အခန်း ၂၁ ။ ဂိုဏ်းတွင် ပြဿနာတက်
“ဆရာ”
ယိချင်းက သူ့ဘေးမှာရှိတဲ့လူကိုတစ်ချက်ကြည့်လိုက်ရင်းနဲ့ ချီတုံချတုံဖြစ်နေလေတယ်။
“ဂိုဏ်းသခင်နဲ့ ဆရာဆွေးနွေးစရာ တစ်ခုခုများ ရှိလို့လား၊ ကျွန်တော် အနှောင့်အယှက်များ ပြုမိသွားပြီလား”
ကူယွဲ့က အခုချိန်ထိ ငါ့ဆရာရဲ့ တပည့်ဖြစ်ချင်နေတုန်းပဲလားမသိဘူး။
“ဘာမှမဟုတ်ပါဘူး”
တစ်ယောက်သောသူကတော့ သူမပါးစပ်ထဲမှာ ဟင်းတွေ အသားကုန်သွပ်ရင်း ပြန်ဖြေလေရဲ့။ ပါးစပ်ထဲက မုန့်ကို မျိုချပြီးတာနဲ့ စကားဆက်ပြောတယ်။
“ငါတို့ရွာတုန်းက အကြောင်းတွေ ပြောနေကြတာလေ”
“ကျွန်တော်သိပါပြီ”
ယိချင်းက ကူယွဲ့ကို လှမ်းကြည့်လိုက်တယ်။
“ဆရာနဲ့ ဂိုဏ်းသခင်က ဇာတိတူတယ်ဆိုတော့ အရင်ကတည်းက သိနေကြတာလား”
“မဟုတ်ဘူး”
ရှန်းရင်က ခေါင်းကို ခါရင်းဆိုတယ်။ သူမက ကူယွဲ့ကို တစ်ချက်ရှိုးလိုက်ပြီး ခပ်တည်တည်နဲ့ ထမေးတယ်။
“အို့ ဟုတ်သား….နင် အရင်တုန်းက ဘာအလုပ်လုပ်တာလဲ”
“၀က်ဘ်ဆိုဒ်တွေနဲ့ ပတ်သတ်တာလေးတွေပေါ့”
ကူယွဲ့ဖြေလိုက်တယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ အနာဂတ်ဓား၀ိဇ္ဇာလောင်းလေးက ငါ့ကို မျက်မုန်းကျိုးနေသလိုပဲလို့ တွေးနေမိတာ။
“အရင်တုန်းက ငါက ကုမ္ပဏီတစ်ခုပိုင်တယ်လေ၊ လူအများကြီးကို ထောက်ပံ့ရတာပေါ့၊ အတော်လေးတော့ ပင်ပန်းတယ်၊ အော် ပြီးတော့ အရင်တုန်းက ငါ့ကို ကူယွဲ့လို့မခေါ်ဘူး၊ ဒီနာမည်က ငါ ကျင့်ကြံတော့ သူတို့က နာမည်တစ်ခုလိုတယ်ဆိုလို့ ပေးထားတာ”
“အော် ဟုတ်လား ဒါဆို နင့်နာမည်က ဘယ်လိုခေါ်လဲ?”
“မျိုးရိုးနာမည်က နျူ၊ နျူဟွားယွင်လို့ ခေါ်တယ်”
“ဖွီး”
သူ့စကားပြီးပြီးချင်းပဲ သူမပါးစပ်ထဲက ဂန္ဓမာကိတ်မုန့်တွေအကုန် အပြင်ဘက်ကို လွင့်စဉ်လာတယ်။ သူ သတိမထားလိုက်မိတော့ သူ့မျက်နှာပေါ်ကို ကွက်တိလာစင်တော့တယ်။
“ရွံစရာကောင်းလို့လား”
ကူယွဲ့က သူမမျက်နှာကိုကြည့်ရင်း မုန့်တွေကို ဂါထာရွတ်ပြီး ရှင်းလိုက်တယ်။
“နင်က YY ကော်ပိုရေးရှင်းရဲ့ စီအီးအိုပေါ့”
ရှန်းရင်ရဲ့ မျက်လုံးတွေပြူးကုန်တယ်။ မိုက်ချက်ပဲ ဇက်နိုင်ငံရဲ့ အချမ်းသာဆုံးယောကျာ်း။
“ဖေဖေနျူ”
“ထားစမ်းပါ၊ ငါ့မှာ ဒီလို cheatထားတဲ့ သမီးမျိုးမရှိဘူး”
ကူယွဲ့က မဲ့ကာရွဲ့ကာနဲ့ဆိုရင်း အကြည့်ကို လွှဲလိုက်တယ်။ နျူဟွားယွမ်ဆိုတဲ့ သူ့နာမည်တစ်ခုတည်းကပဲ ဒီကလေးမကို အံ့သြအောင် လုပ်နိုင်တာပါလား။
ရှန်းရင်ကတော့ အကြီးအကျယ်ကို ရှော့ခ်ရသွားတယ်။ သူ့ကို ခေါင်းစခြေဆုံးကို လိုက်ကြည့်နေတော့တာပဲ။ အရှင်လတ်လတ်ကြီး ရှိနေတဲ့ စီအီးအိုနဲ့ စကားပြောနေရတာတဲ့လား။ ရုတ်တရက် သူ့ဆီကတောင် ပိုက်ဆံချေးချင်လာသလိုပဲ။
“မင်း ဘာလုပ်နေတာလဲ”
သူမရဲ့ ပုံစံကိုကြည့်ရင်း သူခြေတစ်လှမ်းဆုတ်လိုက်မိတယ်။ သူဓားပြတိုက်ခံရတော့မယ်လို့ ဘာလို့များ ခံစားနေရတာပါလိမ့်။
“ဝေဝေက ဘာကြီးလဲ…ဆီးအီးအို ဆိုတာကရော ဘာကြီးတုန်း”
ယိချင်းမျက်ပြူးဆန်ပြာတွေဖြစ်ကုန်တယ်။
“ဆရာ..သူ့အကြောင်းကို အရင်တုန်းက ကြားဖူးတာလား”
“ဆိုပါတော့”
ရှန်းရင်က သူမခုနကလုပ်နေတဲ့ စားသောက်ခြင်းလုပ်ငန်းစဥ်ကြီးကို ဆက်လုပ်တယ်။
“သူက ငါတို့….ရွာရဲ့ အချမ်းသာဆုံး သူဌေးကြီးပေါ့ဟာ၊ မဟားတရား ချမ်းသာတာမျိုးပဲ”
သူက လူတိုင်း ဒယ်ဒီ တော်ချင်တဲ့သူ။
“သိပါပြီ”
ယိချင်းက ခေါင်းညိတ်တယ်။
“ဒါဆို ဂိုဏ်းသခင်အကြီးအကဲမှာလည်း မကျင့်ကြံခင်တုန်းက အတိတ်ရှိခဲ့တာပဲပေါ့၊ ဆရာ့မှာရော ရှိလား”
“အဲ”
ရှန်းရင် တုံ့သွားတယ်။ မျက်နှာပေးက မချိုမချဥ်ဖြစ်သွားသေး။ ပြီးမှဆက်ပြောတယ်။
“ငါကတော့ မိသားစုကို တန်ဖိုးထားတဲ့ သမီးရတနာလေးပေါ့။ ငွေကြေးဆိုတာကို သိပ်ဂရုမစိုက်ဖြစ်ဘူး။ ငါ့မိသားစုနဲ့ယှဥ်လာရင် ဒါက ပါမွှားလေးလေ။ ဆိုရိုးရှိသလိုမျိုးပဲ။ မိဘတွေနားကနေ ထွက်မသွားသင့်ဘူး ဆိုတဲ့အတိုင်း ငါက အိမ်မှာပဲ လိုလိုလားလားနဲ့ကို နေပြီး မိဘနှစ်ပါးကို စောင့်ရှောက်ပေးနေတာပေါ့”
“ဒီမှာ”
ကူယွဲ့နှုတ်ခမ်းက တွန့်ချိုးသွားတယ်။
“နင်က နင့်မိဘတွေကို အသုံးချနေတာပဲ။ ကောင်းကောင်းမွန်မွန်ပြောစမ်းဆိုစမ်းပါ”
“ကျွန်တော် သိပြီ”
ယိချင်းက ဘလင်းဘလင်းဖြစ်နေတဲ့မျက်လုံးတွေနဲ့ သူ့ဆရာကိုကြည့်ရင်းပြောလိုက်တယ်။
“ဆရာက တကယ့်ကို သစ္စာရှိပြီး ကြင်နာမှုကို တန်ဖိုးထားတဲ့သူဖြစ်ရမယ်”
“ဒီမှာ…မင်း အိပ်ရာက မနိုးသေးဘူးလား။ သူက မင်းကို လှိမ့်နေတာဟ”
“ကျွန်တော်က မိဘမဲ့တစ်ယောက်ဖြစ်ခဲ့တာလေ။ တခြားစကားနဲ့ပြောရရင် ဆရာ့လို မသေမျိုးကျင့်ကြံသူ ဖြစ်ပြီးတဲ့နောက်မှာတောင် မိဘအပေါ်တတ်သိနားလည်တဲ့ လူမျိုး အရမ်းဖြစ်ချင်တာ”
“မိဘကို အသုံးချနေတဲ့သူဆီက ဘာများသင်ယူစရာရှိလို့လဲ။ မင်း ခေါင်းထိထားတာ မဟုတ်ဘူးလား”
“တပည့်ကောင်းပဲ”
“ဆရာသင်ပြပေးလို့ ကျေးဇူးတင်ပါတယ်”
ကူယွဲ့ : “…”
ဒါပဲ။ ဒီတစ်ယောက်ကလည်း အရူးမရဲ့ ပရိသတ်အကြီးစားကြီးပဲ။
“ငါ စားလို့ပြီးပြီ”
ရှန်းရင်က ဗိုက်ကိုပုတ်ပြပြီး ခပ်တည်တည်နဲ့ဆိုတယ်။
“ငါတို့….ဟင်းထပ်ချက်ရအောင်လေ”
ကူယွဲ့ : ထပ်စားချင်နေတုန်းလား။ နင်က ၀က်လား။
“ကောင်းပါပြီ ဆရာ”
ယိချင်းက ချက်ချင်းပဲ လှည့်လိုက်ပြီး ဓားပျံကိုခေါ်ပြီးထွက်သွားတယ်။ သူ့ဆရာကိုလည်း မေးဖို့မေ့မနေခဲ့ဘူး။
“ဆရာ ဘာစားချင်လဲ”
“အသား အသား…အသားတွေအများကြီး”
“ဟုတ်ပြီ ဆရာ ရစေရမယ်။”
ကူယွဲ့: “…”
ဟိုလီရှစ် ငါ ဒီပိန်းဥ နှစ်ကောင်နဲ့ ဆက်မနေတော့ဘူး။
————————
ယိချင်းက တကယ့်ကိုဆရာကျတယ်။ မိနစ်၂၀အတွင်းမှာပဲ လိုအပ်တဲ့ ပါ၀င်ပစ္စည်းတွေကို ပြင်ဆင်တာအပြင် များပြားတဲ့အသားဟင်းတွေကို ချက်ပြုတ်ပြီးစီးသွားတယ်။ ဟင်းတိုင်းက ကြည့်ရတာနဲ့တင်ပဲ သွားရည်ကျချင်စရာကောင်းတယ်။ ရှန်းရင် ဘာလို့ သူချက်တာတွေကို ၀က်စာလို့ ပြောလဲဆိုတာ သူနားလည်သွားပြီ။ ဓားသိုင်းကျင့်ကြံသူတစ်ယောက်က ဒီလိုဟင်းချက်တာမျိုးကို ဘယ်ကသင်လာတာပါလိမ့်။
ကူယွဲ့ကတော့ အရင်ကတည်းက အရေခပ်ထူထူဆိုတော့ သူလည်း ဟင်းတွေကို သောက်ခွက်ပြောင်ပြောင်နဲ့ ၀င်နှိုက်ဖို့ပြင်လိုက်တယ်။ ဒါပေမဲ့ သူအခွင့်မရလိုက်ပါဘူး။ ရှီးချိုးက ရုတ်တရက်ကြီး ပေါ်လာတယ်လေ။ အစကတော့ ယိချင်းရဲ့ နတ်၀ိညာဥ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်သွားလို့ ဂုဏ်လာပြုတာလို့ထင်ခဲ့တာ။ ဒါပေမဲ့ ရှီးချိုးက သူ့ကို ဂါရ၀ပြုပြီးပြီးချင်းပဲ အလောတကြီး ဖြစ်နေတဲ့မျက်နှာနဲ့ပြောလာတယ်။
“ဆရာသခင်ဦးလေး…. မကောင်းတာတွေတော့ ဖြစ်ကုန်ပြီ”
“ဘာဖြစ်တာလဲ၊ ဘာလို့အဲ့လောက်အလျင်လိုနေတာလဲ”
ရှီးချိုး ဂိုဏ်းခေါင်းဆောင်ဖြစ်နေတာ နှစ်၂၀၀ကျော်နေပြီ။ ပထမဆုံးအကြိမ် သူ့ကိုဖိတ်ခေါ်တုန်းကလို အရေးကြီးနေတဲ့ပုံစံမျိုးမြင်ရတာ ပထမဆုံးပဲ။
“ကျွန်တော်လည်း သေချာရှင်းမပြတတ်ဘူး၊ ဆရာဦးလေးကိုပဲ နတ်ဆေးတောင်ထွတ်ဆီကို ခေါ်သွားရင် နားလည်သွားမှာ”
သူ့ရဲ့ အရေးတကြီးဖြစ်နေတဲ့ပုံစံနဲ့ပဲ ယိချင်းဖက်ကိုလှည့်ပြီး လက်သီးဆုပ် အရိုအသေပေးရင်း ပြောလိုက်တယ်။
“တောက်ပညာရှင်လေးယိချင်း နတ်၀ိညာဥ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်ရှိအောင်မြင်သွားလို့ ဂုဏ်ပြုပါတယ်၊ ပြဿနာက နည်းနည်းကြီးတော့ ပညာရှင်ယိလည်း အတူတူလိုက်ခဲ့ပါလား၊ အခုလောလောဆယ်ကတော့ ပြဿနာတွေတက်နေတာဆိုတော့ ပညာရှင်ယိရဲ့ နတ်ဝိညာဥ်ဖွဲ့စည်းခြင်းပွဲကိုတော့ နောက်ဆုတ်ရတော့မှာပဲ”
ယိချင်းက ခေါင်းညိတ်ပြတယ်။ သူကလည်း မဟူရာကောင်းကင်ဂိုဏ်းရဲ့လက်အောက်ကလို့ ပြောလို့ရနေပြီဆိုတော့ တစ်ခုခုဖြစ်ခဲ့ရင် သူလည်းလိုက်ကြည့်သင့်တယ်။ ရှန်းရင်ကို နှုတ်ဆက်ပြီးတာနဲ့ နတ်ဆေးနံ့တွေ ပျံ့လွင့်နေတဲ့ တောာင်ထွတ်ဆီကို ရှီးချိုးနဲ့အတူ လိုက်သွားတော့တယ်။
သူတို့သုံးယောက်လုံး တောင်ထိပ်မှာရှိတဲ့ အိမ်လေးရဲ့နောက်ကို ဦးတည်ပြီး ပျံသန်းလာခဲ့တယ်။ ခန်းမထဲကလေထုမှာ မူမမှန်တာမျိုးရှိနေမှန်း ယိချင်းခံစားမိလိုက်တော့သူ မျက်မှောင်ကျုံ့မိသွားတယ်။
“မိစ္ဆာလမ်းစဥ်ကျင့်ကြံသူရဲ့ “ယင်”ချီဓာတ်တွေ ရှိနေတယ်”
“ပညာရှင်ယိက တကယ်ထက်မြက်တာပဲ”
ရှီးချိုးက အိမ်ရှေ့တံခါးကိုအားနဲ့တွန်းဖွင့်ရင်းပြောလိုက်တယ်။
“မိစ္ဆာလမ်းစဥ်ကျင့်ကြံသူတစ်ယောက် ရောက်လာတယ်”
ယိချင်းနဲ့ ကူယွဲ့အထဲကို ကြည့်လိုက်တော့ နှစ်ယောက်လုံးမျက်လုံးတွေပြူးသွားရတယ်။ အိမ်ထဲမှာ အစီအရင်တစ်ခု ဖြစ်ပေါ်နေတယ်။ ဒါပေမဲ့ အတွင်းပိုင်းမှာတော့ သွေးတွေက ပျံ့ကြဲလို့။ ရဲရဲနီတဲ့ အနီရောင်အရည်တွေက တစ်ခန်းလုံးပဲ။ စားပွဲတွေပေါ်မှာရော ကုလားထိုင်တွေပေါ်မှာရော နံရံတွေပေါ်မှာရော။ ပြီးတော့ သွေးတွေရဲနေတဲ့စေးကပ်ကပ် ဘာမှန်းမသိတဲ့ ဟာတွေက ကပ်နေသေး။ တစ်ကိုယ်လုံး ဗလာကျင်းနေတဲ့လူတစ်ယောက်က အခန်းအလယ်မှာ ဆန့်ဆန့်ကြီး သေနေတယ်။ သူ မသေခင်က အရမ်းကြောက်စရာကောင်းတဲ့အရာတစ်ခုနဲ့ ကြုံခဲ့ရသလိုမျိုး မျက်လုံးတွေက အဆမတန် ပြူးကျယ်နေတယ်။ ပါးစပ်တစ်ခုလုံး သွေးချင်းချင်းနီနေပြီး လျှာက ပြတ်ထွက်နေသေး။ လက်တစ်ဖက်က ကြမ်းပြင်ပေါ်မှာကျနေပြီး ကျန်တဲ့တစ်ဖက်က မသေခင်မှာ အားကုန်သုံးပြီး ရုန်းထားခဲ့ပုံပေါက်လို့ တောင့်နေတယ်။ ခန္ဓာကိုယ်အောက်ပိုင်းက လုံး၀ကို ပျောက်နေတာမို့ အလောင်းက တစ်၀က်ပဲကျန်တယ်။
“ဒါက….”
ယိချင်း မျက်မှောင်ကို အတင်းကျုံ့ထားမိတယ်။ ဒီလောက် ရက်ရက်စက်စက်သတ်သွားနိုင်တာ မိစ္ဆာကျင့်ကြံသူကလွဲရင် တစ်ခြားမရှိနိုင်ဘူး။ အလောင်းကောင်ရဲ့ ၀ိညာလည်း ပျောက်နေပြီ။ ဖြစ်နိုင်တာ မူလ၀ိညာဥ်က လွတ်မြောက်သွားတာ မဟုတ်ရင် သူ့၀ိညာဉ် အပြည့်အ၀ ဖျက်ဆီးခံလိုက်ရတာပဲ။
“သူက နတ်ဆေးတောင်ထွတ်ရဲ့ ခန်းဆောင်သခင် ပညာရှင် ယွီတင်းပဲ”
အိမ်ထဲကနေ အသံတစ်သံပျံ့လွင့်လာတယ်။ အရင်ရောက်နှင့်နေတဲ့ ခန်းဆောင်သခင်တွေထဲက တစ်ယောက်ပဲ။ မဟူရာကောင်းကင်ဂိုဏ်းရဲ့ ခန်းဆောင်သခင်ဆယ်ယောက်လုံးရောက်နှင့်ပြီး အိမ်တစ်ခုလုံးကို စစ်ဆေးပြီးသွားပြီ။
“ဘယ်လိုမိစ္ဆာကျင့်ကြံသူကများ ဒီလောက်ဆိုးဆိုးရွားရွားတွေလုပ်နိုင်သလဲဆိုတာ သိချင်မိတယ်”
“မဟူရာကောင်းကင်ဂိုဏ်းထဲကို ၀င်လာပြီး ဘယ်သူမှလျစ်လျူမရှုရဲတဲ့ နတ်ဝိညာဥ််အဆင့်ကို ပြည့်ပြည့်စုံစုံ အောင်မြင်ပြီးသားလူတစ်ယောက်ကို တိတ်တိတ်လေးသတ်ရဲတဲ့သူပေါ့၊ အဲ့ဒီလူက အနည်းဆုံးတော့ သေချာပေါက် နတ်၀ိညာဥ်အဆင့်တွေ ထဲရှိနေရမယ်”
ရှီးချိုးက ၀င်ပြောလိုက်တယ်။
“ဒါတင်မကဘူး သူက ငါတို့ဂိုဏ်းမှာဖြစ်ပျက်သမျှနဲ့လည်းရင်းနှီးနေရမယ်”
ရှီးချန်းက ဒေါသတကြီးနဲ့ပြောလာတယ်။
“ခန်းဆောင်သခင်တစ်ယောက်အနေနဲ့ ငါ့ဘ၀ကို ဂိုဏ်းနဲ့အတူ တွယ်ယှက်ထားခဲ့ပြီးသား။ အကယ်၍ ငါ့ကိုသာ တိုက်ခိုက်မယ်ဆိုရင် တောင်ကာကွယ်အစီအရင်က သတိပေးပြီး အဲ့အထဲမှာ ဖမ်းမိသွားမှာပဲ။ ဒါကြောင့် အဲ့ကောင်က ပညာရှင်ယိ နတ်၀ိညာဥ်ဖွဲ့စည်းခြင်းကို ကျင့်ကြံနေချိန် သေချာရွေးပြီး လုပ်သွားတာ၊ တောင်အကာအရံက နတ်ဝိညာဉ်ဝဋ်ကြွေးချေ လျှပ်စီးပျက်သုဉ်းခြင်းရဲ့ နောက်ဆက်တွဲတွေကို ခုခံပြီး အလိုအလျောက်ပွင့်သွားခဲ့တာမို့ လူသတ်သမားက ဘယ်သူမှမသိဘဲ ယွီတင်းကို သတ်သွားနိုင်တာ”
“အမှန်ပဲ”
ခန်းဆောင်သခင်ကျိုးချီက ထောက်ခံကြောင်းကို ခေါင်းညိတ်ပြတယ်။
“တောင်ကာကွယ်စည်းကိုထပ်ချဖို့ လ၀က်လောက်လိုလိမ့်မယ်။ ဒါ သေချာအကွက်ချတာပဲ”
“ဂိုဏ်းသခင်…တောင်ကာကွယ်အစီအရင်လုပ်တာကလွဲပြီး ဂိုဏ်းကို ချိပ်ပိတ်ဖို့ တခြားနည်းလမ်းများ ရှိသေးလား”
ယိချင်းက ရုတ်တရက်ထမေးတယ်။
“ရှိတယ်”
ရှီးချိုးကဖြေရင်းနဲ့ ရုတ်တရက်တစ်ခုကို သတိရသွားတယ်။ သူအလန့်တကြားပဲ လှမ်းကြည့်ရင်း မေးလိုက်တယ်။
“ပညာရှင်ယိ ဆိုလိုချင်တာက…..”
ယိချင်းက ခေါင်းကိုချက်ချင်းငြိမ့်ပြတယ်။
“ယင် ချီဓာတ်တွေ အခုထိ မပျောက်သေးပုံထောက်ရင် မိစ္ဆာကျင့်ကြံသူထွက်သွားတာ အမွှေးတိုင်တစ်၀က်စာတောင် ရှိဦးမှာမဟုတ်သေးဘူး။ ဆိုတော့ကား….”
“မိစ္ဆာကျင့်ကြံသူက အခုထိ ဂိုဏ်းထဲမှာပဲရှိနေသေးတယ်”
ကူယွဲ့က ၀ါကျကိုပြည့်စုံသွားအောင်ဖြည့်ပေးလိုက်တယ်။
“အဟုတ်ပဲ”
လူတိုင်းရဲ့မျက်နှာထားတွေ ပြောင်းလဲသွားတယ်။ ရှီးချိုးက ချက်ချင်းပဲ လှည့်လိုက်ပြီး တပည့်တစ်ယောက်ကို အမိန့်ပေးလိုက်တယ်။
“မြန်မြန် မူလတောင်ထွတ်ရဲ့ ခဲ့မင်ခေါင်းလောင်းကို အမြန်ထိုးကြ။ မဟူရာကောင်းကင်ဂိုဏ်းရဲ့ ထွက်ပေါက်မှန်သမျှပိတ်ပစ်ပြီး မိစ္ဆာကျင့်ကြံသူကို ဖမ်းကြစမ်း”
တပည့်လုပ်သူက အမိန့်ရတာနဲ့ချက်ချင်းပဲပြေးသွားပြီး ခဲ့မင်ခေါင်းလောင်းကိုတီးလိုက်တယ်။ အဲ့ဒါနဲ့ တစ်ပြိုင်တည်း ပို့ဆောင်အစီအရင်ဖြစ်ပေါ်မှုတွေအားလုံးကို ပိတ်ချလိုက်တော့တယ်။
“ပညာရှင်ယိ…ကျွန်တော်တို့ကြားခဲ့တာတော့ သင်က အချိန်အတော်များများကို မိစ္ဆာတွေနှိမ်နင်းပြီး တောက်ကို ကာကွယ်ရင်းနေခဲ့တာဆိုတော့ “ယင်”ချီ မိစ္ဆာကျင့်ကြံသူတွေနဲ့ အကျွမ်းတ၀င်အရှိဆုံး ဖြစ်မှာပဲ။ ဒါကြောင့် တစ်ဂိုဏ်းလုံးမှာ မိစ္ဆာကျင့်ကြံသူရှာတဲ့ကိစ္စကို ကူညီပေးဖို့ အကြံပြုပါရစေ။”
ရှီးချိုးက လေသံခပ်တိုးတိုးနဲ့ တောင်းပန်တဲ့ပုံနဲ့ဆိုတယ်။
ယိချင်းကလည်း မငြင်းဘဲ ခေါင်းညိတ်ပြတယ်။
“ဒါ ကျွန်တော့အလုပ်ပါ”
သူက သူ့ရဲ့နတ်ဘုရားအာရုံကို လွှတ်လိုက်ပြီး မိစ္ဆာကျင့်ကြံသူကို ရှာဖွေတော့တယ်။
——————
တစ်ချိန်တည်းမှာပင် ယင်းယွမ်တောင်ပေါ်တွင်….
တစ်ယောက်သောသူကတော့ ခေါင်းလောင်းသံကျယ်ကြီး ကြားလိုက်ရတာတောင် ထမင်းစားမပျက်။ အဲဒီအချိန် ဘယ်ကမှန်းမသိတဲ့ သွေးစက်တွေ သူ့ထမင်းစားပွဲပေါ်ကျလာတယ်။ ပြီးတာနဲ့ လူတစ်ကိုယ်လုံးပါ ပြုတ်ကျလာပြီး သူ့လက်က စွပ်ပြုတ်ပန်းကန်ထဲ ရောက်သွားတယ်။
“…”
ဒီလောကမှာ ကောင်းကင်ကနေ တစ်ခုခုကျပြီးမှ မိတ်ဆက်ကြတာလား ဘာလား။
တော်သေးတယ် ငါစားလို့ပြီးသွားလို့။
ရှန်းရင်တစ်ယောက် သူ့ထမင်းစားပွဲပေါ်က သွေးသံတရဲရဲနဲ့ လူကို ကြည့်ရင်း တစ်၀က်လောက် ကျန်နေသေးတဲ့ သူမလက်ထဲက ထမင်းပန်းကန်လေးကိုလဲ ငုံ့ကြည့်လိုက်တယ်။ ပြီးမှ ထမင်းပန်းကန်လေးကို ရှေ့တိုးပေးပြီး
“ထမင်းစားဦးမလား”
သွေးသံတရဲရဲနှင့်လူ : “…”
…