၆။ တပည့်အဖြစ်… စေတနာ့အမှုထမ်းအဖြစ်
ရှန်းရင် နိုးလာချိန်မှာတော့ မိုးချုပ်နေပြီ။ ယုန်တွေလည်းမရှိတော့ဘူး။ သူမနဲ့ဆန့်ကျင်ဘက်မှာ ထိုင်နေတဲ့ သွေးစွန်းနေတဲ့ အဖြူရောင်ဝတ်စုံနဲ့ လူကလွဲပြီးပေါ့။ သူ့မျက်နှာပေါ်မှာ ဇဝေဇဝါ ဖြစ်နေတဲ့ဟန်နဲ့ ရှန်းရင်ကိုကြည့်နေတယ်။
ရှန်းရင် ခဏတာ ခေါင်းထဲဗလာ ဖြစ်နေတယ်။ နောက်တော့မှ ဒီလူဘယ်သူလဲဆိုတာ ပြန်သတိရသွားတယ်။
အိုး…အဲမြေတွင်းကောင်ကိုး။
“ယုန်တွေ ဘာဖြစ်သွားတာလဲ၊ သူတို့ဘယ်ရောက်သွားတာလဲ” သူမက ဘေးဝန်းကျင်ကို ကြည့်မိတော့ တဲအိမ် ပြင်ပြီးသားဆိုတာ နားလည်သွားတယ်။ အရင်ကထက်တောင် ပိုပြီးကြီးသွားသေး။ ကောက်ရိုးအိမ်သေးလေးကနေ ငါးခန်းတောင်ပါတဲ့ ကောက်ရိုးအိမ်ကြီးဖြစ်သွားပြီ။တော်လိုက်တဲ့ယုန်တွေပဲ။
“သူတို့ အိမ်ပြင်ပြီးသွားတော့ မင်းအိပ်ပျော်နေတာ နှောင့်ယှက်မိမှာ ကြောက်လို့တဲ့၊ ဒါကြောင့် အရင်ပြန်သွားတာ” ယိချင်းက စားစရာတွေကိုညွှန်ပြလိုက်တယ်။
“ဒါယုန်ဘုရင်ထားသွားတာ၊ ဒီနေ့ရဲ့ဝေစုတဲ့”
“အိုး” ရှန်းရင်ကခေါင်းကုတ်ပြီး ပျင်းကြောဆန့်လိုက်တယ်။ သူမ စားသောက်ဖွယ်ရာတွေဆီ လျှောက်သွားပြီး စိမ်ပြေနပြေ တစ်ခုချင်းစီ ကောက်နေလိုက်တယ်။
သူမ မျက်ခုံးတွေထပ်ရှုံ့မဲ့သွားတယ်။
“ဘာလို့မုန်လာဥတွေထပ်ဖြစ်ပြန်ပြီလဲ…ဟင်း… သူတို့တွေက တကယ့်ယုန်အစစ်တွေပဲ၊ မနေ့ကကျ တရုတ်မုန်လာ၊ ဒီနေ့ကျ မုန်လာဥဖြူ၊ ချီးပဲဟ၊ အစိမ်းရောင်မုန်လာဥတောင် ပါသေးတယ်၊ နောက်နေ့ကျ ငါ့ကိုခရမ်းရောင်မုန်လာဥပေးမယ်ထင်တယ်”
ယိချင်း သူမနောက်ကလိုက်လာရင်း အတွေးတွေဖြတ်ပြေးသွားတယ်။ နှစ်တစ်သောင်း ရေခဲဂျင်ဆင်းနဲ့ နှစ်တစ်ထောင် အစိမ်းရောင်ဝိညာဉ်ကြောကိုတောင် သာမန်မုန်လာဥလို့ သတ်မှတ်တယ်ပေါ့—တကယ့်ကို ရွက်ပုန်းသီးပညာရှင်ပဲ။
(⊙_⊙)
“ထားလိုက်တော့… ငါဒါနဲ့ပဲစားပါတော့မယ်လေ”
တကယ်ကြီးကို မုန်လာဥတွေလို့ထင်နေတော့ ရှန်းရင် သက်ပြင်းချလိုက်တယ်။ လက်တစ်ဖက်မှာ မုန်လာဥကို ကိုင်ထားရင်း နောက်တစ်ဖက်က ဟင်းသီးဟင်းရွက်ခြင်းကို ကိုင်လိုက်တယ်။ မုန်လာကို တဂျွတ်ဂျွတ်ကိုက်စားရင်း အိမ်ထဲဝင်ဖို့ ပြင်တယ်။ ဒါပေမဲ့ ခေါင်းပြန်လှည့်ကြည့်မိတော့ ယိချင်းကိုတွေ့သွားတယ်။
သူမ ခဏ ရပ်လိုက်တယ်။
“ဟေး …နင်ဘာလို့မသွားသေးတာလဲ”
မုန်လာဥတွေကိုဝါးနေရင်း တဂျွတ်ဂျွတ်အသံကျယ်တွေပေါ်လာတယ်။
“နင်လမ်းလျှောက်နိုင်ပြီ မဟုတ်လား၊ ဒီမှာနေချင်လို့လား၊ ငါ့မှာက မုန်လာဥတွေပဲရှိတာ”
သူမက ခြင်းတောင်းကို သူ့ဆီလှမ်းလိုက်တယ်။ ပြီးတော့ ကြိုက်တာယူသွားလေဆိုပြီး ဟန်ပြလိုက်တယ်။
ယိချင်းရဲ့နှလုံးသား နွေးထွေးသွားပြီး ချက်ချင်း သူမကို လက်သီးဆုပ်ပြီး အလေးပြုလိုက်တယ်။
“ကျေးဇူးတင်ပါတယ် အကြီးအကဲ၊ ဒါပေမဲ့ ကျွန်တော့်ရဲ့သွေးကြောတွေ ပြန်ကောင်းသွားပါပြီ မလိုအပ်တော့ပါဘူး”
“အိုး…” ရှန်းရင် သူဘာပြောနေလဲတော့မသိဘူး။ ဒါပေမဲ့ သူ မလိုချင်ဘူးလို့ပြောတာထင်တယ်။
“ဒါဆိုလည်း တာ့တာ”
သူမက ခြင်းတောင်းကို ပြန်ယူလိုက်ပြီးအိမ်ဘက်ပြန်လှည့်သွားတော့တယ်။
“အကြီးအကဲရှန်း” သူက အမြန်လှမ်းအော်လိုက်တယ်။
“ဟင်…” ရှန်းရင်က နောက်တစ်ကြိမ်ထပ်လှည့်လာတယ်။
“တစ်ခုခုရှိသေးလို့လား”
ယိချင်းက မျက်မှောင်ကျုံ့ပြီးတော့မှ ပြန်လျှော့လိုက်တယ်။ စိတ်ရှုပ်ထွေးနေတဲ့ပုံပဲ။ သူ့ပုံစံက တုံ့ဆိုင်းနေရာကနေ စိုးရိမ်တဲ့ပုံ ဖြစ်သွားတယ်။ ဒီနောက် သဘောကျတဲ့ပုံပေါ်ပြီးတော့ မျှော်လင့်တကြီးဟန် ပေါက်လာပြန်တယ်။ ခဏအကြာမှာတော့ သူက သတ္တိအပြည့်စုလိုက်ပြီး ဒူးထောက်ချလိုက်ကာ တလေးတစား ဂါဝရပြုလိုက်တယ်။
“အကြီးအကဲ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို တပည့်အဖြစ်လက်ခံပါ”
“အမ်…”
သူမ နားမလည်ဘူး။
ဘာတွေဖြစ်နေတာလဲ။ ဘာတပည့်လဲ။ သူမဆီကဘာသင်ချင်လို့လဲ။ အိမ်တွင်းပုန်းငပျင်းတစ်ယောက်ဖြစ်လာဖို့လား။
“ကျွန်တော်က အိမ်မရှိတဲ့ ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတစ်ယောက်ပါ၊ အခုလက်ရှိ ရွှေအမြုတေကျင့်ကြံဆင့် ရောက်သွားပါပြီ၊ တောက်ကိုလည်း စိတ်ရင်းနဲ့အမှန်ရှာဖွေနေတာပါ၊ ဒီကမ္ဘာပေါ်က မကောင်းဆိုးဝါးဝိညာဉ်တွေအကုန်လုံးကို ကျွန်တော့်ဓားနဲ့ သုတ်သင်ပစ်ချင်ပါတယ်…”
ယိချင်းက ထက်ထက်သန်သန် ဆက်ပြောတယ်။
“အကြီးအကဲနဲ့ သိရတာ တကယ် ကံကောင်းတာပဲ၊ အကြီးအကဲရဲ့ ကိုယ်ကျင့်သိက္ခာကိုလည်း တကယ်လေးစားတာပါ၊ အကြီးအကဲလက်ခံဖို့ တောင်းဆိုမိတဲ့ ရဲတင်းမှုကို စဉ်းစားပေးပါ၊ ဒါပေမဲ့ လက်ခံမယ်လို့ မျှော်လင့်မိပါတယ်”
ဒီနောက်တော့ သူက တာဝန်ရှိစွာ သုံးကြိမ်ကန်တော့လိုက်တယ်။ မျက်နှာမှာကတော့ ထက်သန်မှုအပြည့်နဲ့။
“နင်… ငါ့ကိုနောက်နေတာလား”
ရှန်းရင်— မုန်လာဥတွေနဲ့တော့ မတည့်တဲ့ပုံပဲ။ ဒါ ဓာတ်မတည့်တဲ့ နောက်ပိုင်းဘေးထွက်ဆိုးကျိုးထင်တယ်။
“အကြီးအကဲ” သူကပြောရင်းပြောရင်းမျက်နှာကပိုတည်ကြည်လာတယ်။
“အကြီးအကဲနဲ့ကျွန်တော်က သူစိမ်းတွေပါ၊ ဒါပေမဲ့ ကျွန်တော်အန္တရာယ်ရှိတော့ ကယ်တင်ခဲ့တယ် ပြန်ကောင်းလာအောင်ရော တခြားဟာတွေမှာပါ ဂရုစိုက်ခဲ့တယ်၊ အကြီးအကဲရဲ့ ကြင်နာမှုကို ဒီတစ်သက်ပြန်ဆပ်နိုင်တော့မှာမဟုတ်ဘူး”
“ဒါဆို…နင့်ကို ကျွေးတဲ့လက်ကို နင်ကပြန်ကိုက်ချင်တာလား” သူ တကယ်ပဲ သူမအပေါ် မှီခိုချင်နေတာလား။ သူမတောင် ဒီလောက်ဆင်းရဲမွဲတေနေတာ။ သူတွေးတဲ့ပုံက ရယ်စရာကြီး။
“အကြီးအကဲ ကျေးဇူးပြုပြီး အတွေးမမှားပါနဲ့” သူ အမြန်ရှင်းပြလိုက်တယ်။
“ကျွန်တော်တကယ်လေးစားတာပါ၊ ဒါကြောင့်အကြီးအကဲလက်အောက်မှာပညာသင်ယူချင်ပါတယ်၊ အကြီးအကဲရဲ့ ကျင့်ကြံဆင့်တစ်ခုတည်းကြောင့် မဟုတ်ပါဘူး အကြီးအကဲရဲ့ ဂုဏ်နဲ့ ကိုယ်ကျင့်သိက္ခာကို လေးစားလို့ဆိုရင်ပိုမှန်ပါတယ်”
ဒါ လောကကြီးထဲက ကျင့်ကြံသူတွေအားလုံး လက်ခံထားတဲ့နည်းက ထာဝရရှင်သန်ခြင်းကို ရဖို့ နှလုံးသားကိုရော စိတ်ပါ လေ့ကျင့်ခြင်းပဲဖြစ်တယ်။
သူ တောက်ဆီ ခြေချမိပြီး တောက်နှလုံးသားအဖြစ် ကမ္ဘာကြီးပေါ်က မကောင်းဆိုးဝါးဝိညာဉ်တွေအကုန်လုံးကို သုတ်သင်ဖို့ဆုံးဖြတ်ခဲ့တယ်။ သူက နယ်လှည့်ကျင့်ကြံသူ…။ လူအမျိုးမျိုးတွေ့ဖူးတယ်။ လူအများရဲ့လေးစားခြင်းကိုခံရပြီး သိက္ခာကြီးမားတယ်လို့ပြောခံရတဲ့သူတွေက ကွယ်ရာမှာ မကောင်းတဲ့လုပ်ရပ်တွေ ရက်စက်လှတဲ့အပြုအမူတွေကျူးလွန်ခဲ့ကြတယ်။
အကုန်လုံးတော့မဟုတ်ဘဲ အများစုကတော့ ကျင့်ကြံဆင့်မြင့်လာလေလေ သူတို့ရင်ထဲက တကယ့်ရည်ရွယ်ချက်ကိုလွယ်လွယ်မေ့သွားခဲ့တယ်။
စိတ်ထဲက မကောင်းဆိုးဝါးတွေရဲ့ ဝန်တွေ ပိလာခဲ့တယ်။ ဒါပေမဲ့ဒီကမ္ဘာထဲကဘယ်သူကများ တစ်ကိုယ်ကောင်းဆန်တဲ့ အပြုအမူတွေကို ရှောင်ရှားပြီး ကြင်နာမှုရှိနေသေးလဲ။ သူတောင် တစ်နေ့တစ်ချိန်ကျရင် သူ့လမ်းကနေသွေဖယ်ပြီး ပျောက်ဆုံးမသွားဘူးလို့အာမ မခံနိုင်ဘူး။ ဒါကြောင့်
သူတစ်ကိုယ်တည်းကျင့်ကြံပြီး ခက်ခဲမှုတွေကိုရင်ဆိုင်မယ်ဆုံးဖြတ်ခဲ့တယ်။ မွေးရာပါဓားအစွမ်းပါလာရင်တောင် ဒီလိုကံနဲ့ မပတ်သတ်ချင်လို့ ဘယ်သူ့လက်အောက်မှ မဝင်ခဲ့ဘူး။
ဒါပေမဲ့ ရှန်းရင်ကတော့ ထူးခြားတယ်။ သူမရဲ့ကျင့်ကြံဆင့်က သူများတွေအဝေးကနေ အားကျရုံပဲ တတ်နိုင်တယ်။ ဒါတောင် သူက ဒီတောအုပ်နက်ကြီးတွေထဲမှာ တစ်ကိုယ်တည်းနေနေတယ်။ ပြီးတော့ မိစ္ဆာနယ်ပယ်ရဲ့အဝင်ဝနားမှာ။ ကျော်ကြားမှုရော ပေါကြွယ်ဝခြင်းလည်းမလိုဘူး။ သေဖို့လည်း မကြောက်ရွံ့ဘူး။ အရှားပါးဆုံးစွမ်းရည်ကတော့ တုံ့ဆိုင်းမှုမရှိတဲ့ နှလုံးသားပဲ။ သူစိမ်းတွေကိုတောင် ကူညီခဲ့တယ်။ ဒီလို ကိုယ့်ရဲ့ရည်ရွယ်ချက်ကို ထိန်းသိမ်းနိုင်တဲ့လူတစ်ယောက်အနေနဲ့- နတ်ဘုရားဖြစ်ဖို့တောင် ယှဉ်စရာမလိုတော့ဘူး
သူအမှန်တရားကို နားလည်တဲ့အခါ နှလုံးသားကနေ ခံစားချက်မျိုးစုံ ထွက်ပေါ်လာတယ်။ ဒီလိုကောက်ကျစ်တဲ့လောကကြီးမှာ ကြည်လင်တဲ့စမ်းချောင်းလိုလူမျိုးပဲ။
သူ သူမလို ဖြစ်ချင်တယ်။ သူမလိုနှလုံးသားအတိုင်း စစ်မှန်စွာ နေချင်တယ်။ ပြီးတော့ သူမလို သန်မာချင်တယ်။
“ကျွန်တော် တကယ် အကြီးအကဲဆီကနေ ကျင့်ကြံတာသင်ယူချင်ပါတယ်၊ ကျေးဇူးပြုပြီး အခွင့်အရေးပေးပါ!”
“တကယ်ကြီးပြောနေတာလား!”
ဒီလူသေချာပေါက် ခေါင်းထိထားတာပဲဖြစ်ရမယ် ငါဘာလုပ်သင့်လဲ ပြဿနာများလိုက်တာ!
“နေနဲ့လ… ကောင်းကင်နဲ့မြေကြီးကိုတိုင်တည်ရဲပါတယ်!”
“ဟဲ ဟဲ…” ရှန်းရင် နှုတ်ခမ်းတွေကွေးနေရင်းမှ ရုတ်တရက်ပြောချလိုက်တယ်။
“ငါလက်မခံဘူး!”
သူမက လှည့်ပြီး အိမ်ထဲဝင်သွားတယ်။ တံခါးကိုလည်းဆောင့်ပိတ်သွားသေးတယ်။
ဘာ… တပည့်အဖြစ်လက်ခံရမယ်တဲ့။ မူလတန်းတုန်းကတောင် သူမ နှစ်ကြိမ်ဖြေခဲ့ရတာလေ…။
o(╯□╰)o
——————————
“မြင့််မြတ်တဲ့နတ်ဒေဝါ… ကျေးဇူးရှင်လေးကဘာဖြစ်နေတာလဲ”
ယုန်ဘုရင်လေးလည်း အောင့်အီးမနိုင်တော့ပဲ အပြင်ကို လက်ညှိုးထိုးပြီးမေးလိုက်တယ်။
“သူ ဒူးထောက်နေတာ သုံးရက်ရှိပြီနော်”
“ကျေးဇူးရှင်…” ရှန်းရင် ခဏနေတော့မှ ယုန်က ယိချင်းကို ပြောနေမှန်းသိသွားတယ်။
“ဘာဖြစ်ရမှာလဲ၊ သူ ကိစ္စတွေကိုအရမ်းခက်ခဲအောင်လုပ်နေတာပဲ!”
အဲနေ့ကစပြီး ဒီလူက သူမကို မကြာခဏတောင်းဆိုနေတာ သူမတပည့်ဖြစ်ချင်တယ်ဆိုပြီး။ သူမ ဘယ်လောက် စိတ်ရှည်ရှည်ထားပြီး ချော့ချော့ တိုက်တွန်း…တိုက်တွန်း သူမလှည့်စားရင်တောင်မှ သူ့တပည့် ဖြစ်ချင်တဲ့ ဆုံးဖြတ်ချက်က မယိမ်းယိုင်သွားဘူး။ သူသုံးရက်နီးပါး ခြံဝန်းထဲ ဒူးထောက်နေတာ။ ဘာပဲဖြစ်ဖြစ် မထချင်တဲ့ပုံပဲ။ ဒါကြောင့် သူမ ခုတလော ကောင်းကောင်းတောင် အိပ်မပျော်နိုင်ဘူး။
ဟင်း…သူမသာ ကြိုသိခဲ့ရင် မုန်လာဥအများကြီး မကျွေးလိုက်ပါဘူး။ ခုတော့နောက်ဆက်တွဲ ရောဂါလက္ခဏာတွေကြောင့် ဖြစ်လာတဲ့ပုံကိုလည်းကြည့်ပါဦး။
“ဟုတ်သား၊ ငါမှာထားတဲ့ပစ္စည်းနင်ယူလာလား၊ နင်နဲ့တူတူယူလာခဲ့လား”
သူမက ယုန်လက်ထဲကနေ ခြင်းတောင်းကို ယူပြီး အထဲကိုမွှေကြည့်တော့တယ်။
“ဟုတ် ယူလာခဲ့ပါတယ် ”
ယုန်ဘုရင်က အမြန်ခေါင်းညိတ်ပြလိုက်သည်။
“ကျွန်တော် ဘယ်လိုလုပ် မြင့််မြတ်တဲ့နတ်ဒေဝါရဲ့မှာကြားချက်တွေကို မေ့ရဲမှာလဲ”
သူကခြင်းထဲကနေ အသားတွဲတွေကို ထုတ်လိုက်တယ်။ ဝက်သား သိုးသားနဲ့ အမဲသားတွေလည်းပါတယ်။
“ဒါတွေက ကျွန်တော့်ရဲ့ယုန်မြေးလေးတွေ ညတွင်းချင်း ငါးဆယ်ကီလိုမီတာအကွာက လူတွေမြို့ကို အပြေးသွားယူခဲ့တာ၊ လတ်ဆတ်ပါသေးတယ်”
“လူတွေရဲ့ မြို့လား” ရှန်းရင်က ယုန်ကို ပြန်လှည့်ကြည့်လိုက်တယ်။
ယုန်ဘုရင်က ချက်ချင်းဆိုသလိုထိတ်လန့်သွားတယ်။
“သူတို့တွေက လူအသွင်ပြောင်းလိုက်တာပါ၊ အဲဒါတွေကို တည်ငြိမ်တဲ့မိစ္ဆာတွေ ပေးထားတဲ့ပုလဲတွေနဲ့ လဲခဲ့တာပါ၊ ဒါကြောင့် သူတို့ ဘယ်သူ့ကိုမှမထိတ်လန့်စေခဲ့ပါဘူး”
“အိုး…နင်တို့ပင်ပန်းသွားပြီ”
သူမ အသားတွဲတစ်ခုကိုယူပြီး နောက်ဖေးမီးဖိုချောင်ထဲပြေးဝင်သွားတယ်။ ရက်အတော်ကြာ မုန်လာဥတွေကို စားပြီးနောက်ဆုံးတော့ အသားစားခွင့်ရခဲ့ပြီ။ အထူးသဖြင့်ဝက်သားပေါ့။
ဝက်သားဟင်းအမျိုးမျိုးသဏ္ဍာန်က သူမအတွေးထဲဖြတ်ပြေးလာတယ်။
ဝက်သားအစပ်ကြော်၊ ပဲငံပြာရည်ဝက်သားပေါင်း၊ ဝက်စွပ်ပြုတ်…
တွေးလိုက်ရုံနဲ့တင် တံတွေးမျိုချမိသွားပြီ။
ဒါပေမဲ့ ပြဿနာတစ်ခုပေါ်လာခဲ့တယ်—ဟင်းဘယ်လိုချက်ရမလဲ သူမ မသိတာပါပဲ!
ဂွီ…ဂွီ~~(╯_╰)
…