အခန်း ၁၄ ။ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်း ဆရာသခင်
“ရှန်း… ရှန်းရင်” ဘယ်သူ ဘယ်သူလဲ။ သူ တစ်ခါမှ မကြားဖူးဘူးလေ။ ဒါပေမဲ့ အဓိကအချက်က— ဘယ်ချိန်တည်းက ဒီလူ ဒီမှာ ရပ်နေခဲ့တာလဲ။ သူက နတ်ဝိညာဉ်တည် အဆင့် ကျင့်ကြံသူဖြစ်ပေမဲ့ သူမ တည်ရှိမှုကိုတော့ လုံးဝအာရုံမခံနိုင်ဘူး။ ရှီးချိုး သူ့ဂိုဏ်းသားတွေကို မေးခွန်းထုတ်တဲ့အကြည့် ဝေ့ဝဲကြည့်လိုက်တယ်။ ဒါပေမဲ့အားလုံးက ကိုယ်စီ အံ့ဩနေတဲ့ အမူအရာလေးတွေနဲ့။
သူ့နှလုံးသား ချက်ချင်း နစ်မြုပ်သွားပြီး သတိကြီး ထားတော့တယ်။ သူက မိန်းမပျိုကို လှမ်းကြည့်ပြီး သူ့ နတ်ဝိညာဉ်အမြင်စက္ခုအနည်းငယ်ကို ထုတ်လွှတ်လိုက်တယ်။ သူ့နတ်ဝိညာဉ်အမြင်စက္ခုက သူမဟာ ဘာဝိညာဉ်ချီမှပိုင်ဆိုင်မထားဘူးဆိုတာ ပြနေတယ်— သေမျိုးတစ်ယောက်ပဲပေါ့။
ရှီးချိုး စိတ်သက်သာရာရပြီး သက်ပြင်းချတော့တယ်။ သူ စောနက အံ့ဩတကြီးဖြစ်နေလို့ သူမကို သတိမထားမိတာနေမှာ။ ဒါပေမဲ့ ရွှေအမြုတေအဆင့် ဓားသိုင်းကျင့်ကြံသူဖြစ်တဲ့ ယိချင်းက ဒီလိုသေမျိုးမိန်းမတစ်ယောက်ကို သူ့ဆရာအဖြစ်တင်တာ သေချာပေါက် ထူးဆန်းတယ်။ ဓားသိုင်းကျင့်ကြံသူတစ်ယောက်ရဲ့ လမ်းဟာ ခက်ခဲကြမ်းတမ်းပေမဲ့ သူ့အမြုတေ ရင့်မှည့်ပြီဆိုတာနဲ့ အနာဂတ်ဟာ အတိုင်းအဆကင်းမဲ့လိမ့်မယ်။ ဘာကြောင့် ဒီလိုမျိုးဆရာရွေးရတာပါလိမ့်နော်။
“မိန်းကလေး… ရှန်း” ရှီးချိုးက သူမကို အပြုံးတစ်ပွင့်နဲ့ နှုတ်ဆက်လိုက်တယ်။ သူမက သေချာပေါက် သာမန်လူပဲ။ သူထပ်တလဲလဲ စဉ်းစားကြည့်တော့ ဒီကလေးမဟာ ယိချင်း ကျင့်ကြံမှုတွေ မစတင်ခင်တုန်းက လူ့လောကဆရာဖြစ်နိုင်တယ်လို့ မှန်းဆမိလိုက်တယ်။ သူ မသေမျိုးတောက်လမ်းပေါ် လျှောက်ပြီးတဲ့နောက်မှာတောင် သူ့ဆရာရဲ့ကြင်နာမှုကို မမေ့နိုင်သေးတာက သူ့အကျင့်စရိုက်ရဲ့ မြင့်မြတ်မှုကို သက်သေပြလိုက်တာပဲ။ ဒါက ရှီးချိုးကို ယိချင်းကိုခေါ်ယူဖို့ ပိုပြီးတောင် အကြံရသွားစေခဲ့တာပေါ့။
“မင်းမှာဆရာရှိနေပြီဆိုမှတော့ ကျုပ် မင်းကို နောက်တစ်ယောက်ရွေးဖို့ သေချာပေါက် တိုက်တွန်းမှာမဟုတ်ပါဘူး” သူပြုံးပြီး ဆက်နားချလိုက်တယ်။
“ဒါပေမဲ့ ကျုပ်ဂိုဏ်းမှာ ဧည့်သည်အကြီးတော် နေရာက အမြဲရှိနေတာ၊ ကျုပ်ရဲ့ တောက်မိတ်ဆွေလေးက ရွှေအမြုတေတောက်အရှင်ဖြစ်နေပြီဆိုတော့ ကျုပ်ဂိုဏ်းမှာ ဧည့်သည်အကြီးအကဲလုပ်ရင်ရော ဘယ်လိုပါလဲ”
ယိချင်း မရေရာစွာ မျက်မှောင်ကြုတ်လိုက်တယ်။
“ဧည့်သည်အကြီးတော်တွေက အမည်ခံ ဂိုဏ်းသားတွေဖြစ်ပေမဲ့ ကျုပ်တို့က ဘာကန့်သတ်မှုမှ မထုတ်ပြန်ထားပါဘူး၊ တောက်မိတ်ဆွေလေး အရင်အတိုင်း ခရီးသွားလာလို့ရပါသေးတယ်၊ ခရီးသွားနေတုန်း ကျုပ်ဂိုဏ်းရဲ့ အကူအညီကိုလည်း မျှော်လင့်လို့ရတာပေါ့၊ ဥပမာအနေနဲ့ဆို တံခွန်ကနေ ဝိညာဉ်တွေ လွှတ်ပေးတဲ့ကိစ္စမျိုးတွေမှာ ကျုပ်တို့ ကူညီပေးနိုင်တော့ မင်းသက်သာတာပေါ့လေ၊ ကျုပ်ဂိုဏ်းဆီ ပြန်သယ်သွားဖို့ တပည့်တွေကိုသာ ညွှန်ကြားလိုက်ရုံပါ”
တကယ်တော့ ဂိုဏ်းအဖွဲ့ဝင်ဖြစ်ရတာ သူ့အကျိုးကျေးဇူးတွေရှိတယ်။ ခုဆို လွေ့မိကိစ္စကိုပဲကြည့်လေ။ သူသာ ဂိုဏ်းတစ်ခုရဲ့ အထောက်အပံ့ရှိခဲ့ရင် ဝိညာဉ်စုပ်တံခွန်ကနေ သရဲဘုရင် မမွေးဖွားလာနိုင်ခင်မှာပဲ သူ ပြဿနာရှင်းပြီးလောက်ပြီ။
“ပြီးတော့ ကျုပ်ဂိုဏ်းက အမြဲဧည့်သည်အကြီးတော်တွေကို ထူးထူးခြားခြား ဆက်ဆံမှု အမြဲပေးပါတယ်” ရှီးချိုးက ဆက်ပြီးဖျောင်းဖျဖို့ကြိုးစားတော့တယ်။
“မင်း ကျုပ်တို့တောက်နန်းဆောင်သိုက်ထဲက လိုချင်တဲ့ ဘယ်ကျင့်ကြံစဉ်ကိုမဆို ရွေးလို့ရပါတယ်၊ သီးသန့်ဂူဗိမာန်လည်း ပေးဦးမှာဖြစ်ပြီး လစဉ် ဝိညာဉ်ပုလဲတွေနဲ့ ပြဒါးရှင်လုံးတွေလည်း ထောက်ပံ့မှာ၊ တကယ်လို့ တခြားတောင်းဆိုစရာများရှိရင် ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်နော်”
“စားစရာရော ထောက်ပံ့ပေးထားလား”
ယိချင်း ငြင်းတော့မဲ့ဆဲဆဲ ရှန်းရင်က ရုတ်တရက် မေးခွန်းထုတ်လာတယ်။
“ဘာကို” ရှီးချိုး တစ်ခဏတာ ကြောင်အမ်းသွားတယ်။ ဒါဘယ်လိုတောင်းဆိုမှုမျိုးလဲ။
ရှီးချိုးစကားကို စိတ်မယိုင်ခဲ့တဲ့ ယိချင်းတစ်ယောက် ဒီကိစ္စရောက်မှပဲ ရုတ်တရက် အတွေးပေါ်ခဲ့တော့တယ်။ သူ့မျက်နှာပေါ် နောင်တအမူအရာနဲ့။ သူ့ဆရာ မနက်စာမစားရသေးတာကို မေ့သွားခဲ့တာ။ ဒါက တပည့်တစ်ယောက်အနေနဲ့ သူ့ရဲ့လုပ်ရည်ကိုင်ရည်အပေါ် ဆိုးဆိုးရွားရွား ထင်ဟပ်သွားစေတာပဲ။
“ဂိုဏ်းခေါင်းဆောင်ရှီး၊ ခင်ဗျားတို့ ဂိုဏ်းက တပည့်တွေကို ဝိညာဉ်စွမ်းအင်ထမင်းနဲ့ အသီးအနှံလိုမျိုး စားစရာတွေ နေ့စဉ်ထောက်ပံ့ပေးပါသလား”
“ဟုတ်တယ်လေ၊ ငါတို့ ထောက်ပံ့ပါတယ်…” ဒါက အရမ်းကိုအရေးကြီးတဲ့ အခြေအနေမို့လို့လား။ အစားအသောက်ဆိုတာ အာဟာရသိဒ္ဓိပြီးတာကို မကျင့်ရသေးတဲ့ အပြင်ဂိုဏ်းသားတပည့်တွေပဲ လိုအပ်တာမဟုတ်ဘူးလားဟေ။
“ကြိုက်နှစ်သက်ရင် အပြင်အမှုဆောင်ခန်းမကနေ ယူလို့ရပါတယ်”
“ကောင်းပြီလေ၊ ကျွန်တော် ဝင်မယ်”
“ဟမ် ဟေ” မင်း ဒီလိုမျိုးပဲ သဘောတူလိုက်တယ်ပေါ့… စဉ်းစားဖို့တောင် မလိုတော့ဘူးလား။
∑(゚Д゚ノ)ノ
“ဂိုဏ်းခေါင်းဆောင်၊ မီးဖိုချောင်တစ်ခုနဲ့ နေရာတစ်နေရာ စီစဉ်ပေးဖို့ ကျွန်တော် ခင်ဗျားကို အလုပ်ရှုပ်စေရပါတော့မယ်”
ယိချင်း ကျေးဇူးတင်ကြောင်း ပြသတဲ့အနေနဲ့ လက်သီးဆုပ်လိုက်တယ်။
“ကောင်းပါပြီ…”
နားမလည်နိုင်ရှာတဲ့ ရှီးချိုးက တပည့်တစ်ယောက်ကို လမ်းပြပေးဖို့ လှမ်းခေါ်လိုက်တယ်။
ဒါပေမဲ့ ယိချင်းတို့အုပ်စုကတော့ တပည့်နဲ့အတူ ခန်းမဆောင်အပြင်ဆီ ပြေးထွက်သွားလေပြီ။ သူတို့ နည်းနည်းလှမ်းနေပြီဆိုပေမဲ့ သူတို့ စကားဝိုင်းရဲ့ လိုရင်းကိုတော့ ကြားနိုင်သေးတယ်။
“ငါအရမ်းဗိုက်ဆာနေပြီ”
“တောက်မိတ်ဆွေလေး၊ ကျေးဇူးပြုပြီး မြန်မြန် လမ်းပြပါဦး၊ ကျုပ်ဆရာ ဗိုက်ဆာနေပြီ”
“ဘယ်လောက်ကြာဦးမှာလဲဟေ”
“ဆရာ မစိုးရိမ်ပါနဲ့၊ ကျွန်တော်တို့ ရောက်ခါနီးပြီ”
“အိုး ဒီနေ့ စွပ်ပြုတ်လုပ်ပေးနော်၊ ငါဗိုက်ဆာနေတာကြာပြီဆိုတော့ ဗိုက်ကိုနွေးအောင်လုပ်ရမယ်”
“ဟုတ်ကဲ့ဆရာ ပြဿနာမရှိပါဘူး”
ရှီးချိုး: “…”
ရှီးချန်: “…”
ခန်းမဆောင်သခင်များ: “…”
သူတို့ ဒီအူကြောင်ကြောင်ဆရာတပည့်နဲ့ ဘာလုပ်ရပါ့မလဲ။
————————
အစီအရင်က ကျင်းချင်းခန်းမဆောင်တစ်လျှောက် ပြန့်သွားခဲ့တယ်။ ရွှေရောင် အစီအရင်အင်းကွက်အလယ်မှာတော့ အနက်ရောင်အလံက လေမတိုက်ဘဲ တလွင့်လွင့် ဝဲနေတယ်။ သရဲချီပမာဏများစွာက အလံထဲ တလိပ်လိပ်တက်နေလျက်။ အလယ်မှာ ကျိုးပဲ့နေတဲ့အစီအရင်ရှိပေမဲ့ သရဲချစ်တစ်စွန်းတစ်စတောင် အပြင်မှာမမြင်ရဘူး။
နတ်ဝိညာဉ်တည် အကြီးအကဲလေးယောက် ဘေးမှာဝင်ထိုင်ပြီး အလံကို အထိတ်တလန့် ကြည့်မိနေကြတယ်။
“ဘယ်လိုဖြစ်တာလဲ၊ ငါတို့ရဲ့မှော်အတတ်က ဘာလို့ လုံးဝ အသုံးမဝင်ဖြစ်နေရတာလဲ” ရှီးချန် မျက်မှောင်ကြုတ်ပြီး အလယ်က သရဲအလံကို ကြည့်လိုက်တယ်။
“ငါတို့ မကောင်းဆိုးဝါးဝိညာဉ်တွေကို လွှတ်မပေးရင် အထဲက သရဲချီကို သန့်စင်လို့ရမှာမဟုတ်ဘူး၊ အလံမျက်နှာပြင်ပေါ်က စည်းတံဆိပ်က ကျိုးပဲ့သွားပြီဆိုပေမဲ့ ဘာလို့ သရဲတစ်ကောင်ကောင် ထွက်လာဖို့ အရိပ်အယောင် မရှိရသေးတာလဲ”
“အလံက အမြဲကောက်ကျစ်တဲ့လွေ့မိ လုပ်ထားတာ သေချာပေါက်ပဲ၊ ငါတို့ မဖော်ထုတ်ရသေးတဲ့ အလံထဲ ဆန်းကြယ်မှုတစ်ခုခုရှိရမယ်”
ရှီးချိုးက လေးနက်နေတဲ့အမူအရာနဲ့ ပြန်ဖြေလိုက်တယ်။
“အခုဘာလုပ်ကြမလဲ၊ ဒီလိုသာဆက်ဖြစ်နေရင် သရဲချီက အားအင်ကြီးမားပြီး ကြီးထွားလာရုံပဲရှိမယ်”
ရှီးချိုး သူ့လက်တွေကို မာမာတောင့်တောင့် ကွေးလိုက်ပြီး ရှီးချန်ကို ကြည့်လိုက်တယ်။
“ဆရာဦးလေးကို လာခိုင်းတာပိုကောင်းမယ်ထင်တယ်၊ သူက အင်းကွက်အစီအရင်တွေမှာ အမြဲကျွမ်းကျင်သူလေ”
ရှီးချန်က ချက်ချင်း ဓမ္မအင်းစာရွက်ကို ထုတ်ပြီး လက်သိုင်းကွက်ဖန်တီးလိုက်တယ်။ မျက်စိတစ်မှိတ်အတွင်း ဓမ္မအင်းစာရွက်က အလင်းတန်းအဖြစ် ပြောင်းလဲပြီး အပြင်ဘက်ဆီ ပျံသန်းသွားခဲ့တယ်။ သိပ်မကြာခင်မှာပဲ ခန်းမဆောင်ထဲ အမျိုးသားတစ်ဦးအသံထွက်လာခဲ့တယ်။
“မင်းတို့ ငါ့ကိုအရေးတကြီး ဘာကြောင့်တွေ့ချင်နေတာလဲ”
သဏ္ဌာန်တစ်ခုက ရုတ်တရက် ခန်းမဆောင်ထဲ ပေါ်လာတယ်။ သူက အင်မတန်ငယ်ရွယ်တဲ့ပုံပေါ်ပြီး အင်္ကျီအပြာပေါ် ရှည်လျားတဲ့ ဝတ်ရုံဖြူ လွှမ်းခြုံထားကာ လက်ထဲ ကျောက်စိမ်းပုလွေ ကိုင်ထားတယ်။ ပခုံးထိ ဆံပင်ကရှည်လျားပြီး ချောမောတဲ့ မျက်နှာပြင်နဲ့ တစ်ကိုယ်လုံးဟာ ဝိညာဉ်သန့်စင်ချီ ထုတ်လွှတ်နေလေရဲ့။ သူက လူ့လောကီကိစ္စရေးရာတွေကို အာရုံမထားတဲ့ မသေမျိုးနဲ့တူပြီး နောက်တစ်စက္ကန့်အတွင်းမှာပဲ ကောင်းကင်ဆီ တက်လှမ်းတော့မယ်ဆိုတဲ့ အထင်ကိုပေးစွမ်းလေတယ်။
“ကျွန်တော်တို့ ဆရာဦးလေးကူယွဲ့ကို ဂါဝရပြုပါတယ်” လေးယောက်သား ထရပ်ကာ ဦးညွှတ်ကြတော့တယ်။
“အင်း” သူက ခေါင်းညိတ်ပြီး ဘယ်အရာကိုမှ ဂရုမထားတဲ့ အမူအရာမျိုး တပ်ဆင်ထားတုန်းပဲ။ ဟိုဟိုဒီဒီကြည့်ပြီး သူ့အကြည့်က အပေါ်က တံခွန်ဆီ အကြည့်ရောက်သွားတယ်။
“ဝိညာဉ်စုပ်တံခွန်ပဲ ဘယ်လိုလုပ် ဒီရောက်နေတာလဲ၊ အဲဒီ မကောင်းဆိုးဝါးကျင့်ကြံသူကိုရော ရှင်းပြီးပြီလား”
“ဆရာဦးလေးကို ရိုသေစွာပြောရရင်တော့ လွေ့မိဟာ တကယ်သေဆုံးသွားပြီဖြစ်ပေမဲ့ ကျွန်တော်တို့ သတ်ခဲ့တာမဟုတ်ပါဘူး”
ရှီးချိုးက အလေးပြုပြီး ရှင်းပြလိုက်တယ်။
“သူက တံခွန်ထဲက သရဲချီတွေကို သန့်စင်ခိုင်းဖို့ ဒီကိုယူလာခဲ့တဲ့ လေလွင့်ကျင့်ကြံသူတစ်ယောက်ပါ”
“အင်း” ကူယွဲ့ကတည်ငြိမ်စွာ တုံ့ပြန်ပြီး တစ်ချိန်တည်းမှာပဲ လက်သိုင်းကွက်တစ်ခု ဖန်တီးကာ တံခွန်ဆီ ဦးတည်လိုက်တယ်။ အလံဆီကနေ တုံ့ပြန်မှုမရှိသေးဘူး— တုန်ယင်မှုတောင် သိပ်မရှိဘူး။
“ဟမ်”
ကူယွဲ့ ကြောင်အမ်းသွားတယ်။ ဒီဝိညာဉ်စုပ်တံခွန်က နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကျင့်ကြံသူရဲ့ မှော်အတတ်ကိုတောင် တကယ် တောင့်ခံနိုင်တယ်ပေါ့။
“ဆရာဦးလေး၊ ကျွန်တော်တို့လေးယောက် စောနကတင်စမ်းကြည့်ပြီးပါပြီ၊ ကျွန်တော်တို့ ဘယ်လိုမန္တန်သုံးသုံး ဒီသရဲအလံက မတုံ့ပြန်သေးဘူး၊ ဘာကြောင့်များလဲမသိဘူး” ရှီးချိုးက အသေးစိတ်ရှင်းပြလိုက်တယ်။
“အလံပေါ်က စည်းချိပ်ပိတ်အင်းကွက်ကြောင့် ဖြစ်နိုင်တယ်”
ကူယွဲ့က မျက်မှောင်ကြုတ်ကာ အလံကို အသေးစိတ် စစ်ဆေးလိုက်တယ်။ တစ်အောင့်ကြာပြီးတဲ့နောက် သူမှတ်ချက်ပြုလိုက်တယ်။
“ဒီအစီအရင်ကို ဘယ်သူခင်းကျင်းခဲ့တာလဲမသိဘူး၊ ကျိုးပေါက်ပြီးတဲ့ပုံပေါ်ပေမဲ့ ဒီလိုကြီးမားတဲ့ အစွမ်းကို ပိုင်ဆိုင်ထားတာပဲ”
အတွေးတစ်ခုက ရှီးချိုးဆီ ပေါ်လာပြီး ချက်ချင်းပြောလိုက်တယ်။
“ဒါ ဓားတောက်ကြောင့်ဖြစ်တာနေမယ်”
“ဓားတောက်လား” ကူယွဲ့ လှည့်ပြီးမေးလိုက်တယ်။
“သူကရွှေရောင်အမြုတေတောက်အရှင်ပါ၊ လေလွင့်ကျင့်ကြံသူတွေကြား အတော်လေး နာမည်ကြီးပါတယ်” ရှီးချိုးက ရယ်မောရင်း ပြောလိုက်တယ်။
“သူက ကျွန်တော်တို့ဂိုဏ်းကို ဧည့်သည်အကြီးအကဲအဖြစ် ဝင်ရောက်ထားတာပါ၊ နာမည်က ယိချင်းတဲ့”
“ဘာ” ကူယွဲ့ အာမေဋိတ်သံပြုမိပြီး သူ့ရဲ့ နဂိုပုံစံတည်ငြိမ်တဲ့ဟန်ပန်အမူအရာကိုတောင် မထိန်းနိုင်တော့ဘူး။
“သူ့နာမည်က ဘာလို့မင်းပြောလိုက်တယ်”
ရှီးချိုးက ဇဝေဇဝါဖြစ်သွားခဲ့တယ်။ ဆရာဦးလေးက ဘာလို့ ဒီလောက်ထိတ်လန့်သွားရလဲ နားမလည်နိုင်ဘူး။ ဒါပေမဲ့ သူ ထပ်ပြီးတော့ ပြောလိုက်တယ်။
“ဓားသိုင်းကျင့်ကြံသူယိချင်းပါ”
“ယိချင်း၊ သူ့နာမည်က တကယ်ယိချင်းပေါ့၊ သူ အခုဘယ်မှာလဲ” စိတ်လှုပ်ရှားမှုက တလိပ်လိပ်မြင့်တက်လာပြီး ကူယွဲ့ ရှီးချိုးကို အလောတကြီးဖြေခိုင်းလိုက်တယ်။
ကြက်သေသေနေတဲ့ ရှီးချိုးက လက်ညှိုးထိုးပြလိုက်တယ်။
“ယင်ကွမ်း တောင်ထွတ်မှာ…”
သူ စကားပြောတာမဆုံးသေးခင် သူ့ရှေ့ကလူက လေအဟုန်လိုမျိုး ပျံထွက်သွားချေပြီ။
ကျန်နေတဲ့လေးယောက်ခမျာ အချင်းချင်း အံ့ဩတကြီး အချိန်ခဏတာ ကြည့်နေမိကြပြီးမှ နောက်ဆုံးတော့ လက်ထဲကကိစ္စဆီ ပြန်ရောက်လာခဲ့တယ်။
“ဆရာဦးလေး၊ ဝိညာဉ်စုပ် တံခွန်က…” အခု ဘာလုပ်ကြမလဲ။
…