အရင်ဘဝက သစ္စာဖောက် စစ်သူကြီး၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ
အခန်း ၂၀
ညကနက်နေပြီဖြစ်သည်။ အေးမြသောလေနုအေးသည် နေ့၏ မွန်းကြပ်သောအပူကို လျော့ပါးစေပြီး အေးမြမှုအနည်းငယ်ကို မွေးဖွားပေးခဲ့သည်။
ရွှင်ထိုင်အိမ်တော်အတွင်းတွင် ယွမ်ချုံရှန်းသည် ရုံးအရေးကိစ္စဆွေးနွေးရန် တစ်စုံတစ်ယောက်စောင့်နေပြီဖြစ်သော ဧည့်ခန်းမအတွင်းသို့ ခြေလှမ်းကျဲကျဲ လျှောက်ဝင်လာခဲ့သည်။
“လူကြီးမင်း၊ ဒီအရာရှိကို ဒီကိုလာဖို့ ဘာလို့ အမြန်ဆင့်ခေါ်ရတာပါလဲ?”
သူ့ကို စကားပြောနေသူမှာ မြို့တော်မှခေါ်လာခဲ့သော ယွမ်ချုံရှန်း၏ ယုံကြည်ရသော ညာလက်ရုံး၊ ရွှင်ထိုင်အိမ်တော်၏အကြံပေးချောင် ဖြစ်သည်။
ညအချိန်ဖြစ်ပြီး အပူချိန်တော်တော်ကျဆင်းသွားသော်လည်း တစ်လမ်းလုံး အလျင်စလို လာရသည့်အတွက် သူ့တစ်ကိုယ်လုံးတွင် ချွေးများထွက်နေသည်။ သူ့အင်္ကျီလက်ကို ဆွဲကာ ချွေးသုတ်လိုက်သည်။ ယွမ်ချုံရှန်း မျက်နှာမကောင်းသည်ကို မြင်တော့ အကြံပေးချောင်သည် တော်တော်လေး သတိထားပြီး လေးနက်သည်ကို ခံစားလိုက်ရသည်။
ယွမ်ချုံရှန်း၏ မျက်နှာသည် ဖြူဖျော့နေသည်။ စားပွဲပေါ်သို့ တစ်စုံတစ်ခုကို ပစ်ချလိုက်တော့ ထိုအရာသည် ငွေစာရင်းစာအုပ်ဖြစ်နေသည်။
အကြံပေးချောင်သည် အလျင်စလို ရှေ့သို့တိုးလာကာ ကောက်ယူပြီး စာမျက်နှာအနည်းငယ် လှန်ကြည့်လိုက်သည်။ မျက်မှောင်ကျုံ့ရင်း ယွမ်ချုံရှန်းကို သတိကြီးစွာ ကြည့်လိုက်ပြီး-
“လူကြီးမင်း၊ ဒါက…”
ယွမ်ချုံရှန်းသည် သူ့လက်ချောင်းကို ဆန့်ထုတ်လိုက်ပြီး စားပွဲပေါ်သို့ လေးလံစွာ ညွှန်ပြပြီး “ဒါက မင်းရဲ့အထက်လူကြီးကို ကွမ်အန်းဘုရင်ပေးခဲ့တဲ့ ငါ့ရဲ့ ငွေစာရင်းစာအုပ်ပဲ”
“ဒါ…ဒါက လယ်ကွင်းရဲ့ ငွေစာရင်းစာအုပ်မလား?” အကြံပေးချောင်သည် ထိတ်လန့်သွားပြီး စာမျက်နှာအနည်းငယ်ကို ဂရုတစိုက် လှန်မကြည့်ဘဲ မနေနိုင်ခဲ့ပါ။ အရမ်းအသေးစိတ်ကျလွန်း၍ ပိုလို့ပင် အံ့ဩသွားပြီး “ကွမ်အန်းဘုရင်က ဒီငွေစာရင်းစာအုပ်ကို ဘယ်ကနေယူလာခဲ့တာလဲ… … ပြီးတော့ ဒီလိုအသေးစိတ်ပါ?”
ယွမ်ချုံရှန်းက လှောင်ရယ်လိုက်ပြီး သူ့မျက်လုံးများကို အနည်းငယ် မှေးကျဉ်းကာ “နောက်ဆုံးတော့ သူ့ကို လျှော့တွက်မိတာ ငါပဲ။ အေးခဲနန်းဆောင်ရဲ့ ရွံရှာစရာကောင်းတဲ့ အမျိုးသမီးဖျော်ဖြေရေးသမားရဲ့သားက ဒီလို အရည်အချင်းရှိနေမယ်လို့ ငါတစ်ခါမှ မတွေးမိခဲ့ဘူး။ အခု လင်နန်မှာနေခဲ့တဲ့ သူ့ရဲ့၇နှစ်တာက အချည်းနှီးဖြစ်ပုံမပေါ်ဘူးပဲ”
အရာရှိရာထူးတွင် ဆယ်နှစ်ကျော်ကြာ အတက်အကျများကို ဖြတ်သန်းလာပြီးနောက် ယွမ်ချုံရှန်း အများဆုံး နားလည်သဘောပေါက်ခဲ့သည့် နိယာမတစ်ခုမှာ ရှေးခေတ်ကတည်းကပင် ငွေစာရင်းစာအုပ်သည် ပိုရှုပ်ထွေးလေလေ ပိုကောင်းလေဖြစ်သည်။ ဘယ်သူမှ နားမလည်နိုင်လျှင် ပို၍ပင် ကောင်းသည်။ ယခုမူ ကွမ်အန်းဘုရင်သည် လင်နန်၏ လယ်ကွင်းငွေစာရင်းအားလုံးကို ဆုပ်ကိုင်ထားပြီး၊ ဆိုလိုသည်မှာ ရွှင်ထိုင်အိမ်တော်၏ ကိစ္စများကို ကိုင်တွယ်ပုံမှာ ကျွမ်းကျင်သွက်လက်မနေပါ။
အကြံပေးချောင်သည်လည်း လျင်သည်။ သူ့မျက်ခုံးများက တုန်ရင်နေပြီး “ကွမ်အန်းဘုရင်က ကျွန်တော်တို့ကို အနိုင်ယူဖို့ ဒီငွေစာရင်းစာအုပ်ကို ယူခဲ့တာများလား?”
သူကိုယ်တိုင်လည်း အလားတူတွေးနေသည်ကို မြင်တော့ ယွမ်ချုံရှန်း၏ စိတ်ထဲတွင် နည်းနည်း ပိုနိုးကြားလာသည်။ ဒီညကိစ္စရပ်များကို အကြိမ်ပေါင်းများစွာ တွေးပြီးသည့်နောက်မှာ သူ ဘယ်လို ဖြေရှင်းရမှန်းမသိသေးပါ။
“အဓိပ္ပာယ်က အနိုင်ယူဖို့ ဟုတ်မဟုတ်ဆိုတာ ပန်ကွမ်းမသိဘူး။ ဒါပေမဲ့ ကွမ်အန်းဘုရင်က ဒီအကြောင်းကို အရင်က ဘာမှမပြောခဲ့ဘူး… သူက ပန်ကွမ်းကို သူ့ကို အကူအညီပေးဖို့ပဲ ပြောခဲ့တာ”
(ပန်ကွမ်း = အရာရှိများက မိမိကိုယ်ကို ရည်ညွှန်းသော အခေါ်အဝေါ်)
“ဘာအကူအညီလဲ?”
ယွမ်ချုံရှန်းသည် သူ့နှုတ်ခမ်းများကို အနည်းငယ် စေ့ပိတ်ထားသည်။ သူ့မျက်လုံးများက ပြူးကျယ်လာပြီး ဖြေးညှင်းစွာ ပြောသည်- “ရွှင်ထိုင်အိမ်တော်ကို လယ်ကွင်းက ၀င်ငွေအားလုံးကို စီမံခွင့်ပြုတာ၊ ကွမ်အန်းဘုရင်အိမ်တော်က လူတွေက ဒီလယ်ကွင်းက ငွေကို မထိဘူး”
အကြံပေးချောင်သည် ခဏတာ နားမလည်နိုင်ဖြစ်သွားသည်- “ဘာ? သူတို့က အင်ပါယာ တရားရုံးတော်ကို လက်ဆောင်ပဏ္ဏာ မဆက်သတာ ဖြစ်နိုင်လို့လား?”
ယွမ်ချုံရှန်းက ကဲ့ရဲ့လှောင်ပြောင်ရင်း “အကြံပေးချောင်က အခု ရှုပ်သွားတယ်ထင်တယ်။ သူတို့က အင်ပါယာတရားရုံးတော်ကို ဘာလက်ဆောင်ပဏ္ဏာမှ မဆက်သတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?”
သူက ငွေစာရင်းစာအုပ်ကို ခေါက်လိုက်သည်- “ဒီကောင်ပြောချင်တာက နောင်မှာ လယ်ကွင်းက ရတဲ့ ၀င်ငွေအားလုံးကို ရွှင်ထိုင်အိမ်တော်က စီမံခန့်ခွဲပြီး နှစ်စဉ် လက်ဆောင်ပဏ္ဏာ ငွေဒင်္ဂါးတွေကို.. အင်း… ထုံးစံအတိုင်း ငါတို့က ပေးဆောင်ရမယ်”
“ဒီကွမ်အန်းဘုရင်က ရူးများနေလား?” ဒီကိစ္စသည် ရွှင်ထိုင်အိမ်တော်အတွက် အန္တရာယ်ထက် အကျိုးကျေးဇူးရှိပုံပေါ်သော်လည်း အထူးအဆန်းတစ်ခုခုရှိနေလျှင် သေချာပေါက် နတ်ဆိုးတစ်ကောင်ရှိရမည်။ တစ်စုံတစ်ယောက်သည် သူ့အကျိုးစီးပွားအတွက်မဟုတ်ဘဲ ဘယ်လိုလုပ် သူတို့လက်ကို ချိုးနိုင်မှာလဲ?
ထုံးစံအရ လက်အောက်ခံပြည်နယ်များ၏ လယ်ကွင်းများမှ ရရှိသော အခွန်နှင့် ငွေဒင်္ဂါးများကို နိုင်ငံတစ်ဝှမ်းရှိ ဒေသခံရွှင်ထိုင်အစိုးရမှ စုဆောင်းပြီး စီမံခန့်ခွဲကာ ငွေဒင်္ဂါး ဝင်ငွေကို နယ်မြေဘုရင်များနှင့် ခွဲဝေသည်။ ဒေသခံရွှင်ထိုင်အစိုးရမှ ပိုင်ဆိုင်သော ငွေဒင်္ဂါးများကို စစ်သည်များနှင့် မြင်းများကို ထောက်ပံ့ရန် အသုံးပြုကြပြီး နယ်မြေဘုရင်များ ပိုင်ဆိုင်သည့် အပိုင်းကို မြို့တော်အတွက် နှစ်စဉ် လက်ဆောင်ပဏ္ဏာအဖြစ် အသုံးပြုခဲ့သည်။ ကျန်သည်များမှာ ဘုရင့်အိမ်တော်၏ အိတ်ကပ်ထဲသို့ အလိုလို ကျရောက်သွားသည်။ ထို့ကြောင့် ဤနှစ်စဉ်ဝင်ငွေခွဲဝေမှုသည် လေးနက်သောအခြေခံသဘောတရားဟု ယူဆနိုင်သည်။
သူ ဒီကိုစရောက်စဉ်က ပထမဆုံးအာရုံစိုက်ရမည့်အရာမှာ ဒီလယ်ကွင်းမှရငွေ ဖြစ်သည်။ ယခင် ရွှင်ထိုင်က သူရဲဘောကြောင်ပြီး အရည်အချင်းမရှိတာလား သို့မဟုတ် အခြားအကြောင်းပြချက်ကြောင့်လားတော့ မသိပါ။ သို့သော် စစ်သည်များနှင့် မြင်းများကို ထောက်ပံ့ရန် လယ်ကွင်းမှရငွေကို သိမ်းဆည်းထားသည်ကလွဲ၍ ကျန်ငွေများကို ကွမ်အန်းဘုရင်အိမ်တော်သို့ ထင်မှတ်မထားစွာ ပေးခဲ့သည်။ သူက ဘယ်လိုလုပ် ဒီလိုမျိုး ဆက်ခွဲဝေပြီး စိတ်ဒုက္ခခံနေနိုင်မှာလဲ? ထို့ကြောင့် သူသည် အလိုလို ရဲဝံ့စွာ ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် လယ်ကွင်းမှရငွေကို ပြုပြင်ပြောင်းလဲ လုပ်ဆောင်ခဲ့ပြီး ရွှင်ထိုင်အိမ်တော်၏ အမည်နာမအောက်တွင် ဝင်ငွေ၏ ပမာဏများစွာ ထည့်သွင်းထားသည်။
မမျှော်လင့်ဘဲ ဒီကွမ်အန်းဘုရင်သည် အံ့သြစရာကောင်းလောက်အောင် ရက်ရောပြီး ကျန်ငွေဒင်္ဂါးများကို ရွှင်ထိုင်အိမ်တော်သို့ ရိုးရိုးရှင်းရှင်း ပေးခဲ့သော်လည်း ၎င်းကို လက်ခံရရှိသောအခါ သူ ဘယ်လိုလုပ် စိတ်သက်သက်သာသာနေနိုင်မှာလဲ?
ထိုလူ၏ တိတ်ဆိတ်သော အပြုံးကို သူ မှတ်မိနေသေးသည်။ ထူးထူးခြားခြား လှပလွန်းလှသည်- “ဒီငွေစာရင်းစာအုပ်က ပန်ဝမ်ကို ခေါင်းကိုက်စေတယ်။ နှစ်စဉ်နှစ်တိုင်း လက်ဆောင်ပဏ္ဏာတွေကို စီမံခန့်ခွဲတဲ့အခါ အဆီလွှာနှစ်လွှာကို ဖယ်ရှားရတော့မယ်… ရွှင်ထိုင်လူကြီးမင်း၊ ဒီကိစ္စနဲ့ပတ်သက်တဲ့ အရာအားလုံးကို အခုပဲ မင်းကို အပ်လိုက်မယ်။ လူကြီးမင်းက ဒီအကူအညီတောင်းတာကို လက်ခံပြီး ပန်ဝမ်ကို ကူညီပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်”
ပထမတော့ ဒီကွမ်အန်းဘုရင်က အကြိမ်ပေါင်းများစွာ နှက်ခံနေရတယ်လို့သာ သူတွေးမိသည်။ အထူးသဖြင့် ရွှင်ထိုင်အိမ်တော်သို့ အကြံအစည်ဖြင့် လာသည်ဟု တွေးမိသည်။
ထို့ကြောင့် သူသည် လှေကို ရေစီးကြောင်းအတိုင်း လှေစီးလာစဉ် အနီးပတ်ဝန်းကျင်က ကလေးတစ်စုနှင့် တိုက်မိသည့်အကြောင်းကို ပေါ့ပေါ့ပါးပါး ပြောမိလိုက်သည်။ ထို့နောက် ဒီကလေးများသည် အမှန်တကယ် ကွမ်အန်းဘုရင်အိမ်တော်မှလူများဖြစ်သည်ကို သိလိုက်ရတော့ “ထိတ်လန့်တကြားဖြစ်ပြီး ဖြူဖျော့သွားသည်”။ ထို့နောက် သူသည် “ကြီးစွာသော ဒေါသ”ကိုပင် ထုတ်ဖော်ပြီး ဟော်ကျန်ကို အနည်းငယ် ဆဲဆိုကြိမ်းမောင်းကာ ရှက်ကိုးရှက်ကန်းမျက်နှာဖြင့် လီယွမ်မင်အား အကြိမ်ကြိမ်တောင်းပန်ခဲ့သည်။ သူ့ရင်ဘတ်ကို ပုတ်ပြီး ကလေးများကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ သေချာကြောင်း ကတိပြုလိုက်သည်။
ကွမ်အန်းဘုရင်ကို ရွှင်ထိုင်အိမ်တော်မှ လိုက်ပို့ပြီးသောအခါ သူ၏ ထွေနေသောခံစားချက်သည်လည်း အနည်းငယ် အမူးပြေလာသည်။ မှားတယ်လို့ထင်ရသော အရာများကို စေ့စေ့တွေးရန် ကြိုးစားခဲ့သည်။
အကယ်၍ အခြားသော လက်အောက်ခံပြည်နယ်ဘုရင်များသာ ဖြစ်ခဲ့မည်ဆိုလျှင် သူသည် ဤမျှ သံသယဖြစ်စရာ မလိုပေ။ သို့သော်လည်း ဒီလူသည် မျက်နှာသာမပေးခံရသော လင်နန်၏ လက်အောက်ခံပြည်နယ်ဘုရင်ဖြစ်သည်။ အခြားသော လက်အောက်ခံပြည်နယ်ဘုရင်များသည် သူတို့၏ နှစ်စဉ်လစာကို စည်းကြပ်ခြင်းမှ ကင်းလွတ်ခွင့်ရကြသည်။ ဆိုးရွားသောနှစ်နှင့် တွေ့ကြုံပါက ဧကရာဇ်မင်းမြတ်သည် သူတို့၏ အပြန်အလှန် ချစ်ခင်မှုကို တွေးဆကာ လက်အောက်ခံပြည်နယ်ဘုရင်များ၏ အိမ်တော်အသုံးစရိတ်များကို ဖြည့်စွက်ရန် ငွေဒင်္ဂါးအချို့ကို ဖယ်ထားမည်ဖြစ်သည်။ သို့သော် ကွမ်အန်းဘုရင်တွင် ထိုကဲ့သို့သော အရေးပေးခံရမှုမျိုး မရှိသည်မှာ ထင်ရှားပါသည်။ သူသည် အပိုငွေဒင်္ဂါးမပြောနှင့် နှစ်စဉ်လစာ အနည်းဆုံး သုံးသောင်းနှစ်ရာကိုပင် လက်ဆောင်ပဏ္ဏာအဖြစ် ပေးဆောင်ရသည်။
ဒီကြီးမားသော ၀င်ငွေကို ပေးပစ်လိုက်သော် ကွမ်အန်းဘုရင်အိမ်တော်သည် ကြီးမားသည့်အတွက် နေထိုင်စရိတ်က ဘယ်အပေါ်မှာ မူတည်နေမှာလဲ?
ဒါကို စဉ်းစားရင်း ယွမ်ချုံရှန်း၏ နောက်ဆုံး ထွေနေသောခံစားချက် အနည်းငယ်ကိုပင် ဆုံးရှုံးသွားသည်။ သူ့ကျောပြင်တွင် အေးစက်သော ချွေးများ ထွက်လာသည်။ ငွေစာရင်းစာအုပ်ကို ပိုကြည့်လေ၊ ပျာယာခတ်လေ ဖြစ်လာသည်။ အကြံပေးချောင်ကိုလာပြီး ဆွေးနွေးခိုင်းဖို့ တစ်ယောက်ယောက်ကို ချက်ချင်း စေလွှတ်လိုက်သည်။
အကြံပေးချောင်လည်း တစ်ခုခုမှားယွင်းနေပြီဆိုတာ သဘောပေါက်သွားသည်။ သူသည် အချိန်အတော်ကြာ စဉ်းစားနေသော်လည်း အကြောင်းပြချက်ကို ရှာမတွေ့ပေ။ သူတို့သည် လင်နန်သို့ ရောက်နေသည်မှာ အချိန်တိုလေးမျှသာရှိသော်လည်း ဒီအတောအတွင်းတွင် မသင်္ကာဖွယ်ရာရှိသည်ကို သတိမထားမိကြသည်ကို တွေးမိသည်။
သူသည် ချက်ချင်း ဦးညွှတ်လိုက်ပြီး “လူကြီးမင်း၊ မနက်ဖြန် ဒီကိစ္စကို စုံစမ်းဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်”
ယွမ်ချုံရှန်းက ခေါင်းညိတ်သည် “ကောင်းပြီ၊ မြန်လေ ကောင်းလေ”
ညနက်နေပြီဖြစ်၍ မနက်ဖြန်တွင် အရာရှိတာဝန်များကို ထမ်းဆောင်ရတော့မည်ဖြစ်သဖြင့် အကြံပေးချောင် ထပ်မနေနိုင်တော့ပေ။ သူသည် ယွမ်ချုံရှန်းကို ချက်ချင်း နှုတ်ဆက်စကားဆိုလိုက်သည်။ ယွမ်ချုံရှန်းတစ်ယောက်တည်း သူ့စာဖတ်ခန်းတွင် အချိန်အတော်ကြာ တွေးနေခဲ့ပေမယ့် အကြောင်းပြချက်ကို မတွေးနိုင်သောကြောင့် တစ်စုံတစ်ယောက်ကို မီးပြရန် ခေါ်ပြီး အတွင်းဝင်းထဲသို့ လျှောက်သွားလိုက်သည်။
ခြံဝင်းအတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် သူ့ရှေ့တွင် ပန်းသီချင်းကို ညည်းလျက် ယိုင်ထိုးနေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ့ဘေးမှကောင်လေးက သူ့ကိုတွဲပေးဖို့ ကြိုးစားနေသည်။ သူ့နောက်က လှုပ်ရှားမှု ကိုကြားတော့ ထိုကောင်လေးသည် သူ့ခေါင်းကို လှည့်လာပြီး ချက်ချင်း ဖျော့တော့သွားသည်။
“လူကြီးမင်း!”
သူ လန့်သွားပြီး သူ့ဘေးကလူကို တွန်းလိုက်သည်။ ထိုလူသည် အရက်မူးလျက် ခေါင်းကို လှည့်လာကာ ယွမ်ချုံရှန်း၏ ကြောက်မက်ဖွယ်ရာ မည်းနက်သောမျက်နှာကို တွေ့လိုက်ရသည်။ သူချက်ချင်း အမူးပြေသွားသည်။
“အဖေ!”
ဒီလူသည် ယွမ်ချုံရှန်း၏အကြီးဆုံးသား ယွမ်ဖူဖြစ်သည်။ သူသည် အသက်၂၀အရွယ်ဖြစ်နေပြီဖြစ်သည်။ သူ့တည်ဆောက်ပုံက ယွမ်ချုံရှန်း၏ ခန္ဓာကိုယ်ကဲ့သို့ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးဖြစ်သည်။
“ငရှုပ်ကောင်!” ယွမ်ချုံရှန်း ဒေါသအမျက်ချောင်းချောင်းထွက်သွားသည်။
သူ့သားသာ တိုးတက်မှုကို လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောလျှင် သူ့ဘိုးဘေး မျိုးဆက်ရှစ်ဆက်၏ မျက်နှာများပေါ်မှာ အလိုလို ရွှေချပြီးသား ဖြစ်နေလိမ့်မည်။ ကျန်တာအဆင်ပြေပေမယ့် လင်နန်ကို ရောက်သည်မှာ တစ်လခွဲလောက်သာ ရှိသေးသော်လည်း အများသူငှာလမ်းပေါ်နှင့် လျှို့ဝှက်လမ်းကြားများရှိ ဆောင်ကြာမြိုင်များကိုရှာတွေ့ပြီး အားလုံးကို ထိတွေ့ခံစားဖူးပြီးသွားပြီဖြစ်သည်။
မူလက ငွေစာရင်းအုပ်ကိစ္စအတွက် စိတ်ပူခဲ့သော်လည်း ယခုတော့ သူ့စိတ်ထဲတွင် ဒေါသများ ပြည့်နှက်နေသည်။ ဒီလူဆိုးလူပေကို ချည်ထားရန် အစေခံများကို အမြန်အော်ခေါ်လိုက်ပြီး တစ်ညလုံး ဒူးထောက်နေရန် ဘိုးဘွားခန်းမထဲသို့ ပစ်ထည့်ထားလိုက်သည်။ ထပ်ပြီး ငွေစာရင်းစာအုပ်အကြောင်းကို မတွေးတော့ပါ။
***
ရထားလုံးသည် ကွမ်အန်းဘုရင်အိမ်တော်၏ ကျောက်ခြင်္သေ့နှစ်ကောင်ရှေ့တွင် ရပ်သွားသည်။
ဝေါယာဉ်ကန့်လန့်ကာကို မလိုက်သည်နှင့် အစေခံငယ်တစ်ဦး က သူ့ကိုကြိုဆိုရန် အိမ်တော်မီးပုံးကို သယ်လာခဲ့သည်။
နီလျဲ့သည် လူကို တင်းတင်းပွေ့ဖက်ကာ ရထားလုံးပေါ်မှ ပေါ့ပေါ့ပါးပါး ဆင်းလိုက်ပြီး အရက်နာကျလျှင် သောက်ရန် စွပ်ပြုတ်၊ ရေနွေး၊ ကိုယ်သုတ်ပုဝါနှင့် အခြားအရာများကို ပြင်ဆင်ရန် လူများကို အမိန့်ပေးခဲ့သည်။
အိပ်ခန်းထဲသို့ လှမ်းဝင်လိုက်ပြီး နီမြန်းနေသောလူကို နူးညံ့သောအိပ်ယာပေါ်သို့ ပေါ့ပေါ့ပါးပါး ချလိုက်သည်။ အိပ်ယာပေါ်မှလူသည် နေရခက်ဟန်ဖြင့် မျက်မှောင်ကြုတ်ကာ အနည်းငယ်ရုန်းကန်ပြီး မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ကာ အသက်အနည်းငယ်ရှူလိုက်သည်။
“ငါ့ကို အိမ်သာကို ခေါ်သွားပေးပါလား…”
နီလျဲ့သည် သူ့ကိုယ်သူ ဖြေလျော့ရန် အိမ်သာဆီသို့ ချက်ချင်း သယ်သွားလိုက်သည်။ ကန့်လန့်ကာနောက်ကွယ်မှ တစက်စက်ကျသံထွက်လာသည်။ နီလျဲ့သည် အသံကို ဂရုမစိုက်မိစေရန် အပြင်သို့ လျှောက်သွားလိုက်သည်။
အချိန်အတော်ကြာပြီးနောက် လီယွမ်မင်သည် ဒယိမ်းဒယိုင် ထွက်လာသည်။ သူ လဲကျသွားတော့မည်ကိုမြင်တော့ နီလျဲ့က ခါးမှနေ အလျင်စလိုပွေ့ဖက်ကာ ချီမြှောက်လိုက်သည်။
“အားလျဲ့…” လီယွမ်မင်သည် သူ့ရင်ဘတ်ကို အားပျော့စွာ မှီလိုက်သည်။ လူငယ်လေး၏ ကြွက်သားများသည် တောင့်တင်းပြီး အချိုးအစားကျကာ ခိုင်ခံ့မှုရှိသည်။ ရင်းနှီးသောရနံ့သည် လူတစ်ယောက်ကို လွတ်လွတ်လပ်လပ် အနားယူနိုင်စေသည့် မှော်ဆန်သော စွမ်းအားတစ်ခုရှိသည်။
ထွေနေသောခံစားချက်သည် သူ့စိတ်ထဲသို့ ပြေးဝင်လာပြီး ပူနွေးသောရေအလား လွင့်မျောနေကာ ထိုရီဝေနေသော ခံစားချက်ထဲသို့ သူ့ကိုယ်သူ လွှတ်ချလိုက်သည်။ ဒါသည် သူ့ကိုယ်သူ လွှတ်ချလိုက်သော တစ်ခါတည်းသော အကြိမ်ပါ။ သူဘာကိုမှ စဉ်းစားနေဖို့ မလိုပါ၊ ဒီလူငယ်လေး၏ တည်ငြိမ်ပြီး အားကောင်းသော ခြေလှမ်းများထဲမှာ သူ ဘာကိုမှ ကာကွယ်ဖို့ မလိုအပ်ပါ။ သူ မူးဝေစွာ တွေးလိုက်မိသည်၊ အားလျဲ့သာ ဒီနေရာမှာရှိနေသရွေ့ သူဘေးကင်းသည်။
သူတို့နှစ်ယောက်သည် ဒီကမ္ဘာပေါ်မှာ တစ်ယောက်နှင့် တစ်ယောက် မှီခိုနေကြသော တစ်ယောက်နှင့် တစ်ယောက်၏ ရင်ဘတ်နှင့် ကျောဖြစ်သည်။
သူသည် သူ့ကို မပွတ်သပ်ဘဲ မနေနိုင်လျက် နှာသံဖြင့် တီးတိုးပြောလိုက်သည်- “အားလျဲ့…”
နီလျဲ့သည် သူ့ရင်ခွင်ထဲမှ အရက်မူးနေသော လူကို ငုံ့ကြည့်ကာ ပိုတင်းကျပ်စွာ ဖက်ထားသည်။
သူတို့ ပြန်ရောက်သောအခါ လီယွမ်မင်၏မူးခြင်းသည် ပို၍ပြင်းထန်လာကာ မျက်ခွံတောင် မဖွင့်နိုင်တော့ပါ။ အရက်နာကျလျှင်သောက်သောစွပ်ပြုတ်ရောက်လာသောအခါ နီလျဲ့က သူ့ကို နည်းနည်းသောက်ဖို့ ချော့မော့လိုက်သည်။ စွပ်ပြုတ်ကြောင့် နှာခေါင်းက အနည်းငယ် ကျိန်းစပ်သွားတာ ဖြစ်နိုင်သည်။ လီယွမ်မင်သည် နည်းနည်း မရုန်းဘဲ မနေနိုင်ခဲ့ပါ။ သူ့အ၀တ်များပေါ်သို့ စွပ်ပြုတ်အများကြီး ဖိတ်ကျသွားသည်။ အင်္ကျီပေါ်တွင် အနည်းငယ် စိုနေသောအကွက် ရှိနေသဖြင့် နီလျဲ့ သက်ပြင်းချလိုက်သည်။ ပန်းကန်လုံးကို ဘေးက အစေခံမိန်းမအား လှမ်းပေးကာ ထွက်သွားခိုင်းလိုက်သည်။
“အရှင့်သား…”
နီလျဲ့က သူ့ကို ညင်သာစွာ ခေါ်ကာ သူ့မျက်နှာကို ကိုင်လျက် ခေါင်းကို လည်ပင်းပေါ် ဖိလိုက်သည်။ သူ့မျက်နှာမှာ တုံ့ဆိုင်းသွားပုံရပေမယ့် သေးသွယ်သောခါးမှာ ပတ်ထားသော ပန်းထိုးခါးပတ်ကို အမြန်ဆွဲထုတ်လိုက်သည်။ အပြင်ဝတ်ရုံကို ချွတ်လိုက်ပြီး အတွင်းမှ လကဲ့သို့ အဖြူရောင် ပိုးသား အတွင်းဝတ်ရုံသာလျှင် ကျန်တော့သည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ အရက်နံ့သည် အနံ့မကောင်းသော်လည်း အပြင်အင်္ကျီကို ချွတ်ပြီးနောက်တွင် အရက်နံ့သည် အနည်းငယ် ဖျော့တော့သွားပြီး သူ၏နှာခေါင်းထဲသို့ အေးစက်သောရနံ့တစ်ခုက စိမ့်ဝင်လာသည်။– သူသည် သူ့နှင်းဖြူရောင် အသားအရည်မှ ထွက်ပေါ်လာသော ဒီကောင်းသောအနံ့နှင့် မွေးဖွားလာပုံရသည်။ နီလျဲ့သည် အမွှေးရနံ့ပါးပါးက သူ့ကို လွှမ်းခြုံသွားစေရန် အနားကိုမတိုးကပ်ဘဲ မနေနိုင်ခဲ့ပေ။
လီယွမ်မင်သည် သူ့မျက်နှာက ပူပြီး ခြောက်သွေ့နေသလို ခံစားနေရသည်။ တစ်ခုခုကို တွေးရင်း မူးဝေစွာ ရုန်းကန်နေမိသည်။
“ရေချိုးဖို့…ရေယူလာ…”
နီလျဲ့သည် သူ့သဘောသဘာဝကို သိသည်။ သူသည် သန့်ရှင်းသပ်ရပ်မှုကို နှစ်သက်သည်။ အထူးသဖြင့် ဒီနွေဦး-နွေရာသီ စိုစွတ်ပြီး ပူပြင်းသော ရာသီဥတုတွင် ပို၍ပင် သန့်သန့်ရှင်းရှင်းနေသည်။
သူ၏ ထူးခြားသောခန္ဓာကိုယ်ကြောင့် ဖြစ်နိုင်သည်၊ သူသည် အမြဲတမ်း သူ့ဘာသာသူ ရေချိုးသည်။ ဘယ်လက်အောက်ငယ်သားကိုမှ သူ့ကို ကူညီရန် ခွင့်မပြုခဲ့ပါ။ သို့သော် မူးနေသောသူသည် ကောင်းကင်နှင့်မြေကြီးကို မခွဲခြားနိုင်ပါ။ သူကိုယ်တိုင် ဘယ်လိုလုပ် ရေချိုးနိုင်မှာလဲ?
နီလျဲ့၏ လေသံမှာ မသိလိုက်မသိဘာသာ ချော့မော့နေပြီး “အရှင့်သား၊ မနက်ဖြန်မှ ရေချိုးရအောင်”
လီယွမ်မင်က မျက်မှောင်ကြုတ်ပြီး မကျေနပ်သော အသံထွက်လာသည်။ အရက်သောက်ပြီးနောက် သူ့မျက်နှာမှာ နီရဲနေပြီး နှင်းရောင် လည်ပင်းမှာလည်း ပန်းရောင်အနု အရင့် ထင်ကျန်နေသည်။
နီလျဲ့၏ မျက်လုံးများ လွင့်မျောသွားကာ သူ့လည်ချောင်းသည် အပေါ်အောက် ရွေ့လျားသွားသည်- “ဒါဆို အရှင့်သားကို ကူပြီး နည်းနည်း သုတ်သင်ပေးပါ့မယ်”
သူသည် အသက်ပြင်းပြင်းရှူပြီး သူ့ကို အိပ်ယာပေါ် လှဲချလိုက်သည်။ ကိုယ်သုတ်ပုဝါကို ရေစိမ်ပြီးတော့ အနည်းငယ် ပူနေသည်။ နီလျဲ့၏လက်ချောင်းများက အတွင်းဝတ်အင်္ကျီ၏ဇာကို ဖိလိုက်သော်လည်း ထိုနေရာတွင် ကပ်နေခဲ့သည်။ ခဏအကြာတွင် သူသည် ၎င်းကို ညင်သာစွာ ဆွဲခွာလိုက်သည်။
သူ၏ သူငယ်အိမ်များသည် ရုတ်တရက် ကျုံ့သွားကာ အချိန်အတော်ကြာ ဖိနှိပ်ခံထားရသော သူ့နှလုံးသားထဲမှ တစ်စုံတစ်ရာသည် ပေါက်ကွဲသွားသည်။
ဖယောင်းတိုင်မီးမှိန်မှိန်အောက်တွင် နီလျဲ့၏အသက်ရှူသံသည် မငြိမ်မသက်ဖြစ်နေသည်။ သူ့လှုပ်ရှားမှုများသည် နည်းနည်း အချိုးမကျသလို ဖြစ်နေပြီး ကျောက်တုံးတစ်ရာလောက် လေးသော လေးကို ဆွဲနိုင်သည့် သူ့လက်များသည် မသိဘဲ တုန်ရင်နေသည်။
မျက်နှာလွှဲ၍ အလျင်အမြန်သုတ်ပေးကာ သူ့အား သန့်ရှင်းသော အတွင်းဝတ်ရုံကို ၀တ်ဆင်ပေးလိုက်သည်။