုရှာနေတာ ဘယ်လောက်ကြာပြီလဲသိရဲ့လား”
“သိတယ်လေ” ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။
“နင်တို့နှစ်ယောက်လုံး ခုနှစ်ရက်ရှစ်ရက်လောက် မြစ်တစ်ဖက်ကမ်းမှာ ရှာနေတာတွေ့တယ်”
“…” မြစ်တစ်ဖက်ကမ်းမှာ။
“ဟိုလီရှစ်” ကူယွဲ့ ပေါက်ကွဲတော့တယ်။
“သောက်ကျိုးကို နည်းလို့၊ မင်းငါတို့ကို မြင်ရင် ဘာလို့ လှမ်းမခေါ်တာတုံး”
“ငါခေါ်ပေမဲ့ နင်တို့ မကြားတာလေ” သူမက အပြစ်ကင်းတဲ့ အမူအရာလေးလုပ်လို့။ ဘယ်လိုပဲဖြစ်ဖြစ် ကမ်းခြေနှစ်ခုကြား မြစ်ကြီးခံနေတာကိုး။
“ပြီးတော့ နင်တို့ကလည်း ငါ့ကိုမှမခေါ်တာ” ငါ့ကိုရှာနေတာမှန်း ဘယ်လိုလုပ်သိပါ့မလဲ။
ကူယွဲ့နှင့်ယိချင်း : “…” သူတို့ရုတ်တရက် မျက်စိကန်းနေလား စစ်ချင်မိသွားတယ်။
“ဟုတ်သား၊ ငါ နင်တို့နှစ်ယောက်လုံးအတွက် ကမ်းခြေဘေးမှာ ကြက်တစ်ကောင်တောင် ထားခဲ့သေးတယ်၊ မြင်လိုက်ကြလား”
သူက တကယ်ကို ဘော့စ်ကောင်းတစ်ယောက်ပါနော်။
ကူယွဲ့နှင့် ယိချင်း : “…” ဆိုတော့ တစ်ဖက်ကမ်းခြေပေါ်က အဆင့်ငါးဝိညာဉ်သားရဲက သူထားခဲ့တာ ဖြစ်နေတာလား။ သူတို့ ဘယ်ငတုံးမုဆိုးကများ ဝိညာဉ်သားရဲကို ယူသွားဖို့မေ့သွားလဲ အံ့ဩနေကြတာ။
ဒါပေမဲ့ အရေးကြီးဆုံးက…
ကြက်တောင်ထားခဲ့နိုင်မှတော့ စာလေးဘာလေးထားသွားလို့ရတယ်မဟုတ်ဘူးလားဟ။
“ကောင်းပြီ၊ ပစ္စည်းအားလုံးစုံပြီဆိုတော့ နောက်ကျနေပြီ၊ စထွက်ကြရအောင်” ရှန်းရင် ချီချန်းယွီကို တံတောင်နဲ့တွတ်ပြီး သူမကို လောလိုက်တယ်။
“နင်အခု ပျံလို့ရပြီလေ”
“အိုး” ချီချန်းယွီ အချိန်မှီ မတုံ့ပြန်နိုင်ဘဲ တစ်ခဏလောက် ကြောင်အသွားသေးတယ်။ သွားရမယ်လား။ ဘယ်သွားရမှာလဲ။
အဲအစား သူမ ညွှန်ကြားချက်ကို တုံ့ပြန်သူက ဘေးကယိချင်းက။ ဝိညာဉ်ဓားကိုထုတ်ပြီး လကိကမ်းပေးလိုက်တယ်။
“ဆရာ၊ ကျွန်တော် ခေါ်သွားပေးပါရစေ”
“ကျေးဇူး” ရှန်းရင် ဓားပေါ် ချက်ချင်းခုန်တက်ပြီး ချီချန်းယွီကို လှမ်းကြည့်လိုက်တယ်။
“အစ်မ လမ်းပြဦးလေ”
“အိုး…” တစ်ဖက်လူက နည်းနည်း အူကြောင်ကြောင်ဖြစ်နေလေတယ်။ သူမ ငေးကြောင်ကြောင်နဲ့ ဓားပျံကို ထုတ်ပြီး စတင်ပျံသန်းတော့တယ်။
ကူယွဲ့ : “…”
ခဏနကွေပါဦး။
ဘာတွေဖြစ်နေတာလဲဆိုတာ မသိတာ သူတစ်ယောက်တည်းလား။ သူတို့ ဘယ်ကိုဒိုးနေတာလဲ။ တစ်ယောက်မှ ဘာလို့မရှင်းပြတာလဲ။ ရှန်းရင်နဲ့ အဲမိစ္ဆာလမ်းစဉ်ကျင့်ကြံသူကြားက ဆက်ဆံရေးကရော ဘာလဲ၊ ပြီးတော့ ပစ္စည်းအားလုံးစုံပြီဆိုတာကရော ဘာသဘောလဲ။ မင်းပြောတဲ့ ပစ္စည်းတွေက အတိအကျဆို ဘယ်သူ့ဟာမို့လဲ!
(╯‵□′)╯(┻━┻
————————
ညနက်ချိန်
တစ်ရက်လောက် ပျံသန်းပြီးတဲ့နောက် သုံးယောက်သား ရပ်ပြီး အနားယူလိုက်ကြတယ်။
“တကယ်ပဲ ဓားရိပ်ဖမ်းခြင်းတောင်ထွတ်ဆီ သွားမို့လား”
လမ်းတစ်လျှောက် ဇာတ်လုံးတစ်ပုဒ်လုံးကို နားထောင်ပြီးတဲ့နောက် ကူယွဲ့က မီးပုံဘေး တရားမှတ်နေတဲ့လူဆီ တစ်ချက်လှမ်းကြည့်ပြီး ရှန်းရင်ကို လှည့်မေးလိုက်တယ်။
“အင်း” ဘာဖြစ်လို့တုံး။
ကူယွဲ့ ပိုသိချင်လာပြီး အံ့ဩတကြီး ကြည့်လိုက်တယ်။
“နင်က ဒီလိုသမာသမတ်ကျတဲ့လူဆိုတာ ငါဘယ်လိုလုပ် မပြောနိုင်ခဲ့တာပါလိမ့်”
သူက တကယ်တော့ ပျင်းရိနေတာမဟုတ်ဘူးပဲ။ လုံးဝကို နဂိုပုံစံနဲ့ကွာခြားနေတာ။
မျက်လုံးလေးကို မဆိုစလောက်မှေးပြီး ရှန်းရင်ပြောလိုက်တယ်။
“ငါ လူယုတ်မာတွေကို မုန်းတယ်”
“ဒါဆို သူအမှန်တရားကိုပြောနေမှန်း ဘယ်လိုလုပ် အဲလောက်တောင်သေချာနေတာလဲ”
ကူယွဲ့က သူမကို ဖျတ်ခနဲကြည့်လိုက်ပြီး အသံနှိမ့်လိုက်တယ်။
“မမေ့နဲ့နော်၊ သူက ငါ့ဂိုဏ်းက ပညာရှင်ယွီတင်းကိုတောင် သတ်ခဲ့တာ”ျ
“ငါမသေချာဘူးလေ!” ရှန်းရင်က သူ့ကို မျက်နှာချင်းဆိုင်လာတယ်။
“အဲကြောင့် ငါသွားချင်တာ”
ချီချန်းယွီ သူ့အတွေ့အကြုံကို ပြောပြတဲ့ပုံက တကယ်သနားစရာကောင်းတယ်။ ဆိုးလွန်းလို့ လူတိုင်း သနားပြီး စာနာမိနိုင်ပေမဲ့ ဇာတ်လမ်းတစ်ပုဒ်မှာ အမြဲ နှစ်ဖက်ဆိုတာရှိတယ်။ ဓားရိပ်ဖမ်းခြင်းတောင်ထွတ်ဆီ သွားလည်ပြီးတော့မှပဲ အမှန်တရားကို သိနိုင်မှာ။
“နင် သူ့ဆရာနဲ့ ရင်ဆိုင်ချင်လို့လား”
“အင်း” သူ ပတ်သက်ပြီးနေမှတော့ ဇာတ်လမ်းအခြေအမြစ်ထိ သိအောင်လုပ်ရမှာပေါ့။
“အသုံးမဝင်ဘူး” ကူယွဲ့ သက်ပြင်းချလိုက်တယ်။
“တကယ်လို့ သူပြောတာအားလုံး မှန်ပြီး သူ့ဆရာက တကယ်အဲကိစ္စတွေအားလုံး လုပ်ခဲ့ရင်တောင် ဘာဖြစ်လဲ၊ ဓားရိပ်ဖမ်းခြင်းတောင်ထွတ်ဆီသွားတာက သူ့အတွက် ဘာကောင်းတာမှ ဖြစ်လာမှာမဟုတ်ဘူး၊ မဟာနတ္ထိဂိုဏ်းကလည်း အဲ ကန်းဆိုတဲ့ကောင်ကို အပြစ်ပေးမှာမဟုတ်ဘူး၊ သူ အဲနေရာမှာ အသက်တောင် ဆုံးရှုံးသွားနိုင်တယ်”
“အဲဒါဘာဆိုလိုတာလဲ” ရှန်းရင် အံ့ဩတကြီး လှည့်ကြည့်လိုက်တယ်။
“ဒီကမ္ဘာက မုဒိန်းကောင်တွေကို ကာကွယ်ပေးတာလား”
“အဲလိုမဟုတ်ပါဘူးဟ!”
ကူယွဲ့ နည်းနည်း ဒုက္ခများသွားပုံပေါ်ပြီး ထပ်တူအမူအရာဖြစ်နေတဲ့ ယိချင်းနဲ့ အကြည့်ချင်း ဖလှယ်လိုက်တယ်။ သူ ဘယ်လိုရှင်းပြရမှန်းမသိတော့ တစ်အောင့်ကြာမှ ရှင်းပြလိုက်တယ်။
“သူက… သန့်စင်တဲ့ယင်ခန္ဓာကိုယ်ရှိလို့လေ”
“ဘာကြီးလဲ”
ကူယွဲ့ ပိုပြီးတောင် ဦးနှောက်ခြောက်လာတယ်။
“ရှန်းရင် မင်းလူသားမီးပြင်းဖိုအကြောင်းသိလား”
သူမက တစ်ခဏတိတ်သွားပြီးမှ ခေါင်းညိတ်လိုက်တယ်။
“ဘာအဓိပ္ပာယ်ဆိုတာ ငါခန့်မှန်းနိုင်ပါတယ်”
“ဝိညာဉ်အမြစ်မကောင်းတဲ့ မိန်းကလေးတချို့ ဒါမှမဟုတ် မသေမျိုးကျင့်ကြံဖို့ အနာဂတ် မရှိပေမဲ့ အတော်လေးလှတဲ့သူတွေက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လူသားမီးပြင်းဖိုဖြစ်ချင်ကြတယ်၊ သူတို့က အဆင့်မြင့် ကျင့်ကြံသူရဲ့ တောင်ပံအောက် ခိုဝင်ပြီး သူတို့ခန္ဓာကိုယ်ကို သူများတွေအတွက် ခူးဆွတ်ရိတ်သိမ်းဖို့ ထောက်ပံ့ရာမှာ သုံးခွင့်ပြုကြတယ်” သူ့အမူအရာက လုံးဝကိုနေရခက်နေပြီး ဒီအကြောင်းပြောဖို့ အတော်လေးအခက်တွေ့နေတဲ့ပုံနဲ့။
“ယှဉ်တွဲကျင့်ကြံမှု ရိတ်သိမ်းတဲ့အတတ်က စွဲလမ်းစရာမဟုတ်ပေမဲ့ တကယ်ကို ကျင့်ကြံခြင်းအတွက်တော့ အကူအညီဖြစ်တယ်၊ ဒါကြောင့် ဂိုဏ်းတော်တော်များများ အတွက်တော့ လူသားမီးပြင်းဖို့ ထားတာက… သာမန်ဆန်လွန်းနေတာ၊ ရွှေအမြုတေကျင့်ကြံဆင့်နဲ့အထက် ကျင့်ကြံသူအများစုက ဒီလိုလေ့ကျင့်မှုမျိုး ကြုံဖူးကြတယ်”
“ခန္ဓာကိုယ်ရောင်းစားတာရဲ့ ဆင့်ကဲပြောင်းလဲသွားတဲ့ လမ်းကြောင်းတစ်မျိုးပဲ။ နင်ဆိုလိုတာက ဒီလောကမှာ သူတို့က ဒီလိုမဖွယ်မရာတွေကို မပိတ်ပင်ထားဘူးပေါ့”
“အာ… အဲလိုမျိုးပေါ့” သူက အတည်ပြုတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်တယ်။
“ဒါဆို ယင်ခန္ဓာကိုယ်က ဘာကိစ္စရှိတာလဲ”
“ယှဉ်တွဲကျင့်ကြံခြင်းဆိုတာ သမာရိုးကျ နည်းလမ်းမဟုတ်ဘူးလို့ သတ်မှတ်လို့ရတယ်၊ လူတိုင်းရဲ့ ဝိညာဉ်အမြစ်က မတူညီလို့ ဝိညာဉ်ချီရဲ့ ခူးဆွတ်မှုက အရမ်းကို ရှုပ်ထွေးပြီး ပေါင်းစပ်အသုံးပြုဖို့ အတော်လေး အချိန်လိုတယ်” သူ ဆန့်ကျင်ဘက်က လူကိုလှမ်းကြည့်လိုက်တယ်။
“ဒါပေမဲ့ သန့်စင်တဲ့ယင်ခန္ဓာကိုယ်ဆိုတာ ဝိညာဉ်ချီစွမ်းအင်တွေကို ပူးပေါင်းပေးတဲ့ ခန္ဓာကိုယ်ပဲ၊ အဲလိုလူမျိုးနဲ့ဆို… ယှဉ်တွဲကျင့်ကြံခြင်းရဲ့ အမြန်နှုန်းက ဆယ်ဆပိုပြီးတိုးမြင့်သွားနိုင်တယ်”
ရှန်းရင် မျက်မှောင်ကြုတ်လိုက်တယ်။
“အဲဒါနဲ့…”
“သန့်စင်တဲ့ယင်ခန္ဓာကိုယ်ဆိုတာ အရမ်းရှားတာ၊ နှစ်ထောင်ချီ သန်းချီမှာတောင် တစ်ယောက်တွေ့ရဖို့ခက်တယ်၊ အလယ်ထျန်းလန်လောကက သူတို့ကို သဘာဝလူသားမီးပြင်းဖို ကိုယ်အမျိုးအစားဆိုပြီး သတ်မှတ်ကြတယ်၊ သူတို့ ပေါ်လာပြီဆို ဂိုဏ်းအမျိုးမျိုးကို တိုက်ခိုက်စေပြီး သူတို့ကိုလုယူအောင် ဆွဲဆောင်မိကြလိမ့်မယ်၊ ဒါကြောင့်…”
“အဲတော့ ဘယ်သူကမှ… သူတို့ဆန္ဒရှိသလား မမေးဘူးပေါ့”
“…”
လူယုတ်မာတွေ…။
…