အပိုင်း (၅)
ချင်ရွေ့က လက်တော့သယ်ပြီးနောက် ယဲ့ရှောင်းယန်၏ နောက်မှ လိုက်ကာ စာဖတ်ခန်းထဲသို့ လာသည်။ သူက ထိုင်ခုံကို ဆွဲထိုင်ပြီးနောက် လက်တော့ကို တင်လိုက်သည်။ ဘေးနားတွင်မူ သူ၏ဝမ်းကွဲက ဂိမ်းကုလားထိုင်ဖြင့် ထိုင်နေလေသည်။ ထို့နောက် သူက ယဲ့ရှောင်းယန်ကို ဂိမ်းထဲမှတစ်ဆင့် ဖိတ်ခေါ်လိုက်သည်။
ရှစ်နာရီခွဲက ဂိမ်းကစားသော အထွတ်အထိပ် အချိန်ပင် ဖြစ်သည်။ ၅စက္ကန့်ပင် မကြာဘဲ ပြိုင်ပွဲတစ်ပွဲအတွက် လူပြည့်သွားလေပြီ။ စိန်အဆင့်အောက်မှ ပွဲများတွင် BLPများ မရှိသည့်အတွက် ဘန်းထားသော အရာမျိုး မရှိသလို ဘာမဆို ရွေး၍ ရသည်။ ထို့ကြောင့် Match က စတင်သည်နှင့် သူတို့၏ အဖွဲ့သားများကိုသာ မြင်ရတော့သည်။
သူတို့၏အသင်းထဲတွင် ကစားသမားငါးယောက် ရှိပြီး ယဲ့ရှောင်းယန်၏ [ရှောင်ပိုင်]က ကြေးနီအဆင့်သာ ရှိသေးသည်။ ချင်ရွေ့၏ [ရှောင်ရွေ့]ကမူ ရွှေအဆင့် ဖြစ်သည်။ တခြားသုံးယောက်ကမူ [ဒဏ္ဍာရီလာကော] [မင်းရဲ့အပြုံးလေး] နှင့် [ငါ့နှလုံးခုန်သံ] တို့ အားလုံးက ငွေရောင်အဆင့် ဖြစ်သည်။ နောက်ပိုင်း နှစ်ယောက်ကမူ အိုင်ဒီများ ကြည့်ရုံဖြင့် စုံတွဲမှန်း သိနိုင်သည်။
အဆင့်တက်သော စနစ်အရ ပြိုင်ပွဲက ငွေရောင်အဆင့်ပွဲဟု သတ်မှတ်၍ ရသည်။ ယဲ့ရှောင်းယန်၏ အကောင့်တွင် ဟီးရိုးငါးကောင်သာ ပွင့်သေးသည့်အတွက် သူက အလယ်လမ်းမှော်ဆရာ အမျိုးအစား ဖြစ်သည့် အေးခဲနတ်ဘုရားမ ရွှယ်လီကို ရွေးလိုက်သည်။ ရွှေအိုရောင် လှိုင်းတွန့်များလို ရှည်လျားသည့် ဆံပင်ကို ပိုင်ဆိုင်ထားသည့် ထိုလှပသော အမျိုးသမီးက နှင်းဖြူရောင် မှော်ဆရာမ ဝတ်စုံကို ဝတ်ဆင်ထားသည်။
ချင်ရွေ့က ကောကောက မှော်ဆရာမကို ရွေးချယ်တာ မြင်သောအခါ သူကလည်း အထောက်အပံ့ ဖြစ်သည့် “တောအုပ်သံသမန်” ဖြစ်သည့် ယာ့အန်းကို ရွေးလိုက်သည်။ ထိုကာရိုက်တာက အနောက်တွင် ဆံပင်ကို အကြီးကြီး ထုံးကာ စုစည်းချထားသော ချစ်စရာကောင်းသည့် ချွန်ထက်သော နားရွက်တစ်စုံဖြင့် ကောင်မလေး ဖြစ်သည်။ သူမ၏ စကေးများအားလုံးက ကုသခြင်း ဖြစ်လေသည်။
သိပ်မကြာခင်တွင် သူတို့၏အသင်းမှ [မင်းရဲ့အပြုံးလေး] က မှော်ဆရာကို ရွေးလိုက်သည်။ [ငါ့နှလုံးခုန်သံ] ကမူ သေနတ်သမားကို ရွေးချယ်သည်။ ထို့နောက် [ဒဏ္ဍာရီလာကော]ကမူ လုပ်ကြံသတ်ဖြတ်သူကို ရွေးချယ်သည်။ သူတို့၏ Line up က လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်၊ မှော်ဆရာ ၂ယောက်၊ သေနတ်သမားနှင့် အထောက်အပံ့ တစ်ယောက် ဖြစ်သည်။
[မင်းရဲ့အပြုံးလေး]: ငါက မှော်ဆရာကစားတယ်။ ရှောင်ပိုင် ဟီးရိုးလဲလိုက်ပါ။ ဟုတ်ပြီလား
[ငါ့နှလုံးခုန်သံ]: အထောက်အပံ့ Tank ဟီးရိုးနဲ့ ပြောင်းလိုက်။ တောအုပ်သံတမန်က အရမ်းသေလွယ်တယ်။
[မင်းရဲ့အပြုံးလေး]: ငါ့ကောင်လေး ပြောတာကို နားထောင်လိုက် မြန်မြန် Tank နဲ့ လဲလိုက်။
[ရှောင်ရွေ့]: စိတ်မကောင်းပါဘူး။ ငါက တခြားအထောက်အပံ့တွေမှာ မတော်ဘူး။
[ရှောင်ပိုင်]: ငွေရောင်အဆင့်ပွဲတွေက အဲလောက်အထိ အလေးထားစရာ မလိုပါဘူး။ မင်းတို့တော်တာကိုပဲ ဆော့..
[မင်းရဲ့အပြုံးလေး]: …..
[မင်းရဲ့အပြုံးလေး]: ငါတို့က မှော်ဆရာနှစ်ယောက်နဲ့ ဘယ်လို ကစားရမှာလဲ။
[ရှောင်ပိုင်]: ငါတို့ စီမံလို့ရတယ်
[ရှောင်ပိုင်]: ငါက အပေါ်လမ်းကို နေရာယူမယ်။ မင်းက အလယ်ကို ယူလိုက် စရအောင်
ထိုစုံတွဲကမူ ညှိနှိုင်း၍ မရကြောင်း သိသောအခါ ဒီအတိုင်း ကျည်ဆံကို ကိုက်၍ ကိုင်တွယ်ရုံသာ ရှိလေတော့သည်။
ပြိုင်ပွဲက စလေပြီ။
ယဲ့ရှောင်းယန်ကလည်း မမှားချေ။ ငွေရောင်အဆင့် ပွဲများက ထိုမျှအထိ အလေးထားရန် မလိုအပ်ချေ။ ထို့အပြင် အဖွဲ့ရဲ့ နေရာအနေအထားကိုလည်း ဖိအားများစရာ မလိုသေးချေ။ ဗျူဟာကိုလည်း ထိုမျှအထိ မလိုအပ်သေးချေ။ အဖွဲ့ထဲတွင် လူဟောင်းတစ်ယောက် ရှိသမျှ ရန်သူတိုင်းကို ချေမှုန်းနိုင်ပြီး အသင်းက အလိုလို နိုင်ပေလိမ့်မည်။
နည်းပညာအရ ပြောရသော် ယဲ့ရှောင်းယန်က စစ်နတ်ဘုရားများ၏ အဆင့်သတ်မှတ်ချက်ပွဲတွင် ပထမဆုံးအကြိမ် ဆော့ကစားခြင်းဟု ဆို၍ ရသည်။ ယခင်တစ်ခေါက်က သူက ဤဘဝသို့ ခြေလှမ်းဝင်ကာစ ဖြစ်သဖြင့် ထည့်တွက်၍ မရချေ။ သူ၏ဦးနှောက်ကလည်း ထိုအချိန်က ဝေဝေဝါးဝါး ဖြစ်နေခဲ့သည်။ သူက မမျှော်လင့်ထားဘဲ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်၏ ထပ်ခါတလဲလဲ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး အလေးအနက်ထားပြီး ကိုင်တွယ်ခဲ့ခြင်းမျိုး မရှိခဲ့ချေ။ သို့သော် ဤတစ်ကြိမ်တွင်မူ သူက အလေးအနက်ထားပြီဖြစ်သည်။
သူက AIဖြင့် ပွဲစဉ်အနည်းငယ်ကို လေ့ကျင့်ထားခဲ့သည်။ ထို့အပြင် သူက တစ်ချိန်လုံး အေးခဲနတ်ဘုရားမကို သုံးမိခဲ့လေရာ သူက ထိုနတ်ဘုရားမကို အလွန်ရင်းနှီးနေလေပြီ။ ပွဲစတင်သောအခါ ယဲ့ရှောင်းယန်က တောအုပ်၏ အပေါ်လမ်းတွင် ခေါင်းပေါ်တွင် Timer နှင့်အတူ ပေါ်လာသည်။ Timer ကလည်း စရေတွက်နေသည်။ တခြားအသင်းမှ တိုက်ခိုက်ရေးသမားက သူ့မြင်ကွင်းထဲသို့ ဝင်လာချိန်အထိ စောင့်ဆိုင်းပြီးမှသာ သူ၏ Q skill ဖြစ်သည့် ချက်ချင်းလိုလို ပြိုင်ဘက်၏ HPကို ၁၀ရာခိုင်နှုန်း ရှင်းလင်းပစ်နိုင်သော စကေးကို ထုတ်သုံးလိုက်သည်။ ဒါက ရန်သူ၏ တိုက်ခိုက်ရေးသမားကို ကုပ်ခြစ်ရုံလောက်သာ ထိခိုက်စေလောက်သော်လည်း ဒီလို match up ပွဲများတွင် ပြိုင်ဘက်ကို ဒဏ်ရာရရန် အခွင့်အရေးတိုင်းကို ဖမ်းဆုပ်ရန် လိုအပ်သဖြင့် အလွန်အရေးကြီးသည်ဟု ဆို၍ရသည်။ HPမှ သေးငယ်သော ကွာဟချက်ကတင် အရေးအကြီးဆုံးသော တိုက်ပွဲ၏ အနေအထားမျိုးတွင် ဒီရေကို ပြောင်းပြန် ပြန်စီးစေပေလိမ့်မည်။ တခြားသော ကစားသမားကလည်း သူ၏HPများ လျော့သွားခြင်းကို ဂရုမထားပေ။ ယဲ့ရှောင်းယန်ကမူ မီနီယံပေါင်းများစွာကို အသုတ်လိုက် လာနေကြောင်း သိနေလေသည်။ ထို့ကြောင့် ဆက်တိုက် ခုတ်သတ်နေလိုက်သည်။ ထိုအချိန်အတွင်း သူက အဆင့်၂သို့ ရောက်သွားပြီးနောက် W skill ကို ရလိုက်သည်။ ထိုစကေးက Teep Ice [သိပ်သည်းသော အေးခဲစွမ်းရည်] ဖြစ်သည်။ သူက ပြိုင်ဘက်၏ လှုပ်ရှားမှုကို ကြိုတင်ခန့်မှန်းပြီးနောက် ပြိုင်ဘက်ကို နေရာတွင်ပင် အေးခဲအောင် ထိုစကေးကို ထုတ်သုံးလိုက်သည်။ ထို့နောက် သူက Q Skill ကို တစ်ဖန် ထပ်သုံးပြီး ပြိုင်ဘက်၏ HPကို တစ်ဖန် ထပ်ရှင်းလိုက်ပြန်သည်။ ထိုအချိန်တွင် ပြိုင်ဘက်၏ HPက ၃၀ရာခိုင်နှုန်းအထိ ထိုးကျသွားသည်။
ထိုတိုက်ခိုက်ရေးသမားကမူ ရန်သူက သူ့ထက် အင်အားကြီးကြောင်း အာရုံခံမိသွားသလိုမျိုး သူ၏မျှော်စင်အောက်မှ မထွက်လာရဲတော့ချေ။
နှစ်ယောက်လုံးက တစ်ခဏခန့် ငြိမ်းအေးသွားသည်။ သည်နည်းအားဖြင့် အသုတ်လိုက် လာနေသော မီနီယမ်လေးများကို နေရာပေးထားရင်း အချင်းချင်း မသတ်မဖြတ်ကြဘဲ အဆင့်တက်လိုက်ကြသည်။ သက်ရောက်မှုက ၃မိနစ်သာ ခံသည်။ ယဲ့ရှောင်းယန်၏ ဟီးရိုးက ကွင်း၏ ပထမဆုံး အဆင့်တက်သွားကြောင်း အလင်းလက်လာပြီးနောက် သူ၏အေးခဲနတ်ဘုရားက အဆင့်၆အထိ တိုက်ရိုက်ရောက်သွားသည်။ ဒဏ္ဍာရီများ၏အဖွဲ့ချုပ်တွင်ကဲ့သို့ စစ်နတ်ဘုရားများတွင်လည်း အဆင့်၆သို့ ရောက်သွားခြင်းက အရေးအကြီးဆုံးသော အလှည့်အပြောင်း ဖြစ်သွားသည်။ စစ်နတ်ဘုရားထဲမှ ဟီးရိုးတိုင်းတွင် အခြေခံစွမ်းရည် လေးမျိုးရှိပြီး အဆင့်၆တွင်မူ သူတို့က အဆုံးစွန်အကွက်ဖြစ်သော သူတို့၏ Ultကို ရလိုက်သည်။ Ult ဆိုသည်မှာ အစွမ်းအထက်ဆုံးဟု ဆို၍ ရသည်။ အေးခဲနတ်ဘုရားမ၏ Ultက နှင်းမုန်တိုင်း ဖြစ်သည်။ အေးခဲနတ်ဘုရားမက အလွန်အမင်း ကြီးမားသော နှင်းမုန်တိုင်းကြီးများကို အင်အားပြည့်ဖြင့် ကိုင်တွယ်နိုင်ပြီး AoE ဖျက်စီးမှော်စွမ်းအင်အဖြစ် ထုတ်သုံးနိုင်သည်။ ပစ်မှတ်ကို နှင်းမုန်တိုင်းထဲတွင်သာ အေးခဲထားနိုင်မည် ဆိုလျှင် သူတို့ခံစားရမည့် ပျက်ဆီးမှုစွမ်းအင်က ၂ဆ ဖြစ်သွားပေမည်။ အေးခဲနတ်ဘုရားမ၏ W Skill ဖြစ်သည့် သိပ်သည်းအေးခဲစွမ်းရည်နှင့် သူမ၏ Q Skill ဖြစ်သည့် အေးစက်စွာ ထိုးဖောက်ခြင်း များက ထိုUltကို ပြီးပြည့်စုံစွာ ထိုးဖောက်ပေးနိုင်စွမ်း ရှိသွားသည်။ ထိုသို့ဖြင့် ပေါင်းသုံးလိုက်သော သက်ရောက်မှုက ပိုကောင်းသွားလေသည်။ Skill သုံးခုလုံးက ဒေါသအပြည့် ထုတ်ဖော်ပြသနိုင်သည်။ ဒါက မှော်ဆရာမ များအတွက် အခြေခံအကျဆုံး တိုက်ခိုက်စွမ်းအားများလည်း ဖြစ်နေသည်။ ယဲ့ရှောင်းယန်က ဒီအကွက်များကို ရင်းနှီးနေခဲ့သည်မှာ ကြာလှချေပြီ။
ရန်သူ တိုက်ခိုက်ရေးသမားက မျှော်စင်အောက်တွင် ပုန်းနေသေးသည်။ ယဲ့ရှောင်းယန်က လမ်း၏ ဘေးဘက်ခြမ်း သစ်တောထဲတွင် ပုန်းနေရင်း ရိုက်ချနိုင်မည့် အခွင့်အရေးကို စောင့်နေသည်။ ထိုအခိုက် စနစ်မှ အသံက နားထဲသို့ ထွက်လာသည်။
[First Blood]
[Double Kill]
အသင်း၏ တန်ဖိုးက အောက်ခြေလမ်းမှ ပြောင်းပြန်လှန်ခံလိုက်ရသည်။ ထိုအချစ်ငှက်မောင်နှံက ရန်သူ လုပ်ကြံသတ်ဖြတ်ရေးသမား၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရလေသည်။
ချင်ရွေ့ကမူ ဆက်တိုက် ချောမွေ့စွာ ထွက်ပြေးလာလေပြီး သူတို့၏ အခြေစိုက်စခန်းထဲသို့ ပြန်လာကာ ကုသပေးနေသည်။
သူတို့၏အသင်း Chat တွင် စာကြောင်းများ ပေါ်လာသည်။
[မင်းရဲ့အပြုံးလေး] မင်းလို noob တွေ အဆင့်မတက်လို့ ရမလား @ရှောင်ရွေ့..
[ငါ့ရဲ့နှလုံးခုန်သံ] နင် ဘယ်လို စကားကြီး စကားကျယ် ပြောရမလဲ ဆိုတာတော့ သိပြီး ငါတို့ကို အဆင့်တက်နေတဲ့အချိန်မှာ ဆွဲမချလို့ ရမလား၊ AI ပြိုင်ပွဲတွေက နင့်အတွက် ပိုပြီး သင့်တော်တယ်။
[မင်းရဲ့အပြုံးလေး] ပြိုင်ဘက်အသင်း အထောက်အပံ့သမားက အချင်းချင်း ဘယ်လို ပူးပေါင်းလုပ်ဆောင်ရမလဲ ဆိုတာ ပိုသိတယ်။ ငါတို့ရဲ့ အထောက်အပံ့သမားကတော့ ဘယ်လို လျှောက်ပြေးရမလဲ ဆိုတာကိုပဲ သိတယ် မဟုတ်ဘူးလား။
[ငါ့ရဲ့နှလုံးခုန်သံ] အရူးလို အထောက်အပံ့.. မြန်မြန် ၆မိနစ် ပြည့်အောင် လုပ်ပြီးတော့ နောက်တစ်ပွဲကိုပဲ သွားကစားစမ်းပါ။
ချင်ရွေ့က သူ့ကို ပစ်မှတ်ထားသော နာကျင်ဖွယ်ကောင်းသည့် စကားလုံးများကို မြင်သောအခါ သူ့အမူအရာက မသက်မသာ ဖြစ်လာသည်။ သူက အောက်နှုတ်ခမ်းကို ကိုက်ပြီးနောက် ပြန်လည်ရှင်လာသည့် ရေတံခွန်နားသို့ ပြန်ရောက်သွားသည်။ ထို့နောက် တစ်ဖန် အောက်ခြေလမ်းသို့ ပြန်ပြေးရပြန်သည်။ ထိုစုံတွဲကမူ သူ့ကို ဆက်ပြီး အရှက်ခွဲနေသေးသည်။
[မင်းရဲ့အပြုံးလေး] ငါတို့ တစ်သင်းလုံး ရှေ့မှာ ထိပ်တိုက်ရင်ဆိုင်နေကြတယ်။ မင်းကတော့ အဲဒီနေရာမှာပဲ ရပ်ပြီး ဘာလို့ ပွဲကြည့်မနေတာလဲ။ မင်း မရှက်ဘူးလား။ အသင်းဖော်တွေကို ဒီလိုပဲ ရောင်းစားရလား။
[ငါ့ရဲ့နှလုံးခုန်သံ] အမြှီးကို ခြေထောက်ကြား ညှပ်ပြီး ရှောင်ပြေးနေတာ အပြင် ဘာလုပ်နိုင်သေးလဲ။
[မင်းရဲ့အပြုံးလေး] မင်းရဲ့ ကြောက်တဲ့ပုံစံမျိုးနဲ့ သေချာပေါက် အိုမီဂါပဲ ဖြစ်ရမယ်။ တစ်ချိန်လုံး လျှောက်ပြေးဖို့ပဲ သိတာက အိုမီဂါပဲ။
[ငါ့ရဲ့နှလုံးခုန်သံ] တကယ်ကိုပါပဲ။ နင် ငါတို့ကို Heal နည်းနည်းလောက်ပဲ ပေးလိုက်ရင်တောင် ငါတို့ သေမှာ မဟုတ်ဘူး။ နင်က ဒီလို ငကြောက် ဖြစ်နေတာတောင် ကိုယ့်ကိုယ်ကိုယ် ကြည့်ရမှာ မရှက်ဖူးလား။
[မင်းရဲ့အပြုံးလေး] မင်း ဒီဂိမ်းကို uninstall လုပ်တော ကောင်းမယ်လို့ ထင်တယ်။ အရူးကောင်
ထိုနှစ်ယောက်၏ စကားများက နားထောင်ရ ခက်သည်ထက် ခက်ခါသည်။
ယဲ့ရှောင်းယန်၏ အကြီးမားဆုံးသော ပစ်ချက်က အားနည်းသူကို အမြဲတစေ ကာကွယ်ပေးချင်စိတ် ရှိခြင်း ဖြစ်သည်။ ထိုနှစ်ယောက်ကသာ သူ့ကို လာပြီး ပြောနေမည် ဆိုလျှင် သူက ဂရုပင် မစိုက်လောက်ပေ။ သို့သော် သူ့တိတိလေး၏ မျက်လုံးများက နီရဲလာကြောင်း မြင်သောအခါ သူက သည်းမခံနိုင်တော့ချေ။
ယဲ့ရှောင်းယန်က ချင်ရွေ့ကို ကြည့်လိုက်သည်။
“မင်းက ပြန်မပြောတော့ဘူးလား”
ချင်ရွေ့ကမူ ခေါင်းကို ငုံ့ထားပြီးနောက် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“အဖေက ပြောတယ်။ အိုမီဂါတွေက မကျိန်ဆဲရဘူးတဲ့။ ဒါက.. စာနာစိတ်မဲ့လွန်းတယ်”
ယဲ့ရှောင်းယန်ကမူ မျက်ခုံးပင့်လိုက်သည်။
“အဲဒီလိုလား”
ထို့နောက် တစ်ခဏတွင် သူ၏ လက်က ကီးဘုတ်ပေါ်တွင် လျင်မြန်စွာ ပျံသန်းပြေးလွှားသွားပြီး ထိုနှစ်ယောက်ကို စတင်ကာ စုတ်ဖြဲတော့သည်။
[ရှောင်ပိုင်] မင်းတို့က မင်းတို့ရဲ့ အထောက်အပံ့ကို မကျေမနပ် ပြောဖို့လောက်ပဲ သိတယ်။ မင်းတို့ရဲ့ ကိုယ်ပိုင်စကေးက ဘယ်လောက်အဆင့်လဲ ဆိုတာ မသိဘူးလား။
[ရှောင်ပိုင်] ဘာလဲ မင်းတို့ ငါ့ရဲ့ အထောက်အပံ့ကိုတောင် မင်းတို့ကို လာပြီး တကူးတက ကုပေးစေချင်သေးတယ် ဟုတ်လား။
[ရှောင်ပိုင်] မင်းတို့က ရန်သူရဲ့ ရွှေတွင်းနောက်မှာ ပုန်းပြီး ဘာလျှောက်လုပ်နေကြတာလဲ။ မင်းတို့ကသာ ခေါင်းမာပြီး အဖွဲ့လိုက် တိုက်ပွဲထဲကို ဝင်မသွားခဲ့ရင် ဒီလို ဖြစ်မှာတဲ့လား။ မင်းတို့ရဲ့ စကေးက ဒီလောက်အထိ နိမ့်ကျနေပြီးတော့ မင်းတို့ ကိုင်တွယ်ပုံက ဒီလောက် အသုံးမကျ ဖြစ်နေသေးတယ်။ ကြည့်ဖို့တောင် စိတ်ပျက်စရာ ကောင်းလွန်းတယ်။
[ရှောင်ပိုင်] မြန်မြန် ပါးစပ်တွေကို ပိတ်ထားလိုက်စမ်း။ ရေပန်းဘေးမှာပဲ AFK လုပ်ပြီး ထိုင်ကြည့်နေ။ ငါ ငါ့ရဲ့အထောက်အပံ့ကို ငါ ကိုင်တွယ်ပေးနိုင်တယ်။
ရှောင်ပိုင်လေးက လက်ကွက်ရိုက်စွမ်းရည်က အလွန်မြန်ဆန်လွန်းနေကာ ထိုစကားလေးကြောင်းက လျှပ်တပြက် အချိန်အတွင်း ဆက်တိုက် ပေါ်လာခြင်း ဖြစ်သည်။ ထိုစုံတွဲကမူ ဆွံ့အသွားကြသည်။ သူတို့၏ ဦးနှောက်ကပင် ယဲ့ရှောင်းယန်၏ လက်အရှိန်ကို မမီနိုင်ချေ။ ယဲ့ရှောင်းယန်က ပြောသည်။
“ရှောင်ရွေ့ အပေါ်လမ်းကို လာပြီး ငါ့ကို လာရှာ”
ချင်ရွေ့က တစ်ခဏခန့် အေးခဲသွားပြီးနောက် ချက်ချင်းလိုလို တောထဲသို့ အပြေးဝင်သွားပြီး အပေါ်လမ်းသို့ တွေးမနေဘဲ ပြေးလာသည်။ ထိုအချိန်တွင် သူတို့၏ အပေါ်လမ်းမှ မီနီယမ်များအားလုံးက အဆင့်တက်ပြီး ဖြစ်လေသည်။ ရန်သူ၏ တိုက်ခိုက်ရေးသမားကလည်း ထိုမီနီယမ်များကို တိုက်ခိုက်ရန် ကြိုးစားကြည့်သည့်တိုင် သူက တစ်ကောင်မှကို မသတ်နိုင်ခင် သူ၏ခြေထောက်အောက်တွင် ရေခဲကျောက်ပန်းကြီးက ရုတ်တရက် ပွင့်လာပြီးနောက် ချက်ချင်းဆိုသလို နှင်းမုန်တိုင်းက ဆင်းသက်လာတော့သည်။ ထိုတိုက်ခိုက်ရေးသမား၏ HPက 0 တန်းဖြစ်သွားသည်။ ဖန်သားပြင်တွင်လည်း စာတစ်ကြောင်းက ပေါ်လာသည်။
{[ရှောင်ပိုင်] က [မင်းသားဟွားဟွား]ကို သတ်လိုက်ပါပြီ}
ချင်ရွေ့က ရောက်လာသောအခါ ကိုယ့်သွေးအိုင်ထဲ ကိုယ် လဲကျ သေဆုံးနေသော တိုက်ခိုက်ရေးသမားကို မြင်လိုက်ရသည်။
သူက သူ၏ကောကောကို မယုံကြည်နိုင်မှု အပြည့်ဖြင့် မော့ကြည့်လိုက်သည်။ သို့သော် ယဲ့ရှောင်းယန်၏ မျက်နှာက ပြီးပြည့်စုံစွာ တည်ငြိမ်နေကြောင်း မြင်လိုက်ရလေသည်။
သူက ရန်သူ၏ တိုက်ခိုက်ရေးသမားကို အလဲထိုး ဆွဲချပြီးနောက် ယဲ့ရှောင်းယန်က တောထဲသို့ ဝင်ကာ အချို့သော အရင်းအမြစ်များကို ရိတ်သိမ်းလိုက်သည်။ ထို့နောက် သူက သူတို့၏ အခြေစိုက်စခန်းသို့ ပြန်ပြီးနောက် သူ၏ကုသမှုကို ပြန်လည်ဖြည့်တင်းလိုက်ကာ ပစ္စည်းအသစ်များ ဝယ်သည်။ ထို့နောက် သူက တစ်ဖန် အပေါ်လမ်းသို့ ထပ်သွားလိုက်သောအခါ ရန်သူ တိုက်ခိုက်ရေးသမားက သူ၏မီနီယမ်များကို လာပြီး သတ်ဖြတ်နေပြန်ကြောင်း မြင်လိုက်ရပြန်သည်။ ယဲ့ရှောင်းယန်က လျင်မြန်စွာဖြင့် W, Q, R တိုက်ပွဲစွမ်းအားကို ပေါင်းသုံးလိုက်ပြီး ထိုတိုက်ခိုက်ရေးသမားကို တစ်ခါတည်း ရှင်းလိုက်နိုင်သည်။
{[ရှောင်ပိုင်]က [မင်းသားဟွားဟွား]ကို သတ်လိုက်ပြီ}
အချစ်ငှက်စုံတွဲက အသိပြန်ဝင်သွားကြလေပြီ။ သူတို့က တစ်ကမ္ဘာလုံးဆိုင်ရာ chat တွင် ရှောင်ပိုင်ကို မကျေမနပ် ပြောဆိုခြင်းဖြင့် အလုပ်များနေကြပြီး ထို chat box တွင် မဆုံးနိုင်သော ဆင်ဆာ မိနိုင်သော စကားလုံးများဖြင့် ပြည့်နေသည်။ ယဲ့ရှောင်းယန်နှင့် ယခင် သူ၏ ဘိုးဘေး ဆယ့်ရှစ်ဆက်လောက်အထိ အကုန်လုံး ဆဲဆိုခံရသည်။ တခြားသော အဖွဲ့သား ဖြစ်သည့် [ဒဏ္ဍာရီလာကော] ကမူ ဘာကိုမှ မကြားသလိုသာ နေနေသည်။ သူက တည်ငြိမ်စွာဖြင့်သာ တိုက်ပွဲထဲမှ ထွက်နေသည်။ သူက မည်သည့်ဘက်ကိုမှ ဝင်မပါသလို မည်သည့်ဘက်ကိုမှ မထောက်ပံ့ပေးချေ။ သူက တိုက်ပွဲစကတည်းက တောထဲတွင်သာ ကိုယ့်အလုပ်ကိုယ် လုပ်နေသည်။
ယဲ့ရှောင်းယန်ကလည်း ထိုစုံတွဲနှင့် စကားများကာ အချိန်ဖြုန်းမနေတော့ပေ။ သူက ဂိမ်းကိုသာ အာရုံစိုက်ထားလိုက်သည်။ တူညီသော အချိန်တွင် စာတန်းများက တစ်ကြောင်းပြီးတစ်ကြောင်း ပေါ်လာသည်။
{[ရှောင်ပိုင်] က [မင်းသားဟွားဟွား]ကို သတ်လိုက်ပြီ}
{[ရှောင်ပိုင်] က [မင်းသားဟွားဟွား]ကို သတ်လိုက်ပြီ}
ငါးမိနစ်ကြာ ထိုသို့ ဆက်တိုက် ပေါ်နေပြီးနောက် ယဲ့ရှောင်းယန်က အပေါ်လမ်းတစ်ခုလုံးကို ရှင်း၍ ပြီးသွားသည်။ ပြိုင်ဘက်အသင်းကလည်း ကိစ္စများက မချောမွေ့တော့ကြောင်း သိလိုက်ကြသည်။ သူတို့အားလုံးက ချက်ချင်းလိုလို အပေါ်လမ်းသို့ အဖွဲ့လိုက်လာသည်။ ယဲ့ရှောင်းယန်က အပေါ်လမ်းကျဉ်း၏ အခြေစိုက်မျှော်စင် အနီးနားတွင် ရှိသော တောအုပ်ထဲတွင် ပုန်းနေလိုက်ချိန်တွင် ချင်ရွေ့ကမူ သူ၏ဘေးနားတွင် ပုန်းနေပြီး သူ၏ HP ကို ဆက်တိုက် ဖြည့်ပေးနေသည်။
ကျန်တဲ့ငါးယောက်လုံးက မျက်စိရှေ့တွင် ဆက်တိုက် ဖြတ်သွားသည်။
အသစ်လေးများကမူ သူတို့ကြားမှ နေရာလွှတ်ထားသင့်ကြောင်း မသိချေ။ ထို့အပြင် သူတို့၏ စကေးကိုလည်း အနီးအနားတောအုပ်များတွင် မည်သို့ ထုတ်သုံးသင့်ကြောင်း မသိထားချေ။ ထို့ကြောင့် သူတို့၏ ချီတက်ပုံက တိုက်ရိုက်ချီတက်လာသလိုမျိုး ဖြစ်နေသည်။
ယဲ့ရှောင်းယန်၏ မျက်လုံးက ချက်ချင်းလိုလို တောက်ပသွားပြီး သူက ကီးအချို့ကို နှိပ်လိုက်သည်။
သိပ်သည်းသော ရေခဲ၊ အေးစက်စွာ ထိုးဖောက်ခြင်း၊ နှင်းမုန်တိုင်း..
ထိုသို့ဖြင့် တစ်စက္ကန့်တည်းနှင့် စကေးသုံးမျိုးကို တစ်ပြိုင်နက်တည်း ထုတ်သုံးလိုက်ပြီး သူ၏တိုက်ပွဲဝင်စွမ်းရည်ကို ထုတ်ပြလိုက်သည်။ သူက ပြိုင်ဘက်အသင်း၏ တည်နေရာကို ခန့်မှန်းခြင်းဖြင့် ရန်သူငါးယောက်လုံးကို ရေခဲရုပ်ထုများအဖြစ်သို့ ချက်ချင်း ပြောင်းလိုက်ခြင်း ဖြစ်သည်။
ယဲ့ရှောင်းယန်က အဆင့်မြင့် လက်နက်အပြည့်အဝ တပ်ဆင်ထားသော ဝတ်စုံကို ဝတ်ဆင်ထားသေးသည်။ သူက လွှမ်းမိုးနိုင်စွမ်း ပြင်းထန်စွာဖြင့် ရွှေတုံးများကို စောင့်နေလိုက်သည်။
ကွဲအက်သွားသော နှင်းမုန်တိုင်းက ပြန်လည် ငြိမ်သက်သွားပြီးနောက်တွင် အရာအားလုံးကို မြင်လိုက်ရသည်။ အေးခဲနေသော ရန်သူငါးယောက်က ကြွက်သားများပင် မလှုပ်နိုင်သေးချေ။ သူတို့ ငါးယောက် တောင့်တင်းနေကြသည်။ သူတို့ တစ်ဖွဲ့လုံးကမူ ထိုသို့ ချက်ချင်း ရှင်းလင်းပစ်ခံလိုက်ရသည်။ ထိုသို့ဖြင့် ဖန်သားပြင်တွင် စာသားအတွဲလိုက်က ပေါ်လာသည်။
{[ရှောင်ပိုင်]က [မင်းသားဟွားဟွား]ကို သတ်လိုက်ပြီ}
{[ရှောင်ပိုင်]က [လီမွန်ပူတင်း]ကို သတ်လိုက်ပြီ} Double Kill
{[ရှောင်ပိုင်]က [နှင်းသခင်မ]ကို သတ်လိုက်ပြီ} Triple Kill
{[ရှောင်ပိုင်]က [ကြွေကျသွားသောပန်းပွင့်များ]ကို သတ်လိုက်ပြီ} Quarter Kill
{[ရှောင်ပိုင်]က [လှိုင်းထနေသောရေ]ကို သတ်လိုက်ပြီ} Penta Kill
{[ရှောင်ပိုင်]က ဆက်တိုက် သတ်ဖြတ်နေပြီ}
{[ရှောင်ပိုင်]က ဂိမ်းကို လွှမ်းမိုးနေပြီ}
တစ်ဖက်စုံတွဲကမူ တိတ်ဆိတ်သွားသည်။
သောက်ကျိုးနည်း..
သူတို့က ပြိုင်ပွဲကို ဦးတည်ကာ ကစားတော့မည့် အချိန်တွင်ပင် ၆မိနစ်ပင် မကြာသေးသော ကာလအတွင်း ထိုစကားလုံးများက ဆက်တိုက် ပေါ်လာသည်။
သူတို့ နိုင်သွားပြီ။ သူတို့ နိုင်သွားတာ.. သူတို့ နိုင်သွားပြီလို့ ပြောလိုက်တာလား။ သူတို့ကမူ chat ခန်းထဲတွင် ညစ်ညမ်းသော အရာများ ပြောနေရင်းဖြင့် အချိန်ကုန်သွားလေရာ အပေါ်လမ်းကို မည်သို့ ရှင်းလိုက်ကြောင်းပင် မသိလိုက်ရချေ။
ယဲ့ရှောင်းယန်က သူ၏ ပစ္စည်းများအားလုံးကို လျင်မြန်စွာဖြင့် ရောင်းချပြီးနောက် တိုက်ခိုက်ရေးစွမ်းအား အမြင့်ဆုံး ထုတ်ပေးနိုင်သည့် ရုပ်ပိုင်းဆိုင်ရာ အပျက်စီးစေဆုံးသော လက်နက်အမျိုးအစားများကို ဝယ်လိုက်သည်။ ထို့နောက် သူ၏မီနီယမ်များကို ဦးဆောင်ကာ ရှေ့သို့ ချီတက်သွားပြီးနောက် ရန်သူ၏ အခြေစိုက်စခန်း သလင်းတုံးကို တိုက်ခိုက်တော့သည်။
ထိုသလင်းတုံးအား အော်တိုတိုက်ခိုက်သည့် စနစ်ကို နှိပ်ထားပြီးနောက် သူက စာတစ်ကြောင်း ရိုက်လိုက်သည်။
[ငါတို့ နိုင်ပြီ ပျော်လား]
ထိုစုံတွဲကမူ တိတ်ဆိတ်သွားသည်။ ပျော်လား ဟုတ်လား။ သူတို့က ဒီမှာ ကျိန်ဆဲရင်းနဲ့ အလုပ်များနေတာ သူတို့ရဲ့အသင်းဖော်က သူတို့ကို နိုင်အောင် ဆွဲခေါ်သွားတယ်တဲ့လား။ သူတို့ မပျော်ဘဲ နေမလား။
[ရှောင်ပိုင်] ငါ့က ငါ့ရဲ့အထောက်အပံ့ကို နိုင်အောင် လုပ်ပေးနိုင်တယ်။ မင်းတို့ နှစ်ယောက် ပြောစရာများ ရှိလား။
[ရှောင်ပိုင်] မင်းတို့က တစ်ကြိမ်သေသွားတယ်။ နောက်ထပ် ငါးမိနစ်လောက် ဆက်တိုက် ထိုးသတ်နေတယ်။ မင်းတို့ ဒီဂိမ်းကို ပါးစပ်နဲ့များ ကစားတာလား။
[ရှောင်ပိုင်] ဘယ်လိုပဲ ဖြစ်ဖြစ် နှုတ်ဆက်ပါတယ်။ ဘယ်တော့မှ မတွေ့ကြစို့။
သူက အလင်းလို မြန်ဆန်သော အရှိန်နှုန်းဖြင့် ရိုက်ပြီးနောက် သုံးကြိမ်ဆက်တိုက် ပြီးပြည့်စုံစွာ တိုက်ခိုက်လိုက်သည်။ ဘယ်တော့မှ မတွေ့ကြစို့ ဆိုသော စကားက ပေါ်လာပြီးသည်နှင့် ချက်ချင်းလိုလို ရန်သူ၏ အသင်းမှ သလင်းတုံးက ဘုန်းခနဲ မြည်သံနှင့်အတူ ပေါက်ကွဲသွားသည်။ ဂိမ်းက အဆုံးသတ်သွားသည်။ အနိုင်ရပြီ ဆိုသော စကားလုံးက ရွှေရောင်စာသားဖြင့် ထူးကဲစွာ အလယ်တည့်တည့်တွင် ပေါ်လာသည်။
ထိုသို့ဖြင့် ချက်ခန်းထဲသို့ ဝင်၍ မရတော့ချေ။ ထိုသို့ဖြင့်လည်း ဆက်လက်ပြီး စာရိုက်၍ မရတော့ချေ။ တစ်ဖက် စုံတွဲကမူ အနည်းငယ်လောက် ထပ်ပြီး အတွန့်တက်ချင်သေးသော်လည်း တစ်ဖက်သူထံ ရောက်အောင် မလုပ်နိုင်တော့ချေ။
ဒါက ယဲ့ရှောင်းယန်က တစ်ဖက်က သတိမထားမိခင် ကျွမ်းကျင်စွာ မျက်နှာကို ဖြတ်ရိုက်လိုက်သော နည်းလမ်း ဖြစ်သည်။
ချင်ရွေ့ကမူ ဆွံ့အသွားလေသည်။ သူက ခေါင်းကို လိမ်ပြီးနောက် သူ့ကောကောကို မယုံကြည်နိုင်သော ပုံစံမျိုးဖြင့် လှည့်ကြည့်လိုက်ကော ပြောလိုက်သည်။
“ကော.. ကော ဘယ်တုန်းက ဒီလောက်အထိ အင်အားကြီးသွားတာလဲ။ ကော ဒီဂိမ်းကို မနေ့ကအထိတောင် မကစားတတ်သေးဘူး မဟုတ်လား”
ယဲ့ရှောင်းယန်က အရည်ထူသည်။ သူက ပြန်ငြင်းလိုက်သည်။
“ငါ ကစားတာ ၂ရက်ပဲ ရှိသေးလို့ ဖြစ်မှာပါ။ ဒါပေမဲ့ ရုတ်တရက် သဘာဝအလျောက် ဂိမ်းကစားတဲ့ စွမ်းရည် ပိုင်ဆိုင်လာသလို ခံစားလိုက်ရလို့ ဒါကြောင့် ဒီတွင်းထဲကို ဆွဲထည့်ပေးတဲ့အတွက် ငါ့တိတိလေးကိုပဲ ကျေးဇူးတင်ရမယ်”
သူကမူ တခြားလောကမှ ပြည်တွင်းချန်ပီယံရှစ် ရထားသည့် ဝိညာဉ်တစ်ခုမှ ကူးပြောင်းလာသူ ဖြစ်ကြောင်း သွားပြော၍ မရချေ။ ထို့အပြင် သူ ပြောလိုက်သော ပါရမီက အကြောင်းပြချက် တစ်ခုမျှသာ ဖြစ်သည်။ ပါရမီက လျှို့ဝှက်ဆန်းကျယ်သော အရာဖြစ်သည်။ မည်သူကမှ တိုင်းတာ၍ မရချေ။ ထို့နောက် သံသယဝင်စရာလည်း မရှိချေ။ ဒီဘဝတွင် သူ အသက်၂၁နှစ်အထိ မကစားခဲ့ဖူးချေ။ သူ၏ဝမ်းကွဲက သူ့ကို စစ်နတ်ဘုရားများနှင့် မိတ်ဆက်ပေးလာသောအခါ သဘာဝအလျောက်ပင် ဂိမ်းကစားသည့် စွမ်းရည်ကို ပိုင်ဆိုင်သွားသည့်အတွက် ပရိုကစားသမားတစ်ယောက် လုပ်ရန် ဆုံးဖြတ်လိုက်ကြောင်း ပြော၍ရသည်။
သည်ပုံပြင်က နားထောင်လို့ ကောင်းတယ် မဟုတ်လား။
တစ်ယောက်ယောက်ကသာ သံသယ ဝင်သွားလျှင်ပင် မည်သည့်ဘက်က မှားနေကြောင်းကို သက်သေပြ၍ မရချေ။ ပို၍ ဆိုးသည်မှာ သိပ်မကြာခင်ကမှ သူ၏ဝမ်းကွဲကိုယ်တိုင်က သူ့ကို ဒီကစားသမားနယ်ပယ်ထဲသို့ ဆွဲထည့်ပေးခဲ့သည်မှာလည်း မှန်ကန်နေခဲ့လေသည်။
သူတို့ ယခု ကစားလိုက်သော ဂိမ်းက ငွေရောင်အဆင့်အောက် ဖြစ်နေသည်။ ထို့ကြောင့် ယဲ့ရှောင်းယန်က သည်ဂိမ်းအပေါ် ပြီးပြည့်စုံစွာ နားလည်သွားသည်ဟု သက်ပြေမပြနိုင်သေးချေ။ သူ့အနေဖြင့် လက်ကို ပို၍ ရှာဖွေရန် လိုအပ်နေသေးပြီး သူ၏ခန္ဓာကိုယ်ကိုလည်း မြင့်တင်ပေးရန် လိုသည်။ သူက ယခုထက် ပို၍ မြန်ဆန်အောင် ကြိုးစားရပေအုံးမည်။ သူက အရှိန်နှုန်းမြင့်မြင့်နှင့် အမီလိုက်နိုင်မှသာ ပရိုကစားသမားများ၏ ပြင်းထန်သော တိုက်ပွဲများထဲတွင် ဝင်ပါနိုင်ပေလိမ့်မည်။
အသက်၂၁နှစ်က ယခုမှ esport ကစားသမားတစ်ယောက် လုပ်ရန် ကြီးနေလောက်သော်လည်း ယဲ့ရှောင်းယန်ကမူ ယခင်ဘဝတွင် မရေမတွက်နိုင်သော ကစားများစွာကို ကစားခဲ့ပြီးသား ဖြစ်သည်။ ထို့ကြောင့် ပွဲကြီးများကို တိုက်ရိုက်ကစားနိုင်သည်။ သူ့အနေဖြင့်လည်း အသင်းသစ်ထဲတွင် ကျင့်သားရမည်ဟု ယုံကြည်သည်။ ထိုကြောင့် ဖိအားအောက်တွင် ရှိနေသော သူ၏စိတ်အခြေအနေဖြင့် ကယောက်ကတမ်း လုပ်မိမည့် အရေးများကို စိုးရိမ်ရန် မလိုအပ်ချေ။
သူကပင် စတင်ကာဖြင့် သူ့ကို ကင်းထောက်တစ်ယောက်က လက်မှတ်လာထိုးခိုင်းမည့် အချိန်ကိုပင် မျှော်လင့်မိသွားသေးသည်။ သူကသာ ဒီဂိမ်းအကြောင်း နားလည်နေသမျှ သူ့နာမည်ကို ထင်ကျန်ရစ်အောင် လုပ်နိုင်ပေလိမ့်မည်။