ERSY အခန်း ၁၂

အခန်း ၁၂ ။ တစ္ဆေဘုရင်ကို ယဉ်ပါးစေ

ကောင်းကင်ယံထက် အမြင့်တစ်နေရာမှာ ဖြစ်သတဲ့။ သွေးနီရောင်ရင့်ရင့် အလံတစ်ခု လေအလာမှာ တဖျတ်ဖျတ်လူးနေတယ်။ တစ္ဆေချီစွမ်းအား အများအပြားကိုလည်း ထုတ်လွှတ်နေလေတယ်။ တစ္ဆေ မိစ္ဆာတူရိယာတွေက ထွက်ပေါ်လာတဲ့ သံစဉ်တွေအလား ခြောက်ခြားစရာ အသံရှည်ကြီးတွေလည်း သူတို့ဆီကို အူမြည်ကာ တိုးဝင်လာတယ်။ ရုတ်တရက်ဆိုသလို၊ အဲဒီအလံဆီကနေ တစ်စုံတစ်ရာ ခုန်ထွက်လာပြန်တယ်။ ခုနက ညအမှောင်ကို အလင်းရောင်ပေးနေခဲ့တဲ့ လမင်းကြီးလည်း အခုတော့ တိမ်မည်းတွေနောက်မှာ ဖုံးကွယ်ထားခံလိုက်ရရှာပြီ။ အရပ်မျက်နှာ အဘက်ဘက်ကနေ ယင်ဓာတ် လေထုတွေ တိုးဝှေ့နေတော့တယ်။

တစ္ဆေချီ အထုအထည်တွင်းကနေ ဖောက်ထွင်းမြင်နိုင်ဖို့ဆိုတာ ခဲယဉ်းတယ်။ ခပ်လှမ်းလှမ်းမှာတော့ အကျည်းတန် ကြောက်မက်ဖွယ်ကောင်းလှတဲ့ မည်းမှောင်မှောင် သဏ္ဌာန်တစ်ခု ရှိနေလေတယ်။ သူ့ရုပ်သွင်ကို အသေအချာတော့ သဲသဲကွဲကွဲ မမြင်ရဘူး။ ဒါပေမဲ့ ထိကိုင်လို့ရမတတ်ကို တစ္ဆေချီစွမ်းအားတွေ သိပ်သည်းနေမှန်းတော့ သူတို့ အာရုံခံမိတယ်။

ဒီလိုတွေ မြင်ရတော့ ယိချင်း တစ်ကိုယ်လုံး တောင့်တင်းသွားမိတာပေါ့။ ဝိညာဉ်စုပ်တံခွန်ကနေ တစ္ဆေဘုရင်တစ်ပါး မွေးဖွားဖြစ်တည်လာမယ်ဆိုတာ ယိချင်း သိပြီးသား။ ဒါကြောင့်မို့လည်း သူ ဒီတံခွန်ကို မဟူရာကောင်းကင်တော်ဂိုဏ်းဆီ အမြန်ဆုံး ပို့ပစ်လိုက်ချင်နေတာ။ ဒါပေမဲ့ ဒီတစ္ဆေဘုရင်က ဒီအချိန် ဒီနေရာမှာမှ ပေါက်ဖွားလာမယ်လို့တော့ သူ မထင်ခဲ့မိဘူး။ အခု မိစ္ဆာကျင့်ကြံသူရဲ့ ယင်ချီတွေကြောင့်မို့ တစ္ဆေဘုရင် ပေါက်ဖွား ကြီးထွားလာနိုင်တာ ဖြစ်ရမယ်။

တံခွန်ကို ပျိုးထောင်လာတဲ့သူပဲ ဒီတစ္ဆေဘုရင်ကို ထိန်းချုပ်နိုင်မယ်။ ဒါပေမဲ့ တံခွန်အရှင် မိစ္ဆာနည်းကျင့်ကြံသူက မိမိကိုယ်ကို ဖောက်ခွဲပြီး သေသွားခဲ့ပြီ။ ဒီတော့ ဒီတစ္ဆေဘုရင်ကို ထိန်းချုပ်မဲ့ အရှင်သခင်မရှိတော့ဘူး။ သူ့ဖြစ်တည်မှုရဲ့ ရည်ရွယ်ချက် လားရာဟာ သတ်ဖို့နဲ့ ရက်စက်ကြမ်းကြုတ်ဖို့ပဲ ရှိတာ။

“တစ္ဆေဘုရင် ဖြစ်တည်လာပြီ၊ ဒီနေရာကနေ ချက်ချင်း ပြေးကြတော့…” ယိချင်း သတိပေးလိုက်တယ်။ နတ်ဝိညာဉ်တည်အဆင့် ကျင့်ကြံသူတောင်မှ တစ္ဆေဘုရင်ကို ချေမှုန်းနိုင်ဖို့ မဖြစ်နိုင်တာ၊ သူတို့ဆို ဘာလုပ်နိုင်မှာလဲ။

ဒါပေမဲ့ အခုက သိပ်နောက်ကျသွားပြီ။ အရိပ်သဏ္ဌာန်ဟာ အလုံးအထည်အဖြစ် ဖွဲ့တည်လို့ ပြီးသွားခဲ့ပြီ။ ပြီးတာနဲ့ တစ္ဆေအော်သံကြီးဟာ စူးစူးဝါးဝါး အသံနက်ကြီးနဲ့ ထိုးခွင်းလို့ ထွက်လာတော့တယ်။ အဖိုလား၊ အမလားတော့ မသဲကွဲ။ အသံတစ်သံပဲ ထွက်လာတာဆိုပေမဲ့ မြောက်မြားစွာသော သရဲတစ္ဆေတွေ သံပြိုင်ဟစ်လိုက်သလား ထင်မှတ်ရစေတယ်။ သူတို့ ခေါင်းကျိန်းလိုက်တာ၊ ဦးနှောက်များ ပွင့်ထွက်မတတ်ပဲ။ ယင်ဓာတ်ပြည့်နှက်နေတဲ့ လေတွေဟာလည်း ထန်ကထန်နဲ့။ မြေပြင်တောင် တုန်ဟည်းတယ်။

ယိချင်းတစ်ယောက် သွေးပွက်ပွက်ဆူလာသလို၊ ချီစွမ်းအားတွေလည်း မငြိမ်မသက်ဖြစ်လာရတယ်။ ခြေလှမ်းတွေ ယိုင်နဲ့လို့ သွေးပါ အန်တယ်။ သူ့ကိုယ်တွင်းက ရွှေအမြုတေပါ ပေါက်ကွဲတော့မဲ့အတိုင်းပဲ။ အခြားတစ်ဖက်မှာတော့ လုမျိုးနွယ် ကျင့်ကြံသူ လဲကျနေပြီး မြေပေါ်မှာ ပြားပြားဝပ်လို့။

ယိချင်း အတွင်းချီစွမ်းအားတွေ စုထုတ်ကာ အကာအကွယ် တံတိုင်းကာ အလွှာယံတစ်ခု ဖန်တီးဖို့ ကြိုးစားနေလိုက်တယ်။ အကာအကွယ်လွှာ ဖန်တီးလို့ ပြီးတယ်ဆိုရင်ပဲ နောက်ထပ် တစ္ဆေမြည်ဟီးသံကြီးတစ်သံ ထွက်လာပြန်လို့၊ ယိချင်း ဒူးထောက်ကျကာ သွေးအန်ရပြန်တယ်။ တံတိုင်းလွှာလည်း ချက်ချင်းကို ကွဲအက်ကြေမွသွားတော့တယ်။ သူ့တစ်ကိုယ်လုံး လေးလံလာရပြီ။ တစ္ဆေဘုရင်ရဲ့ အတွင်းအားဒဏ်ကို အံမတုနိုင်တော့လို့ ယိချင်းမှာ ဒူးထောက်လျက်သား ဆက်ပြီး နေရတော့တယ်။

သူ ဘာလုပ်လို့ရဦးမှာလဲ။ နတ်ဝိညာဥ်ဖြစ်ပေါ်ခြင်းအဆင့်အောက်ဆိုရင်တော့ တစ္ဆေဘုရင်ကို ဘယ်ယှဉ်နိုင်ပါမလဲ။ သူ စိုးရိမ်တာ၊ တစ္ဆေဘုရင် နောက်ထပ်တိုက်ခိုက်လာမှာကို…။

တစ္ဆေဘုရင်က ပါးစပ်ဟပြီး နောက်ထပ်အော်မြည်ဟိန်းတော့မလို့။ ယိချင်း အံကို ကြိတ်ကာ ဓားကို မြဲမြဲဆုပ်ကိုင်ထားမိတော့တယ်။ အခုချိန်မှာ လုပ်နိုင်တာဆိုလို့ သေတဲ့အထိတိုင် ရွတ်ရွတ်ချွံချွံ ဆက်တိုက်ဖို့ပဲ မဟုတ်ပါလား။

ရုတ်တရက်…

“ဘာ အသံတွေတုံး…”

အဲဒါ မိန်းကလေးတစ်ယောက် အသံပဲ။ အသံမှာ ရောစွက်နေတဲ့ ဒေါသက သည်းထန်နေလို့ အော်ကာနီး တစ္ဆေဘုရင်တောင် သူ့အသံကို ပြန်မျိုချမိလိုက်ပုံပဲ။

ချက်ချင်းဆိုသလို တိတ်ဆိတ်မှု ကြီးစိုးသွားခဲ့တယ်။

‘ဒီအသံ… ဆရာသခင်ပဲ…’

(⊙_⊙)

ခုနက ခေါင်းငိုက်စိုက်နဲ့ ဟောက်လို့ကောင်းနေခဲ့သူဟာ အခုတော့ သူမရှေ့က တစ္ဆေကြီးကို ဒေါသတကြီး မော့ကြည့်နေခဲ့ပြီ။ “ပါးစပ် ပိတ်ပြီး နေ…” သူမ အော်ငေါက်လိုက်တယ်။

တစ္ဆေဘုရင်လည်း ရပ်သွားတာပေါ့။ ပြီးတော့မှ စိတ်ဆိုးသွားတဲ့အတိုင်းပဲ၊ ပြန်အော်တော့တယ်။ အရိပ်စုတွေထဲကနေ အနက်ရောက် လက်သည်းသဏ္ဌာန်လေးချောင်း ပေါ်ထွက်လာတယ်။ ပြီးတော့ သူ့ရှေ့မှာ မားမား ရပ်နေသူဆီ တဟုန်ထိုး ပြေးဝင်သွားတော့လေရဲ့။

ယိချင်းလည်း စိုးထိတ်တလန့်လန့်နဲ့ အသည်းအသန် ထရပ်ဖို့ ကြိုးစားတာပဲ။ ဒါပေမဲ့ အချည်းနှီးသာ ဖြစ်ခဲ့ရတယ်။ “ဆရာ… သတိထား- ထား…”

ဒါပေမဲ့ သူ သတိပေးလို့ မဆုံးနိုင်သေးခင်မှာပဲ ရှန်းရင် လက်ကို ကြွကာ တစ်စုံတစ်ရာကို ဖမ်းဆုပ်လိုက်တာ တွေ့လိုက်ရတယ်။ ခက်ထန်လှတဲ့ ဟို တစ္ဆေလက်သည်းကြီးတွေလည်း သူမရဲ့ ရင်ဘတ်ရှေ့မှာ ရုတ်ခြည်း ရပ်တန့်သွားခဲ့တယ်။

“မိ… မိသွားတယ်လား”

(⊙ o ⊙)

တစ္ဆေဘုရင်လည်း မြည်ဟိန်းပြန်ရော။ သူ့လက်သည်းတွေကို ပြန်ဆွဲယူနေပုံပဲ။ သူ့တစ်ကိုယ်လုံး တုန်ခါနေပုံထောက်ရင်။ ဒါပေမဲ့ အဲ့သလောက်အကြာကြီး ခက်ခက်ခဲခဲ ကြိုးပမ်းနေရက်နဲ့ လက်သည်းတွေကို တစ်လက်မစာလေးလောက်တောင် ပြန်ဆွဲနုတ်ယူလို့ မရခဲ့ဘူး။

ရှန်းရင်လည်း မျက်လုံးတွေ မှေးစင်းထားလျက် တစ္ဆေကြီးကို ပြန်မော့ကြည့်နေလိုက်တယ်။ သူမကိုယ်ကနေ ကြောက်မက်ဖွယ်ရာ အငွေ့အသက်တွေ စိမ့်ထွက်နေသလိုပါပဲ။

သတ်ဖြတ်လိုရိပ်… ပြင်းထန်တဲ့ သတ်ဖြတ်လိုရိပ်… ယိချင်း ကြက်သီးတွေပါ ထတယ်။ ရုတ်တရက်ကြီး သူ ဘာလို့ ခံစားလိုက်မိပါလိမ့်… ဆရာက… ကြောက်စရာ ကောင်းနေသလိုမျိုး…

အား….

တစ္ဆေဘုရင်လည်း ပိုလို့တောင် သောင်းကျန်းလာတယ်။ အော်ဟစ်ဆူပူနေပြီ။

ရှန်းရင်ဘက်က မျက်မှောင်တွေ ပိုလို့တောင် ကြုတ်သွားရတော့တယ်။ ပြီးနောက်တော့ တဂျွတ်ဂျွတ်မြည်သံ တသဲ့သဲ့ပါ ထွက်ပေါ်လာတယ်။ ပြီးတော့ ရှန်းရင်က စကားတစ်လုံးချင်းစီ ပီပီသသကြီး ဖြည်းဖြည်းချင်း ပြောချလေရဲ့။ “နင် ဘာတွေ ဒီလောက် အော်နေတာတုံး… သူများတွေ၊ အိပ်နေတယ်ဆွာ၊ မသိဘူးလား…”

ရုတ်တရက်ပါပဲ၊ တစ္ဆေလက်သည်းကို ချုပ်ကိုင်ထားတဲ့ သူမ လက်က တောင်ငယ်တစ်လုံးစာလောက်ရှိတဲ့ တစ္ဆေဘုရင်ကို ကိုင်မြှောက်ဆွဲမလိုက်တော့တယ်။ နောက်တော့ ပခုံးကို ကျော်ကာ ကိုင်ပေါက်လိုက်တော့သတဲ့။ အဲဒီနောက်တော့ မြေတုန်သံကြီးသာ လိုက်ပါလာတော့တယ်။ သူမ ဒီလိုလုပ်ရပ်ကိုပဲ ဘယ်ပြန် ညာပြန် အဖန်ဖန် တလဲလဲ ထပ်လုပ်နေခဲ့သေးတာ။

အချိန်ကာလတစ်ခုထက်တိုင် တောအုပ်ကြီးတစ်ခုလုံး မြေငလျင်လှုပ်သလား မှတ်ရအောင် တုန့်ခါမြည်ဟည်းနေတော့တယ်။ ရှန်းရင်က ရိုက်လည်းရိုက်၊ မေးလည်းမေး။ “ငါ အိပ်နေတာ နင် မသိဘူးလား… မသိလိုက်ဘူးလား… မသိစရာလား”

ယိချင်း၊ “…”

ကျင့်ကြံသူလု၊ “…”

Σ(°△°|||)

ကျင့်ကြံသူ လုလည်း တုန်တက်သွားရတယ်။ ‘ဘယ်လို… ဘယ်လိုတွေတောင် ဆိုးရွားရတာလဲ၊ သူက တစ္ဆေဘုရင်ကို တူထုရင် ခံတဲ့ဟာလို မှတ်နေသလားပဲ၊ ဒီလိုလူတစ်ယောက်က ဘယ်နှယ့်လုပ် ကျင့်ကြံသူဖြစ်လာနိုင်တာလဲ…’

ယိချင်းလည်း နားမလည်နိုင်ရှာဘူး။ အဲဒီတော့မှ ဟိုတစ်နေ့က ယုန်မိစ္ဆာဘုရင်ပြောတဲ့ စကားဆိုလိုရင်းကို ယိချင်း သဘောပေါက်တော့တယ်။ အဲတုန်းက သူတို့တွေ အိမ်ပြင်နေတုန်းက ယုန်မိစ္ဆာဟာ ယိချင်းကို ဘေးတစ်နေရာထိ ခေါ်သွားပြီး ပြောပြခဲ့ဖူးတယ်လေ။ “သူ အိပ်နေရင် မနှောင့်ယှက်နဲ့နော်၊ မဟုတ်ရင် အဖြစ်ဆိုးတွေ ကြုံရမယ်…” အခုတော့ သူ သိသွားပြီ။ တကယ်ကြီး ဆိုးတယ်ဆိုတာကို။

ဆရာသခင်က မိစ္ဆာဘုရင်မင်း ၉ ပါးကို တစ်ကိုယ်တည်း နှိမ်နှင်းခဲ့တယ်လို့ ယုန်မိစ္ဆာဘုရင် ဆိုတုန်းက သူ မပြောတဲ့ တခြားအကြောင်းတစ်ခုခု ရှိဦးမှာပါလို့ ယိချင်း ထင်ခဲ့တယ်။ နောက်ပြီး ယိချင်းတစ်ယောက် ဆရာ့ လက်အောက်မှာ တပည့်ခံယူထားတာတောင် သူမရဲ့ ကျင့်ကြံအဆင့်က အဓိကမကျတာကြောင့် ဘယ်အဆင့်ရှိနေပြီလဲလို့ ယိချင်း တစ်ခါမှ မမေးကြည့်ဖူးဘူး။ ဒါပေမဲ့ ဆရာ ဒီလောက်ကြီး… စွမ်းနေမယ်လို့လည်း ယိချင်း ထင်မထားဘူးရယ်။

သူမဟာ တကယ်ပဲ သူ့ဆရာသခင်ဖြစ်ထိုက်ပါပေတယ်။ သူ ဆရာတင်တာ အရွေးမှန်သွားခဲ့ပြီ။

o(≧v≦)o~~

“တောက်သခင်၊ ခင်ဗျားရဲ့ ဆရာသခင်…” ယိချင်းနားကို တိတ်တ်ိတ်လေး နေရာပြောင်းလာခဲ့တဲ့ ကျင့်ကြံသူလုက မေးတော့မလို့ရှိသေး။ ယိချင်းကို ကြည့်လိုက်တော့၊ သကောင့်သားက သူ့ဆရာကို ကြယ်တွေလို တဖျတ်ဖျတ်တောက်ပနေတဲ့ မျက်ဝန်းတွေနဲ့ ငေးကြည့်နေတယ်။ ‘ဟမ်… ရုပ်ကိုက အင်မတိအင်မတန် ဝမ်းမြောက်နေပြီး သူရဲကောင်းကို ကိုးကွယ်ပသ,ချင်နေပုံနဲ့၊ ဘဝင်လေးပါ ဟပ်ပြီး စိတ်ကြီးဝင်နေတဲ့ အသွင်ပါရောနေတာ… တစ်လောကလုံးက သူ့ကို အားကျလိုက်စမ်းဆိုပြီး ပြောနေသယောင်ယောင်… ဒါက ဘာဖြစ်တာလဲ၊ သူ ဘယ်လို အစောင့်အရှောက်မျိုးကို ငှားလာမိတာလဲ…’

ရှန်းရင်ရဲ့ တစ်ဖက်သတ် ရိုက်နှက်ထုထောင်းခြင်း ပွဲစဉ်ဟာလည်း နာရီဝက်လောက်နေမှ ပြီးသွားတယ်။ အင်အားတန်ခိုးကြီးလှပါတယ်ဆိုတဲ့ တစ္ဆေဘုရင်လည်း တစ်စက်လေးမှ မခုခံနိုင်ခဲ့ဘူး။ အစတုန်းက ဟိန်းဟောက်သံကျယ်ကြီးနဲ့ ဟိတ်ဟန်အပြည့်ဖြစ်နေခဲ့တဲ့ သူ့အသံဟာလည်း ငိုမြည်သံ ပြောင်းသွားခဲ့တယ်။ နောက်ဆုံးမှာ ငိုသံကနေ ညည်းသံအဖြစ်တောင် ပြောင်းသွားလေတယ်။

╮(╯▽╰)╭

သူမ တစ္ဆေကြီးကို လွှဲရိုက်လိုက်တိုင်း တစ္ဆေဘုရင်ရဲ့ အတွင်းအားတွေ ဖြည်းဖြည်းစီ ယုတ်လျော့လွင့်ပြယ်ကုန်တာ၊ အခုဆို ချီစွမ်းအားတွေတောင် အတော်ပါးသွားပြီ။ နဂိုက ဧရာမကြီးဖြစ်နေခဲ့တဲ့ တစ္ဆေဘုရင်ရဲ့ သဏ္ဌာန်ဟာလည်း အခုတော့ သုံးပုံတစ်ပုံပဲ ကျန်ပြီ။

“အာ… တောက်ဆရာသခင်…” ကျင့်ကြံသူ လုလည်း တစ္ဆေဘုရင်ကိုယ်စား ဝင်တောင် ပြောပေးချင်လာတယ်။

“ဘာတုံး…” ရှန်းရင်ဘက်က ဒေါသတကြီး လှည့်ကြည့်လာရော။ သတ်ဖြတ်ရိပ်တွေ၊ အတိအကျပြန်ပြောင်းပြောရရင်၊ ‘အိပ်နေတုန်း နှောင့်ယှက်ခံရ’လို့ မကြည်မလင်ဖြစ်နေတဲ့ သဘောက အထင်းသား ပေါ်လွင်နေတော့…။

“ဘာမှ မဟုတ်တော့ဘူး… ရတယ်၊ ဆက်လုပ်ပါ” လုလည်း ပြောချင်တာတွေကို ပြန်မျိုချလိုက်တော့တယ်။

ရှန်းရင် တစ်ဖက်ကို ပြန်လှည့်ပြီး ထုထောင်းခြင်းအလုပ်ကို ဆက်လုပ်နေတော့တယ်။ သူမရဲ့ ရိုက်ချက်တိုင်းက တစ်ခါထက်တစ်ခါ ပိုတောင် အသံကျယ်လာသလိုပဲ။

ဘာရယ်မဟုတ်၊ ယိချင်းလည်း လွေ့မိလှည့်စားတာခံခဲ့ရတဲ့ အဲ့ဒီနေ့ညကို သတိရသွားမိတယ်။ ဆရာက အဲတုန်းကလည်း ဒီလိုသိုင်းကွက်ကို သုံးခဲ့တာ။ မတူတာဆိုလို့ အဲ့တုန်းက ဘယ်လက်ပြောင်း ညာလက်ပြောင်းပြီး လွှဲရိုက်တယ်။ အခုက အပေါ်ကနေ အောက်ကို ကိုင်ပေါက်တယ်။ ‘ဧကန္တ… ဆရာက ဒီတစ်ကွက်ပဲ တတ်တာလား…’

‘မဟုတ်ဘူး… မဖြစ်နိုင်ပါဘူး…’ ယိချင်း ဒီလိုရယ်စရာ အတွေးတွေကို ချက်ချင်း ဖျောက်ပစ်လိုက်တယ်။ ဆရာက သိပ်အစွမ်းထက်တာ။ ဘယ်လိုလုပ်ပြီး ကလေးတွေ ရန်ဖြစ်သလို သိုင်းကွက်လောက်ပဲ တတ်တယ်ဆိုတာ ဖြစ်နိုင်မှာတုန်း။ မဖြစ်နိုင်ဘူးလေနော်…

တစ်နာရီခန့်ကြာသော်…

တစ္ဆေဘုရင်ဆို ညည်းသံထွက်ဖို့တောင် အားမရှိတော့ဘူး။ ရှန်းရင်လည်း အဲ့ဒီတော့မှ တစ်ဖက်သတ်ရိုက်ပွဲကြီးကို ရပ်လိုက်တော့တယ်… အိပ်ပျော်သွားလို့။

-_-|||

သူ့ရန်ဘက်က မလှုပ်တော့တာကို တွေ့တော့ နဂိုကထက် တစ်ဝက်စာလောက် သေးသွားတဲ့ တစ္ဆေဘုရင်ခမျာ ချက်ချင်းကို အနက်ရောင်အခိုးငွေ့ အသွင်ပြောင်းပြီး ဝိညာဉ်စုပ်တံခွန်ထဲ ဝင်ပုန်းနေလိုက်တော့တယ်။ ပိတ်ထားခဲ့တဲ့ စည်းတံဆိပ်လည်း ပျက်သွားတာမှ စုတ်ပြတ်နေတာပဲ၊ စည်းချစီရင်တဲ့ ဓာတ်ကျောက်တွေတောင် ပြုတ်ထွက်လို့ မစုံတော့ဘူး။ ဒါပေမဲ့ တစ္ဆေဘုရင်ကတော့ ဓာတ်ကျောက်လုံးတစ်ခုနောက်မှာ အသည်းအသန် ပုန်းအောင်းဖို့ ကြိုးစားနေတာပဲ။ အလံတစ်ခုလုံးတောင် တုန်နေပြီ။

ယိချင်း၊ “. . .”

ကျင့်ကြံသူ လု၊ “. . .”

————————

ရှန်းရင် ပြန်နိုးလာတော့ နောက်တစ်နေ့ မနက်မိုးလင်းပြီ။ သူမ လုပ်နေကြအတိုင်း ပျင်းကြောတွေ အရင်ဆန့်လိုက်တယ်။ ပြီးတော့မှ မျက်လုံးနှစ်စုံက သူမကို စိုက်ကြည့်နေတာ တွေ့ရတော့တယ်။ မတူတာဆိုလို့၊ မျက်လုံးတစ်စုံက သူမကို ဝမ်းသာပီတိအပြည့် အားရကျေနပ်စွာ ကြည့်နေပြီး နောက်တစ်စုံကတော့… အကြောက်တရားတွေနဲ့။

“အာ… မင်္ဂလာ နံနက်ခင်း…” သူမလည်း နှုတ်ဆက်မိရာ နှုတ်ဆက်လိုက်တော့တယ်။

“ကောင်းသော မနက်ခင်းပါ ဆရာ” ယိချင်းလည်း တော်တော်ကြာတော့မှ ဒီလို ပြန်နှုတ်ဆက်နိုင်တယ်။ သူ သူမကို မဝံ့မရဲ ကြည့်နေလိုက်တယ်။ “ဆရာ… နိုးပြီလား”

“အင်း…” ရှန်းရင် ပခုံးတွေကို ပွတ်ရင်း ခေါင်းညိတ်လာတယ်။ သူမက မေးသေး၊ “ဒါနဲ့ မနေ့ညက ငါ ဘယ်လိုလုပ် အိပ်ပျော်သွားတာလဲ၊ ဘာကိစ္စ ငါ့ကျောက အရမ်း ညောင်းနေတာလဲ… မသိရင် ရန်ဖြစ်ထားတာကျလို့”

နှစ်ယောက်သား “. . .” ‘မနေ့ညက တကယ်ကြီး ရန်ဖြစ်ထားတာ မဟုတ်လို့လား’

“ဆရာ…မမှတ်မိဘူးလား” ယိချင်းက မေးလိုက်တယ်။

“ငါ့ကို ဘာလို့ ဒီလိုကြီးတွေ ကြည့်နေကြတာလဲ၊ ဘာဖြစ်လို့လဲ…” ရှန်းရင် မျက်မှောင်ကြုတ်လိုက်မိတယ်။ သူတို့တွေ သူမကို ကြည့်နေတဲ့ပုံက ဝမ်းချုပ်နေသလိုရုပ်နဲ့။

“မနေ့ညက ဘာတွေ ဖြစ်သွားလို့တုံး…”

နှစ်ယောက်က အကြည့်ချင်းဖလှယ်တယ်။ နောက်တော့ သံပြိုင်ပြန်ဖြေလိုက်ကြတယ်။

“ဘာမှ မဖြစ်ပါဘူး…”

“ဘာမှ မဖြစ်ခဲ့ဘူး”

“သြော်…” ရှန်းရင်လည်း သူမနဲ့ မဆိုင်တော့လို့၊ ကိုက်ခဲနေတဲ့ လက်တစ်ဖက်ကိုသာ ခါနေလိုက်တော့တယ်။ နောက်တော့ ဘေးပတ်ဝန်းကျင်က ဝါးတောတွေ ပြုန်းနေတာကို သူမ သတိထားမိလိုက်တယ်။ အပင်တွေမှာလည်း အကိုင်းအခက်တော်တော်များများ ကျိုးကြေကုန်ပြီ။ သစ်ရွက်ကလေး တစ်ရွက် နှစ်ရွက်စပဲ ကျန်ပြီ။

‘မနေ့က လေပြင်းတွေများ တိုက်လို့လား… မုန်တိုင်းတိုက်သွားတာဖြစ်ရမယ်…’ သူမ နှစ်လှမ်းလောက် ထပ်လျှောက်ပြီးတော့ မြေကြီးပေါ်မှာ တစ်ခုခုနဲ့ ထုထားသလို ချိုင့်ခွက်ကြီးဖြစ်နေတာကို တွေ့ရပြန်ရော။ အိမ်း… ရှုခင်းတွေက ဆန်းကြယ်ချက်ပဲ။

“ဒါနဲ့၊ ကျင့်ကြံသူ နာမည် ဘာဆိုလား… ရှင်တို့ အိမ်က ရောက်ဖို့ ဘယ်လောက်လိုသေးလဲ” သူမ ကျင့်ကြံသူ လုဘက်ကို လှည့်ပြီး မေးလိုက်တယ်။

ကျင့်ကြံသူလုလည်း လန့်ပြီး တုန်သွားတာပဲ။ သူ ယိချင်းနောက်မှာ ပုန်းရင်း ပြန်ဖြေလိုက်တော့တယ်။

“သိပ် မလိုတော့ဘူး… မဝေးတော့ဘူး၊ ရှေ့နားလေးမှာတင် ဝါးတောက… နာရီဝက်လောက် လျှောက်ရင် ရောက်ပြီ”

“ကောင်းသား…” သူမ ယိချင်းဘက်ကို ပြောလာပြန်တယ်။ “စားဖိုမှူး… တပည့်… အာ၊ နင့်နာမည် ခြင်းဆိုလား ဘာလား”

“ဆရာ၊ ကျွန်တော်က ယိချင်းပါ”

“သြော် ယိချင်း၊ ခရီးဆက်မယ်၊ သူ့ကို ပြန်ပို့ကြမယ်”

“ဟုတ်ကဲ့ပါ ဆရာ”

ယိချင်း နောက်ကလိုက်တယ်။ တစ်ချိန်တည်းမှာပဲ မြေပြင်ပေါ်ကြနေတဲ့ ခေါင်းလောင်းကို ကောက်ကာ ကျင့်ကြံသူလုကို ပေးလိုက်တယ်။

“ဟဲ့… ချင်း… သူ့ကို ပို့ပေးပြီးရင် ခရီးစရိတ်အတွက် ကာမိသွားမှာလား…”

“ဟုတ် လုံလောက်ပါတယ်၊ ဆရာ…”

“နင် ပြောတဲ့ ဘာဆိုလား ဂိုဏ်းကရော ဧည့်ဝတ်ကျေပွန်မှာလား…”

“ဆရာ အဲ့ဒီ့ဂိုဏ်းက မဟူရာကောင်းကင်တော်ဂိုဏ်းပါ၊ နောက်လိုက်ငယ်သား တပည့်တပန်းပေါင်းများစွာရှိတဲ့ သမာသမတ်ဂိုဏ်းကြီးဆိုလည်း မမှားပါဘူး… ဖော်ရွေ မရွေ၊ ဧည့်ဝတ် ကျေ မကျေဆိုတာတော့ တပည့်လည်း မသိပါဘူး”

“ဒါဆို… သူတို့ ငါတို့ကို ညစာလေးဘာလေး ကျွေးမယ်လို့ရော ထင်လား”

“ဟမျ… ဟမျ”

“ငါ ငတ်နေပြီ”

“. . .”

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset