PCTG

အပိုင်း (၁၉)

အရင်ဘဝက သစ္စာဖောက် စစ်သူကြီး​၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ

အခန်း ၁၉

လရောင်သည် ကျောက်တုံးပြာပေါ်သို့ ဖျန်းပက်နေသည်။ လမ်းမျက်နှာပြင်သည် ကြည်လင်သော အလင်းရောင် ကန်ထွက်နေပြီး ရထားလုံး​၏ လှုပ်ယမ်းဖိသိပ်မှုကြောင့် လျှပ်တစ်ပြက်အတွင်းတွင် ဖုန်လိမ့်အနည်းငယ် လိမ့်လာခဲ့သည်။

“အရှင့်သား”

တိုးညှင်းသော အသံပြုကာ နီလျဲ့သည် ဝေါယာဉ်ကန့်လန့်ကာကို ဖွင့်ကာ ဝင်လိုက်သည်။

လီယွမ်မင်သည် ဝေါယာဉ်ပြတင်းပေါက်ကို မှီကာ တစ်ရေးအိပ်နေသည်။ နီလျဲ့ကို မြင်သော် လရောင်အောက်က ရေမှုန်ရေမွှားများလို သူ့မျက်ခုံးများက ချက်ချင်း ပြေလျော့သွားသည်။

“အားလျဲ့ပါလား”

နီလျဲ့သည် ခုနစ်နှစ်ကြာအောင် မြင်နေရသော ဒီမျက်နှာက ရုတ်တရက် မျက်လုံးထဲသို့ တိုးဝင်လာသော် အသက်ရှုမဝသလိုပင်ဖြစ်သွားသည်။

လီယွမ်မင်သည် မွေးကတည်းက လှသည်ဆိုတာ သူအမြဲသိခဲ့ပါသည်။ အသက်ကြီးလာသည်နှင့်အမျှ ဤရင်သပ်ရှုမောဖွယ်အလှသည် ပို၍ပင်လှလာကာ ခြောက်သွေ့အက်ကွဲနေသော သူ့နှလုံးသားထဲတွင် ကြီးထွားလာပြီး မွှေးကြိုင်သောရနံ့များဖြင့် အဆက်မပြတ် ပွင့်လန်းလာသည်။

သူ့ခြောက်သွေ့မှုကို ပြေပျောက်စေသော ဤမွှေးရနံ့ကို တစ်ခါတစ်ရံတွင် ဤကဲ့သို့ နူးညံ့သိမ်မွေ့လှပပြီး ဆွဲဆောင်မှုမရှိပါစေနဲ့လို့ သူမျှော်လင့်မိသည်။

ဝံပုလွေတွေ အများကြီးရှိသည်လေ။

သူ့အပေါ် နားမလည်နိုင်သော စေ့ဆော်မှုများကို ဖုံးကွယ်ထားသည့် ထိုအကြည့်များကို သူမြင်နေသရွေ့ သူ့နှလုံးသားသည် ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်ချုပ်ချယ်မှုဖြင့် ပြည့်နှက်နေသည်။

သူတို့ကို စုတ်ဖြဲပစ်ချင်သည်။ သူ့နှလုံးသား တစ်ထောင့်တစ်နေရာက ရိုင်းစိုင်းသော သားရဲသည် ဟိန်းဟောက်နေခဲ့သည်။

သူသည် ငယ်စဉ်ကတည်းက တစ်ကိုယ်တည်းနေထိုင်သော လူထူးလူဆန်းတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပြီး ရဲရိုတရားရုံးတွင် ရက်စက်ကြမ်းကြုတ်သော တိရစ္ဆာန်အဖြစ် သတ်မှတ်ခံခဲ့ရသည်။ အမှန်စင်စစ် သူသည် လူသားတစ်ဦးဖြစ်သော်လည်း ရံဖန်ရံခါတွင် သူသည် ရက်စက်ကြမ်းကြုတ်သော တိရစ္ဆာန်တစ်မျိုးဖြစ်သည်ဟု သူခံစားမိသည်။ တစ်ယောက်ယောက်က သူ့ပန်းကို လိုချင်တပ်မက်လာသည့်အခါတိုင်း သူ့အစွယ်များကို ပြပြီး သူ​၏ အချွန်ထက်ဆုံးသွား၊ အပြင်းထန်ဆုံးသော အားဖြင့် ထိုလူများကို လူမဆန်စွာ တစ်စစီ ဆွဲဖြဲချင်ခဲ့သည်။

နီလျဲ့သည် သူ့လက်ဆစ်များ အဖြူရောင်ပြောင်းသွားသည်အထိ လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး စိတ်ထိန်းကာ ညင်သာစွာ တီးတိုးပြောလိုက်သည်-

“နေကောင်းလာပြီလား”

ဒီစကားက ရုတ်​တရက်​ထွက်​လာ​ပေမယ့် လီယွမ်မင်သည် နားမလည်ဘဲ မနေပါ။ သူ့ကို စိတ်ချလက်ချရှိစေရန် ပြောပြီး “မနေ့ထဲက နေကောင်းပါတယ်။ ဒီနေ့ တစ်နေကုန် အနားယူပြီးပြီဆိုတော့ ပြဿနာမရှိပါဘူး… ဒီပွဲက ဘာပဲဖြစ်ဖြစ် သွားရမှာမို့လို့ ဘာကြောင့် စောစောမလုပ်ရမှာလဲ”

လရောင်အောက်က လူငယ်​၏ အနည်းငယ် အေးစက်သောမျက်နှာကို ကြည့်ပြီး သူ့ဘေးက ထိုင်ခုံကို ပုတ်လိုက်သည်။

နီလျဲ့၏ လည်စလုပ်က လှုပ်ခတ်သွားပြီး ထိုင်လိုက်သည်။

လီယွမ်မင်က သူ့ကို မော့ကြည့်ကာ တိုးတိုးလေးပြောသည် “ဒီညတော့ မင်း အထဲထိ လိုက်စရာမလိုဘူး။ အပြင်မှာပဲ စောင့်ကြည့်ထား၊ နားလည်လား?”

နီလျဲ့သည် ဘာမှပြန်မပြောပါ။

လီယွမ်မင်က သက်ပြင်းချပြီး “မင်း မလုပ်နိုင်ရင် အဲ့ဒီကို ငါနဲ့ လိုက်စရာ မလိုဘူး”

ခဏကြာ တိတ်ဆိတ်သွားပြီးနောက် နီလျဲ့၏ နှိမ့်ချသောအသံ ထွက်လာသည်- “နားလည်ပါတယ်”

အမွှေးတိုင်တစ်တိုင်စာအချိန်ကုန်ဆုံးပြီးနောက် ရထားလုံးအရှိန်က နှေးသွားပြီး ဆတ်ခနဲ တုန်ခါသွားသည်။ လီယွမ်မင်သည် ရွှင်ထိုင်အိမ်တော်သို့ ရောက်နေပြီဆိုတာကို သိလိုက်သည်။ သူ သက်ပြင်းချလိုက်ပြီး သူ့ဘေးနားက လူငယ်​၏ ငြိမ်သက်နေသော အသွင်ကိုကြည့်လိုက်သည်။ ကလေးဘဝကကဲ့သို့ပင် သူ့ကျောကို ချော့ချော့မော့မော့ ပုတ်ပေးလိုက်သည်။

“လိမ်လိမ်မာမာ နေခဲ့”

နီလျဲ့​၏ မျက်လုံးများသည် တစ်ဝက်ခန့် မှိတ်ကျသွားသည်။ ဘာမှပြန်မဖြေဘဲ ဝေါယာဉ်ခုံကိုသာလျှင် မပြီး ရထားလုံးပေါ်မှ ဆင်းရန် သူ့ကို ကူညီပေးလိုက်သည်။

လက်အောက်ခံနယ်မြေဘုရင်သည် ဒေသ၏အရှင်သခင်ဖြစ်သော်လည်း သူ၏လက်ထဲတွင် အာဏာသည် လျော့ပါးနေခဲ့သည်။ အင်ပါယာ တရားရုံးတော်​၏ အာဏာနှင့် ယှဉ်၍မရပါ။ ဘိုးဘေးများ လက်ထက်ကတည်းက လက်အောက်ခံဘုရင်အားလုံးကို ရာထူးအခွင့်အာဏာမှ ဖြတ်တောက်ခဲ့ပြီး နာမည်ဂုဏ်သတင်းများသာ တပ်ဆင်ခဲ့သည်။

အထူးသဖြင့် လင်နန်ဒေသ၊ ဤနေရာသည် လက်အောက်ခံပြည်နယ်မဟုတ်ခဲ့ပေ။ ရွှင်ထိုင်အစိုးရသည် ဗဟိုက ချုပ်ကိုင်ထားခဲ့သည်။ ၎င်းတို့သည် ပြည်တွင်းရေးနှင့် အစိုးရအမိန့်များ၊ နယ်မြေအသီးသီးကို အုပ်ချုပ်ခြင်း၊ ပြည်သူများ၏ အသက်မွေးမှုကို စီမံခြင်း၊ အခွန် ကောက်ခံခြင်း၊ အမှုအခင်းများကို ဖြေရှင်းခြင်း၊ သစ္စာဖောက်များကို စုံစမ်းစစ်ဆေးခြင်း စသည်ဖြင့် ကြီးမားသော အာဏာရှိသည်။ ထို့အပြင် လင်နန်သည် ဧကရာဇ်မင်းမြတ်နှင့် ဝေးကွာသော ဝေးလံခေါင်သီသောအရပ်တွင် တည်ရှိသည်။ ဤရွှင်ထိုင်သည် ဒီနေရာတွင် ဒေသခံဧကရာဇ်ဖြစ်သည်ဟုဆိုလျှင် ချဲ့ကားပြောဆိုခြင်းမဟုတ်ပါ။

သူသည် မျက်လုံးပင့်ကာ ခမ်းနားထည်ဝါသော ရွှင်ထိုင်အိမ်တော်ကို ကြည့်လိုက်သည်။ အချိန်အတော်ကြာအောင် သူ့မျက်လုံးများက နက်နက်နဲနဲရှိပေမယ့် သူက ပြုံးပြီး ဟော်ကျန်ကို သူနှင့်အတူလိုက်ဖို့ ဖိတ်ခေါ်ပြီး နီလျဲ့က နောက်ကနေ လိုက်လာသည်။

သူတို့ရောက်လာသည်ကို မကြေငြာခင်မှာပင် အိမ်တော်တံခါးအထက်က ရွှေရောင်ဆေးခြယ်ထားသော သားရဲမျက်နှာသည် လှုပ်ခါသွားသည်။ တံခါးပွင့်လာပြီး လူတစ်ယောက်က ကမန်းကတန်း ပြေးထွက်လာသည်။

သူသည် မဲနယ်ရောင် ဒုတိယတန်း အရာရှိဝတ်စုံကို ၀တ်ဆင်ထားပြီး အသက်လေးဆယ်ထက်​ ကြီးပုံမပေါ်ပါ။ သူ့တွင် အနည်းငယ်ပါးလျသော ခန္ဓာကိုယ်၊ တရုတ်အက္ခရာနံပါတ်၈ကဲ့သို့ နှုတ်ခမ်းမွှေးပုံစံ၊ အဝါရောင်မျက်နှာနှင့် မြှောက်ပင့်ပြီး ကြွားဝါသော အမူအရာရှိသည်။

“အားယိုး! ကွမ်အန်းဘုရင် ကြွချီလာမှန်း ကျွန်တော်မျိုး မသိလိုက်ဘူး”

ထွက်လာသူမှာ မကြာသေးမီက ရွှင်ထိုင်ရာထူးတာဝန်ယူထားသော ယွမ်ချုံရှန်း ဖြစ်သည်။

သူ့ရှေ့မှလူ၏အသွင်အပြင်ကို မြင်ပြီးနောက် ယွမ်ချုံရှန်း၏မျက်လုံးများသည် အံ့အားသင့်မှု အရိပ်အယောင် ဖြတ်ပြေးသွားသော်လည်း သူသည် ပုံမှန်အနေအထားသို့ အမြန်ပြင်လိုက်သည်။ သူ့လက်များက တုန်နေပြီး-

“ဒီလက်အောက်ငယ်သားက ပေါ့ဆပါတယ်၊ ကွမ်အန်းဘုရင်က ဒီလက်အောက်ငယ်သားကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”

“ယွမ်ရွှင်ထိုင်က ချဲ့ကားပြောနေတာပဲ” လီယွမ်မင်က သူ့တံတောင်ဆစ်ကို အလျင်အမြန် ပင့်လိုက်ပြီး အားမပါစွာ ထရန် ကူလိုက်သည်- “တကယ်တော့ မပြောမဆို ဒီကို ရောက်လာတာ ပန်ဝမ် ရိုင်းသွားတယ်။ ရွှင်ထိုင်လူကြီးမင်းရဲ့ ငြိမ်းချမ်းရေးကို အနှောက်အယှက်ဖြစ်စေသလားတော့ မသိပါဘူး”

“အရှင့်သားရဲ့စကားတွေက ဒီလက်အောက်ငယ်သားကို ထိတ်လန့်စေပါတယ်” ယွမ်ချုံရှန်းက အရှက်ရသွားဟန်တူသည်။ “အရှင့်သားရဲ့ အိမ်တော်ကို တရားဝင်အလည်လာသင့်တဲ့သူက ဒီနိမ့်ကျတဲ့သူပါ။ ဒါပေမဲ့ မထင်မှတ်ဘဲ ဒီနေရာမှာ ကိစ္စတွေအများကြီး ရှိပြီး ကျွန်တော်မျိုး မရပ်မနားအလုပ်လုပ်နေတာ အခု ရက်တော်တော်ကြာပါပြီ။ ဒါကြောင့် ဖယောင်းတိုင်က အစွန်းနှစ်ဖက်လုံး လောင်နေတော့ ကျွန်တော်မျိုး တကယ့်ကို မအားလပ်တဲ့အတွက်ကြောင့် အရှင့်သား အပြစ်မတင်ဖို့ မျှော်လင့်ပါတယ်”

လီယွမ်မင်က ပြုံးပြီး ပြောသည်- “ဘာအပြစ်တင်စရာရှိလို့လဲ?”

စုန်ဆန်ကြည့်လိုက်ကာ ချီးမွမ်းစကားဆိုလိုက်သည်- “ဒီလောက်တောင် နောက်ကျနေပြီ။ ယွမ်ရွှင်ထိုင်ရဲ့ အရာရှိဝတ်စုံကို အခုထိ မလဲရသေးပါလား။ ပန်ဝမ်ကို လာတွေ့ဖို့ မင်းရဲ့ရုံးကိစ္စတွေကနေ အပြေးထွက်လာတာထင်တယ်။ အစီအစဥ်ကြီးတစ်ခုမှာ အသေးအဖွဲလေးကို စပ်စုရုံနဲ့ ဖြစ်ရပ်တစ်ခုလုံးကို သိနိုင်ပါတယ်။ ရွှင်ထိုင်လူကြီးမင်းက နေ့ခင်းဘက်မှာ ပင်ပန်းနေခဲ့တယ်ဆိုတာကို ပန်ဝမ်ပြောနိုင်ပါတယ်။ ဒါကြောင့် အပြစ်တင်ချင်းတင် တင်ခံရမယ့်သူက ပန်ဝမ်ပါ။ ခေါင်းဆောင်ဟော်ကော ဘာပြောစရာရှိလဲ? သဘောတူလား?”

ဟော်ကျန်သည် အနောက်မှ အမြန်ထလာသည်။ သူသည် ယွမ်ချုံရှန်း၏မျက်နှာကို သေချာကြည့်လျက် ဦးညွှတ်ကာ ပြုံးပြီးပြောသည်- “ကွမ်အန်းဘုရင် ဘာပဲပြောပြော မှန်ပါတယ်။ ရွှင်ထိုင်လူကြီးမင်းက လုံ့လဝီရိယရှိပြီး နေ့ညမပြတ် အလုပ်ကြိုးစားသူဆိုတော့ ဒီနိမ့်ကျတဲ့သူက အမှန်တကယ်ပဲ ရှက်ရွှံ့မိပါတယ်”

သုံးယောက်သား ရယ်မောကြပြီး မြင်ကွင်းက သာယာအေးချမ်းနေသည်။

“အစောင့်တွေ!” လီယွမ်မင်က ရထားလုံးကို လက်ညှိုးထိုးပြပြီး “ရှီဖုန့်သေရည်ဆယ်ပုလင်းကို အောက်ချလိုက်”

သူ့အသံတိတ်ကျသွားသည်နှင့် တစ်ခုခုကို တွေးမိသွားပုံရသည်။ သူ့မျက်နှာမှာ အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်- “ပန်ဝမ်က ကိုယ့်ဘာသာပဲ တွေးပြီး စိတ်ကြိုက်လုပ်မိတယ်။ အိမ်တော်ဂိုထောင်ကနေ သေရည် ယူလာခဲ့တယ်။ ပန်ဝမ်က ယွမ်ရွှင်ထိုင် မြည်းစမ်းကြည့်ဖို့ စိတ်ဝင်စားလား မစားလားဆိုတာ မမေးကြည့်လိုက်ရဘူး”

“ဒါက လက်အောက်ငယ်သားအတွက် ကောင်းချီးပါပဲ!” ယွမ်ချုံရှန်းက မြှောက်ပင့်ပြီး “အရှင့်သားက ကျွန်တော်မျိုးကို ကြင်ကြင်နာနာ ဆက်ဆံတဲ့အတွက် ဒီလက်အောက်ငယ်သားက တကယ့်ကို မျက်ရည်ကျရလောက်တဲ့အထိ စိတ်လှုပ်ရှားရပါတယ်။ ဒီနေ့က ၁၅ရက် လပြည့်နေ့ဆိုတော့ အိမ်တော်ရဲ့ ဝါးရုံပွဲကြည့်စင်ကို သွားပြီး သေရည်မြည်းစမ်းရင်း လကို ရှုစားရင် မကောင်းပေဘူးလား? လောကစည်းစိမ်မဟုတ်ပါလား?”

“အဲ့လိုဆိုရင် ကောင်းပေတယ်။ ဒါဆို ရွှင်ထိုင်လူကြီးမင်း၊ ကျေးဇူးပြု၍ လမ်းပြပေးပါ”

လေထုသည် သဟဇာတဖြစ်ပြီး ယွမ်ချုံရှင်း၏ ဦးဆောင်မှုအောက်တွင် သူတို့အဖွဲ့သည် ရွှင်ထိုင်အိမ်တော်သို့ ဝင်ရောက်ခဲ့သည်။

နီလျဲ့က အသက်ပြင်းပြင်းရှူပြီး နောက်ကနေ လိုက်ဝင်သွားသည်။

အိမ်ရှေ့ဝင်းကိုဖြတ်ပြီး တဖန် ပြန်လည်ပြုပြင်ထားသည့် ခမ်းနားထည်ဝါသောစင်္ကြံကို ဖြတ်ကျော်ပြီးနောက် သူတို့သည် ရွှင်ထိုင်အိမ်တော်​၏ နောက်ဖေးကွက်လပ်သို့ ရောက်ရှိသွားကြသည်။ အချိန်တိုအတွင်းမှာပင် အိမ်နောက်ဖေး၏ အသွင်အပြင်သည် အလွန်ပြောင်းလဲသွားသည်။ ဝင်းတံတိုင်းကို အများကြီး ချဲ့ပြီး အသစ်ဆောက်ထားသော စင်မြင့်တစ်ခုက ရေကန်မျက်နှာပြင်အထက်မှာ ထီးထီးကြီးရှိနေသည်။ ထွင်းထုထားသော အနီရောင်တိုင်လုံးရှိပြီး အတွင်းခန်းများ၏ တံခါးတွင် ကမ္ပည်းရေးထိုးထားသည်။ လရောင်က ဖျန်းပက်နေပြီး မြူခိုးများ ဖုံးလွှမ်းနေသော ရေသည် တသွင်သွင်စီးဆင်းနေသည်။ တကယ့်ကို နိဗ္ဗာန်ဘုံပန်းချီကားတစ်ချပ်အလား ဆွဲဆောင်မှု ရှိနေခဲ့သည်။

သုံးယောက်သား စကားစမြည်ပြောရင်း ပြုံးကာ ပွဲကြည့်စင်ပေါ်သို့ တက်သွားသည်။ ကိုယ်ရံတော်များအားလုံးက ရပ်ပြီး စောင့်ကြပ်နေကြသည်။ နီလျဲ့သည် ပန်းချီကားနံရံအပြင်ဘက်တွင် စောင့်ကြပ်နေပြီး အစမှအဆုံးထိ သူ၏နက်မှောင်နက်နဲသောအကြည့်များသည် အဝေးမှ လမင်းကဲ့သို့ အဖြူရောင်ပုံရိပ်ပေါ် မှ လုံးဝ သွေဖီမသွားပါ။

ချောမောပြေပြစ်သော အစေခံမိန်းကလေးသည် သေရည်ခွက်များကို စားပွဲဆီသို့ ယူဆောင်လာသည်။ သူမသည် စားပွဲရှေ့တွင် ဒူးတစ်ဝက်ထောက်ကာ မှုးမတ်များအတွက် စားပွဲကို အဆင်ပြေရန် ကူညီပေးနေသည်။ အေးမြသောလေညင်းသည် ညင်သာစွာ တိုက်ခတ်လာသည်။ လီယွမ်မင်က ပတ်ပတ်လည်ကို လှမ်းကြည့်ရင်း “ဒီနေရာက ရှုခင်းတွေက အံ့ချီးဖွယ်ရာပဲ။ လှပပြီး တပ်မက်ဖွယ်ကောင်းတယ်၊ လင်နန်နယ်နိမိတ်မှာ ဒီလိုမျိုး ဒုတိယနေရာကို ရှာမတွေ့မှာစိုးတယ်”

“အရှင့်သားက ချီးကျူးလွန်းနေပါပြီ။ ဒါက ကျွန်တော်မျိုးရဲ့ ခွေးသားလုပ်ခဲ့တဲ့ အချိုးမကျတဲ့လုပ်ရပ်ပါ” ယွမ်ချုံရှန်းသည် လီယွမ်မင်ကို ဒီနေရာသို့ ခေါ်လာပြီး တစ်ဖက်လူက ဒါကို အသုံးပြုကာ သူ့ကို တိုက်ခိုက်လာမှာ၊ ဘောင်ကျော်သည့်အတွက် အပြစ်တင်မှာကို မကြောက်ခဲ့ပါ။ သို့သော် သူသည် ကူကယ်ရာမဲ့စွာပြောခဲ့သည်– “အရှင့်သားက သတိမထားမိနိုင်ပေမယ့် ဒီမြို့တော်အရာရှိကို ဒီမှာ တာဝန်ပေးခဲ့ပေမယ့် ကျွန်တော်မျိုးက မြို့တော်ကလူ လုံးဝ မဟုတ်ပါဘူး။ ဒီလက်အောက်ငယ်သားရဲ့ ဘိုးဘွားအိမ်က ကူစူးပါ။ အရာရှိဖြစ်လာကတည်းက ကျွန်တော်မျိုး မိသားစုဝင်တွေဟာ ဒီလက်အောက်ငယ်သားနဲ့အတူ ရွှေ့ပြောင်းသွားလာနေရတော့ ဒီခွေးသားလေးက သူ့အမေ အိမ်လွမ်းနေတာကို သနားလို့ လက်သမားကို နေ့ရောညပါ အလုပ်ခိုင်းစေခဲ့ပါတယ်။ သူတို့က ဒီလိုရေကန်ကို ဖန်တီးနိုင်ခဲ့ပြီး ကျွန်တော်မျိုးကိုယ်တိုင်ကိုတောင် အရူးလုပ်နေလား မသိတော့ပါဘူး”

“မင်းရဲ့ အထင်ကြီးစရာကောင်းတဲ့သားက သားသမီးဝတ်ကျေပွန်တယ်။ ကြားရတာ တကယ့်ကို စိတ်လှုပ်ရှားစရာပဲ” လီယွမ်မင်က ခံစားချက်နှင့် သက်ပြင်းချလိုက်သည်။

သုံးကြိမ်သောက်ပြီးသောအခါ မြေပြင်ပေါ်ရှိ သေရည်အိုးများ ကုန်သွားပြီဖြစ်သည်။ လီယွမ်မင်​၏ နှင်းဖြူရောင် ပါးပြင်များနှင့် လည်ပင်းသည် နီမြန်းနေသော်လည်း သူ့စိတ်မှာ ကြည်လင်နေပါသည်။ သူသည် မမူးဘဲ လင်နန်၏ ဒေသဆိုင်ရာဓလေ့ထုံးစံများအကြောင်း ပြောကာ အခြားအကြောင်းအရာများကို ထည့်သွင်းမပြောခဲ့ပေ။ ယွမ်ချုံရှန်း​၏ ရာထူးရွှေ့ပြောင်းလာမှုအတွက် အထူးစီစဉ်ထားသောပွဲတစ်ခု အလားပင်။

ယွမ်ချုံရှန်း​က ခေါင်းမော့ပြီး သေရည်ကို လည်ချောင်းထဲသို့ လောင်းထည့်လိုက်သည်။ သို့သော်လည်း သူ့ရင်ထဲတွင် စိုးရိမ်ကြောင့်ကြသော ခံစားချက်တစ်ခုက မြင့်တက်လာသည်။

သူသည် အရာရှိရာထူးတွင် ဆယ်နှစ်ကျော်ကြာ နစ်မြုပ်နေခဲ့ပြီး တစ်စုံတစ်ယောက်၏ စကားများကို ချိန်ဆရာနှင့် သူတို့​၏ မျက်နှာအမူအရာများကို အကဲခတ်ရာတွင် တော်သည်။ သူသည် လူတို့၏သဘာဝကို စူးစမ်းလေ့လာရာတွင် ကျွမ်းကျင်သူဖြစ်သည်။ သို့သော် သူ့ရှေ့မှ ဧကရာဇ်မင်သယ်​၏ ချစ်ခင်နှစ်သက်ခြင်းမခံရသော ကွမ်အန်းဘုရင်သည် သူသိထားသည်များနှင့် လုံးဝကွဲလွဲနေသည်။

သူ၏ အပြောအဆို၊ အပြုအမူနှင့် အမူအရာများသည် သိမ်မွေ့ပြီး ရှေ့တိုးနောက်ဆုတ်ခြင်းနှင့်အတူ ဇဝေဇဝါဖြစ်စေသည်။ သူသည် အချည်းနှီးသော ရပ်တည်ချက်ကို မသတ်မှတ်ဘဲ တမင်တကာ မိတ်ဖွဲ့ခြင်းလည်း မဟုတ်ပါ။ ထက်မြက်ပြီး တည်ကြည်သော ဒီအမျိုးကောင်းသားကြောင့် သူသည် တကယ့်ကို အံ့အားသင့်သွားသည်။ အလျင်စလို အကြည့်ဖြင့် ထိတ်လန့်ပြီး အမြီးကုပ်နေသော ကလေးကို တွေးမိတော့ သူ့ရှေ့မှလူကို နှစ်ကြိမ်မကြည့်ဘဲ မနေနိုင်ခဲ့ပါ။

သူသည် သေရည်သောက်ပြီး မိန်းမများနှင့် ပျော်ပါးတတ်သော လူစားမျိုး မဟုတ်ပေမယ့် သူသည် အလှတရားများစွာကိုလည်း မြင်တွေ့ခဲ့ဖူးပါသည်။ မည်သို့ပင်ဆိုစေကာမူ ထိုကဲ့သို့ အသက်ရှုမှားလောက်ဖွယ် အသွင်အပြင်ကိုတော့ သူ တစ်ခါမှမမြင်ဖူးကြောင်း ဝန်ခံပါသည်။

သို့သော် ဒီလူ​၏ မွေးမိခင်သည် ကျန်းပေဘုရင်ခံ​၏ ရည်စူးတန်ဖိုးထားခဲ့သော အနောက်တိုင်းဒေသက ဖျော်ဖြေရေးသမားမို့ မထူးဆန်းပါ။ ကြားဖူးနားဝအရ သူမသည် မွေးကတည်းက အလွန်လှပသည်။ မောင်းမဆောင်တွင် အလှတရားများစွာ ရှိပေမယ့် သူ့ကို ဘယ်သူမှ မယှဉ်နိုင်ကြပါ။ သူမ၏ အိပ်ယာခင်းကို ရှားပါးသော ရေမွှေးရနံ့ဖြင့် ဖုံးလွှမ်းထားကြောင်းကိုလည်း သူကြားသိခဲ့ရပြီး သူမကို ဧကရာဇ်မင်သယ်က နက်ရှိုင်းစွာ ချစ်မြတ်နိုးခဲ့သည်။ ယောက်ျားမဟုတ်၊ မိန်းမမဟုတ်သော ဒီမင်းသားကို မမွေးဖွားခဲ့လျှင် သူမသည် အမျိုးသမီး ဖျော်ဖြေရေးသမားအဆင့်မှ ဧကရာဇ်ကိုယ်လုပ်တော်ဖြစ်လာရန် ခက်ခဲမည်မဟုတ်လောက်ပါ။

ကံကြမ္မာကို ကောင်းကင်ဘုံက ကြိုတင်သတ်မှတ်ထားသည်မှာ သနားစရာပင်။

တစ်ဖက်လူသည် သူ့အိမ်တော်မှာ ဘာလာလုပ်လဲဆိုတာကို သူသိပါသည်။ ကွမ်အန်းဘုရင်သည် ဒီနယ်စပ်ကို ခုနစ်နှစ်ကြာ သိမ်းပိုက်ခဲ့သည်။ သူသည် ဒီနေရာကို အခုမှ ပြောင်းရွှေ့လာသောကြောင့် သူ၏အာဏာကို ပြသပြီး သူ့အား ဆုံးမရန် အစပျိုးနေခဲ့သည်။—ဧကရာဇ်မင်း၏ စက်ဆုပ်ခြင်းကိုခံရသော ကံမကောင်းအကြောင်းမလှစွာသော မင်းသားတစ်ပါးကို သူ မျက်ခြေမပြတ်ခဲ့ပါ။ ထို့အပြင် တစ်ဖက်က တောင်းဆိုလာမည့် အကြောင်းအတွက် ဆင်ခြေကို သူပြင်ဆင်ထားပြီးဖြစ်သည်။ သို့သော် ယနေ့ညပွဲ၌ တစ်ဖက်လူက စကားတစ်ခွန်းမှ ထည့်သွင်းမပြောခဲ့ပေ။ ခရိုင်အကျဉ်းထောင်မှာ ဘာအနှောင့်အယှက်မှ မဖြစ်ခဲ့သလို ဒေသဓလေ့ထုံးတမ်းနှင့် အခြေအနေများကိုသာ ပြောနေခဲ့သည်။

သူ့မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူ့စိတ်ထဲတွင် သတိရှိနေသလို ခံစားချက်တစ်ခု ရှိနေသော်လည်း ယခင်ကကဲ့သို့ သူ့ကို နှိမ့်ချရန် မဝံ့ရဲပေ။

နောက်ထပ်တစ်ကြိမ် သေရည်သောက်ပြီးနောက် ယွမ်ချုံရှင်းလည်း အနည်းငယ် ယိမ်းယိုင်စပြုလာသည်။ သူသည် တစ်ဖက်လူ၏ခွက်ကို သေရည်ဖြည့်ပေးရန် အစေခံကို စေလွှတ်တော့မည့်အချိန်တွင် တစ်ဖက်မှလူက တုံ့ဆိုင်းသွားပြီး ပြောသည်-

“ပန်ဝမ် ဒီအချိန်မှာ ဒီကို ရောက်နေတာက… ရွှင်ထိုင်လူကြီးမင်းနဲ့ အတူတူသောက်ရုံတင်မဟုတ်ဘဲ တစ်ခုခုတောင်းဆိုဖို့ရောပါ”

ယွမ်ချုံရှန်း​၏ စိတ်သည် သက်သာရာရသွားသည်။ သူ့ပါးစပ်ထောင့်တွင် နောက်ဆုံးတော့ ဒီအချိန်ရောက်လာပြီဆိုသော အပြုံးတစ်ခုပေါ်လာသည်။

“အရှင့်သားက ဘာပြောချင်တာပါလဲ? ဒီလက်အောက်ငယ်သားက လုပ်နိုင်သရွေ့ ဥပဒေနဲ့ အမိန့်ကို မျက်ကွယ်ပြုတဲ့ ကိစ္စမဟုတ်သေးသရွေ့တော့ ဒီလူက အားကုန်ထုတ်သုံးပြီး ကူညီမှာပါ”

လီယွမ်မင်က စိတ်သက်သာရာရစွာ ပြုံးလိုက်သည်။ သူ့အင်္ကျီလက်ထဲက စာအုပ်အထူကြီးတစ်အုပ်ကို ထုတ်ပြီး သူ့ဆီ ပစ်ပေးလိုက်သည်။

ယွမ်ချုံရှန်း​သည် အနည်းငယ်မူးနေသည်။ စာအုပ်ကို ဖွင့်ပြီး နည်းနည်းကြည့်ပြီးနောက် သူ့မျက်နှာက ရုတ်တရက် ပြောင်းသွားသည်။ သူ မတ်မတ်ထိုင်လိုက်သည်။ ဘာကြောင့်မှန်းမသိ ဘေးက ဟော်ကျန်သည် ခေါင်းခါကာ ယိမ်းထိုးနေသည်။ သူ့ထက်ရာထူးမြင့်သော လူကြီးမင်းသည် စာအုပ်ကို ဆတ်ခနဲ ပိတ်ပစ်သည်။ ဟော်ကျန်မျက်နှာသည် တင်းသွားပြီး ရှက်ကိုးရှက်ကန်းဖြင့် နောက်ဆုတ်သွားသည်။

ယွမ်ချုံရှန်း​၏ အမူအရာများ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် သူသည် တည်ငြိမ်စွာ ပြုံးလိုက်ပြီး “ကွမ်အန်းဘုရင်၊ ဒါက ဘာအဓိပ္ပာယ်ပါလဲ?”

ဤသည်မှာ အသေးစိတ်မှတ်တမ်းများပါရှိသော လယ်ကွင်း ငွေစာရင်းစာအုပ်ဖြစ်သည်။ လင်နန်လက်အောက်ခံပြည်နယ်၏ ငွေစာရင်းအားလုံးမှ ၀င်ငွေကို တစ်ချက်ကြည့်လိုက်ရုံနှင့် အားလုံးခြုံငုံမိသည်။ သူ့အိမ်တော်က စာအုပ်ထက်ပင် အနည်းငယ် ပိုအသေးစိတ်ကျပါသည်။

လီယွမ်မင်​၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများကို မမြင်ရပါ။ သူ့မျက်နှာတွင် ရိုးသားမှုအပြည့်ရှိသည်။

“ဒါက ပန်ဝမ် တောင်းဆိုချင်တဲ့ကိစ္စပါပဲ”

ယွမ်ချုံရှန်းမျက်နှာပေါ်ရှိ အပြုံးသည် လုံးဝမှိန်ဖျော့သွားသည်။ သူ့ကို အချိန်အတော်ကြာ စစ်ဆေးပြီးနောက် နောက်ဆုံးတွင် “ဒီလက်အောက်ငယ်သားက နားထောင်နေပါတယ်” လို့ ပြောလိုက်သည်။

***

သူ ပွဲကြည့်စင်မှ ဆင်းလာသောအခါ လီယွမ်မင်သည် အရက်မမူးသေးဘဲ သူတို့နှစ်ဦးကို နှုတ်ဆက်စကားဆိုနိုင်သေးသည်။ ယွမ်ချုံရှန်းသည် သူ​၏ အရင်က လေးနက်ပြီး နိုးနိုးကြားကြားရှိမှု ပျောက်ကွယ်သွားသည်။ သူ့မျက်နှာပေါ်က သာယာသော အပြုံးဖြင့် ယဉ်ကျေးစွာ နှုတ်ဆက်ကာ ပွဲအပြီးတွင် အေးချမ်းသော အခြေအနေကို ဖန်တီးခဲ့သည်။

နီလျဲ့သည် သူတို့ကို အမြန်နှုတ်ဆက်ပြီး လီယွမ်မင်ကို ခေါ်သွားလိုက်သည်။ နှစ်ဦးသား ရွှင်ထိုင်အိမ်တော် မြင့်မြင့်တစ်ခုနှင့် နိမ့်နိမ့်တစ်ခုမှ ထွက်လာခဲ့ကြသည်။

ခြေချပြီးနောက် လီယွမ်မင်သည် စိတ်လျှော့ကာ သူ့ပေါ် မှီလိုက်သည်။

“အခု အဆင်ပြေပါတယ်” သူသည် မောဟိုက်စွာဖြင့် “အားယင်း မနက်ဖြန် ပြန်လာမယ်”

နီလျဲ့သည် နီရဲနေသော မျက်နှာကို ကြည့်ကာ သူ့မျက်လုံးများ နက်မှောင်သွားသည်။ သူ့မျက်လုံးများသည် ရွှင်ထိုင်အိမ်တော်၏ ကမ္ပည်းပြား ဘေးသို့ အေးစက်စွာ စိုက်ကြည့်နေသည်။

သူ​၏ သတိရှိမှုကို လျှော့ချလိုက်သည်နှင့်တစ်ပြိုင်နက် ဖိနှိပ်ထားသော အရက်မူးခြင်းမှာ ပို၍ ထင်ရှားလာသည်။ လီယွမ်မင်သည် နီလျဲ့၏ရင်ဘတ်ပေါ် သူ့နဖူးနှင့်ဖိကာ မျက်မှောင်ကြုတ်ပြီး ပွတ်သပ်ကာ “အားလျဲ့၊ ငါ ထပ်လမ်းမလျှောက်နိုင်တော့ဘူး… ငါ့ကို သယ်သွားပါ”

သူ့အပေါ် လုံးလုံးလျားလျား အားကိုးနေသော ဒီအသွင်အပြင်ကြောင့် နီလျဲ့၏နှလုံးသားအတွင်းမှ ဗြောင်းဆန်မှု အတော်များများသည် ချောမွေ့သွားသည်။ ကိုယ်ကိုကိုင်းကာ သူ့ကို အလျားလိုက်ချီလိုက်ပြီး ရထားလုံးပေါ်သို့ တက်လိုက်သည်။

PCTG
Author: PCTG

ဝိုး.. လားလား.. ရှင်ဘုရင်လေးလား...

Private: အရင်ဘဝက ပုန်ကန်ခဲ့တဲ့စစ်သူကြီးနဲ့ ကိုယ်ဝန်ရသွားပြီ။

Private: အရင်ဘဝက ပုန်ကန်ခဲ့တဲ့စစ်သူကြီးနဲ့ ကိုယ်ဝန်ရသွားပြီ။

朕怀了前世叛将的崽
Score 8
Status: Ongoing Type: Author: Artist: , Released: 2020 Native Language: Chinese
အညွှန်း အအေးနန်းဆောင်မှာ ကြီးပြင်းလာရတဲ့ မင်းသားက တစ်ရက်မှာတော့ ချစ်ခင်ရတဲ့သူကြောင့် ရုပ်သေးဘုရင်ဖြစ်လာရတယ်။ သူ မသေခင်မှာမှ သူက တခြားသူတွေအတွက် အာဏာနဲ့ လိုအင်ဆန္ဒအတွက် အသုံးချခံပစ္စည်းဆိုတာကို သိလာခဲ့ရတယ်။ မြို့တော် ကျရှုံးသွားပြီးတဲ့နောက် နှစ်များစွာ အကျဉ်းချခံခဲ့ရတဲ့သူက သူ့မျက်နှာကို ဖျက်ဆီးခံလိုက်ရပြီးတော့ ပိုးကြိုးဖြူနဲ့ သူ့ရဲ့ ကြေကွဲဖွယ်ဘဝကို အဆုံးသတ်ခဲ့ရတယ်။ သူက သူ့ငယ်စဉ်ဘဝကို ပြန်ရောက်လာပြီးတဲ့အခါမှာတော့ အနောက်ခြံဝန်းမှာ တော်ဝင်ကလေးတစ်သိုက်ဆီက နင်းခြေခံနေရတဲ့ သစ္စာဖောက်စစ်သူကြီးကို တွေ့လိုက်ရတယ်။ ထိုသူက သူ့အတိတ်ဘဝတုန်းက မြို့တံခါးကို သွေးနဲ့ဆေးခဲ့တဲ့ သူပုန်သူရဲကောင်းဖြစ်တယ်။ လီရွှမ်းမင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ဒဏ်ရာအပြည့်နဲ့ကလေးကို နန်းဆောင်ဆီ တိတ်တဆိတ် ခေါ်ဆောင်သွားပြီး ပြည်သူတွေနဲ့ သူ့အပေါ်မှာ ရှိတဲ့ ရန်ငြှိုးတချို့တလေကို ပြေလျော့အောင် လုပ်နိုင်ဖို့ မျှော်လင့်ခဲ့တယ်။ ++++ နှစ်အတော်ကြာပြီးနောက်မှာတော့ နယ်ခြားကို ငြိမ်သက်စေခဲ့ပြီးတဲ့ စစ်သူကြီးက နန်းတော်ကို ပြန်လာခဲ့တယ်။ သူ ပထမဆုံး လုပ်တဲ့အလုပ်က သူ့အိမ်တော်ကို ပြန်သွားတာ မဟုတ်ဘဲနဲ့ အတွင်းဆောင်ဆီကို တန်းသွားတာပဲ ဖြစ်တယ်။ အရှင်မင်းမြတ်ရဲ့ဖိနပ်၊ ခြေအိတ်တွေကို ချွတ်ပေးပြီးတော့ ခြေဖဝါးကို ညင်ညင်သာသာနဲ့ ဆေးကြောပေးခဲ့တယ်။ “ဒီအမှုတော်ထမ်းက ဒီနှစ်တွေမှာ သူ့ရှင်မင်းအတွက် အမှုတော်ကို ကြိုးကြိုးစားစား ထမ်းရွက်ရင်း ပျော်ရွှင်စရာတွေနဲ့ လွဲချော်ခဲ့ပါတယ်” အရပ်မြင့်မြင့်နဲ့ အရှိန်အဝါကြီးတဲ့ စစ်သူကြီးရဲ့ မျက်လုံးတွေက ပူလောင်လာတယ်။ “ဒါကြောင့် အရှင်မင်းမြတ် အနေနဲ့ အရှင်မင်းနဲ့ လက်ထပ်ဖို့ကို ခွင့်ပြုပေးသင့်ပါတယ်” 

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset