၇ ။ အတင်းချိတ်ပိတ်ခြင်း
ပြဿနာကြောင့် စိတ်ရှုပ်သွားရင်း ရှန်းရင်လည်း သူအရင်ကလုပ်ခဲ့တဲ့အတိုင်းပဲ လုပ်ရရှာတော့တယ်: အသားကို ရေထဲပစ်ချ၊ ကျက်အောင်စောင့်၊ ပြီးရင်စားဖို့ပြန်ဆယ်။ သူမ ချက်ပြီးသွားတော့ တစ်ကိုက် ကိုက်ကြည့်လိုက်တယ်။ အရသာကဖွဲတဲတဲဖြစ်လို့ ပါးစပ်တောင်ထုံသွားသလိုပဲ – မျှော်လင့်ချက်မြင့်မားလေ အမှန်တရားက ခါးသက်လေပေါ့…။
သူမ ပါးစပ်ဖွင့်ပြီးထွေးထုတ်လိုက်တယ်။ ထွီ ထွီ ထွီ။
စိတ်ပျက်ဖို့ကောင်းလိုက်တာ…။ အရင်တုန်းကတော့ ဗိုက်မဆာရုံသက်သက်ဆိုတော့ သူမကို သိပ်ပြီးစိတ်အနှောင့်အယှက်မပေးခဲ့ဘူး။ ဒါပေမဲ့ အခုက ယုန်ကလည်း သူ့ကို ချက်စရာပြဿနာကိစ္စ ဖြေရှင်းပေးထားတာ အစားအသောက်က ဘာလို့စားလို့မရဖြစ်နေတာလဲ။
တကယ်ပဲ ချက်ပြုတ်ခြင်းအနုပညာက အင်မတန်လေးနက်တဲ့အသိပညာပဲ။
သူမ တိတ်တဆိတ်ခေါင်းလှည့်ရင်း သူမရဲ့ လက်တိုလက်တောင်းလေးကို ကြည့်လိုက်တယ်။
“နင်ဘယ်လိုချက်ပြုတ်ရလဲသိလား”
ယုန်လေးက တုန်သွားပြီး ခေါင်းကို အပြင်းအထန်ခါလိုက်တယ်။
“ကျွန်တော်က ယုန် စားပဲစားတာ! ဟင်းတစ်ခါမှမချက်ဖူးဘူး၊ ပြီးတော့ ကျွန်တော်… ကျွန်တော် မီးလည်းကြောက်တယ်”
အိုကေ သူမ လက်မြှောက်လိုက်ပြီ။ သူမ ပုံမှန်အစားအသောက်စားရဖို့ ကံပါပုံမပေါ်ဘူး။
အစွမ်းတစ်ခုရှိဖို့ကလည်း အရေးကြီးတယ် ပြသွားတာပဲ။ သူမ တက္ကသိုလ်က ဟင်းချက်နည်းအနုပညာလေးတွေ သင်ပေးသင့်တာ။ ရှန်းရင်စိတ်ပျက်လက်ပျက်နဲ့ ငိုက်စိုက်နေမိတယ်။ အခုတော့ အစားအသောက်လည်း အလဟဿဖြစ်ပြီ။ တခြားဘာမှလည်းမရှိဘူး…။
သူမအကြံတစ်ခု ရုတ်တရက် ရသွားတယ်။
နောက်လှည့်ရင်း သူမ အိမ်ရှေ့တံခါးဆီအပြေးသွားပြီး တွန်းဖွင့်လိုက်တယ်။ ပြီးတော့ ခြံဝန်းထဲထိုင်နေတဲ့သူဆီ ပြေးသွားတော့တယ်။
“နင်ဘယ်သူပဲဖြစ်ဖြစ်…”
ခြံဝန်းထဲကသူကအစကကြောင်သွားပေမဲ့သူမ အလေးပြုဟန်ဆုပ်လိုက်တယ်။
“ကျွန်တော်က ယိချင်းပါ”
“အာ… နင်ဟင်းချက်နည်းသိလား”
သူမမေးခွန်းကြောင့် အံသြသွားပေမဲ့ သူရိုးရိုးသားသားပဲ ပြန်ဖြေလိုက်တယ်။
“ချီသန့်စင်ဖို့အတွက် အစားအသောက်စွန့်မလွှတ်ခင်တော့ ချက်ပြုတ်ဖူးပါတယ်”
“ဒါဆိုနင်သိတယ်ပေါ့..” ရှန်းရင် အလွန်ဝမ်းမြောက်သွားတယ်။
“ဟုတ်ကဲ့ ကျွန်တော် နည်းနည်း… သိပါတယ်”
“ကောင်းပြီ” သူ့ပခုံးကို ခပ်မာမာရိုက်ရင်း ပြောလိုက်တယ်။
“နင်ငါ့ခွင့်ပြုချက်ရပြီ”
“ဟမ်…”
“ဒီနေ့ကစပြီးနင်ကငါ့ရဲ့ စားဖိုမှူးပဲ… အာ့” ရှန်းရင် အမြန်ပြန်ပြင်ပြောလိုက်တယ်။
“နင်က ငါ့ရဲ့တပည့်ပဲ!”
“…” ယိချင်းဟာ ခဏတာကြောင်နေတယ် ဒီနောက်တော့သူ့မျက်နှာကြီးမှာ အပြုံးကြီးတစ် ခုဖြစ်ပေါ်လာတယ်။ သူ အသက်ပြင်းပြင်း ရှူရင်း သူမဘက်လှည့်ကာ ၃ကြိမ်ဂါဝရပြုလိုက်တယ်။
“ကျွန်တော့်တောင်းဆိုချက်ကို ခွင့်ပြုတဲ့အတွက်ကျေးဇူးတင်ပါတယ်၊ ကျွန်တော်က ဆရာ့ရဲ့ တပည့်ယိချင်းပါ၊ ကျေးဇူးပြုပြီး ကျွန်တော်ဂါဝရပြုတာလက်ခံပါ ဆရာ”
“ရပြီ ရပြီ ထတော့… အခမ်းအနားတွေ လုပ်စရာမလိုပါဘူး အခုငါတို့ကမိသားစုတွေပဲ” သူမကရီရင်း ကူထူပေးလိုက်တယ်။
“ငါအခုဗိုက်နည်းနည်းဆာနေလို့၊ နင်ငါ့ကိုအရင်ဟင်းချက်ပေးလို့ရမလား”
“ဟုတ်ကဲ့”
သူ့မျက်နှာမှာ ပျော်ရွှင်မှုနဲ့ မယုံကြည်နိုင်မှုတွေ ရှိနေတုန်းပဲ။ သူချက်ချင်းထပြီး ပျော်ရွှင်တဲ့ ခြေလှမ်းတွေနဲ့ မီးဖိုချောင်ထဲဝင်လာခဲ့တော့တယ်။
———-
တစ်နာရီကြာသော်…
စားပွဲက အနံ့အရသာရှိတဲ့ အစားအသောက်တွေနဲ့ ပြည့်သွားတယ်။
“ဆရာ…ဒါကျွန့်တော်ရဲ့ပထမဆုံးကြိုးစားမှုပါ၊ ဆရာ့အကြိုက်နဲ့ကိုက်ညီမယ်လို့မျှော်လင့်တာပါပဲ”
ယိချင်းက စိတ်လှုပ်ရှားစွာပြောလိုက်တယ်။
ရှန်းရင်ခမျာ ပါးစပ်ထဲ စားစရာအပြည့် ထိုးသွင်းနေရလို့ ပြန်တောင်မဖြေနိုင်ဘဲ ခေါင်းညိတ်ပြလိုက်တယ်။ နောက်ဆုံးတော့ သူမပါးစပ်ကနေ အသံတိုးတိုးလေးတွေထွက်လာတယ်။
“ရာ့..ရာ့ ရာ…”
မိုက်တာ! တကယ်အရသာရှိတာပဲ။ သာမန် အိမ်ချက်ဟင်းလျာဆိုပေမဲ့ တစ်နှစ်နီးပါးလောက် ဝက်စာလို အစာတွေနဲ့ မုန်လာဥတွေ စားလာရတဲ့သူအဖို့ တို့ဟူးလေးတစ်ခုကတောင် ကောင်းကင်တမျှ အရသာရှိလှတယ်။ ပြီးတော့ တကယ်လည်း ဟင်းချက်ကောင်းလှတယ်လေ။
ရှန်းရင်ကစားပွဲပေါ်က အစားအသောက်တွေကို လေပွေတစ်ခုလို ရှင်းပစ်လိုက်တယ်။ နောက်ဆုံးတော့သူမရဲ့ ဗိုက်လေးလည်း ကျေနပ်သွားတယ်။ အဲတော့မှပဲ ပြန်ထိုင်ပြီး ဆက်တိုက် ကျွတ်ထိုးနေတော့တယ်။
ဒါအင်မတန် ဝမ်းမြောက်စရာပဲ။ သူမဗိုက်လေးနောက်ဆုံးတော့ အသက်ပြန်ရှင်လာခဲ့ပြီ။ တကယ်ကို ရတနာတစ်ခုကောက်ရလိုက်တာပဲ။
သူမ လွယ်လွယ်လေးရလာတဲ့ တပည့်ကို ကျေကျေနပ်နပ်ကြီး လှည့်ကြည့်လိုက်ချိန် သူက လှုပ်ရှားမှုမရှိ ထိုင်နေပြီး သူမကို ကြည့်နေတာတွေ့လိုက်ရတယ်။
“နင်ဘာလို့မစားတာလဲ၊ ဗိုက်မဆာဘူးလား”
လွန်ခဲ့တဲ့၃ရက်လုံး သူဒူးထောက်နေခဲ့တာကိုပြန်သတိရမိသွားတယ်။ ဒါဆိုသူ သေချာပေါက် ဘာမှမစားရသေးတဲ့ပုံပဲ။ သူမ ပေးတဲ့ မုန်လာဥနဲ့ဂေါ်ဖီထုပ်ကိုတောင် ငြင်းပစ်ခဲ့တာ။ ဒါကြောင့် သူအရမ်းဗိုက်ဆာနေမယ်လို့ ယူဆလိုက်တယ်။ အခု သူမ ကတိပေးပြီးတာတောင် ဘာလို့မစားရသေးတာလဲ။
“ဆရာ ကျွန်တော့်ရဲ့ အခြေခံချီတည်ဆောင်မှုအဆင့်မှာ စားသောက်မှုစွန့်လွှတ်ခြင်းကို လေ့ကျင့်ပြီးပါပြီ၊ ဒါ့အပြင် သာမန်လူတွေရဲ့အစားအသောက်က ကျင့်ကြံရမှာ အထောက်အကူမပြုပါဘူး၊ ဒါကြောင့်…”
သူက တစ်ခုခုကို နားလည်သွားဟန်နဲ့ ရုတ်တရက် ရပ်လိုက်တယ်။ မျက်လုံးတွေက တောက်ပသွားပြီး သူမေးလိုက်တယ်။
“ဒီသာမန်လူတွေရဲ့အစားအသောက်ကိုစားတာကလည်း ကျင့်ကြံနည်းတစ်မျိုးလို့ပြောတာလား”
သူကမေးလိုက်ရင်း တူကိုပျော်ရွှင်စွာယူပြီး စစားတော့တယ်။
“ဟင့်အင်း…” ရှန်းရင် သူ့တူတွေကို ရိုက်လိုက်တယ်။
နင်စားစရာ မလိုဘူးဆိုတာ ငါဘယ်လိုလုပ်သိမှာလဲ!
“ငါက နင်နဲ့ မတူဘူး၊ ငါဗိုက်ဆာလို့ စားတာ၊ အစားအသောက်က နင့်ကျင့်ကြံဆင့်အတွက် အထောက်အကူ မပြုမှတော့ မစားတာပဲ ကောင်းတယ်”
အစားအသောက်က သူ့ဗိုက်ကို ဘယ်လိုဒုက္ခပေးမလဲမှမသိတာ။
ဒါကြောင့် သူမကို ဆရာအဖြစ် မတင်သင့်တာ…။ သူတို့ရဲ့ ပြုလုပ်စရာတွေတောင်မတူတာ၊ ဒါ အန္တရာယ်ရှိတဲ့ အကျိုးဆက်တွေဖြစ်လာနိုင်တယ်!
“ဟုတ်ကဲ့ ဆရာ”
သူက တူတွေကို တုံ့ဆိုင်းမှုမရှိ ပြန်ချလိုက်တယ်။
အစားကောင်း စားလိုက်ရတော့ သူမ ဘဝကြီးပြည့်စုံသွားသလိုပဲ။ သူမ ပျင်းလာပြီးနုံးလာတယ်။ သူမ စားပွဲကို အရိုးမရှိတဲ့ အင်းဆက်လို မှီလိုက်တယ်။ မျက်ဝန်းတွေက ပတ်ဝန်းကျင်ကို အာရုံစိုက်နေမှု တဖြည်းဖြည်း လျော့လာလေတယ်။
ယိချင်းက သူမကို ဒီပုံစံနဲ့မြင်ရတာ အသားကျသွားပြီမို့ သူစားပွဲကိုပဲ စရှင်းလင်းတော့တယ်။ ရှန်းရင် မျက်လုံးမှေးမှေးနဲ့ ကြည့်လိုက်တယ်။
သူက ဟင်းချက်တဲ့သူမို့ သူမ ကူပေးချင်တယ်။ ဒါပေမဲ့ လှုပ်ရှားဖို့တောင် ပျင်းနေတယ်။ ဒါကြောင့် သူမီးဖိုချောင်ထဲဝင်သွားတာပဲ တိတ်တဆိတ်ကြည့်နေလိုက်တာ။ ဒီခဏလေးအတွင်းမှာ အတွေးတစ်ခုပေါ် လာတယ်- တပည့်တစ်ယောက်ထားတာလည်း သိပ်မဆိုးပါဘူးလေ။
“ဆရာ…” ပန်းကန်တွေဆေးပြီးတော့ မီးဖိုချောင်ထဲကပြန်ထွက်လာတဲ့ ယိချင်းက ရုတ်တရက် စကားပြောလာတယ်။
“အွန်း…” သူမ ပြန်ထူးပြီး လှည့်ကြည့်လိုက်တယ်။ ပြီးတော့စားပွဲပေါ်ပြန်မှီလိုက်ပြန်တယ်။
ယိချင်း မမေးခင် ခဏတုံ့ဆိုင်းနေသေးပေမဲ့ မေးလိုက်တယ်။
“ကျွန်တော် ဆရာနဲ့ ဆွေးနွေးစရာကိစ္စတစ်ခုရှိတယ်”
“အင်း”
“ကျွန်တော်နဲ့တိုက်ခဲ့တဲ့ အဲမကောင်းဆိုးဝါးကျင့်ကြံသူ လွေ့မိ ဘယ်ရောက်သွားလဲပြောပြလို့ရမလား”
သူက မျက်မှောင်ကြုတ်ပြီးဆက်ပြောတယ်။
“သူက သက်ရှိလူတွေကို စတေးပြီး ဝိညာဉ်စုပ်တံခွန်ကို ပူဇော်တာ၊ သူ့လက်ထဲမှာ သွေးကြွေးတွေ အများကြီးပဲ၊ သူ့တစ်ကိုယ်လုံးကလည်း ရက်စက်ကောက်ကျစ်တဲ့ နည်းလမ်းနဲ့ ကျင့်ကြံနေလို့ အဆိပ်တွေလွှမ်းနေတာလေ”
“အိုး အဲလူ၊ သူ့ကို ယုန်က သယ်သွားတယ်”
ရှန်းရင်က အသက်မပါစွာ ပြန်ဖြေလိုက်တယ်။
“ယုန်က ပြောတယ်လေ၊ သူ့အသားကို ကြိုက်တယ်တဲ့၊ သူ့ကိုခေါ်သွားပြီး မုန်လာဥနှပ်လုပ်ခိုင်းမယ်တဲ့၊ ဒါနဲ့ ငါလည်း ယုန်နဲ့ ထည့်ပေးလိုက်တယ်”
ဘာပဲဖြစ်ဖြစ် အဲလူကိုခြံဝန်းထဲမှာ လှဲခိုင်းနေလို့မဖြစ်လူးလေ။
“အဲလိုဆိုရင်တော့ အဆင်ပြေတယ်…”
ယိချင်း စိတ်သက်သာရာ ရသွားပြီးသက်ပြင်းချလိုက်တယ်။
တကယ်လို့ အဲကောက်ကျစ်တဲ့ကောင် အသက်ရှင်ခဲ့ရင်တောင် မိစ္ဆာဘုရင်ရဲ့ကျင့်ကြံဆင့်အောက်မှာ သူ အဆုံးသတ်ကောင်းမှာမဟုတ်လှဘူး။
ပြီးတော့ သူ့ခန္ဓာကိုယ်ပေါ်က အဆိပ်တွေကလည်း မိစ္ဆာတွေအတွက် အစွမ်းမသက်ရောက်ဘူး။
“ဒါနဲ့လေ” သူမ စားပွဲပေါ်ခေါင်းတင်ထားရာကနေ ခေါင်းစောင်းလိုက်တယ်။
“အဲလူလေ တစ်ခုခု ထားခဲ့တဲ့ပုံပဲ…”
ရှန်းရင်က အတွေးထဲနစ်သွားပြီးမှ သက်ပြင်းချလိုက်တယ်။ သူမလက်နှစ်ဖက်ထောက်ပြီး စားပွဲကနေ ဖြည်းဖြည်းချင်းထလိုက်တယ်။
အိမ်ထဲက ခန်းစီးလိုက်ကာကိုမပြီးတော့ သူမက အိပ်ရာပေါ်ရုတ်တရက် တက်သွားပြီး တစ်ခုခုယူဖို့ လုပ်နေတယ်။
“ဆရာ….”
“တွေ့ပြီ!” သူမ ဆောင့်ဆွဲလိုက်တော့ အမည်းရောင်တံခွန်တစ်ခုကို ရုတ်တရက်ဆွဲထုတ်လိုက်တယ်။
“ဒီတစ်ခုပဲ၊ ယုန်က သူ့ခန္ဓာကိုယ်ပဲသယ်သွားတာလေ၊ ဒါကျန်ခဲ့တယ်၊ နင်လိုချင်လား” သူမက သူ့ဆီလက်လှမ်းလိုက်တယ်။
“ဝိညာဉ်စုပ်တံခွန်”
ထိတ်လန့်သွားပြီး ယိချင်း သူမဆီက အလံယူရင်းအနီးကပ်ကြည့်လိုက်တယ်။
အလံက အမည်းရောင်ချီတွေ ပတ်ပတ်လည်စီးဆင်းနေတာပဲ။
သူ့မျက်နှာက ချက်ချင်းဆိုသလို ဖြူဖျော့သွားတယ်။
“မဖြစ်ဘူး၊ တံခွန်က သခင်ရဲ့ထိန်းချုပ်မှုအောက်မှာရှိတာ၊ ဝိညာဉ်စုပ်ပုံစံက တစ်စစီ ဖြစ်တော့မယ်၊ အထဲက ဝိညာဉ်တွေက အညှိုးတွေနဲ့ သေခဲ့သူတွေချည်းပဲ…” လေးနက်သထက်လေးနက်လာတယ်။ အတွေးတစ်ခု သူ့စိတ်ထဲပေါ်လာတယ်။ သူက ကြာပန်းသဏ္ဍာန်အမြန်ထိုင်ချလိုက်တယ်။
“မြန်မြန်ချိတ်ပိတ်ရမယ်”
သူက ချက်ချင်းဆိုသလို ဝိညာဉ်ချီကို အတင်း အသက်သွင်းလိုက်တယ်။ ပြီးတော့ အင်းကွက်တစ်ခုရဲ့ အသွင်အပြင်ပေါ် တိုက်ရိုက်ဖိနှိပ်လိုက်တယ်။ သူ့လက်ထဲမှာ အင်းကွက်ပုံစံ ဖြစ်ပေါ်လာတာနဲ့ သူ့ခန္ဓာကိုယ်ထဲက မိစ္ဆာအငွေ့အသက်တွေက တစ်ဖန်နိုးကြွလာပြီး သူ့သွေးကြောတွေကို တိုက်ခိုက်တော့တယ်။ သူပါးစပ်ဟကာ သွေးတွေပန်းထွက်လာတယ်။ သူ့အဝတ်တွေအကုန် သွေးစွန်းနေတာ အခုတော့ နီညိုရောင်တောင် ဖြစ်နေပြီ။
“ဟဲ့ ဟဲ့ ဟဲ့ ဘာဖြစ်သွားတာလဲ၊ အဆင်ပြေရဲ့လား” ရှန်းရင်ထိတ်လန့်သွားတယ်။
သူဘာလို့ဒီလိုလုပ်နေရတာလဲ…။
ယိချင်းပြန်မဖြေဘဲ သူ့သွေးကြောတွေကို မိစ္ဆာအငွေ့တွေက ဒဏ်ရာရစေတဲ့ ဝေဒနာကို ကြိတ်ခံစားနေတယ်။သူ ဝိညာဉ်ပုံစံ ဖြစ်ပေါ်ဖို့၊ သူ့လက်ထဲစွဲထင်စေဖို့ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးလိုက်တယ်။ ပုံစံဖွဲ့စည်းခြင်းက ပုံသဏ္ဍာန် ပေါ်လာပြီဆိုတော့မှရပ်လိုက်တယ်။ အလံပေါ်က အနက်ရောင်ချီလှိုင်းတွေကို ဖိနှိပ်လိုက်တယ်။ နောက်တော့သူ နောက်တစ်ကြိမ် မြေပေါ်လဲကျသွားတော့တယ်…။
…