အခန်း(၁၀)
ရှဲ့ယွီ၏အမူအရာက အတော်လေး အကျည်းတန်သွားသည်။
သူက တစ်နေ့လုံးနီးပါး ကစားနေခဲ့ပြီး အသူရာအရှင်သခင်ကို အဘန်းခံရခြင်း သို့မဟုတ် အခြားသူက ကြိုရွေးသွားသော အခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြုံရခြင်း မဟုတ်ချေ။ သို့သော် သည်တစ်ကြိမ်တွင် ပြိုင်ဘက်၏ [အသူရာအရှင်သခင်] ကို အဓိကယူထားသောသူက ထိုဟီရိုးဖြင့် နေရှင်နယ်လီဒါဘုတ်သို့ တက်မည်ဟု ကြံရွယ်ထားသူ ဖြစ်ပြီး သူ၏ပြိုင်ဘက်ကလည်း တောက်လျှောက်နာမည်ကြီးလာသည့် Streamer အသစ်လေး ဖြစ်နေသေးသည်။
ရှဲ့ယွီအနေဖြင့် အသူရာအရှင်သခင်ကို သုံးပြီး တစ်ဖက်ပြိုင်ဘက်ကို လူတိုင်း၏အရှေ့တွင် သင်ခန်းစာပေးချင်သည်။ သို့သော် ပြိုင်ဘက်က ထိုဟီးရိုးကို သူ့ထက်အရင် ယူသွားသည်။ ရှဲ့ယွီက အထင်တသေး ရယ်လိုက်သည်။
“ကောင်းပြီလေ သေချာတာပေါ့ ငါကလည်း ငါ့ရဲ့ အတော်ဆုံး ဟီးရိုးကို သုံးပြီး မင်းရဲ့ အသူရာအရှင်သခင်ကို အနိုင်ယူပေးမယ်”
သူက ထိုသို့ဖြင့် ဂိမ်းထဲမှ ရွေးချယ်ရမည့် အလှည့်တွင် ပုံရိပ်ယောင်ပညာရှင်ကို ရွေးချယ်လိုက်သည်။
Streaming အခန်းထဲမှ စကားပြောခန်းက ပို၍ စိတ်လှုပ်ရှားလာကြသည်။
[အစ်ကိုငါးရဲ့ ကျော်ကြားတဲ့ ပုံရိပ်ယောင်ပညာရှင်ကို သုံးပြီး ကစားတော့မှာလား။ အစ်ကိုငါးကတော့ အလေးထားနေပြီနဲ့ တူတယ်]
[ပုံရိပ်ယောင်ပညာရှင်က အစောပိုင်းဂိမ်းမှာဆို သိပ်ကို အင်အားကြီးတာ။ အစ်ကိုငါးက အဲဒီကောင်ကို ဆိုလို (Solo)ခင်းမယ်လို့ ငါထင်တယ်]
[ဂိုး ဂိုး ဂိုး.. နတ်ဘုရားငါးရေ First Blood ကို ယူလိုက်တော့]
[ငါ ငါးနတ်ဘုရားကို သဘောအကျဆုံးပဲ ဒါ ငါးနတ်ဘုရားကို ဒုံးပျံသင်္ဘောပို့လွှတ်လိုက်ပါပြီ]
[ဦးနှောက်ပုပ်နေတဲ့ ဖန် #7 က အစ်ကိုငါးကို ပင်လယ်ငါးခူ ပို့လိုက်ပါပြီ]
ဝေလငါးStreaming မှ အလွန်ကျော်ကြားသော Streamer တစ်ယောက် ဖြစ်သည့်အလျောက် အစ်ကိုငါး၏ Streaming အခန်းထဲတွင် ကြည့်ရှုသူက သုံးသန်းကျော်နေပြီ။ ထို့အပြင် ဖန်သားပြင်ပေါ်၌ အဖြူရောင်ကျည်ဆံလို ကောမန့်များက အပြည့်နေရာယူထားပြီး လက်ဆောင်များကလည်း ဟိုနေရာ ဒီနေရာ ပွလန်ကျဲနေသေးသည်။
အနှစ်ချုပ် ဆိုရသော် ယဲ့ရှောင်းယန်၏ ပရိသတ်များက ထိုမျှအထိ စိတ်မလှုပ်ရှားနေကြချေ။ ယေဘူယျကျကျ ဆိုရသော် သူ့တွင် မည်သည့်ပရိသတ်များမှ တရားဝင် ပိုင်ဆိုင်ထားခြင်း မရှိသေးချေ။ သူ၏Streaming အခန်းမှ လူအများစုက ဖြတ်သွားဖြတ်လာများ ဖြစ်နေသေးသည်။ အချို့ကမူ အစ်ကိုငါး၏ ပရိသတ်များ ဖြစ်ပြီး နှစ်ခုလုံးကို တစ်ပြိုင်တည်း ကြည့်လို၍ လာရောက်နေကြခြင်း ဖြစ်သည်။
ယဲ့ရှောင်းယန်က ထိုကောမန့်ဝင်းဒိုးကို သေးလိုက်ပြီးနောက် ဂိမ်းကိုသာ အာရုံစိုက်ထားလိုက်သည်။
တခြားတစ်ဖွဲ့က ပထမနှင့် ဒုတိယမြောက် ရွေးချယ်ပြီးနောက် ပုံရိပ်ယောင်ပညာရှင်နှင့် လျှို့ဝှက်စွာ လှုပ်ရှားသော လုထာကို ရွေးချယ်လိုက်သည်။ အပြာရောင်အသင်က ထပ်ရွေးရသည့် အချိန်တွင် ချင်ရွေ့က ကောင်းချီးဘုန်းတော်ကြီးကို ရွေးချယ်လိုက်သည်။ ဤနည်းအားဖြင့် သူ၏ကောကောကို ကာကွယ်နိုင်ပေလိမ့်မည်။ တတိယမြောက်ရွေးချယ်ရသည့်အခါ လူအက အလျင်လက်ဦးမှု ယူပြီး ယဲ့ရှောင်းယန်၏ အကြံပြုချက်ကို လက်ခံ၏။
[မဟာနတ်ဘုရား ကျွန်တော် နတ်ဘုရားနဲ့အတူ ပူးပေါင်းဖို့ ဟီးရိုးတစ်ကောင်ကောင်ကို ရွေးချယ်ပေးဖို့ လိုအပ်လား]
[ရှောင်ပိုင်: မင်းက ဘယ်နေရာမှာ တော်လဲ]
[လူအ: Marksmanနဲ့ ဂျန်ဂဲလာ နှစ်ခုလုံး အဆင်ပြေပါတယ်]
[ရှောင်ပိုင်: ငါက ဂျန်ဂဲလာပဲ ကစားတာ မင်း Marksman ယူတာ ကောင်းမယ်။ ငါ့အတွက် ဂျန်ဂဲလာ ထားပေးပါ]
[လူအ: ရတယ်လေ]
ထိုသို့ဖြင့် လူအက သူ၏ ကာဆာက ရွေ့ပြီးနောက် ဟီးရိုးများ ရွေးချယ်သော ဖန်သားပြင်ကို ထပ်ခါတလဲလဲ နှိပ်ပြီးမှသာ Marksman အမျိုးအစားဟီးရိုးငါးမျိုးထဲမှ သူ ရင်းနှီးကျွမ်းဝင်သော တစ်ခုခုကို ရွေးချယ်လိုက်သည်။ ယဲ့ရှောင်းယန်က ထိုငါးမျိုးကို ကြည့်ပြီးနောက် လှမ်းပြောလိုက်သည်။
[နတ်ဘုရားလေးသည်တော် ကို ရွေးလိုက်]
ထိုနတ်ဘုရားလေးသည်တော်ကို သူတို့က တတိယမြောက်တစ်ခုအဖြစ် ရွေးချယ်လိုက်ကြသည်။
ပြိုင်ဘက်က ရွေးချယ်ရသော အလှည့် ရောက်ချိန်တွင် တတိယနှင့် စတုတ္ထမြောက်က အောက်လမ်းအတွက် အဆင်ပြေသော ကုသသူ တောအုပ်သံတမန်နှင့် ပေါက်ကွဲလွယ်သော သေနတ်သမား စနိုက်ပါကို ရွေးချယ်သွားသည်။ အောက်လမ်းမှ စနိုက်ပါနှင့် သူတို့ကို ဂရုစိုက်ကစားပေးမည့် Healer က ရှိနေသေးလေရာ သာမန်အကျဆုံး လိုက်ဖက်ညီသည့် ပူးပေါင်းဆောင်ရွက်မှု ဟု ဆိုနိုင်သေးလေသည်။ ထိုကစားသမားနှစ်ယောက်က အချင်းချင်း မှီခိုကာ အတူ ကစားနေကျ ဖြစ်လောက်သည်။
ယဲ့ရှောင်းယန်က တစ်ခဏခန့် စဉ်းစားပြီးနောက် စာရိုက်လိုက်သည်။
[တောအတွက် Vrawler Roaming ကို ယူလိုက်.. နောက်ပြီး အပေါ်လမ်းအတွက်တော့ Verserker လူရမ်းကားကို ရွေး..]
[ငါက ဂျန်ဂဲပဲ ကစားတယ်။ ဒါက အရမ်းပျော့လွန်းမနေဘူးလား]
[နေ့တိုင်း ကြယ်ကြွေနေတယ်လေ: ငါတို့ အသင်းထဲမှာ Tank တစ်ကောင်တောင် မပါဘူး ငါတို့ Marksman က နောက်ပိုင်းဂိမ်းမှာ အဆင်ပြေနိုင်တော့မှာ မဟုတ်ဘူး အဖွဲ့လိုက် တိုက်ပွဲမှာ ငါတို့အတွက် ခက်ခဲသွားလိမ့်မယ်]
[ရှောင်ပိုင်: ငါတို့က အလျင်အမြန် ရွေ့လျားနိုင်ဖို့ကို အာရုံစိုက်ထားရမယ်]
[ရှောင်ပိုင်: အဖွဲ့လိုက်တိုက်ပွဲအတွက်ကတော့ ငါတို့မှာ ငါရှိတယ်]
ထိုသို့ ယုံကြည်မှု ရှိသော စကားကို မြင်လိုက်ရသည်နှင့် အသင်းဖော်များအားလုံးက စိတ်အေးသွားကြသည်။ သူတို့က ချက်ချင်းလိုလို မဟာနတ်ဘုရား၏ လုပ်နိုင်စွမ်းရည်ကို သိရတော့မည် ဖြစ်ကြောင်း သိသွားကြသည်။ အသင်းဖော်များကို ထိုသို့ စာပို့ကာ သူတို့၏ဟီးရိုးများ ရွေးချယ်ပေးပြီးနောက် ယဲ့ရှောင်းယန်က စိတ်အေးသွားသည်။ ကစားသမားများက သူတို့၏အနှစ်သက်ဆုံး ဟီးရိုးကို ကြုံရာရွေးချယ်သော တိုက်ပွဲများနှင့် သူတို့ကြားမှ အချင်းချင်း ဟီးရိုးရွေးချယ်ကာ တိုက်ခိုက်သော တိုက်ပွဲများတွင် အခြေအနေက အရေးကြီးလေသည်။
အနည်းဆုံး လူတိုင်းကလည်း သူတို့၏ အသင်းဖော်များက သည်ဂိမ်းကို အလေးအနက်ထားကြောင်း သိနိုင်လေသည်။ မည်သူကမျှ သတိလက်လွှတ်မနေလောက်ကြတော့ချေ။
အပြာရောင်အသင်းက သူတို့၏ရွေးချယ်မှု ပြီးဆုံးသွားလေပြီ။
ရှဲ့ယွီက လိုင်းအပ်(Line up)ကို မြင်သောအခါ ရယ်လိုက်သည်။ မည်သို့ပင် ဆိုစေ အပေါ်လမ်းက ဖန်သားလို ကွဲကြေလွယ်သည့် အရံပုံစံ ဖြစ်နေပြီး ဂျန်ဂဲလာကလည်း လုံလောက်အောင် သယ်သွားပေးနိုင်သည့် အလားအလာ မရှိချေ။ ထို့အပြင် အထောက်အပံ့ကလည်း တစ်ချိန်တည်းတွင် ဟီးရိုးတစ်ယောက်တည်းကိုသာ ကူညီပေးနိုင်နေသည်။ marksman ကလည်း နောက်ပိုင်းမှ တိုက်ခိုက်နိုင်စွမ်းအား ရှိသောသူ ဖြစ်နေပြန်သည်။ ထို့အပြင် အလယ်လမ်းမှ ဟီးရိုးက တိုက်ခိုက်စွမ်းအား အများအပြားကို ကုန်ဆုံးစေပေလိမ့်မည်။ ထို့အပြင် သူကလည်း အားနည်းလွန်းပြန်သည်။
“သောက်ကျိုးနည်း ဒီအသင်းရဲ့ Colpကို ဘယ်သူကများ စီမံခန့်ခွဲထားတာလဲ”
ရှဲ့ယွီက အော်သည်။
“ငါတို့က တကယ့် ပါရမီရှင်ကြီးတွေနဲ့များ ရင်ဆိုင်ရတော့မှာလား..”
သူ၏ Streaming ခန်းမှ ကြည့်ရှုသူများကလည်း “LMA mo” တုံ့ပြန်မှု meme များနှင့် emoji များကို သုံးရာတွင် အလွန်ကျော်ကြားသည်။ လူတိုင်းကလည်း ချက်ချင်းလိုလို ကိုယ်ပိုင်အပြစ်တင်သော နည်းလမ်းပေါင်းများစွာနှင့် လိုင်းအပ်ကို ပြောဆိုကြတော့သည်။
အနီရောင်အသင်းက နောက်ဆုံးနေရာကို ဖြည့်ရန် လိုအပ်သည်။ ဒါက သူတို့၏ အပေါ်လမ်းကစားသမား ဖြစ်သည်။ ငါးယောက်မြောက် ကစားသမားက ချောမွေ့စွာဖြင် ဂိမ်းတွင် ခုခံစွမ်းအားအမြင့်ဆုံး ဟီးရိုးကို ရွေးချယ်လိုက်သည်။ ကစားသမားအများစုက ထိုဟီးရိုးကို အသားဒိုင်း Tank ဒယ်ဒီဟု ခေါ်သည်။
ဂိမ်းက စတင်လေပြီ။
အနီဘက်ခြမ်း: အပေါ်လမ်းက တော်ဝင်သူရဲကောင်း၊ တောထဲက ခိုးကြောင်ခိုးဝှက်လူထွားကြီး၊ အလယ်လမ်းက ပုံရိပ်ယောင်ပညာရှင်၊ အထောက်အပံ့အနေနဲ့ တောအုပ်သံတမန် ရှိမယ်။ ဒီလိုဆိုရင် သူတို့ရဲ့ marksman က နတ်ဘုရားစနိုက်ပါပဲ။
အပြာဘက်ခြမ်းက: အပေါ်လမ်းက လူရမ်းကား၊ တောထဲမှာ လူမိုက်၊ အလယ်လမ်းက အသူရာအရှင်သခင်၊ သူတို့ရဲ့အထောက်အပံ့က ကောင်းချီးဘုန်းတော်ကြီးနဲ့ marksman ကတော့ နတ်ဘုရားလေးသည်တော်..
အနီသင်း၏ လိုင်းအပ်က ယေဘူယျကျကျ ပြောရသော် အဆင့်တက် ပြိုင်ပွဲများအတွက် အလွန်အဆင်ပြေသော လိုင်းအပ် ဖြစ်သည်။ အပေါ်လမ်းတွင် Tank ရှိနေပြီး အထောက်အပံ့ကလည်း ဟီလာ ဖြစ်နေသေးသည်။ သူတို့ရဲ့ ဂျန်ဂဲလာနှင့် အလယ်လမ်းကစားသူကလည်း လျင်မြန်စွာ လှုပ်ရှားတုံ့ပြန်နိုင်သူများ ဖြစ်ကြပြီး သူတို့၏ marksman တိုက်ခိုက်မှုကလည်း ပေါက်ကွဲလွယ်သည်။ ထိုသို့ဖြင့် သူတို့အခြေစိုက်စခန်းများကို ကာကွယ်ပေးထားနိုင်ပေလိမ့်မည်။
အပြာသင်းအတွက်ကတော့..
အမြောက်စာ ဇာတ်ရံငါးယောက်လို့ ပြောရမလား။
တကယ်ကြီးလား။
သူတို့ကြားမှ အုပ်စုလိုက် ထိန်းချုပ်နိုင်စွမ်းအင်များစွာ ရှိသော်လည်း ပြဿနာက…
ငါးယောက်လုံးက ရန်သူရဲ့တော်ဝင်သူရဲကောင်းကို သတ်နိုင်မှာတဲ့လား။ တကယ်လို့ သူတို့ သတ်နိုင်ရင်တောင်မှ သူတို့ အားလုံးပေါင်းပြီး သူ့ကို ရင်ဆိုင်ရမယ် မဟုတ်လား။
ယဲ့ရှောင်းယန်၏ Streaming အခန်းထဲတွင် ကြည့်ရှုသူများက စတင်ပြီး သံသယဝင်သော အတွေးများကို ဖော်ပြလာကြသည်။
[ရှောင်ပိုင်က နောက်ပိုင်းဂိမ်းအထိ ရောက်အောင် အချိန်ဆွဲဖို့ စဉ်းစားထားတာလား]
[သူတို့အသင်းရဲ့ Colp က တစ်ရှူးလိုပဲ အရမ်းကို အားနည်းလွန်းနေတယ်။ ဒီအသင်းတိုက်ပွဲထဲမှာ ဘယ်သူမဆို ထိမိတာနဲ့ သေသွားလောက်တယ်]
[ဒါပေမဲ့ ရှောင်ပိုင်မှာလည်း အကြံအစည် တစ်ခု ရှိမှာပေါ့။ သူတို့လိုင်းအပ်က လျင်လျင်မြန်မြန် တုံ့ပြန်နိုင်ကြတယ်။ ဒါက အတော်လေး အဆင်ပြေတဲ့ အချက်ပဲ]
[လူတွေကို ကြုံရာ လျှောက်အမိန့်ပေးမနေနဲ့ Host အသင်းတိုက်ပွဲတွေမှာ ပျက်စီးဆုံးရှုံးမှု ဒဏ်ခံနိုင်အောင် Tank ကို လိုအပ်တယ်။ ဥပမာ အပေါ်လမ်းကစားသမား လူရမ်းကားက ဒါကို မကိုင်တွယ်နိုင်ဘူး]
[နတ်ဘုရားငါး အခန်းထဲက ထွက်လာရုံပဲ ရှိသေးတယ်။ ဒီလို အသစ်ကလေးတွေ ဒုက္ခရောက်မှာကို တကယ် မမြင်နိုင်တော့ဘူး ဟား ဟား ဟား]
ယဲ့ရှောင်းယန်ကမူ သူတို့ကို ရှည်ရှည်ဝေးဝေး ရှင်းပြမနေချေ။ MBOA ဗျူဟာများက ဂိမ်းထားထဲတွင် အပြောင်းအလဲများစွာ လုပ်ရခြင်း ဖြစ်သည်။ ယဲ့ရှောင်းယန်က ထိုဟီးရိုးများနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များ အားလုံးကို မှတ်သားထားပြီးသား ဖြစ်သည်။
သူက မည်သည့်ဟီးရိုးက မည်သည့်နေရာတွင် မည်သို့ ကစားနိုင်ကြောင်းကိုလည်း နားလည်ထားပြီးသား ဖြစ်သည်။ အသင်း၏ Colp အတွက် သူက ပန်းတိုင်တစ်ခုတည်းကို ရည်ရွယ်ကာ ဖော်ပြထားခြင်း ဖြစ်သည်။ ဒါက ရန်သူ၏ အလယ်လမ်းကစားသမားနှင့် ဂျန်ဂဲလာကို ရင်ဆိုင်ရန် ဖြစ်သည်။ ရန်သူ့မှာ ဖျက်ဆီးနိုင်တဲ့စွမ်းအင် အပြည့် ရှိနေတော့ရော ဘာဖြစ်လဲ။ အဲတော့ ဘာဖြစ်လဲ..။
ယဲ့ရှောင်းယန်၏ အသင်းက လျင်မြန်စွာဖြင့် တုံ့ပြန်နိုင်ကြသည်။ သူတို့၏ဟီးရိုးများအားလုံးကို အဖွဲ့လိုက် ထိန်းချုပ်သည့် စွမ်းအင်ဖြင့် အစားထိုးနိုင်စွမ်း ရှိနေသေးပြီး ကောင်းချီးဘုန်းတော်ကြီးကလည်း ပြိုင်ဘက်အသင်း၏ အရှိန်နှုန်းကို ရပ်တန့်သွားအောင် Buff ကို အသုံးပြုနိုင်သည်။ သူတို့၏ ရန်သူက သိပ်မကြာခင် ဒါကို သတိထားမိပေလိမ့်မည်။ သူတို့ကသာ ယဲ့ရှောင်းယန်တို့ဘက်ကို အသင်းတိုက်ပွဲအတောအတွင်း အပြတ်မရှင်းနိုင်လျှင် နောက်ပိုင်းတွင် လိုက်မီနိုင်တော့မည် မဟုတ်ချေ။
သူတို့ကသာ အပြတ်မရှင်းနိုင်ခဲ့လျှင် သူတို့ အသတ်မခံရလျှင်ပင် ရွေ့လျားနိုင်တော့မည် မဟုတ်တော့ချေ။ မည်သည့်ဂိမ်းတွင်မဆို ထိုအခြေအနေက ကြောက်စရာကောင်းသည်။
စစ်နတ်ဘုရားမှ ကြိုဆိုပါတယ်။
ရင်းနှီးကျွမ်းဝင်သော စနစ်မှ အသံက ထွက်လာသည်နှင့် ဂိမ်းက စတင်သည်။
ယဲ့ရှောင်းယန်က ချက်ချင်းလိုလို သူတို့၏မြေပုံဘက်ခြမ်းမှ တောအုပ်ဘက်သို့ အမှတ်အသားပြုလိုက်သည်။
အပေါ်လမ်းကစားသမား၊ အလယ်လမ်းကစားသမား၊ အထောက်အပံ့၊ ဂျန်ဂဲလာတို့ အားလုံးက ထိုနေရာတွင် ရှိနေကြပြီး အပြာရောင်Buff အနားသို့ လာရောက်ကာ ခြုံခိုတိုက်ခိုက်မည့် အချိန်ကို စောင့်နေကြသည်။ သူတို့၏ သေနတ်သမားကသာ အောက်လမ်းသို့ သွားပြီး ရန်သူ့ဘက်မှ မီနီယမ်များကို စောင့်ဆိုင်းနေသည်။ ချင်ရွေ့ကလည်း ကျွမ်းကျင်စွာဖြင့် မြစ်ဘေးနားတွင် အဆောင်တစ်ခု ချကာ ပုန်းနေလိုက်သည်။ သူတို့က ဂိမ်းထဲသို့ ဝင်ရောက်ပြီး စက္ကန့်သုံးဆယ် ကြာပြီးနောက် အပြာရောင် Buff က ပေါ်ထွက်လာသည်။
ဆန့်ကျင်ဘက်အသင်းမှ ဂျန်ဂဲလာ ခိုးကြောင်ခိုးဝှက်လူထွားကြီးက ကိုယ်ဖျောက်စွမ်းရည်ကို ထုတ်သုံးထားသည်။ သူက ရန်သူတောအုပ်ထဲသို့ ခိုးဝင်ပြီး အပြာရောင် Buff ကို ခိုးရန် ကြိုးစားရဲသည်။ သူက တောအုပ်ထဲတွင် ခိုးရာမှ ထွက်လာပြီးနောက် တစ်ဖက်မှ လူမိုက်က အပြာရောင် Buff ချပေးမည့် မကောင်းဆိုးဝါးကို ခုတ်ပိုင်းသတ်ဖြတ်လိုက်ကြောင်း မြင်လိုက်ရသည်။ ဂျန်ဂဲလာများထဲတွင် ထိုလူမိုက်က တိုက်ခိုက်စွမ်းအား အနိမ့်ဆုံး ဖြစ်သည်။ ထိုဟီးရိုးက တစ်ဖက်မှ အပြာရောင် Buff မကောင်းဆိုးဝါး၏ HPကို တစ်ဝက်ထိ လျော့ကျအောင် လုပ်ရန်ပင် အချိန်အတော်ကြာပေလိမ့်မည်။
အခုက တိုက်ခိုက်ရမဲ့ အချိန်ပဲ။
ထို ခိုးကြောင်ခိုးဝှက်လူထွားက ရုတ်တရက် တောထဲမှ ထွက်လာပြီးနောက် အပြာရောင် Buff ကို ခိုးလုရန် ကြိုးစားလိုက်သည်။ သို့သော် ထိုလူထွားက ထိုအပြာရောင် Buff ကို ယူတော့မည့် အချိန်တွင် လူရမ်းကားက ရုတ်တရက် သစ်တော၏ အခြားတစ်ဖက်ခြမ်းတွင် ပေါ်လာပြီးနောက် ကြီးမားသော ဓားကြီးဖြင့် အောက်သို့ ခုတ်ပိုင်းလွဲယမ်းလိုက်သည်။
ကြီးမားသော ဓားသွားကြီးက အောက်သို့ ခပ်ကြမ်းကြမ်း ခုတ်လိုက်ပြီးနောက်တွင် ခိုးကြောင်ခိုးဝှက်လူထွား၏ ခေါင်းကို ဖြတ်လိုက်သည်။ ထိုလူထွားကြီးက မှင်တက်သွားသည်။ သူ၏HPကလည်း အများအပြား လျော့ကျသွားကြောင်း မြင်လိုက်ရလေသည်။ ချင်ရွေ့က သူ့ကောကောကို သူ၏ Qskill ဖြင့် ထောက်ပံ့ပေးထားပြီး တိုက်ခိုက်စွမ်းအားကို မြင့်တင်သွားစေသည်။ ယဲ့ရှောင်းယန်က ထိုအခွင့်အရေးကို ယူပြီးနောက် ရုတ်တရက် ထွက်ပေါ်လာကာ ရန်သူ၏ခေါင်းကို သိမ်းသည်။
First Blood
အသူရာအရှင်သခင်က First Blood ကို ယူသွားလေပြီ။ ယဲ့ရှောင်းယန်၏ အခြားသော အသင်းဖော်များ အားလုံးကလည်း ထိုKillကို ချီးကျူးဂုဏ်ပြုသည့် အနေဖြင့် ရွှေရောင်စကားများ ဆိုလာကြသည်။
ရှဲ့ယွီက ကျိန်ဆဲလိုက်သည်။
“သေစမ်း ငါ့ဂျန်ဂဲလာက ဘာဖြစ်နေတာလဲ။ အရင်ထွက်ပြီး အပြာရောင် Buff ကိုတောင် သွားခိုးနေသေးတယ်။ သူက သူ့ခေါင်းကို အလကား သွားပေးနေတာ မဟုတ်ဘူးလား”
သူက မျက်မှောင်ကြုတ်ပြီးနောက် အလယ်လမ်းသို့ မီနီယမ်အနည်းငယ်နှင့် သွားလိုက်ပြီးနောက်တွင် ရန်သူ၏ အလယ်လမ်းကစားသမားကို ခုန်ကျော် တိုက်ခိုက်နိုင်ရန် အလို့ငှာ မျှော်လင့်ပြီး သစ်တောထဲသို့ ခေါ်သွားလိုက်သ်ည။ သို့ရာတွင် သူ၏ပြိုင်ဘက်က အလွန်သတိထားလွန်းသည်။ အသူရာအရှင်သခင်က တောထဲသို့ပင် ဖြတ်လျှောက်မလာခဲ့ချေ။ ထိုအစား သူက တောထဲမှ ထွက်ခွာသွားပြီး အနီးအနားရှိ မျှော်စင်ထံသို့ ဦးတည်သည်။
ရှဲ့ယွီ၏ စောင့်ဆိုင်းမှုက အဓိပ္ပာယ်မဲ့သွားသည်။ သူက နောက်ပြန် လှည့်ကြည့်လိုက်ပြီး နောက်တွင် ဆက်လက်ပြီး အကျိုးအမြတ်များကို သိမ်းဆည်းရန် ကြိုးစားလေတော့သည်။
နှစ်ဖက်လုံးက ငြိမ်းချမ်းစွာဖြင့် အဆင့်တက်နေခဲ့သည်။ သုံးမိနစ် ကြာပြီးနောက် အောက်လမ်းမှ ကြေညာချက် ထွက်လာသည်။
မာမာ (နတ်ဘုရားစနိုက်ပါ) က လူအ (နတ်ဘုရားလေးသည်တော်) ကို သတ်လိုက်ပြီ။
ယဲ့ရှောင်းယန်က အောက်လမ်းဆီသို့ ကြည့်လိုက်ပြီးနောက် လျင်မြန်စွာဖြင့် အသင်း၏ ချက်ခန်းမှ သတိပေးလိုက်သည်။
[အောက်လမ်းက marksman မျှော်စင်က မထွက်နဲ့၊ marksmanနဲ့ အထောက်အပံ့က တခြားဖက်မှာ နှစ်ယောက် ပေါင်းထားတယ်။ ဒီတော့ မင်းက တစ်ယောက်နှစ်ယောက် ယှဉ်ပြိုင်ရလိမ့်မယ်။ ဒါက အန္တရာယ်များတယ်]
လူအက ရှက်သွားသည်။ သူက ပြန်ဖြေသည်။
[ငါ မကောင်းတာပါ။ ငါက Health ကျသွားတာကို မြင်တော့ လောဘကြီးသွားခဲ့တာ။ သူတို့က ငါ သူ့ကို မရခင်မှာတင် သတ်လိုက်ကြတာ]
ယဲ့ရှောင်းယန်က နှစ်သိမ့်ပေးသည်။
[အဆင်ပြေပါတယ်။ အာရုံပဲ စိုက်ထား။ နောက်ကျရင် ငါတို့ အထောက်အပံ့က မင်းကို ကူပြီး ခေါ်ပေးလိမ့်မယ်]
ထို့နောက် တစ်ယောက် တစ်ယောက်ဆီ ရင်ဆိုင်ရသော အချိန်က ရောက်လာသည်။ one kill ယူရာတွင် ယဲ့ရှောင်းယန်က အချိန်တစ်ခု ကြာသည်အထိ ရွှေရောင်ခေါင်းစီးပိုင်းဖြင့် ဦးဆောင်နေခဲ့သည်။
သေချာစွာဖြင့် သိပ်မကြာခင်တွင် ဂျန်ဂဲလာနှစ်ယောက်လုံးက အဆင့်ခြောက်သို့ ရောက်သွားပြီး စတင်ကာ Gank တော့်သည်။ (ဂရန့် တယ်။ ဆိုတာက ဂိမ်းအသုံးအနှုန်းအရ လုပ်ကြံသတ်ဖြတ်ဖို့ ချောင်းတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်) ရန်သူ ဂျန်ဂဲလာက အောက်လမ်းသို့ ဒုန်းစိုင်းဆင်းလာသည်။ ယဲ့ရှောင်းယန်ဘက်မှ marksman က သတိထားသော်လည်း ပြိုင်ဘက်ကမူ အားနည်းသော ဟီလာ ဖြစ်နေခဲ့သည်။ ထိုအချက်ကတင် ပြိုင်ဘက်ကို မျှော်စင်မှ ပျက်စီးစွမ်းအင်များကို အားဖြည့်ပေးနိုင်စွမ်း ရှိလာခဲ့သည်။ နောက်ထပ် Kill တစ်ခုကို တောင်းဆိုလိုက်သလို ဖြစ်သွားသည်။
မာမာ(နတ်ဘုရားစနိုက်ပါ) က လူအ (နတ်ဘုရားလေးသည်တော်) ကိုသတ်လိုက်သည်။
ရန်သူ၏ marksmanက secound kill ရသွားသည်။ ယဲ့ရှောင်းယန်၏ marksman ကမူ သေဆုံးမှုများကြောင့် ရူးသွပ်တော့မလို ဖြစ်လာသည်။ သူက ချက်ခန်းထဲတွင် တောက်လျှောက်စာများ ပို့နေသည်။ ယဲ့ရှောင်းယန်က မှန်ကန်သော ဆုံးဖြတ်ချက် ချလိုက်သည်။
“ရှောင်ရွေ့ အောက်လမ်းကို သွားပြီး ကူညီလိုက်”
ချင်ရွေ့က ချက်ချင်းလိုလို အောက်လမ်းသို့ နာခံစွာဖြင့် သွားသည်။ ထိုသို့ဖြင့် ယဲ့ရှောင်းယန်နှင့် ရှဲ့ယွီက အလယ်လမ်းတွင် one by one ဖြစ်သွားသည်။ ရှဲ့ယွီက နှာခေါင်းရှုံ့ကာ လှောင်ရယ်လိုက်သည်။
“အဲဒီစိတ်ရှုပ်စရာကောင်းတဲ့ အထောက်အပံ့က ထွက်သွားပြီ ငါ ဒီကောင့်ကို solo kill သတ်ပြီး အဆင့်ခြောက် ဘယ်လို ရအောင် ယူမလဲ ကြည့်နေ”
မှော်ဆရာများထဲတွင် ပုံရိပ်ယောင် ပညာရှင်က အစောပိုင်းဂိမ်းများထဲတွင် အပျက်အစီးစွမ်းအား အမြင့်မားဆုံး ရအောင် လုပ်နိုင်သော ဟီးရိုးများထဲမှ တစ်ကောင်ဖြစ်သည်။ သူက သူ၏Skill တစ်ခုတည်းဖြင့် ပြိုင်ဘက်မှ ဖန်သားလို ကွဲအက်နိုင်သော အရံကို သတ်ဖြတ်နိုင်လေသည်။
ယဲ့ရှောင်းယန်က တိုက်ဆိုင်စွာဖြင့် ထိုဟီးရိုးကိုလည်း ဝယ်ထားပြီး ဂိမ်းတွင်လည်း သူ ကစားကြည့်ထားဖူးသည်။ ထို့အတွက်ကြောင့် ထိုဟီးရိုး၏ လုပ်နိုင်စွမ်းအားကို သိနေသည်။ ထို့ကြောင့် ရှောင်ရွေ့က အောက်လမ်းသို့ ထွက်သွားသည်နှင့် ယဲ့ရှောင်းယန်က သူ၏မီနီယမ်များ နောက်သို့ ဆုတ်သည်။ သေချာစွာဖြင့်ပင် မှော်ဆရာနှစ်ဖက်လုံးက တောက်ပလာပြီး အဆင့်ခြောက်သို့ ရောက်သွားသည်။ ထိုသို့ဖြင့် ယဲ့ရှောင်းယန်၏ မျက်လုံးထဲသို့ အလင်းတန်းများက တောက်ပလာသည်။
ဝေဝါးသော ခရမ်းရောင်အလင်းတန်းများ၏ အောက်တွင် မြူကဲ့သို့သော အလင်းရောင်များက သူ၏ခန္ဓာကိုယ်ကို မြွေကဲ့သို့ ဝိုင်းပတ်လာသည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော ဆူးချွန်များက သူ့ကို ထိုးစိုက်လာခြင်းအားဖြင့် သူ၏ HPကို လျော့အောင် လုပ်သည်။ သူ့အတွက် HP အနည်းငယ်သာ ကျန်ရစ်တော့သည်။
အသူရာအရှင်သခင်က ချိန်းခြောက်ခံရသော အခြေအနေမျိုးတွင် ဖြစ်နေကြောင်း မြင်သောအခါ ရှဲ့ယွီက သတ်ဖြတ်ရန် ကြံစည်သည်။ ယဲ့ရှောင်းယန်ကလည်း သူ၏skillကို သုံးပြီးနောက် သူ၏ အရိပ်များထဲမှ တစ်ခုကို လွှတ်လိုက်ကာ လူစားထိုးလာသည်။ ထို့နောက် ချက်ချင်းလိုလို သူ့ကိုယ်သူ အရံအတားတစ်ခုသို့ နေရာရွေ့ပြောင်းလိုက်ပြီး အားဖြင့် သူ့HPကို ထိန်းထားလိုက်သည်။ ထိုမြင်ကွင်းက ကြည့်ရှုသူများကို ချွေးစေးပျံသွားစေသည်။ ပုံရိပ်ယောင်ပညာရှင်က Killကို ရတော့မည်နှင့် တူသည်။ အသူရာအရှင်သခင်ကမူ နောက်ဆုံးကျန်သော သွေးတစ်စက်ဖြင့် လွှတ်မြောက်သွားလေသည်။
ရှဲ့ယွီကမူ ကျိန်ဆဲချင်သွားသည်။
“ဖာ့ခ်.. ဘာKill မှ မရဘူးလား။ ဒီကောင်က လှည့်စားနေတာလား”
နံရံမှ ချော်ထွက်ပြီး လွှတ်မြောက်သွားပြီးနောက် ယဲ့ရှောင်းယန်က အခြေစိုက်စခန်းသို့ ပြန်ကာ ကုသည်။
သူက သူ၏ မီနီယမ်များကို တစ်ဖန် ပြန်သယ်လာသည်။ သူက အလဲထိုးခံရပြီး အခြေစိုက်စခန်းသို့ ပြန်ဆုတ်ခဲ့ရသည့်တိုင် သူ့အင်အားက မရှုံးသွားခဲ့ချေ။ အလယ်လမ်းကစားသမားနှစ်ယောက်လုံးက ဆက်လက်ပြီး တိုက်ခိုက်နေကြသေးသည်။ ပထမတစ်ကြိမ် ထိပ်တိုက်ရင်ဆိုင်ပြီးနောက် နှစ်ဖက်မှ ဂျန်ဂဲလာများကလည်း သူတို့၏ အလယ်လမ်းကစားသမားများကို လာကူကြသည်။ ရှဲ့ယွီက ဒီအခွင့်အရေးကို စောင့်ပြီးနောက် ဂျန်ဂဲလာ၏ အားဖြည့်ပေးမှုနှင့်အတူ 2 vs 2 တိုက်ပွဲကို ဆင်နွဲသည်။ ယဲ့ရှောင်းယန်က တစ်ဖန် ထပ်ပြီး အနည်းငယ်သာ ကျန်ရစ်သော HPနှင့်အတူ ထွက်ပြေးပြန်သည်။ သို့သော် သတိလက်လွှတ် နေရာချထားပေးမှုကြောင့် သူ၏ ဂျန်ဂဲလာက ရန်သူ ပုံရိပ်ယောင်ပညာရှင်၏ ရိတ်သိမ်းခံလိုက်ရပြန်သည်။
အစ်ကိုငါး (ပုံရိပ်ယောင်ပညာရှင်) က ငါက ဂျန်ဂဲလာပဲ ကစားတယ် (လူရမ်းကား) ကို သတ်လိုက်ပြီ။
ထိုစာပေါ်လာသည်နှင့် အစ်ကိုငါး၏ Streamခန်းထဲတွင် 666 များက ရူးသွပ်မတတ် ပေါ်လာသည်။ ထို 2 vs 2 ပွဲတွင် အစ်ကိုငါးက နိုင်သွားသည်။ ကံဆိုးစွာဖြင့် အသူရာအရှင်သခင်က နောက်ဆုံးကျန်သော သွေးဖြင့် လွှတ်မြောက်သွားပြန်သည်။
ရှဲ့ယွီက မျက်ခုံးပင့်လိုက်သည်။ ထို့နောက် ရယ်သည်။
“သူ ထွက်ပြေး သွားပြန်ပြီ။ မဟုတ်ရင် Double Kill ဖြစ်မှာပဲ”
ယဲ့ရှောင်းယန်က အလယ်လမ်းသို့ ပြန်ပြီးနောက် သတိပေးချက်တစ်ခုကို ထုတ်လိုက်သည်။
{ဂျန်ဂဲလာ အောက်လမ်းကို သွားကူလိုက်.. ငါ အလယ်လမ်းမှာ တစ်ယောက်တည်း ဖြစ်တယ်]
ဂျန်ဂဲလာက ချက်ချင်းလိုလို အောက်လမ်းသို့ သွားလိုက်သည်။
ရန်သူ ဂျန်ဂဲလာကလည်း အောက်ခြေလမ်းသို့ ဆင်းလာသည်နှင့် ဆုံသွားပြီး 3 vs 3 ပွဲက စတင်သည်။ ယဲ့ရှောင်းယန်၏ဘက်မှ ကစားသမားသုံးယောက် အားနည်းနေသည်။ သူတို့က သူတို့ဘက်တွင် လုံလောက်သော DPS က ရှိမနေခဲ့ချေ။ ရန်သူဘက်တွင် ဟီလာ ရှိနေသည်။ တစ်ဖန်ထပ်ပြီး သူတို့က ရှုံးသွားပြန်သည်။
မာမား(နတ်ဘုရားစနိုက်ပါ) က ငါက ဂျန်ဂဲလာပဲ ကစားတယ် (လူရမ်းကား) ကို သတ်လိုက်ပြီ။
ရန်သူmarksman က Three Kill ရသွားလေပြီ။ ထို့ကြောင့် ရွှေစကားလုံးဖြင့် ဆက်တိုက် ဦးဆောင်နေသည်ဟု ဆို၍ ရသည်။ ယဲ့ရှောင်းယန်၏ ဘက်မှ ဂျန်ဂဲလာကမူ နှစ်ကြိမ်ဆက်တိုက် အောင်မြင်စွာဖြင့် အသတ်ခံလိုက်ရသည်။ သို့တိုင်အောင် သူ၏စိတ်ကမူ ကွဲအက်သွားရပြီ။
ငါက ဂျန်ဂဲလာပဲ ကစားတယ်: [မေ့လိုက်တော့.. ငါ သူတို့ရဲ့ ဂျန်ဂဲလာကို မနိုင်ဘူး]
ငါက ဂျန်ဂဲလာပဲ ကစားတယ်: [ငါ အပေါ်ပိုင်း တောထဲက အရင်းအမြစ်တွေကို မင်းအတွက် ချန်ထားပေးခဲ့လိုက်မယ်။ ဒီပွဲမှာတော့ မဟာနတ်ဘုရားကိုပဲ မှီခိုတော့မယ်]
ရှောင်ပိုင် [ကျေးဇူးပါပဲ။ အားလုံးပဲ စိတ်တည်တည်ငြိမ်ငြိမ် ထားကြပါ]
ထိုသို့ဖြင့် Heat Count က 1-4 အထိ ရောက်သွားလေပြီ။ အချိန်တိုအတောအတွင်း အောက်လမ်း၏ အပြင်ဘက် မျှော်စင်က ဖျက်ဆီးခံလိုက်ရသည်။
ယဲ့ရှောင်းယန်၏ အဖွဲ့က အားနည်းသော ဘက်လေလေ လူအများစု၏ တိုက်ခိုက်လိုစိတ်က လျော့ကျနေလေပြီ။ သူတို့၏ အောက်လမ်းက ယဲ့ရှောင်းယန် မျှော်လင့်ထားသည့်အတိုင်း အနည်းနှင့်အမြန် ပြိုကျသွားတော့မည် ဖြစ်သည်။ သေနတ်သမားနှင့် ဂျန်ဂဲလာကလည်း အဆင့်မြင့်ကစားသမားများ မဟုတ်ကြချေ။ ယဲ့ရှောင်းယန်က စာရိုက်လိုက်သည်။
[မစိုးရိမ်နဲ့ ငါတို့ နောက်ပိုင်း ဂိမ်းအထိ အချိန်ဆွဲထားလို့ ရသေးတယ်]
ဂိမ်းက ကိုးမိနစ်အထိ ကြာပြီးနောက် ရန်သူဘက်မှ အလယ်လမ်းကစားသမားက ရုတ်တရက် အောက်လမ်းသို့ အထောက်အပံ့ ဘေးသို့ ခုန်ဆင်းလာသည်။ နောက်ထပ် အသင်းတိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ချိန်တွင် ယဲ့ရှောင်းယန်၏ marksman နှင့် အထောက်အပံ့က အသတ်ခံလိုက်ရပြန်သည်။ ပုံရိပ်ယောင်ပညာရှင်က သူတို့၏ခေါင်းကို ယူသွားသည်။
အစ်ကိုငါး (ပုံရိပ်ယောင်ပညာရှင်) က ရှောင်ရွေ့ (ကောင်းချီးဘုန်းတော်ကြီး) ကို သတ်လိုက်ပြီ။
အစ်ကိုငါး (ပုံရိပ်ယောင်ပညာရှင်) က လူအ (နတ်ဘုရားလေးသည်တော်) ကို သတ်လိုက်ပြီ။
ရှဲ့ယွီ၏ စိတ်အခြေအနေက ပိုကောင်းသည်ထက် ကောင်းလာသည်။ သူက ရယ်ပြီးနောက် ကြည့်ရှုသူများကို ပြောသည်။
“အာ ဒီပွဲကို လွယ်လွယ်ကူကူ နိုင်မယ်လို့ မထင်ထားဘူး။ ရန်သူရဲ့ marksman က တော်တော်လေးကို ဆိုးရွားတာပဲ။ သူတို့ရဲ့ အထောက်အပံ့ရဲ့ စကေးကလည်း အများဆုံးမှ ရွှေအဆင့်လောက်ပဲ ရှိမယ်။ ဒီတော့ ဘုရင်အဆင့်ကို ရောက်ဖို့ အသယ်ခံလာရတာပဲ ဖြစ်လောက်တယ်”
သူက အင်ဖိုစာရင်းကို ဖွင့်ပြီးနောက်တွင် နှစ်ဖက်အသင်း၏ အခြေအနေများကို စစ်ဆေးလိုက်သည်။ လက်ရှိအချိန်တွင် သူ၏ကိုယ်ပိုင်killက 3/0/0 ဖြစ်နေသည်။ ပြိုင်ဘက်မှ အလယ်လမ်းကစားသမားက 1/0/0 ဖြစ်နေသေးသည်။ ထိုအရေအတွက်အရ ရှဲ့ယွီက တစ်ဖက်ထက် အပြတ်အသတ် သာနေသည်။ သို့ရာတွင် သူက တစ်ဖက်မှ အလယ်လမ်းကစားသမား၏ ရွှေရောင်စကားလုံးများကို မြင်သောအခါ ရုတ်တရက် သူ၏မောက်ကို ခပ်တင်းတင်း ဆုပ်ကိုင်မိသွားပြီး မျက်လုံးအပြူးသား ဖြစ်သွားသည်။
ဘယ်လို ဖြစ်နိုင်မှာလဲ။ ဘာလို့ ရန်သူရဲ့ အလယ်လမ်းကစားသမားက Gold Count က သူနဲ့ တူညီလုနီးပါး ဖြစ်နေတာလဲ။
သူက ရန်သူကို HP ကျသွားအောင် နှစ်ကြိမ် လုပ်နိုင်ခဲ့သည်။ ထို့နောက် အခြေစိုက်စခန်းသို့ ပြန်အောင်လည်း မောင်းထုတ်နိုင်ခဲ့သေးလေသည်။ ထို့အပြင် သူက အောက်လမ်းမှလည်း Double Kill ပင် ရခဲ့သေးသည်။ ထိုအခြေအနေတွင် ရှဲ့ယွီက ရုတ်တရက် အသူရာအရှင်သခင်က သူ့ရှေ့တွင် ပေါ်လာကြောင်း မြင်လိုက်ရသည်။ ဟီးရိုး၏ တစ်ကိုယ်လုံးကို အပြာရောင် Buff အလင်းတန်းများဖြင့် လွှမ်းခြုံထားသည်။
“သေစမ်း သူက တောထဲက အရင်းအမြစ်တွေ အကုန်လုံးကို စားလိုက်တာလား”
ရှဲ့ယွီက တအံ့တဩ အော်သည်။
ထိုဟီးရိုးနှင့်သူ ဆယ်ပွဲထက် မနည်း ကစားဖူးသော ရှဲ့ယွီကလည်း အသူရာအရှင်သခင်က နောက်ပိုင်းဂိမ်းများတွင် မည်မျှ အင်အားကြီးကြောင်း သိထားသည်။ ထိုသို့ဖြင့် သူက ကျောစိမ့်တက်သွားသည်။ သူက ချက်ချင်းလိုလို အသင်းချက်သို့ စာရိုက်ပို့လိုက်သည်။
[သူတို့က နောက်ပိုင်းအထိ ဂိမ်းကို အချိန်ဆွဲချင်နေတာ သူတို့ကို အချိန်ဆွဲခွင့် မပေးနဲ့။ အလယ်လမ်းကနေ တိုက်ခိုက်ပြီး ဒီပွဲကို အဆုံးသတ်ရအောင် အခုပဲ အခုပဲ]
သူ၏ အသင်းဖော်များက ထိုစကားကို မြင်သောအခါ ချက်ချင်းလိုလို အလယ်လမ်းသို့ ရောက်ရှိလာသည်။ ယဲ့ရှောင်းယန်ကလည်း သူ၏အသင်းဖော်များကို အချက်ပြသည်။ သူတို့အားလုံးကလည်း အလယ်လမ်းသို့ ရောက်လာသည်။ ထိုသို့ဖြင့် ဂိမ်းက ၁၁မိနစ်ခန့် ကြာသွားပြီးနောက် ပထမဆုံး 5 vs 5 အသင်းတိုက်ပွဲက စတင်လေပြီ။