အခန်း ၁၃ ။ ရှန်းမန်သို့ ခရီးဆက်
မဟူရာကောင်းကင်ဂိုဏ်း၊ ချင်းယွင်ဗိမ္ဗာန်။
“ပြန်ပြောစမ်း… အဲဒီလူက တောင်ပေါ်ကို ဘာကြီး ထမ်းလာတယ်. . .” ခန်းမဆောင်ထဲက သူ့ပလ္လင်အမြင့်ကြီးပေါ်မှာ ထိုင်နေတဲ့ မဟူရာကောင်းကင်ဂိုဏ်းချုပ်အရှင် ရှီးချိုးတစ်ယောက် ခန်းမ အလယ် ခုံအမြင့်မှာ မှီထိုင်နေရာကနေ အထိတ်ထိတ်အလန့်လန့် သွေးပျက်မိလို့ ဝုန်းကနဲ ငေါက်ကနဲ မတ်မတ် ထထိုင်လိုက်မိတော့တယ်။
“ဂိုဏ်းချုပ်ကို လျှောက်တင်ပါတယ်၊ အဲဒီလူ ပြောတာကတော့ ဝိညာဉ်စုပ် တံခွန်ပါတဲ့” ဂိုဏ်းသားက ပြန်ပြောလာတယ်။
“၀ိညာဉ်စုပ်တံခွန်တဲ့လား၊ စုပ်ယူနိုင်တဲ့ တံခွန်. . . ဧကန္တ အဲဒီလူက မိစ္ဆာလမ်းစဉ် ကျင့်ကြံသူ လွေ့မိများ ဖြစ်နေမလား”
ရှီးချိုးက မျက်နှာထားက ဒေါသတကြီးခက်ထန်နေပြီးတော့ ထိုင်နေရာက ဆင်းလျှောက်လာကာ ဆိုတယ်။
“တယ်ဖျင်ယားလှတဲ့ မိစ္ဆာကောင်… ဒင်းကများ ကျုပ်ရဲ့ မဟူရာကောင်းကင်ဂိုဏ်းနယ်နိမိတ်ထဲကို ကျူးကျော်လာရဲတယ်၊ သူ ဘယ်လောက်များ စွမ်းနေလို့လဲ ကြည့်ကြသေးတာပေါ့၊ ဂိုဏ်းသူ ဂိုဏ်းသား ညီနောင်အပေါင်းတို့ ကျုပ်နဲ့လိုက်ခဲ့… ဒီမိစ္ဆာကောင်ကို အတူတကွ ချေမှုန်းကြရအောင်” ပြောပြောဆိုဆို၊ သူဟာ ဂိုဏ်းထဲက ဝါရင့်သမာရင့် အကြီးတော်တွေကိုပါ ဦးဆောင်ခေါ်ပြီး တောင်ပေါ်ကနေ ဆင်းချသွားဖို့ လုပ်တော့တယ်။
“ဆရာတူ အစ်ကို… ခဏနေပါဦး” ဝိနယ ခန်းမသခင် ရှီးချန်က သူ့ကို အလျင်စလို ဝင်တားလာတယ်။
“ကျွန်တော့်အမြင်အရကတော့ ဒီလူဟာ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ မဖြစ်နိုင်ဘူး”
“ဘယ်လိုကြောင့်လဲ” ရှီးချိုးက တအံ့တသြ ပြန်မေးတော့တယ်။
“မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ လွေ့မိရဲ့ ကွန်းခိုပုန်းအောင်းရာ မိစ္ဆာသိုက်မြုံကြီး ရုတ်တရက် ပေါ်ထွက်လာတဲ့ အကြောင်း ဆရာတူအစ်ကို မကြားမိဘူးလား”
“ကြားမိတာပေါ့” ရှီးချိုးက ခေါင်းညိတ်ပြလိုက်တယ်။ “အဲ့ဒါက အခုကိစ္စနဲ့ ဘာပတ်သတ်နေလို့လဲ”
“လွန်ခဲ့တဲ့ရက်ပိုင်းလောက်က ကျွန်တော် အဲ့ဒီမိစ္ဆာသိုက်မြုံကို သွားကြည့်ခဲ့သေးတယ်” ရှီးချန်က ဆက်ရှင်းပြတယ်။
“အထဲမှာ မှီတင်းနေထိုင်ကြတဲ့ သားရဲမိစ္ဆာတွေအကုန် ရက်ရက်စက်စက် ချေမှုန်းခံလိုက်ရတာ၊ ဘယ်မိစ္ဆာရဲ့အငွေ့အသက်ကိုမှ မရတော့ဘူး၊ ဒါပေမဲ့ သက်ရှိ လူသားတွေအပေါ်ကို လေ့ကျင့်စရာ သားကောင်လို အသုံးချနေတဲ့ သူ့လက်အောက်ငယ်သားတွေအားလုံးလဲ အသတ်ခံထားရတယ်။ ဓားချက်တစ်ချက်တည်းနဲ့ တိတိပပ ခုတ်ပိုင်းထားခံရတာ၊ သူတို့ရိပ်မြုံထဲမှာ ဓားချီအစွမ်းရဲ့ အငွေ့အသက်တွေတောင်ကျန်နေသေးတယ်၊ တစ်ယောက်ယောက် အတင်းဝင်တိုက်ခိုက်သွားပုံပဲ”
“မင်း ဆိုလိုတာက…” ရှီးချိုး ကြောင်သွားတယ်။
“အဲဒီလူက ဓားသိုင်းကျင့်ကြံသူပေါ့”
ဒီလောကမှာ ဓားသိုင်းကျင့်ကြံသူပေါ်ပေါက်ဖို့ဆိုတာ ကြုံတောင့်ကြုံခဲပဲ။ ပြီးတော့ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူရဲ့ ဌာနေစခန်းကြီးတစ်ခုလုံးကို ဖျက်ဆီးသွားနိုင်ဖို့ဆိုရင် အဲ့ဒီလူက အနည်းဆုံး ရွှေအမြုတေအဆင့်ရှိကို ရှိရမယ်။
“ဟုတ်တယ်” ရှီးချန်က ခေါင်းပြန် ညိတ်ပြတယ်။ “ဒီလူက အခု မဟူရာကောင်းကင်ဂိုဏ်းကို ပေါ်ပေါ်ထင်ထင် လာရဲပုံရယ်၊ ဝိညာဉ်စုပ်တံခွန်ကိုပါ ယူလာပုံပါ ထောက်ရရင်… သူက မိစ္ဆာအဖွဲ့အစည်း အသိုက်ကြီးကို ဖျက်ဆီးခဲ့တဲ့ သူ ဖြစ်လောက်တယ်”
ရှီးချိုး မျက်လုံးတွေလဲ ချက်ချင်းကို အရောင်တောက်လာပြီး ဒေါသတွေလဲ လွင့်ပြယ်ကုန်တော့လေရဲ့။ သူ ဂိုဏ်းသားတပည့်ကို လှမ်းပြောလိုက်တော့တယ်။
“သွား သွား၊ ဟိုလူကို အမြန်သွားပင့်လာလိုက်တော့”
သူလဲပဲ သူ့နဂို အမြင့်ထက်က ခုံနေရာဆီမှာ သွားပြန်ထိုင်နေလိုက်တော့တယ်။ တစ်နာရီရဲ့ လေးပုံ တစ်ပုံလောက်နေတော့ ဝင်ပေါက်ကနေ အဖြူရောင်ဝတ်ရုံနဲ့ လူတစ်ယောက် ချဉ်းနင်း ဝင်ရောက်လာတာကို သူ တွေ့လိုက်ရတယ်။
အသက်က ၂၀ ကျော်ထက် မပိုသေးဘူး။ တစ်ကိုယ်လုံးကလဲ ဓား ချီစွမ်းအင်တွေ လွှမ်းခြုံနေတယ်။ အနီးက်သေချာ စူးစမ်းကြည့်မယ်ဆိုရင် သူဟာ ရွှေအမြုတေ အဆင့်တောင်ရောက်နေပြီမှန်း သိနိုင်လေတယ်။ ညာဘက်လက်မှာ အနက်ရောင် တံခွန်တစ်ခုကို ကိုင်ထားတယ်။ တံခွန်ထဲက လွင့်မြောနေတဲ့ ၀ိညာဉ် ချီဓာတ်တွေကိုပါ သေချာကြည့်ရင် မြင်နေနိုင်သေးတယ်။ ဒီတံခွန်က တကယ်ကို ဒဏ္ဍာရီလာ ပြောစမှတ်တွင်တဲ့ ဝိညာဉ်စုပ် တံခွန်ပါပဲ။
“ဓားသိုင်းကျင့်ကြံသူ ကျွန်တော်ယိချင်းက အကြီးအကဲတို့ကို ဂါ၀ရပြုပါတယ်” သူက လက်သီးကို ရှေ့မှာဆုပ်ပြီး ဂါ၀ရပြုလိုက်တယ်။
“ယိချင်းကိုး” ရှီးချိုးက အံ့သြတကြီး ထအော်လိုက်မိလေရဲ့။ “မင်းက တစ်ကိုယ်တော်ကျင့်ကြံသူ ယိချင်းဆိုတာလား”
“ဟုတ်ပါတယ်” လို့ ယိချင်းက ပြန်ဖြေတယ်။
ယိချင်းရဲ့ တုံ့ပြန်ပုံက သူ့ကို ပိုပြီးအံ့သြရစေတာ။ ခန်းမဆောင်သခင်တွေတောင် ခန်းမအလယ်မှာ ရှိနေတဲ့ ပုဂ္ဂိုလ်ကို ဝိုင်းကြည့်ကုန်ပြီ။ တစ်ကိုယ်တော် ကျင့်ကြံသူတွေနဲ့ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတွေကြားမှာ ယိချင်းဆိုတဲ့ နာမည်က ထင်ပေါ်ကျော်ကြားနေတာ မဆန်းတော့ပါဘူး။
ယိချင်း ဘယ်ကလာသလဲ ဘယ်သူမှ မသိကြဘူး။ ဘာလို့ဆို သူ လူသူတွေအကြား စပေါ်လာတဲ့ အချိန်မှာကို သူက ရွှေအမြုတေ ဓားအဆင့် ရောက်နေနှင့်ပြီ။ ကောလဟလတွေအရတော့ သူဟာ မကောင်းဆိုး၀ါးလမ်းစဉ်ကို ဆန့်ကျင်ပြီး တရားမျှတမှု အရင်းခံကို ရနိုင်ဖို့အတွက် တိုက်ခိုက်စွန့်စားရဲဝံ့တယ်လို့ ဆိုကြတယ်။ သူ့စနက်ကြောင့် သေကြေပျက်စီးကြရတဲ့ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေလဲ အများအပြားရှိလေတယ်။
လေလွင့်ကျင့်ကြံသူတွေဟာ အမြဲ အစုအဖွဲ့ အနှောင်အဖွဲ့ ကင်းတယ်၊ ပုံသေတသမတ်တည်း မရှိသလို၊ လူအမျိုးမျိုး စိတ်အထွေထွေတွေ ဖြစ်နေတတ်ကြတယ်။ အများစုက မိစ္ဆာလမ်းစဉ်ဘက်ကို ရောက်သွားတတ်ပြီး သတ်ဖြတ် ခိုးဝှက် ဓားပြတိုက်လာတတ်ကြလေတယ်။ ယိချင်းကတော့ လေလွင့်ကျင့်ကြံသူလောကမှာ လေကောင်းလေသန့်လေးလိုပဲ။ သံမဏိလို ခိုင်မြဲတဲ့ စိတ်ဓာတ်ခံယူချက်ရှိတယ်။ ယုတ်မာဆိုးသွမ်းတဲ့ ဘယ်သူမဆို သူ့လက်ထဲ ရောက်သွားပြီဆိုရင် ဇာတ်သိမ်းမကောင်းတော့ဘူး။ ဒါတွေတင်မကသေးဘူး၊ သူဟာ ရွယ်တူတန်းတူ ကျင့်ကြံသူတွေနဲ့ ယှဉ်ရင် အဆင့်ပိုမြင့်နေတဲ့ ဓားသိုင်းကျင့်ကြံသူတစ်ယောက်လဲ ဖြစ်နေသေးတယ်။ ရွှေအမြုတေအဆင့်အောက်က မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေ အားလုံးကို သူ ထောင်းပြီးသွားပြီဆိုပဲ။ သူ ဖြတ်သွားတဲ့ ဒေသတွေမှာဆို မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေ ငြိမ်ပြီး နေကြသတဲ့။ ထပြီး မအုံကြွရဲကြဘူး။
“တောက်မိတ်ဆွေလေး ယိ၊ မဟူရာကောင်းကင်ဂိုဏ်းကို ဘယ်လိုကြောင့် ရောက်လာတာပါလဲ” ရှီးချိုးက မေးလိုက်တယ်။
ယိချင်းက ညာလက်ထဲကိုင်ထားတဲ့ တံခွန်ကို ဘယ်လက်နဲ့ ချက်ချင်း ပြောင်းကိုင်လိုက်ပြီး ပြောလိုက်တယ်။
“ကျွန်တော် ဒီလို လာရခြင်းဟာ တံခွန်ကို ခင်ဗျားတို့ဆီ အပ်ဖို့ပါ၊ ဒီတံခွန်ထဲက တစ္ဆေချီတွေကို ဖယ်ရှားဖို့နဲ့ တံခွန်ထဲ ပိတ်မိနေပြီး အငြိုးကြီးသွားရတဲ့ ဝိညာဉ်တွေကို လွတ်စေဖို့ အကြီးအကဲတို့ရဲ့ ဂိုဏ်းက ၀ိညာဉ်သန့်စင်တဲ့ ချီကို အသုံးပြုပေးဖို့ တောင်းဆိုချင်လို့ပါ”
“ဒါက ၀ိညာဉ်စုပ်တံခွန်ပေါ့”
“ဟုတ်ပါတယ်”
“တောက်မိတ်ဆွေယိ… ဒီ ၀ိညာဉ်စုပ်တံခွန်က…”
“၀ိညာဉ်စုပ်တံခွန်က အသက်မ၀င်တော့ပါဘူး”
သိပ်ဟုတ်တာပေါ့၊ ရှီးချိုးကတော့ စိတ်လှုပ်ရှားနေမိတယ်။ ဒါပေမဲ့ သူ ဘာမှ ဆက်မပြောနိုင်သေးခင်မှာပဲ နံဘေးနားမှာ ရှိနေတဲ့ ခန်းဆောင်သခင်က အမြန်ဖြတ်မေးလိုက်တယ်။
“လွန်ခဲ့တဲ့တစ်လလောက်က ပုန်းလျှိုးသိုဝှက်ထားတဲ့ မိစ္ဆာတွေရဲ့ စခန်းဂူပေါ်လာတယ်၊ အဲ့ဒါ မင်း လုပ်တာလား”
“ဟုတ်ပါတယ်”
အံ့သြတကြီး အာမေဋိတ်သံတွေ သံပြိုင်ဆိုသလို အသီးသီ ညံလာတော့တယ်။ တကယ်ကြီး သူပေါ့။ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ လွေ့မိက သူတို့ မဟူရာကောင်းကင်ဂိုဏ်းရဲ့ ခေါင်းကိုက်စရာကြီး ဖြစ်နေခဲ့တာ။ သူက ဒုစရိုက်မှုတွေ အများကြီးကျူးလွန်နေတယ်ဆိုပေမဲ့ သူ့ရဲ့ နေရာဌာနေကိုတော့ လျို့ဝှက်ထားခဲ့တယ်။ သူ ပုန်းတဲ့နေရာ မိစ္ဆာ မဟာသိုက်မြုံကြီး တည်နေရာကို ဘယ်သူမှ မသိကြဘူး။ ပြီးတော့ သူက ရွှေအမြုတေအဆင့်ကို ရောက်နေပြီးတဲ့ အပြင် ဝိညာဉ်စုပ် တံခွန်ကိုလဲ ပိုင်ဆိုင်ထားတယ်။ နတ်၀ိညာဉ်တည် အဆင့် ပုဂ္ဂိုလ်တစ်ဦး လာကူတိုက်ရင်တောင် သူ့ကို အနိုင် မယူနိုင်လောက်ဘူး။ သူ ပုန်းခိုနေရာကို မဟူရာကောင်းကင်ဂိုဏ်းက အကြိမ်ပေါင်းများစွာ ရှာဖွေ တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပေမဲ့ သဲလွန်စ အစအနလေးတောင် မရခဲ့တာ။ ဒါပေမဲ့ ယိချင်းကတော့ ဒီပြဿနာကို ဖြေရှင်းပေးနိုင်ခဲ့တယ်။ သူ့ထက် ကျင့်ကြံခြင်းအရာမှာ အဆင့်ပိုမြင့်နေတဲ့ ၀ိညာဉ်စုပ်တံခွန်ကိုတောင် အနိုင်ယူခဲ့သေး။ သူဟာ လူတွေ အထင်ကြီး လေးစားကြတဲ့ ဓားသိုင်းကျင့်ကြံသူ စံနှုန်းကို ပြည့်မီနေအောင် တကယ်ကြီး ထူးချွန်နေတာပဲ။
“ဟားဟားဟား မင်းဟာ တကယ်ကို ထူးချွန်တဲ့ လူငယ်ပဲ” ရှီးချိုး ဟက်ဟက်ပက်ပက် အော်ဟစ်ရယ်မောလိုက်ပြီး ခန်းဆောင်သခင်တွေနဲ့ အကြည့်ချင်း ဖလှယ်လိုက်တယ်။ အားလုံးကလဲ သူနဲ့ အတွေးတူတယ်။ ဒီလို ပါရမီရှင်တစ်ယောက်ကို ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ဆီ ခေါ်ထားရမှာပေါ့။
“ကျုပ်တို့ဂိုဏ်းကို အနှောင့်အယှက်ပေးနေတဲ့ လွေ့မိကို ရှင်းပေးလို့ တောက်မိတ်ဆွေလေးယိကို ကျေးဇူးတင်ပါတယ်” ရှီးချိုးက တောက်ပစွာ ပြုံးရင်း ယိချင်း ပခုံးကို သဘောတကျ ပုတ်နေတော့တယ်။
“ကျွန်တော်တစ်ယောက်တည်း အင်အားနဲ့ မိစ္ဆာကောင်ကို နှိမ်နင်းခဲ့တာတော့ မဟုတ်ပါဘူး” ယိချင်းက ရိုးရိုးသားသား ပြန်ဖြေလေတယ်။
“ကိုယ့်ကိုယ်ကိုယ် နှိမ့်ချဖို့မလိုပါဘူး၊ အရင်ကတည်းက သူ့ကို ဂိုဏ်းတိုင်းက လိုက်လံနှိမ်နင်းနေကြတာ” ရှီးချိုးက ပျော်လို့ ပြုံးလို့ မဆုံး၊ ယိချင်းလက်ထဲက တံခွန်ကို လက်ညိုးထိုးပြပြီးလဲ ပြောလာတယ်။ “အခုတော့ သူက ကျုပ်တို့ဂိုဏ်းရဲ့ စီရင်မှုအောက်မှာရှိနေပြီဆိုတော့ ၀ိညာဉ်စုပ်တံခွန်ထဲက ၀ိညာဉ်တွေကို လွှတ်ပေးဖို့က ကျုပ်တို့တာ၀န်ပါပဲ”
“ကူညီတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်၊ ဂိုဏ်းချုပ် ချိုး” ယိချင်းက လက်ထဲက တံခွန်ကို သူ့ဆီ တိုက်ရိုက်ကမ်းပေးလိုက်တယ်။ “ဒီကိစ္စ ဖြေရှင်းပြီးပြီဆိုတော့ ယိချင်းသွားလိုက်ပါဦးမယ်” ဒါပေမဲ့ သူ လှည့်ထွက်သွားတော့မဲ့ အချိန်မှာပဲ ရှီးချိုးက ရှေ့က ဝင်တားလိုက်တော့တယ်။
“တောက်မိတ်ဆွေလေးယိ… ခဏနေပါဦး” ရှီးချိုးက တံခွန်ပေါ်မှာ စည်းချ အင်းတချို့ကို မြန်မြန်ဆန်ဆန်ချလိုက်ပြီး ယူသွားခိုင်းလိုက်တယ်။
“တောက်မိတ်ဆွေလေးက ပင်ကိုယ် ထူးချွန်ပြီး ခန္ဓာကိုယ်မှာ ဓားချီအစွမ်းတွေနဲ့ ပြည့်နှက်နေတာပဲ၊ ကျုပ် ကြည့်ရသလောက် ဓားဆန္ဒ စုစည်း ဖွဲ့တည်နိုင်ဖို့ အချိန်အတိုင်းအတာ တစ်ခုပဲ လိုလောက်ပြီ၊ ဒါပေမဲ့ ဓားဆန္ဒကို နားလည်နိုင်ဖို့ဆိုတာက အန္တရာယ်များလွန်းတယ်၊ ဓားဆန္ဒ ဖြစ်တည်နေစဉ်အချိန်အတွင်းမှာလဲ အနှောင့်ယှက်ခံလို့ မဖြစ်ဘူး၊ တစ်ယောက်တည်း ရင်ဆိုင်ရမယ်ဆိုရင် သေချာပေါက်ခက်ခဲတော့မှာပဲ… ကျုပ်တို့ရဲ့ ဂိုဏ်းထဲဝင်ပြီး အကာအကွယ် အစောင့်အရှောက် ခံယူဖို့ ဆန္ဒရှိပါသလား”
“ဒီလိုကမ်းလှမ်းပေးတဲ့ စေတနာအတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်” ယိချင်းက ခေါင်းခါလိုက်ပြီး ဆက်ပြောလေတယ်။
“ဒါပေမဲ့ ဂိုဏ်းချုပ်တို့ ဂိုဏ်းထဲ၀င်ဖို့ ကျွန်တော့မှာ ရည်ရွယ်ချက်မရှိပါဘူး”
“တောက်မိတ်ဆွေလေးယိ၊ ဒီလို ချက်ချင်းကြီး မငြင်းလိုက်ပါနဲ့ဦး” ရှီးချိုးက သူ့ကို ဆက်ပြီး စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားလေတယ်။
“ကျုပ်တို့ မဟူရာကောင်းကင်ဂိုဏ်းက သိပ်ပြီး မကျော်ကြားဘူးဆိုပေမဲ့ ဂိုဏ်းသုံးဂိုဏ်းကျောင်းလေးကျောင်းရဲ့ ဦးသျှောင်ဖြစ်တယ်၊ ဂိုဏ်းသုံးဂိုဏ်းကျောင်းလေးကျောင်းတွေအနက်မှာ ဓားသိုင်းနဲ့ပတ်သတ်ရင် ကျုပ်ဂိုဏ်းက ပညာအကြွယ်၀ဆုံးပဲ၊ ကျုပ်တို့ဂိုဏ်းရဲ့ အကြီးအကဲဆရာသခင်ကြီးဆိုရင် နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ရှိတဲ့ ဓားသိုင်းကျင့်ကြံသူပဲ… နှစ်ပေါင်းများစွာ ကြာသည့်တိုင် သူ့မှာ ပညာအမွေဆက်ခံမဲ့ တပည့်ကို စောင့်နေခဲ့တာ၊ မင်းသာ ဒီမှာနေရင် မင်းအရည်အချင်းနဲ့သာဆို သူ မင်းကိုရွေးမှာသေချာပေါက်ပဲ” နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူရဲ့ လက်အောက်မှာ ဆည်းပူးလေ့ကျင့်နိုင်ဖို့ဆိုတာ သိပ်ကို ဂုဏ်ယူဖွယ်ကောင်းတဲ့အရာပဲ။ ဘယ်လို ကျင့်ကြံသူမှ ဒီကမ်းလှမ်းချက်ကို မငြင်းပယ်နိုင်ဘူး။
ဒါပေမဲ့ ယိချင်းကတော့ မျက်မှောင်ကြီးပဲ ကြုတ်သွားလေတယ်။ “တောင်းပန်ပါတယ်၊ ကျွန်တော့်မှာ ဆရာရှိပြီးသားမို့ပါ”
“ဘယ်လို… မင်းက လေလွင့်ကျင့်ကြံသူမဟုတ်ဘူးလား” ရှီးချိုး အံ့သြတကြီး ပြောထွက်မိသွားတယ်။
“မင်းရဲ့ဆရာက ဘယ်သူလဲ”
“ငါပဲ” သူ့စကား ဆုံးပြီးပြီးချင်းမှာပဲ လက်သီးဆုပ်လေးတစ်ခုက သူ့မျက်လုံးရှေ့ပေါ်လာပြီး ခဏအကြာမှာပဲ မျက်နှာတစ်ခုက သူ့ရှေ့တည့်တည့်ကို ပေါ်လာတော့တယ်။
“ဒီမယ်… ငါ ပြောဦးမယ်၊ ဟိုအစ်ကိုကြီး… နင်က ငါ့မျက်စိရှေ့မှာတင် ငါ့လူကို ဆွယ်တရားဟောနေတာ လွန်လွန်းတယ် မထင်ဘူးလား”
ရှီးချိုး လန့်ပြီး နောက်ဆုတ်သွားမိတော့တယ်။
“မင်း… မင်းက ဘယ်သူလဲ… ဘယ်ကရောက်လာတာလဲ”
“ငါ တစ်ချိန်လုံး ဒီမှာပဲရှိနေတာလေ” လုပ်စမ်းပါ၊ သူမ စားဖိုမှူးတပည့်နဲ့အတူတူ ၀င်လာတာ အသိသာကြီး ပြူးပြဲနေတာကို။
ယိချင်းက အလိုအလျောက် သူမ နောက်ခြေတစ်လှမ်းအကွာမှာ ဝင်ရပ်နေလိုက်တယ်။ ပြီးတော့ ကျောကို မတ်မတ်ထား၊ ရင်ကို ကော့လိုက်ပြီး သေချာ အသံထွက်ပြီးပြောပြကြေညာလေရဲ့။
“ငါ့ဆရာ… ရှန်းရင်ပဲ”
…