အရင်ဘဝက သစ္စာဖောက် စစ်သူကြီး၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ
အခန်း ၁၃
ဝမ်ချောင်လွမ်၏ မျက်နှာသည် ဖြူဖျော့သွားသည်။ သူမသည် ချက်ချင်းပင် ဧကရာဇ်မင်သယ်၏ပေါင်ကို အပြေးကိုင်ကာ ငိုယိုတောင်းပန်လိုက်ပြီး “အရှင်မင်းကြီး၊ ယွမ်ရွှိ့က ငယ်ပါသေးတယ်။ ဒီကြိမ်ဒဏ်နှစ်ဆယ်ကို သူ ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ? သူ့ကို ကောင်းကောင်းမသင်ပြနိုင်လို့ ဒီနေ့ ဒီလိုအမှားမျိုးကို ကျူးလွန်မိစေတဲ့ ကျွန်တော်မျိုးမရဲ့ အပြစ်ပါပဲ။ ဒီနေ့ ဒီအမှားကြီးကို သူ ကျူးလွန်မိလို့ ကျေးဇူးပြုပြီး သူ့နေရာမှာ ကျွန်တော်မျိုးမပဲ အပြစ်ယူပါရစေ အရှင်မင်းကြီး”
“ခမည်းတော်၊ အားချန် မှားသွားပါတယ်။ အခုဆို အားချန် မှားသွားတယ်ဆိုတာ သိပါပြီ” လီယွမ်ရွှိ့သည် ယခုပင် တကယ့်ကို ကြောက်လန့်သွားပြီး ဝမ်ချောင်လွမ်၏ရင်ခွင်ထဲတွင် မျက်ရည်များ စီးကျလာခဲ့သည်။
သားအမိနှစ်ယောက် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ရင်း တစ်ယောက်ပြီး တစ်ယောက် ငိုကြွေးနေကြသည်။
ဧကရာဇ်မင်သယ်၏ ရင်ဘတ်သည် ပြင်းထန်စွာ နိမ့်လိုက်မြင့်လိုက် ဖြစ်နေခဲ့သည်။ သူ အမြဲတမ်းချစ်မြတ်နိုးတော်မူခဲ့သော စတုတ္ထသားတော်သည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် ငိုကြွေးကာ ခွင့်လွှတ်ပေးပါရန် တောင်းပန်နေရှာသည်ကို သူကြည့်နေခဲ့သည်။ ထို့အပြင် သူ့ရင်ဘတ်ပေါ်တွင် သူ့ခြေရာများ ရှိနေသည်။ ယခုပင် ဒေါသထွက်နေချိန်တွင် အားအနည်းငယ်သုံးကာ ကန်လိုက်သောကြောင့် သူနာကျင်နေမလားဆိုတာကို မသိပါ။ သူ့နှလုံးသားထဲတွင် ဒေါသစိတ်နှင့် သနားစိတ်များဖြင့် ပြည့်နေသည်။ ရှုပ်ပွနေသော ဆံပင်ဖြင့် ဝမ်ကွေ့ဖေးသည် သစ်တော်သီးပင်မှပွင့်သော ပန်းပွင့်ပေါ်မှ မိုးရေစက်များကဲ့သို့ ငိုကြွေးနေသည်ကို မြင်ရသော် သူ့မျက်နှာပေါ်တွင် နားလည်ရခက်သော မခံမရပ်မနိုင်ဖြစ်နေသည့် အရောင်တစ်ခု စွန်းထင်းလာခဲ့သည်။
လီယွမ်လန်သည် ယနေ့တွင် သူတာဝန်ယူဖို့ လိုကြောင်း သိလိုက်ရသည်။ အခြားသူများက သူ့ကို တိုက်ခိုက်လာသည်ကို စောင့်ဆိုင်းနေမည့်အစား သူ့အသက်အတွက် တိုက်ပွဲဝင်ရမည်။ နေရာမှာပင် အံကြိတ်ကာ မြေပြင်ပေါ်တွင် အပြေးအလွှား ဒူးထောက်ပြီး “ခမည်းတော်၊ ယွမ်လန် ကောင်းကင်ဘုံကို တိုင်တည်ပြီး သစ္စာဆိုပါတယ်၊ ဒီကိစ္စတွက် တတိယညီတော်ကို ဘယ်တုန်းကမှ မစေလွှတ်ခဲ့ပါဘူး။ ပြီးတော့ ကြမ်းကြုတ်တဲ့ကျားက ဘယ်လိုရောက်လာတာလဲဆိုတာလည်း မသိပါဘူး။ ဒါပေမဲ့ ဒီနေ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက ဒီသားတော်ရဲ့ အပြစ်ပါဘဲ!”
ဧကရာဇ်မင်သယ်က “ဒီကိစ္စကို မင်းမသိဘူးဆိုတော့ ဒါက မင်းအပြစ်လို့ ဘာလို့ပြောတာလဲ?”
လီယွမ်လန်က ငိုကြွေးကာ “ယွမ်လန်က အစ်ကိုတော်တစ်ယောက်အနေနဲ့ သတိထားပြီး သတိပေးသင့်ပါတယ်။ စတုတ္ထညီတော်က ငယ်သေးပြီး အချိန်အတိုင်းအတာတစ်ခုအထိ ပျော်ချင်ပါးချင်စိတ်ရှိနေသေးတာမို့ အမှားအမှန်ကို မခွဲခြားတတ်သေးပါဘူး။ အစ်ကိုတော်တစ်ယောက်အနေနဲ့ သူ့ကို အချိန်မှီ အကြံမပေးနိုင်ခဲ့လို့ ဒီနေ့ရဲ့ ဘေးဒုက္ခကို ဖြစ်ပေါ်စေခဲ့ပါတယ်။ စတုတ္ထညီတော်ရဲ့ နေရာအစား ကြိမ်ဒဏ်အချက်၂၀ရိုက်ခံဖို့ သားတော်ကို လိုလိုလားလား ခွင့်ပြုပေးဖို့ ခမည်းတော်ကို တောင်းဆိုလိုပါတယ်”
ဧကရာဇ်မင်သယ်သည် မျက်လုံးများကို မှေးကျဉ်းထားလိုက်ပြီး “မင်းအမှန်အတိုင်းပြောနေတာလား?”
“အားချန်ရဲ့ စိတ်ရင်းအမှန်ပါပဲ” လီယွမ်လန်က လိုလားသော ကိုယ်နေဟန်ထားဖြင့် ဒူးထောက်ထိုင်ချလိုက်ပြီး “အားချန်ကို စတုတ္ထမင်းသားရဲ့ ပြစ်ဒဏ်ကို ခံယူရန် ခွင့်ပြုဖို့ ခမည်းတော်ကို တောင်းဆိုပါတယ်”
ဧကရာဇ်မင်သယ်က ခေါင်းညိတ်ပြီး လေးနက်စွာ ပြောသည်-
“ကောင်းပြီ၊ ဒါကို မင်း သတိထားမိတာက ရှားလှတာမို့ ငါကိုယ်တော်မြတ်ခွင့်ပြုတယ်။ ဒါပေမဲ့ ဒီနေ့ ရဲ့ကြိမ်ဒဏ်အချက်၂၀က မင်းရဲ့ စတုတ္ထညီတော်အစား လက်ခံရုံတင်မဟုတ်ဘူးဆိုတာ မင်းသတိရရမယ်။ ကျားကိစ္စနဲ့ ပတ်သက်ပြီး အကြောင်းရင်းကို ရှာမတွေ့သေးခင် လောလောဆယ်တော့ မင်းကို အရေးယူမှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းက ဘေးကလူဆိုရင်တောင် မင်း ဒီအပြစ်ကို မလွတ်နိုင်သေးဘူး။ ဒါကြောင့် ငါကိုယ်တော်မြတ်ဆီက ကြိမ်ဒဏ်အချက်၂၀ကို မင်း သေသေချာချာ လက်ခံရမယ်။ ဒီနေ့ကစပြီး ဒါကို သတိရနေမယ်လို့ ငါကိုယ်တော်မြတ် မျှော်လင့်တယ်”
နဖူးကို မြေကြီးပေါ်တွင် ထိထားသော လီယွမ်လန်က အံကြိတ်ကာ “အားချန် ဒါကို စိတ်ထဲမှာ မှတ်ထားပါ့မယ်”
ဧကရာဇ်မင်သယ်က အသာအယာ ခေါင်းညိတ်ပြီး လီယွမ်ရွှိ့ကို ဒေါသတကြီး စိုက်ကြည့်ကာ “မင်းလို ဆိုးညစ်တဲ့ သတ္တဝါကို ပေါ့ပေါ့တန်တန် လွှတ်ထားမှာ မဟုတ်ဘူး။ ဒီနေ့ကစပြီး မင်းရဲ့ ခြံအပြင်ကို တစ်လထွက်ခွင့် မပေးဘူး။ ငါကိုယ်တော်မြတ်ရဲ့ ခွင့်ပြုချက်မရှိရင် မင်းအခန်းထဲကနေတောင် ခြေတစ်လှမ်းလှမ်းခွင့် မရှိဘူး!”
“ချန်ချဲ့ ဧကရာဇ်ရဲ့ အမိန့်တော်ကို နာခံပါ့မယ်”
“အားချန် ဧကရာဇ်ရဲ့ အမိန့်တော်ကို နာခံပါ့မယ်”
ဝမ်ချောင်လွမ်သည် ငိုကြွေးခြင်းကို လျှော့လိုက်ပြီး ရင်ခွင်ထဲမှ လီယွမ်ရွှိ့ကို လွှတ်လိုက်ကာ ဧကရာဇ်မင်းမြတ်၏ ကြင်နာမှုအတွက် အတူတကွ ဂါရဝပြုလိုက်သည်။
“အရှင်မင်းကြီး…” ချူကွေ့ရန်သည် ရှေ့သို့ လှမ်းလိုက်သော်လည်း ဧကရာဇ်မင်သယ်က ကြွေးကြော်ကာ တားဆီးလိုက်သည်။
“ဒီအရှုပ်မှာ နောက်ထပ် ဘာထပ်ဖြည့်ချင်သေးလို့လဲ!”
ချူကွေ့ရန်၏ မျက်နှာသည် တင်းသွားသည်။ သူမသည် မြေပြင်ပေါ်တွင် ဒူးထောက်နေသော သားအမိကို ခါးခါးသီးသီး စိုက်ကြည့်ရင်း ဧကရီဘုရင်မ စဉ်းမာနောက်သို့ ဆုတ်သွားစဉ် ဧကရီဘုရင်မ စဉ်းမာသည် တိတ်ဆိတ်စွာ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။
အဲ့ဒီဖက်မှာ ကိစ္စများကို ရှင်းလင်းပြီးနောက် ဧကရာဇ်မင်သယ်သည် လီယွမ်မင်၏ရှေ့သို့ လျှောက်လာခဲ့သည်။ ရွံရှာစိတ်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် “မိုက်မဲတဲ့ကောင်၊ မင်းကို လူတွေက လှုံ့ဆော်တာ ဟုတ်ဟုတ်မဟုတ်ဟုတ်၊ ဒီနေ့ရဲ့ ဘေးဒုက္ခတွေက မင်းကြောင့် စတင်ခဲ့တာပဲ။ မင်းကို ငါကိုယ်တော်မြတ်က လမ်းညွှန်ချက်အချို့သာ မပေးခဲ့ရင် မင်းလို ရှက်ဖွယ်ကောင်းတဲ့ကောင်က ဒီကိစ္စကို အချိန်အကြာကြီး မှတ်မထားမှာ စိုးတယ်။ သူ့ကိုလည်း အောက်ဆွဲချပြီး ကြိမ်ဒဏ်အချက်၃၀ရိုက်လိုက်! ပြီးတော့ သူ့ကို ကောင်းကောင်းမစောင့်ရှောက်တဲ့ အနောက်နန်းဆောင်ရဲ့ အစေခံတွေကို သုံးလစာဖြတ်ပြီး တစ်ယောက်စီကို ကြိမ်ဒဏ် ၁၀ချက်စီပေးလိုက်”
အသံတိတ်ကျသွားသည်နှင့် တစ်ပြိုင်နက် အရာရှိများ၏ မျက်နှာထက်တွင် အမျိုးမျိုးသော အမူအရာများ ထွက်ပေါ်လာသည်။
ဧကရာဇ်မင်သယ်သည် တတိယမင်းသားကို မုန်းတီးကြောင်း လူတိုင်းသိကြသည်။ ယနေ့အဖြစ်အပျက်အတွက် အကြီးမားဆုံးကျူးလွန်သူသည် ငှက်မွှေးကဲ့သို့ ပေါ့ပါးလှသည့် တစ်လကြာ ချုပ်နှောင်ခြင်းသာလျှင် ခံရသည်။ ကြွက်တစ်ကောင်လို အမြဲသတိထားသော ကြောက်တတ်သည့် တတိယမင်းသားက ဒီလို ဆိုးညစ်သော အပြုအမူမျိုးကို ဘယ်လိုလုပ် လုပ်နိုင်မှာလဲ? သူ့ကို အခြားသူများမှ အသုံးချခဲ့သည်မှာ ထင်ရှားသော်လည်း သူသည် အပြင်းထန်ဆုံးသော ပြစ်ဒဏ်ကို ခံရသည်။ သက်ပြင်းချရုံအပြင် မတတ်နိုင်ခဲ့ပါ။
တစ်ဖက်တွင်တော့ အကြီးဆုံးမင်းသား လီယွမ်ချန်သည် သူ့နှုတ်ခမ်းများကို အနည်းငယ် စေ့ထားပြီး သူ့နှလုံးသားထဲတွင် စွဲကျန်နေသော အကြောက်တရားများရှိနေသည်။ စတုတ္ထညီတော်သည် သူ့အား သူ့အရည်အချင်းနှင့် စွမ်းရည်များကို အမြဲပြသခဲ့ပြီး ကဏ္ဍပေါင်းစုံတွင် အနိုင်ယူလိုစိတ်ပြင်းပြခဲ့သည်။ ဒီသားရဲအိမ်တွင် မွေးထားသော ရက်စက်ကြမ်းကြုတ်သော သားရဲတိရစ္ဆာန်များ အကြောင်းကို သူသိနေသည်မှာ ကြာပါပြီ။ အစက စတုတ္ထမင်းသားကို နှိမ်နှင်းရန် ဤကိစ္စကို အသုံးပြုလိုသော်လည်း လက်ဝဲအမတ်ချုပ်ကြီးက ၎င်းအား တားဆီးခဲ့သည်။ ယခုတော့ ဦးရီးတော်၏ စူးရှသော အမြော်အမြင်ကို နောက်ဆုံးတွင် သိရှိပြီး လက်ဝဲအမတ်ချုပ်ကြီးကျောက်ကို ကျေးဇူးတင်သော အကြည့်ဖြင့် မကြည့်ဘဲ မနေနိုင်ခဲ့ပါ။
“အားချန် ဧကရာဇ်အမိန့်တော်ကို နာခံပါ့မယ်…” လီယွမ်မင်က ကြောက်ရွံ့နေပုံရပြီး သူ့ပုခုံးနှစ်ဖက်ကို နောက်ပြန်ဆုတ်ကာ မျက်နှာချိုသွေးပြီး “အားချန် တောင်းဆိုစရာတွေရှိပါသေးတယ်”
“ပြော!” ဧကရာဇ်မင်သယ်သည် စိတ်မရှည်ပါ။
လီယွမ်မင်က သူ့တံတွေးကို မျိုချရင်း “ဒီနေ့ ဘေးအန္တရာယ်တွေ အားလုံးက အားချန်ရဲ့ မိုက်မဲမှုကြောင့် ဖြစ်ခဲ့ရတာပါ။ ပြီးတော့ အားချန်က ဒုတိယအစ်ကိုတော်ရဲ့ ခမည်းတော်ကို လျော်ကြေးပေးသည့် အနေနဲ့ စတုတ္ထညီတော်ရဲ့ အပြစ်ကို ကိုယ်စားခံယူပေးတဲ့ စံနမူနာကို လိုက်နာဖို့ ဆန္ဒရှိပါတယ်။ ကြိမ်ဒဏ်အချက်၃၀အပြင် ခမည်းတော်ကို တောင်းဆိုစရာရှိပါတယ်၊ ရဲရိုတရားရုံးကကျွန်ကို သနားတော်မူသောအားဖြင့် ကျွန်တော်မျိုးရဲ့ အနောက်နန်းဆောင်မှာ စာသင်ကြားဖော်အဖြစ် အလုပ်အကျွေးပြုခွင့်ပြုရန် ဖြစ်ပါတယ်”
ဒီစကားများ ထွက်လာသည်နှင့် အမတ်ကြီးများကြားမှာ ကျယ်လောင်သော ဆွေးနွေးမှုများ ပေါ်ပေါက်လာခဲ့သည်။
ဆောင်းဦးရာသီရွေးချယ်ပွဲ၏ထုံးစံအတိုင်း မင်းသားတိုင်းသည် အနည်းဆုံး စာသင်ကြားဖော်တစ်ဦးကို ရွေးချယ်ရမည်ဖြစ်ပါသည်။ အခြားမင်းသားများက ဖြေရှင်းရန် လွယ်ကူသော်လည်း
ဧကရာဇ်မင်သယ်၏ မနှစ်မြို့ခြင်းခံရသည့် ကံမကောင်းသော နိမိတ်မရှိသည့် တတိယမင်းသားမှာ အခြေချရန် နေရာရှာမတွေ့နိုင်ပေ။ ဘုရင်ခံနှင့် မင်းမျိုးမင်းနွယ်များက သူတို့၏မျိုးနွယ်စုတစ်စုလုံး၏ကံကြမ္မာကို ပျက်ပြားခံပြီး သူနှင့် အဆက်အဆံ ဘယ်လိုလုပ် လုပ်နိုင်မှာလဲ? ထို့ကြောင့် လူတိုင်းက သူ့ကို ရှောင်ရှားခဲ့ကြသည်။ မူလက ဆောင်းဦးရာသီရွေးချယ်ပွဲမတိုင်မီတွင် ဧကရာဇ်မင်သယ်သည် ဒီလူ၏ပြိုင်ပွဲဝင်အတွက် မည်သို့ဆုံးဖြတ်ရမည်ကို စိုးရိမ်နေသေးသည်။ ယခု သူ့အမြင်ကို ကြားလိုက်ရတော့ သူ့နှလုံးသားက မလှုပ်ခတ်ဘဲ မနေနိုင်တော့ပေ။
တကယ့်ကို… အကြံကောင်းတစ်ခု ဖြစ်သည်။ တစ်ဖက်မှာတော့ အနောက်နန်းဆောင်မှာ ခန့်အပ်မည့် လက်ထောက်အမတ်ပြိုင်ပွဲဝင်ကို စီစဉ်ရမည့် စိတ်ပူပန်ခြင်းမှ ကင်းဝေးမည်ဖြစ်သည်။ တစ်ဖက်မှာလည်း ဒီသတ္တဝါဆိုးက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ မင်းသားအဆင့်အတန်းလည်း ရှိပြီး ရာဇ၀တ်သား၏ သားကို သူ့ကျွန်မှတ်တမ်းမှ ဖယ်ရှားပြီး စာသင်ကြားဖော်အဖြစ် ခွင့်ပြုခဲ့သည်။ သူ့ကို မျက်နှာသာပေးသည်ဟု ယူဆလို့ရပြီး ဤနည်းအားဖြင့် စစ်သူကြီးများ၏ စိတ်နှလုံးကို ချွေးသိပ်ရာလည်း ရောက်သည်။
မုတ်ဆိတ်မွေးကို ပွတ်သပ်ပြီး နေ့တစ်ဝက်ခန့် စဉ်းစားပြီးနောက် ချက်ချင်းပင် လည်ချောင်းရှင်းပြီး “ချစ်လှစွာသော အရာရှိများ အားလုံး ဘယ်လိုထင်ကြလဲ?”ဟု မေးဟန်ဆောင်သည်။
လိမ္မာပါးနပ်သော အမတ်ကြီးများသည် ဧကရာဇ်မင်သယ်၏ ဆိုလိုရင်းကို ဘယ်လိုလုပ် နားမလည်နိုင်ဘဲ နေမှာလဲ? သူတို့သည် ကောင်းမွန်ကြောင်းနှင့် ဘုရင်မင်းမြတ်၏ ကြင်နာမှုအတွက် ချီးကျူးစကားများ ဆက်တိုက်ဆိုသလိုပင် ချက်ချင်း ပြောဆိုခဲ့ကြသည်။
ဧကရာဇ်မင်သယ်သည် ကျေနပ်အားရပြီး မိန်းမစိုးအား ချက်ခြင်း ရှေ့သို့ လှမ်းကာ ဧကရာဇ်အမိန့်တော်ကို ရေးဖွဲ့ရန် အမိန့်ပေးခဲ့သည်။
မြင့်မားသောစင်မြင့်အောက်က စဉ်းမာယွိ့၏ မျက်လုံးများသည် မည်းမှောင်သွားသည်။ ယနေ့တွင် သားအဖနှစ်ဦးသည် မူလက အခြားအစီအစဉ်တစ်ခုရှိခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ ကြမ်းကြုတ်သော ကျား၏ ရုတ်တရက် ထွက်ပေါ်လာမှုကြောင့် အနှောင့်အယှက်ဖြစ်ခဲ့ရသည်။ ယခုအချိန်တွင် သူ့ကိုယ်သူသာလျှင် ချုပ်တည်းထားပြီး နောင်တွင် အစီအစဉ်ထပ်ဆွဲရမည်။ သူသည် သူနှင့် သိပ်မဝေးသော နေရာတွင်ရှိသည့် သူ၏ ဘုရင်ခံဖခင်ကို စိုးရိမ်စွာ ကြည့်လိုက်သည်။ တစ်ဖက်လူသည် သူ၏ ကြီးမားသော အစီအစဉ်ပျက်ပြားသွားသည်ကို စိတ်ဒုက္ခရောက်နေပုံမပေါ်ပေ။ သူ့မျက်နှာသည် နွေဦးလေညှင်းကဲ့သို့ တည်ရှိနေဆဲဖြစ်ပြီး ဘေးနားမှ အရာရှိများနှင့် စကားစမြည်ပြောဆိုကာ ရယ်မောနေခဲ့သည်။
အဆုံးမှာတော့ သူက ငယ်သေးပြီး သူ့အတွေ့အကြုံက မလုံလောက်သောကြောင့်သာဖြစ်သည်။
အသက်ပြင်းပြင်းရှူပြီး သူ့ရင်ထဲက စိတ်ပျက်နေသော ခံစားချက်က နည်းနည်း ပြန့်ကျဲသွားသည်။ အဝေးကို လှမ်းကြည့်လိုက်တော့ ထိုလူကို ကြိမ်ဒဏ်ပေးရန် ဧကရာဇ်အစောင့်တပ်က ခေါ်ဆောင်သွားခဲ့ပြီဖြစ်သည်။
သူ၏ အားနည်းပြီး ပါးလျသော ကျောပြင်ကို မြင်လိုက်ရတော့ သူသည် ရုတ်တရက် နားလည်ရခက်သော စိုးရိမ်သောကကို ခံစားလိုက်ရသည်။ ဒီတတိယမင်းသားသည် သူမျှော်မှန်းထားသည်နှင့် မကိုက်ညီပါ။
သို့သော် ဘယ်နေရာမှာ ကွာခြားမှု ရှိတယ်ဆိုတာတော့ သူ မပြောနိုင်ပါ။
သူ့ပုံရိပ်ကို အာရုံစိုက်နေရင်း အဓိပ္ပာယ်မဖော်နိုင်သော ခံစားချက်တစ်ခုက သူ့နှလုံးသားထဲသို့ ရောက်လာခဲ့သည်။
လီယွမ်မင်ကို အစမှအဆုံး အာရုံစိုက်ခဲ့သူ နောက်တစ်ယောက်မှာ နီလျဲ့ဖြစ်သည်။ သူ့အသက်ရှုသံမှာ ပူလောင်ပြင်းပြနေပြီး သူ့လက်ချောင်းဆယ်ချောင်းလုံးသည် သူ့အသားထဲသို့ တင်းတင်း ဖိမိသွားသည်။ထိုအကြည့်မှ စတင်ပြီး သူ့အတွင်းစိတ်သည် ဖော်ပြရန်ခက်သော စိတ်ဒုက္ခများဖြင့် ပြည့်နှက်နေသည်။ ထိုစိတ်ဒုက္ခသည် ဧကရာဇ်၏ ကြိမ်ဒဏ်အချက်၃၀ အပြစ်ပေးခြင်းခံရသော လီယွမ်မင်နှင့်အတူ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
တစ်ဖက်လူက သူ့ကို နောက်ထပ်ကြည့်လောက်မယ်လို့ ထင်ခဲ့ပေမယ့် ဧကရာဇ်အစောင့်များက သူ့သံလှောင်အိမ်ကို ကျော်လွန်ကာ ခေါ်ဆောင်သွားသည့်တိုင်အောင် သူ့ကို လုံးဝ မကြည့်သေးပါ။
အပြစ်ပေးခံရမှာမဟုတ်သကဲ့သို့ သူ့မျက်နှာက တည်ငြိမ်ပြီး အနှောင့်အယှက်ကင်းသည်။
ဘာကြောင့်လဲ?
နီလျဲ့သည် အံကြိတ်ကာ မျက်လုံးများကို မှိတ်လိုက်သည်။
***
အင်ပါယာကျောင်းတော်အပြင်ဘက်တွင် ထိုက်ရှစ် ရိုက်ရန် အသုံးပြုသောတုတ်သည် မြင့်လိုက် နိမ့်လိုက်ဆက်တိုက်ဖြစ်နေသည်။ သစ်သားတုတ်သည် ကလေးတစ်ယောက်၏ လက်မောင်းတစ်ဖက်စာခန့်ရှိပြီး တင်ပါးကို ရိုက်လိုက်စဉ် ကျယ်လောင်သော အသံထွက်လာသည်။ လီယွမ်မင်သည် အံကြိတ်ကာ အောက်က ခုံတန်းလျားကို တင်းတင်းဆုပ်လိုက်သည်။ သူ့အဝတ်အစားများသည် ချွေးအေးများဖြင့် ရွှဲနစ်နေသည်မှာ ကြာပြီဖြစ်ပြီး စူးရှသော နာကျင်မှုများ ပေါ်လာသည်မှာ အဆုံးမရှိသည့်အလားပင်။
သူ့ဘေးမှ လီယွမ်မင်သည် အော်ဟစ်ငိုကြွေးနေပြီး “ခွေးမသား၊ ငါ မင်းကို လုံးဝအလွတ်မပေးဘူး!”
“အယုတ်တမာ! အယုတ်တမာကောင်!”
လီယွမ်မင်က သူ့ကို လျစ်လျူရှုလိုက်ပြီး သူ့စိတ်သည် ပြင်းထန်သော နာကျင်မှုအောက်တွင် မိန်းမောနေခဲ့သည်။
နာကျင်သည်၊ အရမ်းနာကျင်ပါသည်။
နေရောင်သည်ပင် သူ၏မျက်လုံးထဲသို့ ဓားတစ်စင်းအလား ထိုးဖောက်ဝင်ရောက်လာပါသည်။ သူ၏ မသဲကွဲသော အနာဂတ်ကို မမြင်နိုင်အောင် သူ့မျက်လုံးများထဲသို့ ထိုးဖောက်ဝင်လာခဲ့သည်။
လီယွမ်လန်၏ ကြိမ်ဒဏ်အချက်၂၀ပြီးဆုံးသွားသည်မှာ ကြာပါပြီ။ သူ၏ နှုတ်ခမ်းများသည် အတွင်းအပြင်ကို ကိုက်ထားပြီး သွေးများကျနေသည်။ သူ၏ သူငယ်အိမ်များသည် မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ အမုန်းတရားများ ပြည့်နှက်နေပြီး လီယွမ်မင်ကို တင်းတင်းမာမာ စိုက်ကြည့်နေသည်။
“မင်းကို ငါ သေချာပေါက် သတ်မယ်!”
“မင်းကိုသတ်မယ်!”
ရက်စက်ပြီး ဩရှသော အသံသည် ကျိန်စာတစ်ခုလို ပဲ့တင်ထပ်သွားသည်။
နောက်ဆုံး ကျယ်လောင်သော အသံနှင့်အတူ လီယွမ်မင်၏ကြိမ်ဒဏ်အချက်၃၀လုံး ပြီးသွားခဲ့သည်။ နန်းတွင်းအစေခံများသည်တုတ်ကိုယူကာ ခြံဝင်းအတွင်းသို့ သတင်းပို့ရန် ပြန်သွားကြသည်။
လီယွမ်မင်က ခုံတန်းလျားပေါ် လှဲချလိုက်ပြီး ခက်ခက်ခဲခဲ ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်သည်။
“စိတ်မပူပါနဲ့… မင်းငါ့ကို မသတ်နိုင်ပါဘူး…” သူသည် ပြင်းထန်စွာ ချောင်းဆိုးလိုက်ပြီး ပါးစပ်တစ်ခုလုံးအပြည့် အနီရဲရဲများကို အန်ထုတ်လိုက်သည်။ သို့သော်လည်း သူသည် လုံးဝဂရုစိုက်ပုံမပေါ်ဘဲ ပြုံးပြလိုက်သည်။
“ဘာလို့လဲဆိုတော့… ဝမ်ချောင်လွမ်က မင်းကို နောက်ထပ် ဘယ်တော့မှ ယုံမှာ မဟုတ်ဘူး… မင်းရဲ့ ကြိမ်ဒဏ် အချက်၂၀က… အလကားပဲ…”
ကျားကိစ္စနှင့် ပတ်သက်ပြီး သူတို့နှစ်ဦးမှလွဲ၍ အခြားမည်သူမျှ အမှန်တရားကို သေချာမသိနိုင်ပေ။ ယင်းအခင်းမဖြစ်မီကပင် လီယွမ်မင်သည် သူနှင့် ဝမ်ချောင်လွမ်ကြားက ချည်နှောင်မှုကို ဖြတ်တောက်ခဲ့ပြီးဖြစ်သည်။
လီယွမ်လန်သည် သူ၏ မျက်လုံးအိမ်များ ကွဲမတတ် အော်လိုက်ပြီး ခုန်ချရန် ပြင်လိုက်သည်။ သို့သော် သူသည် ပြင်းထန်သော နာကျင်မှုကြောင့် မြေပေါ်သို့ လိမ့်ကျသွားသည်။
“လီယွမ်မင်!” သူသည် အားကုန်သုံးပြီး အော်လိုက်သည်။ မကြာခင်တွင် သူ၏ ရက်စက်သော မျက်နှာသည် အသက်ပင်မရှုနိုင်ဘဲ မျက်ဖြူလန်ကာ ထိုပုံစံအတိုင်း မေ့လဲသွားသည်။
လီယွမ်မင် ချောင်းထပ်ဆိုးပြန်သည်။ သူ့ရှေ့က အလင်းရောင်နှင့် အရိပ်သည် ပိုပို မှိန်ဖျော့လာသည်။မြေပြင်ပေါ်တွင် သတိလစ်နေသော လီယွမ်လန်ကိုကြည့်ကာ ရယ်လိုက်သည်။ သူ့ကို ရယ်နေတာလား၊ သူ့ကိုယ်သူ ရယ်နေတာလားဆိုတာတော့ မသိပါ။
အရမ်း ပင်ပန်းသည်။ ပင်ပန်းပြီး နာကျင်တာကို လီယွမ်မင် တွေးမိသည်။
သူ့မျက်ခွံတွေက ပိုပိုလေးလာပြီး သူ့ရှေ့က ကမ္ဘာကြီးသည် မျဉ်းရှည်ကြီးတစ်ကြောင်း ဆွဲထားသလို ဖြစ်သွားသောအခါ သူ ချက်ချင်းပင် အမှောင်ထုထဲသို့ ကျသွားခဲ့သည်။
***
လီယွမ်မင်သည် သုံးရက်ကြာ မေ့မြောနေခဲ့သည်။
သူနိုးလာသောအခါတွင် မျက်လုံးဖွင့်ကြည့်လိုက်တော့ နီလျဲ့၏ သားရဲမျက်လုံးတစ်စုံကို မြင်လိုက်ရသည်။ သူ့သူငယ်အိမ်များသည် အေးစက်သော ညအလယ်က မဟူရာကျောက်စိမ်းနှစ်လုံးကဲ့သို့ အလွန်နက်မှောင်ပြီး အနည်းငယ် အေးစက်နေသည်။ လီယွမ်မင်သည် လက်လှမ်းကာ လက်နှင့် မထိဘဲ မနေနိုင်ခဲ့ပေ။
နွေးထွေးသော အသားကို ထိမိလိုက်သောအခါ ဒါက အိပ်မက်မဟုတ်မှန်း ရုတ်တရက် သိလိုက်ရသည်။
သူ့နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားကာ သွေးမရှိသော နှုတ်ခမ်းများက ခက်ခက်ခဲခဲ ပြုံးပြလိုက်သည်။
နောက်ဆုံးတော့ ဒီကလေးကို ကယ်နိုင်ခဲ့ပြီဟု တွေးမိသည်။
“အားလျဲ့…” လီယွမ်မင်က မျက်ရည်များထွက်လာသည်အထိ ရယ်ကာ သူ့ကို “အားလျဲ့”ဟု ခေါ်လိုက်သည်။
နီလျဲ့သည် မူလက သူ့ကို မေးစရာတွေ အများကြီး အပုံလိုက်စုထားခဲ့သည်။ ဘာကြောင့် သူ့ကို လိမ်တာလဲ? ဘာကြောင့် သူ့ကို ကယ်တာလဲ? ဘာကြောင့်လဲ? ဘာကြောင့်လဲ? သို့သော်လည်း ဒီအားလျဲ့ဆိုသော အသံထွက်လာသောအခါ သူ့နှလုံးသားထဲတွင် နားမလည်နိုင်သော တင်းမာမှုများက ဘာမှမဟုတ်သလို ပျောက်ကွယ်သွားသည်။
သူသည် ပါးစပ်ကိုသာ ပိတ်ထားလိုက်သည်။ အေးစက်သော မျက်နှာဖြင့် တစ်ဖက်လူ၏ လက်ချောင်းထိပ်များက တစ်စုံတစ်ခုကို ရေးဆွဲနေသကဲ့သို့ သူ့မျက်ခုံးနှင့် ပါးများအား အသာအယာ ထိနေသည်ကို သူခွင့်ပြုလိုက်သည်။
မွန်းလွဲပိုင်းတွင် ဧကရာဇ်အမိန့်တော် ရောက်ရှိလာခဲ့သည်။ ၎င်းတွင် တတိယမင်းသား လီယွမ်မင်အား ကွမ်အန်းဘုရင် ဖြစ်လာစေကာ လင်နန်နယ်မြေကို အပ်နှင်းခြင်းခံရသည်။ သူ ပြန်လည်ကောင်းမွန်လာပြီးနောက်တွင် ချက်ခြင်းထွက်ခွာသွားခဲ့သည်။
လင်နန်သည် မြို့တော်နှင့် ဝေးကွာသော စိတ်ပျက်ဖွယ် ဆိုးရွားသည့် လက်အောက်ခံနယ်မြေတစ်ခုဖြစ်သည်။ ၎င်းသည် မဆုတ်မနစ်၊ မကြောက်မရွံ့အလေ့အထရှိပြီး ရှေးခေတ်ကတည်းက ခိုင်ခံ့မြဲမြံစွာ ခံနိုင်ရည်ရှိခဲ့သည်။ ရှေးခေတ်ကတည်းကပင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည့် နေရာတစ်ခုဖြစ်သည်။ သို့သော် ဤဧကရာဇ်အမိန့်တော်ကို လက်ခံရရှိစဉ်ကတည်းက လီယွမ်မင်၏နှလုံးသားသည် ရင်တထိတ်ထိတ်ခုန်ကာ ခုန်တက်သွားခဲ့သည်။
— ဤဘဝတွင် သူသည် နောက်ဆုံးတော့ ဧကရာဇ်မြို့တော်၏ ကောင်းကင်ယံမှ ထွက်ခွာခွင့်ရခဲ့သည်။
ဤဧကရာဇ်အမိန့်တော်သည် အဘယ်ကြောင့် ဤမျှ အရေးတကြီး ထွက်ပေါ်လာသည်ကို သူ အလိုလိုသိပါသည်။ တကယ်တော့ နီလျဲ့၏ ဝိသေသလက္ခဏာမှာ ထူးခြားကာ ကသိကအောက်ဖြစ်စေပြီး နန်းတော်ထဲတွင် အချိန်အကြာကြီး မနေနိုင်ပေ။ ထို့ကြောင့် ဧကရာဇ်မင်သယ်သည် သူတို့နှစ်ဦးအတွက် နေရာတစ်ခု စီစဉ်ပေးခဲ့သည်။
ဘယ်လိုဖြစ်ဖြစ် ဤကျားကိစ္စနှင့် ပတ်သက်၍ သူ၏ အကြံအစည် စတင်ကတည်းက၊ ဤအရာသည် သူတွေးနိုင်သည့် အကောင်းဆုံးရလဒ်ဖြစ်နေပြီဖြစ်သည်။