AAML

အပိုင်း (၆)

အခန်း(၆)

ချင်ရွေ့ ခံစားနေရသော အရှက်ခွဲခံရသည့် မကျေနပ်စိတ်က ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူက သူ၏ကောကောကို လေးစားစိတ်အပြည့်ဖြင့် ကြည့်လိုက်သည်။

“ကော.. ကောက အရမ်း အင်အားကြီးတာပဲ။ ကျွန်တော့်ကို စိန်အဆင့်ရောက်အောင် ခေါ်သွားပေးလို့ ရမလား။ ကျွန်တော် ဒီရွှေအဆင့်မှာ တစ်နေတာ တစ်လလောက်ကြာပြီ”

“ရတာပေါ့”

ယဲ့ရှောင်းယန်က ချက်ချင်းလိုလို သဘောတူလိုက်သည်။

သူ၏အတွေ့အကြုံနှင့်ဆိုလျှင် အသစ်ကလေးတစ်ယောက်ကို စိန်အဆင့်သို့ ခေါ်သွားရန် မည်သည့်ပြဿနာမျှ မရှိနိုင်ချေ။ ထို့ပြင် အထောက်အပံ့ တစ်ယောက်နှင့်အတူ နှစ်ယောက်အတူ တန်းစီကာ သွားခြင်းက သူ့အတွက်လည်း အကျိုးကျေးဇူး ရှိလေသည်။ သူက ချင်ရွေ့ကို တောအပြင်သို့ အထောက်အနေဖြင့် စေလွှတ်နိုင်သေးပြီး ရန်သူများ၏ လှုပ်ရှားမှုများကို သူ့အား ပြန်လည် တင်ပြခိုင်းနိုင်သေးသည်။ ထို့ကြောင့် သူက အမြန်ဆုံး အနိုင်ရနိုင်မည်ဖြစ်သည်။

တစ်ခုတည်းသော ပြဿနာကမူ သူ၏အကောင့်တွင် လော့ပွင့်နေသော ဟီးရိုးငါးခုသာ ရှိနေသေးခြင်းဖြစ်သည်။ ထိုငါးခုက တိုက်ခိုက်ရေးသမား၊ လုပ်ကြံသတ်ဖြတ်သူ၊ မှော်ဆရာ၊ သေနတ်သမားနှင့် အထောက်အပံ့ဆိုပြီး ဂိမ်းက အလိုအလျောက် ဖွင့်ပေးထားသော ငါးခုသာ ဖြစ်နေသေးသည်။ မှော်အမျိုးအစား ဟီးရိုးများအားလုံးထဲမှ သူ့တွင် အေးခဲနတ်ဘုရားမကသာ ပွင့်နေသေးသည်။ ထိုကဲ့သို့သော ဟီးရိုးမျိုးက နောက်ပိုင်းဂိမ်းတွင် ထိပ်တန်းအဆင့် လက်နက်အပြည့်အဝ တပ်ဆင်ပြီးမှသာ အားကုန် သောင်းကျန်းနိုင်စွမ်းရှိသည့် စွမ်းအင်မျိုးကို ထုတ်ပြနိုင်သော ဟီးရိုးမျိုးဖြစ်လေရာ ယခုကဲ့သို့ တစ်စုံတစ်ယောက်ကို အဆင့်တက်အောင် ခေါ်သွားပေးရန် မသင့်လျော်သေးချေ။ ထို့ပြင် ထိုအော်တိုပွင့်ပြီးသား ဟီးရိုးများကို မည်သို့ကစားရမည် ဖြစ်ကြောင်း အသစ်တိုင်းနီးပါးက သိနေကြလေသည်။ အခြားသော ကစားသမားတစ်ယောက်ကသာ အေးခဲနတ်ဘုရားမကို ရွေးချယ်လိုက်လျှင် ယဲ့ရှောင်းယန်က ဘာမှရွေးစရာ မကျန်တော့သော အခြေအနေသို့ ရောက်သွားနိုင်လေသည်။ ထို့ကြောင့် လူသိနည်းသော ဟီးရိုးမျိုးကို ရွေးချယ်သင့်သည်။

“ငါ့ကို ခဏစောင့်ဦး ငါ ဟီးရိုးသွားဝယ်လိုက်ဦးမယ်”

ယဲ့ရှောင်းယန်က ဂိမ်းထဲမှ စတိုးထဲသို့ ဝင်လိုက်သည်။

“ကော ကျွန်တော် ဝယ်ပေးမယ်”

ချင်ရွေ့က ပေါ့ပေါ့တန်တန် ပြောလိုက်သည်။

“ကျွန်တော်ရဲ့ အကောင့်ထဲမှာ မသုံးရသေးတဲ့ ပိုက်ဆံတွေ အများကြီးရှိသေးတယ်”

ယဲ့ရှောင်းယန်ကလည်း ငြင်းဆန်မနေချေ။

“ကောင်းပြီလေ ဒါဆိုလည်း အသူရာအရှင်သခင်ကိုသာ ပို့လိုက်”

“အသူရာ အရှင်သခင် ဟုတ်လား”

ချင်ရွေ့က စိတ်ရှုပ်သွားသည်။

“အဲ့ဒီနာမည်နဲ့ ဟီးရိုးရှိလို့လား”

ယဲ့ရှောင်းယန်က ဂိမ်းမှဗားရှင်းနံပါတ်ကို ညွှန်ပြလိုက်ပြီးပြောသည်။

“ဒါက ဒီဗားရှင်းက အသစ်ထွက်တဲ့ ဟီးရိုးအသစ်ပဲ။ အဖွင့် အန်နီမေးရှင်းပိုင်းမှာပါတဲ့ တစ်ယောက်လေ”

“ကော ကျွန်တော် ဒီအဖွင့်ဇာတ်လမ်းကို အမြဲတမ်းကျော်နေကြ။ ဒါကြောင့် သတိမထားမိတာ”

ချင်ရွေ့က အင်ဂိမ်းမောလ်ထဲသို့ ဝင်လိုက်ပြီးနောက် ဟီးရိုးကဏ္ဍသို့ ရောက်သွားပြီး အသစ်ဆိုသော သင်္ကေတလေး၏ ဘေးမှဟီးရိုးကို မြင်လိုက်ရသည်။ ထို့ပြင် ဒါက အစီအစဉ် ၉-၃တွင် အသစ်ထည့်ထားသည့် အသူရကယ်အရှင်သခင် လော့ကီးဖြစ်သည်။

အသူရာချိုင့်မှ မိစ္ဆာတစ်ကောင်ဖြစ်သည့်အလျောက် သူ၏ကာရိုက်တာ ပုံစံက အနက်ရောင်ဝတ်ရုံကို ခြုံလွှမ်းထားသည်။ မျက်နှာကိုအုပ်ထားသော ခေါင်းစွပ်ကြီးကလည်း ရှိနေသေးပြီး တစ်ကိုယ်လုံးက အနက်ရောင်မြူထုဖြင့် လွှမ်းခြုံခြင်းခံထားရသည်။ သူ၏လက်ထဲတွင် ကိုင်ထားသော လက်နက်က အရိုးခေါင်းပါသည့် မှော်တုတ်တံဖြစ်ပြီး ထိုအရိုးခေါင်းမှ မျက်အိမ်ကြီးများက သွေးများဆက်တိုက် စီးကျနေသေးသည်။

ထိုဟီးရိုးအသစ်က အလွန်လန်းသည်။ သူ၏စကေးကို ဖော်ပြထားသည့် စာပိုဒ်ရှည်ကြီးကိုပင် တွေ့လိုက်ရသေးသည်။ ချင်ရွေ့က အချိန်ပေါင်းများစွာ ကုန်ဆုံးလောက်အောင် ဖတ်ရှု့လိုက်သော်လည်း ဘာမှနားမလည်လိုက်ချေ။ ထို့နောက် နောက်ပြန်လှည့်ကာ မေးလိုက်သည်။

“ကော တကယ်ပဲ ဒါကိုဝယ်ချင်တာ သေချာရဲ့လား။ ဒါက ခက်ခဲမှုမှာ ကြယ်ငါးပွင့်တောင် ရထားတယ်။ နောက်ပြီး အရမ်းကို ရှုပ်ထွေးမဲ့ပုံပဲ”

“ဒီတိုင်းဝယ်လိုက်ပါ”

ယဲ့ရှောင်းယန်ကပြောသည်။

“လူတိုင်းက ဒီဟီးရိုးကို ပထမဦးဆုံးအကြိမ် စသုံးရမှာပဲ။ ဒီတော့ ငါက လူတိုင်းနဲ့ စမှတ်တူတယ်လို့ ပြောလို့ရတယ်”

စစ်နတ်ဘုရားက ဟီးရိုးရာကျော် ကစား၍ရသည်။ ကျွမ်းကျင်ကစားသမားများက ဟီးရိုးအဟောင်းများကို ကျွမးကျင်အောင် လေ့လာထားပြီးလေပြီ။ ဒီနည်းအားဖြင့် ထိုဟီးရိုးများ၏ ကစားဟန်ကို အတွင်းနှင့်အပြင် နှံ့စပ်အောင်သိနေကြပြီး ယဲ့ရှောင်းယန်ကမူ ထိုကောင်များကို ကိုင်တွယ်ပြနိုင်လျှင် ထူးခြားနေတော့မည် မဟုတ်ချေ။ ဟီးရိုးအသစ်ဆိုလျှင်မူ လူတိုင်းနှင့် မရင်းနှီးသေးချေ။ ထို့ကြောင့် ယဲ့ရှောင်းယန်က ဟီးရိုးအသစ်နှင့် ပတ်သတ်ပြီး ရလဒ်ပေါင်းများစွာကို ရသည့် တစ်ဦးတည်းသောသူ ဖြစ်လာပေလိမ့်မည်။

ချင်ရွေ့က ထိုအသူရာ အရှင်သခင်ကို ဝယ်ပြီးနောက် မေးလိုက်သည်။

“ကောလိုချင်တဲ့ အခြားဟီးရိုးတွေ မရှိတော့ဘူးလား။ ကျွန်တော်နည်းနည်း ပိုပို့ပေးမယ်လေ။ ကျွန်တော်မှာ ဒီအကောင့်ထဲမှာ တစ်သိန်းကျော် ရှိနေသေးတယ်”

ယဲ့ရှောင်းယန်က အားလုံးကို မှတ်စုယူထားပြီးသား ဖြစ်သည်။ သူ၏ စာမျက်နှာကို ဖွင့်လိုက်ပြီးနောက် အလယ်လမ်း ဟီးရိုးများကို ကဏ္ဍသုံးခု ခွဲလိုက်သည်။

အမြှောက်စွမ်းအင်သုံး မှော်ဆရာများ၊ လက်နက်စွမ်းအင်သုံး မှော်ဆရာများနှင့် လက်တွေ့တိုက်ခိုက်သုံး မှော်ဆရာများဟူ၍ဖြစ်သည်။

အမြှောက်အင်အားသုံး မှော်ဆရာများက အလွန်အမင်း စွမ်းအားကြီးမားသည့် ဖျက်ဆီးခြင်း မှော်စွမ်းအားများကို ထုတ်သုံးနိုင်သည့် အလယ်လမ်းဟီးရိုးများ ဖြစ်သည်။ သာမာန်အခြေအနေမျိုးတွင် ထိုဟီးရိုးများမှ ကွန်ဘိုစကေးတစ်ခုကတင် ကောင်းကင်နှင့် မြေပြင်ကို လှုပ်ခါနိုင်နေပြီဖြစ်သည်။ အဖွဲ့လိုက် တိုက်ခိုက်ရာတွင် ထိုဟီးရိုးများက DPSအဖြစ် လုပ်ဆောင်နိုင်သေးသည်။ သို့သော် ထိုဟီးရိုးများ၏ အားနည်းချက်ကမူ နှေးကွေးနေခြင်း ဖြစ်သည်။ အဖွဲ့လိုက် ထိန်းချုပ်နိုင်စွမ်းအင်ဖြင့် အစားထိုး၍ မရနိုင်သလို လွယ်သည်။ ဖျက်ဆီးခြင်းစွမ်းအားပေါင်း များစွာကို ထုတ်ဖော်နိုင်ကာ ရှေ့တွင် ထွက်ရပ်နိုင်စွမ်း ရှိရန်အတွက်လည်း သူတို့အတွက် သင့်လျော်သော ဝန်းကျင်ကို ဖန်တီးပေးရမည့် အသင်းအဖော်များ လိုအပ်နေသေးပြန်သည်။

လုပ်ကြံသတ်ဖြတ်သူ မှော်ဆရာများကမူ အခွင့်အရေးကို ဆက်တိုက်ချောင်းပြီး အဖွဲ့လိုက် လက်ဦးမှုယူကာ တိုက်ခိုက်ရာတွင် အလွန်သင့်လျော်လေသည်။ သူတို့က ပြိုင်ဘက်အသင်းမှ ကာကွယ်ပေးလာသော ရန်သူကို ချောင်းတိုက်ခိုက်ရာတွင်ဖြစ်စေ၊ သူတို့၏ အသင်းအဖွဲ့သားများက ရန်သူကို ဆွဲချချိန်တွင် Healthကို နိမ့်ကျသွားအောင်လုပ်ပြီး တဖြည်းဖြည်းချင်း တိုက်ခိုက်ရာတွင်ဖြစ်စေ သင့်တော်လေသည်။ လုပ်ကြံသတ်ဖြတ်သည့် မှော်ဆရာများက အလွန်အမင်း ဖြတ်လတ်မြန်ဆန်သည်။ သို့သော် ပြီးပြည့်စုံစွာ ကျွမ်းကျင်အောင် ထိန်းချုပ်နိုင်ရန် ခက်ခဲသည်။ သက်ရောက်မှု မြင့်မားအောင် အသုံးပြုသောအခါ ထွက်လာမည့် ပေါက်ကွဲစွမ်းအားက အလွန်ပြင်းထန်သွားပေလိမ့်မည်။ သို့သော် သူတို့က ထုတ်သုံးသည့် စွမ်းအင်များက လူအုပ်ကိုထိန်းချုပ်ကာ အသုံးပြုရသည့် စကေးများအပေါ် အားနည်းချက် ရှိနေခြင်းဖြစ်သည်။ သူတို့၏ ဖျော်ဖြေမှုက ကစားသမား၏ ကွင်းပြင်အပေါ် နားလည်နိုင်စွမ်းအားရှိသည့် ဗျူဟာနှင့် လက်အရှိန်နှုန်းအပေါ် သက်ရောက်မှုရှိနေသေးပြန်သည်။ အကြောင်းမူကား ဒါက ပြင်းထန်စွာ မှီခိုနေသောကြောင့်ဖြစ်သည်။

လက်တွေ့တိုက်ခိုက်သော မှော်ဆရာများကမူ လိုအပ်လျှင် ကွင်းထဲဝင်ကာ ရှင်သန်နိုင်စွမ်းအင် မြင့်မားသည့် အလယ်လမ်းနှင့်ပူးပေါင်းပြီး အဖွဲ့လိုက် ထိန်းချုပ်နိုင် စွမ်းအင်ပေါင်းများစွာကို ပေါင်းသုံးလျှင် လိုအပ်သည့် နေရာတွင် ဝင်ရောက်တိုက်ခိုက်ခြင်းမျိုးကို လုပ်ပေးနိုင်စွမ်းရှိသည်။ သူတို့က အဖွဲ့က တိုက်ခိုက်နေချိန် အတောအတွင်း အုပ်စုလိုက် ထိန်းချုပ်နိုင်စွမ်းအား အပြည့်ဖြင့် ချီတက်နိုင်စွမ်းအား ရှိကြသလို ဒုတိယ အထောက်အပံ့အနေဖြင့်လည်း အသုံးပြုနိုင်လုနီးပါးဖြစ်သည်။ အဖွဲ့က အလယ်လမ်းကျဉ်းတွင် လက်တွေ့တိုက်ခိုက်သည့် မှော်ဆရာများနှင့်သာ ပက်ပင်းတိုးလျှင် တောထဲမှလာသော DPSအများစုနှင့် ထိုသေနတ်သမားများကို ကိုင်တွယ်နိုင်ပေလိမ့်မည်။

ယဲ့ရှောင်းယန်က မှော်ဆရာအမျိုးမျိုးကို ကစားခဲ့ဖူးသည်။ သို့သော် သူက လုပ်ကြံသတ်ဖြတ်သည့် မှော်ဆရာများကို ပို၍သဘောကျသည်။ အကြောင်းမူကား လုပ်ကြံသတ်ဖြတ်သည့် မှော်ဆရာများက ချက်ကောင်းကို ချောင်းကာ တိုက်ခိုက်နိုင်ပြီး ပြိုင်ပွဲကို ပြောင်းပြန်လှန်နိုင်စွမ်းအားရှိသည်။ သူက စာမျက်နှာကို အကြမ်းဖျင်းကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။

“လမှော်ဆရာ ကံကြမ္မာနတ်ဘုရားမ ပုံရိပ်ယောင်ပညာရှင် ငါအခု ဒီသုံးယောက်ကို ယူထားမယ်။ ငါ့မှာ အများကြီးရှိနေရင်လည်း ငါကစားဖို့ အခွင့်အရေး ရမယ်မထင်ဘူး”

“ကောင်းပြီ”

ချင်ရွေ့က ယဲ့ရှောင်းယန်မှ နာမည်ပြောသော ဟီးရိုးများအားလုံးကို ကြည့်လိုက်ပြီးနောက် အားလုံးက လုပ်ကြံသတ်ဖြတ်မှု အခြေပြု ခက်ခဲမှု ကြယ်ငါးပွင့်ရထားသော မှော်ဆရာများဖြစ်နေကြောင်း မြင်လိုက်ရသည်။ မနေနိုင်ဘဲ မေးလိုက်သည်။

“ကော ဘာလို့ အခက်ခဲဆုံး အရာတွေကိုပဲ ဝယ်နေတာလဲ”

“ခက်လေလေ ကစားရ ပိုကောင်းလေလေပဲ။ နောက်ပြီး သူတို့ထွက်ပြေးနိုင်တဲ့ အလားအလာက ပိုမြင့်တယ်။ ဒီတော့ ဂိမ်းရဲ့ဟန်ချက်ကို ချဖို့ အသင့်လျော်ဆုံးပဲ”

ယဲ့ရှောင်းယန်က သူ၏တိုက်ပွဲဝင်မှတ်တမ်းကို လှန်ကြည့်နေရင်းက ပြောလိုက်သည်။ သူ၏ရှောင်ရွေ့က ရွှေအဆင့်တွင် တစ်နေခဲ့သည်မှာ အံ့ဩစရာမရှိချေ။ သူက အဖွဲ့တိုင်းတွင် အထောက်အပံ့အနေဖြင့် ကစားခဲ့သည်။ တစ်ခါတစ်ရံတွင် အဖွဲ့အသင်းအဖော်များ၏ လက်ချာပေးခံရခြင်း ရှိနေသေးလေသည်။ ထို့ကြောင့် မြင့်မားသော အဆင့်သို့ တက်နိုင်လျှင်ပင် ကြောင်တောင်တောင် နိုင်နေပေလိမ့်မည်။

ထိုတိတိက အထောက်အပံ့က ဘာကိုဆိုလိုကြောင်း သေချာနားမလည်သေးချေ။ အဆင့်မြင့်ဂိမ်းများတွင် ကစားရသည့် အထောက်အပံ့များ၏ အဓိပ္ပာယ်ကို သူက နားမလည်နေခြင်း ဖြစ်သည်။ သူက နောက်ဆုံးဂိမ်းတွင် လုပ်ပြခဲ့သည့် လှုပ်ရှားမှုကို တွက်ချက်ကြည့်ရမည်ဆိုလျှင် ယဲ့ရှောင်းယန်အနေဖြင့် သူ၏တိတိက ကစားချိန်တွင် အလွန်အမင်း သတိထားတတ်ကြောင်း သိလိုက်ရသည်။ ဒါက အိုမီဂါ၏ သဘာဝကြောင့်လည်း ဖြစ်နိုင်သေးလေသည်။ ယဲ့ရှောင်းယန်က သူ၏တိတိကို အထောက်အပံ့၏ ပြောင်မြောက်သည့် ကစားဟန်များကို ကိုယ်တိုင်ကိုယ်ကျ သင်ပြပေးနေသမျှ သူ၏တိတိက ဘုရင်အဆင့်သို့တက်ရန် ပြဿနာမရှိနိုင်ချေ။ အနာဂတ်တွင် သူက အနည်းဆုံး အသင်းအဖော်များ၏ ဆူပူခြင်းကို ခံရတော့မည်မဟုတ်ချေ။

“မင်းမှာ အထောက်အပံ့ ဟီးရိုး ဘယ်နှစ်ယောက်ရှိလဲ”

ယဲ့ရှောင်းယန်ကမေးသည်။

“အားလုံးရှိတယ်”

ချင်ရွေ့က ဟီးရိုးများ၏စာရင်းကို ဖွင့်ပြသည်။

“ဘယ်သူက ပိုကောင်းလဲ”

ယဲ့ရှောင်းယန်က အနားကပ်ပြီး ချင်ရွေ့၏ ဖန်သားပြင်ကိုကြည့်လိုက်သည်။

ကျွတ်

သူ့ရဲ့ ဒီအိုမီဂါဝမ်းကွဲလေးက တော်တော်လေးကို ခြားနားတာပဲ။

ချင်ရွေ့တွင် ဟီးရိုးတိုင်းပွင့်နေသည်။ ထို့ပြင် စကင်ပေါင်းများစွာလည်း ရှိနေသေးသည်။ လက်ရွေးစင် VIP အမှတ်အသားကိုလည်း ပိုင်ဆိုင်ထားသေးကတည်းက သူက ပိုက်ဆံအင်အားကို ရှင်းရှင်းလင်းလင်း ပြသနိုင်သည်။ ယဲ့ရှောင်းယန်က ရယ်ပြီးနောက် စလိုက်သည်။

“ဟီးရိုးရာကျော်ဝယ်တာက ပိုက်ဆံအများကြီး ကုန်မှာပေါ့ ဟုတ်လား”

“ကျွန်တော်မှာ ဝင်ငွေမရှိပါဘူး”

ချင်ရွေ့က ရှင်းပြသည်။

“ကျွန်တော်ရဲ့ပါးပါးက ကျွန်တော်ရဲ့ အကောင့်ထဲကို ပိုက်ဆံထည့်ပေးထားတာလေ။ ဒါကြောင့် ကျွန်တော် ဝယ်နိုင်တာ။ ကျွန်တော့်ရဲ့အဖေကတော့ ဗီဒီယိုဂိမ်းတွေ ကစားတာကို ခွင့်မပြုဘူး။ ဒါက အချိန်ဖြုန်းနေတယ်လို့ ထင်တယ်။ ဒါပေမဲ့ ပါးပါးက ကျွန်တော်ရဲ့ ဝါသနာကို အမြဲတမ်း အထောက်အပံ့ပေးတယ်။ ဒါကြောင့် ဒီလက်တော့ပ်ကိုတောင် ပါးပါးဆီကရထားတာ”

ယဲ့ရှောင်းရှန်၏ ချင်ရွေ့၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် မူးဝေသွားသလို ခံစားလိုက်ရသည်။ သူ၏ခေါင်းပေါ်တွင်လည်း ကော်ရှင်မတ်က ပေါ်လာသည်။

ပါးပါး၊ အဖေ

ဘာလို့ ဘာလို့လဲ တူတူပဲ မဟုတ်ဘူးလား။

ယဲ့ရှောင်းယန်က တွေးကြည့်ပြီးနောက် ရုတ်တရက် နားလည်သွားသည်။ ချင်ရွေ့တွင် အဖေနှစ်ယောက် ရှိနေသည်။ တစ်ယောက် အယ်ဖာအဖေဖြစ်ပြီး နောက်တစ်ယောက်ကမူ အိုမီဂါအဖေဖြစ်သည်။ ချင်ရွေ့၏ အိုမီဂါအဖေက သူ့ကို မွေးပေးခဲ့ခြင်းဖြစ်ပြီး ချင်ရွေ့က အိုမီဂါတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့သည်။

ဟုတ်တယ်မလား။

ယဲ့ရှောင်းယန်က နှာခေါင်းကို ပွတ်လိုက်ပြီးနောက် aboလောက၏ လျို့ဝှက်ဆန်းကြယ်မှုကြောင့် သက်ပြင်းချမိပြန်သည်။ ထို့နောက် သူက ဂိမ်းကို အာရုံပြန်စိုက်လိုက်ပြီး ပြောလိုက်သည်။

“မင်းကံကြမ္မာ ဘုန်းတော်ကြီးနဲ့ ကစားလိုက်။ ဒီတိုင်း ငါ့ရဲ့နောက်ကပဲ လိုက်ခဲ့လိုက်ပါ”

“ကောင်းပြီလေ”

ချင်ရွေ့က ကံကြမ္မာဘုန်းတော်ကြီး၏ ပရိုဖိုင်ကို နှိပ်ဖွင့်ပြီးနောက် ဟီးရိုး၏စကေးကို စစ်ဆေးကြည့်လိုက်သည်။ ကံကြမ္မာဘုန်းတော်ကြီးတွင် ခက်ခဲမှုအဆင့်က နှစ်ဆင့်သာလျှင်ရှိသဖြင့် သူကဲ့သို့ အသစ်အတွက် ကစားရန် သင့်တော်လေသည်။ သူ၏ H၊Wနှင့်Eအဖွဲ့များက ကလေးများကို တိုက်ခိုက်နိုင်စွမ်းအား ထုတ်ပေးနိုင်မည်ဖြစ်ပြီး စွမ်းအားပြန်ပြည့်စေသော မှော်ဂါထာများကိုလည်း ထုတ်ပေးနိုင်သေးသည်။ ထို့ပြင် AEဆိုသည့် တုန့်ဆိုင်းဂါထာကိုလည်း ထုတ်သုံးနိုင်ပြီဖြစ်သည်။ သူ၏ Rက ထိုဘုန်းတော်ကြီး၏ ပြိုင်ဘက်ကင်း အကွက်ဖြစ်ပြီး အဖွဲ့တစ်ဖွဲ့လုံးကို ကာပေးနိုင်စွမ်းရှိသည်။

“ဒါက အထောက်အပံ့ရဲ့ အင်အားအကြီးဆုံး အကာအရံ စွမ်းအားတွေထဲက တစ်ခုပဲ”

ယဲ့ရှောင်းယန်ကပြောသည်။

“အဲ့ဒီ တိုက်ကွက်ကိုပဲ တချိန်လုံး ထုတ်သုံးနေ။ ငါက အတွင်းအား ကုန်သွားတဲ့အချိန်မှာ မင်းရဲ့ Wစွမ်းအင်ကို သုံးပြီး ငါ့ရဲ့စွမ်းအားတွေကို ပြန်ဖြည့်ပေးလိုက်။ အခြားစကေးတွေ မင်းအဲ့ဒါတွေကိုမသုံးခင် ငါ့ရဲ့စကားကို နားထောင်ဦး”

“သိပြီ”

ချင်ရွေ့က တခဏခန့် ကြောင်သွားပြီးနောက် သူ၏ဟီးရိုးပုံ အပေါ်ပိုင်း ဘယ်ဘက်ထောင့်နားမှ အဖြူရောင် မာကာလေးကို ကြည့်လိုက်သည်။

“ကော ကျွန်တော် ဒီဟီးရိုးကို အရင်က မဆော့ဖူးဘူး။ ကျွန်တော်ရဲ့ ကျွမ်းကျင်မှုအဆင့်က သုံညပဲ ဖြစ်နေတုန်းပဲ။ ကျွန်တော် အဆင့်သတ်မှတ်ချက် ပြိုင်ပွဲတွေမှာ ဝင်ပါလို့မရနိုင်ဘူး”

“ငါ့ရဲ့ ဟီးရိုးအသစ်တွေနဲ့ ကျွမ်းကျင်မှုကလည်း သုံညပဲ။ ဒီတော့ ငါတို့ AIနဲ့ အရင်ဆုံး အဖွဲ့ဖွဲ့ပြီး ဂိမ်းကစားကြည့်တာပေါ့”

ယဲ့ရှောင်းယန်က အသင်းမှ အချက်အလက် ဖော်ပြထားသည့် interfacကိုကြည့်လိုက်သည်။ ထို့နောက် သူ၏တိတိကို အဖွဲ့ထဲသို့ ဆွဲသွင်းလိုက်ပြီးနောက်တွင် ကွန်ပျူတာနဲ့ ဂိမ်းအချို့ ရင်ဆိုင်ကစားသည့် လေ့ကျင့်ရေးဂိမ်း ခလုတ်ကိုဖွင့်ကာ ကစားနေလိုက်သည်။

A.Iနှင့် ဂိမ်းကစားလျှင် အကောင့်အပ်ရန် မလိုအပ်သလို အမှတ်များလည်း ရရှိမည်မဟုတ်ချေ။ ထို့ပြင် အမှတ်လည်း နှုတ်ခံရမည်မဟုတ်ချေ။ သို့သော် ကစားသမား၏ ကျွမ်းကျင်မှုကို ထိုဟီးရိုးနှင့် ပေါင်းပြီး မြှင့်တင်ပေးနိုင်လေသည်။ ထို့ကြောင့် ကစားသမားများအတွက် ဟီးရိုးအသစ်များကို လေ့ကျင့်ပေးရန် ပြီးပြည့်စုံသော နေရာတစ်ခုအဖြစ် သတ်မှတ်နိုင်သေးသည်။ A.Iဂိမ်းနှင့် အလှည့်အနည်းငယ် ကစားပြီးနောက် ကစားသမားများက သူတို့၏ ဟီးရိုးချင်း ကျွမ်းကျင်မှု အမှန်တကယ် ရရှိသွားပြီးလျှင် ထိုကာရိုက်တာနှင့်အတူ အဆင့်သတ်မှတ်ချက် ပြိုင်ပွဲများကို ဝင်ပြိုင်နိုင်ပေလိမ့်မည်။

ယဲ့ရှောင်းယန်က ထိုအခွင့်အရေးကိုယူပြီး သူနှင့် ထိုဟီးရိုးအသစ်၏ စကေးများကို ရင်းနှီးကျွမ်းဝင်အောင် လုပ်လိုက်သည်။ သူက အသူရာ အရှင်သခင်နှင့် အကြိမ်အနည်းငယ် ကစားနေပြီးနောက် ထိုဟီးရိုးက သူနှင့်အလွန်သင့်လျော်ကြောင်း သိလိုက်ရသည်။

ထိုဟီးရိုးသည် Qစကေးဖြစ်သည့် အမှောင်သံတမန် စွမ်းရည်က ဓားအကာအရံ အလွှာများကိုပင် ချိုးဖောက်နိုင်သည့် အရိပ်နက်များကို လွှတ်ထုတ်နိုင်ပြီး ရန်သူကို သေးငယ်သည့် မှော်စွမ်းအား ပျက်စီးမှု အသေးစားကိုပင် ဖြစ်စေနိုင်သေးသည်။ ထိုအရိပ်များက ရန်သူကိုလည်း အသူရာ အမှတ်အသားနှင့် တံဆိပ်ကပ်ထားနိုင်သေးလေသည်။ အများဆုံး အရိပ်သုံးခု ပစ်လွှတ်နိုင်လေပြီး သူတို့က တစ်ယောက်စီတွင် အချိန်နှင့်တပြေးညီ ပြောင်းလဲနေမည့် ပိုင်ရှင်၏ Health သုံးဆယ်ရာခိုင်နှုန်းနှင့် hbpol ကိုလည်း ပိုင်ဆိုင်ထားဦးမည်ဖြစ်သည်။

W စကေးဖြစ်သည့် အသူရာအကြည့်ကမူ ပစ်မှတ်ကို ရွေ့လျားနိုင်စွမ်းမရှိအောင် ချိတ်ပိတ်ထားနိုင်ပြီး အသူရာ အမှတ်အသားကို ထုတ်လွှတ်ရင်း မှော်စွမ်းအား ပျက်စီးမှုကို ကာကွယ်နိုင်ပေလိမ့်မည်။ E စကေး အရိပ်ရွေ့ကမူ ထိုဟီးရိုးကို အရိပ်များ၏ ရွေးချယ်မှုအတိုင်း နေရာပြောင်းနိုင်ခြင်းဖြစ်သည်။

R စကေးက သွေးရန်ငြိုးဖြစ်သည်။ ထိုသွေးရန်ငြိုးက အသူရာ အမှတ်အသားများ အားလုံးကို ဖောက်ခွဲနိုင်ပြီး အနက်ရောင် မှော်စွမ်းအင်ပျက်စီးမှုကို ကျယ်ပြောသော ဝန်းကျင်တောက်လျှောက် လွှမ်းခြုံနိုင်စွမ်း ရှိလာမည်ဖြစ်သည်။ အောင်မြင်စွာဖြင့် သတ်ဖြတ်နိုင်လျှင် ဟီးရိုး၏ Q.W.E စကေးများက ချက်ချင်းလိုလို လျော့ပါးသွားမည်ဖြစ်ပြီး ဟီးရိုးက လက်တုန့်ပြန်သည့် အဆင့်သို့ တိုက်ရိုက် ရောက်သွားမည်ဖြစ်သည်။ သူ၏ အခုချိန် အတောအတွင်း သူ၏ တိုက်ခိုက်နိုင် စွမ်းအားကလည်း ဆက်တိုက် တိုးတက်လာသလို သူ၏ ခုခံနိုင်စွမ်းအားကလည်း လျော့ကျသွားပေလိမ့်မည်။

ဒီဟီးရိုးက ပစ်မှတ်အများကြီးကို တိုက်ခိုက်နိုင်တဲ့ လုပ်ကြံသတ်ဖြတ်သည့် မှော်ဆရာနှင့် အရမ်းကို ကိုက်ညီလွန်းမနေဘူးလား။

ထိုအရိပ်များက ထုတ်ပြနိုင်သည့် Q စကေးစွမ်းအင်က ဒိုင်းကာကို ထိုးဖောက်နိုင်စွမ်းအားရှိသလို E စကေးကမူ ဟီးရိုးကို အရိပ်တစ်ခုနှင့်အတူ ဟိုနေရာ ဒီနေရာ ရွှေ့ပြောင်းနိုင်မည်ဖြစ်သည်။ Q.E ကွန်ဘို ပေါင်းလိုက်လျှင် ရွှေ့လျားမှုသုံးမျိုးကို ထုတ်ဖော်နိုင်မည်ဖြစ်သည်။ ဒီနည်းအားဖြင့် ဟီးရိုးက လုပ်ကြံသတ်ဖြတ်ရန် လိုက်ဖမ်းနိုင်သလို အလွန်အမင်း မြန်ဆန်စွာဖြင့် ထွက်ပြေးနိုင်ပေလိမ့်မည်။

ထို Q.W စွမ်းရည်က အသူရာ အမှတ်အသားများကို ထုတ်ပေးနိုင်သေးလေသည်။ ထိုနည်းအားဖြင့် တိုက်ပွဲနယ်မြေမှ အခြေအနေကို ပို၍ရှင်းရှင်းလင်းလင်း ဖန်တီးနိုင်လိမ့်မည်။ ဒီအကွက်များကို လုပ်ပြီးနောက် လျော့ကျသွားမည့် စွမ်းအင်များကို ပြန်လည်ဖြည့်တင်းပေးနိုင်မည့် လက်နက်ကိရိယာများနှင့် ပေါင်းစပ်လိုက်သော် အလွန်အမင်း လက်မြန်သည့် အရည်အချင်းရှိသည့် ကစားသမားက တချိန်ထဲ အမှတ်အသား ရှစ်ခု လုပ်နိုင်ပေလိမ့်မည်။

နောက်ဆုံး R စကေးကမူ ထိုအမှတ်အသားများကို ဖောက်ခွဲနိုင်စွမ်းအားရှိသည်။ ဒီနည်းအားဖြင့် ရန်သူက သေဆုံးခြင်းကို ရှောင်ရှားနိုင်တော့မည် မဟုတ်ချေ။

ထိုဟီးရိုးနှင့် ပတ်သတ်ပြီး ကြောက်စရာအကောင်းဆုံး အချက်က ရန်သူကို R စကေးအဖြစ် သတ်ဖြတ်ပြီးနောက် ချက်ချင်းလိုလို အခြားသောစကေး သုံးခုလုံးကို ပြန်သုံးနိုင်စွမ်းအား ရှိလာခြင်းဖြစ်သည်။ ထို့ပြင် ထိုအသူရာ အရှင်သခင်က သတ်ဖြတ်ခြင်း Mote ထဲသို့ ဝင်ရောက်နိုင်သေးပြီး တိုက်ခိုက်စွမ်းအားကို မြင့်တင်နိုင်လေသည်။ ဒီနည်းအားဖြင့် ဆက်တိုက် သတ်နိုင်ပေလိမ့်မည်။

သီအိုရီအရဆိုရသော် အသူရာ အရှင်သခင်က ကြာကြာကစားလေလေ အင်အားကြီးလာလေလေဖြစ်သော ဟီးရိုးဖြစ်သည်။ သူက လက်တုန့်ပြန်သည့် ဟန်ချက်ကို ထိန်းထားနိုင်သမျှ ရပ်တန့်၍ မရနိုင်တော့ချေ။ သို့သော် ထိုတုန့်ပြန် Mote ကလည်း အကျရှိနေသေးသည်။ အကြောင်းမူကား ဟီးရိုး၏ တိုက်ခိုက်စွမ်းအားကို အားမြင့်ပေးနိုင်သည့်တိုင်အောင် ခုခံစွမ်းအားက လျော့ကျသွားခြင်းဖြစ်သည်။ အသူရာ အရှင်သခင်က အလွန်အမင်း နူးညံ့ကာ အထိမခံ ဖြစ်လောက်သည်ဟု ပြော၍ရသည်။ သူ့ကို နေရာချရန် အထူးဂရုစိုက်ရန် လိုအပ်လေသည်။ သူကသာ အနည်းငယ် ကြောင်အသွားခြင်း၊ သို့မဟုတ် ရန်သူကြောင့် လှုပ်မရအောင် ပိတ်လှောင်ခံလိုက်ရသည့် အခြေအနေမျိုးတွင် အလွယ်တကူ သေနိုင်သည်။

ကွန်ပျူတာနှင့် အကြိမ်အနည်းငယ် ကစားပြီးနောက် ယဲ့ရှောင်းယန်က ထိုဟီးရိုး၏ စကေးများကို စတင် နားလည်လာသည်။ ဟီးရိုးအသစ်ကို စိန်ခေါ်ရသော ခံစားချက်က သူသဘောအကျဆုံး ခံစားချက်မျိုးလည်းဖြစ်သည်။ ထို့ပြင် ထိုသို့ ကစားရခက်သော ဟီးရိုးမျိုးက ပို၍ တောက်ပပေလိမ့်မည်။ ယဲ့ရှောင်းယန်က အကြောဆန့်ကာ ပြောလိုက်သည်။

“အစစ်အမှန်တိုက်ပွဲ စရအောင်”

ချင်ရွေ့က သူနှင့်အတူ အဆင့်တက်ဂိမ်းဆော့ရန် ဝင်ရောက်သွားသည်။

ပြင်ဆင်သည့်အဆင့်တွင် ယဲ့ရှောင်းယန်က ချက်ချင်းလိုလို [အသူရာ အရှင်သခင်]ကို ရွေးချယ်လိုက်သည်။ ချင်ရွေ့ကမူ သူ၏ညွှန်ကြားချက်အတိုင်း ချက်ချင်းလိုလို [ကောင်းချီး ဘုန်းတော်ကြီး]ကို ရွေးချယ်လိုက်သည်။ သေချာစွာပင် ပြိုင်ပွဲက စတင်လေပြီ။

ချင်ရွေ့က နာခံစွာဖြင့် သူ၏ ကောကောအနောက်မှလိုက်ကာ အလယ်လမ်းကျဉ်းသို့သွားသည်။ ဂိမ်းထဲသို့ဝင်ပြီး နှစ်မိနစ်ပင်မကြာခင် အလယ်လမ်းကျဉ်း [အသူရာ အရှင်သခင်]က ရန်သူမှော်ဆရာကို ဆိုလိုခေး ရသွားသည်။

ထိုသို့ ဆိုလိုခေးရပြီး နောက်ထပ် မြေပုံထံ စတင်ပြေးလွှားတော့သည်။ လေးမိနစ်ခန့် အမှတ်အသားနေရာတွင် သူက အောက်ခြေလမ်းကျဉ်းနေရာတွင် သွားလာနေပြီးနောက် မျက်နှာချင်းဆိုင်ဘက်မှ အောက်ခြေ လမ်းကျဉ်းမှ မှော်ဆရာကိုသတ်လိုက်သည်။ ထိုနေရာတွင် နေနေရင်းမှ သူက တစ်ဖက်သူ၏ မျှော်စင်ကိုလည်း ဖျက်ဆီးခဲ့သေးသည်။

ငါးမိနစ် အမှတ်အသား နေရာတွင်မူ သူက အပေါ်ပိုင်း လမ်းကျဉ်းထံသို့ သွားပြီးနောက် တစ်ဖက်အသင်းမှ အပေါ် Laner ကို သတ်လိုက်သည်။ ထို့နောက် အပြင်မျှော်စင်ကိုလည်း ဖြိုဖျက်လိုက်သေးသည်။ ထို့နောက် ရန်သူ၏ တောအုပ်ထဲသို့ဝင်ကာ အရင်းအမြစ်များကို သိမ်းယူတော့သည်။

ထို့ကြောင့် ဆယ်မိနစ် အမှတ်အသားတွင် အဖွဲ့လိုက် တိုက်ပွဲက အလယ်လမ်းကျဉ်းနေရာမှ ပေါက်ကွဲသွားသည်။ အသူရာ အရှင်သခင်က 3Kill ဆက်တိုက်ရသွားသည်။ အခြားသော ကစားသမားများကမူ ကြောင်တောင်တောင် ဖြစ်ကုန်ကြသည်။ ထိုအသူရာ အရှင်သခင်က အင်အားကြီးမားလွန်းသည်ဟုသာ သူတို့က ထင်ကြသည်။ သူက မည်သည့်နေရာသို့သွားသွား Kill ရနေသည်။ သူက ဒီတိုင်း လမ်းလျှောက်နေသော လူသားပုံစံရှိသည့် စစ်လက်နက်ကြီး ဖြစ်လောက်သည်။

ယဲ့ရှောင်းယန်၏ အဖွဲ့သားများကမူ စတင်ကာဖြင့် ချက်စ်နေရာတွင် ရိုက်နေကြသည်။

[ဒီဟီးရိုးအသစ်က အင်အားကြီးလွန်းမနေဘူးလား။ ငါလည်း တစ်ခုဝယ်သင့်တယ်]

[ဒါက Gaming got ရဲ့ Amt အကောင့်များလား။ ကျွန်တော့်ကို ခေါ်သွားပေးပါ။ ကျေးဇူးပြုပြီး]

[ဒီဟီးရိုးကို ဘယ်လိုများ ကစားနိုင်တာလဲ။ ကျေးဇူးပြုပြီး သင်ပေးပါဦး] ယဲ့ရှောင်းယန်က မြေပုံတစ်ခုလုံးအနှံ့ သွားပြီးနောက်တွင် ချက်ချင်းလိုလို ပြိုင်ဘက်များကို အားသာချက်ဖြင့် လွှမ်းမိုးလိုက်သည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း သူက ကွင်းပြင်ထဲတွင် အကောင်းဆုံးလက်နက်များ ပိုင်ထားသည့် လူစွမ်းကောင်းဖြစ်သွားသည်။ သူက ဒီလိုအခြေအနေကို အခွင့်ကောင်းယူပြီးနောက် ရန်သူတစ်ဖွဲ့လုံးကို သတ်ဖြတ်ကာ အပြတ်ရှင်းလိုက်သည်။

ချင်ချဲ့က ကြောင်သွားသည်။ သူ၏ကောကောက သဘာဝအလျောက် ပါရမီပါသည်ဆိုသော အကြောင်းက မှန်ကန်နေလောက်သည်။

ယဲ့ရှောင်းယန်က ဟီးရိုးအသစ်ကို တစ်နာရီသာ လေ့ကျင့်ရသေးလေသည်။ သူက မြေပုံကို ဖြတ်သန်းသွားနေပြီးနောက် ဟင်းရွက်၊ ကန်းစွန်းများ သုတ်သင်သလို ရန်သူများကို သတ်ဖြတ်နေတော့သည်။

သို့ရာတွင် ချင်ရွေ့က ပို၍အံ့ဩကာ လေးစားမိသော်လည်း ယဲ့ရှောင်းယန်ကမူ အနိုင်ရသွားသည့်အတွက် ထူးထူးခြားခြား မခံစားရချေ။ သူနှင့်ထိုကစားသမားများ၏ စကေးများကြားမှ ကွာခြားချက်က သိသာလွန်းနေသည်။ ဒါက LBA ကျွမ်းကျင်ဘက်စကတ်ဘော ကစားသမားက မူလတန်းကလေးများနှင့် ပြိုင်နေသလို ဖြစ်နေသည်။ အနိုင်ရလျှင် အဓိပ္ပာယ်မရှိချေ။

စစ်နတ်ဘုရားများက သူ့အတွက် အသစ်စက်စက် ဂိမ်းတစ်ခု ဖြစ်နေသေးသည်။ သို့သော် MOBA ဂိမ်းများ၏ အခြေခံက တူတူသာလျှင်ဖြစ်သည်။ ထို့ပြင်သူက တစ်နေ့လည်ခင်းကို အထူးတလည် အာရုံစိုက်ကာ မှတ်ချက်များထုတ်ကာ ကြည့်ခဲ့သည်။ ထို့ကြောင့် ငွေအဆင့်ပွဲတွင် အနိုင်ရခြင်းက သူ့အတွက် ဘာစိန်ခေါ်မှုမှ ရှိမနေခဲ့ချေ။ အသစ်လေးတစ်အုပ်ကို အနိုင်ရသော ကိစ္စက ဂုဏ်ယူစရာလည်း မရှိခဲ့ချေ။ သို့တိုင်အောင် သူက အကောင်းဆုံးများနှင့် တိုက်ခိုက်ကြည့်ရန် လိုအပ်နေသေးသည်။

ယဲ့ရှောင်းယန်က စိတ်ဆုံးဖြတ်လိုက်သည်။

သူအမြန်ဆုံး ဘုရင်အဆင့်ကို ရောက်မှဖြစ်မယ်။ အဲ့ဒီနောက် သူဒီအသူရာ အရှင်သခင် ဟီးရိုးနဲ့ National Leder Board ထဲကို ဝင်နိုင်ရမယ်။

သူက ကမ္ဘာ့ထိပ်တန်း ကစားသမားတွေနဲ့ Match up လုပ်မှပဲ အဓိက E sport အဖွဲ့တွေရဲ့ အာရုံကို ဆွဲဆောင်နိုင်လိမ့်မယ်။

အကွာအဝေးက ဘယ်လောက်ကျယ်သလဲဆိုတာကို သူ အရင်ဆုံး စမ်းကြည့်ချင်သေးတယ်။ နောက်ပြီး သူ ပြန်လည် မွေးဖွားလာတဲ့သူနဲ့ ဒီလောကရဲ့ Gaming Master တွေနဲ့ ဘယ်လောက် ကွာခြားသလဲဆိုတာ ကြည့်ရမယ်။

aaml
Author: aaml
Private: ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး

Private: ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး

Mid Lane All-Rounder, Quánnéng Zhōng Dān, 全能中单
Score 9.6
Status: Ongoing Type: Author: , Artist: , Released: 2021 Native Language: Chinese
အညွှန်း ကားတိုက်မှုမှ နိုးထလာပြီးနောက် ပရော်ဖက်ရှင်နယ် ကျွမ်းကျင် esport ကစားသမား ယဲ့ရှောင်းယန်က သူဟာ သူကိုယ်တိုင်ပင် မရှင်းလင်းသေးသော ABO လောကဆိုသည့် နေရာတစ်ခုသို့ အမှိုက်တင်ဆက်သူတစ်ယောက်ကိုယ်ထဲသို့ ကူးပြောင်းလာကြောင်း သိလိုက်ရသည်။ ဒီဘဝတွင် သူ့ကိုယ်သူ ထောက်ပံ့ရန်အလို့ငှာ ယဲ့ရှောင်းယန်က အလုပ်ဟောင်းသို့ ပြန်သွားရန် ဆုံးဖြတ်လိုက်ပြီး esport လောကတွင် နေရာတစ်ခု ရအောင် အဆင့်မြင့်တင်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ၏ထူးချွန်ပြောင်မြောက်သော ပါရမီကြောင့် လျင်မြန်စွာဖြင့် အောင်မြင်ကျော်ကြားသော ကလပ်တစ်ခုနှင့် စိတ်ချရသည့် စာချုပ်တစ်ခုကို ချုပ်ဆိုနိုင်ခဲ့သည်။ သို့သော် သူက အဖွဲ့သစ်နှင့် ပထမဆုံး ကြုံရသော အချိန်တွင်ပင် မမျှော်လင့်ထားစွာပင် အသင်းခေါင်းဆောင် ချီရှို့၏ အရှေ့တွင် အိုမီဂါတစ်ယောက်၏ အခွင့်အရေးကို ကိုယ်စားပြုသူ တစ်ယောက် ဖြစ်သွားခဲ့ရသည်။ ချီရှို့က သူ၏အသင်းဖော်အသစ်ကို တစ်ကိုယ်လုံးကို စစ်ဆေးပေးဖို့ ဆေးရုံသို့ ခေါ်သွားခဲ့သည်။ ထို့နောက် ထိုကောင်လေးက သူ့ကို အနည်းငယ် အရည်လဲ့နေပြီး တောက်ပသည့် မျက်ဝန်းဖြင့် မော့ကြည့်လာသည်။ သူ့၏မျက်ဝန်းထောင့်များက နီရဲနေပြီး အသံကလည်း အနည်းငယ် ဩရှနေသည်။ “ခေါင်းဆောင် ဆရာဝန်ပြောတဲ့စကားအရ ကျွန်တော်က ဖိနှိပ်ဆေးတွေနဲ့ မတည့်ဘူး ဒါကြောင့် ခေါင်းဆောင်က ကူညီပေးလို့ ရမလား” “… မင်းကို ဘယ်လို ကူညီရမှာလဲ” ချီရှို့က ပြန်မေးလိုက်သည်။ ယဲ့ရှောင်းယန်က ချီရှို့ကို ချက်ချင်း ကျောပေးလိုက်ပြီးနောက် ပြောသည်။ “ကျွန်တော့်ကို ယာယီအမှတ်အသားပြု လိုက်ပါ။ ဒီနေရာကို တစ်ချက်လောက် ကိုက်လိုက်.. ကျေးဇူးပါပဲ” ချီရှို့၏အမူအရာကမူ ချက်ချင်းလိုလို ကွဲကြေမွ ပျက်စီးသွားရသည်။ ဒီအိုမီဂါက ဘာဖြစ်တာလဲ။ ဒီလို ကိုက်ပြီး အမှတ်အသားပေးတယ်ဆိုတာမျိုးက အလွယ်တကူ လုပ်လို့ ရတာမျိုးလား။ ပြည်သူများ.. [ငါ ကြားတာတော့ ထျန်းဟွမ်အသင်းရဲ့ အဖွဲ့ဝင်အသစ်က အိုမီဂါ ဆိုပဲ] [သူက support အနေနဲ့ ကစားတော့မှာလား အားလုံးပဲ ကိုယ့်ရဲ့ ချိုမြိန်ပြီး ချစ်ဖို့ကောင်းတဲ့ အိုမီဂါ အသစ်လေးကို support အနေနဲ့ လုပ်မယ်ဆိုတာ သေချာပြီလား] ထိုသို့ဖြင့် အင်တာနက်တွင် ပွက်လောရိုက်နေခဲ့ပြီး ယဲ့ရှောင်းယန်က သူ၏ လက်ဗလာဖြင့် ပြိုင်ပွဲအတွင်း ပြိုင်ပွဲအတွင်း ငါးကြိမ်ဆက်တိုက် သတ်ဖြတ်နိုင်သော စွမ်းရည်ကို သူ၏ပေါက်ကွဲလွယ်သော အင်အားဖြင့် ထုတ်ပြပြီးနောက်တွင် ငြိမ်သက်သွားစေခဲ့သည်။ သူတို့၏ ပြိုင်ဘက်များ.. [ချိုမြိန်ပြီး ချစ်စရာကောင်းတယ် ဟုတ်လား၊ ဒါက မိစ္ဆာအရှင်ဆိုတာ သေချာနေတာပဲ မဟုတ်ဘူးလား] [သူက ငါ့ကို သတ်တာက ငါ့ဦးနှောက် ပြုတ်ဖို့တောင် လုံလောက်နေပြီ။ ငါ ဒီဂိမ်းကို uninstall လုပ်ချင်သွားပြီ] [ငါတို့ ဒီပြိုင်ပွဲမှာ ရှုံးရမယ် ဆိုရင်တောင်မှ ယဲ့ရှောင်းယန်က သေချာပေါက် သေရမယ်] [ဒီအိုမီဂါကို ပစ်မှတ်ထားကြစမ်းပါ။ ညှာတာစရာ မလိုဘူး] ဒီအိုမီဂါက ထူးခြားစွမ်းရည်ရှိတာကို သိသွားကြတော့သည်။ [ဒီအိုမီဂါတွေက နူးညံ့ပြီး ချစ်စရာကောင်းတယ်လို့ ဘယ်သူ သိထားခဲ့တာလဲ။ ဒီအိုမီဂါက လိဂ်တစ်ခုလုံးကိုပေါက်ကွဲစေဖို့ လုံလောက်နေပြီ] +++++++

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset