အခန်း (၁၆)
နှစ်ဖက်လုံးက Line up များကို လျင်မြန်စွာဖြင့် ဆုံးဖြတ်လိုက်နိုင်သည်။ အနီအသင်းက နဂါးနက်၊ ကျော့ကွင်းထောင်မုဆိုး၊ မြွေဟောက်ဘုရင်၊ အရိပ်ဘုန်းတော်ကြီးနှင့် အဆိပ်မှော်ဆရာတို့ကို ရွေးချယ်ခဲ့သည်။
ယဲ့ရှောင်းယန်က အသင်း၏ တိုက်ခိုက်စွမ်းအားကို လေ့လာနေရင်းမှ အချို့နေရာများကို စိတ်ရှုပ်ထွေးသလို သူ ခံစားရသည်။ သူကသာ မှတ်မိသည်မှာ မှန်ကန်လျှင် ထိုမြွေဟောက်ဘုရင်နှင့် အဆိပ်မှော်ဆရာတို့က မှော်ဆရာများ ဖြစ်ကြသည်။ မှော်ဆရာနှစ်ယောက် ပေါင်းထားသော တိုက်ခိုက်နိုင်စွမ်းအားထဲတွင် သေနတ်သမားက မပါဝင်နေခဲ့သော အခြေအနေအရ တစ်ဖက်က မည်သည့်အရာကို လုပ်ရန် ကြိုးစားနေခြင်း ဖြစ်ကြောင်း မသိတော့ချေ။
ယဲ့ရှောင်းယန်က သည်လောကသို့ ဝိညာဉ်ကူးပြောင်းလာပြီးနောက် သည်ဂိမ်းထဲတွင် ရှိသော ဟီးရိုးတိုင်းကို လေ့လာခဲ့သော်လည်း အဆုံးတွင် သူက အပြင်လူ ဖြစ်နေသေးသည်။ သူက ဟီရိုးတိုင်းကို တစ်ရာရာခိုင်နှုန်း အပြည့်အဝ နားမလည်နိုင်သေးချေ။ အထူးသဖြင့် သူ မမြင်ဖူးသော အသင်း တိုက်ပွဲဝင် စွမ်းအားကို မြင်လိုက်ရသောအချိန်တွင် ဖြစ်သည်။ သူက တစ်ချက် ကြည့်ရုံဖြင့် နားမလည်နိုင်တော့ချေ။
ထိုလိုင်းအပ်က အလွန်ထူးဆန်းလွန်းနေခဲ့ပြီး အလွန်ထူးခြားသော ကစားသည့်ပုံစံမျိုး ဟူသော ခံစားချက်မျိုးကို ရစေသည်။
ဂိမ်း၏ အင်တာဖေ့က အလွန်လျင်မြန်စွာဖြင့် Loading လုပ်နေသည်။ ယဲ့ရှောင်းယန်က Match info ဘောင်ကွက်ကို တစ်ချက်ကြည့်ကာ ဖွင့်လိုက်သည်။ တခြားတစ်ဖက်မှ ကစားသမားငါးယောက်ထဲတွင် သုံးယောက်၏ အိုင်ဒီက အလွန် လိုက်ဖက်ညီနေသည်။
[လေးထောင့်လေးထောင့်] [အဝိုင်းအဝိုင်း] [ချစ်စရာချစ်စရာ] တို့ ဖြစ်နေသည်။ ထိုအိုင်ကွန်သုံးခုက ကာတွန်းပုံလေးများနှင့် ဖြစ်နေသေးပြန်သည်။ ယဲ့ရှောင်းယန်က ကြောင်သွားသည်။ ဒါက ပရိုအဖွဲ့ မဟုတ်လောက်ပါဘူးနော်။
ထိုသုံးယောက်၏ ပြထားသော နာမည်များက ထွက်လာသောအခါ ရှောင်ပိုင်၏ Streaming ခန်းထဲတွင် ရှိသော ကျည်ဆံကောမန့်များကလည်း အရိုင်းဆန်သွားသည်။
[သောက်ကျိုးနည်း သောက်ကျိုးနည်း.. ဒီသုံးယောက်က ကျင်းကျယ်အသင်းက မဟုတ်လား]
[ခေါင်းဆောင်ဖန်၊ နတ်ဘုရားယွင်နဲ့ အားယွမ် မဟုတ်လား တိုက်ဆိုင်လွန်းအားကြီးတယ်]
[တိုက်ဆိုင်တယ်လို့ ပြောလို့မရဘူး။ ငါတို့ရဲ့ Host က ပွဲငါးဆယ် ဆက်တိုက် နိုင်ထားတာ သူ့ရဲ့ MMRက တအားမြင့်နေပြီ၊ ဒါ့အပြင် သူက သုံးယောက်တွဲ ဝင်တာလေ ဒီတော့ နောက်ထပ် သုံးယောက်တွဲနဲ့ ရင်ဆိုင်ရတာက ပုံမှန်ပါပဲ]
[လေးထောင့်လေးထောင့်၊ အဝိုင်းအဝိုင်း၊ ချစ်စရာချစ်စရာက ဖန်ဖန်း၊ ယွင်ယွင်နဲ့ ခဲ့ခဲ့ မဟုတ်လား.. ဒီသုံးယောက်က သူတို့ရဲ့ အကောင့်နိမ်းတွေကို အတော်လေး ရယ်စရာကောင်းအောင် ပေးထားတာပဲ။ ဒါက သူတို့ရဲ့ alt acc တွေ ဖြစ်မယ်]
[အခြားအသင်းက အဆိပ်ပေါင်းစပ် တိုက်ပွဲဝင် စွမ်းအားကို ထုတ်သုံးတော့မှာ Team ကျင်းကျယ်ရဲ့ ကျော်ကြားတဲ့ အဆိပ်တိုက်ပွဲဝင် စွမ်းအားရဲ့ အောက်မှာ ငါတို့ရဲ့ Host ကတော့ အဆုံးသတ်ပြီပဲ]
ကျည်ဆံကောမန့်များကို ကြည့်ချင်းဖြင့် ယဲ့ရှောင်းယန်ကလည်း သူ၏ပြိုင်ဘက်က Team ကျင်းကျယ်ထံမှ လာသော ပရိုကစားသမားများ ဖြစ်ကြောင်း သိလိုက်ရသည်။ သူတို့က သုံးယောက်တစ်ဖွဲ့ ဝင်တိုးပြီး MMR အလွန်မြင့်နေခဲ့ကတည်းက သဘာဝအလျောက်ပင် မနက်ပိုင်း စောစောစီးစီး ရင်ဆိုင် ထိပ်တိုက်တိုးခြင်း ဖြစ်သည်။
ထို့အပြင် ပရိုကစားသမားများနှင့် ပက်ပင်းတိုးသော ကိစ္စကလည်း ထူးခြားမနေခဲ့ချေ။ ယဲ့ရှောင်းယန်ကို အနည်းငယ် ကြောင်အသွားစေသော ကိစ္စက… ဒီပရိုကစားသမားတွေက ABO လောကမှာ မနက်စောစော ထတာလား။
သူ၏ယခင်ဘဝတွင် ပရိုကစားသမားများက နေ့လည်အထိ အိပ်ပြီး နေ့ခင်း သို့မဟုတ် ညနေမှသာ ထကာ လေ့ကျင့်ရေး ဆင်းကြလေသည်။
အကြောင်းမူကား တရားဝင်Esport ဂိမ်းများက နေ့လည်ပိုင်း သို့မဟုတ် ညနေပိုင်းတွင်သာ ကျင်းပလေ့ ရှိသောကြောင့် ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်ကို သည်အချိန်ဇယားနှင့် လိုက်ဖက်ညီရန် အလို့ငှာ ကစားသမားများကလည်း နောက်ကျမှ အိပ်ပြီး နောက်ကျမှထသော အလေ့အကျင့်ကို ယူနေကျ ဖြစ်လေသည်။ ဒါကို ကျင့်သားရပြီးနောက်တွင် သူတို့၏ အားအင်များက ဂိမ်း၏ အထွတ်အထိပ်တွင် တောင့်ခံနိုင်စွမ်းအား ရှိပါပေလိမ့်မည်။
Match က စတင်သောအခါ ယဲ့ရှောင်းယန်၏ နားထဲတွင် ရင်းနှီးကျွမ်းဝင်သော အသံက ထွက်လာသည်။
“စစ်နတ်ဘုရားများမှ ကြိုဆိုပါတယ်”
ချီရှို့က မြေပုံ၏ ညာဘက်ထောင့် အောက်ခြေနားတွင် အမှတ်အသားပြုလိုက်သည်။ ထိုနေရာက အနီရောင် Buff စွမ်းအားများ ပေါက်ကွဲမည်ဟု ထင်ရသော နေရာဖြစ်သည်။ ယဲ့ရှောင်းယန်က ချင်ရွေ့ကို အပြာရောင် Buffကို စောင့်ကြပ်ရန် လွှတ်လိုက်ပြီးနောက် သူ ကိုယ်တိုင်ကမူ တောထဲသို့ သွားကာ အနီရောင်ဘက်သို့ ဝင်ရောက်ရန် ကြံစည်သည်။
အနီရောင်ဘက်က ချက်ချင်းလိုလို အပြာရောင်အသင်း၏ တောထဲသို့ ကျူးကျော်ဝင်ရောက်လာသည်။ သူတို့က သူတို့၏ ကျူးကျော်မှုကို အလယ်လမ်းကစားသမား၊ မာစ်မန်းနှင့် အထောက်အပံ့တို့ကို ပေါင်းကာ လွှတ်လိုက်ခြင်း ဖြစ်သည်။
ယဲ့ရှောင်းယန်ကလည်း တစ်ဖက်ခြမ်းက အစပိုင်းကတည်းက ထိုသို့ ခပ်ကြမ်းကြမ်း တိုက်ခိုက်လာမည်ဟု မထင်ထားခဲ့ချေ။ ထိုနည်းအားဖြင့် တောထဲတွင် 3v2 ချရမည့် ပုံစံ ဖြစ်လာသည်။ တစ်ဖက်ခြမ်းမှ မြွေဟောက်ဘုရင်က အပြာအသင်းမှ ဟီးရိုးနှစ်ကောင်နောက်သို့ လိုက်ရန် မြွေအနည်းငယ်ကို ဆင့်ခေါ်ထားသည်။ ထိုအချိန်တွင် အဆိပ်မှော်ဆရာကမူ အဝေးမှ ဆက်လက်ပြီး တိုက်ခိုက်နေလေသည်။ ယဲ့ရှောင်းယန်က သူ့ခန္ဓာကိုယ်အထက်မှ ဂဏာန်းများက ဆက်လက်ပြီး မြင့်နေကြောင်း မြင်လိုက်ရသည်။
၁၊ ၂၊ ၃… အရေအတွက်က ၅အထိ ခုန်တက်သွားပြီးနောက်တွင် သူ့HPက ရုတ်တရက် ထိုးကျသွားသည်။ သူက ခြေလှမ်းများ လှမ်းနေတိုင်း သွေးများက ဆက်တိုက် လျော့နေခြင်း ဖြစ်သည်။
ဂျန်ဂဲလာ နံပါတ်8: [ပြန်ဆုတ်ခဲ့]
ယဲ့ရှောင်းယန်က သူတို့၏ မျှော်စင်ထံသို့ တစ်ဖြောင့်တည်းပြန်ဆုတ်လိုက်ပြီးနောက်တွင် သူ့HP ပြန်ဖြည့်ပေးမည့် မှိုလေးကို စားလိုက်သည်။
အနည်းငယ်သာ ကျန်တော့သော Health နှင့် သူက သူ၏အသူရာအရှင်သခင်ကို ထိုမှိုရှိရာသို့ ပျံသွားလိုက်ပြီး စားလိုက်နိုင်ခဲ့သည်။ ဤနည်းအားဖြင့် ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းပြီးနောက်တွင် သူက ခလုတ်တစ်ခုကို နှိပ်လိုက်ကာ ကောင်းကောင်းမွန်မွန် ကုသရန်အတွက် အခြေစိုက်စခန်းသို့ ပြန်သည်။ Voice Chat မှ ယဲ့ရှောင်းယန်က ပြောလိုက်သည်။
“ဒါက အဆိပ်တိုက်ပွဲဝင် စွမ်းအားလား.. သူတို့က အစပိုင်းကတည်းက ဒီတိုက်ခိုက်တဲ့ပုံစံနဲ့ တိုက်ခိုက်ကြတာလား”
ဂျန်ဂဲလာ နံပါတ်8: [အဆင့်တစ်မှာ ဒီအဆိပ်တိုက်ပွဲဝင်စွမ်းအားကို ဘယ်လိုင်းအပ်မှ မရှိဘူး]
[တိုက်ခိုက်တာကို ရှောင်၊ ငါနဲ့အတူ အထောက်အပံ့ကို လွှတ်ပေးလိုက်]
ယဲ့ရှောင်းယန်က ပြောသည်။
“ရှောင်ရွေ့ သူဌေးနဲ့အတူ သွားလိုက်၊ ငါ တစ်ယောက်တည်း ဒီအလယ်လမ်းကို ကိုင်တွယ်ထားလို့ ရတယ်”
“ကောင်းပြီ”
ချင်ရွေ့က ပြောသည်။
ယဲ့ရှောင်းယန်က အလယ်လမ်းသို့ သွားလိုက်သည်။ သူက လျင်မြန်စွာဖြင့် တစ်ဖက်မှ အလယ်လမ်းကစားသမား၏ ရိတ်သိမ်းသော နည်းလမ်းက ခိုင်မာကာ တည်ငြိမ်ကြောင်း မြင်လိုက်ရသည်။
မီနီယံများကို ရိတ်သိမ်းရင်း အားအင်ဖြည့်တင်ရင်းဖြင့် သူက နောက်ဆုံးတွင် ကျန်ရစ်သည့် မီနီယံတစ်ကောင်ကို အပြတ်ရှင်းလိုက်သောအချိန်တွင် HPက အလွန်အမင်း လျော့ကျနေပြီဖြစ်သည်။ ဟီးရိုးများက ထိုနည်းလမ်းဖြင့် ရွှေကို ရနိုင်သည်။ ဟီးရိုးတစ်ကောင်ကသာ မီနီယံ၏ ကျန်ရစ်နေသော HPကို တွက်ချက်မှု ကျဆင်းသွားခဲ့ပြီး သူတို့၏ စကေးကို ကျွမ်းကျွမ်းကျင်ကျင် အသုံးမပြုနိုင်ခဲ့ပါက အပိုဆုကြေး ရရှိတော့မည် မဟုတ်ချေ။
မီနီယံတစ်ကောင်ကို ရွှေသားအနည်းငယ် ဆုလာဘ်အဖြစ် ရရှိမည် ဖြစ်သည်။ သို့သော် ပမာဏနည်းပါးသည်ဟု ထင်ရသည့်တိုင် ရေစက်အနည်းငယ်မျှကနေ ရေတစ်ပုံးပြည့်သွားနိုင်လေသည်။ ထို့ကြောင့် အပိုမီနီယံများကို တိုက်ခိုက်ခြင်းအားဖြင့် နောက်ထပ် လက်နက်အပိုင်းအစတစ်ခု ဝယ်နိုင်ရန် တတ်နိုင်ခြင်း ရှိမရှိကို အဆုံးအဖြတ်ပေးနိုင်ပေလိမ့်မည်။ ဤနည်းအားဖြင့် အသင်းတိုက်ပွဲ အတောအတွင်း အပိုခွန်အားထုတ်ပေးနိုင် စွမ်းအား ရှိမရှိ ဆုံးဖြတ်ပေးနိုင်မည်လည်း ဖြစ်သည်။
ပရိုကစားသမားများက မကြာခဏဆိုသလို သူတို့၏ပြိုင်ဘက်များကို ကစားနေရင်းမှ နေရာမှ ထွက်အောင် ဖိအားပေးလေ့ ရှိသည်။ အကြောင်းမှာ သူတို့၏ပြိုင်ဘက်များက သည်နည်းအားဖြင့် အဖိုးတန်သော မီနီယံများကို မရနိုင်စေရန် ဖြစ်သည်။
အနီရောင်အသင်း၏ အလယ်လမ်းကစားသမားက ယဲ့ရှောင်းယန်၏ လမ်းတွင် ရွေ့မရသော အရာဝတ္ထုတစ်ခုကဲ့သို့ ဖြစ်နေသည်။ အစိမ်းရောင်မြွေများက ယဲ့ရှောင်းယန်ကို ဆိုးရွားစွာ ခေါင်းကိုက်စေသည်။ ကံကောင်းစွာဖြင့် ယဲ့ရှောင်းယန်က ပရိုဂိမ်းပွဲများတွင် အတွေ့အကြုံ လစ်လပ်မနေပေ။ သူကလည်း ထိုသို့ ဆင့်ခေါ်သော မှော်ဆရာမျိုးကို ရင်းနှီးကျွမ်းဝင်လွန်းပြီးသား ဖြစ်သည်။ သူက ရန်သူ၏ တိုက်ကွက်များကို ရှောင်ရှားနေချိန်တွင် ထိုမီနီယံများကို ရှင်းလင်းရင်းဖြင့် တစ်ဖက်၏ Health များက နည်းသည်ထက် နည်းလာကြောင်းတွေ့လိုက်ရသည်။
ထိုလမ်းတွင် သုံးမိနစ်ခန့် ကြာအောင် ရင်ဆိုင်နေပြီးနောက်တွင် အလယ်လမ်းတိုက်ခိုက်သူ နှစ်ယောက်က သတ်ဖြတ်ခဲ့သော မီနီယံအရေအတွက် တူညီသွားသည်။
ရှဲ့ယွမ်က ဂိမ်း၏ အချက်ပြ ဇယားများကို ကြည့်ပြီးနောက် ပြောလိုက်သည်။
“ဒီStreamer ရှောင်ပိုင်က တော်တော်လေး တော်တယ်။ သူက မီနီယံတစ်ယောက်တောင် မလွှတ်သွားဘူး”
ဖန်ကျန်းချင်ကလည်း ချီးကျူးလိုက်သည်။
“သူက အခြေခံပိုင်တယ်လို့ ပြောလို့ရတယ်။ ငါ သူ့အပေါ်ဖိအားတွေ ဆက်တိုက် ပို့နေတာတောင်မှ သူက မြဲမြံနေတုန်းပဲ”
ကံဆိုးစွာဖြင့် အလယ်လမ်းက ခိုင်မြဲနေစဉ်တွင် တောထဲတွင်မူ အခြေအနေက ကွာခြားနေသည်။ သို့ရာတွင် ထိုအခြေအနေကို ချီရှို့ကို အပြစ်တင်၍ မရချေ။ သူက အောက်လမ်းမှ မီနီယံများကို ရှင်းလင်းပြီးနောက် မာ့စ်မန်းနှင့် အထောက်အပံ့က တောထဲသို့ ဝင်လာကာ အပြာအသင်းကို အနိုင်ကျင့်တော့သည်။ ချီရှို့က ပြန်လည်တိုက်ခိုက်ရန် အပြေးသွားသည်။
သို့သော်… ရှောင်ရွေ့ကမူ တောထဲတွင် အခန်းတစ်ခု ရှာကာ အနီရောင် Buff ထံ ချဉ်းကပ်သွားခြင်း ဖြစ်သည်။ ချီရှို့ကမူ ဆွံ့အသွားသည်။ တကယ်ကြီးလား.. ဒီလို အချိန်မျိုးမှာ သူတို့က မြစ်နားကို သွားပြီး ရန်သူဟီးရိုးရဲ့ နေရာတွေကို သိရဖို့ အခွင့်အလမ်း သွားရှာသင့်တာ မဟုတ်ဘူးလား။ ချင်ရွေ့ကမူ Voice chat ထဲမှ ပြောလာသည်။
“သူဌေး တောထဲမှာ ဘယ်သူမှ မရှိဘူး။ မင်းရဲ့အနီရောင် Buff က ဒီမှာ ရှိနေတုန်းပဲ”
ချီရှို့ကမူ ဆွံ့အသွားသည်။ Buffက ထိုနေရာတွင် ရှိကြောင်း သူလည်း သိသည်။ အစစ်အမှန်မေးခွန်းကမူ ရန်သူများက မြစ်ဘေးနားတွင် စခန်းချထားခြင်း ရှိမရှိဆိုသောအချက် ဖြစ်သည်။ ထို့အပြင် သူတို့ စခန်းချထားသော နေရာကို သိဖို့ ကြိုးစားရန် လိုအပ်လေသည်။ ထိုနေရာတွင်လည်း သူက သူ၏အထောက်အပံ့ကို လိုအပ်ခြင်း ဖြစ်သည်။
ချင်ရွေ့ကမူ လိုအပ်သည့် အချိန်တွင် အထောက်အပံ့ လာမပေးနိုင်ခဲ့ချေ။ ထိုအစား သူက အနီရောင် Buff နား သို့သာ ပြေးသွားနေသည်။ သူက ယဉ်ကျေးစွာဖြင့် ပြောသည်။
“ခေါင်းဆောင် ကျွန်တော် ကူညီပြီး Buff အတွက် တိုက်ခိုက်ပေးမယ်”
ချီရှို့ဘက်ကမူ တိတ်ဆိတ်သွားသည်။
ဘေးမှ ကြည့်နေသော လင်းဖုန်းကလည်း ကြောင်တောင်တောင် ဖြစ်သွာသည်။
“သူက မြစ်ကို ဂရုမစိုက်ဘူးပဲ။ သူက မင်းအတွက် အနီရောင် Buff ကို ရအောင် ယူပေးချင်နေသေးတယ်”
မြစ်ကို သွားပြီး တိတိကျကျ ထောက်ပံ့ပေးခြင်း မရှိရုံသာ မကလေဘဲ တောထဲရှိ ရန်သူများ၏ တည်နေရာများကိုလည်း ကူညီ မထောက်လှမ်းပေးဘဲ ဒီအတိုင်း အသင်းဖော်၏ အနားတွင် ဟိုဟိုဒီဒီ လျှောက်ပြေးကာ အနီရောင် Buff ကို ရအောင် ယူပေးမည်ဟု ပြောနေသည်။ ထိုကဲ့သို့သော အထောက်အပံ့မျိုးက စိန်အဆင့် သို့မဟုတ် အဆင့်နိမ့်ဂိမ်းများတွင်သာ ပေါ်ထွက်လာတတ်လေသည်။
ပုံမှန်အားဖြင့် ချင်ရွေ့ကလည်း သူ၏ကောကော အနောက်သို့သာ လိုက်နေကျ ဖြစ်ပြီး သူ၏ကောကောက မည်သည့်နေရာသို့ သွားကာ မည်သည့်နေရာတွင် မည်သည့်အရာကို လုပ်သင့်ကြောင်း ရှင်းလင်းပြတ်သားသည့် ညွှန်ကြားချက်ကိုသာ ပေးတတ်လေ့ ရှိသည်။
လက်ရှိအချိန်တွင်လည်း ယဲ့ရှောင်းယန်က ရန်သူအလယ်လမ်းကစားသမားထံမှ ဖိအားအများအပြားကို တောင့်ခံနေရခြင်း ဖြစ်သည်။ ထို့ကြောင့် သူက ချင်ရွေ့ကို အာရုံစိုက်ချိန် မရှိတော့ချေ။ သူက တောထဲသို့ လိုက်သွားပြီ ဆိုကတည်းက ချင်ရွေ့အနေဖြင့် ဘာဆက်လုပ်သင့်ကြောင်း မသိတော့ချေ။ ရလဒ်အနေဖြင့် သူက တောထဲတွင် ကော်ကဲ့သို့သာ အနားတွင် ကပ်နေပြီး တတ်နိုင်သမျှ ကာကွယ်ပေးနေခြင်း ဖြစ်သည်။
လင်းဖုန်းက ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။
“မင်းရဲ့လုပ်ကြံသတ်ဖြတ်သူက ကိုယ်ဖျောက်ထားတယ်။ မင်းအနောက်ကို လိုက်နေတော့ မင်းရှိတဲ့နေရာက ပေါ်သွားတော့မှာပေါ့ ဒီအထောက်အပံ့က ဘာတွေများ တွေးနေတာလဲ”
ချီရှို့ကလည်း နားမလည်နိုင်တော့ချေ။
“ဒီအထောက်အပံ့က ဘာတွေ တွေးနေတာလဲ။ ကိုယ်ဖျောက်ထားတဲ့ လုပ်ကြံသတ်ဖြတ်သူ နောက်ကို လျှောက်လိုက်နေသေးတယ်”
မူလက ချီရှို့က ရန်သူဘက်မှ သေနတ်သမားကို ချောင်းတိုက်ရန် ကြံစည်ထားခြင်း ဖြစ်သည်။ လက်ရှိအခြေအနေတွင် သူ၏အထောက်အပံ့က သူ၏နေရာကို ဖော်နေလေပြီ။ ဒီရှောင်ရွေ့က တခြားဘက်က လွှတ်လိုက်တဲ့ သူလျိုများလား။
မကြာခင် ပထမဆုံး နဂါးငယ်လေးတစ်ကောင်က ပေါက်လာသည်။ ချင်ရွေ့က စူးရှစွာဖြင့် ထိုနေရာသို့ အပြေးသွားပြီးနောက်တွင် နဂါးတွင်း ပတ်ဝန်းကျင်ရှိ မြင်နိုင်သော နေရာများကို ပေးရန် ကြိုးစားသည်။ သို့သော် အနီရောင်အသင်းက သူတို့၏ ကိုယ်ပိုင်ဗျူဟာဖြင့် မြစ်ကမ်းနဘေးတွင် ခြေကုပ်ရယူထားပြီးသားဖြစ်သည်။ ထိုနေရာကို အပြည့်အဝ လွှမ်းမိုးထားသည်။ ထိုနေရာတွင် သူ၏ မျက်စိများ နားများ ရှိနေလေရာ ချင်ရွေ့က ဘာလုပ်ချင်ကြောင်း ကောင်းကောင်း မြင်လိုက်ရသည်။
ထို့ကြောင့် ချီရှို့က ဝင်မစွပ်ဖက်နိုင်ခင် သူနှင့်ရင်းနှီးကျွမ်းဝင်သော အထူးပြုလုပ်ချက်အသံနှင့် ဖန်သားပြင်တွင် ပေါ်လာသော စာများကို မြင်လိုက်ရသည်။
အဝိုင်း အဝိုင်း (အဆိပ်မှော်ဆရာ) က ရှောင်ရွေ့ (ကောင်းချီးဘုန်းတော်ကြီး) ကို သတ်လိုက်ပြီ။
ယဲ့ရှောင်းယန်ကမူ ပို၍ပင် သတိထားထားသည်။ အပြာသင်း၏ အထောက်အပံ့က သေသွားသည်နှင့် အနီအသင်း၏ အောက်ခြေလမ်းသမားက အလယ်လမ်းသို့ တက်လာတော့မည် ဖြစ်သည်။ ယဲ့ရှောင်းယန်ကလည်း သူတို့ တက်လာမည်ဟု မျှော်လင့်ထားပြီးသား ဖြစ်သည်။ အောက်လမ်းက အလယ်လမ်းကစားသမားနှင့် ပေါင်းပြီးနောက် အပြာသင်းမှ မျှော်စင်ကို ပြင်းထန်စွာဖြင့် တိုက်ခိုက်တော့လေသည်။
တစ်ဖက်မှ ပရိုကစားသမားသုံးယောက်ကလည်း အခြေအနေကို ကောင်းကောင်း နားလည်ထားကြသည်။ သူတို့၏ တိုက်ကွက်များ၏ အရှိန်နှုန်းကလည်း မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်သည်။
ယဲ့ရှောင်းယန်က သူ၏အနီးအနားမှ အသင်းဖော်များကို အကူအညီ တောင်းရသည်။ နှစ်ဖက်လုံးက တစ်ခဏခန့် တိုက်ပွဲ ဖြစ်နေပြီးနောက် မီနီယံများက ရောက်လာသည့် အချိန်တွင် ဖန်သားပြင်တွင် စာအသစ်များ ပေါ်လာသည်။
ဖန်ဖန်း (မြွေဟောက်ဘုရင်) က ငါက မာစ်မန်းပဲ ဆော့တယ် (နတ်ဘုရားလေးသည်တော်) ကို သတ်လိုက်ပြီ။
ဖန်ဖန်း (မြွေဟောက်ဘုရင်)က အပေါ်လမ်းကစားသူ ဒယ်ဒီ (တော်ဝင်သူရဲကောင်း) ကို သတ်လိုက်ပြီ။
Double kill
လောလောလတ်လတ် အခြေအနေက ကြောက်စရာကောင်းလွန်းနေပြီ။ အပြာအသင်းက ရန်သူ့ဘက်မှ သေနတ်သမားကိုပင် မရှာနိုင်သေးခင် ရန်သူကမူ Double kill ပင် ရသွားသည်။ ယဲ့ရှောင်းယန်က ချောမွေ့စွာဖြင့် သူ့အရိပ်များကို စေလွှတ်လိုက်ပြီးနောက် ပတ်ဝန်းကျင်ကို ထောင်ချောက်ထောင်လိုက်သည်။ ထို့နောက် သူ၏ (ဂျန်ဂဲလာ နံပါတ်8) က တောထဲတွင် အမှတ်အသားတစ်ခု လုပ်ထားကြောင်း မြင်လိုက်ရသည်။
တစ်ချိန်တည်းလိုလို ယဲ့ရှောင်းယန်၏ အသူရာအရှင်နှင့် ချီရှို့၏ ခိုးကြောင်ခိုးဝှက် လူထွားက တောထဲရှိ နေရာသို့ အပြေးထွက်သွားသည်။ သူတို့က ပြီးပြည့်စုံသော ပေါင်းစပ်မှု ပုံစံမျိုးဖြင့် သူတို့က Skill များကို ထုတ်လွှတ်လိုက်ကြပြီးနောက် ချက်ချင်းလိုလို သူ၏မြွေများကို ဆင့်ခေါ်ရန် ကြိုးစားနေသည့် မြွေဟောက်ဘုရင်ကို သတ်လိုက်နိုင်သည်။
လေးထောင့် လေးထောင့်က တိတ်ဆိတ်သွားသည်။
“ရက်စက်လိုက်တာ”
လေးထောင့် လေးထောင့်က သဘောကျသွားသည်။
ဂိမ်းတွင် လူသားချင်းစာနာစိတ် မရှိချေ။ လူသားစာနာစိတ် လိုချင်နေလျှင် 2v1 အသတ်ခံရပြီးမှ လာငိုမနေနဲ့။
မြွေဟောက်ဘုရင်ကို ဆွဲချပြီးနောက် အပြာအသင်းက ပြန်လည်တိုက်ခိုက်ရမည့် အလှည့် ရောက်လာလေပြီ။ သို့သော် အနီဘက်အခြမ်းမှ အဆိပ်မှော်ဆရာကလည်း ရှောင်ရှားကာ တစ်ချိန်တည်းတွင် တိုက်ခိုက်ရာတွင် အလွန်ကျွမ်းကျင်လွန်းနေခဲ့သည်။ သူက ချောမွေ့စွာဖြင့် အပြာအသင်း၏ အလယ်လမ်းမှ မျှော်စင်ကို ဆွဲချလိုက်နိုင်သည်။
မျှော်စင်ကျသွားသည်နှင့် အပြာဘက်မှ အပြင်လူများ၏ အထောက်အပံ့နှင့် အနီဘက်မှ ပရိုအထောက်အပံ့ ကြားမှ ကွာဟချက်က သိသာထင်ရှားလာသည်။
အပြာအဖွဲ့က မြေပုံကို ကောင်းကောင်း ကြည့်ရန် အချိန်မစုနိုင်တော့ချေ။ သူတို့က အပေါ်လမ်း၊ အောက်လမ်း တောကိုပါ မထိန်းထားနိုင်တော့ချေ။ ထိုသို့ဖြင့် ဂိမ်းက လျင်မြန်စွာဖြင့် အဆုံးသတ်သွားသည်။
ယဲ့ရှောင်းယန်ကလည်း သည်ပွဲရှုံးမည်ဟု မျှော်လင့်ထားပြီးသား ဖြစ်သည်။ သူတို့က တစ်ဖက်မှ ပရိုကစားသမား သုံးယောက် ပေါင်းထားသော ပြိုင်ပွဲမျိုးကို ရင်ဆိုင်နေရခြင်း ဖြစ်လေသည်။ သို့သော် သူက ထိုပြိုင်ပွဲမှ တစ်စုံတစ်ရာကို နားလည်လိုက်နိုင်သည်။ သူက ပထမဆုံးအကြိမ် ထိုအဆိပ်တိုက်ပွဲဝင် စွမ်းအားကို ရင်ဆိုင်ရခြင်း ဖြစ်ပြီး လျင်မြန်စွာဖြင့် ထိုအသင်း၏ အလုပ်လုပ်ပုံများကို သိလိုက်ရသည်။
ထိုအသင်းမှ တိုက်ပွဲဝင်စွမ်းအား၏ အဓက သော့ချက် သုံးခုက မြွေဟောက်ဘုရင်၊ အဆိပ်မှော်ဆရာနှင့် အရိပ်ဘုန်းတော်ကြီးတို့ ဖြစ်သည်။
မြွေဟောက်ဘုရင်က သေးငယ်သော အဆိပ်ရှိ မြွေလေးကောင်ကို ဆင့်ခေါ်နိုင်သည်။ ထိုအကောင်များက ရန်သူ၏ဟီးရိုးများကို အဆိပ်ဖြန့်ဝေပေးနိုင်သည်။ သူ၏ ult က AoE တိုက်ကွက်ကို ထုတ်သုံးနိုင်စွမ်းအား ရှိပြီး ၎င်းက မြွေပွေးအုပ်ကို ထုတ်လွှတ်နိုင်စွမ်း ရှိသည်။ သည်နည်းအားဖြင့် အကိုက်ခံရသည်နှင့် အဆိပ်မိသွားမည် ဖြစ်ကာ အဆိပ်မိသွားသောသူကို ချက်ချင်းလိုလို သေစေပေလိမ့်မည်။
အဆိပ်မှော်ဆရာက မှော်ဆရာသာ ဖြစ်သော်လည်း သူက မာ့စ်မန်းအဖြစ်လည်း ကစားနိုင်သည်။ သည် ပြိုင်ပွဲတွင် ထိုမှော်ဆရာက သူ၏ တိုက်ခိုက်မည့် အရှိန်နှုန်းကို မြင့်တင်စေမည့် လက်နက်အပြည့်အဝကို တပ်ဆင်ထားသည်။ သူ၏ အခြေခံ တိုက်ခိုင်နှုန်းကပင် အလွန်မြင့်ပြီးသား ဖြစ်သည်။ ထို့အပြင် သူက ကြာရှည် တိုက်ခိုင်နိုင်သေးသည်။ မျှော်စင်များကို ဆွဲချရာတွင်လည်း သာမန်သေနတ်သမားများက မလုပ်နိုင်သည့် အဆင့်မျိုးအထိ သူက တော်သည်။ သူ၏ Q Skill က ပွဲအစကတည်းက ထုတ်သုံးထားခဲ့သည့်တိုင် ထိုမှော်ဆရာ၏ တိုက်ကွက်များက အဆိပ်နှင့် ပေါင်းစပ်ထားပြီးသား ဖြစ်သည်။ သူ၏ ult က သူ့ကို အဝေးမှ အဆိပ်မြှားများဖြင့် ပစ်နိုင်စွမ်းအား ပေးလာသည်။
ထို့ကြောင့် အဆိပ်မိသွားသည်နှင့် အဆင့်ဘားတန်းကလည်း လျော့ကျလာနိုင်သည်။
အသင်းလိုက် တိုက်ပွဲတွင် ထိုအဆိပ်ရှိ မှော်ဆရာနှစ်ယောက် မသေသမျှ အဆိပ်၏ သက်ရောက်မှုက ဆက်တိုက် ဖြစ်ပေါ်နေတော့မည် ဖြစ်သည်။ ရန်သူက ထိုအဆိပ်ကိုသာ အချိန်မီ မကုသနိုင်လျှင် ခုခံမှုအားကလည်း လျော့ကျသွားမည်မှာ သေချာနေသည်။
ယဲ့ရှောင်းယန်က သဘောကျသွားသည်။
“မှော်ဆရာနှစ်ယောက် တိုက်ပွဲဝင် စွမ်းအား.. နောက်ပြီး အဆိပ်နှစ်မျိုး.. ဒါက အသက်ခိုးကုသသူမဟုတ်လား။ အသားဒိုင်းနဲ့ လျင်မြန်စွာ ရွေ့ပြောင်းနိုင်တဲ့သူလည်း ရှိနေသေးတယ်။ တကယ်ကို ကိုင်တွယ်ရ မလွယ်ကူဘူးပဲ။ ဒီတိုက်ပွဲဝင် စွမ်းအားကို ထုတ်လွှတ်နိုင်တဲ့ အဓိကဟီးရိုး သုံးခုနဲ့ ဆိုရင် သူတို့ထဲက နှစ်ယောက်ကို သေချာပေါက် ဆွဲချနိုင်မှာ ဖြစ်လိမ့်မယ်”
ရှုံးနိမ့်သည် ဟူသော စာလုံးကြီးက ယဲ့ရှောင်းယန်၏ ဖန်သားပြင်ပေါ်တွင် ပေါ်လာသည်။ သူ မမြင်ရသည်မှာ ကြာပြီဖြစ်သော စကားလုံးပင် ဖြစ်သည်။ ချင်ရွေ့ကမူ ရှက်ရွံ့စွာဖြင့် ခေါင်းကို ငုံ့ထားသည်။
“ကျွန်တော့်အမှားပါ ကျွန်တော် အသင်းတိုက်ပွဲ မစခင်ကတည်းက အသတ်ခံလိုက်ရတာ”
ယဲ့ရှောင်းယန်က ထိုအခါမှ အသိပြန်ဝင်ပြီး နှစ်သိမ့်ပေးလိုက်သည်။
“အဆင်ပြေပါတယ်။ တခြားဖက်က ပရိုကစားသမား သုံးယောက်လေ။ မင်းရဲ့ စကေးနဲဆိုရင် သူတို့ကို မယှဉ်နိုင်တာက ပုံမှန်ပါပဲ”
သူက Streaming အခန်းကို ပြန်ဖွင့်လိုက်ပြီးနောက် ပြုံးကာ ပြောသည်။
“ငါ ရှုံးသွားတယ်။ ငါ မင်းတို့ကို စက္ကန့်သုံးဆယ်လောက် အရှက်ခွဲ လှောင်ပြောင်ခွင့် ပေးထားလိုက်မယ်။ ငါ မင်းတို့ဆီကနေ အနာဂတ်မှာ တခြားသူတွေကို လှောင်ပြောင်အရှက်ခွဲ ရှုံ့ချဖို့ စကားလုံးဝေါဟာရအသစ်တွေ သင်ယူနိုင်တာပေါ့”
သူ၏ ကြည့်ရှုသူများကမူ စိတ်ရှုပ်ထွေးသွားကြပြန်သည်။ ဒီ Streamer က ဘာဖြစ်နေတာလဲ။ တခြား Streamer တွေဆိုရင် ဒီလို ရှုံးသွားတာနဲ့ သူတို့ကိုယ်သူတို့ အကြောင်းပြချက်တွေ ပေးနေမှာပဲလေ။ သူတို့က အမြဲတမ်း သူတို့အသင်းဖော်တွေက အသုံးမကျလို့ သူတို့က ဒီပွဲကို လျင်လျင်မြန်မြန် လိုက်မမီကြလို့ ဆိုပြီး ပြောကြတာ မဟုတ်လား။ ဒါပေမဲ့ ဒီStreamer ကတော့ ရှုံးသွားတဲ့နောက်မှာ အရှက်ခွဲခွင့်တောင် ပေးထားသေးတယ် ဟုတ်လား..။
[တခြားတစ်ဖက်က အဆိပ်တိုက်ပွဲဝင် စွမ်းအားနဲ့ ထိပ်တိုက် ဆုံသွားတာပဲ။ ဒီတော့ နိုင်နေမှပဲ ထူးဆန်းနေမှာ ဟုတ်ပြီလား]
[ဒီအဆိပ် တိုက်ပွဲတွင် စွမ်းအား ဆိုတာက ကမ္ဘာအဆင့် SHမှာတောင် ထည့်သွင်းကစားခဲ့တာလေ အဲဒီအချိန်ကတည်းက ဖန်ကျန်းချင်ရဲ့ မြွေဟောက်ဘုရင်က အဘန်းခံထားရတာ]
[ဟုတ်တယ် ဟုတ်တယ် မင်းက တစ်ဖက်က ဒီအဆိပ်တိုက်ပွဲဝင်စွမ်းအားကို ထုတ်သုံးလိုက်တာနဲ့ ရှုံးသွားတာက ပုံမှန်ပါပဲ]
[မွမွ Host စိတ်ဓာတ်မကျပါနဲ့ ပရိုကစားသမားတွေကို ရှုံးသွားတဲ့အတွက် ရှက်စရာ ဘာမှမရှိဘူး။ နောက်တစ်ကြိမ် ပြန်နိုင်အောင် ကြိုးစားကြတာပေါ့]
သူ၏ ကြည့်ရှုသူများက သူ့ကို အရှက်မခွဲ မလှောင်ပြောင်ကြချေ။ ယဲ့ရှောင်းယန်ကမူ နောင်တအပြည့်ဖြင့် ပြောလိုက်သည်။
“ဒီနေ့ခေတ် ပြည်သူတွေက တော်တော်လေးကို ညင်သာသိမ်မွေ့လာကြတာပဲ။ နောက်တစ်ကြိမ် ငါရှုံးတဲ့အခါ မင်းတို့တွေ ဒီဖန်သားပြင်အပြည့်.. ‘Host သောက်ကျိုးနည်း အသုံးမကျလိုက်တာ’ နောက်ပြီး ‘Host တကယ်ကို ရူးတာပဲ’ ဆိုတဲ့ မှတ်ချက်တွေ ချဖို့ မှတ်ထားပါ။ ဒီလိုနည်းလမ်းနဲ့ ငါက ပိုပြီး အားစိုက်ထုတ်ချင်စိတ် ဖြစ်လာလိမ့်မယ်”
ကြည့်ရှုသူများကို ပို၍ပင် အထိတ်တလန့် ဖြစ်သွားကြစေသည်။ ချီရှို့ကလည်း တိတ်ဆိတ်သွားသည်။
ဒီရှောင်ပိုင်က တကယ်ပဲ ဘယ်သူလဲ။ သူက ဘာလို့ တခြားအဖွဲ့က ကစားသမားနဲ့ မတူသထက် မတူလာတာလဲ။
နည်းပြလင်းကလည်း ချီရှို့၏ ဘေးနားတွင် ထိုင်၍ အရာအားလုံးကို မြင်နေရသည့်အတွက် စိတ်ရှုပ်ထွေးစွာဖြင့် ပြောလာသည်။
“သူက အဆိပ်စွမ်းအားကို မသိဘူးလား။ ဖန်ကျန်းချင်က ဒီလောက်ကျော်ကြားတာ၊ အဖွဲ့ချုပ်က ကစားသမားတိုင်းက ခေါင်းဆောင်ဖန်ကို သိကြတာပဲလေ မဟုတ်ဘူးလား”
ချီရှို့က မျက်မှောင်ကြုတ်သည်။
“သူက ကျွမ်းကျင် ကစားသမား မဟုတ်လောက်ဘူး။ အခုဂိမ်းမှာလည်း မြင်တာပဲ။ ရှောင်ရွေ့က အသစ်လို Skill တွေကို ထုတ်သုံးသွားတယ်။ ဘယ်အသင်းကများ သူတို့ရဲ့ ကျွမ်းကျင်ကစားသမားတွေကို တောထဲမှာတောင် ကင်းထောက် မလုပ်နိုင်တဲ့ ဒီလို အသစ်လေးကို ထည့်ပြီး ကစားခိုင်းမှာလဲ။ သူက သူ့ရဲ့ကောကော ပြောတဲ့အတိုင်း လိုက်လုပ်တာပဲ မဟုတ်ဘူးလား”
လင်းဖုန်းကလည်း တွေးတောကြည့်ပြီးနောက် ချီရှို့ပြောသည်မှာ မှန်ကန်ကြောင်း သိလိုက်သည်။ ပရိုကစားသမားအဖွဲ့ချုပ်တွင် အထောက်အပံ့တိုင်းက တစ်ယောက်ထက်တစ်ယောက် ပို၍ တော်နေလေ့ ရှိသည်။ အသင်းအတွက် မြေပုံကို မြင်နိုင်စွမ်းအားရှိအောင် လုပ်ပေးသော ကိစ္စက အလွန်အရေးကြီးသည်။ သို့သော် သည်ဂိမ်းတွင် အပြာအသင်း၏ မြင်နိုင်စွမ်းအားကို အနီဘက်က ဖိနှိပ်ထားခဲ့သည်။
“ရှောင်ပိုင်းရဲ့ စကေးကတော့ တော်တော်လေး ကောင်းတယ်။ ဒါပေမဲ့ ရှောင်ရွေ့ကတော့ လုံးဝကို အသစ်လေးလိုပဲ”
ချီရှို့က နောက်ဆုံးအဆင့်သတ်မှတ်ချက် စာရင်းမှ ရှောင်ရွေ့၏ ကစားသမားအိုင်ဒီကို ကြည့်လိုက်ပြီးနောက် စစ်နတ်ဘုရားလက်ထောက်ဖြစ်ကြောင်း မြင်လိုက်ရသည်။ ရှောင်ရွေ့က သီးသန့် တိုက်ပွဲဝင် သမိုင်း မလုပ်ထားနိုင်ခဲ့ချေ။ ထို့ကြောင့် ချီရှို့ကလည်း ဒီအတိုင်းသာ ဆွဲကြည့်လိုက်ရသည်။ အတန်ကြာ အောက်သို့ ဆွဲကြည့်ပြီးမှသာလျှင် ရွှေအဆင့်မှ အရှုံးအနိုင်ပွဲများကို မြင်လိုက်ရသည်။
ရှောင်ရွေ့က 0 kill နှင့် 10 ကြိမ် သေသော ပွဲများတွင်ပင် ရှုံးထားခဲ့ဖူးသေးလေသည်။
“ဒီရှောင်ရွေ့က မနေ့တစ်နေ့ကမှ ရွှေအဆင့်မှာပဲ ရှိနေသေးတယ်။ သူ့ကို ရှောင်ပိုင်က ဘုရင်အဆင့်ရောက်အောင် ဆွဲတင်ပေးလာတာ”
ချီရှို့က ပြောပြီးနောက် တိုက်ပွဲဝင်မှတ်တမ်းကို ပြလိုက်သည်။
လင်းဖုန်းကလည်း ကြောင်သွားသည်။
“ဒီတော့ သူက တကယ်ပဲ ရှောင်ပိုင်ရဲ့ တိတိလား။ ညီအစ်ကိုနှစ်ယောက် ဒီအတိုင်း အဆင့်တက်ရုံပဲပေါ့”
“အင်း အဲဒီရှင်းပြချက်ပဲ ရှိတော့တယ်”
လင်းဖုန်းက ပို၍ပင် အံ့အားသင့်လာသည်။
“သူက ပရိုမဟုတ်ဘူးဆိုရင် ဒီရှောင်ပိုင်က ဘယ်နေရာက လာ
တာလဲ ငါ ဒီလို Streamer မျိုးကို တစ်ခါမှ မကြားဖူးပါဘူး။ သူက သာမန်ကစားသမားတွေ လောကက ထွက်လာတဲ့ သာမန်ကျွမ်းကျင်သူပဲလား”
ချီရှို့ကလည်း တွေးတောလိုက်သည်။
“ကျွန်တော် ထပ်စစ်ဆေးကြည့်လိုက်ပြီး သူ ဘယ်လောက် အင်အားရှိလဲ ကြည့်လိုက်မယ်”
…..