အရင်ဘဝက သစ္စာဖောက် စစ်သူကြီး၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ
အခန်း ၁၅
အပြင်မှာ နေဝင်ရီတရောအချိန်ဖြစ်၍ နေရာတိုင်းတွင် အနက်ရောင် ခြုံလွှာ ဖုံးထားသကဲ့သို့ ဖြစ်နေသည်။ လီယွမ်မင်သည် အစက ဘယ်သူမှန်း ရှင်းရှင်းလင်းလင်းမမြင်ရသဖြင့် စူးစမ်းကြည့်မှသာလျှင် “တော်ဝင်သမားတော်ဟော်လား?”
ရင်းနှီးနေသော မျက်နှာကို လှမ်းမြင်လိုက်သောအခါတွင် သူ့မျက်နှာမှာ ဝမ်းသာစွာ မအံ့ဩဘဲ မနေနိုင်ဘဲ “ကျစ်ဟော်!”
မူလက လူချင်းပြန်တွေ့ဖို့ ခက်ခဲမယ်လို့ ထင်တဲ့အတွက် လီယွမ်မင်သည် ဝမ်းသာပီတိဖြစ်ပြီး ဘာလုပ်ရမှန်းပင် မသိတော့ပါ။ ကမန်းကတန်းထပြီး နှုတ်ဆက်လိုက်သည်။ သို့သော် အမြန်ထလိုက်သည့်အတွက် အဆုံးတွင် သူ့ဒဏ်ရာများကို ဆုတ်ဖြဲလိုက်သလိုဖြစ်သွားသည်။ နာကျင်စွာ မညည်းတွားဘဲ မနေနိုင်တော့ပါ။ ခဏလောက် မျက်နှာပူသွားကာ ဟော်ယွင်ယိ့ဆီသို့ ထော့နဲ့ထော့နဲ့ လျှောက်သွားလိုက်သည်။
သူက ကျေနပ်ပြီး ပျော်ရွှင်နေပေမယ့် တစ်ဖက်သား၏ မျက်နှာကို မြင်လိုက်ရတော့ အရှိန်နှေးသွားပြီး သူ့မျက်နှာပေါ်က အပြုံးသည် တဖြည်းဖြည်း အေးခဲသွားသည်။
တစ်ဖက်သားတွင် နားမလည်နိုင်သည့် အရိပ်အယောင်များ ရှိနေသည်။ သူ့ကို တွေဝေစွာသာ ကြည့်နေခဲ့သည်။
လီယွမ်မင်သည် အကြောင်းပြချက်ကို မသိပါ- “ကျစ်ဟော်?”
ဟော်ယွင်ယိ့က လှောင်ပြောင်သော အပြုံးဖြင့် “ခူသိ့သင်းနဲ့ အရိုးကျိုးမြက်က အအေးဓာတ်ရှိပြီး အပူနဲ့ အဆိပ်အတောက်တွေကို ကင်းစင်စေကာ အိုင်းနာ ရောင်ရမ်းခြင်းကို လျှော့ချပေးတယ်။ သွေးလည်ပတ်မှုကို မြှင့်တင်ပေးပြီး နာကျင်မှုကို သက်သာစေတယ်။ ကြွက်သားတွေကို အားကောင်းစေပြီး အရိုးတွေကို သန်မာစေတယ်။ သူတို့ နှစ်မျိုးကို ရောစပ်လိုက်ရင် အလွန်ကောင်းမွန်တဲ့ ပြင်ပဆေးတွေဖြစ်တယ်”
အပြင်လူ မည်သူမျှ နားမလည်နိုင်သော ဤစကားများကို ကြားသောအခါတွင် လီယွမ်မင်သည် ခေါင်းမှ ခြေဖျားထိ တုန်လှုပ်သွားကာ သူ့မျက်နှာသည် ဖြူဖျော့လာပြီး “ကျစ်ဟော်…”
သို့သော် ဟော်ယွင်ယိ့သည် သူ့တုံ့ပြန်မှုကို ဂရုစိုက်ပုံမပေါ်ဘဲ သူ့ကိုယ်သူသာ ပြောနေခဲ့သည် “ဒါပေမဲ့ နှစ်မျိုးလုံးကို ပါးစပ်က တွဲစားရင်တော့ ကြွက်သားနဲ့ အရိုးတွေကို နာကျင်၊ မငြိမ်မသက်ဖြစ်စေပြီး တည်ငြိမ်ဖို့ ခက်လိမ့်မယ်… အထူးသဖြင့် ဒါက သားရဲတွေအတွက် မှန်တယ်”
ဟော်ယွင်ယိ့က လီယွမ်မင်ကို ဖျတ်ခနဲ ကြည့်ရင်း သူ့မျက်လုံးများက မှိန်မှိန်ဖျော့ဖျော့ အနက်ရောင် ရေကန်တစ်ကန်အလားပင် “ပြင်ပဆေးတွေကို သတိထားပြီး သုံးဖို့လိုကြောင်း တတိယအရှင့်သားကို ကျွန်တော်မျိုး အကြိမ်တစ်ထောင်လောက် ညွှန်ကြားခဲ့တာ မှတ်မိပါတယ်။ မှားပြီးမသောက်မိအောင် အသုံးပြုပြီးရင် လက်ကို ချက်ချင်းဆေးကြောသန့်စင်ဖို့ ပြောခဲ့ပါတယ်။ မမျှော်လင့်ဘဲ တတိယအရှင့်သားရဲ့နှလုံးသားထဲမှာ တောင်ကုန်းနဲ့ ချိုင့်ဝှမ်းတွေ ကြာရှည်စွာရှိနေခဲ့ပြီး အရာအားလုံးကို ကြံ့ကြံ့ခံနေရတယ်ဆိုတာကို သိပါတယ်။ ကျွန်တော်မျိုးလို အရေးမပါတဲ့လူအတွက် အနှောင့်အယှက်ဖြစ်ဖို့ မလိုအပ်ပါဘူး”
သူသည် တော်ဝင်သမားတော်မိသားစုတွင် မွေးဖွားခဲ့သည်။ ဟော်မိသားစုဝင်များသည် အနံ့ခံအာရုံကောင်းပြီး အခြားသူများက မယှဉ်နိုင်ပေ။ အခြားသူများ မသိနိုင်သော်လည်း ထိုနေ့တွင် ကျားပေါ်ရှိ ဆေးပင်အနံ့နှစ်မျိုးကို သူ အနံ့ခံမိသည်။
“ဆေးကျမ်း” အတွင်း၌ ရေးထားသည်များကို တစ်ဖက်လူက ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ဘဲ ပြောထွက်လာအောင် လှုံ့ဆော်ခဲ့ပြီး ၎င်းကို သူသည် ပျင်းရိဖွယ်စကားဝိုင်းတစ်ခုအဖြစ် ယူဆကာ ယင်းကိစ္စကို မစဉ်းစားဘဲ ပြောဆိုခဲ့သည်။ သို့သော် သူသည် အစတည်းက တစ်ဖက်လူ၏ အကြံအစည်ထဲသို့ ကျရောက်သွားမယ်လို့ မမျှော်လင့်ထားခဲ့ပါ။
“ကျစ်ဟော်…” ခွန်အားမဲ့သောခံစားချက်တစ်ခုသည် သူ့နှလုံးသားထဲသို့ ဝင်ရောက်လာသည်။ လီယွမ်မင်သည် စကားပြောရန် ပါးစပ်ဟလိုက်ပေမယ့် အချည်းနှီးပင် “ငါပြောတာကို နားထောင်ပါ…”
သူ့တစ်ကိုယ်လုံး လှုပ်ခါပြီး သူ့နှလုံးသားက အမှောင်ထဲ နစ်မြုပ်ကာ ချောက်ထဲ ကျသွားသလို ခံစားလိုက်ရသည်။ သူရှင်းပြချင်ပေမယ့် ဘာပြောရမှန်းမသိပါ– သူသည် အမှန်စင်စစ် သူ့ကို အသုံးချခဲ့သည်။
သို့သော် သူ့မှာ တကယ့်ကို တခြားရွေးစရာ မရှိခဲ့ပါ။ ပြန်လည်မွေးဖွားလာတောင် သူ့လက်ထဲမှာ အရာအနည်းငယ်သာရှိပြီး ခြေတစ်လှမ်းလှမ်းရန်ပင် ခက်ခဲလှသည်။ ယခင်ဘဝက အိပ်မက်ဆိုးများကို ထပ်ခါထပ်ခါမက်ရင်း သူသည် ဤအညစ်အကြေးတွင် အချည်းနှီး ထပ်တလဲလဲ ရုန်းကန်နေရသော သူ့ကိုယ်သူသာ ကြည့်နေနိုင်ခဲ့သည်။ သို့သော် သူသည် တကယ့်ကို ပြင်ပလောကသို့ ပြေးထွက်ချင်နေခဲ့သည်။
အထူးညွှန်ကြားချက်များပေးပြီး သူ လိမ်းဆေးအဆီပို့ပေးသည့်နေ့မှစ၍ ကျားကို လွှတ်ပေးရန် စိတ်ကူးကို သူတွေးမိခဲ့သည်။ အစီအစဉ်မလွဲချော်တာ သေချာစေရန် သူသည်… ဆေးများ၏ သဘောသဘာဝအကြောင်းကို သူပြောထွက်လာစေရန် အမှန်တကယ် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့သည်။
“ကျစ်ဟော်…” လီယွမ်မင်သည် လည်ချောင်းထဲတွင် ခါးသီးနေပြီး မဆုံးနိုငိသော ခါးသီးမှုများက သူ့ကို ဖုံးလွှမ်းသွားပေမယ့် သူ ဘာမှ မပြောနိုင်ခဲ့ပါ။
ဘယ်နေရာကနေ စပြောသင့်လဲ? ဘယ်လို ပြောသင့်လဲ?
“ကျစ်ဟော်” ဟူသော စကားလုံးနှစ်လုံးကို ကြားလိုက်ရသည်နှင့် ဟော်ယွင်ယိ့၏ ခန္ဓာကိုယ်သည် တုန်ခါသွားပြီး မိမိကိုယ်ကို အပြစ်တင်သော အရိပ်အယောင်တစ်ခု သူ့နှုတ်ခမ်းပေါ်တွင် လွင့်ပျံလာသည်။
သူနှင့် ပထမဆုံးအကြိမ်တွေ့တုန်းက သူတို့နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက် မသိကြပါ။ သို့သော် သူသည် သတိရတစ်ဝက် နိုးတစ်ဝက်ဖြင့် ကျစ်ဟော်ဟု အေးစက်စွာ အော်ဟစ်ခဲ့သည်။ ဒီကျစ်ဟော်သည် သူ့ကို တစ်သက်မှာ ပထမဆုံးအကြိမ် သနားခဲ့သည်။ ထိုမှသာ သူတို့နှစ်ဦး ခင်မင်ရင်းနှီးလာကြသည်။
ပြင်ပလူသည် ပါဝင်ပတ်သက်သူများထက် ပိုမိုရှင်းလင်းစွာ မြင်နိုင်သည်။ ယခု သူစဉ်းစားမိသည်မှာ ထိုအချိန်က သူသည် တော်ဝင်သမားတော်ဝင်းထဲသို့ ဝင်ရောက်လာသည်မှာ မကြာသေးဘဲ ငယ်ရွယ်သော မထင်မရှား တော်ဝင်သမားတော်တစ်ဦးသာလျှင်ဖြစ်သည်။ အေးခဲနန်းဆောင်မှာ အချိန်အတော်ကြာ နေထိုင်ခဲ့သော မင်းသားတစ်ပါးသည် သူ့အကြောင်း သတင်းပေးသူမရှိဘဲ ဘယ်လိုလုပ်သိနိုင်မှာလဲ? သူတို့နှစ်ယောက် ပထမဆုံးစတွေ့ကတည်းက သူ့ထောင်ချောက်ထဲသို့ ရောက်သွားမှာကို သူကြောက်ပါသည်။
ကြည်လင်ပြီး အပြစ်ကင်းသော မျက်လုံးတစ်စုံရှိသည့် လူတစ်ယောက်မှာ ဒီလိုနက်နဲသော အတွေးအမြင်များ မထင်မှတ်ထားစွာ ရှိနေခဲ့သည်။
ဒီကာလ တွေ့ဆုံခြင်းများ၏ ပျော်ရွှင်မှု၊ သူငယ်ချင်းဖွဲ့လိုသော စိတ်ပါလက်ပါ စကားလုံးများ၊ သူ့ခန္ဓာကိုယ်အတွက် စိုးရိမ်ပူပန်မှုများ…. အခုတော့ အားလုံးသည် ဟာသတစ်ခုဖြစ်ပုံရသည်။
သူ့အဖေက သူ့အတွက် အမြဲတမ်း ဂုဏ်ယူနေခဲ့ပြီး တင်းကြပ်မှု မရှိသလောက်ပင်။ သို့သော် ဆောင်းဦးရာသီရွေးချယ်ပွဲနေ့ညက ဘိုးဘေးဗိမာန်ရှေ့တွင် သူ့ကို အလျင်စလို သော့ခတ်ကာ ဒေါသတကြီး ကြိမ်းမောင်းခဲ့သည်။
“ငယ်စဉ်ကတည်းက ပြောင်းလဲတတ်တဲ့ လူ့သဘောကို မြည်းစမ်းကြည့်ဖူးတဲ့ အေးခဲနန်းဆောင်က ရွံရှာဖွယ်အမျိုးသမီး ဖျော်ဖြေရေးသမားတစ်ယောက်ရဲ့သားက မင်းထင်ထားသလို ဘယ်လိုလုပ် ပျော့ညံ့နိုင်မှာလဲ? သူက အကြံအစည်အကောင်အထည်ဖော်ဖို့ မင်းလို ဘယ်ဘက်တရားရုံးက မဖြစ်စလောက် တော်ဝင်သမားတော်ကို လိုမယ်လို့ထင်လား?”
“ကျားကို လွှတ်ပေးတဲ့ကိစ္စ၊ မင်း ဒါကို တခြားသူတွေဆီကနေ ဝှက်ထားနိုင်ပေမယ့် မင်းငါ့ကို ဖုံးကွယ်လို့ မရဘူး”
“အရှင်မင်းကြီးက ပညာရှိပေမယ့်လည်း ဒီသူငယ်ရဲ့ အရူးလုပ်ခြင်းကို ခံရတယ်။ မင်းကိုယ်မင်း ဘာထင်နေလဲ? မင်းက သူများ အသုံးချစရာ အဆင်ပြေတဲ့ လက်နက်တစ်ခုသာသာပဲ!”
“မင်းဟာ ဟော်မိသားစုက ဆင်းသက်လာတဲ့သူဆိုတာကို မှတ်မိသေးရင်၊ ဟော်မိသားစု ပျက်စီးတာကို မင်းမမြင်ချင်ဘူးဆိုရင် ဒီနေ့ကစပြီး သူနဲ့ အဆက်အသွယ်ဖြတ်ရလိမ့်မယ်”
“ကျစ်ဟော်! ကျေးဇူးပြုပြီး လမ်းကြောင်းမှန်ပေါ်ကို ပြန်သွားပါ”
စာကြောင်းတိုင်းနှင့် စကားလုံးတိုင်းသည် သူ့နားထဲသို့ မိုးခြိမ်းသံအလား သူ့နှလုံးသားနှင့် ဝိညာဉ်ကို လုံးလုံးကွဲသွားစေခဲ့သည်။
ဟော်ယွင်ယိ့သည် တွေဝေစွာ အကြိမ်အနည်းငယ် ရယ်မောလိုက်သည်။ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ပြီးနောက် မြဲမြံစွာ မတ်တပ်ရပ်လိုက်ပြီး သူ့မျက်နှာပေါ်မှ အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
သူသည် သူ့ရင်ဘတ်ထဲမှ လိမ်းဆေးအဆီဘူးကို ကိုင်လိုက်ပြီး သူ့ကိုယ်သူ ရယ်ကာ “ဒီတစ်ခါ အရှင့်သားကိုတွေ့ဖို့ ဆင်ခြေမျိုးစုံရှာခဲ့တာ ကျွန်တော်မျိုး ရူးနေတာဖြစ်ရမယ်”
“ဒါပေမဲ့ ဟော်မိသားစုနာမည်နဲ့ ကျွန်တော်မျိုးက တစ်ယောက်ယောက်နဲ့ မိတ်ဖွဲ့တဲ့အခါ အမြဲတမ်း လိပ်ပြာသန့်ပါတယ်။ ဒါကြောင့် ဒီနေ့ မှန်မှန်ကန်ကန် အဆုံးသတ်ဖို့ ကျွန်တော်မျိုးကိုယ်တိုင်လာခဲ့တယ်လို့ ယူဆကြရအောင်”
သူ့လက်ကို ရွှေ့ပြီး လိမ်းဆေးအဆီကို သူ့ရှေ့သို့ ထားလိုက်သည်။
“ဒါက ခူသိ့သင်းနဲ့ အရိုးကျိုးမြက်နဲ့ လုပ်ထားတဲ့ ဒဏ်ရာသက်သာစေတဲ့ဆေးပါ။ အရှင့်သားရဲ့ ပြစ်ဒဏ်ကြောင့် ရလာတဲ့ ဒဏ်ရာတွေကို ကုသရာမှာ ဒီထက်ကောင်းတဲ့ဆေးမရှိပါဘူး…”
သူ့လေသံက တဖြေးဖြေး ငြိမ်သက်သွားပြီး သူ့ခံစားချက်များ အားလုံး ပျောက်ကွယ်သွားသည်။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ သူသည် တိုးညှင်းစွာ ပြောလိုက်သည် “ဒီတစ်ခါတော့ အရှင့်သား လွဲမှားစွာ မသုံးဘူးလို့ ကျွန်တော်မျိုး မျှော်လင့်ပါတယ်”
အခု ပြန်သွားလို့ မရတော့ပါ။
အရာအားလုံးသည် ဘယ်တော့မှ ပြန်မလာနိုင်ဘူးဆိုတာ သူသိပါသည်။ ဒီအချစ်ဆုံးသူငယ်ချင်းကို သူ လုံးဝဆုံးရှုံးသွားသည်။ လီယွမ်မင်သည် သူ့ဘဝ နှစ်ခုတွင် ချစ်ခင်ရသောသူ များများစားစား မရှိပေ။ ဤတစ်ဦးမျှသာ ရှိပြီး ယခုလည်း ဆုံးရှုံးခဲ့ရပြီ။
အရာအားလုံးသည် ဒဏ်ခတ်ခံရခြင်းပင်။
စက္ကန့်ပိုင်းလေးအတွင်းမှာ သူ ရုတ်တရက် လီယွမ်ရွှိ့အကြောင်း တွေးလိုက်မိသည်။ သူသည် နီလျဲ့ကို မဆင်မခြင် အရှက်ခွဲပြီး ချောင်ကန်းကို လက်တုံ့ပြန်ရန် နည်းလမ်းမှန်သမျှကို စဉ်းစားစဉ်အချိန်က အသေးအဖွဲကိစ္စရပ်အနည်းငယ်ဟုသာလျှင် မှတ်ယူခဲ့သည်။ သို့သော်လည်း ထိုအရာသည် အနာဂတ်နေ့ရက်တစ်ရက်ရက်တွင် သူနှင့် မင်းဆက်တစ်ခုလုံးကို အသေသတ်ရန် ဖိအားပေးမည့် အရာတစ်ခုဖြစ်လာခဲ့သည်။
ကံတရား၏ သိမြင်မှုက သူ့အလိုလို ပေါ်လာခဲ့သည်။
သူသည် ယခင်ဘဝက သူရဲဘောကြောင်ခဲ့ပေမယ့် ဟော်ယွင်ယိ့ကို ရိုးရိုးသားသား ဆက်ဆံခဲ့ပြီး သူ့ကို ဘယ်တော့မှ လှည့်စားခြင်း သို့မဟုတ် အသုံးချခြင်းမပြုခဲ့ပါ။ ထိုလူစားမျိုးသည် ဟော်ယွင်ယိ့နှင့် မိတ်ဖွဲ့ရန် ပိုထိုက်တန်ပါသည်။ ဒီဘဝက လွတ်မြောက်ချင်စိတ်သာရှိသောသူနှင့် မထိုက်တန်ပါ။ ဘယ်လောက်ပဲ ရူးသွပ်နေပါစေ၊ သူသည် ဟော်ယွင်ယိ့ကိုပင် အသုံးချခဲ့သည်။ နောက်ဆုံးတော့ ဒီစစ်မှန်သော ခံစားချက်ကို သူစွန်းထင်းစေခဲ့ပြီ။
ဤကမ္ဘာကြီးတွင် နေထိုင်ကြသော လူသားအားလုံးသည် မိမိတို့၏ လုပ်ရပ်အတွက် တာဝန်ယူရမည်ဖြစ်သည်။
ဟော်ယွင်ယိ့သည် အဝေးသို့ ရောက်သွားပြီဖြစ်သည်။ ယခုအချိန်မှစပြီး စိတ်နှလုံးတစ်ခုလုံးနှင့် မိတ်ဖွဲ့ရန် ရက်များ ထပ်မရှိတော့ပေ။ ဒီတစ်ခါတော့ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကတောင် မသက်ဆိုင်၊ မယှဉ်သာတော့သည့်အလား သူ့နှလုံးသားက ကြေကွဲပြီး နာကျင်နေပါသည်။
သူသည် ဟော်ယွင်ယိ့ကို ဆုံးရှုံးသွားခဲ့သည်။ ဒီဘဝတွင် သူဆုံးဖြတ်ခဲ့သော ဆုံးဖြတ်ချက်တစ်ခုကြောင့် အလွန်အရေးကြီးသောအရာကို ဆုံးရှုံးခဲ့ရသည်။
လီယွမ်မင်သည် လိမ်းဆေးအဆီဘူးကို ကောက်ယူပြီး ဖြည်းညှင်းစွာ ငုတ်တုတ်ထိုင်ချလိုက်ပြီး သူ့မျက်လုံးအိမ်များမှ မျက်ရည်ပေါက်ကြီးငယ်များ စီးကျလာသည်။
ကံကြမ္မာ၏ ရှေ့တွင် ရပ်နေသော သူသည် ပိုးကောင်တစ်ကောင်လို အရေးမပါလှပေ။
***
ခရီးထွက်တဲ့နေ့မှာ ရာသီဥတုက မကောင်းပါ။ အုံ့မှိုင်းပြီး မှောင်မည်းနေခဲ့သည်။
ကြီးကျယ်ခမ်းနားသော အခမ်းအနားတစ်ခုမျှ မရှိပါ။ စည်းမျဉ်းများအတိုင်း ဧကရာဇ်အိမ်တော်ဌာနမှ စီစဉ်ထားသော အစောင့်၅၆ယောက်ပါသော တစ်တန်းသာလျှင် ရှိသည်။
သူတို့ကို လိုက်ပါပို့ဆောင်ပေးသူ တစ်ဦးမှာ ဆောင်းဦးရာသီရွေးချယ်ပွဲနေ့က နီလျဲ့အတွက် စကားပြောဆိုပေးခဲ့သော လီမောက်သာလျှင် ဖြစ်သည်။ သူနှင့်အတူ အရပ်ရှစ်ပေ မြင့်သော လူနှစ်ယောက် လိုက်ပါလာခဲ့သည်။
လီမောက်၏ မုတ်ဆိတ်မွေးနှင့် ဆံပင်များက ဖြူဖွေးနေပြီး သူ့မျက်နှာပေါ်တွင် ဘဝ၏ လောကဓံတရားများကြုံတွေ့ခဲ့ရမှန်း ပေါ်လွင်နေပါသည်။ စစ်မြေပြင်မှာ အနီးကပ်တိုက်ပွဲဝင်ခဲ့သော စစ်သူကြီးသည် နောက်ဆုံးတွင် သာမန်အဖိုးကြီးတစ်ဦးပုံသာ ပေါ်သည်။ သူက နီလျဲ့ပခုံးကို ပုတ်ပြီး “လူတော်လေး၊ သွားပြီး ကိုယ့်ကိုယ်ကို ကောင်းကောင်း ဂရုစိုက်”
သူ့သူငယ်ချင်းဟောင်းနှင့် ဆင်တူသော မျက်နှာကို ကြည့်လိုက်တော့ စစ်တပ်၏ အငြင်းပွားမှု အမှတ်တရများကို နှိုးဆွလိုက်ပုံပေါ်သည်။ သူ့မျက်လုံးထောင့်မှ မျက်ရည်များနှင့်အတူ လီယွမ်မင်ကို မျက်နှာမူကာ လေးလေးနက်နက် ဦးညွှတ်လိုက်ပြီး “ကျေးဇူးတင်ပါတယ် တတိယအရှင့်သား”
သူက ဘာကို ကျေးဇူးတင်တယ်ဆိုတာကို မထောက်ပြခဲ့ပါ။ လီယွမ်မင်က သူ့ကို ထရန် အမြန်ကူလိုက်ပြီး လီမောက်သည် သူ့နောက်မှ အဖော်နှစ်ယောက်ကို ခေါ်လိုက်သည်။
“ဒီနှစ်ယောက်က ကျွန်တော်မျိုး စစ်တပ်ရဲ့ လက်ထောက်နှစ်ယောက်ဖြစ်တဲ့ ကျန်းလုံနဲ့ ကျိုးသ့ဝူပါ။ သူတို့က အလွန်ကြမ်းတမ်းပေမယ့် သစ္စာလည်း ရှိကြပါတယ်။ သူတို့ကို တတိယအရှင့်သားရဲ့ အမိန့်ကို လိုက်နာရန် ယခုလက်လွှဲပေးအပ်လိုက်ပါ့မယ်”
လီယွမ်မင်၏ မျက်လုံးများက ပူလာသည်။ သူ့ရှေ့က စစ်သူကြီးသည် ကြမ်းတမ်းသော စစ်သည်ဖြစ်ပေမယ့် သူ့အတွေးများက စေ့စေ့စပ်စပ်ရှိမှန်း သူသိပါသည်။ သူသည် အသုံးပြုစရာ ဘယ်သူမှမရှိဘဲ အကျဉ်းအကျပ်ထဲတွင် ရောက်နေသည်ကို သူမြင်နိုင်သည်။
ယခုအချိန်တွင် သူ ထပ်ငြင်းဆိုခြင်းမရှိတော့ဘဲ လေးနက်စွာ အရိုအသေပေးလိုက်ပြီး “ကျေးဇူးတင်ပါတယ် စစ်သူကြီးဟောင်းလီ”
သူက ခဏလောက် တုံ့ဆိုင်းသွားသည်- “စစ်သူကြီး၊ ယွမ်မင် နောက်ထပ် တောင်းဆိုစရာတစ်ခု ရှိပါသေးတယ်”
“အိုး? တတိယအရှင့်သား၊ ကျေးဇူးပြု၍ လွတ်လွတ်လပ်လပ် ပြောပါ”
ဒီကိစ္စက လီစစ်သူကြီးအတွက် တကယ့်ကို ခက်ခဲပေမယ့် လီယွမ်မင်မှာ တခြားရွေးချယ်စရာ မရှိပါ။ နောင်တွင် နီလျဲ့၏အာဏာရှင်စနစ်ကို တွေးတောပြီး တစ်ခါလောက် ကြိုးစားကြည့်ရန် အားထုတ်ကာ “ဖြစ်နိုင်ရင် နီစစ်သူကြီးရဲ့သမီး နီယင်းကို ကယ်တင်နိုင်မယ့် နည်းလမ်းတွေကို ရှာပေးဖို့ လီစစ်သူကြီးကို တောင်းဆိုချင်ပါတယ်။ အခု သူမဟာ ကျောက်ဖန်းဌာနခွဲမှာ အကျဉ်းချခံထားရပြီး အသက် ရှစ်နှစ်ပဲ ရှိပါသေးတယ်”
သူသည် ခေတ္တရပ်တန့်ပြီး အနည်းငယ်ရှက်သွားသည်– “ကျ… ကျွန်တော်က နိမ့်ကျတဲ့လူမို့လို့ ကျွန်တော့်အထင်က သိပ်အရေးမပါပါဘူး။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ပေးပို့တဲ့သတင်းနဲ့ ပတ်သက်ပြီး ဘာသတင်းမှမရတော့ အင်ပါယာတရားရုံးတော်ရှေ့မှာပဲ ပျောက်ဆုံးသွားပုံရတယ်။ ကျွန်တော့်မှာ တခြားရွေးချယ်စရာတွေ တကယ်မရှိဘူး၊ ဒါကြောင့် လီစစ်သူကြီးက နီစစ်သူကြီးအတွက် အားထုတ်ပေးဖို့ မျှော်လင့်ပါတယ်”
နီလျဲ့သည် လေးလေးနက်နက် အကူအညီတောင်းနေသောသူကို ကြည့်ကာ ခေါင်းမှ ခြေဖျားအထိ တစ်ကိုယ်လုံး တုန်ရင်နေခဲ့သည်။ သူ၏ လက်ရှိအခြေအနေများကို သူ ဘယ်လိုလုပ် မသိနိုင်ဘဲနေမှာလဲ? သူကိုယ်တိုင်က တစ်ခုခုကို တောင်းဆိုရန် ပါးစပ်ဟနိုင်စွမ်း မရှိခဲ့ပါ။ ထို့ကြောင့် သူသည် ထိုကိစ္စကို နှလုံးသားထဲတွင် နက်နဲစွာသာလျှင် ချုပ်တည်းထားခဲ့ရပြီး ညတိုင်း စိတ်ပူပင်စွာဖြင့် အိပ်ရာပေါ်တွင် လှိမ့်နေခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ လီယွမ်မင်သည် သူ့နှလုံးသားထဲက အရာကို အမှတ်ရခဲ့သည်။
သို့သော် လီမောက်သည် အခက်အခဲဖြစ်သည့်ဟန် မပြခဲ့ပေ။ သူ၏မျက်နှာသည် ကြည်ညိုလေးစားမှုအပြည့်ဖြင့် “တတိယအရှင့်သား၊ စိတ်ချချနေပါ။ ဒီနေ့ ဆွေးမြည့်နေတဲ့ အဖိုးကြီးတစ်ဦးသာ ရောက်ရှိလာခဲ့ပေမယ့် နယ်မြေအတွင်းမှာ ဖြောင့်မတ်တဲ့ စစ်သူကြီးများစွာ ရှိပါတယ်။ ဒီဆွေးမြည့်နေတဲ့ အဖိုးကြီးက အဲဒီ့စစ်သူကြီးတွေနဲ့အတူ သူ့ကို ကယ်ဆယ်ဖို့ ဖြစ်နိုင်တဲ့ နည်းလမ်းတိုင်းကို သေချာပေါက် တွေးပါ့မယ်။ လတ်တလော သူ့ကို လွတ်မြောက်အောင် မကူညီနိုင်ရင်တောင် အနည်းဆုံးတော့ သူ့ကို တိတ်တဆိတ် စောင့်ရှောက်နိုင်ပါတယ်။ ဒါကြောင့် နှစ်ယောက်စလုံး စိတ်ချမ်းချမ်းသာသာနေကြပါ”
နီလျဲ့၏ မျက်လုံးများ နက်မှောင်ကာ ဘာမှ မပြောပေ။ သူသည် ဒူးသာ ထောက်ပြီး လီစစ်သူကြီးဟောင်းဆီသို့ မြေပြင်နှင့် ခေါင်းကို ပြင်းပြင်းထန်ထန် တိုက်ပြီး သုံးကြိမ် အရိုအသေပေးလိုက်သည်။
“ကောင်လေး၊ မင်းဒီလိုလုပ်စရာမလိုဘူး” သူသည် နီလျဲ့ကို ထရန် ကူညီလိုက်ပြီး “မင်းအဖေနဲ့ ငါက တစ်ယောက်ကို တစ်ယောက် စာနာတယ်။ သူက ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သစ္စာဖောက်မဟုတ်ဘူးဆိုတာကို ငါယုံတယ်။ အခြားအကြောင်းပြချက်ရှိရမယ်။ ဒီအဖိုးကြီးက ဒီနေ့အထိ အမှောင်ထဲကနေ စုံစမ်းနေတုန်းမို့ အခု မင်း ကိုယ့်ကိုယ်ကို သေချာဂရုစိုက်ဖို့ပဲလိုတာ။ ယခုအချိန်ကစပြီး နီစစ်သူကြီးလို မားမားမတ်မတ် ရပ်တည်နိုင်တဲ့ လူကောင်း၊ အရှက်တရားနဲ့ မထိုက်တန်တဲ့ လူစစ်စစ်ဖြစ်ရမယ်!”
နီလျဲ့သည် လက်သီးများကို တင်းတင်းဆုပ်ကာ ခေါင်းညိတ်သည်။
စစ်သည်များက စကားထပ်ပြောဖို့ အဆင်မပြေတော့မှန်း လာတိုက်တွန်းသည့်အတွက် တစ်ယောက်ကို တစ်ယောက် လေးနက်စွာ နှုတ်ဆက်လိုက်ကြသည်။
လေးလံသောမြို့တော်တံခါး ပွင့်လာပြီး စစ်သည်များနှင့် မြင်းတစ်စု၏ အစောင့်အရှောက်အောက်တွင် သာမန်အရောင်ရှိသော ရထားလုံးသည် မြို့တော်မှ ဒုန်းစိုင်းပြေးထွက်လာခဲ့သည်။
လီယွမ်မင်သည် ဝေါယာဉ်၏ ကန့်လန့်ကာကို မလိုက်ပြီး အဆက်မပြတ် ရွေ့လျားနေသည့် မြင့်မားသော မြို့တံခါးများနှင့် သူတို့ထွက်ခွာသွားသည်ကို သူ့နေရာတွင် ရပ်လျက်ကြည့်နေသော လီစစ်သူကြီးဟောင်းကို လှမ်းကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် သူတွေးထားသလို စိတ်လှုပ်ရှားမှုမရှိဘဲ အထီးကျန်ဆန်သော အထိအတွေ့သာ ရှိသည်။
စစ်သည်များသည် ကျယ်ပြောပြီး မထင်မရှားကမ္ဘာကြီးတွင် လျှောက်သွားခဲ့ကြသည်။
ရှစ်ချန် (၁၂ နာရီ) ထက်ဝက်ခန့် သွားပြီးနောက် သူသည် လက်ထဲက ဆေးသေတ္တာလေးကို ကိုင်ပြီး ပြောလိုက်သည် ။
“ရပ်!”
တပ်ဖွဲ့ခေါင်းဆောင်က လက်ဝှေ့ယမ်းကာ ရပ်တန့်ရန် အမူအရာပြလိုက်သည်။ နီလျဲ့က ကန့်လန့်ကာကိုဖွင့်ပြီး သူဆင်းရန် ကူညီပေးခဲ့သည်။
လီယွမ်မင်က အနည်းငယ် ချောင်းဆိုးလိုက်ပြီး “မင်းတို့ ဒီမှာ ခဏစောင့်”
အထီးကျန် သစ်ပင်ငယ်လေး တစ်ပင်ရှိသော သိပ်မဝေးလှသည့် တောင်ကုန်းလေးတစ်ခုဆီသို့ သူတစ်ဦးတည်း လျှောက်သွားလိုက်သည်။
မလှုပ်မယှက် မတ်တပ်ရပ်ပြီး သူ့ရင်ဘတ်ထဲက ကျောက်စိမ်းဆွဲသီးတစ်စကို ထုတ်ယူလိုက်သည်။ သူ့မျက်လုံးများ ငုံ့ကာ ၎င်းကို ဂရုတစိုက်ကြည့်ရင်း တောက်ပနေသော ဤကျောက်စိမ်းဆွဲသီးကို ဖြတ်၍ နွေးထွေးသော မျက်နှာကို သူမြင်နိုင်ခဲ့သည်။ သူ ထိတ်လန့်သွားပြီး ထင်ယောင်ထင်မှားများ ပျောက်ကွယ်သွားသည်။
သက်ပြင်းတစ်ချက်ချရင်း သစ်သားချောင်းတစ်ချောင်းကို ရှာကာ မြေကြီးထဲတွင် တွင်းနက်နက်တစ်ခု တူးပြီးနောက် ကျောက်စိမ်းဆွဲသီးနှင့် ဆေးသေတ္တာငယ်ကို ထည့်လိုက်သည်။ ခဏလောက်ကြည့်ပြီးတော့ မြေကြီးနှင့် ဖုံးလိုက်သည်။
မတ်တပ်ထရပ်ကာ မီးခိုးငွေ့ထဲတွင် အစက်အပြောက်တစ်ခုလို ဖြစ်နေသော မြို့တော်ကို တွေဝေစွာ သူ ကြည့်လိုက်သည်။
ကျစ်ဟော်၊ နှုတ်ဆက်ပါတယ်။
လေပြင်းတစ်ချက် တိုက်ခတ်သွားသည်။ အသာအယာ သက်ပြင်းချပြီး သူ အနောက်ကို လှည့်ကြည့်လိုက်တော့ နီလျဲ့က သူ့နောက်မှာ ရပ်နေတာကို တွေ့လိုက်ရသည်။ သူ့ကို ကြည့်နေသည်မှာ ဘယ်လောက်ကြာပြီလဲ မသိပါ။
ကောင်လေးက လေထဲမှာ မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရတော့ သူ၏ဝမ်းနည်းပူဆွေးမှုများက အကြောင်းတစ်ခုခုကြောင့် တော်တော် သက်သာရာရသွားသည်။ သူက အနည်းငယ် ပြုံးပြပြီး သူ့ကို မျက်နှာမူလိုက်သည်။
လေပြင်းတစ်ချက် ထလာသည်။ တပ်၏အလံသည် ယိမ်းထိုးကာ အသံထွက်လာသည်။ အထီးကျန် လင်းယုန်ငှက်သည် ကြီးမားသောမုန်တိုင်းများကြားမှာ ကျယ်ပြောလှသော ကောင်းကင်တွင် ရစ်ဝဲကာ ကျယ်ပြောသော ကမ္ဘာကြီးအတွင်း၌ ပျံသန်းနေသည်။ လီယွမ်မင်သည် နီလျဲ့၏လက်ကို ဆုပ်ကိုင်လိုက်သည်။
“အားလျဲ့၊ သွားကြရအောင်”