PCTG

အပိုင်း (၁၄)

အရင်ဘဝက သစ္စာဖောက် စစ်သူကြီး​၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ

အခန်း ၁၄

နီလျဲ့သည် မူလက ရဲရိုတရားရုံးတွင် ယာယီအခြေချနေထိုင်ခဲ့သော်လည်း ယနေ့နံနက် အစောပိုင်းတွင် အနောက်နန်းဆောင်သို့ ပို့ဆောင်ခံခဲ့ရသည်။ သူနှင့်အတူ အနောက်နန်းဆောင်အား အထပ်ထပ် စောင့်ကြပ်ရန် နန်းတော်အစောင့် ၂၀ကျော်ပါလာခဲ့သည်။

ဧကရာဇ်မင်သယ်သည် လူအများ၏စိတ်နှလုံးကို နှစ်သိမ့်ရန် ဤကဲ့သို့ပြုမူသည်ကို လူတိုင်းက ကောင်းကောင်း သတိထားမိကြပါသည်။ သို့သော် နီလျဲ့သည် အပြစ်ရှိသောအရာရှိ၏ သားစဉ်မြေးဆက်တစ်ဦးဖြစ်သည့်အပြင် ပြင်ပလူတစ်ဦးဖြစ်သောကြောင့် ပြဿနာများဖြစ်ပွားမည်ကို ရှောင်ရှားရန် ကွမ်အန်းဘုရင်က သူနှင့်အတူခေါ်ဆောင်ပြီး လင်နန်လက်အောက်ခံနယ်မြေဆီသို့ မထွက်ခွာမီ သူက ပိုပြီးသတိထား စောင့်ကြပ်စေခဲ့သည်။

အပြင်မှာ လူတွေနှင့် ပြည့်ကျပ်နေပေမယ့် အနောက်နန်းဆောင်ထဲမှာတော့ လူသူကင်းမဲ့နေသည်။ လီယွမ်မင်​၏ ဖြစ်ရပ် ဖြစ်ပွားပြီးနောက် ချိုးချန်နှင့် သုံးယွဲ့သည်လည်း ကြိမ်ဒဏ်၁၀ချက်စီ အသီးသီးကျခံရန် ဆွဲခေါ်ခံခဲ့ရသည်။ အခု သူတို့ ပြန်ကောင်းလာဖို့အတွက် အနောက်နန်းဆောင်​၏ နောက်ဖေးကွက်လပ်မှာ အနားယူနေကြပါပြီ။ နန်းတော်မီးဖိုဆောင်မှ အတွင်းအစေခံများက အားလုံးအတွက် အစားအသောက်များကို ယူဆောင်လာပေးသည်။

မူလက လီယွမ်မင်သည် ဒဏ်ရာတစ်စုံတစ်ရာမရရှိစဉ်က အခြားသူများ၏ ပြုစုမှုမှ မကင်းကွာနိုင်သော မင်းသားတစ်ပါးမဟုတ်ပေ။ သို့သော် သူ၏တင်ပါးရှိဒဏ်ရာများသည် မပျောက်သေးသောကြောင့် ဒီနေ့ရက်များတွင် သူ့အတွက် အတော် ခက်ခဲလာခဲ့သည်။
နန်းဆောင်အတွင်း ခစားနေသော အစေခံများ မရှိပေ။ ကုတင်ပေါ်တွင် လဲလျောင်းနေသော လီယွမ်မင်မှလွဲ၍ လွတ်လွတ်လပ်လပ် သွားလာနိုင်သော နီလျဲ့သာလျှင် ရှိသည်။ သူသည် ဤမင်းသား၏အိမ်ကို အချိန်အတော်ကြာ လှည့်ပတ်ကြည့်ရှုပြီး ဘေးက နန်းဆောင်ကဲ့သို့ ခမ်းနားထည်ဝါခြင်းမရှိကြောင်း သိလိုက်ရသည်။ ယိုယွင်းပျက်စီးနေပြီး ခြံဝင်းအတွင်းက ပေါင်းပင်များသည် လူတစ်ယောက်​၏ ဒူးလောက်ပင် မရှည်တော့ဘဲ နှင်းများစိုရွှဲကာ တောထနေသည်။ ထုပ်တန်းပေါ်မှာ ဆေးများ ကွာကျနေပြီး အတွင်းမှ အညိုရောင် ပြောက်ကျားပေါ်နေသည်မှာ အတော် ညိုးငယ်နေပုံပေါက်သည်။

နီလျဲ့သည် ငယ်စဉ်ကတည်းက ရဲရိုတရားရုံးသို့ မ၀င်ရောက်ခဲ့သော်ငြား ဒါသည် အရေးပေးခံရသော မင်းသားတစ်ပါး​၏ ဆက်ဆံခံရမှု မဟုတ်ဘူးဆိုတာကိုတော့ မြင်နိုင်ပါသေးသည်။

ဆောင်းဦးရာသီရွေးချယ်ပွဲနေ့က အခြေအနေကို တွေးရင်း နီလျဲ့သည် ကုတင်ပေါ်မှာ မျက်လုံးမှိတ်ကာ အနားယူနေသော ဖြူဖျော့ဖျော့နှင့် ပိန်လှီသောလူကို မကြည့်ရက်နိုင်ပေ။

အနောက်နန်းဆောင်သို့ရောက်ကတည်းက ထိုလူသည် တော်တော်လေး မောပန်းနွမ်းနယ်နေပုံပေါ်ကာ အမြဲ အိပ်မောကျနေပါသည်။ သူနိုးလာချိန်က သိပ်မကြာလှသော်လည်း သူ့စိတ်က ပြေလျော့သွားပုံပေါ်သည်။ ရံဖန်ရံခါ သူ့ကိုယ်သူကြည့်ရင်း၊ ရံဖန်ရံခါ ပြုံးရင်း စကားနည်းနည်းသာ ပြောပါသည်။

နီလျဲ့သည် နန်းတော်၏ စည်းမျဥ်းစည်းကမ်းများကို တစ်ခါမှ မလေ့လာဖူးပေ။ သူ့ကို “စာသင်ဖော်”ဆိုသည့် ဂုဏ်ပုဒ်ပေးထားပေမယ့် အမှန်တကယ်တော့ သူသည် ရိုင်းစိုင်းပြီး ယဉ်ပါးရန် ခက်ခဲသော ထိန်းမနိုင် သိမ်းမရသည့် လူတစ်ဦးသာဖြစ်သည်။

လီယွမ်မင်သည် မူလက သူကိုယ်တိုင် ဘေးဆောင်ကို သပ်သပ်ရပ်ရပ် သန့်ရှင်းပြီး ဘေးခန်းတွင် တစ်ညတာ ယာယီအနားယူစေရန် အလိုရှိခဲ့သည်။

သို့သော် နီလျဲ့သည် သူ့ဘာသာသူ စတင်လုပ်ဆောင်ကာ ဘေးဆောင်သို့သွားပြီး လီယွမ်မင်၏ အိပ်ရာရှေ့သို့ ကွပ်ပျစ်ရှည်ကို ရွှေ့ခဲ့သည်။ ရရာဖန်တီးဖို့ ဘယ်လို သိသည်မသိ၊ ချည်ဖောင်းကြွမွေ့ရာကိုတောင် ရှာတွေ့ခဲ့သည်။

လီယွမ်မင်က သက်ပြင်းချလိုက်သည်။ ဒီကလေးသည် အချိန်တိုအတွင်းမှာ စည်းကမ်းများနှင့် လိုက်လျောညီထွေ မဖြစ်နိုင်ဘူးဆိုတာ သူ့စိတ်က သိထားသောကြောင့် သူနှင့် လိုက်လိုက်လျောလျောနေရုံသာ တတ်နိုင်သည်။

ညနက်နက်တွင် လီယွမ်မင်သည် ဆီးသွားချင်စိတ်ကြောင့် နိုးလာခဲ့သည်။ သူသည် သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို ခက်ခက်ခဲခဲ ထောက်လိုက်သည်။ ပုံမှန်အတိုင်း လှုပ်ရှားချင်စိတ်နှင့် သူ့ကိုယ်သူ ဖြေလျှော့ရန် အိမ်သာဆီသို့ ရုန်းကန်သွားရမည်။ ကပျာကယာထပြီး နာကျင်မှုကြောင့် လဲကျသွားခဲ့သည်။

ကန့်လန့်ကာကို စုတ်တံဖြင့် မလိုက်သည်။

နီလျဲ့ကို တွေ့သည်။

သူက ဘာမှမပြောပါ။ လီယွမ်မင်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အချိန်အတော်ကြာပြီးနောက် လက်ဝှေ့ယမ်းပြီး သူ့ကိုတွဲကူရန် ဟန်ပြလိုက်သည်။

“…ငါ ဆီးသွားချင်တယ်”

နီလျဲ့သည် သူ့လက်ကိုမကမ်းဘဲ လှည့်ပတ်ကြည့်ရန် ခေါင်းကိုသာလှည့်ကာ သူအသုံးပြုသည့် ဆီးအိုးတစ်လုံးကို ထုတ်လိုက်ပြီး လီယွမ်မင်ကို ပေးသည်။ လီယွမ်မင်သည် ခဏလောက် ကြောင်သွားပြီး မျက်နှာရဲလာကာ သူ့လက်ကို သူ့ဆီသို့ လက်လှမ်းလိုက်သည်။

“ငါ့ကို အိမ်သာသွားဖို့ ကူညီပါ”

နီလျဲ့သည် မျက်မှောင်ကြုတ်လိုက်သည်။ သူ ဘာကြောင့် ဆီးအိုးကို မသုံးဘဲ ချန်ထားခဲ့ပြီး အိမ်သာသွားဖို့သာ ဆန္ဒရှိနေသည်ဆိုတာကို သူ မသိပါ။ သို့သော် သူဘာမှမပြောတော့ဘဲ သူ့ညွှန်ကြားချက်အတိုင်း လိုက်နာကာ ကူညီပေးလိုက်သည်။ ဖြူဖျော့သော အသားအရည်၊ ခြေထောက်အစုံ တုန်တုန်ယင်ယင်ကိုမြင်ပြီး သူ့ဒဏ်ရာကို ရှောင်ရှားကာ သူ့အပေါ် မှီစေပြီး မင်းသမီးလေးလို အလွယ်တကူ သယ်ဆောင်လာခဲ့သည်။

လီယွမ်မင်၏ ခန္ဓာကိုယ်သည် သေးငယ်သော်လည်း အနည်းဆုံး သူ့ထက် သုံးနှစ်ခန့် ပိုကြီးပါသည်။ ယခုအချိန်တွင် နီလျဲ့သည် ဆယ်နှစ်သားလေးသာရှိသေးသော်လည်း သူ့ကို အလွယ်တကူ မနိုင်သည်။ သူ့ခွန်အားသည် အခြားသူများထက် သာလွန်သည်ကို ရုတ်တရက် သတိရသွားစေသည်။ သူ့တွင် ရှားပါးသော တွေ့ရန်ခက်ခဲလှသည့် သူရဲကောင်းဆန်သော စစ်သူကြီးလို တောင်များကို ဆွဲနှုတ်ကာ ပက်လက်လှန်နိုင်သည့် အစွမ်းရှိသည်။

သို့သော် အခုချိန်မှာတော့ သူသည် ကယ်တင်ခြင်းခံထားရသော၊ တိတ်ဆိတ်သော ရာဇ၀တ်သားတစ်ဦး​၏ သားသာ ဖြစ်ပါသည်။

လီယွမ်မင်၏ နှလုံးသားထဲတွင် နားလည်ရခက်သည့် ခံစားချက်မျိုးစုံရှိနေသည်။ သူသည် နီလျဲ့၏ လည်ပင်းကို ဆုပ်ကိုင်ကာ အသာအယာ ချောင်းဆိုးလိုက်သည်။

“မင်းဒီလိုလုပ်စရာမလိုပါဘူး”

“ဒါက ပိုအဆင်ပြေတယ်”

လူတွေကို စကားမပြောတာကြာလှပြီဖြစ်သော ကောင်လေး​၏ အသံသည် အက်ရှကာ အချိုးမပြေဖြစ်နေသည်။

နီလျဲ့က သူ့ကို အိမ်သာဆီသို့ သယ်လာပြီး နေရာချပေးသည်။ သူ့အောက်ခံဘောင်းဘီကို ချွတ်ဖို့ ကူညီပေးခါနီးမှာ လီယွမ်မင်က သူ့ကို အမြန်တားလိုက်တော့ သူ့နားရွက်ထိပ်လေးများ နီရဲလာခဲ့သည်။

“မင်း ငါ့ကို အပြင်မှာပဲ စောင့်လို့ရတယ်”

နီလျဲ့ မထွက်သေးတာကို မြင်လိုက်ရတော့ သူ့မျက်လုံးများကို အသာအယာ မော့ကြည့်ကာ နီရဲလျက် ‘သွားတော့’ဟု ပြောလိုက်သည်။

နီလျဲ့၏ အနက်ရောင်မျက်လုံးများက သူ့ကို တစ်ချက်ငုံ့ကြည့်ပြီး ကန့်လန့်ကာကို ချလိုက်ကာ အပြင်ဘက်သို့ ဆုတ်ခွာသွားသည်။ အချိန်အတော်ကြာပြီးနောက် အတွင်းမှ တစ်တောက်တောက်ကျသံ ထွက်လာသည်။

နီလျဲ့သည် ဘာ့ကြောင့် ဆီးသွားလျှင် ထိုင်သွားရမှန်း မသိပါ။ နန်းတော်ရှိ တော်ဝင်မျိုးနွယ်များ၏ စည်းမျဉ်းများဖြစ်မည်ဟု တွေးကာ ခဏတာ ပဟေဠိဖြစ်သွားခဲ့သည်။

အထဲမှ “ပြီးပြီ”ဟူသော တိုးတိုးလေးပြောသံကြားတော့ နီလျဲ့က ကန့်လန့်ကာကိုဖွင့်ပြီး အထဲဝင်သွားလိုက်သည်။ တစ်ဖက်လူ​၏ မျက်နှာက အရင်ကထက် ပိုနီလာသလိုထင်ရပြီး မောပန်းခြင်း သို့မဟုတ် နာကျင်ခြင်းမှလားမသိ ချွေးအချို့ ထွက်နေသည်။

“မလိုပါဘူး…”

နီလျဲ့သည် အစက ထိုအချိန်တွင် သူ​၏ ပြင်းထန်သော ဒဏ်ရာများကြောင့် ဆီးမထိန်းနိုင်လျှင် ထိုညစ်ပတ်သောအရာများကို သန့်ရှင်းဖို့ သူကူညီမည်ဟု ပြောချင်ခဲ့သည်။ သူလုပ်ပေးသောအရာသည် သူနှင့်ယှဉ်လျှင် ဘာမှမဟုတ်ပေ။ သို့သော် နီလျဲ့သည် အစက တိတ်ဆိတ်နေပြီး တစ်ဖက်လူ​၏ အနီရောင်နားရွက်ထိပ်ဖျားကို မြင်လိုက်ရသော် သူရပ်လိုက်သည်။

ခဏအကြာတွင် လီယွမ်မင်က သူ့ပခုံးကို ပုတ်ကာ “ငါ့ကို ပြန်သယ်သွားပေးပါ”

နီလျဲ့သည် သူ့ခါးမှ ချီလိုက်ပြီး ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် လီယွမ်မင်ထံမှ အသံအနည်းငယ်ထွက်လာသည်ကို ရုတ်တရက် ကြားလိုက်ရသည်။

“ငါက…”

နီလျဲ့သည် သူ့အား ငုံ့ကြည့်တော့ သူ့မျက်လုံးများ လှုပ်ရှားနေသည်ကို တွေ့လိုက်ရသည်။ လရောင်အောက်တွင် သူသည် တုန်ယင်နေသလို အနည်းငယ် အားနည်းပါသည်။ သွေးရောင်မရှိသောနှုတ်ခမ်းများကိုစေ့ကာ တိုးတိုးလေး ပြောသည် “ငါက ဒွိလိင်တစ်ယောက်ပါ”

နီလျဲ့သည် ခြေလှမ်း အနည်းငယ် နှေးသွားသည်။ လက်ရှိ နီမြန်းနေသော သူ့မျက်နှာနှင့် တစက်စက်မြည်သံကို ရုတ်တရက် သတိရလိုက်သောအခါ နားလည်ရခက်သော ခံစားချက်တစ်ခုက သူ့နှလုံးသားမှာ ပြည့်နှက်သွားပြီး ပြောဖို့ခက်သော သွေးတိုးသလို၊ ဝမ်းနည်းသလို၊ တစ်ခုခု ဆုံးရှုံးသလိုဖြစ်ခဲ့သည်။

နီလျဲ့သည် ခေတ္တမျှ ကြက်သေသေသွားသည်။ နီလျဲ့သည် လက်မောင်းများကို အားထည့်လိုက်ပြီး
အိပ်ဆောင်ဆီသို့ ခြေလှမ်းကျဲကျဲလှမ်းလိုက်သည်။

***

ဖြစ်ရိုးဖြစ်စဉ်အတိုင်းဆိုလျှင် လီယွမ်မင်အား ကွမ်အန်းဘုရင်ဘွဲ့ အပ်နှင်းခံရသောအခါ နန်းဆောင်အားလုံးမှ လက်ဆောင်ပဏ္ဏာများကို ရက်ရက်ရောရော ပြင်ဆင်ကြပြီး အနောက်နန်းဆောင်သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက် ဂါရဝပြုကြပြီး ချီးကျူးဂုဏ်ပြုရန် သူနှင့် တွေ့ဆုံရမည်ဖြစ်သည်။

သို့သော် ဧကရာဇ်နန်းဆောင်များအားလုံးသည် ကြိုတင်မတိုင်ပင်ဘဲ တူညီစွာလုပ်ဆောင်ပြီး နှုတ်ဆိတ်နေခဲ့ကြသည်။

အနောက်နန်းဆောင်သည် ရှေးယခင်ကကဲ့သို့ပင် ဆိတ်သုဉ်းပြီး တိတ်ဆိတ်နေသည်။

လီယွမ်မင်သည် ထုံးစံအတိုင်း ဒီလိုအခြေအနေမျိုးမှာသာ နေချင်ခဲ့သူပါ။ ဒီတိတ်ဆိတ်သောရက်အနည်းငယ်အတွင်းမှာ သူ​၏ဒဏ်ရာသည် တဖြည်းဖြည်း သက်သာလာပါသည်။ နောက်ထပ်နှစ်ရက်အကြာမှာတော့ အိပ်ရာကနေ ထနိုင်တော့မှာဖြစ်သည်။ လမ်းလျှောက်ရတာ နည်းနည်းတော့ ခက်ခဲပါသည်။ အိပ်ဆောင်မှ နန်းဆောင်တံခါးဝအထိသွားရန် အမွှေးတိုင်တစ်တိုင်စာလောက် အချိန်ယူရပါသည်။ သူ့စိတ်အခြေအနေသည် တစ်ရက်တစ်ရက် ပိုပို တောက်ပလာပါသည်။

မြို့တော်မှ လွတ်မြောက်ရန် နေ့ရက်သည် မကြာမီအချိန်အတွင်းမှာ ရောက်ရှိလာတော့မည်ဖြစ်ပြီး ကွယ်ဝှက်ထားသော ရည်ရွယ်ချက်များနှင့် နှောင့်ယှက်မယ့်သူလည်း မရှိပါ။ သူသည် စိတ်သက်သောင့်သက်သာဖြစ်ပြီး ကျေနပ်နေသည်။ သူ့ဘဝနှစ်ခုလုံးတွင် စိတ်သက်သောင့်သက်သာရှိသော နေ့ရက်များမှာ သိပ်မရှိလှပေ။ ဒီတိတ်ဆိတ်သော ရက်အနည်းငယ်သည် သူ့အတွက် ကောင်းကင်ဘုံကို ကျေးဇူးတင်ရန်လုံလောက်ပါသည်။

သို့သော် သူ မမျှော်လင့်ထားသည့်အရာမှာ ဧကရီဘုရင်မ စဉ်းမာ ကြွချီလာခြင်းဖြစ်သည်။

သို့သော် တစ်ဖက်လူ ခရီးစဉ်၏ ရည်ရွယ်ချက်မှာ သူ မဟုတ်မှန်း သိသာထင်ရှားပါသည်။ သူမသည် ခံ့ညားထည်ဝါစွာ ဝင်လာပြီး စကားအနည်းငယ်မေးမြန်းပြီးနောက် အနောက်နန်းဆောင်​၏ အစေခံများနေထိုင်ရာ နန်းဆောင်အနောက်ဘက်သို့ အမြန်လှည့်သွားသည်။

ဧကရီဘုရင်မ စဉ်းမာသည် နန်းဆောင်အနောက်ဘက်မှ ပြန်လာသောအခါ သူမဘေးနားရှိ အစေခံခေါင်းဆောင်ထံမှ များပြားပြီး လေးလံသောလက်ဆောင်များသည် ပျောက်ကွယ်သွားခဲ့ပါပြီ။

လီယွမ်မင်သည် နန်းဆောင်တံခါးဝတွင် တလေးတစား ရပ်ကာ ဧကရီဘုရင်မ စဉ်းမာ ထွက်ခွာသွားသည်ကို စောင့်ကြည့်နေခဲ့သည်။ နန်းတော်မှ လူတစ်စုသည် ဇိမ်ကျကျ ထမ်းစင်နှင့်အတူ အဝေးသို့ ပျောက်ကွယ်သွားသောအခါ ခေါင်းကို လှည့်ကာ နန်းဆောင်​၏ အနောက်ဘက်သို့ လေးလေးနက်နက် ကြည့်နေခဲ့သည်။

ညစာစားပြီးနောက် လီယွမ်မင်က ချိုးချန်နှင့် သုံးယွဲ့ကို သူ့ရှေ့သို့ ခေါ်လိုက်သည်။

သူတို့နှစ်ဦး၏ ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။ ရက်အနည်းငယ်ကြာအောင် ငြိမ်သက်စွာ လှဲလျောင်းနေပြီးနောက် သူတို့၏ ဆိုးရွားသော အသားအရည်မှာ အတော်လျော့ပါးသွားခဲ့သည်။

သုံးယွဲ့သည် ယခင်အတိုင်း ထုံထုံထိုင်းထိုင်းပင် ဖြစ်သည်။ သို့သော် ချိုးချန်​၏ ဆံထုံးတွင် ယခင်က တစ်ခါမှ မမြင်ဖူးသော တန်ဖိုးကြီးသည့် ငှက်ပုံသဏ္ဍာန်ကျောက်စိမ်းဆံထိုးကို ထိုးထားသည်။သူမ၏မျက်နှာသည် ယခင်က စိုးရိမ်ပူပန်မှုများနှင့် ညည်းညူမှုများမှ ပြောင်းလဲသွားခဲ့ကာ ပျော်ရွှင်နေသော အတွေးကို ဆင်မြန်းထားလျက် နူးညံ့ပျော့ပျောင်းပြီး အလွန်လှပစွာ မတ်တပ်ရပ်နေပါသည်။ လီယွမ်မင်သည် သူမကို ကြည့်ပြီး ဖြစ်ပျက်ခဲ့တာကို ကောင်းကောင်း တွေးနေခဲ့ပါသည်။

သူ့နှုတ်ခမ်းများကို လက်သီးနဲ့ ဖိပြီး အသာအယာ ချောင်းဆိုးလိုက်သည်။

“ဒီတစ်​ခါ မင်းတို့နှစ်​​ယောက်​ကို ငါ တကယ်​ဒုက္ခ​ပေးခဲ့တယ်​”

နှစ်ယောက်လုံးသည် အတွေးမတူသော်လည်း ထိတ်လန့်သော အမူအရာများ ရှိကြသည်။

လီယွမ်မင်က ဝိုးတဝါးပြုံးကာ “အရှင်မင်းကြီးက ငါ့ကို ကွမ်အန်းဘုရင်အဖြစ် ခန့်အပ်ပြီး လင်နန်လက်အောက်ခံနယ်မြေကို အပိုင်စားပေးထားတယ်ဆိုတဲ့ သတင်းကို မင်းတို့လည်းသိမယ်ထင်တယ်။ ခုဆို ငါ နေကောင်းနေပြီ။ ဧကရာဇ်အမိန့်ကို လိုက်နာပြီး သဘက်ခါဆို ထွက်ခွာဖို့ အသင့်ဖြစ်နေပြီ။ ဒါကြောင့် ဒီနေ့ည မင်းတို့ရဲ့ အတွေးတွေကို နားထောင်ဖို့ ခေါ်ရခြင်းဖြစ်တယ်”

သူက သုံးယွဲ့ကို အရင်ကြည့်ပြီး “မင်းအတွက်ကတော့ ပြောစရာမလိုဘူးထင်ပါတယ်။ မင်း လာရာဆီကိုပဲ ပြန်သွားမှာမလား?”

သုံးယွဲ့၏ ထုံထိုင်းသောအသွင်အပြင်သည် နောက်ဆုံးတွင် အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ လီယွမ်မင်၏ ဆိုလိုရင်းကို သူမ အလိုလိုနားလည်ပါသည်။ သူမသည် ကျန်းပေဘုရင်ခံမှ နန်းဆောင်အတွင်း ထည့်ထားသော သူလျှိုတစ်ဦးဖြစ်ကြောင်း တစ်ဖက်က သိသောကြောင့် သူသာ ကျန်းပေဘုရင်ခံ၏ မြင့်မားသောအကိုင်းအခက်ကို ကောက်ယူလိုလျှင် သူသည် သူမကို ခေါ်ဆောင်သွားပေလိမ့်မည်။ သို့သော် လက်ရှိအချိန်တွင် သူသည် အနည်းငယ် ကွဲပြားသော အဓိပ္ပာယ်ကို သိသိသာသာ ဆို.နေခဲ့သည်။

နှစ်ကြိမ်စဉ်းစားပြီးနောက် ခေါင်းငုံ့ကာ “ဒီအစေခံက အရှင့်သားရဲ့အမိန့်ကို လိုက်နာပါ့မယ်”

ပြောပြီးတာနဲ့ လီယွမ်မင်က ထွက်ခွာဖို့ ပြောတာကို မစောင့်ဘဲ အပြင်သို့ သူမဘာသာပဲ ထွက်သွားလိုက်သည်။ ယခုသည် ပြန်တင်ပြဖို့ နည်းလမ်းတွေးတောရမည့် အချိန်ဖြစ်သည်။

သူတို့နှစ်ယောက်ကြား စကားပြောတာကို နားထောင်ရင်း ချိုးချန်​၏ နှလုံးသားမှာ စိုးရိမ်ကြောင့်ကြမှုအောက် ကျရောက်နေခဲ့သည်။ သူမ နားမလည်သော အရာတစ်ချို့ ရှိသောကြောင့် သူတို့နှစ်ယောက်ကြားက စကားဝိုင်း​၏ အဓိပ္ပာယ်ကို သူမ မသိခဲ့ပါ။ သို့သော် ထိုကိစ္စကို သူမ ဂရုမစိုက်ပါ။ သူမ ဂရုစိုက်တာက တခြားကိစ္စဖြစ်သည်။

တော်ဝင်သမားတော်ဟော်သည် သူမနှင့် အတူရှိရန် ရည်ရွယ်ချက်မရှိကြောင်းကို အကြိမ်ပေါင်းများစွာ ကြိုးစားပြီးနောက် သိလိုက်ရသောကြောင့် သူမသည် တစ်နေ့တာလုံး စိတ်ဓာတ်ကျနေခဲ့သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က ဤကံဆိုးသူကြောင့် ကြိမ်ဒဏ်ခံခဲ့ရသော်လည်း နောက်ဆုံးတွင် ကံကြမ္မာက သူမအတွက် စိုးရိမ်မှုအချို့ကို ပြသခဲ့သည်။ မနေ့က ဧကရီဘုရင်မ စဉ်းမာမှ သူမကို ပြောခဲ့သော စကားများကို တွေးရင်း သူမ​၏နှလုံးသားထဲမှာ ပျော်ရွှင်မှုလှိုင်းလုံးများ ရှိနေပါသည်။

လီယွမ်မင်သည် သူမ၏ အတွေးနယ်ချဲ့ခြင်းကို အနှောင့်အယှက်ပေးလိုက်သည်။

“ချိုးချန်၊ မင်းငါနဲ့အတူ လင်နန်ကိုလိုက်ဖို့ ဆန္ဒရှိလား?”

ချိုးချန်သည် ရုတ်​တရက်​ ​ခေါင်း​မော့လိုက်​တော့ သူမ မျက်​လုံး​များမှာ အရှုပ်အထွေးများ ရှိ​နေပါသည်။ သူမ​၏ မျက်​နှာ​မှာ အောက်ကျသွားပြီး ​နောက်​ဆုံး​တော့ သူမ ဆုံးဖြတ်ချက်ချလိုက်ကာ ဒူး​ထောက်​လိုက်​သည်​။

“အရှင့်သား၊ ကျွန်တော်မျိုးမကို ခွင့်လွှတ်ပါ”

လီယွမ်မင်က သူမအဖြေကို ကြိုမြင်နေပုံပေါ်ပြီး ခေါင်းညိတ်ပြလိုက်သည်။ သူက ပေါ့ပေါ့ပါးပါး ပြောသည် “လင်နန်က အရမ်းဝေးတယ်၊ ​​မင်း မသွားချင်မှန်း ငါနားလည်ပါတယ်။ မင်းကို ငါ နောက်ဆုံးမေးခွန်းတစ်ခုပဲ မေးမယ်၊ မင်း ဆုံးဖြတ်ချက်ချပြီးပြီလား?”

ချိုးချန်က သူ့စကားမှာ တခြားအရာတွေ ရှိနေတယ်လို့ ခံစားမိပေမယ့် အသေးစိတ်တော့ သူမ မတွေးခဲ့မိပါ။ အံကြိတ်ကာ ပြောလိုက်သည် “ဒီအစေခံက ဆုံးဖြတ်ချက်ချပြီးပါပြီ။ အရှင်မင်းကြီးကို ခစားဖို့ နန်းတော်မှာ နေဖို့ မျှော်လင့်ချက်ရှိပါတယ်”

လီယွမ်မင်သည် ဤအချက်ကို အသုံးပြုပြီး ခက်ခဲသောမေးခွန်းများမေးမည်ကို စိုးရိမ်သဖြင့် “အဲဒါ့က ဧကရီဘုရင်မရဲ့ အကြံအစည်ပါ” ဟု အလျင်စလိုပြောခဲ့သည်။

လီယွမ်မင်သည် အသာအယာ ပြုံးကာ သူ့လက်ကို ပြန်ဆွဲပြီး ဝတ်ရုံလက်အနားကို ခါလိုက်သည်။

“ငါနားလည်ပါတယ်၊ မင်းအခုသွားလို့ရပြီ”

ချိုးချန်သည် မနှောင့်နှေးဝံ့ပေ။ တစ်စုံတစ်ဦးက သူမကို တားဆီးမည်ကို စိုးရိမ်နေသည့်အလား သူမသည် ခေါင်းငုံ့ကာ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။

လီယွမ်မင်သည် အသက်ပြင်းပြင်းရှူလိုက်သည်။

ထို့ကြောင့် ဒီလိုဖြစ်ခဲ့တာကိုး။

ချိုးချန်သည် ချောမောလှပပြီး အင်ပါယာကျောင်းတော်တွင် ကြိမ်ဒဏ်ပေးရန် သူမကို ဆွဲခေါ်လာသည့်နေ့က ဧကရီဘုရင်မ စဉ်းမာ​၏ မျက်လုံးထဲသို့ ဝင်ရောက်ခဲ့ဟန်တူသည်။ အဆုံးမှာတော့ ချိုးချန်သည် သူ၏ယခင်ဘဝက ချိုးချန်နှင့် တူနေဆဲပင်ဖြစ်သည်။ သူမသည် လုံးဝ မပြောင်းလဲခဲ့ပါ။

သူသည် ချိုးချန်နှင့်အတူ မြို့တော်မှ ထွက်ခွာရန် ကြံစည်ခဲ့ပြီး တကယ်တော့ သူသည် သူမအား ဟော်ယွင်ယိ့အပေါ် ကြံစည်ရန် လွှတ်မထားချင်ခဲ့ပါ။ သို့သော် ယခုမူ သူမသည် သူမရွေးချယ်လိုသည့်အရာကို ရွေးချယ်ခဲ့ပြီး ဧကရီနန်းဆောင်အတွင်း အမျိုးသမီး ဖျော်ဖြေရေးသမား ဖြစ်လာမည်ဖြစ်သည်။ ဤတစ်သက်တွင် သူမသည် ဟော်ယွင်ယိ့နှင့် အတူရှိရန် အခွင့်အရေးကို ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။

သူမ ဖြစ်ချင်သလိုပဲ ထားလိုက်မည်။

ကုလားထိုင်ကို မှီ၍ လူသူကင်းမဲ့သော ခြံဝင်းကို ကြည့်ရင်း လီယွမ်မင် သက်ပြင်းချမိပြန်သည်။

ကျစ်ဟော်၊ သူ ဒီကို မရောက်တာကြာပြီ။

သူ မထွက်ခွာခင် သူ့အရင်ဘဝက သူ​၏တစ်ဦးတည်းသော အချစ်ဆုံးသူငယ်ချင်းနှင့် တွေ့ချင်ပါသေးသည်။ လမ်းခရီးက ဝေးပြီး ပြန်လာနိုင်မည့်ရက်ကို သူ မသိပါ။ ဘယ်အချိန် ဘယ်နေရာမှာ တစ်ယောက်နှင့် တစ်ယောက် ပြန်ဆုံနိုင်မလဲဆိုတာ မသိပါ။

သူ့နှလုံးသားက အနည်းငယ် စိတ်ဓာတ်ကျနေတာမျိုးကို ရှောင်လွှဲလို့ မရခဲ့ပါ။

အခြားသူများ၏ မျက်လုံးနှင့် နားများကို ရှောင်ပြီး ကျောက်စိမ်းဆွဲသီးကို ဆေးဆိုင်သို့ပို့ရန် နည်းလမ်းကို စဉ်းစားလို့ မရသေးခင်ပင် ဟော်ယွင်ယိ့သည် လာနေပြီဖြစ်သည်။

PCTG
Author: PCTG

ဝိုး.. လားလား.. ရှင်ဘုရင်လေးလား...

Private: အရင်ဘဝက ပုန်ကန်ခဲ့တဲ့စစ်သူကြီးနဲ့ ကိုယ်ဝန်ရသွားပြီ။

Private: အရင်ဘဝက ပုန်ကန်ခဲ့တဲ့စစ်သူကြီးနဲ့ ကိုယ်ဝန်ရသွားပြီ။

朕怀了前世叛将的崽
Score 8
Status: Ongoing Type: Author: Artist: , Released: 2020 Native Language: Chinese
အညွှန်း အအေးနန်းဆောင်မှာ ကြီးပြင်းလာရတဲ့ မင်းသားက တစ်ရက်မှာတော့ ချစ်ခင်ရတဲ့သူကြောင့် ရုပ်သေးဘုရင်ဖြစ်လာရတယ်။ သူ မသေခင်မှာမှ သူက တခြားသူတွေအတွက် အာဏာနဲ့ လိုအင်ဆန္ဒအတွက် အသုံးချခံပစ္စည်းဆိုတာကို သိလာခဲ့ရတယ်။ မြို့တော် ကျရှုံးသွားပြီးတဲ့နောက် နှစ်များစွာ အကျဉ်းချခံခဲ့ရတဲ့သူက သူ့မျက်နှာကို ဖျက်ဆီးခံလိုက်ရပြီးတော့ ပိုးကြိုးဖြူနဲ့ သူ့ရဲ့ ကြေကွဲဖွယ်ဘဝကို အဆုံးသတ်ခဲ့ရတယ်။ သူက သူ့ငယ်စဉ်ဘဝကို ပြန်ရောက်လာပြီးတဲ့အခါမှာတော့ အနောက်ခြံဝန်းမှာ တော်ဝင်ကလေးတစ်သိုက်ဆီက နင်းခြေခံနေရတဲ့ သစ္စာဖောက်စစ်သူကြီးကို တွေ့လိုက်ရတယ်။ ထိုသူက သူ့အတိတ်ဘဝတုန်းက မြို့တံခါးကို သွေးနဲ့ဆေးခဲ့တဲ့ သူပုန်သူရဲကောင်းဖြစ်တယ်။ လီရွှမ်းမင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ဒဏ်ရာအပြည့်နဲ့ကလေးကို နန်းဆောင်ဆီ တိတ်တဆိတ် ခေါ်ဆောင်သွားပြီး ပြည်သူတွေနဲ့ သူ့အပေါ်မှာ ရှိတဲ့ ရန်ငြှိုးတချို့တလေကို ပြေလျော့အောင် လုပ်နိုင်ဖို့ မျှော်လင့်ခဲ့တယ်။ ++++ နှစ်အတော်ကြာပြီးနောက်မှာတော့ နယ်ခြားကို ငြိမ်သက်စေခဲ့ပြီးတဲ့ စစ်သူကြီးက နန်းတော်ကို ပြန်လာခဲ့တယ်။ သူ ပထမဆုံး လုပ်တဲ့အလုပ်က သူ့အိမ်တော်ကို ပြန်သွားတာ မဟုတ်ဘဲနဲ့ အတွင်းဆောင်ဆီကို တန်းသွားတာပဲ ဖြစ်တယ်။ အရှင်မင်းမြတ်ရဲ့ဖိနပ်၊ ခြေအိတ်တွေကို ချွတ်ပေးပြီးတော့ ခြေဖဝါးကို ညင်ညင်သာသာနဲ့ ဆေးကြောပေးခဲ့တယ်။ “ဒီအမှုတော်ထမ်းက ဒီနှစ်တွေမှာ သူ့ရှင်မင်းအတွက် အမှုတော်ကို ကြိုးကြိုးစားစား ထမ်းရွက်ရင်း ပျော်ရွှင်စရာတွေနဲ့ လွဲချော်ခဲ့ပါတယ်” အရပ်မြင့်မြင့်နဲ့ အရှိန်အဝါကြီးတဲ့ စစ်သူကြီးရဲ့ မျက်လုံးတွေက ပူလောင်လာတယ်။ “ဒါကြောင့် အရှင်မင်းမြတ် အနေနဲ့ အရှင်မင်းနဲ့ လက်ထပ်ဖို့ကို ခွင့်ပြုပေးသင့်ပါတယ်” 

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset