PCTG

အပိုင်း (၁၈)

အရင်ဘဝက သစ္စာဖောက် စစ်သူကြီး​၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ

အခန်း ၁၈

နေဝင်သည်နှင့် နေဝင်ရီတရောအချိန် ကျရောက်လို့ လာလေပြီ။

လီယွမ်မင်သည် စံအိမ်ထဲတွင် နီယင်း၏ ကျည်ကျည်ကျာကျာအသံကို မကြားသည်မှာ အချိန်အတော်ကြာပြီဖြစ်၍ စိတ်ထဲတွင် အနည်းငယ် ထူးဆန်းနေသလို ခံစားလိုက်ရသည်။

ညစာစားပြီးနောက် နီယင်း၏ အရိပ်အယောင်ကို မမြင်ရသေးသည့်အတွက် လီယွမ်မင်သည် အနည်းငယ် စိတ်မသက်မသာဖြစ်ပြီး အစေခံကောင်လေးကို စုံစမ်းရန် ချက်ချင်း စေလွှတ်လိုက်သည်။ ခဏအကြာတွင် အစေခံကောင်လေးမှ နီယင်းနှင့် ကလေးအုပ်စု ပြန်မရောက်သေးကြောင်း စကားပြန်လာသည်။

လီယွမ်မင်သည် မျက်မှောင်မကျုံ့ဘဲ မနေနိုင်တော့ပေ။ နေဝင်နေပြီလေ။ လင်နန်နယ်နိမိတ်တွင် ဓားပြများစွာရှိသည်။ ရွှင်ထိုင်အစိုးရက သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားပြီးဖြစ်သည်။ ဘုရားပွဲပြီးသွားသည်မှာ ကြာလောက်ပြီ။ ရိုရှစ်(ညနေ ၅-၇ နာရီ)အချိန်တောင် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ ဒီကလေးများက အခုထိ ပြန်မလာသေးပါ။

သူ့စိတ်ထဲတွင် သံသယစိတ်များ ပေါ်လာပြီး ကျန်းလုံကို အမြန်ခေါ်ကာ အခြေအနေကိုစုံစမ်းရန် အနောက်ဘက်လမ်း ဘုရားပွဲတော်သို့ လူနှစ်ဦးစေလွှတ်ရန် အမိန့်ပေးလိုက်သည်။ သို့သော် သူပြန်လာသောအခါ ဘုရားပွဲတော်သည် ပြီးသွားပြီဖြစ်ကြောင်းနှင့် သူတို့ကို မည်သည့်နေရာမှာမှ မတွေ့ခဲ့ကြောင်း သတင်းပို့လာသည်။ သူတို့နောက်လိုက်ဖို့ ကျိုးသ့ဝူထည့်လိုက်သော စစ်သည်လေးယောက်ကိုပင် မတွေ့ခဲ့ရပါ။

ဒီနေ့ရက်များတွင် ဤလူငယ်များသည်လည်း ပျော်ပါးချင်ကြပေမယ့် နီလျဲ့၏ ပြင်းထန်သောပြစ်ဒဏ်ကို တွေးကာ အရမ်းနောက်ကျမနေရဲကြပါ။ လီယွမ်မင်သည် စိတ်ထဲမကောင်းစွာ စိတ်ထင့်နေသောကြောင့် အိမ်ရှေ့ခန်းမဆီသို့ အမြန်သွားပြီး အစောင့်တစ်ဒါဇင်ကို ခေါ်ကာ သတင်းစုံစမ်းရန် သီးခြားစီ စေလွှတ်လိုက်သည်။

သူသည် အိမ်ရှေ့ခန်းမရှိ အဘိုးကြီးကုလားထိုင်ပေါ်တွင် ထိုင်ကာ နဖူးကို ထောက်ထားသည်။ သူ့စိတ်ထဲတွင် မငြိမ်မသက်ဖြစ်ပြီး အတွေးများကချာချာလည်နေသည်။ သူ့မျက်​ခုံး​များက ပိုပိုကျုံ့လာသည်။

ဖုန်မှုန့်များ ဖုံးလွှမ်းလျက် နီလျဲ့သည် အိမ်​တော်စစ်သည်များနှင့်အတူ ပြန်ရောက်လာသောအခါ မင်းသား​၏အိမ်တော်အစောင့် တော်တော်များများသည် လေးနက်သောအမူအရာနှင့် နန်းဆောင်ထဲမှ အမြန်ထွက်သွားသည်ကို သူတွေ့လိုက်ရသည်။

မျက်မှောင်ကျုံ့ကာ ဇက်ကြိုးကို ဆွဲကိုင်လျက် မေးမြန်းရန် တစ်စုံတစ်ဦးကို ခေါ်လိုက်သည်။

အစောင့်များက ခေါင်းငုံ့ပြီး မေးခွန်းများကို တစ်ယောက်ပြီး တစ်ယောက် ဖြေသည်။

နီလျဲ့၏ မျက်လုံးများ တင်းမာလာကာ မြင်းခေါင်းကို ချက်ချင်းလှည့်လိုက်သည်။

“ဘယ်ညာတပ်ရင်းတွေ အမိန့် နာခံပါ။ မင်းတို့ စစ်သည်တွေကို အုပ်စုဆယ်စုခွဲပြီး သူတို့ကို လမ်းတိုင်းမှာလိုက်ရှာ!”

စစ်သည်များက အမိန့်ကို လိုက်နာပြီး သီးခြားစီ ဆောင်ရွက်ကြသည်။ ရာနှင့်ချီသောလူများရှိသည့်တပ်သည် တခဏချင်းပင် အဖွဲ့ဆယ်ဖွဲ့ခွဲကာ စည်းစနစ်တကျ ကွဲသွားကြသည်။

ဇက်ကြိုးကိုဆွဲလိုက်စဉ် နီလျဲ့သည် တစ်ခုခုကို သတိရသွားပြီး သူသည် ထိုအစောင့်အား တစ်စုံတစ်ခုကို ညွှန်ကြားခဲ့သည်– “ကွမ်အန်းဘုရင်ထံ သွားပြီး သတင်းပို့၊ နန်းဆောင်မှာ စိတ်အေးသက်သာစွာနဲ့ သတင်းကို စောင့်နေပါလို့။ ကျန်တဲ့ အစောင့်တွေက စံအိမ်က ထွက်ခွာခွင့်မရှိဘူး၊ ကွမ်အန်းဘုရင်ကို ကာကွယ်စောင့်ကြပ်ရမယ်”

အစောင့်က အမိန့်ကို နာခံပြီး ထွက်သွားသည်။

နီလျဲ့သည် အိမ်တော်တံခါးဆီသို့ လေးလေးနက်နက် ကြည့်ပြီး သူ့ခေါင်းကိုလှည့်ကာ ဇက်ကြိုးကိုဆွဲရင်း ကြွေးကြော်ကာ ဆန့်ကျင်ဘက်သို့ တစ်ဟုန်ထိုးပြေးထွက်သွားခဲ့သည်။

ကွမ်အန်းဘုရင်စံအိမ်အတွင်း၌ မီးပုံးမီးများကို နေရာတိုင်းတွင် ထွန်းညှိထားပြီး လီယွမ်မင်သည် စိုးရိမ်ပူပန်စွာ လမ်းလျှောက်နေသည်။

ညနက်သွားသည့်တိုင် လွှတ်လိုက်သောသူအားလုံးက အသုံးဝင်သော သတင်းများနှင့် ပြန်မလာသေးပါ။ ထိုကလေးများကို အခုထိ မတွေ့သေးပါ။ လီယွမ်မင်သည် အိမ်ရှေ့ခန်းမတွင် စောင့်နေသည်မှာ အချိန်အတော်ကြာပြီး စိုးရိမ်စိတ်များ တိုးလာသည်။

ည ၇နာရီ-၉နာရီခန့်တွင် ကင်းစောင့်၏လက်ခုပ်သံကြားလိုက်ရပြီး နောက်ဆုံးမှာတော့ အစောင့်တစ်ဦးမှ သတင်းပို့လာခဲ့သည်။

နီယင်းနှင့် အခြားသူများသည် ရွှင်ထိုင်လူကြီးမင်းကို အပြစ်ပြုမိ၍ လတ်တလောတွင် သူတို့အား စီရင်စု အကျဉ်းထောင်တွင် ထိန်းသိမ်းထားကြောင်း သိရသည်။

—ရွှင်ထိုင်လူကြီးမင်း၊ အခုမှ ရာထူးတာဝန်ယူထားသော ယွမ်ချုံရှင်းမဟုတ်လား?

လီယွမ်မင်၏ မျက်လုံးများ နက်မှောင်ကာ ကိစ္စများက ပိုပိုခက်ခဲလာသည်ဟု ခံစားလိုက်ရသည်။ ထို့နောက် နီလျဲ့သည် စစ်သည်ငါးရာကို ဦးဆောင်ကာ ယခု ခရိုင်အကျဉ်းထောင်ရှေ့တွင် ခရိုင်အစောင့်များနှင့် ထိပ်တိုက်တွေ့နေသည်ဟု နန်းဆောင်အစောင့်ပြောနေသည်ကို သူကြားလိုက်ရသည်။

“ဘာ?”

နီလျဲ့သည် စိတ်လိုက်မာန်ပါပြုလုပ်တတ်သူမဟုတ်ကြောင်း သူသိသော်လည်း အခြားတစ်ဖက်မှ တမင်သက်သက် ထောင်ချောက်ဆင်ပြီး ရန်စလျှင် အခြေအနေက မလွဲမသွေ ပိုဆိုးလာမည်ဖြစ်သည်။

“မြန်မြန် ရထားလုံးပြင်!”

ညွှန်ကြားရင်း အိမ်ရှေ့ခန်းမအပြင်သို့ အလျင်စလိုထွက်လိုက်သည်- “ပန်ဝမ်နောက် လူနှစ်ယောက်လိုက်ခဲ့၊ စီရင်စုအကျဉ်းထောင်ကို မြန်မြန်သွားမယ်။ ကျန်တဲ့သူတွေက စံအိမ်မှာ အသင့်စောင့်နေပါ”
(ပန်ဝမ်: ဘုရင်တွေက မိမိကိုယ်ကို ရည်ညွှန်းသော အခေါ်အဝေါ်)

တစ်စုံတစ်ခုကို တွေးမိတော့ သူ့ခြေလှမ်းများ တန့်သွားသည်။ စားပွဲရှေ့သို့ အမြန်လျှောက်သွားကာ တစ်ခုခုကို အမြန်ရေးခြစ်လိုက်ပြီး ဘေးနားက အစောင့်ကို ကမ်းပေးလိုက်သည်- “ဒါကို ရွှင်ထိုင်အိမ်တော်ကို ပို့လိုက်”
သူက “အိမ်နောက်ဖေး ဂိုဒေါင်ကိုသွားပြီး မင်းနဲ့အတူ ရှီဖုန့်သေရည်ဆယ်ပုလင်းကို ယူခဲ့”လို့လည်း အမိန့်ပေးလိုက်သည်။

နန်းဆောင်အစောင့်က အမိန့်ကို ရလျှင်ရချင်း အကောင်အထည်ဖော်ရန် လူများကို စေလွှတ်လိုက်သည်။

စီရင်စု အကျဉ်းထောင်ရှေ့တွင် မီးတိုင်များက နေရာအနှံ့ လင်းထိန်နေသဖြင့် မီးတောက်များက ကောင်းကင်တိုင်အောင် တောက်လောင်နေသည်။ ခရိုင်အကျဉ်းထောင်သည် အရေးကြီးသောနေရာဖြစ်သောကြောင့် ဤနေရာသို့ လူအနည်းငယ်သာ လာသည်။ ဤနေရာသည် နှစ်ပေါင်းများစွာကြာအောင် ယခုကဲ့သို့ ဆူညံသံများဖြင့် မစည်ကားခဲ့ပေ။ သို့သော် လူအုပ်ကြီးနှစ်စုသည် စိတ်လှုပ်ရှားစွာဖြင့် မျက်နှာချင်းဆိုင်နေကြပြီဖြစ်သည်။

ခရိုင်အစောင့်ခေါင်းဆောင်ဟော်ကျန်သည် ဇက်ကြိုးကိုကိုင်ပြီး သူ့ရှေ့မှ တောင့်တောင့်ဖြောင့်ဖြောင့်လူကို အနည်းငယ် မျက်လုံးစွေကြည့်ကာ “တပ်မှုးချုပ် လူကြီးမင်းက အခု ခရိုင်အကျဉ်းထောင်ကို အားသုံးပြီး သိမ်းပိုက်ဖို့ လာရဲတဲ့အထိ အင်အားကြီးမားနေတာလား? ဧကရာဇ်တရားရုံးတော်ရှေ့မှာ ဒီအကြောင်းကို ရွှင်ထိုင်လူကြီးမင်းက တင်ပြလိုက်မှာကို မကြောက်ဘူးလား?”

ယိမ်းနွဲ့နေသည့် မီးတောက်များကြားတွင် နီလျဲ့၏မျက်နှာသည် ဖော်ပြခြင်းငှာ မစွမ်းသာအောင် တင်းမာနေပုံပေါ်သည်- “ကွမ်အန်းနန်းဆောင်ကလူတွေက အပြစ်ရှိရင် ဥပဒေစာအုပ်များနဲ့အညီ ကြားနာစစ်ဆေးခြင်း သုံးခုကို ပြုလုပ်ပြီးမှ အပြစ်ပေးလို့ရမယ်။ ဒီလိုနည်းနဲ့ တစ်ယောက်ယောက်က သူစိတ်ထင်သလို အလျင်စလို ထောင်ထဲတောင် ပို့တာမျိုး ဘယ်လိုလုပ် လုပ်လို့ရမှာလဲ? ဒီစီရင်စုအကျဉ်းထောင်က အခုလို ရွှင်ထိုင်ရဲ့ ကိုယ်ပိုင်အကျဉ်းထောင်ဖြစ်နေတာ ကြာပြီလား?”

ဟော်ကျန်မျက်နှာ တင်းမာလာကာ အော်လိုက်သည် “ငါက ခရိုင်အစောင့်ခေါင်းဆောင်ဖြစ်ပြီး ဒေသခံ ခရိုင်အရာရှိရဲ့ အမိန့်ကို နာခံတယ်။ နီလူကြီးမင်းက ဒီလူရဲ့ ခန္ဓာကိုယ်ပေါ် ညစ်ပတ်တဲ့ရေတွေ လောင်းမချပါနဲ့”

“လောလောဆယ်မှာ မလိုက်နာရတဲ့ အမျိုးသားဥပဒေတွေရှိနေပြီ၊ ဒါကြောင့် ဒီအညတရက ခေါင်းဆောင်လူကြီးမင်းကို မေးချင်ပါတယ်” နီလျဲ့က လှောင်ပြုံးကာ စကားတစ်လုံးချင်း ပြောလိုက်သည် “မင်းက အင်ပါယာတရားရုံးတော်ရဲ့ အရာရှိလား၊ ဒါမှမဟုတ် ရွှင်ထိုင်လူကြီးမင်းရဲ့ ကျွန်လား?”

“လက်တောက်လောက်ကလေးက ငါ့ကို စော်ကားရဲတယ်” ဟော်ကျန်သည် ချက်ချင်းပင် ဒေါသထွက်ကာ ဓားကို အမြန်ဆွဲထုတ်လိုက်သည်။

သူ့နောက်တွင် ဓားထုတ်သံများ စူးရှစွာ ထွက်ပေါ်လာသည်။

ကွမ်အန်းဘုရင်အိမ်တော်​၏ စစ်သည်များသည် စီတန်းလိုက်သည်။ သူတို့သည် တည်ကြည်လေးနက်ကြပြီး ခက်ထန်သော စိတ်ထားရှိသည်။

သို့သော် တင်းမာနေသောအခိုက်အတန့်တွင် ကွမ်အန်းဘုရင်အိမ်တော် မီးပုံးပါသော ရထားလုံးက ဒီဘက်ခြမ်းကို ဖြတ်ပြေးသွားသည်။

ခဏကြာတော့ ထိုရထားလုံးက ခရိုင်အကျဉ်းထောင်တံခါးဝမှာ ရပ်သွားသည်။

နီလျဲ့က သူ့လက်ကို မြှောက်ပြီး ဝှေ့ယမ်းသော် သူ့နောက်မှ စစ်သည်များအားလုံးက လမ်းဖယ်ပေးကြသည်။

သွယ်လျပြီး အေးစက်သော အဖြူရောင်လက်တစ်စုံက ထွက်လာသည်။ ဝေါယာဉ်ကန့်လန့်ကာကို ဖယ်လိုက်သော် ခေါင်းပေါ်တွင် ကျောက်စိမ်းသရဖူဆောင်းထားသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် မြင့်မြတ်သော အမျိုးသားတစ်ဦးသည် အစောင့်များ၏ အကူအညီဖြင့် ရထားလုံးထဲမှ ထွက်လာခဲ့သည်။

လူအုပ်ထဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်သွားပြီး အားလုံးက သူ့ကိုကြည့်နေကြသည်။ ကွမ်အန်းဘုရင်အိမ်တော်​၏ စစ်သည်များသည် နီလျဲ့မှ အချိန်အတော်ကြာ ထိန်းညှိသင်ကြားထားသောကြောင့် သူတို့​၏ အရှင်သခင်ကို အလွယ်တကူ မကြည့်ဝံ့ပါ။ ဆန့်ကျင်ဘက်ဖြစ်စွာ ခရိုင်အစောင့်တပ်သားများနှင့် အရာရှိများသည် အံ့အားသင့်သွားကြသည်။ ထို့ထက်ပို၍ အဓိပ္ပာယ်ရှိစွာ သူ့ကို စိုက်ကြည့်နေကြသည်။

ယခုအချိန်တွင် နီလျဲ့၏မျက်နှာသည် မည်းမှောင်နေလေသည်။ သူ လှည့်ကာ မြင်းပေါ်မှ ဆင်းလိုက်ပြီး လီယွမ်မင်၏နောက်တွင် ရပ်လိုက်သည်။ လူများကို ဝါးမြိုသွားနိုင်သည့် အေးစက်သော သူ့မျက်လုံးများက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်မှ သူ့အပေါ် ကျရောက်နေသော အကြည့်အများစုသည် လွှဲဖယ်သွားကြသည်။
“ဘာလုပ်နေတာလဲ?”

လီယွမ်မင်က ဂရုမထားမိပါ။ သူက ဘာမှမဟုတ်သလို တောက်လောင်နေသော မျက်လုံးများကို ကြည့်ကာ မျက်ခုံးများကို အနည်းငယ်ပင့်လျက် ရှေ့သို့ တိုးသွားသည် ။

“ခေါင်းဆောင်ဟော်ပါလား၊ ငါမင်းကိုမတွေ့တာကြာပြီ၊ အားလုံးအဆင်ပြေရဲ့လား?”

“ကွမ်အန်းဘုရင်ရဲ့ ဂရုစိုက်မှုကြောင့် အားလုံးအဆင်ပြေပါတယ်”

ဟော်ကျန်သည် လှည့်ပြီး မြင်းပေါ်ကဆင်းလိုက်သည်။ သူ့လက်များကို ဆုပ်ကာ အရိုအသေပေးလိုက်သည်။ ခေါင်းကို မော့ရင်း သူ့အကြည့်က လီယွမ်မင်၏ မျက်နှာတစ်ဝိုက်ကို ငြိမ်သက်စွာ အကဲခတ်လိုက်သည်။

သူ လီယွမ်မင်ကို မတွေ့သည်မှာ တစ်နှစ်ကျော်လောက်ရှိပြီဖြစ်သည်။ ဒီကွမ်အန်းဘုရင်က တကယ့်ကို ပိုပိုပြီး… အသက်ရှုမှားလောက်ဖွယ် မက်မွန်ပွင့်လို မျက်နှာပေါ်က စူးစိုက်သော အကြည့်ကို မြင်ရသော် သူသည် သူ့နှလုံးသားကို ကြောင်တစ်ကောင်က ကုတ်ခြစ်နေသလို ခံစားလိုက်ရပေမယ့် သူ့မျက်နှာပေါ်တွင် မရိုမသေအမူအရာကိုတော့ မပြဝံ့ပါ။ တကယ်တော့ သူသည် အရင်တည်းက အရှုံးနှင့် တွေ့ကြုံဖူးပါသည်။

လီယွမ်မင် ခေါင်းညိတ်လိုက်သည်။ သူက ပတ်ပတ်လည်ကို လှမ်းကြည့်ရင်း ပြုံးပြီး ပြောသည် “ဒီတိုက်ပွဲက ထူးထူးဆန်းဆန်း ထိတ်လန့်စရာကောင်းတယ်။ အားလျဲ့၊ လူတွေကို မြန်မြန်ပြန်ဆုတ်ခိုင်းလိုက်။ မသိတဲ့သူတွေက ထောင်ဖောက်ပြီး အကျဉ်းသားတွေကို ကယ်ထုတ်ဖို့ ငါတို့ဒီကို ရောက်နေတယ်လို့ ထင်နေလိမ့်မယ်”

နီလျဲ့က သူ့ကိုကြည့်တော့ လီယွမ်မင်က အသာအယာ ခေါင်းညိတ်ပြသည်။ သူ့လည်စလုပ် လှုပ်ရှားသွားသည်။ အချက်ပြရန် လက်ကို မြှောက်လိုက်ရာ သူ့နောက်မှ စစ်သည်များက နာခံခဲ့သည်။ သူတို့အားလုံးသည် ဓားရှည်များကို သိမ်းကာ တစ်ဖက်သို့ ဆုတ်သွားကြသည်။

ဟော်ကျန်သည်လည်း ထိုနည်းတူ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။ သူ့နောက်က ခရိုင်တပ်သားများကိုလည်း ဆုတ်ရန် အမိန့်ပေးလိုက်သည်။ ခရိုင်အကျဉ်းထောင်ရှေ့က စုရုံးနေသောလူအုပ်သည် ချက်ချင်းပင် ပြန့်ကျဲသွားသည်။ ဟော်ကျန်သည် နံဘေးမှ ထူးထူးခြားခြား လှပသော မျက်နှာကို ကြည့်ပြီး သူ့လည်ချောင်းက လှုပ်ရှားသွားသည်။ ဒီအခွင့်အရေးကို အသုံးချပြီး ရှေ့သို့ လှမ်းတက်ပြီး ဦးညွှတ်ကာ အလွန်ရိုးသားသော လေသံဖြင့်-

“အရှင့်သား ဒီစစ်သူကြီးကို အပြစ်မတင်ပါနဲ့။ ဒီစစ်သူကြီးက အကောင်းအဆိုးမပြောနိုင်လို့ မဟုတ်ပါဘူး။ ဒါက… ဒီခရိုင်အကျဉ်းထောင်လို အရေးကြီးတဲ့နေရာကို ခွင့်ပြုချက်မရှိဘဲ ဘယ်လိုလုပ် ဝင်ခွင့်ပေးနိုင်မှာလဲ? မင်းမျိုးမင်းနွယ်တွေအတွက်လည်း တူတူပါပဲ… ဒီအရာရှိက တကယ့်ကို အပြစ်ပြုမိပါတယ်”

“အဲ့ဒါက ကြီးကြီးမားမားကိစ္စ မဟုတ်ပါဘူး” လီယွမ်မင်သည် တင်းကျပ်စွာပိတ်ထားသည့် ခိုင်ခံ့သောခရိုင်အကျဉ်းထောင်တံခါးကို တစ်ချက်ကြည့်လိုက်သည်။ သူ့အင်္ကျီလက်အနားကို ခါကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည် “အစကတည်းက ပန်ဝမ်အိမ်တော်က ကလေးတွေက ခေါင်းမာပြီး ဆိုးကြတယ်။ ငါ့ကိုယ်စား ရွှင်ထိုင်လူကြီးမင်းက ဆုံးမပေးတာ ကောင်းတဲ့ကိစ္စပါပဲ။ ဒါကြောင့် ဒီလိုအသေးအဖွဲကိစ္စနဲ့ ပတ်သက်ပြီး ငါတို့က ခေါင်းဆောင်ဟော်ကို အခက်တွေ့အောင် ဘယ်လိုလုပ် လုပ်နိုင်မှာလဲ?”

“ဒီလိုအခက်အခဲနဲ့ ပတ်သက်ပြီး စာနာနားလည်ပေးတဲ့ ကွမ်အန်းဘုရင်ကို အရမ်းကျေးဇူးတင်ပါတယ်”

ဤမျှနီးကပ်စွာ ရှိနေခြင်းကြောင့် ကျောက်စိမ်းကဲ့သို့ ချောမွေ့နေသော သူ့မျက်နှာပေါ်ရှိ ဖြူစင်နူးညံ့သော အသားအရေကို ရှင်းရှင်းလင်းလင်း သူတွေ့မြင်နိုင်ခဲ့သည်။ သင်းပျံ့သောရနံ့တစ်ခုသည် သူ့နှာခေါင်းထဲသို့ ဝင်ရောက်လာကာ သူ့ကို ပို၍ပင် စိတ်လှုပ်ရှားစေပြီး လည်ချောင်းပင် ခြောက်လာသည်။ ဟော်ကျန်သည် အသက်ရှုရသည်မှာ နည်းနည်းမောလာပြီး သူ့မျက်လုံးများက ထိုပါးလွှာသော နှုတ်ခမ်းများဆီသို့ ရွေ့လျားသွားပြီးနောက် သူ့နောက်ကျောက ရုတ်တရက် အေးစက်သွားသလို ခံစားလိုက်ရသည်။

ထိုလူ၏ နောက်တွင် ဖိနှိပ်ထားသော ကြောက်မက်ဖွယ်ရာ အကြည့်တစ်ခု ရှိနေသည်။ဟော်ကျန်​၏ နှလုံးသည် ခုန်ထွက်မတတ်ပင်ဖြစ်ပြီး ချက်ချင်း သူ့အကြည့်ကို ဖယ်လိုက်သည်။

အသာအယာ ချောင်းဟန့်လိုက်ပြီး- “အဲ့ဒါဆိုရင် ကျွန်တော်မျိုးကို သွားခွင့်ပြုပါအုန်း”

“ခေါင်းဆောင်ဟော် နေလို့ရပါတယ်” လီယွမ်မင်သည် နှုတ်ခမ်းများ အနည်းငယ်တွန့်ကာ “ပန်ဝမ်က အခုပဲ ရွှင်ထိုင်လူကြီးမင်းကို နှုတ်ဆက်မလို့။ ခေါင်းဆောင်ဟော် ဘာမှလုပ်စရာမရှိရင် ဘာလို့အတူတူ မလိုက်တာလဲ?”

“ပထမတန်းစား ရှီဖုန့်သေရည် ၁၀အိုး” လီယွမ်မင်က ရထားလုံးကို လက်ညှိုးထိုးပြပြီး သူ့နှုတ်ခမ်းပေါ်က အပြုံးက နက်ရှိုင်းလာပြီး “ခေါင်းဆောင်ဟော်က ငါ့ကို စိတ်ပျက်စေတာပဲ!”

“ဒါ…”

ဟော်ကျန်သည် တခဏမျှ တုံ့ဆိုင်းသွားပြီး သူ့ကို ခေတ္တစိုက်ကြည့်သည်။ သူ့မျက်လုံးများ ကျဉ်းမြောင်းလာကာ ချက်ချင်း ဦးညွှတ်လိုက်ပြီး-

“ဒါဆို ယဉ်ကျေးတာထက် နာခံတာက ပိုကောင်းပါတယ်”

PCTG
Author: PCTG

ဝိုး.. လားလား.. ရှင်ဘုရင်လေးလား...

Private: အရင်ဘဝက ပုန်ကန်ခဲ့တဲ့စစ်သူကြီးနဲ့ ကိုယ်ဝန်ရသွားပြီ။

Private: အရင်ဘဝက ပုန်ကန်ခဲ့တဲ့စစ်သူကြီးနဲ့ ကိုယ်ဝန်ရသွားပြီ။

朕怀了前世叛将的崽
Score 8
Status: Ongoing Type: Author: Artist: , Released: 2020 Native Language: Chinese
အညွှန်း အအေးနန်းဆောင်မှာ ကြီးပြင်းလာရတဲ့ မင်းသားက တစ်ရက်မှာတော့ ချစ်ခင်ရတဲ့သူကြောင့် ရုပ်သေးဘုရင်ဖြစ်လာရတယ်။ သူ မသေခင်မှာမှ သူက တခြားသူတွေအတွက် အာဏာနဲ့ လိုအင်ဆန္ဒအတွက် အသုံးချခံပစ္စည်းဆိုတာကို သိလာခဲ့ရတယ်။ မြို့တော် ကျရှုံးသွားပြီးတဲ့နောက် နှစ်များစွာ အကျဉ်းချခံခဲ့ရတဲ့သူက သူ့မျက်နှာကို ဖျက်ဆီးခံလိုက်ရပြီးတော့ ပိုးကြိုးဖြူနဲ့ သူ့ရဲ့ ကြေကွဲဖွယ်ဘဝကို အဆုံးသတ်ခဲ့ရတယ်။ သူက သူ့ငယ်စဉ်ဘဝကို ပြန်ရောက်လာပြီးတဲ့အခါမှာတော့ အနောက်ခြံဝန်းမှာ တော်ဝင်ကလေးတစ်သိုက်ဆီက နင်းခြေခံနေရတဲ့ သစ္စာဖောက်စစ်သူကြီးကို တွေ့လိုက်ရတယ်။ ထိုသူက သူ့အတိတ်ဘဝတုန်းက မြို့တံခါးကို သွေးနဲ့ဆေးခဲ့တဲ့ သူပုန်သူရဲကောင်းဖြစ်တယ်။ လီရွှမ်းမင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ဒဏ်ရာအပြည့်နဲ့ကလေးကို နန်းဆောင်ဆီ တိတ်တဆိတ် ခေါ်ဆောင်သွားပြီး ပြည်သူတွေနဲ့ သူ့အပေါ်မှာ ရှိတဲ့ ရန်ငြှိုးတချို့တလေကို ပြေလျော့အောင် လုပ်နိုင်ဖို့ မျှော်လင့်ခဲ့တယ်။ ++++ နှစ်အတော်ကြာပြီးနောက်မှာတော့ နယ်ခြားကို ငြိမ်သက်စေခဲ့ပြီးတဲ့ စစ်သူကြီးက နန်းတော်ကို ပြန်လာခဲ့တယ်။ သူ ပထမဆုံး လုပ်တဲ့အလုပ်က သူ့အိမ်တော်ကို ပြန်သွားတာ မဟုတ်ဘဲနဲ့ အတွင်းဆောင်ဆီကို တန်းသွားတာပဲ ဖြစ်တယ်။ အရှင်မင်းမြတ်ရဲ့ဖိနပ်၊ ခြေအိတ်တွေကို ချွတ်ပေးပြီးတော့ ခြေဖဝါးကို ညင်ညင်သာသာနဲ့ ဆေးကြောပေးခဲ့တယ်။ “ဒီအမှုတော်ထမ်းက ဒီနှစ်တွေမှာ သူ့ရှင်မင်းအတွက် အမှုတော်ကို ကြိုးကြိုးစားစား ထမ်းရွက်ရင်း ပျော်ရွှင်စရာတွေနဲ့ လွဲချော်ခဲ့ပါတယ်” အရပ်မြင့်မြင့်နဲ့ အရှိန်အဝါကြီးတဲ့ စစ်သူကြီးရဲ့ မျက်လုံးတွေက ပူလောင်လာတယ်။ “ဒါကြောင့် အရှင်မင်းမြတ် အနေနဲ့ အရှင်မင်းနဲ့ လက်ထပ်ဖို့ကို ခွင့်ပြုပေးသင့်ပါတယ်” 

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset