၈ ။ မိစ္ဆာအငွေ့အသက် ဝင်ရောက်ခြင်း
“ဟဲ့…” ရှန်းရင်က သူ့ကိုတံတောင်နဲ့တွတ်ပြီး ထိတ်လန့်သွားတယ်။
“ဘာဖြစ်သွားတာလဲ၊ စားဖိုမှူး… တပည့်ရေ၊ နင်ငါ့ကိုမခြောက်နဲ့နော်”
“ဆရာ… မ… မ…စိုးရိမ်ပါနဲ့! အဆင်ပြေပါတယ်!”
ဘယ်လိုလုပ်အဆင်ပြေမှာလဲ။ သွေးတွေလည်း အန်ထားတာကို။ ဟိုလီရှစ် သူ ခုထိ သွေးတွေအန်နေသေးတယ်ဟ။
ရှန်းရင် ပျာယာခတ်သွားတယ်။ သူ ခုမှ တပည့်လေးတစ်ယောက် လက်ခံရုံရှိသေး၊ တစ်ခန်းရပ်ပြဇာတ်ပဲ ဖြစ်လာတော့မှာလား။ သူမ လူတွေကိုဘယ်လိုကုသရမလဲမသိဘူး။ ပြီးတော့ ဒီကမ္ဘာကဘယ်လို လည်ပတ်နေတာလဲဆိုတာလည်း မသိဘူး။
သူမ ခဏတာတွေးတောပြီးတော့ တောထဲ ပြေးဝင်သွားတယ်။ မိစ္ဆာဘုံထဲကနေ ထွက်လာတဲ့ နီးစပ်ရာအကောင်လေးတစ်ကောင်ကိုဆွဲပြီး ယုန်ကိုသွားခေါ်ဖို့ ပြောလိုက်တယ်။
ယုန်က အတော်တော့မြန်သား။ သူ ခုန်ဆွဆုန်ဆွနဲ့ ဆယ်မိနစ်အတွင်းရောက်လာတယ်။
“မြင့်မြတ်တဲ့နတ်ဒေဝါ၊ ကျွန်တော့်ကို ရှာနေတာလား…”
“မီးဖိုချောင်ထဲလာခဲ့…အာ တပည့်လေ” သူမက ဒီနားလာဖို့ လက်ယပ်ခေါ်လိုက်တယ်။
ယုန်ုဘုရင်က အမြန်လူအသွင်ပြောင်းလိုက်ပြီးဝင်လာတယ်။ အသက်မျော့မျော့ပဲကျန်တော့တဲ့ လူတစ်ယောက်က မြေပြင်ပေါ်မှာလဲနေတယ်။ သူတို့ဘေးနားမှာတော့ ချောက်ချားဖို့ကောင်းတဲ့ တံခွန်တစ်ခု။ ဘာဖြစ်သွားလဲဆိုတာ သူကောက်ချက်ချလို့ရသွားတယ်။
“မြင့်မြတ်တဲ့နတ်ဒေဝါ၊ မိစ္ဆာအငွေ့အသက်တွေက ကျေးဇူးရှင်ရဲ့ခန္ဓာကိုယ်ထဲ ကျူးကျော်ဝင်ရောက်သွားတာပါ၊ သူကခုမှသွေးကြောတွေ ပြန်ကောင်းစဖြစ်တဲ့အတွက် အချိန်မှီ မိစ္ဆာအငွေ့အသက်တွေကို ဖယ်ဖျောက်လို့မရခဲ့ဘူး၊ ပြီးတော့ သူက ဒီတံခွန်ကို စည်းပိတ်ဖို့ ဝိညာဉ်ချီကို အတင်းထုတ်သုံးခဲ့တဲ့အတွက် မိစ္ဆာအငွေ့အသက်တွေက ဝင်လာပြီး သူ့ကိုယ်တွင်းအင်္ဂါတွေကို ဒဏ်ရာရသွားစေတာ၊ ဒါကြောင့် သူ့ရဲ့ ရွှေအမြုတေကိုထိခိုက်သွားစေတယ်”
သူဘာတွေပြောနေတာလဲဟင်…။ သူမတစ်ခုမှနားမလည်ဘူး။
“ဒါဆိုဘယ်လိုကုလို့ရမလဲ”
“ဒါ…” ယုန်ဘုရင်ကဦးနှောက်ခြောက်သွားဟန်နဲ့ နားရွက်တွေကိုယမ်းလိုက်တယ်။
“မိစ္ဆာအငွေ့အသက်တွေက ကျင့်ကြံသူတွေအတွက် အင်မတန် အဆိပ်အတောက်ဖြစ်စေတယ်၊ အငွေ့အသက်က ကျေးဇူးရှင် ခန္ဓာကိုယ်ထဲ အချိန်အတော်ကြာ လည်ပတ်နေပြီ၊ ဒါကြောင့် ဖယ်ဖို့တော့ခက်လိမ့်မယ်၊ သူ့ခန္ဓာကိုယ်ထဲကနေထုတ်ဖို့ မိစ္ဆာတစ်ကောင်ရဲ့ အမြုတေကို အသုံးမပြုရင်ပေါ့”
“မိစ္ဆာအမြုတေဆိုတာဘာလဲ”
“အသိဉာဏ်မရသေးခင် မိစ္ဆာတိုင်းက သူတို့ခန္ဓာကိုယ်တွင်းမှာ အမြုတေဖန်တီးရတယ်”
ယုန်ဘုရင်ကသူ့ဗိုက်ကိုသူ ထိုးပြလိုက်တယ်။
“ဒါ မိစ္ဆာမျိုးနွယ်ကျင့်ကြံမှုရဲ့ အခြေခံပေါ့၊ ပြီးတော့သာမန်အမြုတေက အသုံးဝင်မှာမဟုတ်ဘူး အနည်းဆုံး အဋ္ဌမအဆင့်နဲ့အထက် မိစ္ဆာတွေရဲ့ အမြုတေပဲသုံးလို့ရမှာ”
“ဒါဆို…” ရှန်းရင်က ယုန်ဗိုက်ကိုကြည့်လိုကတယ်။ တစ်ခုခုကိုတွေးမိသွားတဲ့ပုံပဲ။
ယုန်ဘုရင်လေးကတုန်သွားပြီး အနောက်ကို ဆုတ်ကာ အော်လိုက်တယ်။
“မြင့်မြတ်တဲ့နတ်ဒေဝါ၊ …ကျွန်…ကျွန်တော် ဒီလိုလုပ်လို့မရဘူး! ကျွန်တော်က ဒဿမဆင့် မိစ္ဆာဘုရင်ဆိုပေမဲ့ မိစ္ဆာအမြုတေ ကျွန်တော့်ကိုယ်ထဲက ထွက်သွားတာနဲ့သေသွားလိမ့်မယ်”
“အိုး…” ရှန်းရင် သိသိသာသာကိုစိတ်ပျက်သွားတယ်။
“ဆရာ… ကျွန်တော့်ကိုမစိုးရိမ်ပါနဲ့”
ယိချင်းက အမြန်ပြောလိုက်ပေမဲ့ တစ်ချိန်တည်းမှာ သွေးတွေပါ အန်ထွက်ကျလာတယ်။
“ဝိညာဉ်စုပ်တံခွန်ကို ချိတ်ပိတ်ဖို့ ကျွန်တော့်အစွမ်းတွေကို လိုလိုလားလားသုံးခဲ့တာ၊ တခြားဘယ်သူနဲ့မှ မဆိုင်ပါဘူး၊ ဆရာ့လက်အောက် ရောက်ပြီး သေ…သေရလို့ နောင်တမရှိ သေနိုင်ပြီ!”
“စကားမပြောနိုင်ရင်လည်း ပြောနေတာရပ်လိုက်တော့…” ရှန်းရင်က သက်ပြင်းချလိုက်တယ်။ ဒီနောက် သူ့ဘေးနား ဆောင့်ကြောင့်ထိုင်ရင်း အသက်မှန်မှန် ရှူလို့ရအောင် နောက်ကျောကို ပုတ်ပေးနေတယ်။ ဒီနောက် သူမ တစ်ခုခုကို တွေးမိသွားတဲ့ပုံပဲ။ သူမ ယုန်ဘုရင်ကို ပြန်ကြည့်ပြီးမေးလိုက်တယ်။
“ယုန်… မိစ္ဆာအမြုတေက ဘယ်လိုပုံလဲ”
“အမျိုးမျိုးကွဲပြားပါတယ်” ယုန်ဘုရင်က ကြောက်ပြီး နောက်ကိုထပ်ဆုတ်သွားတယ်။
“မိစ္ဆာအမျိုးမျိုးရှိလို့ အတွင်းသဘာဝတွေကလည်း ကွဲပြားပါတယ်၊ ဒါကြောင့် အတွင်းအမြုတေတွေကလည်း ကွဲပြားသွားတာ၊ အကုန်လုံးကဝိုင်းစက်ပေမဲ့ အရောင်တွေကတော့ မိစ္ဆာတစ်ကောင်ရဲ့ အတွင်းသဘာဝနဲ့ အစွမ်းပေါ်မူတည်ပြီးကွဲသွားတယ်”
“အိုး…” သူမကခေါင်းလေးစောင်းရင်း ခဏတာ ငေးမောနေတယ်။
“သူတို့တွေအကုန်လုံးက ဗိုက်ထဲမှာပဲ ကြီးထွားတာလား”
ယုန်ဘုရင်က ခေါင်းညိတ်ပြလိုက်တယ်။
“ဟုတ်တယ်၊ သူတို့တွေက အများအားဖြင့် အဲနေရာမှာရှိပါတယ်”
“ဒီလိုဆိုမှတော့…”
အကြံတစ်ခုကသူမမျက်နှာပေါ်မှာဖြတ်ပြေးသွားတဲ့ပုံပဲ။ ရုတ်တရက် သူမဘေးက ခုတင်ဆီ လှည့်လိုက်ပြီး အထဲကို ငုံ့ပြီး ရှာနေတယ်။ သူမခြေထောက်နှစ်ဖက်ပဲ အပြင်မှာတွဲလောင်းကျနေလေရဲ့။ ရှာဖွေနေတဲ့အသံတွေ ခဏတာ ထွက်အပြီးမှာတော့ ဂုန်နီအိတ်ကြီးတစ်ခုနဲ့ ထွက်လာပြီး ယုန်ဘုရင်ဆီတန်းပစ်ပေးလိုက်တယ်။
“ယုန် ကြည့်ပါဦး…အဲလိုပုံမျိုးလား”
ဝေခွဲမရဖြစ်ရင်း ယုန်ဘုရင်က အိတ်ကိုဖွင့်ဖို့လုပ်လိုက်တယ်။ ဒါပေမဲ့ ကိုင်ထားတာလွတ်သွားပြီးတော့ အိတ်ထဲကတစ်ဝက်နီးပါးလောက် ထွက်ကျကုန်တယ်။ အရွယ်အစားအမျိုးမျိုး၊ အနီ၊ အမည်း၊ အပြာ စသဖြင့် အရောင်အမျိုးမျိုးနဲ့ ‘ပုလဲ’တွေက ထွက်လာပြီး မြေပြင်ပေါ်လိမ့်ကျကုန်တယ်။
“မိစ္ဆာ… မိစ္ဆာအမြုတေတွေ!” ယုန်က လုံးဝဆွံ့အသွားတယ်။ အများကြီးပဲ—ဒီလိုအိတ်ကြီးနဲ့ဆိုအထဲမှာ အမြုတေ ထောင်နဲ့ချီ ပါလောက်တယ်။
“အိုး ငါ ဒီတိရစ္ဆာန်မိစ္ဆာတွေကို ဖမ်းတုန်းက တွေ့ခဲ့တာလေ၊ သူတို့က အရောင်တောက်လို့ ငါစုထားတာ”
ရှန်းရင်က ဆက်ရှင်းပြတယ်။
“ဒီနေရာမှာ အလင်းရောင်မရှိဘူးလေ၊ ဒါကြောင့် ငါ့အိမ်ကို အလင်းရောင်ပေးနိုင်ဖို့သုံးမယ်လို့တွေးခဲ့တာ၊ ဒါပေမဲ့ ဒီပုလဲတွေက တစ်ရက်နှစ်ရက်လောက်ပဲခံတယ်၊ ပြီးရင် အရောင်ပျောက်သွားရော”