အခန်း(၇)
ညကိုးနာရီ… ထျန်းဟွမ်ရဲ့ H Q
[ဌာနချုပ်]
ချီရှို့က လေ့ကျင့်ရေးအခန်း နံပါတ်တစ်သို့ ရောက်သွားသောအခါ သူ၏အတန်းဖော်များက ကွန်ပျူတာ အသီးသီးကိုကိုင်ကာ သူတို့၏နေ့စဉ် လေ့ကျင့်ရေးကို လုပ်နေကြသည်။ သူက နည်းပြလင်းဖုန်း၏ အနောက်မှ ကျော်ဖြတ်သွားချိန်တွင် နည်းပြက တိုက်ဆိုင်စွာဖြင့် [အသူရာအရှင်သခင်] ဟီးရိုးကို သူ၏မော်နီတာတွင် ဖွင့်ကြည့်နေကြောင်း မြင်လိုက်ရသည်။
လင်းဖုန်းက ထျန်းဟွမ်အဖွဲ့မှ ပထမမျိုးဆက်၏ Starting Miss Laner ဟု ဆိုရမည်ဖြစ်သည်။ သူက ကစားသမားဘဝမှ အနားယူပြီးနောက် နည်းပြခေါင်းဆောင်အဖြစ် ဆက်နေခဲ့သည့် စိတ်သဘောထား ကောင်းမွန်သော ဘယ်တာတစ်ယောက် ဖြစ်နေသေးသည်။
အကြောင်းမူကား သူကိုယ်တိုင်ကလည်း ကျွမ်းကျင်ကစားသမားတစ်ယောက် ဖြစ်ခဲ့သဖြင့် သူ၏ နည်းပြရာတွင်သုံးသော စိတ်ပိုင်းဆိုင်ရာ ချဉ်းကပ်မှုက အခြားသော နည်းပြပေါင်းများစွာနဲ့ ကွာခြားနေခဲ့သည်။ သူက ကစားသမား တစ်ယောက်ချင်းစီတိုင်း၏ စိတ်ဆန္ဒကို အထူးတလည် လေးစားထားသည်။ သူက နည်းပြခေါင်းစဉ် ရထားသောကြောင့် မာနတခွဲသားဖြင့် နေထိုင်ခြင်းမျိုးလည်းမရှိချေ။ သူက ကစားသမားများကို ဖိအားပေးခဲသည်။ သို့သော် ထိုကစားသမားက လွန်ကဲလွန်းသော အမှားတစ်ခုကို လုပ်ထားလျှင်မူ ထိုအကြောင်း ဆက်လက်ပြီး သုံးသပ်ရန် ဆူပူလေ့ရှိသည်။
ဂိမ်းတွင် ဟီးရိုးအသစ်တစ်ခု ထွက်ပေါ်လာချိန်တိုင်း နည်းပြလင်းက ထိုဟီးရိုးနှင့်အရင်ဆုံး လေ့ကျင့်ကြည့်သည်။ နည်းပြများက ဂိမ်းသီအိုရီများတွင် ကျွမ်းကျင်ပညာရှင်အဖြစ် မဖြစ်နိုင်ကြောင်း သူကိုယ်တိုင်ကလည်း ယုံကြည်ထားသည်။ ထို့ကြောင့် ဦးစွာဖြင့် ထိုဟီးရိုး၏ အတွင်းအပြင်တိုင်းကို နှံ့နှံ့စပ်စပ် သိထားရန် လိုအပ်သည်။ ထိုနည်းမှသာ ဂိမ်းတိုင်းအတွက် အကောင်းဆုံး Line up ကို ရွေးချယ်ပေးနိုင်မည် ဖြစ်သည်။ ရလဒ်အနေဖြင့် အဖွဲ့ချုပ်မှ နည်းပြခေါင်းဆောင်တိုင်းထဲတွင် လင်းဖုန်းကသာ အင်အားအကြီးဆုံး ကစားသမား ဖြစ်နေသည်။
ချီရှို့က သူရဲ့နောက်တွင် ရပ်ပြီးနောက် ကွန်ပျူတာကိုကြည့်သည်။
“ဒီဟီးရိုးအသစ်က ဘယ်လောက်အင်အားကြီးလဲ”
“T0 Miss Laner ဖြစ်လောက်တယ်”
လင်းဖုန်းကပြောသည်။
“ဒီဟီးရိုးက ကျွမ်းကျင်ဖို့ တော်တော်လေး ခက်ခဲလိမ့်မယ်။ သူ့ရဲ့ အစားထိုးစကေးက ရေတိုအတွင်းပဲ လုပ်လို့ရတယ်။ ကစားသမားရဲ့ ထိန်းချုပ်နိုင်စွမ်းအားကသာ မကျွမ်းကျင်တဲ့အဆင့်ထိ ရောက်နေခဲ့ရင် နံရံကို ဝင်ဆောင့်တိုက်သလို ဖြစ်သွားလိမ့်မယ်။ နောက်ပြီး ဒီအရိပ်တွေက တစ်ယောက်ချင်းစီ ခွဲသွားလို့ရသလို အဖွဲ့လိုက်လည်း လွှတ်လို့ရတယ်။ နောက်ပြီး အဖွဲ့လိုက် တိုက်ခိုက်တဲ့ အချိန်မှာ ပျက်စီးမှုအား များပြားအောင် လုပ်နိုင်သလို တစ်ယောက်ချင်းစီ တိုက်ခိုက်တဲ့ အချိန်မှာလည်း ဆုံးရှုံးမှုအားများအောင် လုပ်လို့ရတယ်။ ကျွမ်းကျင်ရင်တော့ ကောင်းတဲ့ဘက်တွေက အများကြီးပဲ။ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းအားက နောက်ပိုင်းဂိမ်းမှာ ဆက်တိုက် ဖောက်ခွဲစွမ်းအားကို ထုတ်သုံးနိုင်တဲ့အထိ ကောင်းမွန်တယ်။ သူ့ရဲ့ အခြားစကေးတွေနဲ့ပေါင်းပြီး Ult Kill တစ်ခု ရသွားပြီးပြီဆိုတာနဲ့ သူက နောက်ထပ် Kill တွေထပ်ရလေလေ ပိုပြီး အင်အားကြီးလာလေလေပဲ”
“ဆိုတော့ Kill ကို အဓိကထားတဲ့ လုပ်ကြံသတ်ဖြတ်တဲ့ မှော်ဆရာလား”
ချီရှို့က နည်းပြဘေးနားတွင် ဝင်ထိုင်လိုက်သည်။ သူကလည်း သူ၏ကွန်ပျူတာကို ဖွင့်လိုက်ရင်း ဆက်ပြောလိုက်သည်။
“ဒီဟီးရိုးအသစ်က ပြိုင်ပွဲစဉ် Sever မှာ တရားဝင်ထုတ်ရသေးတာ မဟုတ်ဘူး။ ဒီတော့ နိုဝင်ဘာအထိ မပါလောက်သေးဘူး။ ကျွန်တော်တို့ အရင်ဆုံး ဒီအသူရာအရှင်သခင်ကို စစ်ဆေးကြည့်ထားသင့်လား။ သူနဲ့ပတ်သက်ပြီး ဗျူဟာတွေ ချထားဖို့ လိုအပ်သေးလား”
နည်းပြလင်းက ပြုံးလျှက်ပြောသည်။
“သူက တရားဝင်ထွက်လာတာနဲ့ ဘန်းတဲ့စာရင်းထဲကို အလိုအလျောက် ဝင်သွားလိမ့်မယ်။ ဒါပေမဲ့ ငါတို့ကလည်း ဖြစ်နိုင်ချေတွေ အားလုံးကို ကြိုတင်ပြင်ဆင်ထားသင့်တယ်။ လိုရမယ်ရ ပြိုင်ဘက်တွေက သူ့ကို မဘန်းဘူးဆိုရင် ငါတို့အနေနဲ့ အချို့အဖွဲ့တွေကိုသုံးပြီး တိုက်ခိုက်ဖို့ ပြင်ဆင်ထားသင့်တယ်”
ချီရှို့ကလည်း ခေါင်းညိမ့်သည်။
“ကျွန်တော်မနက်ဖြန်ကျရင် အဆင့်သတ်မှတ်တဲ့ပြိုင်ပွဲ နည်းနည်း ကစားပေးမယ်။ ဒီတော့ ဒီဟီးရိုးအသစ်ရဲ့ ထုတ်ပေးနိုင်တဲ့စကေးရဲ့ စွမ်းအင်ကို ကြည့်ကြတာပေါ့”
တရားဝင်ကျင်းပြသော ပွဲစဉ်များ၏ အချိန်ဇယားက အစီအစဉ် တစ်ခုချင်းစီတိုင်းတွင် ပြိုင်ပွဲကြီးများရှိပြီး အသေးစား အစီအစဉ် သုံးခုအဖြစ် ခွဲသွားသည်။
ဥပမာအနေဖြင့် ဒီအစီအစဉ်ကိုးတွင် တရားဝင်ဂိမ်းမှ ဖောက်သည်က ဗားရှင်းသုံးခုခွဲလိုက်ပြီး အသေးစား အစီအစဉ်သုံးခု ပြန်ခွဲသည်။ 9-1၊ 9-2နှင့် 9-3 ဖြစ်သည်။ ထိုအသေးစား အစီအစဉ်များက တရားဝင် ရာသီအစောပိုင်း၊ ရာသီအလယ်ပိုင်းနှင့် ရာသီနှောင်းပိုင်းနှင့် ညီမျှသည်။
ကစားသမားများအတွက် တက်တက်ကြွကြွ တိုက်ခိုက်နိုင်ပြီး သူတို့ ထုတ်သုံးနိုင်သည့် ဗျူဟာများ၏ အလားအလာကို ပိုမြှင့်စေရန်အလို့ငှာ ဂိမ်းထဲတွင် ထုတ်သုံးနိုင်မည့် ဟီးရိုးအသစ်များကို ဒီအစီအစဉ် အသေးတိုင်းတွင် ထုတ်ပေးလေ့ရှိသည်။
ဟီးရိုးအသစ်များက ထွက်လာသည်နှင့် အလွန်အမင်း အင်အားကြီးလေ့ရှိသည်။ ထို့ပြင် အများဆုံး အွန်လိုင်းဆာဗာများတွင် အရင်ထုတ်ပြီး ကစားသမားများက Bugs တွေရှိမရှိ ကြိုတင်ထောက်လှမ်း စစ်ဆေးကြည့်နိုင်သေးသည်။ နှစ်လကြာပြီးနောက် ထိုဟီးရိုးအသစ်များက ပြိုင်ပွဲဆာဗာတွင် ပေါ်လာမည်ဖြစ်သည်။ ထိုနည်းအားဖြင့် ဟီးရိုးအသစ်များ၏ Bugs များက တရားဝင်ဂိမ်းများတွင် ပေါ်လာပြီး ပွဲစဉ်များကို နှောက်ယှက်သော အခြေအနေမှ ကာကွယ်နိုင်ပေလိမ့်မည်။
လက်ရှိအချိန်တွင် ဂိမ်းဗားရှင်း 9-3၏ ဟီးရိုးအသစ်ဖြစ်သည့် အသူရာ အရှင်သခင် လော့ကီးက အများဆုံး ဆာဗာများတွင် ရနိုင်နေပြီဖြစ်သည်။ ကစားသမားတိုင်းကလည်း သူ့ကိုဝယ်နိုင်ပြီး လေ့ကျင့်နိုင်ကြသလို သူ့ကိုရအောင် တာဝန်များလည်း လုပ်၍ရသည်။ သို့သော် ပွဲစဉ်ဆာဗာတွင် မထည့်ရသေးသောကြောင့် ကျွမ်းကျင်ဂိမ်းများတွင် အသုံးမပြုနိုင်သေးချေ။
ကျွမ်းကျင်ကစားသမားများက ထိုဟီးရိုးအသစ်များကို ကြိုတင်ပြီး ရင်းနှီးကျွမ်းဝင်အောင် လေ့ကျင့်ထားရမည်ဖြစ်သည်။ မဟုတ်လျှင် ပြိုင်ဘက်အသစ်များကသာ ဟီးရိုးအသစ်များကို ရွေးချယ်ပြီး တိုက်ခိုက်ခဲ့မည်ဆိုလျှင် သူတို့ ဒုက္ခရောက်ပေလိမ့်မည်။
ထို့ကြောင့် အသင်းတိုင်းမှ ကစားသမားများ၏ နည်းပြတိုင်းက အသူရာအရှင်သခင်ကို လေ့ကျင့်ရန် ကြိုးစားနေကြရသည်။ ထိုအချက်ကလည်း ယဲ့ရှောင်းယန်ကပြောသည့် စမှတ်တူသည်ဆိုသော ကိစ္စဖြစ်နေသည်။
ယဲ့ရှောင်းယန်က ချင်ရွေ့နှင့်အတူ သူ၏ဟီးရိုးကို အသူရာအရှင်သခင်ကို နှစ်ရက် အဆင့်တက်ပွဲများကို ဆက်လက် ကစားနေခဲ့သည်။ ထိုကဲ့သို့သော သူနှင့်အလွန်သင့်တော်သည့် ဟီးရိုးအသစ်ကို ရွေးချယ်သော အကျိုးရလဒ်က သူ၏ကိုယ်ပိုင်စွမ်းရည်ကို တက်လာစေခြင်း ဖြစ်သည်။ သူ၏ အသင်းအဖော်များက အသုံးမဝင်သည့်တိုင်အောင် သူက ထိုလူများကို သယ်သွားပေး၍ ရသေးသည်။
လေးနာရီခန့်ကြာပြီးနောက် သူက ၁၅ပွဲဆက်တိုက် နိုင်သွားသည်။ ထိုသို့ဖြင့် ထိုဂိမ်းထဲမှ တစ်ခုချင်းစီတိုင်းတွင် MVP နာမည်တပ်ခံရသည့်အပြင် အနိုင်ရသည့် အချိန်များက များလာသည့်အတွက် အမှတ်များက ဆက်တိုက် များလာသည်။ မျက်တောင်တခတ် အချိန်အတွင်းတွင် ယဲ့ရှောင်းယန်၏ တိတိချင်ရွေ့က ငွေဖြူတစ်အဆင့်သို့ ရောက်သွားသည်။ ယဲ့ရှောင်းယန်ကမူ ကြေးနီရောင် သုံးအဆင့်မှ ငွေဖြူတစ်အဆင့်သို့ တန်းရောက်သွားသည်။
ဘေးမှ အဆင့်သတ်မှတ်ချက်စနစ်က ဆက်တိုက်နိုင်လေလေ အမှတ်ပိုရလေဖြစ်သည်။ ကစားသမားက ဆက်တိုက် နိုင်နေသမျှ သူက ဆက်တိုက် အပိုအမှတ်များ ရရှိနေခဲ့သည်။ ငါးပွဲဆက်တိုက်နိုင်လျှင် ကြယ်တစ်ပွင့်ရသည်။ ဆယ်ပွဲဆက်တိုက်နိုင်လျှင် နှစ်ပွင့်ရသည်။ ဆယ့်ငါးပွဲဆက်တိုက်နိုင်လျှင် ကြယ်သုံးပွင့်ရမည်ဖြစ်သည်။ ကစားသမားများက ထိုသို့ ဆက်တိုက် နိုင်သွားခဲ့ပြီး အဆင့်တက်သွားခဲ့လျှင် သူတို့၏ ကြယ်များကလည်း မိုးထိုးတက်သွားပေလိမ့်မည်။
ညလယ်ရောက်ပြီဖြစ်ကြောင်း သိသဖြင့် ယဲ့ရှောင်းယန်က သူ၏နာကျင်လာသော ပုခုံးများကို ပုတ်ပြီးနောက် နောက်လှည့်လိုက်သည်။
“ခဏအိပ်ရအောင် မနက်ဖြန်မနက်မှ ဒါကိုပြန်ကစားကြမယ်”
သူက ကွန်ပျူတာရှေ့တွင် ကိုးနာရီဆက်တိုက် ထိုင်ပြီးလေပြီ။ ချင်ရွေ့ကလည်း ပင်ပန်းနေပြီ။ သူက ဂိမ်းထဲမှ ထွက်လိုက်ပြီးနောက် ယဲ့ရှောင်းယန်ကို လှည့်ကြည့်သည်။
“ကော ဒီဂိမ်းမှာ တော်တော် တော်တာပဲ။ ကျွန်တော်ရဲ့ အတန်းဖော်တွေထက်တောင် ပိုတော်သေးတယ်။ သူတို့က ကျွန်တော်နဲ့ ကစားနေကျ။ ကျွန်တော်တို့ အမြဲတမ်း ရှုံးနေကြလေ။ အခုကောက ကျွန်တော်ကို တောက်လျှောက် ၁၅ပွဲ ဆက်တိုက်နိုင်အောင် သယ်သွားပေးနိုင်တယ်”
သူ၏ထိုတိတိလေးက အလွန်ပျော်နေသဖြင့် ပါးများပင် နီရဲနေသည်။
“ကျွန်တော် ဒီလိုဆက်တိုက် တစ်ခါမှ မနိုင်ဖူးဘူး”
“မင်းဂိမ်းကစားတာ ဘယ်လောက်ကြာပြီလဲ”
ယဲ့ရှောင်းယန်ကမေးသည်။
“နှစ်လနီးပါးပဲ”
ချင်ရွေ့ကပြောသည်။
“ကျွန်တော်ရဲ့ ကောလိပ်ဝင်ခွင့် စာမေးပွဲပြီးတော့ အတန်းဖော်တွေနဲ့အတူ အကောင့်ဖွင့်လိုက်တာ။ အချို့ကတော့ စိန်အဆင့်ကို ရောက်နေကြပြီ။ ကျွန်တော်တစ်ယောက်တည်းကပဲ ရွှေအဆင့်မှာ တစ်နေတာ။ သူတို့က ကျွန်တော်က သူတို့ကို ဆွဲချတယ်လို့ ထင်နေကြတယ်။ ဒါကြောင့် ကျွန်တော်နဲ့ မကစားချင်ကြတော့ဘူး”
“မင်းဘုရင်အဆင့်ကို ရောက်ချင်လား”
ယဲ့ရှောင်းယန်က ရုတ်တရက်မေးသည်။
“ဟမ်”
ချင်ရွေ့က အေးခဲသွားသည်။ သူက နှစ်လနီးပါး ကစားခဲ့ပြီး ရွှေအဆင့်မှ မထွက်နိုင်ခဲ့ချေ။ အသင်းဖော်များ၏ လှောင်ပြောင်ခြင်းကိုလည်း မကြာခဏ ခံရသေးသည်။ သူ၏စိတ်ထဲတွင် စိန်အဆင့်က သူရောက်နိုင်သမျှ အဆင့်ဟုထင်နေသည်။ [ပြိုင်ဘက်ကင်းဘုရင်]ဘွဲ့က ဂိမ်း၏ အထွတ်အထိပ် ကစားသမားများနှင့်သာ ထိုက်တန်သည်ဟု ထင်နေသည်။ သူ့အတွက် မေးခွန်းထုတ်စရာ မလိုအပ်ချေ။ သူ၏ မည်သည့် အသင်းဖော်ကမျှလည်း ထိုပြိုင်ဘက်ကင်းဘုရင်များ မဖြစ်ကြသေးချေ။
သူ၏အသန်မာဆုံး အတန်းဖော် အင်အားကြီးမားသည့် အယ်ဖာကပင် စိန်တစ်အဆင့်တွင် တစ်နေသည်။ ထိုအတန်းဖော်ကပင် ယခုလို ပွဲစဉ်ဆက်တိုက် မနိုင်လေရာ ဆရာသခင်အဆင့်သို့လည်း မဝင်နိုင်သေးချေ။
“ပြိုင်ဘက်ကင်းဘုရင် ဟုတ်လား”
ချင်ရွေ့က သံသယအပြည့်ဖြင့် ပြန်ရေရွတ်ပြီးနောက် ခေါင်းကိုကုပ်သည်။
“ကျွန်တော် ရောက်နိုင်လို့လား”
“ငါက မင်းရောက်နိုင်တယ်လို့ ပြောရင် မင်းရောက်နိုင်တာပေါ့”
ယဲ့ရှောင်းယန်က သူ၏တိတိကို ပြုံးပြပြီးနောက် ပုခုံးကိုပုတ်သည်။
“မနက်ဖြန်ကစပြီး မင်းကိုဆက်တိုက် အနိုင်ရအောင် ခေါ်သွားပေးမယ်။ နောက်ပိုင်းမှာ ဂိမ်းကပိုပြီး ပြင်းထန်လာလိမ့်မယ်။ အဲ့ဒီအခါ အသင်းဖော်တွေကို ဘယ်လိုကာကွယ်ပေးရမလဲဆိုတာ သိလာလိမ့်မယ်။ ဒီလိုဆိုရင် မင်းနောက်ပိုင်း ငါနဲ့အတူ အဆင့်တက်ဖို့က လွယ်သွားပြီ”
ချင်ရွေ့က စွံ့အသွားသည်။ ကောင်းကင်မှ ပေါင်မုန့်တစ်လုံး ပြုတ်ကျလာပြီး သူက ဆက်တိုက် ကိုင်မိလိုက်သလို ခံစားလိုက်ရသည်။
သူက လိမ်မာနာခံသော ကောင်လေးတစ်ယောက်အဖြစ် အရွယ်ရောက်လာခဲ့ပြီး ဆရာ၊ ဆရာမ၏ အမြင်တွင်လည်း ထူးချွန်သော ကျောင်းသားတစ်ယောက် ဖြစ်သည်။ သို့သော် သူက ဂိမ်းကစားရာတွင် အမြဲတစေ အနိုင်ကျင့် အရှက်ခွဲခံရသည်။ ထို့ကြောင့် သူ၏ယုံကြည်မှုများက မကြာခဏ ထိုးနှက်ခံရလေသည်။
သူကလည်း ထိုဂိမ်းအကြောင်း များများစားစား မသိထားချေ။ ထို့ကြောင့် လူအများက အလွန်ရိုင်းစိုင်းပြီး ရုပ်ဆိုးသော စကားများကို သုံးနှုန်းလာလျှင်ပင် ပြန်ပြောနိုင်စွမ်း မရှိနေခြင်းဖြစ်သည်။
ဒီနေ့တွင် သူ၏ယန်ကောက သူ့ကို ကျိန်ဆဲသော အချို့လူများကို ကူညီကာ သတ်ဖြတ်ခဲ့ပေးသည်။ ထိုအချက်ကတင် ချင်ရွေ့က အလွန်ကျေးဇူးတင်မိနေလေသည်။ ထို့ပြင် ယန်ကောက သူ့ကို (၁၅)ပွဲ ဆက်တိုက်နိုင်အောင် သယ်သွားပေးသေးသည်။ ပထမဦးဆုံးအကြိမ် ချင်ရွေ့အနေဖြင့် ဂိမ်းကစားရခြင်းက သူ၏နှလုံးခုန်နှုန်းကို မြန်ဆန်စေပြီး အနိုင်ရသည့်အခါ ခံစားရသည့် ခံစားချက်က မည်မျှကောင်းကြောင်း သိလိုက်ရသည်။
ချင်ရွေ့က ယဲ့ရှောင်းယန်၏ Fan boy တစ်ယောက် ဖြစ်လာလေပြီ။ သူက သူ၏ကောကောကို ချစ်မြတ်နိုးစွာ ကြည့်လိုက်ပြီးနောက် မေးလိုက်သည်။
“ကျွန်တော်သာ ကောဆီက သင်နိုင်ရင် ကျွန်တော်လည်း ဘုရင်အဆင့်ကို ရောက်သွားမှာလား”
“ဒါပေါ့”
ယဲ့ရှောင်းယန်ကပြောသည်။
“ငါတို့ မနက်ဖြန်မှာဆက်ပြီး နှစ်ယောက်အတူ တိုက်ခိုက်ကြတာပေါ့။ မနက်ဖြန်မှာ မင်းကို ဘုရင်အဆင့်ရောက်အောင် ခေါ်သွားပေးမယ်”
“ကောင်းလိုက်တာ”
ချင်ရွေ့က ပျော်သွားသည်။
ထိုတစ်ရက်တည်းနှင့် ယဲ့ရှောင်းယန်က အခြားလောကတစ်ခုသို့ ရောက်လာခဲ့ပြီး ABO အကြောင်းများကိုလည်း သိခဲ့ရသည်။ ထို့ပြင် ဒီဂိမ်းအသစ်နှင့် ပတ်သတ်ပြီး ကိစ္စများစွာကိုပင် လေ့လာမှတ်သားခဲ့ရသေးသည်။ ထို့ပြင် သူ၏အသိနှင့်လည်း ဆယ်ပွဲကျော် ဆက်တိုက် ကစားခဲ့ရသေးသည်။ သူ၏ဦးနှောက်က အချက်အလက် အသစ်ပေါင်းများစွာဖြင့် ပြည့်နှက်နေပြီး ပေါက်ကွဲတော့မတက် ဖြစ်နေသည်။ သူက နားထင်ကို ပွတ်လိုက်ပြီးနောက် မတ်တပ်ထရပ်ကာ ကွန်ပျူတာကို ပိတ်လိုက်သည်။
“သွားစို့ ရေချိုးပြီးအိပ်တော့”
ချင်ရွေ့က လက်တော့ပ်ကိုပိတ်သည်။ ပြီးနောက် မျက်နှာမှအပြုံးက ပို၍တောက်ပလာသည်။
“ဂွတ်နိုက် ယန်ကော”
ယဲ့ရှောင်းယန်က ဆိုဖာပေါ်တွင် အိပ်နေသည့် အဖြူရောင်ကြောင်လေးကို ကောက်ပွေ့လိုက်သည်။ သူက အဖြူရောင် အမွှေးများကို ပွတ်သပ်ပြီးနောက် လေသာဆောင်ပေါ်တွင် ရှိနေသော ကြောင်အိပ်ယာပေါ်တွင် တင်ပေးလိုက်ပြီးမှသာ ရေချိုးခန်းထဲသို့ ဝင်သွားပြီးနောက် ရေချိုးသည်။ ထို့နောက် အိပ်ယာသို့ ဝင်လိုက်သည်။
သူ၏အိပ်ယာက အလွန်ကျယ်သည်။ ဒီခန္ဓာကိုယ်မှ မူလပိုင်ရှင်က ဒီနေရာတွင် နှစ်ပေါင်းများစွာ နေခဲ့သောကြောင့် ဖြစ်လောက်သည်။ ယဲ့ရှောင်းယန်က ဒီဝန်းကျင်တွင် လျင်လျင်မြန်မြန် ကျင့်သားရသွားသည်။ နောက်ဆယ်မိနစ်ခန့် ကြာသည်နှင့် အိပ်ပျော်သွားတော့သည်။ သူ၏အိမ်မက်များက LOL နှင့် သူနှင့်အတူတကွရှိနေသော အချိန်များသာဖြစ်သည်။
သူ၏အတန်းဖော်များက သူ့ကို အလွန်လေးစားပြီး ခေါင်းဆောင်ယွဲ့ဟု ခေါ်သလို ပရိတ်သတ်များနှင့် ပြိုင်ဘက်များကလည်း ယန်ကောဟုခေါ်သည်။ အချို့သော ပရိတ်သတ်များက သူတို့ထောက်ပံ့သည့် ဘန်နာများကိုင်ကာ သူ၏နာမည်ကို အော်ဟစ်ကြသည်။ အခြားသူများကမူ အင်တာနက် ဖိုရမ်များတွင် သူ့ကို နိုင်ငံတကာ ပွဲစဉ်များသို့ သွားပြီး ကိုယ့်ကိုယ်ကို အရှက်ခွဲနေသော အရူးဟု ခေါ်ကြပြန်သည်။
သူ၏အတန်းဖော် ဟောင်းများ၏ ရင်းနှီးကျွမ်းဝင်သော မျက်နှာများက စိတ်ထဲတွင် တစ်ယောက်ပြီးတစ်ယောက် ပြန်လည်ထင်ဟပ်လာသည်။ ကမ္ဘာ့ချန်ပီယံပွဲမှ ဖိုင်နယ်၏ ပုံရိပ်များ အားလုံးကလည်း သူ၏စိတ်ထဲတွင် ပြန်ပေါ်လာသည်။
သူက အိမ်မက်ဆိုးမှ နိုးထလာသောအခါ ယဲ့ရှောင်းယန်က သူ၏မျက်လုံးက နာကျင်ကိုက်ခဲနေသလို ခံစားရသည်။ အရာအားလုံးက သူ၏အတိတ်ဖြစ်ကြောင်း သူကလည်းသိသည်။ ထိုအနိမ့်အမြင့် အတက်အကျ အောင်မြင်မှုနှင့် ရှုံးနိမ့်မှုများအားလုံးက အဆုံးသတ်သွားလေပြီ။
သူက အခုအသစ်စက်စက် လောကတစ်ခုတွင် ပြန်လည်စတင်ရတော့မည်ဖြစ်သည်။ အနာဂတ်တွင် သူ၏ အသင်းဖော် အသစ်များနှင့် အတွေ့အကြုံအသစ်များ ပိုင်ဆိုင်ထားပေလိမ့်မည်။ တစ်ခုတည်းသော တူညီသေးသော အချက်က သူ၏ ကမ္ဘာ့ချန်ပီယံဘွဲ့လိုချင်သော ပန်းတိုင်ဖြစ်သည်။ ထိုသို့ ရရှိအောင်လုပ်ရန် သူ၏ဆုံးဖြတ်ချက်က ခိုင်မာနေခဲ့သည်။
ယဲ့ရှောင်းယန်က အသက်ပြင်းပြင်း ရှုလိုက်ပြီးနောက် စောင်ကို ဖယ်ထုတ်လိုက်ကာ အိပ်ယာထဲမှ ထွက်လိုက်သည်။
ချင်ရွေ့က နိုးနေသည်မှာ ကြာလှချေပြီ။ သူက ဧပရွန်ကို ဝတ်ပြီးနောက် မီးဖိုခန်းထဲတွင် မနက်စာ ပြင်ဆင်နေသည်။ ထို့နောက် မီးဖိုခန်းတံခါးကို တွန်းဖွင့်ဝင်လိုက်သောအခါ သူ၏တိတိလေးက မီးဖိုနားတွင်ရပ်ပြီး ကြက်ဥကို အာရုံစိုက်ကာ ကြော်နေကြောင်း မြင်လိုက်ရသည်။ သူက သန်းလျှက် မေးလိုက်သည်။
“ဘာလို့ အစောကြီးထတာလဲ”
“ကျွန်တော်က စောစောအိပ်ပြီး စောစောထနေကြပါ”
ချင်ရွေ့က ပြုံးလျှက်ပြောသည်။
“ကော လက်သွားဆေးပြီး မနက်စာစားဖို့ပြင်တော့”
ယဲ့ရှောင်းယန်က နောက်ပြန်လှည့်ကာ သန့်ရှင်းရေးသွားလုပ်သည်။ သူပြန်လာသောအခါ ချင်ရွေ့က စားပွဲပေါ်တွင် မနက်စာကို တင်ပေးပြီးလေပြီ။ ရွှေရောင်ဥအနှစ်နှင့် ကြက်ဥကြော်၊ အသားနှင့် မွှေးပျံ့သည့် ပန်ကိတ်ကြော်၊ သားရည်ကျစေနိုင်သည့် မွှေးပျံ့သော ဖရုံသီးဆန်ပြုတ် နှစ်ပန်းကန်တို့ကို မြင်ရသည်။
ယဲ့ရှောင်းယန်က ရုတ်တရက် မနေ့က ရေခဲသေတ္တာထဲတွင် ဘာမှမရှိကြောင်း သတိရသွားသည်။ သူက မော့ကြည့်ကာ မေးလိုက်သည်။
“မင်း စားသောက်ကုန်ဆိုင်ကို သွားဝယ်ထားတာလား”
“ဟုတ်တယ် အောက်ထပ်မှာတင် စူပါမားကတ် ရှိတယ်လေ။ ဒါကြောင့် ကျွန်တော် အသားနဲ့အရွက်တွေ ဝယ်လာတာ။ ကျွန်တော်တို့က သုံးရက်လောက်တော့ လောက်ပါတယ်”
ယဲ့ရှောင်းယန်က တိတ်ဆိတ်သွားသည်။ သူ၏အိုမီဂါတိတိလေးက စိတ်ရင်းကောင်းသော နတ်သားလေးဖြစ်ပြီး ဟင်းလည်းချက်တတ်သည်။ သူ၏ ဝမ်းကွဲက သူနှင့်အတူနေရန် ချင်ရွေ့ကို ပို့လိုက်ခြင်းက သူ၏အူလမ်းကြောင်းကို ကယ်တင်ရန် ဖြစ်လောက်သည်။
ယဲ့ရှောင်းယန်၏ စိတ်ဓာတ်က တက်ကြွသွားသည်။ သူက တူဖြင့် ကြက်ဥကြော်ကို ကောက်ညှပ်လိုက်ပြီးနောက် တစ်ကိုက်ကိုက်သည်။ ထို့နောက် လက်မထောင်ပြလိုက်သည်။
“အရသာရှိတယ်”
ချင်ရွေ့က ရှက်ရွံ့စွာပြုံးသည်။
“ကျွန်တော် နံရိုးလည်း ဝယ်ထားတယ်။ ဒီတော့ ခဏနေရင် နံရိုးချိုချဉ် လုပ်ပေးလို့ရတယ်။ ကော ကောစားချင်တာရှိရင် ကျွန်တော်ကိုပြောပါ။ ကျွန်တော် မားကတ်ကို ထပ်သွားပြီး လိုအပ်တဲ့ပစ္စည်းတွေ သွားဝယ်လိုက်မယ်”
ယဲ့ရှောင်းယန်က သူ၏တိတိကို အကြည့်များဖြင့် လေ့လာနေမိသည်။ E sport လောကတွင် ထိုသို့ ကြင်နာပြီး ဟင်းချက်တတ်သော လူမျိုးကို မမြင်ဖူးသလို အခြားသူများက အရှက်ခွဲသည့်အခါ ပြန်မပြောရဲသော လူမျိုးကိုလည်း မတွေ့ဖူးချေ။
ချင်ရွေ့က အိုမီဂါဖြစ်နေလို့များလား။
ချင်ရွေ့နှင့် ချင်ရွေ့တို့ နှစ်ယောက်လုံးက အိုမီဂါများဖြစ်ကြသည်။ ပထမတစ်ယောက်က ညင်သာကာ ဉာဏ်ကောင်းပြီး ဒုတိယတစ်ယောက်ကမူ အနည်းငယ် သွက်လက်ကာ ချစ်စရာကောင်းသည်။ ဒီလောကမှ အိုမီဂါများက ထိုအတိုင်း ဖြစ်လောက်လေသည်။
ဟုတ်တော့ မဟုတ်လောက်ပါဘူး။
သူတို့က မကျိန်ဆဲတတ်ကြဘူး။ သူတို့က မငြင်းခုံတတ်ကြဘူး။ သူတို့က ညင်သာသိမ်မွေ့စွာ တွေးတော တတ်ကြတယ်။ ကြင်နာကြတယ်ပေါ့။
ယဲ့ရှောင်းယန်က သူဟာ အိုမီဂါအဖြစ် ပြောင်းလဲရန် ငါးဆယ်ရာခိုင်နှုန်းခန့် အခွင့်အရေး ရှိကြောင်း ပြန်သတိရသွားသည်။ ထို့နောက် သူ့ကိုယ်သူ ထိုသို့ ညင်သာသိမ်မွေ့ကာ သွက်လက်သော ပုံစံဖြင့် ပြန်မြင်ပြီးနောက်… သူဆက်၍ပင် စိတ်ကူးမယဉ်ရဲတော့ချေ။ အဆုံးတွင် ကြက်သီးထလာလေသည်။
သူ့အနေဖြင့် ထိုသို့ လိမ်မာနာခံသော ချစ်စရာကောင်လေးအဖြစ် ပြောင်းလဲသွားရန် မရှိချေ။ ပြောရလျှင် သူက အမိန့်ပေးရခြင်းကို သဘောကျသည်။ အခြားသူများကသာ နာခံရန်ဖြစ်သည်။ သူက အိုမီဂါအဖြစ် ကူးပြောင်းသွားနိုင်သည့်တိုင်အောင် ဆဲရန် လိုအပ်လာလျှင်လည်း အခြားလူများကို ဆဲဦးမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ တိုက်ခိုက်ခံရသည်ဟု ခံစားမိရန် ဆဲဆိုသော စကားလုံးမပါဘဲ ဆိုးရွားသော စကားလုံးများကို သုံးရန် နည်းလမ်းသောင်းကျော် ရှိနေသေးလေသည်။
ယဲ့ရှောင်းယန်က သူ၏မနက်စာကို အလျှင်အမြန်စားလိုက်သည်။ ထို့နောက် သူ၏တိတိကို စာဖတ်ခန်းထဲသို့ ပြန်ခေါ်သွားပြီး ကွန်ပျူတာကိုဖွင့်သည်။ ချင်ရွေ့က ဘေးနားတွင် ဝင်ထိုင်ပြီးနောက် ရိုးသားစွာဖြင့် သူ့ကိုကြည့်နေသည်။
“ကော ကျွန်တော်တို့အခု အဆင့်တက်ကြမှာလား”
“လောဖို့မလိုဘူး”
ယဲ့ရှောင်းယန်ကပြောသည်။
“အရင်ဆုံး ကွန်ပျူတာနဲ့ လေ့ကျင့်တဲ့ ကစားပွဲနည်းနည်း ကစားရအောင်။ မင်းကို အစစ်အမှန် အထောက်အပံ့ တစ်ယောက်က ဘယ်လိုကစားရမလဲဆိုတာ သင်ပြပေးမယ်။ အရာအားလုံးကသာ အဆင်ပြေရင် မင်း ဘုရင်အဆင့်ကို တန်းရောက်သွားလိမ့်မယ်။ ငါကလည်း အသူရာ အရှင်သခင်နဲ့ National Leader Board ကို တန်းရောက်သွားလောက်တယ်”
ချင်ရွေ့ကမူ စွံ့အသွားသည်။
ဘုရင်အဆင့်သို့ရောက်ရန်နှင့် National Leader Board သို့ရောက်ရန် တစ်ရက်သာ အချိန်လိုမည်ဟု ပြောနေသည်။
ယန်ကောက ယုံကြည်မှု ရှိလွန်းမနေဘူးလား။
ချင်ရွေ့ကမူ သူ၏ သူငယ်ချင်းများ၏ List ကို ဖွင့်ကြည့်လိုက်ပြီးနောက် ရှောင်ပိုင်၏ပရိုဖိုင်ကို နှိပ်လိုက်သည်။
ကစားသမား တစ်ယောက်ချင်းစီတိုင်း၏ ပရိုဖိုင်က သူမကြာခဏ သုံးလေ့ရှိသော ဟီးရိုးများကို ဦးစွာပြထားပေးပေလိမ့်မည်။ ဆယ်ကြိမ်ကျော် ထုတ်သုံးလေ့ရှိသော ဟီးရိုးများကမူ စာရင်းတွင် ပြမည်ဖြစ်ပြီး AIနှင့်ယှဉ်တာ တိုက်ခိုက်ထားသော ပြိုင်ပွဲများမှ ဟီးရိုးများကို ထည့်မတွက်ချေ။ အသူရာ အရှင်သခင်က လက်ရှိအချိန်တွင် ရှောင်ပိုင်၏ အသုံးအများဆုံး ဟီးရိုးဖြစ်နေသည်။ ထို့ပြင် (၁၅)ကြိမ်ပင် သူကသုံးထားပြီး အနိုင်ရမှုနှုန်း တစ်ရာ ရာခိုင်နှုန်းအပြည့် ရှိထားသည်။ ထိုဟီးရိုး၏ တိုက်ပွဲဝင်စွမ်းအားက 3689ဖြစ်သည်။ ကြေးနီရောင် အမှတ်အသားက ရှိနေသေးပြီး အပေါ်ဘက် ဘယ်ဘက်ထောင့်နားတွင် ဟီးရိုး၏ ပုံရိပ်ရှိနေသည်။
ကြယ်မြို့၊ ပင်းကျန်း အရပ်ဒေသ
“ကော ကောဒီအရပ်က အဆင့်တစ်တောင် ဖြစ်နေပြီ”
ချင်ရွေ့က တအံ့တဩပြောသည်။
ယဲ့ရှောင်းယန်က တည်ငြိမ်နေသည်။
“အင်း ငါ ရက်အနည်းငယ်နေရင် နေရှင်နယ်ထဲမှာတောင် ဝင်လိမ့်မယ်”
ချင်ရွေ့က တိတ်ဆိတ်သွားပြန်သည်။ ယန်ကော၏ စကားများက အလွန်အမင်း ထူးခြားမြင့်မားနေသည်။
ယဲ့ရှောင်းယန်က သူ၏မှတ်ဉာဏ်ကို မှီခိုပြီးနောက် သူပထမဦးဆုံး ဒီခန္ဓာကိုယ်သို့ ဝင်ရောက်လာချိန်က ဖွင့်ထားသော Streaming ပလက်ဖောင်းကို ရှာဖွေလိုက်သည်။ ထိုပလက်ဖောင်းက ဝေလငါး Streaming ပလက်ဖောင်းဖြစ်သည်။
ထိုပလက်ဖောင်းက ဒီတိုင်းပြည်မှာ အကြီးဆုံး ပလက်ဖောင်းများထဲမှ တစ်ခုဖြစ်ပြီး စစ်နတ်ဘုရားများဆိုသော ကဏ္ဍကို နှိပ်ကြည့်လိုက်ပြီးနောက် ယဲ့ရှောင်းယန်က ထိုနေရာတွင် လက်ရှိ Live လွှင့်နေသော Streamer များစွာရှိကြောင်း သိလိုက်ရသည်။ အကျော်ကြားဆုံး Streamer က [အကူငါး] ဖြစ်သည်။ ထိုအခန်း၏ နာမည်ကမူ “စောစောထတဲ့ငှက်တွေက အစာရတယ်။ ဟီးရိုးအသစ် အသူရာ အရှင်သခင်ကို အခု တိုးတက်အောင် လေ့ကျင့်နေပြီ” ဖြစ်သည်။ ထို့ပြင် ကြည့်ရှု့သူက နှစ်သန်းကျော်သည်။
အချိန်က မနက်ရှစ်နာရီခွဲ ဖြစ်သည်။ ဒီလိုအခြေအနေမျိုးတွင် ဂိမ်းမှ ကစားသမား အများစုက အိပ်နေလောက်သည်။ ထို့ကြောင့် အစ်ကိုငါးက ကျွမ်းကျင် Streamer တစ်ယောက်ဟု ဆို၍ရသည်။ သူ၏ အခန်း၏ ကျော်ကြားမှုကို ကြည့်ခြင်းအားဖြင့် သူ့တွင်လည်း စကေးအနည်းငယ် ရှိလောက်သည်။
ဂိမ်းက ဟီးရိုးအသစ်ကို ထုတ်သည်နှင့် ထိုဟီးရိုးကို ကစားနည်းအား သင်ယူချင်သူပေါင်း များစွာရှိသည်။ ထိုသု့ိဖြင့် ထိုလူများက ထိုဟီးရိုးနှင့် ပတ်သတ်သည့် ကစားနည်းများကို လိုက်ရှာလေ့ရှိကြသည်။ ဒီနည်းအားဖြင့် Streamer များက ကြည့်ရှု့သူများ၏အာရုံကို ဆွဲဆောင်ကာ ကျော်ကြားရမည့် အခွင့်ကောင်းလည်း ဖြစ်နေသေးပြန်သည်။
ယဲ့ရှောင်းယန်က မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ သူ၏ Streaming အခန်းကို “သာမန်ကာလျှံကာ ကစားနေတဲ့ အသစ်ကလေး”မှ “National Ranking တန်းဝင်မဲ့ အရှင်သခင်ရဲ့ Live” ဟု ပြောင်းလိုက်သည်။ ထိုသို့ဖြင့် ကြည့်ရှု့သူများက ပြည့်လာတော့သည်။
[ရှောင်ပိုင် ဟုတ်လား ဒါက မနေ့ကတင် သုံးကြိမ်ဆက်တိုက် ရှုံးသွားတဲ့ အသစ်ကလေး မဟုတ်လား။ သူ ဂိမ်းကို uninstall မလုပ်သေးဘူးလား]
[မင်းတကယ်ပဲ ဒီပလက်ဖောင်းက အဆိုးဆုံး Streamer ဖြစ်ချင်နေတာလား]
[ချော်ထွက်နေတဲ့ ဆင်ခြေလျောလို Live Streaming ထပ်လုပ်တဲ့အတွက် ဂုဏ်ယူပါတယ်]
[ငါတို့ရဲ့ host က ဒီနေ့ ဘယ်နှစ်ကြိမ်သေဖို့ စိတ်ကူးထားလဲ။ ခေါင်းကို ဘယ်နှစ်ကြိမ်များ အလကား ပေးဦးမှာလဲ]
ယဲ့ရှောင်းယန်က မည်သည့်စကားမျှ မဆိုချေ။
ဟမ်း သူ့ရဲ့ မည်းမှောင်တဲ့ အတိတ်အကြောင်း ပြန်မပြောသင့်ဘူး။
သူက ထိုကျည်ဆံကောမန့်များ အားလုံးကို လျစ်လျူရှု့လိုက်ပြီးနောက် ကော့မန့်ကဏ္ဍ၏ အပေါ်ပိုင်းတွင် Anomant အနေဖြင့် Pin လုပ်ထားလိုက်သည်။
..[မနက်ဆယ်နာရီကစပြီး အသူရာအရှင်သခင်နဲ့ National Leader Board ဝင်အောင် အသားကုန် ကြိုးစားမှာဖြစ်လို့ အားလုံးပဲ လာကြည့်ဖို့ကြိုဆိုပါတယ်]
ကြည့်ရှု့သူတိုင်းကမူ တိတ်ဆိတ်သွားကြသည်။
ဂိမ်းမှာ ရှစ်ကြိမ်တောင် သေထားတဲ့ အသစ်လေးက ဟီးရိုးအသစ်နဲ့ National Leader Board ထဲ ဝင်ချင်တယ်ဟုတ်လား။
သူ ဒီသတ္တိတွေ ဘယ်နေရာကများရတာလဲ ဟွန့်။