AAML

အပိုင်း (၁၉)

အခန်း (၁၉)

ချီရှို့နှင့်အတူ အချိန်တစ်ခုကြာ နှစ်ယောက်တွဲ ဝင်တိုးနေပြီး ကိုးပွဲဆက်တိုက် အနိုင်ရရှိသွားပြီးနောက် ယဲ့ရှောင်းယန်က အချိန်ကို ကြည့်လိုက်လေရာ နေ့လည်၁၂ခွဲနေပြီ ဖြစ်ကြောင်း မြင်လိုက်ရသည်။ သူက သူ၏အနည်းငယ် အကြောတက်နေသည့် လည်ကုတ်ကို ပွတ်ပြီးနောက် ကြည့်ရှုသူများကို ပြောလိုက်သည်။

“အားလုံးပဲ နေ့လည်စာ သွားစားကြပါတော့ ငါ ၂နာရီနားမယ်။ ညနေမှ ဆက်ပြီး ကြိုးစားကြတာပေါ့”

သူက Streaming အခန်းကို ထိုနေရာတွင် ရပ်တန့်ထားလိုက်ပြီးနောက် သူဌေးထံမှ လာသော သီးသန့်စာကို မြင်လိုက်ရသည်။

ဂျန်ဂဲလာနံပါတ်8: [ရှောင်ပိုင် မင်း အချိန်ပြည့် Streamer ဖြစ်ဖို့ ကြံစည်နေတာလား]

Streamer တစ်ယောက်နှင့် ကျွမ်းကျင် Esport ကစားသမားဆိုသော လမ်းကြောင်းက မတူသော သက်မွေးမှုလမ်းကျောင်း ဖြစ်သည်။ အားစိုက်ထုတ်သော အခြေအနေမျိုးကလည်း မတူညီချေ။ ချီရှို့က ရှောင်ပိုင်၏ပန်းတိုင်ကို မပြောနိုင်သေးချေ။ အကယ်၍ သူက Streamer တစ်ယောက် ဖြစ်ချင်သည်လား၊ သို့မဟုတ် ပရိုဘက်သို့ လိုက်မည်လား မသေချာသေးချေ။

ယဲ့ရှောင်းယန်က စနောက်သော လေသံဖြင့် ပြန်ဖြေလိုက်သည်။

“ငါ လက်ရှိအချိန်မှာ မှော်ဆရာသုံးမျိုးကိုပဲ ကစားတတ်သေးတယ်။ ငါ့ဟီးရိုး Pool ကလည်း ရေဇလုံထက်တောင် တိမ်ပါသေးတယ်။ အသူရာအရှင်သခင်ကို နေရှင်နယ်လီဒါဘုတ်ကို ဝင်အောင် အရင်လုပ်လိုက်မယ်။ ပြီးမှ ဆက်တွေးကြတာပေါ့”

ထိုစကားကို ကြားသောအခါ ချီရှို့က အကြံပြုချက် ပို့လာသည်။

:[တကယ်တော့ ဟီးရိုးတွေကို လေ့ကျင့်ဖို့ ပိုမြန်တဲ့ နည်းလမ်းရှိတယ်]

ယဲ့ရှောင်းယန်က စိတ်ဝင်စားသွားသည်။

“အို..”

ချီရှို့: [စင်မြင့်ပေါ်တက်ပြီး 1v1 ကစားတာပဲ။ ဒါက ဟီးရိုးရဲ့ Skill တွေနဲ့ ကစားတဲ့စတိုင်ကို ရင်းနှီးကျွမ်းဝင်ဖို့ အမြန်ဆုံးနည်းလမ်းပဲ]

ယဲ့ရှောင်းယန်က တစ်ခဏခန့် စဉ်းစားကြည့်ပြီးနောက် သဘောတူသလို ခေါင်းညိတ်လိုက်သည်။

“ဒါလည်း ဟုတ်တာပဲ။ အဆင့်တက်တဲ့ ပြိုင်ပွဲတွေက အနည်းဆုံးမိနစ်၂၀ တော့ကြာတယ်။ 1v1 ဂိမ်းတွေက ၂မိနစ် ၃မိနစ်လောက်ပဲ ကြာမှာ နောက်ပြီး ဟီးရိုးအမျိုးမျိုးက ဘယ်လို ကွာခြားတယ်။ အချင်းချင်း ဘယ်လို ရင်ဆိုင်ရသလဲဆိုတာကိုလည်း နားလည်သွားမှာပဲ”

: [ငါနဲ့အတူ အလှည့်အနည်းငယ်လောက် 1v1 သွားဖို့ စိတ်ဝင်စားလား]

1v1 သွားသည် ဆိုသော စကားက ကစားသမားတစ်ယောက်၏ အစစ်အမှန် စွမ်းအားကို စမ်းသပ်ရန် အလွယ်ကူဆုံး နည်းလမ်းဖြစ်ပြီး သူတို့၏ စကေး လယ်ဗယ်ကို တိုင်းတာနိုင်သည်။ သည်နည်းအားဖြင့် သူတို့၏ဟီးရိုးအပေါ် မည်မျှ နားလည်ထားကြောင်းကိုလည်း တွက်ချက်နိုင်မည် ဖြစ်သည်။

ချီရှို့က ယဲ့ရှောင်းယန်၏ အသင်းထဲမှ ထွက်ပြီးနောက် စင်မြင့်Mode ခလုတ်ကို နှိပ်လိုက်သည်။ သူက အခန်းတစ်ခု ဖန်တီးလိုက်ပြီးနောက် ရှောင်ပိုင်ကို အထဲသို့ invite လိုက်ကာ စာရိုက်ပြီး ပြောလိုက်သည်။

: [ဝင်လာခဲ့]

: [ငါ့ရဲ့ လုပ်ကြံသတ်ဖြတ်သူတွေက မင်းရဲ့ အသူအရာအရှင်ကို Solo Kill နိုင်မလား ကြည့်ရအောင်]

ယဲ့ရှောင်းယန်က ပျော်ရွှင်စွာဖြင့် ဖိတ်ကြားမှုကို လက်ခံလိုက်သည်။ သူကစားခဲ့ဖူးသမျှက အဆင့်နိမ့်ကစားပွဲများ ဖြစ်နေပြီး ရန်သူ၏ လုပ်ကြံသတ်ဖြတ်သူများက သူ့ကို မချိန်းခြောက်နိုင်ခဲ့ချေ။ အားလုံးကို သူက ကိုယ်ပိုင်ခါးမှာ တပ်ထားသော ခါးပတ်ကဲ့သို့ ကိုင်တွယ်နိုင်စွမ်း ရှိနေခဲ့သည်။ ဒီနေ့ တွေ့ရသော ထိုသူဌေးကမူ အဆင့်မြင့်စကေးကို ထုတ်ပြနိုင်ခဲ့သည်။ ထို့ကြောင့် 1v1 ကစားချင်းက သူ၏အချိန်ကို အကုန်နှုန်း မြန်ဆန် သက်သာစေပေလိမ့်မည်။

ယဲ့ရှောင်းယန်က ထိုစင်မြင့်အခန်းထဲသို့ ဝင်လိုက်သည့် အချိန်တွင်ပင် ဖန်သားပြင်တွင် ပေါ်လာသော စာကြောင်းကို မြင်လိုက်ရသည်။

[မင်းရဲ့သူငယ်ချင်း ဂျန်ဂဲလာနံပါတ်8 က မင်းကို လက်ဆောင်တစ်ခု ပို့လိုက်တယ်။ ကျေးဇူးပြုပြီး Inbox မှာ စစ်ကြည့်ပါ]

ယဲ့ရှောင်းယန်က တစ်ခဏခန့် အေးခဲသွားသည်။

“လက်ဆောင် ဟုတ်လား ဘာလဲ”

ချီရှို့က စာရေးပြီး ပို့လာသည်။

[အသူရာအရှင်ရဲ့ ဒဏ္ဍာရီလာ Skin သွေးလက်စားချေသူပဲ၊ သူ Skin က အသူရာအရှင်ရဲ့ Skill တွေကို Special effect (အထူးပြုလုပ်ချက်) ထုတ်ပေးနိုင်တယ်။ ဒီတော့ ကြုံရာ Skin တွေထက် စာရင် ပိုပြီး ချောချောမွေ့မွေ့ သုံးနိုင်တယ်။ စမ်းကြည့်ပါလား]

စစ်နတ်ဘုရားများက ဟီးရိုးအသစ် ထုတ်ချိန်တိုင်း ထိုဟီးရိုးအတွက် skin များကိုလည်း ထုတ်ပေးလေ့ ရှိသည်။ ကစားသမားများက ကစားချိန်တွင် သူတို့ အသုံးပြုချင်သည့် Skin များကို ရွေးချယ်နိုင်သည်။ မတူသော skinများက ဟီးရိုးများကို မတူသော ပုံစံအဖြစ် ပြောင်းပေးနိုင်သည်။ သို့သော် သူတို့၏ ဇယားကို သက်ရောက်မှု မရှိပေ။ ယဲ့ရှောင်းယန်က အသူရာအရှင်ကို ကြုံရာSkin ဖြင့် အသုံးပြုနေမိခြင်း ဖြစ်သည်။ ထို့ကြောင့် အသူရာအရှင်က အနက်ရောင်ဝတ်ရုံ ခြုံထားသော မှော်ဆရာတစ်ယောက် အဖြစ်သာ ပေါ်သည်။

ယဲ့ရှောင်းယန်က ထိုskin အသစ်ကို ပြောင်းလိုက်ပြီးနောက် အသူရာအရှင်၏ ဝတ်ရုံက အနီအနက် တွဲစပ်ထားသော မှော်ဝတ်ရုံ ဖြစ်သွားသည်။ အပေါ်မှ ခေါင်းစွပ်ကြီးကလည်း ပျောက်ကွယ်သွားပြီး အသူရာအရှင်၏ မျက်နှာကို အုပ်ထားသော မျက်နှာဖုံးအဖြစ် ပြောင်းလဲသွားသည်။ ထိုမျက်နှာဖုံးကို‌ သွေးနီရောင် သင်္ကေတများဖြင့် အလှဆင်ထားသည်။ အရင်ဦးခေါင်းခွံများပါသော တုတ်တံအဟောင်းကလည်း ပျောက်ကွယ်သွားလေပြီ။ အနီရောင်သလင်းလုံးက ပေါ်လာသည်။ သလင်းလုံးထဲတွင်လည်း သွေးနီရောင်မြူများက ရစ်ဆိုင်းလျက် ရှိနေသည်။ ထို့ကြောင့် သွေးလက်စားချေသူ ဟူသော နာမည်နှင့် အသူရာအရှင်က အမှတ်အသားများကို ထုတ်လိုက်သောအခါ ဖန်သားပြင်မှ အထူးပြုလုပ်ချက်များ၏ ပေါက်ကွဲနိုင်စွမ်းအားကြောင့် ယခင်ကြုံရာ skin ထက်ပင် ပို၍ မျက်စိကျိန်းမတတ် တောက်ပသွားလေသည်။

ယဲ့ရှောင်းယန်က ထိုSkinကို အလွန်သဘောကျသွားသည်။ သူက စာရိုက်ပို့လိုက်သည်။

[ကျေးဇူးတင်ပါတယ် သူဌေး၊ ဒီSkin အသစ်က တော်တော်လေး လန်းတာပဲ]

ချီရှို့: [ငါ့ကို ကျေးဇူးတင်ဖို့ မလိုဘူး။ ဒီအတိုင်းပဲ skin အသစ်နဲ့ 1v1 စမ်းကြည့်ကြမလား]

ယဲ့ရှောင်းယန် [သေချာတာပေါ့]

နှစ်ယောက်လုံးက အဆင်သင့်ဆိုသော ခလုတ်ကို နှိပ်လိုက်ပြီးနောက် မြေပုံက ချက်ချင်းလိုလို Loading လုပ်တော့သည်။

1v1 မြေပုံက အလွန်ရိုးရှင်းသည် လမ်းတစ်ခုတည်းသာ ရှိပြီး မြေပုံအလယ်သို့ တိုက်ရိုက် ပြေးဆင်းသွားနိုင်သည်။ ထို့အပြင် ထိုမြေပုံတွင်လည်း ဟီးရိုးများ၏ တည်ရှိမှုကို ဖုံးကွယ်ပေးနိုင်သည့် ချုံပုတ်အနည်းငယ်နှင့် သစ်ပင်အနည်းငယ်သာလျှင် ရှိသည်။ 1v1မှ အနိုင်ရသူက နည်းလမ်းနှစ်ခုဖြင့် ဆုံးဖြတ်နိုင်သည်။ ထိုကစားသမားက တစ်ဖက်သူကို သတ်လိုက်၍ အနိုင်ရသွားခြင်း ဖြစ်စေ။ ကစားသမားက တစ်ဖက်သူ၏ အခြေစိုက်သလင်းစခန်းကို ဖျက်ဆီးနိုင်ခြင်းဖြင့် ဖြစ်စေ အနိုင်ရနိုင်သည်။ 1v1 ကစားလျှင် အနိုင်ယူမည့် နည်းလမ်းကို သူတို့၏ ယှဉ်ပြိုင်ပွဲ မစခင်ကတည်းက ဆုံးဖြတ်ထားပြီး ဖြစ်လို့ရသည်။

လုပ်ကြံသတ်ဖြတ်သူနှင့် မှော်ဆရာက မျက်နှာချင်းဆိုင်သောအခါ အခြေစိုက်စခန်းသို့ တိုက်ခိုက်ရန် မလိုအပ်တော့ချေ။ ယဲ့ရှောင်းယန်က ရိုးရှင်းစွာ အကြံပြုလိုက်သည်။

[ဘယ်သူပဲ ဖြစ်ဖြစ် တစ်ဖက်သူရဲ့ခေါင်းကို 1st kill ယူနိုင်တာနဲ့ နိုင်တယ်။ ဘယ်လိုလဲ]

ချီရှို့ [ရတာပေါ့]

ကစားပွဲက စတင်သည်။ မီနီယံများကလည်း မျက်နှာချင်းဆိုင် အခြေစိုက်စခန်းနှစ်ခုမှ စတင်ကာ ထွက်ပေါ်လာကြပြီး အလယ်တွင် ဆုံရန် ချီတက်လာကြသည်။ ကစားသမားနှစ်ယောက်က ထိုမီနီယံများကို သတ်ခြင်းဖြင့် အဆင့်တက်ရမည် ဖြစ်သည်။

ယဲ့ရှောင်းယန်က သူဌေး၏ ကိုင်တွယ်သည့် စွမ်းရည်က အလွန်ကောင်းကြောင်း သိလိုက်ရသည်။ သူက သူ၏အရိပ်များကို သုံးပြီး ပြိုင်ဘက်ကို နေရာမှ လွှတ်ထွက်အောင် လုပ်ခဲ့သည့်တိုင်အောင် သူ၏ ပြိုင်ဘက်က မီနီယံတစ်ယောက်ကိုမှ မလွှတ်သွားခဲ့ပေ။ သူဌေးက မီနီယံများ၏ HPကို တွက်ချက်ရာတွင် အလွန်တော်ပြီး နောက်ဆုံး Blow ကို အရယူနိုင်သည်။ သည်နည်းအားဖြင့် သူက ထိုskill များကို အသုံးပြုရာတွင် မည်မျှ ကျွမ်းကျင်ကြောင်း သိသာစေခဲ့သည်။

အဆင့်မြင့် ကစားသမားများအနေဖြင့် ကိုယ်ပိုင်မီနီယံများကို ပျိုးထောင်ပေးပြီး ရန်သူ၏ မီနီယံများကို သတ်ဖြတ်ခြင်းဖြင့် လေ့ကျင့်သော အခြေအနေက မထူးခြားပေ။ ယဲ့ရှောင်းယန်က များများစားစား တွေးမနေတော့ချေ။ သူက ကွန်ပျူတာ မော်နီတာကိုသာ အားစိုက်ကြည့်လိုက်ပြီး ဆက်လက်ပြီး ရိတ်သိမ်းနေလိုက်သည်။ သူက ရွှေလုံလောက်အောင် စုဆောင်းပြီးနောက် သူ့ဟီးရိုးအတွက် Boots Cooling ကို ဝယ်လိုက်သည်။ ထိုအရာက အရှိန်နှုန်း မြင့်ပေးနိုင်စွမ်း ရှိသည့်အပြင် ယာယီအားဖြင့် အသုံးမပြုနိုင်ဘဲ ရပ်ဆိုင်းထားရသည့် ကာလကိုလည်း တိုတောင်းသွားစေခဲ့သည်။

မှော်ဆရာများက အကွာအဝေးရှည် တိုက်ခိုက်နိုင်စွမ်းအားရှိပြီး လုပ်ကြံသတ်ဖြတ်သူများက အကွာအဝေးတို တိုက်ခိုက်နိုင်စွမ်းအား ရှိသည်။ ယဲ့ရှောင်းယန်ကမူ အစောပိုင်းဂိမ်းတွင် အလွန်အားသာချက် ရရှိထားသည်။ သို့သော် သိပ်မကြာခင် တစ်ချိန်တည်းလိုလို ဟီးရိုးနှစ်ခုလုံးထံမှ အလင်းတန်းများက ထွက်ပေါ်လာသည်။ ထို့ကြောင့် သူတို့ နှစ်ယောက်လုံးက အဆင့်ခြောက်သို့ ရောက်သွားသည်။

ထိုအချိန်တွင် ယဲ့ရှောင်းယန်၏ အသူရာအရှင်သခင်က HP ၈၀ရာခိုင်နှုန်း ကျန်သေးသည်။ ချီရှို့၏ သွေးစွန်း လုပ်ကြံသတ်ဖြတ်သူကမူ HP ၅၀ရာခိုင်နှုန်းသာ ကျန်တော့သည်။ ယဲ့ရှောင်းယန်က မည်သို့ပင် ကြည့်နေစေကာမူ သူက ရန်သူကို သတ်နိုင်မည်မှာ သေချာနေလေသည်။

ယဲ့ရှောင်းယန်က အဆုံးအဖြတ် တိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။ သူက ချောမွေ့စွာဖြင့် Key များကို ရိုက်လိုက်ပြီးနောက် သူ၏skill ကို ထုတ်ဖော်လိုက်သည်။ ထို့နောက် အရိပ်သုံးခုက လေအလျင်လို အရှိန်နှုန်းဖြင့် ဖန်သားပြင်ပေါ် ဖြတ်သန်းသွားခြင်းကို ကြည့်နေလိုက်သည်။ ထိုအရိပ်များက လုပ်ကြံသတ်ဖြတ်သူ၏ ဘေးနားတွင် ပေါ်လာသည်။ ထို့အပြင် အသူရာအမှတ်အသားသုံးခုကလည်း ချက်ချင်းလိုလို လုပ်ကြံသတ်ဖြတ်သူ၏ ကိုယ်ပေါ်ကျ ပြီးသား ဖြစ်သွားသည်။ အမှတ်အသားကို ပြုပြီးနောက် ယဲ့ရှောင်းယန်က သူ၏ ult ကို သုံးလိုက်သည်။ သို့ရာတွင် သူ၏ ဖန်သားပြင်တွင် စာတစ်ကြောင်းက ပေါ်လာသည်။

တားဂတ်ပျောက်ဆုံးသွားပါပြီ

ယဲ့ရှောင်းယန်က အေးခဲသွားသည်။ ထို့နောက် သူ၏ကိုယ်ပေါ်တွင် ပေါ်လာသော သွေးနီရောင်ဓားမြောင်၏ သင်္ကေတကိုသာ မြင်လိုက်ရသည်။ သူက သတိလက်လွှတ် ရှောင်ရန် ကြိုးစားချင်သော်လည်း သို့သော် တစ်ဖက်သူကမူ အလွန်အမင်း ချောမွေ့ကာ မြန်ဆန် ဖျတ်လတ်လွန်းနေခဲ့သည်။ ထိုလုပ်ကြံသတ်ဖြတ်သူက သူ၏အနောက်သို့ ချောမွေ့စွာ ရောက်ရှိလာပြီးနောက် ထက်ရှသောဓားဖြင့် သူ၏ကိုယ်အတွင်းသို့ ထိုးသွင်းသွားကာ သွေးများကို စက်ဝိုင်းခြမ်းပုံစံဖြင့် ထွက်သွားစေသည်။ အသူရာအရှင်၏ HPက ချက်ချင်းလိုလို ‘၀’ ဖြစ်သွားသည်။

တစ်စက္ကန့်တည်းနဲ့လား..

ရှုံးသွားကြောင်း အော်လာသည့် မီးခိုးရောင် စကားလုံးကို မြင်ပြီးနောက် ယဲ့ရှောင်းယန်က စာရိုက်ပို့လိုက်သည်။

[မင်းက ဒီလို အခြေအနေတောင် လုပ်နိုင်တာလား]

ချီရှို့က စာပြန်ရိုက်သည်။

[မင်းက သတိလက်လွှတ် နိုင်တာကိုး.. သွေးစွန်း လုပ်ကြံသတ်ဖြတ်သူရဲ့ စွမ်းရည်က ကိုယ်ဖျောက်လို့ ရတယ်လေ။ ငါက မင်းရဲ့စကေး သုံးမဲ့အချိန်ကို ခန့်မှန်းထားတာ ဒါကြောင့် မင်းရဲ့ ultကို အလကား ဖြစ်စေလိုက်တာပေါ့။ ဒီလိုနဲ့ မင်းကို သတ်နိုင်သွားတာပဲ]

ယဲ့ရှောင်းယန်က ပြန်၍ ချီးကျူးသည်။

[မင်းရဲ့ခန့်မှန်းတဲ့ စကေးက တော်တော်လေး အားပြင်းတယ်]

သူက လုပ်ကြံသတ်ဖြတ်လာခြင်း ဖြစ်သည်။ သူက ပြိုင်ဘက်ကို စက္ကန့်ပိုင်းအတွင်း နိုင်မည်ဟု ထင်ခဲ့မိသေးသည်။ သို့သော် အဆုံးတွင် သူ့တွင် လုပ်ကြံသတ်ဖြတ်သူကသာ သူ၏ ပုံရိပ်ယောင်စကေးကို သုံးပြီး ချော်ထွက်ကာ ယဲ့ရှောင်းယန်၏ ultကို ရှောင်လိုက်နိုင်သည်။ တစ်ဖန်တိုက်ခိုက်သည့်အနေဖြင့် ယဲ့ရှောင်းယန်က ချက်ချင်း ခုန်ပျံကျော်လွှားသော စကေးကို အသုံးမပြုခင်မှာတင် အသက်ကို ယူဆောင်ခံလိုက်ရသည်။

ချီရှို့က စာပြန်ရိုက်သည်။

[သွေးစွန်းလုပ်ကြံသတ်ဖြတ်သူက solo kill ပိုင်းမှာ အရမ်းကို လုပ်နိုင်စွမ်းအား မြင့်မားတဲ့ လုပ်ကြံသတ်ဖြတ်သူ ဟီးရိုးတစ်ကောင်ပဲ။ ဒါ့အပြင် သူက ခုခံနိုင်စွမ်းအား မြင့်တယ်။ သူ့ရဲ့ HPက နည်းလေလေ သူ့ရဲ့တိုက်ခိုက်နိုင်စွမ်းအားက မြင့်လေလေပဲ။ ဒါကြောင့်မို့ သွေးစတေးခံ ဟီးရိုးလို့တောင် ခေါ်ကြသေးတယ်]

ယဲ့ရှောင်းယန် [666]

အစစ်အမှန် ကျွမ်းကျင်ပညာရှင်နဲ့ ဆုံရမှသာ ယဲ့ရှောင်းယန်က သူ၏သည်ဂိမ်းကို နားလည်နိုင်စွမ်းအား မည်မျှ နိမ့်နေသေးကြောင်း သိလိုက်ရသည်။

ဟီးရိုးတိုင်းကို မှတ်စုယူပြီးနောက် သူတို့၏ skill နှင့် အခြေအနေများကို သိလာခဲ့သည်။ သို့သော် သူက ယေဘူယျသာ နားလည်ထားခြင်း ဖြစ်နေသေးသည်။ ဟီးရိုးအယောက်တစ်ရာကျော်၏ စကေးများကို အချိန်တိုအတွင်း မမှတ်နိုင်သေးချေ။ သူက အလယ်လမ်းဟီးရိုးများကိုသာ အဓိက အာရုံစိုက်ထားရသည်။ ထို့ကြောင့် သွေးစွန်းလုပ်ကြံသတ်ဖြတ်သူနှင့် တစ်ကြိမ်မျှပင် မကစားဖူးသေးချေ။ ထို့ကြောင့် ထိုဟီးရိုး၏ လှည့်ကွက်များကို မသိသည်မှာ အံ့ဩစရာ မရှိချေ။ သို့သော် သူဌေးက ပရိုဂျန်ဂဲလာတစ်ဘောက် ဖြစ်နေသည်။ သူ၏ ချိန်ကိုက်သတ်ဖြတ်နိုင်စွမ်းရည်က အလွန်တိကျသည်။

ထို့အပြင် ယဲ့ရှောင်းယန်က သူ၏ultကို သုံးလိုက်သည့် တစ်ချိန်တည်းလိုလို ကိုယ်ပျောက်သည့်စွမ်းရည်ကို ထုတ်သုံးနိုင်ခြင်းအားဖြင့် အနောက်သို့ ချက်ချင်းလိုလို ရောက်လာသေးကာ သူ့ကို သတ်ဖြတ်နိုင်ခဲ့သေးသည်။ ထိုကဲ့သို့ ကြောက်စရာကောင်းသော ဂျန်ဂဲလာက အားနည်းသော ဟီးရိုးတစ်ယောက်၏ အိပ်မက်ဆိုး ဖြစ်ပေလိမ့်မည်။

ချီရှို့က ဆက်ရိုက်သည်။

[သွေးစွန်းလုပ်ကြံသတ်ဖြတ်သူက solo kill အတွက် Damage အများအပြားကို ကိုင်တွယ်နိုင်တယ်။ ဒါပေမဲ့ သူ့မှာ အားနည်းချက် တစ်ခု ရှိတယ်။ သူ အသင်းတိုက်ပွဲမှာ ကောင်းကောင်း မလုပ်နိုင်တာပဲ။ ဒါကြောင့် အလွယ်တကူ သေလွယ်တယ်]

ယဲ့ရှောင်းယန်က အနည်းငယ် တွေးတောလိုက်ပြီးနောက် ပြန်ရိုက်လိုက်သည်။

[တကယ်လို့ သူကသာ HPနိမ့်သွားမှ ပေါက်ကွဲဖို့ လိုအပ်တာမျိုး ဖြစ်နိုင်လို့လား။ သူ့ရဲ့ ပျက်စီးနိုင်တဲ့ အပြင်ပိုင်းစွမ်းအားက ဒဏ်ရာရသွားတဲ့အချိန်မှာ အမြင့်ဆုံးပဲ။ အသင်းလိုက် တိုက်ပွဲတွေမှာ AoE တွေက များလွန်းလို့ အဖွဲ့လိုက် ထိန်းချုပ်တဲ့Skill ကို အဓိက ထားသုံးရတယ်။ ဒီတော့ သူ့အတွက် အခွင့်ကောင်းရှာဖို့ ခက်မယ် မဟုတ်လား]

ချီရှို့ [ဟုတ်တယ် သူက အသင်းလိုက်တိုက်ပွဲတွေမှာ HP အပြည့်သာ ရှိနေရင် Damage ကို ထုတ်မသုံးနိုင်ဘူး။ သူက ဒဏ်ရာရသွားခဲ့ရင် သူ သတ်ခံရဖို့ကလည်း လွယ်ကူသွားပြန်ပြီ]

ထိုသို့သော လုပ်ကြံသတ်ဖြတ်သူမျိုးက ကစားသမား၏ ဂိမ်းအပေါ် မြင်နိုင်စွမ်းအားကို အလွန်မြင့်ထားရန် လိုအပ်စေသည်။ အသင်းဖော်တစ်ယောက်က အသင်းလိုက်တိုက်ပွဲသို့ ဝင်ရောက်လိုက်သည်နှင့် အတိအကျပင် လုပ်ကြံသတ်ဖြတ်သူက မည်သည့်အချိန်တွင် ခုန်ဝင်လာမည် ဖြစ်ကြောင်း မသိနိုင်သဖြင့် အချိန်ပြည့် သတိထားရန် လိုအပ်လေသည်။ သူကသာ အစောပိုင်း ခုန်ဝင်သွားခဲ့မည် ဆိုလျှင် တစ်စက္ကန့်အတွင်း သေဆုံးသွားနိုင်သေးသည်။ သူကသာ နောက်ကျသွားခဲ့လျှင်လည်း အသင်းဖော်များအားလုံးက သေဆုံးပြီးလောက်လေပြီ။ ထို့နောက် သူက တခြားသူများ၏ အလောင်းကို ကောက်ရန်သာ ရှိပေတော့မည်။

ယဲ့ရှောင်းယန်က အဆင်သင့်ခလုတ်ကို တစ်ဖန် ထပ်ဖိလိုက်ပြီး စာပြန်ရိုက်လိုက်သည်။

[ထပ်ဝင်ရအောင်]

သူက ဒုတိယတစ်လှည့်တွင် ပို၍ သတိထားလာသည်။ သူက လုပ်ကြံသတ်ဖြတ်သူကို ချက်ချင်းသတ်ဖြတ်ရန် မကြိုးစားခဲ့ချေ။ သို့ရာတွင် သွေးစွန်းလုပ်ကြံသတ်ဖြတ်သူက ကိုယ်ပိုင်HPကို စတေးသော စကေးတစ်မျိုးကို ပိုင်ဆိုင်ထားပြန်သည်။ ထိုအရာက သွေးစတေးဟီးရိုးဆိုသော ကဏ္ဍကို အောင်မြင်စွာ သရုပ်ဖော်သွားခြင်း ဖြစ်သည်။ ထို့ကြောင့် သူက တစ်ဖက်လူကို မတိုက်ခိုက်လျှင်ပင် သူက ဒုက္ခရောက်အုံးမည် ဖြစ်သည်။

ထိုကဲ့သို့သော ဟီးရိုးမျိုးက အလွန်အမင်း ကိုင်တွယ်ရ ခက်ခဲသည်။ သူ့ကို တိုက်ခိုက်လျှင်လည်း သူ့ကို တစ်ခါတည်း မဆွဲချနိုင်ချေ။ တစ်ဖန်ပြန်လှည့်ပြီး သူ့ရဲ့ကျန်ရစ်နေသော နိမ့်ကျသွားသည့် HPအနည်းငယ်ဖြင့် ကိုယ့်ခေါင်းကို လာယူသွားမည် ဖြစ်သည်။ မတိုက်ခိုက်လျှင်လည်း သူက သူ၏ကိုယ်ပိုင် HPကို စတေးပြီး solo kill သွားအုံးမည် ဖြစ်သည်။

ထို့ပြင် ကစားသမားနှစ်ယောက်လုံးက အဆင့်ခြောက်သို့ ရောက်ပြီးနောက် ယဲ့ရှောင်းယန်က သူ၏ Flash ကို ထုတ်သုံးလိုက်ပြီး အရိပ်တစ်ခုကို သူ၏ခုခံမှု မျှော်စင်ထံသို့ ပြန်ဆုတ်ခိုင်းလိုက်သည်။ သူက ချီရှို့၏ တိုက်ခိုက်နိုင်သည့် ဝန်းကျင်ထဲမှ ထွက်ပြေးလိုက်သည်။ ချီရှို့က သူ၏စကေးကို အသုံးမပြုနိုင်ခဲ့ချေ။

ထိုသို့ဖြင့် ယဲ့ရှောင်းယန်က စာရိုက်လိုက်သည်။

[ငါ့ကို မတိုက်ခိုက်နိုင်ဘူး မဟုတ်လား]

ချီရှို့ [မင်းက အပြေးမြန်တယ်]

ထိုသွေးစွန်း လုပ်ကြံသတ်ဖြတ်သူ၏ အားနည်းချက် တစ်ခု ရှိသည်။ ဒါက အကွာအဝေးတွင်သာ တိုက်ခိုက်နိုင်ခြင်း ဖြစ်သည်။

လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်ကလည်း ရှုံးနိုင်သေးသည်။ ထို့နောက် ယဲ့ရှောင်းယန်ကသာ အပြေးမြန်မည် ဆိုလျှင် တစ်ဖက်သူ၏ စကေးများအားလုံးက ကုန်သွားချိန်တွင် ပြန်လည်တိုက်ခိုက်နိုင်ပေလိမ့်မည်။

ယဲ့ရှောင်းယန်က ထိုဟီးရိုးကို ကောင်းကောင်း နားမလည်သေးသော်လည်း ကျွမ်းကျင် အတွေ့အကြုံပေါင်းများစွာ ရှိနေသေးသည်။ ထို့ကြောင့် သူ ချက်ချင်းလိုလို နားလည်သွားသော ကိစ္စပေါင်းများစွာ ရှိလိုက်သည်။

ချီရှို့ကလည်း ရှောင်ပိုင်၏ ဒီဂိမ်းအပေါ် မသိစိတ်မှ ကိုင်တွယ်နိုင်သော စွမ်းရည်ကို ရှာတွေ့လိုက်သည်။ တစ်ပွဲရှုံးပြီးနောက် ရှောင်ပိုင်က လျင်မြန်စွာဖြင့် ချီရှို့၏ စည်းချက်ကို လိုက်မီလိုက်နိုင်သည်။ သူက သည်တစ်ကြိမ်တွင် Flashကို သုံး၍ ချက်ချင်း ထွက်ပြေးသွားခဲ့သည်။ သူ၏ သင်ယူနိုင်စွမ်းရည်၊ လက်ခံနိုင်စွမ်းရည်က အလွန်မြင့်မားလေသည်။

ထိုမသိစိတ်အရ ကိုင်တွယ်နိုင်စွမ်း ရှိခြင်းက ဖုံးရန် အလွန်ခက်ခဲသော အရာဖြစ်သည်။ နည်းပြလင်းကလည်း ဂိမ်းကို အာရုံခံနိုင်စွမ်းအားဟု ဖော်ပြတတ်သည်။ ရှောင်ပိုင်၏ ဂိမ်းကို အာရုံခံနိုင်စွမ်းက အလွန်အမင်း စူးရှသည်။ သူက သူ၏အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်ကာ အကဲဖြတ်နိုင်ပြီး နောက်ထပ် မည်သို့ ဆက်လုပ်မည် ဖြစ်ကြောင်းကိုလည်း ဆုံးဖြတ်နိုင်သည်။

ချီရှို့က တစ်ဖက်သူကို ပို၍ပင် အသိအမှတ် ပြုလိုက်သည်။

[ပုံရိပ်ယောင်ပညာရှင် စမ်းကြည့်]

ယဲ့ရှောင်းယန်က ပုံရိပ်ယောင်ပညာရှင် ပြောင်းကိုင် လိုက်ပြီးနောက် ချီရှို့နှင့် 1v1 ဆက်ကစားသည်။

မြေပုံက Loading လုပ်နေချိန်တွင် ကစားသမားနှစ်ယောက်လုံးက အဆင့်ခြောက် မရောက်မချင်း သူတို့၏ မီနီယံများကို ပျိုးထောင်ပေးနေလိုက်သည်။ ချီရှို့က သူ၏HPကို နိမ့်ရန် သူ၏ကိုယ်ပိုင် skill ကိုထုတ်သုံးသည်။ ထို့နောက် သူက အခွင့်ကောင်းတစ်ခု ချောင်းပြီး တိုက်ခိုက်လိုက်သည်။ ယဲ့ရှောင်းယန်ကလည်း မျက်စိကြိမ်းမတတ် ပုံရိပ်ယောင်ကို ပစ်လွှတ်လိုက်ပြီးနောက် ချီရှို့ကို လှုပ်မရအောင် လုပ်ထားလိုက်သည်။ သည်နည်းအားဖြင့် သူက စက္ကန့်ပိုင်းအတွင်း သတ်ဖြတ်လိုက်သည်။

သူ၏ခြေထောက်နားတွင် လဲသွားသော လုပ်ကြံသတ်ဖြတ်သူကို မြင်လိုက်ရပြီးနောက် ယဲ့ရှောင်းယန်က ရယ်ကာ စာရိုက်လိုက်သည်။

[ဒီတစ်ကြိမ်မှာ မင်းက သတိလက်လွှတ် နိုင်သွားတယ်]

ချီရှို့ကလည်း ပြန်၍ ချီးကျူးသည်။

[ချိန်ကိုက်တာ တော်တော်လေး ကောင်းတယ်]

ယဲ့ရှောင်းယန် [အင်း.. ငါကသာ သူတို့ကို လှုပ်မရအောင် လုပ်နိုင်သမျှ အားနည်းလွယ်တဲ့ လုပ်ကြံသတ်ဖြတ်သူတွေကို ရွေးချယ်စရာမရှိဘဲ သေအောင် လုပ်ပေးနိုင်တယ်]

ချီရှို့ [ရွေးချယ်တဲ့ နေရာက တော်တော်လေး ခက်ခဲတယ်။ မင်းက အသူရာအရှင်ကို ကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်နေပြီးသား ဒီတော့ နေရှင်နယ်လီဒါဘုတ်ကို ဝင်ဖို့က မခက်ခဲတော့ဘူး ဒါပေမဲ့ ဘုရင်အဆင့်မှာ ကြယ်အပွင့်၂၀ကို ရောက်သွားတာနဲ့ ရင်ဆိုင်ရမဲ့ ဂိမ်းပွဲတွေက မင်းရဲ့ ဟီးရိုး pool ကိုလည်း စမ်းသပ်ရာ ရောက်လာလိမ့်မယ်။ ဒီတော့ ဟီးရိုး သုံးကောင်တည်းကို ကိုင်တွယ်နိုင်ရုံကတော့ မလုံလောက်သေးဘူး]

ထို့ကြောင့် သူက ယဲ့ရှောင်းယန်နှင့် 1v1 ကစားရန် အကြံပြုခဲ့ခြင်း ဖြစ်သည်။ ယဲ့ရှောင်းယန် ဟီးရိုးpool က အလွန်တိမ်သည်။ သူက မှော်ဆရာသုံးယောက်သာ သိထားသည်။ အထူးသဖြင့် အသူရာအရှင်သခင်တွင်သာ အလွန်အားသာနေသည်။ ထို့ကြောင့် ပရိုကစားသမားအဖြစ် ကစားရန် မေ့ထားသင့်သေးသည်။ သူက အဆင့်မြင့်အွန်လိုင်းဂိမ်းများကိုပင် အနည်းလိုက်ရအုံးမည် ဖြစ်သည်။

ဟီးရိုးpool ကို ဖြန့်ကျက်ရန် အချက်က အလွန်လိုအပ်သည်။ သူ၏ယခင်ဘဝတွင် သူ၏ပြိုင်ဘက်များနှင့် နည်းပြများကပင် ဘက်စုံအလယ်လမ်းကစားသမားအဖြစ် သိကြသည်။ သူက မည်သည့်မှော်ဆရာအမျိုးအစား ဟီးရိုးကိုမဆို စကားနိုင်သည်။ ထို့ကြောင့် ပြိုင်ဘက်အသင်းမှ နည်းပြများက BLPစင်မြင့်မျိုးတွင် သူ့ကို မည်သည့်အရာနှင့်မျှ မပိတ်ထားနိုင်ချေ။ သို့သော် သူက တစ်နပ်စားရုံဖြင့် ဝမလာနိုင်ချေ။ အရာအားလုံးက ကိုယ်ပိုင် လုပ်နိုင်နိုင်သော အတိုင်းအတာဖြင့် လုပ်နိုင်ခဲ့သည်။ ထိုအချိန်တွင် ချင်ရွေ့က ယဲ့ရှောင်းယန်၏ အနောက်မှ ပေါ်လာပြီးနောက် လှမ်းခေါ်သည်။

“ကော နေ့လည်စာက အဆင့်သင့်ဖြစ်ပြီး အချိန်မီစားဖို့ မမေ့နဲ့အုံး”

ယဲ့ရှောင်းယန်ကလည်း အနည်းငယ် ဆာသလို ခံစားရသဖြင့် စာရိုက်လိုက်သည်။

[ငါ့ကို လေ့ကျင့်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် သူဌေး၊ အရင်ဆုံး နေ့လည်စာ စားလိုက်ပါအုံးမယ်]

သူက တစ်ခဏခန့် ရပ်တန့်ပြီးနောက် ထပ်ဖြည့်ပြောလိုက်သည်။

[ခဏနေ ဆက်အားသေးရင် နောက်ထပ် 1v1 ကစားပွဲတွေ ဆက်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်]

ယဲ့ရှောင်းယန်၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှုများက တောက်ပလာသည်။ အဆင့်နိမ့်ပွဲများတွင် ဆက်တိုက် အနိုင်ရခြင်းက အဓိပ္ပာယ်မရှိချေ။ ပရိုကစားသမားများနှင့် ကစားမှသာ ယဲ့ရှောင်းယန်က ကိုယ့်ကိုယ်ကိုယ် လျင်မြန်စွာ တိုးတက်အောင် လုပ်နိုင်မည် ဖြစ်သည်။

ချီရှို့က ပြန်ဖြေသည်။

[သေချာတာပေါ့ အချိန်ရတဲ့အခါ ထပ်ကစားကြမယ်]

သူ့အနောက်မှ နည်းပြလင်းကလည်း အံ့အားတကြီး ပြောသည်။

‘မင်းက ဒီရှောင်ပိုင်ရဲ့ ကစားဖော် လုပ်တော့မလို့လား မင်းက သူ့ကို နည်းပြ လုပ်ပေးနေတာလား”

ချီရှို့က World Solo Kill ပွဲစဉ်တွင် ၇ကြိမ်မြောက်ရာသီ၏ ချန်ပီယံ ဖြစ်ခဲ့သည်။ သွေးစွန်းလုပ်ကြံသတ်ဖြတ်သူက သူ၏ကျော်ကြားသော ဟီးရိုးများထဲမှ တစ်ယောက် ဖြစ်သည်။ နေရှင်နယ်ဆာဗာမှ မရေမတွက်နိုင်သော ကျွမ်းကျင်ပညာရှင်များနှင့် ပရိုများက ချီရှို့ကို သူတို့နှင့် 1v1 ကစားပေးရန် ကြိုးစားကြည့်ခဲ့ကြသည်။ သို့သော် သူတို့ အားလုံးကို ချီရှို့က ငြင်းဆန်ခဲ့သည်။ မည်သူကမှလည်း သူက ဒီနေ့ Streamer ကို သင်ကြားပေးနေမည်ဟု မထင်ထားလောက်ချေ။ ထို့ကြောင့် သူက ရှောင်ပိုင်ကို မည်မျှ အလေးထားကြောင်း သိနိုင်သည်။

လင်းဖုန်းက အနားသို့ ငုံ့ကိုင်းလာပြီးနောက်တွင် သူတို့၏ယခင်ပွဲစဉ်ကို re-play ပြန်လုပ်ကာ ကြည့်လိုက်ပြီး သူက မျက်မှောင်ကြုတ်ကာ ပြောသည်။

“မင်းက ရည်ရွယ်ချက် ရှိရှိနဲ့ ဒီနေရာမှာ နေရာပြောင်းလိုက်တာ မဟုတ်လား။ မင်းရဲ့ လုပ်ကြံသတ်ဖြတ်သူက ပုံရိပ်ယောင် ပညာရှင်နဲ့ အလွယ်တကူ ဘယ်လိုများ ချုပ်မိတာမျိုး ဖြစ်သွားမှာလဲ”

ချီရှို့က တည်ငြိမ်စွာ ဖြေသည်။

“ဒါက သူ့ရဲ့အစစ်အမှန်အလားအလာကို ထုတ်ပြနိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းပဲ။ ကျွန်တော်က သူ့ကို ဟာကွက် ဖွင့်ပေးလိုက်ပေမဲ့လည်း သူ့တုံ့ပြန်မှုက တော်တော်လေးတော့ မြန်တယ်။ သူက ဒီအခွင့်အရေးကို ချက်ချင်း ဖမ်းလိုက်တယ်”

ချီရှို့က ကွန်ပျူတာ ဖန်သားပြင်မှ Replayကို ပြန်ပြပြီးနောက် ပြောသည်။

“သူ့ရဲ့တုံ့ပြန်မှုက ၀.၂စက္ကန့်အတွင်း ဖြစ်သွားတာပဲ။ ဒါက ကျွန်တော်နဲ့ တစ်ချိန်တည်း လိုလိုပဲ။ သူက တော်တော်လေးကို ပါရမီကြီးတယ်။ သူက ဒီထက်ပိုပြီး လေ့ကျင့်လိုက်မယ် ဆိုရင် နောက်ပိုင်း 1v1 ကစားတဲ့အခါ ကျွန်တော်တောင် အသာစီး မရနိုင်တော့ဘူး”

လင်းဖုန်းက အတွေးနက်သွားပြီးနောက် ဖန်သားပြင်ကို လေ့လာကာ ပြောသည်။

“ရှောင်ပိုင်ရဲ့ တုံ့ပြန်မှုက တော်တော်လေးတော့ မြန်တယ်။ သူ ဘယ်နှစ်နှစ်လဲ မသိဘူး။ သူက ကျွမ်းကျင်ကစားသမားအဖြစ် သင့်တော်မတော် ဆုံးဖြတ်ပြီးမှ ဆက်ပြီး ကိုင်တွယ်ကြတာပေါ့”

သူက ထိုနေရာကို ရပ်လိုက်ပြီးနောက် အကြံပြုသည်။

“ရှောင်ပိုင်က တခြားအသင်းက လေ့ကျင့်ပေးထားတဲ့ ဗျူဟာပညာရှင် မဟုတ်ဘူးဆိုမှတော့ မင်း ဒီလောက် အချိန်ဖြုန်းပြီး သူ့အပေါ် အာရုံစိုက်ပေးနေဖို့ မလိုပါဘူး။ သိပ်မကြာခင် ရှုံးထွက် ပွဲစဉ်တွေက လာတော့မယ်။ ငါတို့ရဲ့ဂိမ်းကိုပဲ အာရုံစိုက်ရအောင်။ ငါ ရှောင်ပိုင်ကို ကိုင်တွယ်ထားလိုက်မယ်။ မင်း ငါ့ကို ဒီalt ပေးလိုက်ရင်ကော ဘယ်လိုပဲ။ ငါ သူနဲ့ စကားပြောလိုက်မယ်”

ချီရှို့က နည်းပြအား alt accကို ပြန်မပေးဘဲ ပြောလိုက်သည်။

“ကျွန်တော် ကျွန်တော်တို့ရဲ့ ဂိမ်းပွဲစဉ်တွေကိုလည်း ဒုက္ခအရောက်မခံပါဘူး။ သူ့ကို ဆက်ပြီး ကြည့်ထားလိုက်မယ်”

သူတို့အတူ ကစားခဲ့သော အဆင့်တက်ပွဲစဉ် အနည်းငယ်တည်းနှင့်ပင် ချီရှို့က ထူးဆန်းစွာဖြင့် သူနှင့် ရှောင်ပိုင်အကြားတွင် အလိုလို နားလည်စိတ် ရှိသည်ဆိုသော ခံစားချက်မျိုးကို ရနေသည်။

ချီရှို့က တိုက်ခိုက်ချင်သောအခါ ရှောင်ပိုင်က ရန်သူ၏ HPကို လျော့ချပေးပြီး ရန်သူကို ထိုးဖောက်ဝင်ရောက်ပြီး သူ့ကို ကူညီ၍ ချို့တဲ့အောင် လုပ်ပေးလိမ့်မည်။

ချီရှို့က နောက်ဆုတ်ချင်သောအခါ ရှောင်ဖုန်က ကောင်းကောင်း ပြန်ဆုတ်လိမ့်မည်။ ဘယ်တော့အခါမှ သူ၏ခြေထောက်ကို တရွတ်တိုက် မဆွဲထားချေ။

နှစ်ယောက်လုံးက ရန်သူ၏ မျှော်စင်ဝန်းကျင်ထဲသို့ ဝင်ပြီး လူနောက်သို့ လိုက်သောအခါတွင်လည်း သူတို့နှစ်ယောက်လုံးက မျှော်စင်က ဖျက်ဆီးမှုကိုလည်း အလှည့်အပြောင်း လုပ်ကြလိမ့်မည်။ စကားတစ်ခွန်းမှ ပြောဖို့မလိုသည့်တိုင် သူတို့က အချင်းချင်း ကာကွယ်ဖို့ နားလည်ကြသည်။

သူတို့က Voice Chat မှ စကားမပြောခဲ့ရသေးချေ။ သို့သော် တစ်ယောက်၏အတွေးကို တစ်ယောက် နားလည်နေကြသည်။ ထိုကဲ့သို့သော အချင်းချင်း နားလည်မှုက အလွန်ရှားပါးသည်။ ကစားကွင်းကို တစ်ချိန်တည်း ထိုင်ကြည့်ပြီး တစ်ချိန်တည်း နည်းလမ်းတစ်ခုသာ သုံး၍ အကဲဖြတ်သော သူများကသာ ထိုမျှ ပြင်းထန်သည့် အချင်းချင်း နားလည်သိစိတ်ကို ပိုင်ဆိုင်ထားလောက်သည်။

ရှောင်ပိုင်က ဟီးရိုးအများကြီးကို မကစားရသေးချေ။ ထို့ကြောင့် တခြားသော ဟီးရိုးများနှင့် ရင်ဆိုင်တွေ့ရလျှင် အခြေအနေများကို သူက မသိနိုင်ချေ။ သို့သော် ထူးဆန်းစွာဖြင့်ပင် သူနှင့် ချီရှို့က ကစားသည့် ပုံစံမျိုး တူနေသည်။ ထိုကြောင်းပြချက်ကြောင့်လည်း ချီရှို့က ရှောင်ပိုင်နှင့် ဆက်ပြီး အဆက်အသွယ် ရလိုနေခြင်း ဖြစ်သည်။ သူ့တွင် ဝေဝါးသော ခံစားချက်က ရနေသည်။ ဒါက သူ ကစားဖော် မွေးရာပါ ပါရမီရှင်တစ်ယောက်ကို ရှာတွေ့လိုက်ခြင်း ဟူသော ခံစားချက်မျိုး ဖြစ်သည်။

ဖြစ်နိုင်သည်မှာ သူတို့… Team ထျန်းဟွမ်က ကြာရှည်စွာ ပျောက်ဆုံးနေခဲ့သော အလယ်လမ်း/ဂျန်ဂဲ Team up စတိုင်မျိုးကို ပြန်လည် ကစား၍ ရလောက်သည်။
…..

aaml
Author: aaml
Private: ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး

Private: ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး

Mid Lane All-Rounder, Quánnéng Zhōng Dān, 全能中单
Score 9.6
Status: Ongoing Type: Author: , Artist: , Released: 2021 Native Language: Chinese
အညွှန်း ကားတိုက်မှုမှ နိုးထလာပြီးနောက် ပရော်ဖက်ရှင်နယ် ကျွမ်းကျင် esport ကစားသမား ယဲ့ရှောင်းယန်က သူဟာ သူကိုယ်တိုင်ပင် မရှင်းလင်းသေးသော ABO လောကဆိုသည့် နေရာတစ်ခုသို့ အမှိုက်တင်ဆက်သူတစ်ယောက်ကိုယ်ထဲသို့ ကူးပြောင်းလာကြောင်း သိလိုက်ရသည်။ ဒီဘဝတွင် သူ့ကိုယ်သူ ထောက်ပံ့ရန်အလို့ငှာ ယဲ့ရှောင်းယန်က အလုပ်ဟောင်းသို့ ပြန်သွားရန် ဆုံးဖြတ်လိုက်ပြီး esport လောကတွင် နေရာတစ်ခု ရအောင် အဆင့်မြင့်တင်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ၏ထူးချွန်ပြောင်မြောက်သော ပါရမီကြောင့် လျင်မြန်စွာဖြင့် အောင်မြင်ကျော်ကြားသော ကလပ်တစ်ခုနှင့် စိတ်ချရသည့် စာချုပ်တစ်ခုကို ချုပ်ဆိုနိုင်ခဲ့သည်။ သို့သော် သူက အဖွဲ့သစ်နှင့် ပထမဆုံး ကြုံရသော အချိန်တွင်ပင် မမျှော်လင့်ထားစွာပင် အသင်းခေါင်းဆောင် ချီရှို့၏ အရှေ့တွင် အိုမီဂါတစ်ယောက်၏ အခွင့်အရေးကို ကိုယ်စားပြုသူ တစ်ယောက် ဖြစ်သွားခဲ့ရသည်။ ချီရှို့က သူ၏အသင်းဖော်အသစ်ကို တစ်ကိုယ်လုံးကို စစ်ဆေးပေးဖို့ ဆေးရုံသို့ ခေါ်သွားခဲ့သည်။ ထို့နောက် ထိုကောင်လေးက သူ့ကို အနည်းငယ် အရည်လဲ့နေပြီး တောက်ပသည့် မျက်ဝန်းဖြင့် မော့ကြည့်လာသည်။ သူ့၏မျက်ဝန်းထောင့်များက နီရဲနေပြီး အသံကလည်း အနည်းငယ် ဩရှနေသည်။ “ခေါင်းဆောင် ဆရာဝန်ပြောတဲ့စကားအရ ကျွန်တော်က ဖိနှိပ်ဆေးတွေနဲ့ မတည့်ဘူး ဒါကြောင့် ခေါင်းဆောင်က ကူညီပေးလို့ ရမလား” “… မင်းကို ဘယ်လို ကူညီရမှာလဲ” ချီရှို့က ပြန်မေးလိုက်သည်။ ယဲ့ရှောင်းယန်က ချီရှို့ကို ချက်ချင်း ကျောပေးလိုက်ပြီးနောက် ပြောသည်။ “ကျွန်တော့်ကို ယာယီအမှတ်အသားပြု လိုက်ပါ။ ဒီနေရာကို တစ်ချက်လောက် ကိုက်လိုက်.. ကျေးဇူးပါပဲ” ချီရှို့၏အမူအရာကမူ ချက်ချင်းလိုလို ကွဲကြေမွ ပျက်စီးသွားရသည်။ ဒီအိုမီဂါက ဘာဖြစ်တာလဲ။ ဒီလို ကိုက်ပြီး အမှတ်အသားပေးတယ်ဆိုတာမျိုးက အလွယ်တကူ လုပ်လို့ ရတာမျိုးလား။ ပြည်သူများ.. [ငါ ကြားတာတော့ ထျန်းဟွမ်အသင်းရဲ့ အဖွဲ့ဝင်အသစ်က အိုမီဂါ ဆိုပဲ] [သူက support အနေနဲ့ ကစားတော့မှာလား အားလုံးပဲ ကိုယ့်ရဲ့ ချိုမြိန်ပြီး ချစ်ဖို့ကောင်းတဲ့ အိုမီဂါ အသစ်လေးကို support အနေနဲ့ လုပ်မယ်ဆိုတာ သေချာပြီလား] ထိုသို့ဖြင့် အင်တာနက်တွင် ပွက်လောရိုက်နေခဲ့ပြီး ယဲ့ရှောင်းယန်က သူ၏ လက်ဗလာဖြင့် ပြိုင်ပွဲအတွင်း ပြိုင်ပွဲအတွင်း ငါးကြိမ်ဆက်တိုက် သတ်ဖြတ်နိုင်သော စွမ်းရည်ကို သူ၏ပေါက်ကွဲလွယ်သော အင်အားဖြင့် ထုတ်ပြပြီးနောက်တွင် ငြိမ်သက်သွားစေခဲ့သည်။ သူတို့၏ ပြိုင်ဘက်များ.. [ချိုမြိန်ပြီး ချစ်စရာကောင်းတယ် ဟုတ်လား၊ ဒါက မိစ္ဆာအရှင်ဆိုတာ သေချာနေတာပဲ မဟုတ်ဘူးလား] [သူက ငါ့ကို သတ်တာက ငါ့ဦးနှောက် ပြုတ်ဖို့တောင် လုံလောက်နေပြီ။ ငါ ဒီဂိမ်းကို uninstall လုပ်ချင်သွားပြီ] [ငါတို့ ဒီပြိုင်ပွဲမှာ ရှုံးရမယ် ဆိုရင်တောင်မှ ယဲ့ရှောင်းယန်က သေချာပေါက် သေရမယ်] [ဒီအိုမီဂါကို ပစ်မှတ်ထားကြစမ်းပါ။ ညှာတာစရာ မလိုဘူး] ဒီအိုမီဂါက ထူးခြားစွမ်းရည်ရှိတာကို သိသွားကြတော့သည်။ [ဒီအိုမီဂါတွေက နူးညံ့ပြီး ချစ်စရာကောင်းတယ်လို့ ဘယ်သူ သိထားခဲ့တာလဲ။ ဒီအိုမီဂါက လိဂ်တစ်ခုလုံးကိုပေါက်ကွဲစေဖို့ လုံလောက်နေပြီ] +++++++

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset