အပိုင်း (၂)
ယဲ့ရှောင်းယန်က တံခါးကို တွန်းဖွင့်လိုက်သည်။ အဖြူရောင်ကြောင်လေးတစ်ကောင်က သူ၏ကိုယ်နား ခုန်တက်လာပြီးနောက် သူ၏ဘောင်းဘီခြေထောက်နားကိုသာ ခေါင်းလေးနဲ့ တိုးဝှေ့နေတော့သည်။ သူကကြောင်များကိုချစ်သည်။ ထိုကောင်လေးက Ragdols ပုံစံမျိုးဖြစ်သည်။ သူ၏လည်ပင်းနှင့်နားတွင် အမွှေးထူလေးများဖြင့် ခပ်အိအိမာဖလာလေးတစ်ခုရှိနေသေးပြီး အညိုရောင်ရှဉ့်လေးလို အမွှေးပွလေးကို ပိုင်ဆိုင်ထားသည့် ထိုကြောင်လေးတွင် သလင်းသားလို ကြည်လင်သော အပြာရောင်မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်သေးသည်။ ထို့ကြောင့် ထိုကြောင်လေးသည် နှစ်လိုဖွယ်ကောင်းကာ ချစ်စရာကောင်းနေသည်။
ယဲ့ရှောင်းယန်က ကြောင်လေးကိုကောက်ပွေ့လိုက်ပြီးနောက် လမ်းလျှောက်ရင်း အော်ကြည့်လိုက်သည်။
“တစ်ယောက်ယောက်ရှိလား”
မည်သည့်ပြန်ဖြေသံကိုမှ မကြားရချေ။ သို့သော် သူ၏လက်မောင်းထဲတွင် ထွေးပွေးထားသော ကြောင်လေးထံမှ မြောင် ဆိုသောအသံသာ ထွက်လာသည်။ ယဲ့ရှောင်းယန်က သူ၏ခေါင်းလေးကို အသာပွတ်သတ်ပေးနေရင်း ပတ်ဝန်းကျင်ကိုလိုက်ရှာကြည့်သည်။
သူဟာ အိပ်ခန်း (၄) ခန်း၊ ဧည့်ခန်း (၂) ခန်း ပါသော နေရာတစ်ခုတွင် ရောက်နေကြောင်း သိလိုက်ရသည်။ သူကလေသာဆောင်ဘက်သို့ ထွက်လိုက်ပြီး အပြင်သို့တချက်ကြည့်လိုက်သောအခါ ထိုအိမ် community တစ်ခုလုံးက အလွန်ကောင်းကြောင်းသိလိုက်ရသည်။ သူနေသောတိုက်ခန်းက (၁၀) ထပ် သို့မဟုတ် ထိုထက်မြင့်သော အထပ်တွင် ရှိလောက်သည်။ အကြောင်းကိုက တစ်ချက်ကြည့်ရုံဖြင့်ပင် စတုရန်းမီတာ (၁၅၀) ကျော်ခန့်ကို မြင်နိုင်သောကြောင့် ဖြစ်သည်။
လက်ရှိအချိန်တွင် ကြမ်းပြင်တွင်တံမြတ်စည်းလှည်းနေသော (၁.၇) မီတာ သို့မဟုတ် ထိုထက် ပိုမြင့်နိုင်သည့် AI စက်ရုပ်က ရှိနေသည်။
ယဲ့ရှောင်းယန်၏ အကြည့်ကို အာရုံခံမိသလိုမျိုး စက်ရုပ်၏ခေါင်းက မော့လာပြီးလောက် အပြာရောင်အလင်းက လက်လာသည်။ ထိုသို့ဖြင့် သူ၏ပါးစပ်မှ ကြည်လင်ပြတ်သားသော ကလေးတစ်ယောက်လိုအသံက ထွက်လာသည်။
“သခင် ဒီနေ့က ဗုဒ္ဓဟူးနေ့ပါ။ သခင်ကြိုလုပ်ထားတဲ့ Reminder ကြောင့် ဆေးရုံကို သွားပြီး Check Up လုပ်ရမှာပါ”
ယဲ့ရှောင်းယန်က တခဏခန့် အေးခဲသွားသည်။
“ဆေးရုံကို ဟုတ်လား”
“သခင်က ဒီနေ့ (၂) နာရီခွဲမှာ အပွိုင့်မန့်ယူထားပါတယ်” စက်ရုပ်ကဆက်ပြောသည်။
“ပြည်သူ့ဆေးရုံမှာ ဖယ်ရိုမုန်းအထူးပြု ဒေါက်တာချင်ယွဲ့နဲ့ ချိန်းဆိုမှု ယူထားတာပါ။ ဒရိုင်ဘာက (၁၀) မိနစ် နေရင် သခင့်ကို အောက်ထပ်မှာ လာကြိုမှာပါ။ သခင့်အနေနဲ့ ကျေးဇူးပြုပြီး အဆင်သင့်လုပ်ဖို့ လိုအပ်နေပါပြီ”
ယဲ့ရှောင်ယန်က စက်ရုပ်၏ရင်ဘတ်မှ ဖန်သားပြင်ကို တစ်ချက်တို့ပြီး အချိန်ကို ကြည့်လိုက်သည်။
ကြယ်ပြက္ကဒိန် 2021.August20. နေ့လည် 13:50
ယခုအချိန်က သူကားတိုက်ခံရသော အချိန်နှင့်မတူ။ ပို၍အရေးကြီးသည်မှာ ထိုပြက္ခဒိန်၏ အရှေ့တွင် ကြယ်ဆိုသော အရာကြီးက ပါနေသည်။ ယဲ့ရှောင်ယန် အနေနှင့် ဂရီဂိုရီယန်ပြက္ခဒိန်နှင့် လူနာပြက္ခဒိန်ကိုသာ ရင်းနှီးသည်။ သို့သော် ပထမဦးဆုံးအကြိမ် ကြယ်ပြက္ခဒိန်ဆိုသော အရာကြီးကို မြင်ဖူးခြင်း ဖြစ်သည်။
သူ သေပြီးတဲ့နောက်မှာ အသစ်စက်စက် လောကကြီးတစ်ခုကိုများ ဖြတ်သန်း လာခဲ့မိသွားတာလား။
ယဲ့ရှောင်းယန်လည်း အတော်လေး ခြေကုန်လက်ပန်း ကျသွားသည်။
သူ၏လက်မောင်းထဲတွင် ထွေးပွေးထားသော ကြောင်လေးက သူ၏မသက်မသာဖြစ်မှုကို ခံစားမိသလိုမျိုး သူ၏လက်လေးကို ညင်သာစွာဖြင့် ပွတ်သပ်ပေးလာသည်။ ယဲ့ရှောင်းယန်က ကြောင်လေးကို ဂရုတစိုက် ထွေးပွေ့ထားပြီးနောက် ထိုလေသာဆောင်တွင်သာ အချိန်တန်ကြာယူလိုက်ပြီး ပတ်ဝန်းကျင်ကိုသာ လျှောက်ကြည့် နေလိုက်သည်။ သူ၏ပတ်ဝန်းကျင်တွင် ရင်းနှီးသော မည့်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ချေ။ တခဏလောက် တုံ့ဆိုင်းပြီးသည်နှင့် ဖိနပ်လဲသောနေရာသို့ သွားကာ လဲလိုက်သည်။
သူက ဆရာဝန်နှင့် အပွိုင့်မန့် ယူထားကတည်းက အခြားအရာများကို မတွေးခင် ဆရာဝန်ကို အရင်ဆုံးသွားပြသင့်သည်။
ထိုအချိန်တွင် သူ၏အိတ်ကပ်ထဲမှ ဖုန်းက ရုတ်တရက် မြည်လာသည်။ ယဲ့ရှောင်းယန်က ဖြေဆိုသည်ဟူသော ခလုတ်ကို နှိပ်လိုက်သောအခါ တစ်ဖက်မှ မိန်းကလေးတစ်ယောက်၏ အသံက ဝင်လာသည်။
“ဟယ်လို ယဲ့ရှောင်းယန်ပါလား ကျွန်မက ကျွန်မတို့ရဲ့ online taxi ဝန်ဆောင်မှုဌာနက လွှတ်ပေးလိုက်တဲ့ လူကြီးမင်း တောင်းဆိုထားတဲ့ ဒရိုင်ဘာပါ။ လူကြီးမင်းထွက်ခွာဖို့ အဆင်သင့်ဖြစ်ပြီလား မေးပါရစေ”
“ခဏလောက်နေပါဦး။ အာ.. ဆရာခဏလောက်နေပါဦး” ယဲ့ရှောင်းယန်က ပြောသည်။
“ကျွန်တော် အခုပဲ ထွက်လာခဲ့မယ်”
သူက ကြောင်လေးကို ကြောင်အိပ်ယာလေးပေါ် တင်ပြီးနောက် ခေါင်းလေးကို ပွတ်လိုက်သည်။
“ငါ ဆေးရုံသွားလိုက်ဦးမယ်။ ခဏနေ ပြန်လာခဲ့မယ်နော်”
ကြောင်လေးက နာခံစွာဖြင့် ထိုအိပ်ယာလေးပေါ်တွင် ကွေးလိုက်ပြီးနောက် ထွက်သွားသော သူ့ကို ကြည့်နေသည်။
အဆောက်အဦးမှထွက်ခါပြီးနောက် community အပြင်ဘက်တွင် ရပ်ထားသော ကားကို မြင်လိုက်ရသည်။ ထိုကားက သူ့ကိုစောင့်နေခြင်း ဖြစ်သည်။ ဒီဘက်တံခါးကို ဖွင့်လိုက်သောအခါ ဒရိုင်ဘာက လှည့်ကြည့်ကာ မေးလာသည်။
“အတည်ပြုတဲ့အနေနဲ့ မေးပါရစေ။ အဆုံးသတ်နံပါတ် 6676က ပိုင်ရှင်ရဲ့လူကြီးမင်းက ပြည်သူ့ဆေးရုံကို သွားဖို့ အချိန်ဇယား ယူထားတာ ဟုတ်ပါသလား”
“ဟုတ်ပါတယ်” ယဲ့ရှောင်းယန်က ဖြေရင်း နောက်ခန်းတွင် ဝင်ထိုင်လိုက်သည်။
လူစည်ကားသော မြို့ကြီးက အလွန်အမင်း ခေတ်မီလွန်းကာ လမ်းတိုင်းတွင် စီတန်းနေသော မိုးထိုးနေသည့် တိုက်ကြီးပေါင်းများစွာကို မြင်ရသည်။ ကောင်းကင်တွင်လည်း ကုန်းကျော်တံတားများ၊ ကုန်းကျော်လမ်းကြီးများစွာက ပင့်ကူအိမ်များလို ရှုပ်ရှက်ခက်စွာဖြင့် ကြီးမားခမ်းနားစွာ ရှိနေသေးပြန်သည်။ ယဲ့ရှောင်းယန်က ကား၏ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်သောအခါ ဖြတ်သွားဖြတ်လာကားများ၏ လိုင်စင်ပြားများက (*A) နှင့် စကြောင်း မြင်လိုက်ရသည်။ သူ၏မျက်ဝန်းထဲတွင် စိတ်ရှုပ်ထွေးမှုများက အတိုင်းသားပေါ်လာသည်။
သူက ဆေးရုံသို့သွားသော ခရီးတစ်ခုလုံး စိတ်ရှုပ်ထွေးမှု အပြည့်ဖြင့် ရှိနေခဲ့ပြီး နောက်ဆုံးတွင် ဖယ်ရိုမုန်းအထူးကုဟု ယူဆသော ဆရာဝန်ကို သွားတွေ့လိုက်သည်။ ထိုဆရာဝန်က ငွေရောင်ဘောင်ပါသော မျက်မှန်ကို တပ်ထားသည့် လူငယ်ဆရာဝန် ဖြစ်ပြီး သူ့ကို မြင်သောအခါ ရင်းနှီးကျွမ်းဝင်စွာ ပြုံးပြလျက် အနားသို့လာကာ
“ရှောင်းယန် လာပါ။ ဒီနေ့ မင်းရဲ့အသားအရေက အတော် အခြေအနေဆိုးနေပါလား။ ဘာဖြစ်လို့လဲ”
ယဲ့ရှောင်းယန်က ဆရာဝန်နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး ရိုးသားစွာဖြင့် မေးသည်။
“ဒေါက်တာ ကျွန်တော် ကျွန်တော့်ရဲ့ခေါင်းကို CT ရိုက်ပြီး စစ်ဆေးကြည့်လို့ ရမလား။ ကျွန်တော်ကားတိုက်မှု ဖြစ်ပြီးတဲ့နောက်မှာ ကျွန်တော့်ရဲ့ခေါင်းထဲမှာရှိတဲ့ အကြိတ်က ပိုပြီးတော့ ကြီးလာသလားလို့တောင် သံသယဝင်မိတယ်။ ကျွန်တော်အခု ထင်ယောင်ထင်မှားတွေ မြင်နေရတယ်”
ဆရာဝန်က အေးခဲသွားပြီးနောက် တခဏကြာရယ်ပြီး
“စိတ်ကူးတွေ ယဉ်မနေပါနဲ့။ ငါ ပြီးခဲ့တဲ့အပတ်ကတင် မင်းကိုစစ်ဆေးပေးထားတာ။ မင်းရဲ့ခန္ဓာကိုယ်မှာ ဘာမှမှားမနေဘူး။ မင်းက မင်းရဲ့ဘဝမှာ နဲနဲနောက်ကျပြီးမှ ကူးပြောင်းသွားခဲ့တာ မို့လို့လေ။ ပြည်ပမှာဆိုရင် အချို့လူတွေက အသက်(၂၄)နှစ် ရောက်တဲ့အထိ မကူးပြောင်း နိုင်ကြသေးဘူး။ ဒါပေမဲ့ မင်းက(၂၁)နှစ်ပဲ ရှိသေးတာ။ ဒီတော့ စိုးရိမ်စရာ မရှိသေးပါဘူး”
ယဲ့ရှောင်းယန်က ပို၍ စိတ်ရှုပ်သွားသည်။
“ကူး ကူး.. ကူးပြောင်းတယ် ဟုတ်လား”
ဆရာဝန်က စိတ်ရှည်လက်ရှည် ရှင်းပြသည်။
“ငါတို့အနေနဲ့ မင်းရဲ့ခန္ဒာကိုယ်တည်ဆောက်မှု စနစ်ထဲမှာ ရှိနေတဲ့ အဲ့ဒီဖယ်ရိုမုန်းတွေကို သေချာသတ်မှတ်ပြီး ရှင်းရှင်းလင်းလင်း မစစ်ဆေးနိုင်သေးဘူး။ ဒါပေမဲ့ မင်းရဲ့မိဘတွေက AO စုံတွဲဖြစ်တဲ့အပြင် မင်းရဲ့အဘိုးအဘွားတွေရဲ့ မျိုးရိုးဗီဇတွေထဲမှာလည်း Beta ဗီဇက မပါခဲ့ဘူးလေ။ ဒီတော့ မင်းက ဘယ်နည်းနဲ့မှ Beta မဖြစ်နိုင်ဘူး။ မင်းက သေချာပေါက် Alpha ဒါမှမဟုတ် Omega အဖြစ်ပြောင်းမယ်လို့ သေချာနေခဲ့ကြတာ။ ဒီတော့ မင်း နှစ်ခုစလုံးကို သေချာပေါက် ဖြစ်နိုင်မယ် ထင်ခဲ့တာပဲ”
ယဲ့ရှောင်းယန်က နားထောင်လေလေ ပို၍စိတ်ရှုပ်ထွေးလာလေ ဖြစ်ပြီး သူ နားလည်သော အရာကလည်း နည်းသထက်နည်းလာသည်။
သူက ဆရာဝန်ကို တချက်ကြည့်လိုက်ပြီးနောက်မေးလာသည်။
“ကျွန်တော့်ရဲ့မိဘတွေက ဘယ်မှာလဲ”
ဆရာဝန်က တခဏခန့်ကြောင်သွားပြီးနောက် ယဲ့ရှောင်းယန်၏နဖူးကို လက်ခုံဖြင့် လှမ်းစမ်းကာ ပြောသည်။
“ဖျားလည်း မဖျားပါဘူး။ ကောင်းပြီ။ ကြည့်ရတာ ငါမင်းကို နောက်ထပ် ထပ်ပြီး စစ်ရတော့မယ် ထင်တယ်”
သူက ယဲ့ရှောင်းယန်ကို စမ်းသပ်ခန်းထဲသို့ ခေါ်သွားပြီးနောက် စစ်ဆေးကရိယာများ တပ်ဆင်သည်။ ထို့နောက် ကွန်ပြူတာတွင် ပေါ်လာသည့်ရလဒ်ကို သေချာစစ်ဆေးပြီးနောက် မျက်မှောင်ကျုံ့လျက် ယူလာသည်။
“ဦးနှောက်ထဲမှာလည်း ဘာပြဿနာမှ မရှိပါဘူး။ ဒါဆိုရင်ဘာလို့ အတိတ်မေ့သလိုလို လုပ်ပြနေတာလဲ”
ယဲ့ရှောင်းယန်က သူနားလည်သော အရာများက နည်းပါးသထက် နည်းပါးလာကြောင်း ခံစားမိပြီး..
“တကယ်ကို ကျွန်တော်နားမလည်နိုင်တဲ့အရာတွေ အရမ်းများနေတယ်”
“မင်းရဲ့မိဘတွေက လွန်ခဲ့တဲ့တစ်ပတ်က ကားတိုက်မှုနဲ့ သေသွားခဲ့ကြတာ။ မင်းမိဘတွေကို ဆုံးရှုံးလိုက်ရတာက မင်းအပေါ် အရမ်းကြီးမားတဲ့ ထိုးနှက်ချက်ကြီး ဖြစ်သွားလို့ လက်မခံနိုင်တာ ဖြစ်နိုင်တယ်။ ဒါကြောင့် မင်းအနေနဲ့ အချို့ တကယ်မရှိတဲ့အရာတွေကို စိတ်နဲ့ မြင်ယောင်ပြီး ဖန်တီးနေတာ ဖြစ်လောက်တယ် မှတ်တာပဲ”
ဒေါက်တာက ယဲ့ရှောင်းယန်၏ ပခုံးကို လာပုတ်သည်။ နွေးထွေးကာ ညင်သာသော လေသံဖြင့် သူက ဆက်ပြောပြလာသည်။
“ငါက မင်းရဲ့ဝမ်းကွဲ ချင်ယွဲ့ပဲ။ ငါလည်း ဒေါ်လေးနဲ့ဦးလေးရဲ့ဈာပနအတွက် အရမ်းကို ဝမ်းနည်းပူဆွေး ရပါတယ်။ ဒါပေမဲ့ ငါတို့အနေနဲ့ ဖြစ်ခဲ့ပြီးတဲ့အရာတွေကို ပြောင်းလဲလို့ မရနိုင်ဘူး။ ဒီတော့ ဖြစ်ပြီးသွားတဲ့အရာတွေအတွက် လက်ခံဖို့ လိုအပ်တယ်။ ဖြည်းဖြည်းချင်း လက်ခံနိုင်ဖို့ ကြိုးစားကြည့်ပါ။ မင်းက ငယ်သေးတာပဲ။ အမြဲတမ်း စိတ်ဓါတ်ကျနေလို့ မရဘူးလေ”
ယဲ့ရှောင်းယန်က တိတ်ဆိတ်နေသည်။
သူ့တွင် ချင်ယွဲ့ အမည်ရှိသော ဝမ်းကွဲ မရှိသည်မှာ သေချာသလောက်ပင်။
ဒေါက်တာချင်ယွဲ့က ရေတစ်ခွက်ကမ်းပေးလာသည်။
“ဒီလိုပဲလုပ်ရအောင်။ ငါမင်းကို အကြံပေးဆွေးနွေးနိုင်ဖို့ စိတ်ပညာ အထူးကုတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်။ ဒီမှာ ခဏစောင့်”
ဆရာဝန်က ထွက်သွားသောအခါ ယဲ့ရှောင်းယန်က တဖြည်းဖြည်းချင်း အသိဝင်လာပြီး အိမ်သာသို့ သွားလိုက်ကာ မျက်နှာကို ရေအေးဖြင့် သစ်လိုက်သည်။
သူက ခေါင်းကိုမော့ပြီး မှန်တွင် ပေါ်နေသောပုံကို ကြည့်လိုက်သည့်အချိန်တွင် နေမင်းလို တောက်ပပြီး အလွန်အမင်း ချောမောလွန်းသော အသားဖြူဖျော့လွန်းသည့် ရွှေအိုရောင်ဆံပင်နှင့် ကောင်လေးတစ်ယောက်ကို မြင်လိုက်ရသည်။ ယဲ့ရှောင်းယန်က လက်မြောက်ကာ ကိုယ့်ဆံပင်ကို သပ်လိုက်သည်။ ထိုဆံပင်က ဆေးဆိုးထားသော လက္ခဏာမရှိဘဲ ပင်ကိုဆံပင်နှင့်သာ တူသည်။ ထို့ပြင် သူ၏မျက်နှာပုံပန်းသွင်ပြင်အရ သွေးနှောနှင့် တူနေသည်။
သူက မျက်နှာသစ်ပြီးနောက် တဖြည်းဖြည်းချင်း ကြိုးဆွဲရုပ်သေးရုပ်လိုမျိုး စားပွဲထံသို့ ပြန်သွားလိုက်ပြီး ခုံကိုဆွဲယူကာ နံရံကို မျက်နှာမူလျက် ဝင်ထိုင်လိုက်ကာ အတွေးနက်သွားသည်။
ဆိုတော့ သူက ကားတိုက်မှုမှာ သေသွားခဲ့ပြီး သူ့ရဲ့ဝိညာဉ်က တခြားလောကတစ်ခုကို ကူးပြောင်း သွားခဲ့တာပေါ့လေ။
လက်ရှိအနေအထားအရ ထိုဖြစ်နိုင်ချေတစ်ခုသာ ရှိတော့သည်။
ယဲ့ရှောင်းယန်က ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် အသက်ပြင်းပြင်းရှူသည်။ သူက ချောမွေ့စွာဖြင့် ဖုန်းကို ထုတ်လိုက်ပြီးနောက် Webbrowser ကို ထုတ်လိုက်ပြီးနောက် အချို့အရာများကို ရှာသည်။ ဥပမာအားဖြင့် ဒဏ္ဍာရီများ၏ဒဏ္ဍာရီ၊ GDအသင်း၊ နေရောင်ခြည်အသင်း စသည်ဖြင့်တို့ကို လိုက်ရှာသည်။ သို့သော် တစ်ခုချင်းစီတိုင်းက တူညီသော ရလဒ်တစ်ခုကိုသာ ပေးသည်။
ဘာရလဒ်ကိုမှ ရှာမတွေ့ပါ။
ဆိုတော့ ဒါကတကယ်ပဲ တခြားလောကကြီးပေါ့။
သူက ဆရာဝန်ပြောသွားသမျှ အကြောင်းအရာများကို ပြန်တွေးပြီးနောက် ကူးပြောင်းသည်ဆိုသော စကားထံရောက်သွားသည်။ ထိုစကားလုံးက သူ၏ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သတ်နေလောက်သည်။
ယဲ့ရှောင်းယန်က ကူးပြောင်းသည်ဟူသော စကားလုံးကို Search Box တွင်နှိပ်ကြည့်ပြီးနောက် ထွက်လာသောအရာများက ဆောင်းပါး သန်း (၃၀) ကျော်နေသည်။ ထိပ်ဆုံးမှ ဆောင်းပါးကောင်းကို တရားဝင် baidu မှစာမျက်နှာဖြစ်သည်။
“ကူးပြောင်းခြင်း: အရွယ်ရောက်ချိန် အတောအတွင်း ဟော်မုန်းတွေ အထွတ်အထိတ် ရောက်တဲ့အခါ ဖြစ်လာတဲ့ ဖြစ်စဉ်တစ်ခုကို ဆိုလိုတယ်။ လျှို့ဝှက်စွာ ဖြစ်တည်နေတဲ့ ဖယ်ရိုမုန်းဂလင်းတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုက အရမ်းကို တက်ကြွလာတဲ့ အခြေအနေမျိုးမှာ ဒုတိယမြောက်လိင်တွေ ဖြစ်တဲ့… အယ်လ်ဖာ၊ ဘီတာ၊ အိုမီဂါ ဆိုတဲ့သုံးမျိုးထဲက တစ်မျိုးမျိုးအဖြစ် ပြောင်းလဲနိုင်ချေရှိတယ်။
တိတိကျကျ ပြောရရင် ဆယ်ကျော်သက်တွေက အသက်(၁၆)နှစ်ကနေ (၁၈)နှစ်အတွင်းမှာ ကူးပြောင်းခြင်း ဖြစ်စဉ်အတွေ့အကြုံကို ခံစားရလိမ့်မယ်။ ဒါပေမဲ့ အချို့မှတ်တမ်းတွေအရ နောက်ကျမှ ကူးပြောင်းတဲ့ ဖြစ်စဉ်မျိုးတွေလည်းရှိတယ်”
ယဲ့ရှောင်းယန်က ဆက်ဖတ်လိုက်သည်။
သူက စကားလုံးတစ်လုံးချင်းစီတိုင်းကို နားလည်သည်။ သို့သော် ဖြစ်စဉ်တစ်ခုလုံးကို ပြုံကာ နားလည်လိုက်ရသော အချိန်တွင်မူ ဘာမှမသိတော့ပြန်ချေ။
“ဖြစ်နိုင်ချေရှိတဲ့ ဒုတိယမြောက်လိင် အမျိုးအစားတဲ့ ဟုတ်လား အဲ့ဒီအယ်လ်ဖာတွေ ဆိုတာက ဘာကိုဆိုလိုတာလဲ”
သူက သိချင်စိတ်ပြင်းပြစွာဖြင့် ဆက်စပ်နေသော အချက်အလက်များကဏ္ဍကို နှိပ်ကြည့်လိုက်ပြီးနောက် ပို၍မရင်းနှီးသော စာလုံးများ၊ စကားစုများစွာကို မြင်လိုက်ရပြန်သည်။
ဖယ်ရိုမုန်း၊ အိုမီဂါဂလင်း ပြီးတော့ Heat ကာလ၊ အမှတ်အသားပြုခြင်း…
ယဲ့ရှောင်းယန်က ဖတ်လေလေ သူ ပို၍အံ့ဩရလေလေ ဖြစ်လာရသလို ပို၍ အထိတ်တလန့် ဖြစ်လာရသည်။ သူက ထိုအကြောင်းအရာကို ဆက်ပြီးဖတ်လေလေ ပါးစပ်က အဟောင်းသားပွင့်လာပြီး ကြက်ဥတစ်လုံးပင် ဝင်၍ ရလာသည်။ အကြောင်းဟူကား ဒီတလောကလုံးက ရှုပ်ထွေးလွန်းနေသောကြောင့် ဖြစ်သည်။
ဒီလောကတွင် အမျိုးသားနှင့် အမျိုးသမီးအပြင် ဒုတိယမြောက်လိင်အမျိုးအစား အယ်လ်ဖာ၊ ဘီတာ၊ အိုမီဂါဟူ၍ ရှိသည်။ အခြားစကားဖြင့်ဆိုရသော် လူသားဖြစ်တည်မှုများအတွက် ဇီဝဗေဒဆိုင်ရာ လိင်အမျိုးအစား ခြောက်မျိုး ရှိနေခြင်း ဖြစ်သည်။ ထိုလူများတွင် အိုမီဂါနှင့်ဘီတာများက အမျိုးသားပင်ဖြစ်စေ၊ အမျိုးသမီးပင်ဖြစ်စေ ကိုယ်ဝန်ဆောင်နိုင်သည်။ အိုမီဂါများက ကိုယ်ဝန်ရပိုလွယ်သည်။ ဘီတာများကမူ မျိုးအောင်နိုင်ချေ နည်းသည်။ အယ်လ်ဖာများက သူတို့ကိုယ်တိုင် ကလေးမွေးနိုင်စွမ်း မရှိသော်လည်း အခြားသူနှင့်ပေါင်းစပ်ပြီး ကလေးမွေးထုတ် ပေးနိုင်သည်။ ပို၍ဆိုးသည်မှာ အယ်လ်ဖာနှင့် အိုမီဂါများက ထိန်းချုပ်မှု လွတ်ကင်းသွားကာ အယ်လ်ဖာများက အမှတ်အသားပြုရန် တောင်းပန်ကြသည်။
အမှတ်အသားပြုရန်.. ဟုတ်လား..
သူက တံဆိပ်တုံးတွေ နှိပ်သလိုဟု ထင်လိုက်တယ်။
A/B/O/ သိပ္ပံပိုင်းဆိုင်ရာ အကြောင်းအရာများကို ဖတ်ပြီးနောက် သူ၏သိချင်စိတ်က ကျေနပ်သွားရသည်။ ယဲ့ရှောင်းယန်က သူ၏လောကအမြင် အားလုံးက ပြောင်းပြန် ဖြစ်သွားသလို ခံစားလိုက်ရသည်။ နောက်ပြီး အမျိုးသားနဲ့အမျိုးသမီး အားလုံးက ကလေးမွေးနိုင်တယ် ဟုတ်လား။
ထို့ပြင် မျိုးပွားနိုင်ချေက အလွန်အမင်း မြင့်မားသေးပြန်သည်။
အာ.. ဒါဆိုရင် ဒီလောကက အမျိုးသားတွေက…
ယဲ့ရှောင်းယန်ကမူ ထိုလူများကို ဇာတ်ဝင်ခန်း အသုံးအဆောင် ပစ္စည်းများဖြင့် တွေ့ချင်သွားသည်။ ယဲ့ရှောင်းယန်က ထိုနေရာတွင် တစ်ယောက်ထဲ ထိုင်နေချိန်တွင် ဒေါက်တာချင်က တံခါးကို တွန်းဖွင့်လျက်ဝင်လာသည်။
“ရှောင်းယန် ဒီနေ့ စိတ်ပညာအထူးကုတွေအားလုံးက အချိန်ပြည့်နေကြတယ်။ မနက်ဖြန်မနက်မှ ပြန်လာရင် ဘယ်လိုလဲ သူက မနက်ဖြန်မနက်ပိုင်း အချိန်ရှိတယ်”
ယဲ့ရှောင်းယန်၏ လက်ချောင်းထိပ်များက တွန့်သွားသည်။ သူက ခပ်မြန်မြန် ဖုန်းကို ပြန်ချလိုက်ပြီးနောက် တင်းကျပ်စွာ ပြုံးလာသည်။
“ဝမ်းကွဲ ကျွန်တော် စိတ်ပညာအထူးကုနဲ့ပြဖို့ မလိုလောက်ဘူး ထင်တယ်။ ကျွန်တော် ဒီအတိုင်း နောက်နေတာပါ”
ပြဿနာက စိတ်ပညာအထူးကုမဟုတ်၊ နဂိုပိုင်ရှင်၏ကိုယ်ထဲသို့ အသစ်စက်စက် ဝိညာဉ်တစ်ခုက ကူးပြောင်းလာသောကြောင့် ဘာကိုမှ မမှတ်မိပဲ ဘာကိုမှ မသိခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏မိဘများ၏ ဆုံးသွားသောအချက်ကိုပင် မသိခဲ့ချေ။
ချင်ယွဲ့က သူ့ကိုစိုးရိမ်မှုဖြင့် ဆက်ကြည့်လာသည်။
“မင်း တကယ် အဆင်ပြေရဲ့လား”
“အွန်း”
“ဒါဆိုရင် မင်းအနာဂတ်အတွက် ဘာစီစဉ်ထားလဲ”
ယဲ့ရှောင်းယန်က အေးခဲသွားသည်။
“အနာဂတ်အတွက် ဟုတ်လား”
“ဦးလေးနဲ့ဒေါ်လေးက မရှိကြတော့ဘူးလေ”
ချင်ယွဲ့ကပြောသည်။
“မင်းကို ဂရုစိုက်မဲ့သူ ဘယ်သူမှ မရှိတော့ဘူး။ ငါ မှတ်မိသလောက် ပြောရမယ်ဆိုရင် မင်းက သုံးနှစ်လုံးလုံး မုန့်ဖုတ်သင်တန်းကို တက်နေတာ။ မင်း ဘာလို့ ကိတ်မုန့်ဆိုင် မဖွင့်တာလဲ ပိုက်ဆံလိုရင် ငါ ချေးပေးနိုင်ပါတယ်”
ယဲ့ရှောင်းယန်က အခုမိဘမဲ့ဖြစ်သွားသည်။ သူ့အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့ရန် ကြိုးစားဖို့ လိုအပ်လာလေပြီ။
ဒါပေမဲ့ ကိတ်မုန့်ဆိုင်ဖွင့်တယ် ဟုတ်လား။
သူက အချိုတွေကို လုံးဝမှ လုံးဝကို စိတ်မဝင်စားပါဘူး။ သူက အနည်းငယ် ချောင်းဟန့် လိုက်ပြီးနောက် ပြောလိုက်သည်။
“ကျွန်တော် အိမ်ပြန်ရောက်မှ သေချာ တွေးကြည့်လိုက်ပါ့မယ်။ ကျေးဇူးတင်ပါတယ် ဝမ်းကွဲ”
ချင်ယွဲ့က ခေါင်းညိတ်သည်။
“ကောင်းပြီ မှတ်ထားဦး။ မင်း တစ်ခုခု လိုအပ်တာနဲ့ အချိန်မရွေး ငါ့ဆီလာနိုင်တယ်”
ယဲ့ရှောင်းယန်က မတ်တပ်ထရပ် လိုက်သည်။ သူနှင့်ချင်ယွဲ့က နှုတ်ဆက်စကား ပြောပြီးသည်နှင့် ချင်ယွဲ့က သူ့ကိုအိမ်ပြန်ပို့ရန် ကားစီစဉ်ပေးသည်။
အပြန်လမ်းတွင် ယဲ့ရှောင်းယန်၏စိတ်ထဲတွင် အမျိုးမျိုးသော အတွေးများ ပြည့်နေသည်။ သူ၏မူလလောကမှ သူက ကားတိုက်မှုကြောင့် သေဆုံးသွားလေပြီ။ သူ၏မိတ်ဆွေနှင့် မိသားစုများ အားလုံးကလည်း ဒီဝမ်းနည်းဖွယ် သတင်းကြောင့် အကြီးအကျယ် ခံစားနေရလောက်သည်။
သူ၏မိဘများ၊ အဖွဲ့သားများ၊ နည်းပြများအတွက် စိတ်မကောင်းဖြစ်မိသည်။
အခုအခါ သူက ဒီလောကသစ်တွင် တစ်ယောက်တည်းဖြစ်သည်။
သူ ဘာဆက်လုပ်ရမှာလဲ။
ယဲ့ရှောင်းယန်က လက်ဗွေရာဖြင့် တံခါးလော့ခ်ကို ဖွင့်ပြီးနောက် အိမ်ထဲသို့ဝင်သည်။ သူက အတွင်းသို့ ဝင်လိုက်သည်နှင့် ‘မြောင်’ သံကို ကြားလိုက်ရသည်။ သူက ကြောင်အိပ်ရာထံ အပြေးသွားပြီးနောက် ထိုအမွှေးပွနှင့် ကြောင်လေးကို ထွေးပွေ့လိုက်သည်။
“ဗိုက်ဆာလို့လား”
ယခင်က GD အသင်းတွင်လည်း ကြောင်တစ်ကောင်မွေးဖူးသည်။ ယဲ့ရှောင်းယန်က ကြောင်များနှင့် ဆက်ဆံရေး အလွန်ကောင်းသည်။ ထိုသို့ဖြင့် သူက ထိုကြောင်လေး စားရန် ပန်းကန်လုံးနှင့် အလျင်အမြန် ဖြည့်ပေးလိုက်သည်။
ကြောင်ဖြူလေးက ငုံ့ကာ စားသောက်နေချိန်တွင် ယဲ့ရှောင်းယန်က ခေါင်းလေးကို လှမ်းပွတ်လိုက်သည်။
“အခုကစပြီး ငါတို့နှစ်ယောက် အတူနေရတော့မယ်။ မစိုးရိမ်ပါနဲ့။ မင်းကို ကောင်းကောင်း ဂရုစိုက်မှာပါ”
ကြောင်လေးက သူ၏အစားအစာကိုသာ ဂရုစိုက်ပြီး ပြန်မဖြေချေ။
ယဲ့ရှောင်းယန်က သူ၏လည်ပတ်နားတွင် ရှိသော နာမည်ပြားမှတဆင့် သူ၏နာမည် ရှောင်ပိုင် ဖြစ်ကြောင်း သိလိုက်သည်။
ယဲ့ရှောင်းယန်က သိချင်စွာဖြင့်မေးသည်။
“မင်းတို့ရဲ့ကြောင်တွေကလည်း အယ်လ်ဖာကြောင်နဲ့ အိုမီဂါကြောင်တွေဆိုပြီး ကူးပြောင်းတာပဲလား ဒီလိုဆိုရင် ကြောင်အထီးတွေကလည်း ကြောင်ပေါက်လေးတွေ မွေးနိုင်လား”
ထိုကြောင်က ပြန်ဖြေသည်။
“မြောင် မြောင် မြောင်”
ယဲ့ရှောင်းယန်က ရှောင်ပိုင်၏ခေါင်းကို ပွတ်လိုက်သည်။ သူက ကြောင်နှင့် စကားပြောနေသည်မှာ အရူးဟုပင် ခံစားလိုက်ရသည်။
ထို့နောက် သူက နောက်ပြန်လှည့်လိုက်ပြီးနောက် ဆိုဖာပေါ်သို့ သွားလိုက်သည်။ ထိုနေရာတွင် ထိုင်ပြီးနောက် အနာဂတ် အစီအစဉ်ကို တွေးတောနေတော့သည်။
စီးပွားရေး စလုပ်ရမယ် မေ့လိုက်တော့။ သူ့ရဲ့စီးပွားရေး မြင်နိုင်စွမ်းအားနဲ့ ဆိုရင် လဝက်တောင် မကြာဘူး။ အရှုံးပေါ်မှာ သေချာတယ်။ ဒါဆိုရင် ကိုယ့်ကိုယ်ကို ဘယ်လို ထောက်ပံ့ရမလဲ။
သူ၏ယခင်ဘဝတွင် သူက ယဉ်ကျေးမှုဘာသာရပ်များတွင်ပင် တော်သော ကျောင်းသားတစ်ယောက် မဟုတ်ခဲ့ချေ။ သို့သော် သူ၏အလွန် ပြောင်မြောက်သော စွမ်းရည်က ဗီဒီယိုဂိမ်းများ ကစားခြင်း ဖြစ်သည်။ သူက အသက်တစ်ဆယ့် ခြောက်နှစ်ကတည်းက လူငယ်လေ့ကျင့်ရေးစခန်းသို့ဝင်ခဲ့ပြီး ထိုနှစ်တွင်ပင် ပထမဆုရခဲ့သည်။ အသက်တစ်ဆယ့်ခုနစ်နှစ်တွင် သူက GDအသင်းတွင် လက်မှတ်ဝင်ထိုးခဲ့ပြီး လက်ရှိ တစ်တိုင်းပြည်လုံးမှာ ထိပ်ဆုံးအသင်းထဲမှ တစ်စုံတစ်ယောက် ဖြစ်လာခဲ့ကာ ထိုနှစ်တွင်ပင် အကောင်းဆုံးလူသစ်ဆုကို ရခဲ့သည်။ သို့ရာတွင် သူက GDအသင်းထဲသို့ ဝင်ပြီးနောက် ကြီးမားသော အပြောင်းအလဲကြီးများ တစ်ခုပြီး တစ်ခုဖြစ်ခဲ့ကာ အသင်းသားဟောင်းများက တစ်ယောက်ပြီးတစ်ယောက် အနားယူသွားခဲ့ပြီး အသင်းက လူသစ်များနှင့် ပြည့်နေသည်။ နှစ်အနည်းငယ်ကြာအောင် ဆက်တိုက် ကစားပြီးနောက် ယဲ့ရှောင်းယန်အနေဖြင့် သူ၏အဖွဲ့ကို ချန်ပီယန်ရှစ်ပွဲစဉ်များအား ပြည်တွင်းချန်ပီယန်ရှစ် ပွဲစဉ်များတွင် အနိုင်ယူကာ ဦးဆောင်နိုင်ခဲ့သည်။ သို့သော် ကမ္ဘာအဆင့်ချန်ပီယန်ရှစ်ပွဲစဉ်များတွင် မနိုင်ခဲ့ဖူးချေ။ ထို့အတွက်ကြောင့်လည်း E-Sport ပရိတ်သတ်များက သူ့ကိုရှုံ့ချကြခြင်း ဖြစ်သည်။ ဒါက ယဲ့ရှောင်းယန်၏ အကြီးမားဆုံး နောင်တဖြစ်သည်။
သူ E-Sport ဘက်ကိုပဲ ဆက်ပြီးကစားသင့်တာ။ သူ၏ကွန်ပြူတာတွင် ပေါ်လာဖူးသော စစ်နတ်ဘုရားများကလည်း MOBA ကိုအခြေခံထားသည့် ငါးယောက်ချင်း ကစားရသော မျှော်စင်ဂိမ်း ဖြစ်နေသေးသည်။ ယဲ့ရှောင်းယန်က နှစ်ပေါင်းများစွာ ကြာအောင် ထိုကဲ့သို့ဂိမ်းမျိုးကို ကစားလာသော လူတစ်ယောက် ဖြစ်နေသေးသည်။ သူ၏အုတ်မြစ်ကခိုင်ပြီး အတွေ့အကြုံကလည်း ရှိပြီးသားဖြစ်သည့်အတွက် အလွယ်တကူ ကိုင်တွယ်၍ရသည်။
မည်သို့ပင်ဆိုစေ သူကအမြဲတစေ ‘မသေမချင်း ဘယ်တော့မှလက်မလျှော့ဘူး’ ဆိုသော ဆောင်ပုဒ်အတိုင်း နေထိုင်သူလည်း ဖြစ်နေခဲ့သည်။
သူက ယခင်ဘဝတွင် ကမ္ဘာအဆင့်ချန်ပီယံရှစ်များကို မနိုင်ခဲ့ဘူးဟုဆိုသော်လည်း ဒီဘဝတွင်မနိုင်ဟု မဆိုလိုနိုင်ချေ။
ယဲ့ရှောင်းယန်က စိတ်ဆုံးဖြတ်လိုက်ပြီး ချက်ချင်းလိုလို ဗိုက်ပြည့်သွားသော ကြောင်လေးကို ချီလိုက်ကာ စာဖတ်ခန်းထဲသို့ ခေါ်သွားသည်။
ဝမ်းကွဲဒေါက်တာက မှန်ကန်သော အချက်တစ်ချက် ရှိသည်။ မည်သူကမှ ဖြစ်ပျက်ပြီးသော အခြေအနေများကို မပြောင်းလဲနိုင်ချေ။ ထို့ကြောင့် ယဲ့ရှောင်းယန်က အမှန်တရားကိုလက်ခံရတော့ပေမည်။
ဘုရားသခင်က သူ့ကို တဖန်ပြန်ရှင်ရန် အခွင့်အရေး ပေးခဲ့ကတည်းက သူ့အနေနဲ့ ဒါကို အခွင့်အရေး ယူသင့်သည်။