၅။ ဝှက်ထားသော ကျွမ်းကျင်မှု
မိစ္ဆာဘုရင်အနားနီးလာတော့ ယိချင်း ပိုပြီးရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။ သူ့နောက်မှာ ခပ်သေးသေး အဖြူရောင်အရိပ်တစ်သိုက် လိုက်လာတာပဲ-ဒါတခြားယုန်မိစ္ဆာတွေ! စုစုပေါင်းအကောင်ရေ နှစ်ဆယ်နီးပါး ရှိတယ်။
ဒါ အစွမ်းမြင့်တဲ့ယုန်မိစ္ဆာအုပ်ပဲ!
ယိချင်းစိတ်ဓာတ်ပိုကျသွားတယ်။ ယုန်မိစ္ဆာတစ်ကောင်တည်းနဲ့တင် သူ့အစွမ်းတွေအကုန် ထုတ်သုံးရအောင်တွန်းအားပေးနေတာ အခုလိုမိစ္ဆာအုပ်လိုက်ကြီးကျတော့…။
သူရဲ့ရွှေအမြုတေကိုဖျက်ဆီးပစ်ပြီး နောက်ဆုံးထွက်သက်အထိတိုက်ခိုက်ရမလား စဉ်းစားနေတုန်းရှိသေး မိစ္ဘာဘုရင်က သူရဲ့နားရွက်ရှည်ကြီးတွေကို ခါလိုက်တယ်။ ရုတ်တရက်သူက ပါးစပ်ကို ဖြည်းဖြည်းချင်းဖွင့်လာတယ်။ ဒါနဲ့အသံက
ချွဲပျစ်ပျစ်နဲ့ပြောနေတာလား…?
“ဒီနေရာမှာ မြင့်မြတ်တဲ့နတ်ဒေဝါရှန်းရှိလားမသိဘူး”
“မင်း…”
ယိချင်းသိုင်းကွက်တစ်ကွက်ကို ထုတ်လိုက်ပေမဲ့ ပြန်ပြီးထိန်းချုပ်ထားသေးတယ်။ သူသိုင်းကွက်ကို ပြန်လွှတ်တိုက်ခိုက်ရမလားဝေခွဲမရဖြစ်နေတယ်။
“အိုး ကျွန်တော် မြင့်မြတ်တဲ့နတ်ဒေဝါရှန်းနဲ့ ချိန်းထားလို့ပါ”
မိစ္ဘာဘုရင်က ရယ်မောရင်းရှင်းပြတယ်။ အသံက ပိုပြီးတောင် ချွဲပြစ်ပြစ်နိုင်ပြီး ရိုသေကျိုးနွံလုမတတ်ပဲ။
“မြင့်မြတ်တဲ့နတ်ဒေဝါရှန်းက အလုပ်ရှုပ်နေတာလား၊ ရပါတယ် ကျွန်တော်တို့စောင့်နိုင်တယ်”
သူက ပြောရင်း အနောက်က ယုန်အုပ်ဘက် ပြန်လှည့်လိုက်တယ် ။
သူ့လက်ဖဝါးတစ်ချက်ဝှေ့ယမ်းလိုက်တော့ အစွမ်းကြီးလှတဲ့ယုန်မိစ္ဆာတွေက ချက်ချင်းလက်ငင်း တစ်ဖြောင့်တည်းရပ်လိုက်ကြတယ်။ သူတို့တွေက အစီအစဉ်တကျ ညီညီညာညာထိုင်ရင်း တိုက်ခိုက်ဖို့ မပြောနဲ့ အမြီးတောင်မယမ်းတော့ဘူး။
ယိချင်းအနည်းငယ် စိတ်ရှုပ်သွားတယ်။ ဒါ…မိစ္ဆာတွေလား။ မိစ္ဆာတွေက နယ်နိမိတ်ဖြတ်လာတဲ့လူမှန်သမျှ စားပစ်တယ်ဆိုတဲ့ အချက်ကဘယ်လိုဖြစ်သွားတာလဲ။
Σ(°△°|||)
“ကျေးဇူးရှင်လေး၊ မကြောက်ပါနဲ့၊ ကျွန်တော်တို့တွေ အကုန်လုံးက လိမ္မာတဲ့ အရွက်စားယုန်လေးတွေပါ”
သူ့အတွေးတွေကို နားလည်တဲ့ဟန်နဲ့ ယုန်ဘုရင်က ရှင်းပြတယ်။ သူအထင်လွဲသွားမှာကို စိုးရိမ်ကြောက်ရွံ့လို့ ဆက်ပြီးရှင်းပြရှာလေရော။
“တကယ်ပြောတာပါ၊ ကျွန်တော်တို့က တခြားမိစ္ဆာတွေနဲ့မတူဘူး၊ ကျွန်တော်တို့က လူတွေကို ဘယ်တော့မှမစားဘူး”
စကားအဆုံးမှာတော့ သူက လက်သည်းတွေကိုပါ ဝှက်လိုက်ပြီး အမူရာက ပိုပြီးတောင် ယဉ်ကျေးသွားတယ်။
“…”
“ဟေး ယုန် နင်ရောက်နေပြီပဲ” ယိချင်းမှာဘာတွေဖြစ်နေမှန်း နားမလည်နိုင်သေးဘူး။ ရှန်းရင်က လက်ဆေးပြီးတော့ ပြန်ထွက်လာတယ်။ ရေစိုနေတဲ့လက်တွေကို သူ့မီးခိုးရောင်ဝတ်ရုံနဲ့ သုတ်လိုက်တယ်။
“နင်တော်တော်စောရောက်တာပဲ”
“မြင့်မြတ်တဲ့နတ်ဒေဝါ”
ယုန်ဘုရင်လေးက လျှပ်စီးစီးသွားသလိုမျိုး ခန္ဓာကိုယ်က တုန်သွားတယ်။ အစကမတ်မတ်ရပ်နေတဲ့ ယုန်ခန္ဓာကိုယ်က ချက်ချင်းဆိုသလို မြေပေါ် ချည့်ချည့်နဲ့နဲ့ လဲသွားတယ်။ တကယ်လို့သာ ယုန်ခန္ဓာကိုယ်နဲ့သာမဟုတ်ရင် ဒီမြင်ကွင်းက တကယ့်ကို ရိုသေကျိုးနွံတဲ့ပုံဖြစ်နေမှာ။
“အရှင်ခိုင်းတဲ့အတိုင်း ကျွန်တော် အရှင်လိုအပ်တဲ့ လူလုပ်အားတွေ ရှာဖွေပြီးပါပြီ”
ရှန်းရင် ပတ်ပတ်လည်ကိုလှည့်ကြည့်ပြီးမေးလိုက်တယ်။
“ဘာလို့ အကုန်လုံးက ယုန်တွေဖြစ်နေတာလဲ၊ အလုပ်ဖြစ်မယ်ဆိုတာသေချာရဲ့လား”
“မြင့်မြတ်တဲ့နတ်ဒေဝါ မစိုးရိမ်ပါနဲ့” ယုန်ဘုရင်က ခိုင်ခိုင်မာမာ ခေါင်းညိတ်လိုက်တယ်
“ကျွန်တော့်ရဲ့ယုန်တွေနဲ့ ယုန်မြေးလေးတွေက သူတို့ရဲ့အလုပ်မှာ အမြဲတမ်း ကျွမ်းကျင်ပါတယ်၊ သူတို့ကိုကိုင်တွယ်ခိုင်းလို့ ပြဿနာမတက်စေရပါဘူး”
ဒါပေမဲ့သူတို့ပုံက “…” ရှန်းရင်က ပတ်ပတ်လည်က ယုန်အုပ်ရဲ့ နှင်းလိုဖြူစွတ်နေတဲ့ လက်သည်းလေးစုံကို တစ်ချက် ဖျတ်ခနဲကြည့်လိုက်တယ်။
“အဆင်ပြေပါ့မလား”
“အိုး” ယုန်ဘုရင်က ခဏတာတော့ကြောင်သွားတယ်။ ဒါပေမဲ့ သူမ ဘာဆိုလိုမှန်း နောက်ဆုံးသဘောပေါက်သွားတယ်။
“အဆင်ပြေပါတယ်၊ သူတို့က အသွင်ပြောင်းနိုင်နေပါပြီ၊ ဒါပေမဲ့ယုန်အသွင်ကိုပဲ ကျင့်သားရနေတာ”
ဒီစကားအဆုံးမှာ ယုန်တွေအကုန်လုံး တစ်ကောင်ပြီးတစ်ကောင်ထရပ်ကြတယ်။ သူတို့တွေရဲ့ယုန်ခန္ဓာ ကိုယ်ကပြောင်းလဲသွားတယ်။ ခဏအတွင်းမှာပဲ သူတို့ရဲ့ လူခန္ဓာကိုယ်က ပေါ်လွင်လာတယ်… ယုန်ခေါင်းတွေက လွဲလို့ပေါ့။
-_-|||
ရှန်းရင်နှုတ်ခမ်းတွေတွန့်ချိုးသွားတယ်။ သူမ ဆက်မကြည့်နိုင်တော့ဘူး။
“ကောင်းပြီလေ၊ နင်တို့အပေါ်ဒုက္ခပေးမိပြီ”
သူမက သူတို့ကို အထဲဝင်လာဖို့ လက်ဝှေ့ယမ်းပြလိုက်တယ်
ယုန်ဘုရင်က ခြံဝန်းထဲယုန်အုပ်ကိုခေါ်သွားတယ်။ ယိချင်း ဒါမြင်ယောင်နေတာလားလို့တောင် မသိတော့ဘူး။ ဒါပေမဲ့ ကျေးဇူးရှင်လေးဘေးနားကနေ ဖြတ်သွားတဲ့ယုန်တွေ အကုန်လုံး မသိမသာ တုန်ယင်သွားကြတာသတိထားမိလိုက်တယ်။
“ကျေးဇူးရှင် သူတို့က… ”
ယိချင်း မေးဖို့မထိန်းနိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ ဒီယုန်မိစ္ဆာတွေကို ဖိတ်ခဲ့တဲ့သူက သူမဖြစ်နေတဲ့ပုံပဲ။
“အိုး ငါသူတို့ကို လာကူညီခိုင်းထားတာလေ”
ရှန်းရင်က အနောက်ဘက်က ကောက်ရိုးတဲအိမ်လေးကိုညွှန်ပြပြီးဆက်ပြောတယ်။
“အဲနေ့က ငါ့အိမ်လေး တစ်စစီဖြစ်သွားတာ၊ ဘယ်လိုပြင်ရမလဲမသိပေမဲ့ ကံကောင်းလို့ ဒီရက်တွေတုန်းက မိုးမရွာဘူး၊ ငါ့မှာ မနည်းနေ,နေရတယ်၊ ယုန်ပြောတာက သူအိမ်ကို ဘယ်လိုပြင်ရမလဲသိတယ်တဲ့၊ ဒါကြောင့်သူ့ကိုကူညီခိုင်းလိုက်တာ”
“…” မိစ္ဆာဘုရင်တစ်ကောင်ကို အိမ်ပြင်ဖို့ခိုင်းတယ်ပေါ့!
ယိချင်း အတော်ဆွံ့အသွားတယ်။ မိစ္ဆာတွေက သာမန်တိရစ္ဆာန်မဟုတ်ဘူး-သူတို့တွေက အမြဲတမ်းလူသားတွေရဲ့ ဆန့်ကျင်ဘင်မှာနေတာလေ။ ဘယ်လိုလုပ် လူသားတစ်ယောက် ခိုင်းတာကို ကြည်ကြည်သာသာလုပ်ပေးတာလဲ။
ဒါပေမဲ့ လျင်မြန်စွာပဲ သူနားလည်သွားတယ်။ သူတို့တကယ်ပဲလုပ်ပေးချင်စိတ်ရှိတာပဲ!
-_-|||
ယုန်အုပ်ဟာ လျင်လျင်မြန်မြန် တဲအိမ်ကိုပြင်ဆင်ကြတယ်။ အားလုံးက သူတို့ကိုယ်စီကျရာတာဝန်ကို ထမ်းဆောင်နေကြတယ်။ သစ်ပင်ခုတ်တာ၊ ကောက်ရိုးခင်းတာ၊ ထောက်တံ ဆောက်တာတွေပေါ့။ အလုပ်တာဝန်ကို သေချာခွဲပြီး ပူးပေါင်းဆောင်ရွက်သွားပုံက အပြစ်အနာအဆာ တစ်ကွက်မှမရှိ ဖြစ်နေတယ်။ ဒီအလုပ်လုပ်ဖို့ အကြိမ်ပေါင်းများစွာလေ့ကျင့်ထားတဲ့ပုံပဲ။
ယိချင်းကမေးခွန်းအပြည့်ဖြစ်နေပေမဲ့ ရှန်းရင် အင်္ကျီလက်တွေကို တည်ငြိမ်စွာပင့်တင်နေတာတွေ့တော့ သွားကူဖို့ ပြင်လိုက်တယ်။
သူမက သူတို့ကိုသွားကူပေးမလို့ပဲရှိသေး သူမနဲ့ အနီးဆုံးဖြစ်နေတဲ့ ယုန်မိစ္ဆာလေးတစ်ကောင်ရဲ့ အစွယ်တွေက ရုတ်တရက် တုန်ခါသွားပြီး သယ်နေတဲ့ထောက်တိုင်ကလည်း မြေပြင်ပေါ် ဝုန်းခနဲ ပြုတ်ကျသွားတယ်။ ရှန်းရင်က ချက်ချင်းဆိုသလို လက်နဲ့အမြန်ဖမ်းလိုက်တယ်-တခြားယုန်ပေါ်ပြုတ်ကျပိမိတော့မလို့ လက်မတင်လေး အချိန်မှီသွားခဲ့တယ်။
“နင်အဆင်ပြေရဲ့လား” သူမကလှည့်ကြည့်ပြီးမေးလိုက်တယ်။
ဒါပေမဲ့ ယုန်လေးကတော့ မျက်ရည်တွေဝဲပြီးတော့ ဒူးထောက်လိုက်တယ်။
“မြင့်မြတ်တဲ့နတ်ဒေဝါ၊ ကျေးဇူးပြုပြီးအသက်ချမ်းသာပေးပါ၊ ကျွန်တော်မရည်ရွယ်ပါဘူး တောင်း…တောင်း…တောင်းပန်ပါတယ်”
သူရဲ့ဒူးထောက်တဲ့အပြုအမူက တခြား ယုန်တွေကိုအချက်ပြသလိုဖြစ်သွားပြီး သူတို့လည်း အမြန်ဒူးထောက်ပြီး ကသုတ်ကရိုက် ကန်တော့ တော့တယ်။
ရှန်းရင်: “…” ငါကူညီပေးချင်ရုံလေးတင်ပါ၊ နင်တို့ရဲ့ အကြောက်က အဲလောက်တောင်ကြီးတာလား။
“ထားလိုက်တော့” သူမ တာဝန်ကိုလက်လွှတ်လိုက်ရသလိုခံစားရရင်း ထောင့်တိုင်ကို အနောက်က ယိချင်းဆီလွှဲပေးလိုက်တယ်။
“ရော့ နင်တို့ပဲလုပ်လိုက်တော့! ဆက်လုပ်လို့ရပြီ၊ ငါဝင်မပါတော့ဘူး…”
သူမက တစ်ဖက်ပြန်လှည့်ပြီး ခြံဝန်းရဲ့အနောက်ဘက်ကိုပြန်လျှောက်သွားတော့တယ်။ သူမစိတ်ထဲတော့ စနိုးစနောင့်ဖြစ်ပြီး အံ့သြနေမိတယ်။
သူမကအဲလောက်တောင်ကြောက်ဖို့ကောင်းတာလား။
သူမခြံဝန်းထဲက ကျောက်တုံးခုံတန်းလေးပေါ် ထိုင်ချလိုက်တယ်။ အရှေ့ကိုမှီရင်း ငပျင်းတစ်ယောက်လို အကျင့်အရ ပျင်းရိနေတော့တယ်။
မေ့ပစ်လိုက်တော့လို့ သူမကိုယ်သူမသတိပေးလိုက်တယ်။ ဘာပဲဖြစ်ဖြစ် သူမအကူအညီကို မလိုဘူးဆိုမှတော့ ရွှေ့ဖို့တောင်ပျင်းရိသွားပြီ။ နေရောင်ကတကယ်ကို့… အိပ်ဖို့အတွက်ကောင်းတာပဲ။
╮(╯_╰)╭
ဒါကြောင်မို့ နှစ်မိနစ်အတွင်းမှာပဲ ကျောက်တုံးစားပွဲဆီကနေ ဟောက်သံတွေ ကြားနိုင်ပါလေတယ်!
အသံတွေ သူတို့နားရောက်လာတာနဲ့ ယိချင်း ယုန်မိစ္ဆာ အပေါင်းအပါတွေရဲ့ သက်ပြင်းမောကြီးချသံကို ကြားလိုက်တယ်။ သူတို့တွေ အန္တရာယ်ဆိုးကြီးတစ်ခုကနေ လွတ်မြောက်သွားတဲ့ဟန်နဲ့။ သူတို့ရဲ့တဲအိမ်ပြင်တဲ့နှုန်းတောင် အင်မတန်မြန်သွားတယ်။
“ကျေးဇူးတင်ပါတယ်” ယုန်မိစ္ဆာတစ်ကောင်က သူ့လက်ထဲက တဲထောက်တိုင်ကို ယူလိုက်တယ်။ မျက်နှာမှာတော့ ကျေးဇူးတင်မှုအပြည့်နဲ့။ အခက်အခဲတစ်ခုကို အတူဖြတ်သန်းလာပြီးတဲ့ သူငယ်ချင်းတစ်ယောက်လို ဆက်ဆံနေတာအသေအချာပဲ။
“မင်းတို့အားလုံး… ဘာလို့မိန်းကလေးရှန်းကိုကြောက်ရတာလဲ”
သူ မမေးဘဲ မနေနိုင်တော့ဘူး။
“မင်းမသိဘူးလား!” ယုန်မိစ္ဆာရဲ့မျက်နှာက အံ့သြမှုအပြည့် ဖြစ်သွားတယ်-သူက မြင့်မြတ်တဲ့နတ်ဒေဝါရဲ့မိတ်ဆွေမဟုတ်လား။
ယုန်ဘုရင်ကတော့ သူဒီခြံဝန်းထဲ နေတာ တစ်လနီးပါးကြာပြီလို့ ဆိုထားသားပဲ။
“တကယ်တော့… ငါလည်းမသေချာဘူး”
ယုန်မိစ္ဆာက ဘုရင်ကိုတစ်ချက်အမြန်ခိုးကြည့်ပြီးအသံတိုးလိုက်တယ်။
ယုန်ဘုရင်ကတော့ ခေါင်မိုးပေါ်ကောက်ရိုးဖုံးနေရှာတယ်။
“ဘာလို့လဲဆိုတော့ ငါတို့ဘုရင်ပြောတာကတော့ ဒီမြင့်မြတ်တဲ့နတ်ဒေဝါက အတိုင်းအဆမရှိ ခွန်အားပိုင်ဆိုင်တယ်တဲ့လေ၊ ဘယ်သူမှ သူမရဲ့ပြိုင်ဘက် မဟုတ်ဘူးတဲ့၊ သူမဘယ်ကျင့်ကြံဆင့်ထိ ရောက်နေပြီလဲဆိုတာလည်းမသိဘူး၊ ဒီလိုလူသူဝေးရာမှာ နေလာတာ လတွေအတော်ကြာပြီတဲ့၊ ပြီးတော့နယ်ပယ်ကနေထွက်သွားပြီး လူတွေဝိညာဉ်ကို အပျော်လိုက်စားနေတဲ့မိစ္ဆာတွေကို နှိမ်နင်းတယ်လေ၊ ကြားဖူးတာကတော့ မိစ္ဆာဘုရင်ကိုးယောက်ပေါင်းတောင် သူမတစ်ချက် ထိုးကြိတ်တာမခံနိုင်ဘူးတဲ့၊ ဒါကြောင့် မြင့်မြတ်တဲ့နတ်ဒေဝါကို ဒေါသမထွက်စေဖို့ ငါတို့ဘုရင်က အတန်တန်မှာထားတာ”
ယိချင်းနားထောင်လေလေ မျက်လုံးတွေ ပိုပြူးလာမိလေလေပဲ။ သူ မိန်းကလေးရှန်းကို ဒီလောက်ထိ…မမျှော်မှန်းထားမိဘူး။ မဟုတ်ဘူး အကြီးအကဲရှန်းက ဒီလိုခံ့ညားတဲ့သူလား။ ရုတ်တရက် သူဒဏ်ရာအကြီးအကျယ်ရပြီး ဒီကိုပြုတ်ကျလာခဲ့တဲ့နေ့ကို သတိရမိသွားတယ်။ လွေ့မိတစ်ကိုယ်လုံး ထိုးကြိတ်ခံခဲ့ရတာလေ။ အစကသူ့မျက်လုံးတွေ လှည့်စားတာလို့ ထင်ခဲ့မိပေမဲ့ အခုတော့ တကယ်ဖြစ်ခဲ့တာတဲ့လား။
သေချာတွေးကြည့်တော့ သူနိုးလာပြီးနောက်ပိုင်း လွေ့မိ အရိပ်အယောင်မတွေ့ရတော့ဘူး။ သူက ရွှေအမြုတေ ကျင့်ကြံဆင့်မှာ။ ဒါကြောင့် ဓားသိုင်းမှာသူနဲ့အတူ ကျင့်ကြံဆင့်တူတဲ့သူပဲဖြစ်ဖြစ်၊
နတ်ဝိညာဉ်တည်အဆင့်ကျင့်ကြံသူက လာကူတာက လွဲရင် ဘယ်သူကမှ သူ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး။
တကယ်လို့ ရှန်းရင်သာ ကျင့်ကြံခြင်းမရှိတဲ့ သာမန်သေမျိုးဆိုခဲ့ရင် အဲမကောင်းဆိုးဝါးကောင်ရဲ့ ရက်စက်မှုကနေလွတ်ဖို့လမ်းမရှိဘူး။
သူ ကျောက်တုံးစားပွဲပေါ်လှဲနေတဲ့လူကို အနီးကပ်ကြည့်မိတယ်။ သွားရည်တတောက်တောက်နဲ့ အားရပါးရဟောက်နေပုံက အထင်ကြီးစရာတော့ မကောင်းလှဘူး။ ဝိညာဉ်ချီပိုင်ဆိုင်တဲ့ လက္ခဏာလည်း မရှိ။ ဒီတိုင်းအားနည်းတဲ့ သေမျိုးတစ်ယောက်ပုံပဲ။
ဒီလိုအခြေအနေက နှစ်မျိုးပဲ ဖြစ်နိုင်တယ်။
တစ်ခုက သူမက တကယ့် သေမျိုးစစ်စစ်။ ဒုတိယကတော့ သူမက အင်မတန်မြင့်မားတဲ့ ကျင့်ကြံဆင့်ကို ပိုင်ထားတယ်။ ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ဒါမှမဟုတ် ဒီထက်မြင့်တဲ့အဆင့်ပဲ ဖြစ်ရမယ်။ ဒီအဆင့်တွေက သူမကို အရိုးရှင်းဆုံး အသန့်ရှင်းဆုံးပုံစံဆီ ပြန်လည်ရောက်ရှိစေပြီး ဝိညာဉ်ချီကို လွယ်လင့်တကူ ထိန်းချုပ်စေနိုင်တယ်။ သာမန်လူတွေပြောဖို့ မတတ်နိုင်ဘူး။
ဒီယုန်တွေပြောပုံအရဆိုရင်တော့ သူမက သေချာပေါက်ဒုတိယအမျိုးအစားပဲ ဖြစ်မယ်။
ယိချင်းရဲ့နှလုံးသားက စိတ်လှုပ်ရှားမှုကြောင့် ရုတ်တရက် လှုပ်ရှားသွားတယ်။ သူ့ရဲ့ငြိမ်သက်နေတာ ကြာပြီဖြစ်တဲ့ နှလုံးသားဓားတောင် စိတ်လှုပ်ရှားမှုကြောင့်တုန်ခါခဲ့တယ်။
ဒါက ထူးချွန်သူတစ်ယောက်ပဲ။ ဘယ်သူမှအထင်သေးလို့မရတဲ့လူတစ်ယောက်ပေါ့။
တစ်ချိန်တည်းမှာပဲ အိပ်မက်လှလှလေးထဲနစ်မြောနေတဲ့ ဆရာကြီးရှန်းဟာ နှုတ်ခမ်းတွေကို ဆတ်ခနဲဖွင့်လိုက်ပြီး မသိစိတ်ကနေ အိပ်မက်ထဲစကားပြောတော့တယ်။
“ဟီး ဟီး ပဲငံပြာရည်နဲ့ပေါင်းထားတဲ့အသားပေါင်း…
စီချွမ်းအချဥ်ရည်နဲ့ ကြက်သား…စီချွမ်းပဲပေါင်း…”
ယိချင်း: “…”
အိုး …ဒါ အင်မတန်အဆင့်မြှင့်ထားတဲ့ ဓမ္မတောက် အမျိုးအစားပဲဖြစ်ရမယ် အဲလိုပဲဖြစ်ရမယ်၊
(ˇˍˇ)
…