EYYJ အပိုင်း ၄

အပိုင်း (၄) ပြဿနာ

ပြူးကျယ်ကာ ဖြူဖပ်နေသော မျက်၀န်းတစ်စုံသည် ထိုလူငယ်လေးအား စိုက်ကြည့်နေကာ “နင့်လို အမွေးမစုံတဲ့ကောင်က ငါတို့မိသားစုနဲ့ ဘာဆိုင်လို့ ၀င်ပါတာလဲ။ မျက်ကန်းလို မသိချင်ယောင် မဆောင်နိုင်ဘူးလား”

သူမ၏စကားများသည် တက်ကြွပြီး ဖြောင့်မတ်သည့် လူငယ်အား စိတ်ခုသွားစေသည်။

“အရီးပြောတာ မဟုတ်သေးပါဘူး။ ကျွန်တော် အမွေးစုံမစုံ သိရအောင် အရီးက ကျွန်တော်ရေချိုးတုန်းများ ချောင်းကြည့်ထားတာလား”

ရွာသားအများစုသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကာ ရိုးသားဖြောင့်မတ်သော်လည်း စကားများသည် တည့်တိုးဆန်ကာ ကြမ်းတမ်းပေသည်။ လူငယ်လေး ပြောသည့် စကားများကို ကြားသည်နှင့် ဘေးပတ်ပတ်လည်ရှိ ရွာသားများသည် ဝိုင်းရယ်ကြလေသည်။ အဘွားချန်၏ မျက်နှာသည် ရှက်ရွံ့ခြင်းနှင့် ဒေါသထွက်ခြင်းများ ရောထွေးကာ ဖြူတလှည့် စိမ်းတလှည့်ဖြင့် ဖြစ်နေသည်။

ထိုကလေး၏ ယုတ်ညံ့သည့် စကားများကြောင့် အဘွားချန်သည် သူမ သိက္ခာကျသလို ဖြစ်သွားလေသည်။ သူမ ထိုသို့ စနောက်ခံရခြင်းမှာ ယိုကျင့်ကြောင့် စသည်ကို ပြန်တွေးမိသည်နှင့် ကြာပွတ်ကို ရမ်းကာ ယိုကျင့်ဆီသို့ တည့်တည့်ရိုက်ချလိုက်သည်။

“နင့်လို ကောင်မက မျက်နှာပြောင်တိုက်ပြီး ခိုးရဲတယ်။ မင်းတို့ လူငယ်တွေရဲ့ ပါးစပ်က ညစ်ညမ်းလိုက်တာ”

ဘေး၌ရပ်ကာ ပွဲထိုင်ကြည့်နေသော ယိုကျင့်သည် အသိ၀င်ကာ အမြန်ရှောင်လိုက်သော်လည်း အဘွားချန်၏ ကြာပွတ်ဖြင့် သူမကိုယ်ကို ရိုက်မိလိုက်သည်။

“သမီးဘာမှ မခိုးပါဘူးဆို ဘာလို့မယုံတာလဲ။ အခန်းထဲ ၀င်စစ်ကြည့်မလား”

သူမကို ထိုကဲ့သို့ ဒေါသစိတ်နှင့် ပြောမယ်မထင်ထားသည့် အဘွားချန်သည် ပို၍ပင် ဒေါသထွက်လာကာ အမျိုးသမီးချန်ကိုခေါ်၍ ပစ္စည်းများကို ရှာခိုင်းလိုက်သည်။ “ချွေးမကြီး သူတို့အခန်းထဲသွားရှာချည်”

“ဟုတ်ကဲ့” သူများကို ချောက်ချရမည့်အရေး၌ အကျွမ်းတ၀င်ရှိသည့် အမျိုးသမီးချန်သည် သူမ၏ယောက္ခမ ညွှန်ကြားသည့်အတိုင်းပင် တသွေမသိမ်း လိုက်နာကာ သူမ၏လက်ရုံကို ပင့်ပြီး ဒုတိယမိသားစုခွဲနေထိုင်သည့် နေရာသို့ အမြန်၀င်သွားလေသည်။

ယိုကျူးနှင့်ယိုပေါင်သည် သူမတို့၏အဒေါ်အား တားချင်ပါသော်လည်း သူမတို့၏ဒုတိယအစ်မသည် သူတို့အား တင်းကျပ်စွာ ဖက်တွယ်ထားလေသည်။ အိမ်ထဲသို့ရောက်သည်နှင့် အမျိုးသမီးချန်သည် သေတ္တာများ၊ ဗီရိုများပါမကျန် ဖွင့်ကာ လှန်လှောရှာလေသည်။

“ဒီတစ်ခါ သည်းဘယ်လိုပြောမလဲ ကြည့်တာပေါ့” အဘွားချန်သည် မောက်မာစွာဖြင့် ယိုကျင့်ကို ကြည့်လေသည်။

“ခိုးထားတာတွေ ရှာတွေ့ကြည့်စမ်း။ နင့်လို ဆန်ကုန်မြေလေးကို အသေသတ်ပြမယ်”

အဘွားချန်၏ တွက်ချက်မှုသည် လွဲသွားပေသည်။ အနောက်ခြံထဲသို့ ၀င်သွားခဲ့သော အမျိုးသမီးချန်သည် အချိန်တန်ကြာ ရှာသည့်တိုင် အရှက်ရစွာဖြင့် လက်ဗလာနှင့်သာ ပြန်လာခဲ့ရသည်။ ထို့နောက် ယောက္ခမ၏နားဆီသို့ ကပ်ကာ သူမ၏ကျရှုံးမှုကို ကပ်တိုးပြောလေသည်။

“အမေ ကျွန်မရှာမတွေ့….”

“မဖြစ်နိုင်တာ သူသေချာပေါက်ခိုးထားတယ်။ ကျွန်တော်ဥအနံ့ရတယ်လို့” ပွဲကြည့်နေသည့် ယွဲ့၀မ်ဝေ့သည် ရုတ်တရက် လန့်သွားကာ မေးခွန်းထုတ်တော့သည်။

“အိမ်ထဲမှာမရှိရင် သူ့ကိုယ်မှာ ဖွက်ထားတာနေမှာ။ အဘွား သူ့ကိုယ်ပေါ်ကို အမြန်ရှာကြည့်”

အဘွားချန်သည် သူ့မြေးပြောသည်ကို ယုံကြည်နေဆဲဖြစ်သည်။ ထိုသို့ကြားသည်နှင့် သူမ၏အကြည့်မှာ ပြောင်းသွားကာ ယိုကျင့်အား စိုက်ကြည့်နေလေသည်။ ငါ့မြေးပြောတာမှန်တယ်။ သူ့ကိုယ်ပေါ်မှာ ဖွက်ထားလို့ပေါ့ မဟုတ်ရင် ငါတို့ကို ဘာလို့ သူတို့အခန်းထဲ ရှာခိုင်းရဲမှာလဲ….

ထို့နောက် အဘွားချန်သည် ယိုကျင့်၏အနားသို့ တလှမ်းချင်းဖြင့် သွားလေသည်။ ယိုကျင့်သည် ကြောက်ဟန်ဆောင်ကာ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး တုန်ရီနေသော အသံဖြင့် ပြောလိုက်သည်။

“အဘွားက တကယ်ပဲ ‌ဒီမြေးကို သူခိုးလို ဆက်ဆံနေတာလား”

“ဖွီ ငါ့မှာ နင့်လိုမြေးမရှိဘူး။ ခိုးဝှက်ပြီး သွေးခွဲတတ်တဲ့ဟာမ” အဘွားချန်သည် ယိုကျင့်၏ခြေလှမ်းများ အနောက်သို့ ဆုတ်နေသည်ကို မြင်သည့်အခါ သူမ၏မြေးဖြစ်သူ ပြောသည်များကို ပို၍ပင် ယုံကြည်သွားသည်။ သူ့ကိုယ်ပေါ်မှာ သေချာပေါက် ဖွက်ထားတာပဲ။ မဟုတ်ရင် ဘာလို့ အပြစ်ရှိတဲ့ပုံစံနဲ့ အနောက်ဆုတ်သွားရတာလဲ။

အဘွားချန်သည် ယိုကျင့်၏ကိုယ်ပေါ်၌ ရှာရန် စိတ်ပိုင်းဖြတ်လိုက်သည်။ ယိုကျင့်သည် ခြေတစ်လှမ်းချင်း နောက်ဆုတ်သွားကာ အဘွားချန်သည်လည်း သူမကို စိုက်ကြည့်ရင်းဖြင့် တစ်လှမ်းချင်းတိုးလာလေသည်။ ခြံအပြင်ရှိ မိန်းမတစ်ဦးသည် အထဲသို့ အပြုံးလေးဖြင့် ဖျန်ဖြေရန် ခြံထဲသို့ ၀င်လာခဲ့သည်။

“အိုက်ယား အရီးကလည်း ကြက်ဥလေးခိုးတာကို အကျယ်ချဲ့နေသေးတယ်။ အဲ့ဥတွေ ရှင့်အိမ်က ကြက်မတွေ ဥထားတာပဲ။ ကလေးက ယူထားရင် ယူတယ်ပေါ့။ ဘာလို့ ကိုယ့်မြေးအပေါ် တွက်ကပ်နေရတာလဲ” ထိုအမျိုးသမီးကြီး မျက်၀န်းများသည် ယိုကျင့်အား သနားစဖွယ် ကြည့်နေလေသည်။ “ပြီးတော့ ယိုကျင့်လေးက ဒီလောက်လိမ္မာတာ တစ်ခုခုခိုးဖိုးဆိုတာ ဖြစ်နိုင်လို့လား”

ယိုကျင့်သည် သူမအားကူပြောပေးသော အမျိုးသမီးကို လှည့်ကြည့်ရာ ယွဲ့မိသားစုနှင့် မျက်နှာချင်းဆိုင်အိမ်ရှိ မာမိသားစုမှ ဖြစ်ကြောင်း သိလိုက်ရသည်။

“ဖွီ မိန်းမယုတ် ဘာကိစ္စ လေ‌ကြောရှည်နေတာလဲ။ အဲဒါနင့်ဥတွေမလို့လား။ ငါတို့မိသားစုကိစ္စကို နင်က ဘာလို့ လာဆုံးဖြတ်နေတာလဲ။ နင့်ရဲ့အိမ်အိုထဲ အမြန်ပြန်ချေ” အဘွားချန်သည် အမျိုးသမီးမာကို စိုက်ကြည့်ကာ ထိုသို့ထိုးနှက်လိုက်သည်။

အမျိုးသမီးမာသည် သူမအား ထိုသို့ မျက်နှာတည့်တည့်ကြည့်ကာ ဆိုဆဲနေ‌သဖြင့် မကျေနပ်စွာ နှုတ်ခမ်းစေ့ပြီး တီးတိုးပြောလိုက်သည်။ “အရှက်မဲ့လိုက်တဲ့ အဘွားအိုကြီး”

သူမသည် နံရံပေါ်ရှိ ပွဲကြည့်နေသော ရွာသားများကို အေးတိအေးစက်ကြည့်ကာ ဘယ်သူမှ ၀င်မပြောတော့သည်ထိ သေချာစွာ ကြည့်ပြီးမှ ယိုကျင့်ကို ဆွဲကာ အသေရိုက်တော့သည်။

“ထွက်ပြေးချင်သေးတယ်ပေါ့ ဟမ်”

ယိုကျင့်သည် အံကြိတ်ကာ အနည်းငယ်သည်းခံလိုက်သည်။ ယနေ့ပြဿနာသည် သူမကိုယ်ပေါ်သို့ ရှာဖွေရမှ အပြီးသတ်မည်မှန်းသိသည်။ ထို့အတွက် သူမသည် အခွင့်အရေးယူကာ ပို၍ပင် သနားစဖွယ်ကောင်းအောင် ဟန်ဆောင်လိုက်သည်။ “အဘွား သမီးတကယ် ဘာမှ မခိုးတာပါ။ အဘွား မယုံရင် ရှာကြည့်လို့ရတယ်”

“ဟမ့်” သူမသည် ထိုသို့ နာခံနေသောအခါ အဘွားချန်သည် ကရုဏာကင်းမဲ့စွာဖြင့် သူမအ၀တ်များကို ချွတ်လေတော့သည်။ ယိုကျင့်ကိုယ်ပေါ်၌ အဖာအစပ်များစွာဖြင့် ပါးလွှာသော အတွင်းထည်လေးသာ ကျန်ရှိနေပြီး ခြင်းတောင်းမှာလည်း ၀က်စာများပြန့်ကျဲနေ‌ကာ မြေပေါ်၌ မွစာကျဲနေသည်။

အခန်းထဲရှိ အမျိုးသမီးစုသည် အပြင်ရှိ အသံများကြောင့် ခုတင်ပေါ်မှ ဆင်းလာခဲ့သည်။ တံခါးဘောင်ကို ဆုပ်ကိုင်ပြီး ကြည့်လိုက်ရာ သူမ၏သမီးသည် အ၀တ်များကို ဆုတ်ဖြဲကာ နှိပ်စက်ခံနေရကြောင်း မြင်လိုက်ရသည်။ တုန်ရီနေသော်လည်း ယိုကျင့်၏ရှေ့သို့ အရောက်ပြေးသွားကာ လူတိုင်း၏အမြင်မှ သူမသမီးကို ကာလိုက်သည်။ ထို့နောက် မြေ၌ပြန့်ကျဲနေသော အ၀တ်များကို ယိုကျင့်ပေါ်သို့ အမြန်၀တ်ပေးလိုက်သည်။

“အမေရယ် ပြဿနာရှာချင် ကျွန်မကိုပဲရှာပါ။ ယိုကျင့်က အခုမှ ဆယ့်တစ်နှစ်ပဲ ရှိသေးတဲ့ကလေးပါ။ အမေ အခုလိုလုပ်နေရင် အမေ့မြေးရဲ့ ရှေ့ရေးက ဘယ်လိုတွေဖြစ်မယ်များ မတွေးမိဘူးလား”

အမျိုးသမီးစုသည် ထိုကဲ့သို့ အသံဖြင့် သူမ၏ယောက္ခမကို ပြန်ပြောဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ကြောက်ရွံခြင်းရှိသည် မရှိသည်ကို မတွေးမိဘဲ သူမ၏စိတ်သည် သမီးဖြစ်သူ၏ ရှေ့ရေးကိုသာ တွေးမိတော့သည်။ သူမသေရမည်ဆိုလျှင်ပင် သူမယောက္ခမကို သေချာပေါက် တားရမည်ဖြစ်သည်။

အဘွားချန်သည် ဥများ ရှာမတွေ့ခြင်းကြောင့် စိတ်တိုနေပြီဖြစ်ရာ အမျိုးသမီးစုသည် ထိုသို့ ပြုလုပ်လာ၍ ဒေါသများအား သူမအပေါ်သို့ ပုံချလိုက်လေသည်။

“နင်က အိပ်ရာပေါ်လှဲပြီး ကလေးမွေးပေးဖို့ပဲသိတာလေ။ အသုံးမကျတဲ့ဟာမ နင်သာ ဒီအမျိုးယုတ်ကို မွေးခဲ့လို့လေ။အဲဒါကြောင့်ပဲ အဲ့ဟာမက ငါတို့ပစ္စည်းကိုခိုးပြီး ပြန်ခံပြောနေတာပေါ့”

ထိုသို့ပြောပြီးသည်နှင့် အဘွားချန်သည် အမျိုးသမီးစု၏ပါးကို အားပါပါဖြင့် ရိုက်ချလိုက်တော့သည်။

ယိုကျင့်သည် အဘွားချန်၏ရိုက်ချက်ကြောင့် လဲကျလာသော အမျိုးသမီးစုအား အမြန်ဖမ်း၍ စစ်ဆေးကြည့်ရာ သူမ၏အဝါရောင်သန်းနေကျ မျက်နှာသည် ယခု နီရဲနေကာ သူမ၏အခြေအနေမှာလည်း ပို၍ဆိုးရွားလာနေပြီဖြစ်သည်။

ယိုကျင့်သည် အမျိုးသမီးစု၏ အရှေ့သို့ ထွက်ရပ်ကာ လေသံမာမာဖြင့် ပြောလိုက်သည်။

“အဘွားက ခြံထဲရော သမီးကိုယ်မှာရော ရှာပြီးပြီပဲ။ ဘာမှာရှာမတွေ့တဲ့ဟာကို သမီးကို ခိုးတယ်ပြောချင်ရင် သက်သေရှိမှရမယ်လေ။ မဟုတ်ရင် သမီးကို စွပ်စွဲနေတာပဲနော်။ အဲ့လိုဆို ဒီနေ့ သမီးသေသွားရင်တောင်မှ ၀န်ခံမှာမဟုတ်ဘူး”

သူမသည် မည်သည့် အပြစ်ရှိစိတ်မှ မခံယူဘဲ ထိုသို့ ပြောခြင်းဖြစ်သည်။ သူမသေသွားလျှင်ပင် သေရဲသည်ဟု ပြောနေသော ယိုကျင့်၏ ပုံရိပ်ကို ရွာသားများက အထူးအဆန်းဖြင့် ကြည့်နေကြသည်။ အလိုက်သိကာ လိမ္မာသည့် ကလေးအဖြစ် သိခဲ့ကြသော ယိုကျင့်၌ ထိုကဲ့သို့ ဒေါသမျိုးရှိမည်ဟု ထင်မထားခဲ့ချေ။ ထိုသို့ကြားပြီးသည့်အခါ အမျိုးသမီးကြီး အချို့ကလည်း ယိုကျင့်အတွက် ထပ်မံပြောပေးကြသည်။

“အရီးကလည်း ခြံထဲရော သူ့ကိုယ်ပေါ်ရော ရှာပြီးပြီပဲ။ ဘာမှမတွေ့ဘူးဆိုတော့ ကလေးက ရှင်တို့ဥတွေ ခိုးမထားလို့ပေါ။ ဒီကိစ္စကို ဒီမှာပဲ တော်လိုက်ပါတော့ အရီးရယ်”

အဘွားချန်သည် ယိုကျင့်ကို ကူညီနေသော လူများကို စိန်းစိန်းဝါးဝါးကြည့်ကာ “သူ့ကိုယ်ပေါ်မှာ ရှာမတွေ့ပေမဲ့ ကျန်တဲ့ခြောက်ယောက်ရှိသေးတာပဲ။ ငါသူတို့ကို မယုံဘူး။ သေချာပေါက် ငါ့ဥတွေကို ခိုးထားတာပဲဖြစ်ရမယ်” ယခု အဘွားချန်သည် ကျန်သည့် ညီအစ်မ ခြောက်ယောက်ကိုပါ သူခိုးအဖြစ် စွပ်စွဲနေခြင်းဖြစ်သည်။

ကြည့်နေသော ရွာသားများမှာ အဘွားချန်၏ ယုတ်မာမှုကြောင့် ထိတ်လန့်သွားရသည်။ အခန်းထဲနှင့် ကိုယ်ပေါ်၌ ရှာပြီးသည့်တိုင် မည်သည့်အရာမှ မတွေ့ခဲ့ပေ။ ဒါကသက်သက်မဲ့ ယုတ်နေတာပဲ။

“အဘွားက ကျွန်မတို့ညီအစ်မတွေကို ခိုးတယ်လို့ ယုံကြည်နေမှတော့ ဦးလေးလီကျန်းကို ခေါ်ပေးဖို့ ဦးလေးသုံး(လင်း)ကို အကူအညီတောင်းရတော့မှာပဲ။ ဦးလေးလီကျန်းကပါ သမီးတို့အမှားလို့ပြောရင် ဘာမှအတွန့်မတက်ဘဲ ပေးသမျှအပြစ်ဒဏ် အကုန်ခံမယ်”

“ဟုတ်ပြီ တူမလေး။ ဦးလေးသုံး အခုပဲသွားခေါ်ပေးမယ်” ဦးလေးသုံး(လင်း) အဘွားချန်နှင့် ခုနကပင် ရန်ဖြစ်ခဲ့သည့် လူငယ်လေးဖြစ်သည်။ သူသည် ယိုကျင့်ပြောသည်နှင့် အမြန်ပင် ပြေးသွားကာ အရိပ်ပင်ရှာမတွေ့တော့ချေ။ အဘွားချန်သည် သူ့အား မည်သို့တားနိုင်တော့မည်နည်း။

အခြေအနေသည် နေရကျပ်ကာ အေးတိအေးစက်ဖြစ်နေသည်။ ယိုကျင့်သည် သူမ၏ညီမများအား တင်းကျပ်စွာ ဖက်တွယ်ရင်း ကာကွယ်ထားသည်။

“ငါလည်း အိုနေပါပြီ။ အခုမှ ညနေစောင်းသေးတာ ဘာတွေပြဿနာဖြစ်နေပြန်ပြီလဲ” ဩဇာရှိသည့် အမျိုးသားတစ်ဦး၏အသံသည် အိမ်တံခါး၀မှ ထွက်ပေါ်လာသည်။ ထိုအသံသည် ပိန်ပါး၍ မျက်နှာကျရှည်သော အသက်ကြီးကြီး အမျိုးသားတစ်ဦးဆီမှ သက်ဆင်းလာခြင်းဖြစ်သည်။ ထိုလူသည် ဖြူလွှလွှ အိင်္ကျီအပါးကို ၀တ်ဆင်ထား၏။ သူသည် အိမ်ရှေ့တံခါး၀ကို ခြေချပြီးသည်နှင့် ဖရိုဖရဲဖြစ်နေသော ညီအစ်မများကို နှိမ့်ချစွာ ကြည့်လိုက်သည်။

“မရှက်ကြဘူးလား” အိမ်ထဲမှထွက်လာသူသည် ယွဲ့မိသားစု၏ ခေါင်းဆောင် ယွဲ့တာ့ဖူဖြစ်သည်။ သူမ၏အမျိုးသား ထွက်လာသည်နှင့် အဘွားချန်သည် နောက်ခံရှိသလို ခံစားရကာ သူမ၏လက်တစ်ဖက်ဖြင့် ယိုကျင့်ကိုညွှန်ပြီး ကျန်သည့်လက်သည် သူမ၏ခါးကို ထောက်ကာ တိုင်တောတော့သည်။

“ဒီဆန်ကုန်မြေလေးက ကျွန်မတို့မိသားစုရဲ့ ကြက်ဥတွေခိုးပြီး အခုထိ ၀န်မခံသေးဘူး”

ယိုကျင့်သည် အနည်းငယ်ပြောင်းလဲသွားသည့် သူမတို့ မိသားစုခေါင်းဆောင်၏ အနေအထားကို ကြည့်ရင်း နှာခေါင်းရှုံးမိသည်။ ဘာကိစ္စ လူကြီးလူကောင်းယောင် ဆောင်နေသေးတာလဲ။ အပြင်ရှိရွာသားများသည် နံရံအပြင်မှ စိတ်လှုပ်ရှားစွာ ကြည့်နေကြသော်လည်း ခြံထဲရှိ အသေးစိတ် အဖြစ်အပျက်များကို မသိကြချေ။ အဘွားချန်သည် ပြန်လည် ချေပခံနေရ၍ ထိုလူ ထွက်လာခြင်းဖြစ်သည်ဟုသာ သူမတွေးထင်လိုက်သည်။

ယိုကျင့်သည် ယွဲ့တာ့ဖူ၏အတွေးများကို သိပေသည်။ ကိုယ့်မိသားစု၏ ကလေးကို ရိုက်ခြင်းသည် အပြစ် မဟုတ်ပေ။ သို့သော် အပြင်လူဖြစ်သည့် လီကျန်းကို ၀င်ပါစေခြင်းသည် အပိုလုပ်ခြင်းသာဖြစ်သည်။ သူသည် အဘွားချန်၏ဘေးသို့ သွားရပ်လိုက်ကာ ယိုကျင့်တို့အား အေးတိအေးစက်ကြည့်လိုက်သည်။

“အခုထိ မင်းအဘွားဆီ မ၀န်ခံသေးဘူးလား”

“ကျွန်မဘာမှားလို့လဲ”

ယိုကျင့်အတွက် သူမ ခက်ခဲရသည်က ပြဿနာမဟုတ်ချေ။ သို့သော် ဤနေရာ၌ ဆယ်နှစ်ကျော် အချိန်ကုန်ပြီးနောက် အမျိုးသမီးတစ်ဦး၏ပုံရိပ်မှာ မည်မျှ အရေးပါကြောင်း သူမသိလေသည်။ သူမသည်ထိုအရာကို ဂရုမစိုက်သော်လည်း သူမ၏ညီမများအတွက် အရေးပါပေသည်။ သူမ၏ညီမများသည် အနာဂတ်၌ လက်ဆက်ရဦးမည်ဖြစ်သည်။ ထို့အတွက် သူခိုးဟူသော ခေါင်းစဉ်နှင့် သူမတို့ အဖျက်ဆီးမခံချင်ပေ။

သူမသည် အဘယ်ကြောင့် စိတ်ဆက်နေလဲဆိုတာ သူမသိတော့ပေ။ သူသည် မိသားစု၌ ဆယ်စုနှစ်ကြာ အုပ်ချုပ်လာပြီး သူ၏စကားသည်သာ အခရာဖြစ်ခဲ့သည်။ အစက စိတ်မကြည်သည့် သူ၏စိတ်သည် ယခု ယိုကျင့်အပေါ်သို့ ဒေါသအလုံးစုံ ပုံချလိုက်တော့သည်။

“မင်းမှာ အပြုအမူကောင်းလေး နည်းနည်းတောင်မရှိဘူးလား။ ကိုယ့်ရဲ့အကြီးအကဲကိုတောင် ပြန်ပြောရဲတယ်။ မင်းကို ဒီလိုရိုင်းစိုင်းအောင် ဘယ်သူသင်ပြခဲ့တာလဲ”

ယခုသူမသည် နောက်ထပ်ပြစ်မှုများ ထပ်တိုးခံရခြင်းဖြစ်သည်။ သူမသည် ခိုးယူခြင်းကို ၀န်မခံသည့်အပြင် အကြီးကိုလည်း မလေးစားသည့်သူ ဖြစ်သွားပေသည်။ ယွဲ့တာ့ဖူ အကွက်ရွှေ့သွားသည်မှာ လှ‌ပလွန်း၍ သူမပင် သတိမထားမိချေ။

ဦးလေးလင်းသည် ခြေသွက်ပေသည်ဟု ဆိုရမည်။ အိမ်ထဲရှိ ရန်ပွဲသည် တစ်ဖက်သတ်ဆန်နေချိန်၌ သူသည် လီကျန်းကိုခေါ်ကာ ယွဲ့မိသားစု၏အိမ်ရှေ့သို့ အချိန်ကိုက် ရောက်လာခဲ့သည်။

“ဦးလေးယွဲ့ လီကျန်းရောက်ပါပြီ။ တံခါးလာဖွင့်ဦးလေ” လီကျန်းရောက်သည်ကို ကြားသည်နှင့် ‌ရွာသားများသည် ရန်ပွဲကို ပို၍ပင် စိတ်၀င်စားလာကြတော့သည်။ ဒီပြဿနာက ဘယ်လိုပြီးမလဲ သိချင်လိုက်တာ။

အပြင်က အသံကိုကြားသည်နှင့် တံခါးအနီး၌ ရှိနေသော ယိုကျင့်သည် တံခါးမင်းတုန်းကို အမြန်ချကာ ဆွဲဖွင့်လိုက်ပြီး အပြင်ရှိရွာသားများနှင့် လီကျန်းကို အိမ်ထဲသို့ ၀င်စေလိုက်သည်။

လီကျန်းသည် ယွဲ့မိသားစု၀င်ဖြစ်ကာ ယွဲ့တျဲ့ဖူဟု ခေါ်လေသည်။ လမ်း၌ လူငယ်လေးပြောသည်များကို နားထောင်ရင်း ယွဲ့မိသားစု၏ အခြေအနေကို တီးမိခေါက်မိပေသည်။ အိမ်ထဲသို့ ၀င်ရောက်သည်နှင့် တစ်ဖက်၌ ဒုတိယမိသားစု၀င်များသည် ကြောက်ရွံ့တုန်ရီနေကြသည်ကို တွေ့လိုက်ရပြီး အခြားတစ်ဖက်၌ ယွဲ့တာ့ဖူတို့ ဇနီးမောင်နှံသည် သူတို့၏အာဏာပါပါ အကြည့်များဖြင့် ရပ်နေကြသည်။

ယွဲ့တျဲဖူသည်လည်း ယွဲ့မိသားစု၏ အခြေအနေကို သိပေသည်။ ဒုတိယမိသားစု၌ သားတစ်ယောက်မှ မရှိသည့်အတွက် သူတို့၌ မည်သည့်အရေးပေးမှုမှ မရှိပေ။ သူသည် ဝါညစ်ညစ်အသားအရေနှင့် ညစ်ပတ်နေသော ဒုတိယမိသားစု၀င် မိန်းကလေးခုနှစ်ဦးနှင့် သန့်ရှင်းသည့် အ၀တ်အစားများ ဆင်ယင်ထားသည့် ပထမမိသားစု၀င်များကို ကြည့်ရင်း သက်ပြင်းချမိလိုက်သည်။ တာ့ဖူတို့လင်မယားက တကယ်ကို ဘက်လိုက်တာပဲ။

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset