အခန်း ၁၅။ တပည့်အတွက် ဆရာသခင်တိုက်ခိုက်
အမြန်ဆုံးအရှိန်နဲ့ ပျံလာခဲ့လို့ ယန်းယွမ်တောင်ထိပ်ကို ကူယွဲ့ ခဏနဲ့ ရောက်လာခဲ့တယ်။ သူတောင်ပေါ်ရောက်လာမှ ရှီချိုးကို ဘယ်ဂူမှန်း မမေးမိတာ သတိရသွားတယ်။ ဒါကြောင့် တောင်ထိပ်တစ်ခုလုံးကို နတ်မျက်စိသုံးပြီး ကြည့်လိုက်တော့ တောင်ခြေက ခြံ၀န်းသေးသေးလေးထဲမှာ လူရိပ်တစ်ခုတွေ့လိုက်တယ်။
ခဏလောက် သူ့စိတ်ကို ငြိမ်အောင်ထားပြီး အဲဒီလူဆီကို တည့်တည့်ပဲ လျှောက်သွားလိုက်တယ်။ မကြားရတာကြာပြီဖြစ်တဲ့ သူ့နှလုံးခုန်သံကိုတောင် ပြန်ကြားနေရတယ်။ မကြားရတာ နှစ်သုံးရာတောင် ကြာခဲ့ပြီပဲ…နှစ်သုံးရာတောင်…။ သူအချိန်အကြာကြီး စောင့်နေခဲ့ရတဲ့သူက နောက်ဆုံးတော့ ပေါ်လာခဲ့ပြီ။
ခြံထဲကိုမ၀င်ခင် လက်ကိုကွေးလိုက်ပြီး ကူယွဲ့ ခံစားမှုမရှိတဲ့မျက်နှာထားကို ထိန်းထားဖို့ အသက်၀၀ရှူလိုက်တယ်။ ထျန်းလျန်လောကသုံးသွယ်မှာ အကြီးမြတ်ဆုံးသူရဲကောင်းဖြစ်တဲ့ ဓားသိုင်းကျင့်ကြံသူ ယိချင်းကို တွေ့ရတော့မယ်။ သူ ခေါင်းကိုမော့ပြီး ဓားစွမ်းအင်ချီတွေနောက် ခြေရာခံပြီး လိုက်ခဲ့တယ်။ ဒီအချိန်မှာ ယိချင်းဘယ်လိုပုံစံရှိပြီး ဘာလုပ်နေမယ်ဆိုတာ သူမသိဘူး။ ကြည့်ရတာ ဓားသိုင်းကျင့်ရင်ကျင့် မဟုတ်ရင် ဓားဆန္ဒကို နားလည်ဖို့ကြိုးစား…ဒါမှမဟုတ်ရင် ဟင်းချက်….။
ဟင်…..
လောကသုံးသွယ်ရဲ့ အကြီးမြတ်ဆုံးတိုက်ခိုက်ရေးသမား ဓား၀ိဇ္ဇာက ဟင်းချက်နေတယ်တဲ့လား။ နည်းနည်းတော့ နှိမ့်ချလွန်းရာ ရောက်မနေဘူးလား။
(╯‵□′)╯(┻━┻
ကူယွဲ့ လည်ချောင်းထဲ တစ်ခုခုက တစ်ဆို့လာသလိုပဲ။ ပြီးတော့ သူ့ပါးစပ်ထဲက သွေးတွေအတောင့်လိုက် ထွက်ကျလာတယ်။ သူ ကန်းနေပြီ…ဟုတ်တယ် သူကန်းနေပြီနေမှာ။
“ဟေး…ချင်း…နင်ပြီးပြီလား”
“ဆရာ…ခဏလေးပဲစောင့်။ ခဏနေရင် ကျက်ပြီ” ယိချင်းလက်ထဲက ယောက်မက လေအလျင်လိုပဲ ရွေ့လျားသွားတယ်။
“အသားထပ်ထည့်ဖို့ မမေ့နဲ့နော်”
“ဟုတ်ကဲ့ပါ ဆရာ မမေ့စေရပါဘူး”
ကူယွဲ့ : “…”
လက်မှိုင်ချစိတ်ပျက်သွားတဲ့အသံဖွဖွကို ဘေးမှာတစ်ယောက်သာရှိရင် ကြားနိုင်ကောင်းပါရဲ့။
သူ ခြံ၀င်းရှေ့မှာ တစ်ဆယ့်ငါးမိနစ်လောက် ရပ်ပြီးတဲ့နောက်မှာတော့ မီးဖိုချောင်ထဲကလူရိပ်က ဟင်းရွက်တွေ ကိုင်ပြီး အိမ်ထဲကို တက်တက်ကြွကြွနဲ့ ၀င်လာတယ်။ အခုမှ သူဒီကိုဘာလုပ်ဖို့လာလဲ မှတ်မိတော့တယ်။ တကယ်တမ်းကျ အခုချိန်မှာ ယိချင်းက ရွှေအမြုတေအဆင့် ကျင့်ကြံသူအဖြစ်ပဲ ရှိသေးပြီး ထျန်းလျန်လောကသုံးသွယ်ရဲ့ မသေမျိုးဓားပညာရှင်လည်း မဟုတ်သေးဘူး။ အဲ့ဒါကြောင့် ယိချင်းက သူ့စိတ်ကူးထဲက ပုံစံအတိုင်းဖြစ်မနေရင်တောင် ဒါက ဆီလျော်မှုရှိတယ်။ လုံး၀ဆီလျော်မှုရှိတယ်။
ဟနေတဲ့သူ့ပါးစပ်ကိုပဲ ပိတ်ပြီး အိမ်ထဲ၀င်သွားလိုက်တယ်။
“အခုရောက်လာတဲ့ဆရာသခင်က ဘယ်သူများလဲ သိပါရစေ”
အိမ်ထဲက လူက သူ့ကို လှည့်ကြည့်လာတယ်။
ကူယွဲ့အိမ်ထဲ၀င်မလာခင်ကတည်းက သူရောက်နေကြောင်းသိနေတဲ့ပုံပဲ။
ကူယွဲ့ နည်းနည်းစိတ်တည်ငြိမ်သွားသလို ခံစားလိုက်ရပြီး လေးစားတဲ့ အရိပ်အယောင်လေး သူ့မျက်လုံးထဲမှာ ဖြတ်ပြေးသွားတယ်။ ရွှေအမြုတေအဆင့်ပဲရှိသေးတဲ့ ယိချင်းလို ကျင့်ကြံသူက ကူယွဲ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို တစ်ချက်ကြည့်ရုံနဲ့ ခန့်မှန်းနိုင်တယ်ဆိုကတည်းက သူ့ရဲ့ချီစွမ်းအင် ဘယ်လောက်ကောင်းကြောင်း ညွှန်ပြနေတာပဲ။ ခုနက စိတ်ပျက်မှုတွေလည်း တစ်ခါတည်းနဲ့ ပျောက်သွားသလိုပဲ။
“ကူယွဲ့”
လက်ကိုနောက်ပစ်ပြီး အေးစက်စက်မျက်နှာထားနဲ့ တိုတိုတုတ်တုတ်ပဲ တုံ့ပြန်လိုက်တယ်။
“ဒါဆို လူကြီးမင်းက ဆရာသခင်ကူယွဲ့ပေါ့”
ယိချင်းရဲ့မျက်လုံးထဲမှာ အံ့သြတဲ့အရိပ်အယောင် ပေါ်လာပြီး အရိုအသေပေးဖို့ ချက်ချင်းထလိုက်တယ်။ ကျင့်ကြံသူလောကထဲက လူတိုင်းက ကူယွဲ့ရဲ့ နာမည်ကို သိကြတယ်။ သူက မသေမျိုး ကျင့်ကြံသူ့ ဆရာတစ်ဆူပဲ။ ပြောကြတာတော့ သူက နှစ်သုံးရာတည်းနဲ့ နတ်၀ိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကို ရောက်ခဲ့တာတဲ့။ မဟူရာကောင်းကင်ဂိုဏ်းရဲ့ နတ်၀ိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်မှာရှိတဲ့ သခင်သုံးပါးထဲက တစ်ပါးအပါအ၀င်လည်းဖြစ်တယ်။ သူ့ ကျင့်တခြားသခင်တွေလောက် အဆင့်မမြင့်ပေမဲ့ သူတို့တွေထဲမှာ သူတစ်ယောက်တည်း ဓားကျင့်ကြံသူပါတာ။ ဘယ်သူမှသူ့ကို တိုက်ပွဲမှာ အနိုင်မတိုက်နိုင်ဘူး။ ယိချင်းလို ဓားသိုင်းကျင့်ကြံသူအနေနဲ့ ဒီလူကို အာရုံစိုက်မိတာ ပုံမှန်ပဲ။
တခြားလူတွေကိုအံ့သြသွားကြသလိုပဲ ကူယွဲ့က အေးစက်စက်ပြောတယ်။
“မင်းက သူတို့ပြောတဲ့ ရွှေအမြုတေအဆင့် ဓားကျင့်ကြံသူမလား”
“ကျွန်တော်က ဓားကျင့်ကြံသူဆိုတာ အမှန်ပါပဲ”
တစ်ဖက်လူရဲ့ ရည်ရွယ်ချက်ကို မသိပေမဲ့ ဒီအတိုင်းပဲ ခေါင်းညိတ်ပြလိုက်တယ်။
ကူယွဲ့က သူ့ကိုတစ်ချက်လှမ်းကြည့်လိုက်တယ်။
“မင်းက မွေးရာပါ ဓားပါရမီရှင်ပဲ။ ဓားသိုင်းကျင့်ဖို့ မင်းခန္ဓာကိုယ်ထက်ပိုပြီးသင့်တော်တာမရှိဘူး”
ယိချင်းရဲ့ မျက်မှောင်ကျုံ့သွားတယ်။ အံ့သြသွားတာလည်းပါတယ်။ တစ်ယောက်ယောက်က သူ့ကိုတစ်ချက်ကြည့်ရုံနဲ့ မွေးရာပါဓားပါရမီရှင်လို့ပြောခံရတာ ဒါ ပထမဆုံးပဲ။
“မင်း စိတ်ပူဖို့မလိုပါဘူး”
ယိချင်းဘာတွေးနေလဲဆိုတာ ကူယွဲ့နေတဲ့အတိုင်း ပြောလိုက်တယ်။
“မွေးရာပါ ဓားပါရမီရှင်တွေရှားတယ်ဆိုတာ ပြောစရာကိုမလိုဘူး။ ဒါပေမဲ့ ငါ့အတွက်တော့ သူတို့က ဘာထူးခြားချက်မှ မရှိဘူး”
မွေးရာပါ ဓားပါရမီရှင်ဖြစ်တယ်ဆိုတာ ဓားသိုင်းကျင့်ဖို့ လုံး၀ပြီးပြည့်စုံတာကို ရည်ညွှန်းတာပဲ။ လူတိုင်း ဒါကို မနာလိုကြတယ်။ ယိချင်းရဲ့ပုံစံကိုကြည့်ပြီး သူဒီလိုတုံပြန်ခံရမယ်ဆိုတာ ခန့်မှန်းထားပြီးသားပါ။
“ဆရာသခင်က ဒီလိုဘာကြောင့်လာလဲဆိုတာ သိပါရစေ”
ကူယွဲ့က ပြန်မဖြေခင် ရှေ့ကိုခြေတစ်လှမ်းတိုးလိုက်တယ်။
“မင်းက မဟူရာကောင်းကင်ဂိုဏ်းထဲ ၀င်ပြီးပြီးဆိုတော့ မင်းမှာ မွေးရာပါ ဓားပါရမီရှိတဲ့အကြောင်းကို ငါဘယ်သူ့မှ မပြောပါဘူး။ ဓားသိုင်းကျင့်တယ်ဆိုတာ လွယ်တာမဟုတ်ဘူး။ ဒီနေ့ကစပြီး မင်းကို ငါ့ရဲ့ တပည့်ရင်းအဖြစ် ငါတို့ဂိုဏ်းကို လာနေစေချင်တယ်”
“မလိုပါဘူး…ရပါတယ်”
“မင်းငါ့ကို ကျေးဇူးတင်စရာမလိုပါဘူး။ ငါက ဒီအတိုင်း…ဟင် မင်းဘာပြောလိုက်တယ်”
ကူယွဲ့ရပ်သွားတယ်။ သူပြောမဲ့စကားတွေတောင်ပြန်မြျိုချလိုက်မိတယ်။ သူ နားကြားများမှားသလား နတ်၀ိညာဉ် ဖြစ်တည်တဲ့အဆင့်ကို ရောက်နေတဲ့သူက သူ့ကို တပည့်ခံခိုင်းနေတာလေ။ ဒါကိုတောင် ငြင်းတယ်တဲ့လား။ သူ့ရဲ့ သင်္ကေတဖြစ်တဲ့ ရုပ်တည်ကြီးတောင် ပျက်သွားတယ်။ သူချက်ချင်းပဲ မေးခွန်းထုတ်ပစ်လိုက်တယ်။
“ဘာလို့လဲ”
ယိချင်းဘာမှမဖြေရသေစခင်မှာပဲ မိန်းကလေးအသံတစ်သံက ကြားဖြတ်၀င်လာတယ်။
“ဘာလို့ဆို ….”
စကားသံရဲ့နောက်မှာ အစားအသောက်သံလည်းပါဘာသေးတယ်။
“….ငါကသူ့ဆရာလေ”
ကြည့်ရတာ တပည့်လုနေတာနဲ့တူတယ်။
“ဘာပြောတယ်”
အဲဒီနောက် အိမ်ထဲက သစ်သားခုံပေါ်မှာထိုင်နေတဲ့မိန်းကလေးတစ်ယောက်ကို သူမြင်လိုက်ရတယ်။ အ၀တ်အစားတွေကလည်းဖရိုဖရဲနဲ့ ခေါင်းကလည်းရှုပ်ပွပြီး တူနှစ်ချောင်းကိုလည်း ကျစ်နေအောင်ကိုင်ထားသေးတယ်။ ရုတ်တရက် အချိန်အတော်ကြာ မေ့နေတဲ့ အစားသောင်းကျန်းတဲ့သူ ဆိုတဲ့ စကားကိုသွားသတိရမိသေး။
ဒီမိန်းမက ဘယ်သူလဲ။
သူ ချက်ချင်းပဲ သူ့မှတ်ဉာဏ်ထဲက နာမည်တွေကို ရှာကြည့်လိုက်တယ်။ ဒါပေမဲ့ ကိုက်ညီတဲ့သူ ဘယ်သူမှ မတွေ့ဘူး။
ကူယွဲ့ဒီကိုပထမဆုံးရောက်လာတုန်းက ယိချင်း ယောက်မတစ်ချောင်းကိုင်ပြီး ဟင်းအိုးမွှေနေတာကို ကြည့်ရင်း တအားထိတ်လန့်နေလို့ သူတို့၂ယောက်ပြောတဲ့စကားတွေကို လွတ်သွားမိတယ်။ ဒီဘာချီစွမ်းအင်မှ မရှိတဲ့ မိန်းမက တကယ်ပဲ ယိချင်းရဲ့ဆရာဟုတ်ရဲ့လား။ ဓား၀ိဇ္ဇာမှာ ဆရာရှိတယ်ပေါ့။
ဒီအကြောင်းက ဇာတ်လမ်းထဲမှာ မပါဘူးလေ။
“သူက…”
“သူက ကျွန်တော့်ဆရာ ရှန်းရင်ပါ”
ယိချင်းက တရိုတသေပဲပြန်ဖြေလိုက်တယ်။ သူ့ဆရာကိုလည်း ထမင်းပန်းကန်ကမ်းပေးဖို့ မမေ့ခဲ့ဘူး။
ကူယွဲ့ရဲ့ နှုတ်ခမ်းတွေ တွန့်ချိုးသွားတယ်။
ယိချင်းမှာ ဆရာရှိပြီးသား ဖြစ်နေမှာနဲ့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ဒီလောက်ထိ ခိုင်မာနေလိမ့်မယ်လို့ သူမျှော်လင့်မထားခဲ့မိဘူး။ အရူးလိုမျိုး စားသောက်နေတဲ့ မိန်းကလေးကို သူခြေဆုံးခေါင်းဆုံး ကြည့်လိုက်တယ်။ ဒါပေမဲ့ သူမ ဘယ်လောက်အဆင့်ရှိလဲဆိုတာကို ခန့်မှန်းလို့မရဘူး။ သူ ငြိမ်ပြီးနေဖို့ပဲ ဆုံးဖြတ်လိုက်တယ်။
“ဒီက ညီမလေးကို လျစ်ချူရှုမိတဲ့အတွက် တောင်းပန်ပါတယ်။ ဒါပေမဲ့ မိန်းကလေးရဲ့ ကျင့်ကြံဆင့်ကို သိခွင့်ရှိမလား”
“ငါလည်းမသိဘူး”
ဒါနဲ့ သောက်ကျိုးနည်း ကျင့်ကြံခြင်းဆိုတာ ဘာကြီးလဲ။
သူမတကယ်ကို မသိတာ…ကြည့်ရတာ အရင်ကလည်း နတ်အဆင့်ကျင့်ကြံခြင်းတွေကို ကျင့်ကြံခဲ့တဲ့ပုံမပေါ်ဘူး။
“အဲဒါဆို မင်းက ဓားပညာမှာ တော်တာလား”
“မတော်ဘူး”
ရှန်းရင် အရိုးသားဆုံးပဲပြောလိုက်တယ်။
“လက်နက်သန့်စင်တာ”
“မဟုတ်သေးဘူး”
“မှော်ဆေးဖော်တာ”
“ကြားတောင်မကြားဖူးဘူး”
“သားရဲစီးတာကွာ အဲဒါဆို”
“ဟင့်အင်း”
“…”
ဒါတောင် တပည့် လက်ခံရဲတဲ့ သတ္တိရှိတယ်ပေါ့။
凸(艹皿艹)
တောင်တောင်အီအီ လျှောက်တွေးပြီးတဲ့နောက်မှာ ကူယွဲ့ရဲ့ အတွေးကလည်း ရှီချိုးနဲ့တူတူပဲ ဖြစ်သွားတယ်။ ဒီမိန်းကလေးက ယိချင်း မကျင့်ကြံခင်က သူ့ဆရာ ဖြစ်ရမယ်။ ဒါကြောင့် သေမျိုးဖြစ်နေတာနေမှာ။ ဒီလိုတွေးလိုက်တော့လည်းသူ စိတ်သက်သာသွားတယ်။
“မင်းက တကယ့်ကို စိတ်ကောင်းရှိပြီး ကိုယ့်ကျင့်တရားကောင်းတဲ့ လူငယ်လေးပဲ”
သူက ယိချင်းကို အသိအမှတ်ပြုတဲ့ပုံစံနဲ့ ခေါင်းညိတ်ပြတယ်။
“ဒီလိုဆိုတော့လည်း ငါက သူ့ကိုပါ ဂိုဏ်းထဲခေါ်လာပြီး စောင့်ရှောက်ခွင့်ပေးမယ်”
အဲဒီစကားရှိတယ်လေ။
‘တစ်ခါဆရာဖြစ်ပြီးတာနဲ့ နောက်လည်းအမြဲတမ်းဆရာဖြစ်နေမှာပဲ ဆိုတာ’ ယိချင်းရဲ့ သူ့ဆရာအပေါ်ထားတဲ့ ခံစားချက်ကို သူနားလည်ပါတယ်။
“ဆရာသခင် နားလည်မှုလွဲနေပြီတင်တယ်။ ကျွန်တော်တခြားဆရာတစ်ယောက်ရှာဖို့အစီအစဉ်ရှိပါဘူး”
“မင်း….”ကူယွဲ့နည်းနည်းစိတ်ဆိုးသွားပြီ။
တကယ်ဆို သူက နတ်ဝိညာဉ်ဖွဲ့တည်အဆင့်လေ။ သူ့ဖက်ကစပြီး တပည့်ခံဖို့ ကမ်းလှမ်းခဲ့တာတောင် ယိချင်းက ငြင်းပဲငြင်းနေတယ်။
ဒီကောင်က ဘယ်လိုပဲ အနာဂတ် ဓား၀ိဇ္ဇာဆိုပါစေဦး ဒီလောက်တော့ ဖင်မမြင့်သင့်ပါဘူး။
“တစ်ခုဆရာဖြစ်ဖူးရင် ထာ၀ရအတွက်ဆရာပဲ”ဆိုတဲ့စကားကလည်း မမှားပေမဲ့ သေမျိုးကနေ နတ်ဖြစ်ဖို့ ကျင့်ကြံနေတဲ့သူတွေအတွက် သက်ရောက်တာမှ မဟုတ်တာ။ မသေမျိုးဖြစ်ဖို့ဆိုရင် ရှေးထုံးတွေကို ဘေးဖယ်ထားရမယ်”
“ဆရာသခင် သွားလိုက်ပါတော့”
ယိချင်းက မျက်မှောင်ကြီးကျုံ့ပြီး သူမနှစ်မြို့ကြောင်းပြတယ်။
“ရွှေအမြုတေအဆင့်ပဲ ရှိသေးတယ်ဆိုတဲ့ ကျွန်တော် ယိချင်းက ဆရာ့ကိုသစ္စာဖောက်မဲ့အလုပ်မျိုး လုံး၀လုပ်မှာ မဟုတ်ဘူး။”
သူကပြောပြီးပြီးချင်းပဲ ရှန်းရင်ဖက်ကိုလှည့်လိုက်တယ်။
“ဆရာ…လုံး၀စိတ်မပူနဲ့နော်။ ကျွန်တော်က နောက်ဆုံးထွက်သက်အထိ ဆရာရဲ့တပည့်အဖြစ်နဲ့ပဲ နေမှာ”
သူ့ကတိတွေ အထပ်ထပ်ပေးနေတဲ့သူကတော့ ရေရွတ်ရုံပဲ ရေရွတ်တယ်။
“အို့ အို့ အို့…”
ပြီးတာနဲ့ သူ့မုန့်တွေ ဆက်၀ါးနေရော။
“မင်း ဘာလို့ အသိလေး တစ်စက်တောင် ၀င်မလာရတာလဲ ခေါင်းကြောမာတဲ့ကောင်ရဲ့”
ကူယွဲ့ကတော့ စိတ်တွေတအားတိုပြီး စွေ့စွေ့ခုန်နေပြီ။ မင်းကြိုက်တာသာလုပ်တော့လို့ပြောပြီး ပစ်ထားခဲ့ချင်စိတ်က တစ်ဖွားဖွား။ ဒါပေမဲ့ သူ့အနာဂတ်အတွက် ယိချင်းရဲ့ ခြေသလုံးကို ဖက်မှရမယ်။ ဒါကြောင့် သူ အသက်ကို၀၀ရှူလိုက်ပြီး ဆက်ပြောလိုက်တယ်။
“ငါပြောမယ် ညီနောင်…မင်းကောင်းဖို့အတွက် ပြောနေရတာပါကွာ။ ငါက ဂိုဏ်းတစ်ခုရဲ့ နတ်၀ိညာဉ်ဖွဲ့တည်အဆင့်ကျင့်ကြံသူ ဆိုတော့ ငါ့တပည့်ဖြစ်တဲ့မင်းမှာ အခွင့်အရေးတွေအများကြီးရှိမှာ။ မင်းလုပ်ချင်ရာ လုပ်လို့ရတယ်။ မင်းအခု ဓားဆန္ဒကို အောင်ခါနီးပြီမလား။ ငါမင်းကို ကူညီပေးနိုင်တယ်”
“မလိုပါဘူး။ ကျွန်တော့်ဆရာက တစ်သက်စာ ပညာရည်တွေ၀နေပြီးသားပါ”
ယိချင်းက လုံး၀ မပြောင်းလဲ။ ဂုဏ်ဆာနေတဲ့ မျက်နှာပေးနဲ့ကူယွဲ့ကိုပြန်ပြောတယ်။
“ကျွန်တော် တခြားဆရာတစ်ယောက်ရှာဖို့ မလိုဘူး”
“မင်း” ယိချင်းရဲ့ အပြင်းအထန်ငြင်းဆန်နေပုံကိုကြည့်ရင်း စိတ်ဓာတ်စစ်ဆင်ရေးလုပ်ဖို့ သူ ဆုံးဖြတ်ချက်ချလိုက်တယ်။
“အကယ်၍ မင်းအတွက် ဘယ်ဟာပိုကောင်းလဲဆိုတာ မင်းဆရာသာ သိမယ်ဆိုရင် ငါ့လက်အောက်ဆီ မင်းကိုပို့မှာပဲ။သူမက သေမျိုးသပ်သပ်ပဲ။ ကျင့်ကြံခြင်းလမ်းစဉဥတွေကို သောက်ကျိုးနည်း သူသိမလား။ အနာဂတ်မှာ မင်းသာ….”
“ဆရာသခင်ကူယွဲ့ စကားတွေကို သတိထားပေးပါ”
ယိချင်းက စားပွဲကို ဒေါသတကြီးထုလိုက်တယ်။ သူ့ကြည့်ရတာ ငြိမ်ခံမဲ့ပုံမပေါ်ဘူး။
“ကျွန်တော့်ဆရာက အကုန်သိတယ်။ ဘယ်သူမှ သူ့ကိုအကဲဖြတ်စရာမလိုဘူး”
ငါ့ကိုကြိုက်သလို ဝဝေဖန်လို့ရတယ်။ ဒါပေမဲ့ ငါ့ဆရာကိုတော့ ဘယ်သူမှ ဝေဖန်ထောက်ပြစရာအကြောင်းမရှိဘူး။
ကူယွဲ့မျက်လုံးတွေ ပြာသွားတယ်။ ယိချင်းရဲ့ ပြောင်းလဲသွားတဲ့ ပုံစံကိုခံစားမိတာနဲ့ ချက်ချင်းပဲ သူ့လေသံကို ပြောင်းလိုက်ရတော့တယ်။
“တောင်းပန်ပါတယ်။ စကားမှားသွားတယ်”
ရှန်းရင်ဖက်ကို သူလှည့်ကြည့်လိုက်တော့ အေးဆေးမုန့်းနေတာကိုတွေ့လေရဲ့။အကြံတစ်ခု သူ့ခေါင်းထဲလက်လာတယ်။ ဒီအခြေအနေမှာ ၀ှက်ဖဲတစ်ခုတော့သုံးရလိမ့်မယ်။
“ညီမလေး… ယိချင်းက တကယ့်ကိုရှားပါးတဲ့ စွမ်းရည်ပိုင်ရှင်ပါ။ သူသာ ကျုပ်ရဲ့ တပည့်အဖြစ် လက်ခံလိုက်ရင် သူ့အနာဂတ်က အဆုံးအစမဲ့ တိုးတက်သွားပြီ။သူဒီလောက်ခံငြင်းနေတာ မင်းကို သစ္စာရှိချင်လို့ဆိုတာ ငါသိပါတယ်။ ညီမလေးကပဲ သူ့ကို ကူပြောပေးပါဦး”
အနည်းဆုံးတော့ ရှန်းရင် စားလက်စကိုရပ်ပြီး သူ့ကိုမျက်တောင်ခတ်ပြီးကြည့်လာပြီလေ။
“စိတ်မပူပါနဲ့။ ငါက သူကောင်းဖို့အတွက်ပဲပြောတာပါ။ ကြိုက်သလိုသာ သံသယ၀င်ပါ” ကူယွဲ့က ချက်ချင်းစကားကို ဖြည့်ပြောလိုက်တယ်။
“ကောင်းပြီလေ”
ရှန်းရင်က သက်ပြင်းကိုချ တူကိုလက်မှာကိုင်ထားရင်း
“ငါ့မှာ မေးစရာတစ်ခုရှိတယ်”
“မေးပါ”
“နင် ၀ိညာဉ် ကူးပြောင်းအချိန်ခရီးသွားလာခဲ့တာ အချိန်ဘယ်လောက်ကြာပြီလဲ”
“သိပ်မကြာသေးပါဘူး။ နှစ်၃၀၀ပဲရှိပါသေးတယ်”
“… အို့.”
ခေတ္တမျှကြာသော်……
ကူယွဲ့: “အို့…နိုးးးးး”
Σ(°△°|||)
…