အရင်ဘဝက သစ္စာဖောက် စစ်သူကြီး၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ
အခန်း ၁၂
ဤစကားထွက်လာသည်နှင့်တစ်ပြိုင်နက် လူအုပ်ထဲတွင် ရုတ်ရုတ်သဲသဲဖြစ်သွားပြီး ကြွရောက်လာသူအားလုံးသည် အားနည်းသော တတိယမင်းသားကို လှည့်ကြည့်လိုက်သည်။
“ရှက်ဖွယ်ကောင်းတဲ့ကောင်!”
ဧကရာဇ်မင်သယ်သည် အစကတည်းက ယောက်ျားမဟုတ်၊ မိန်းမမဟုတ်သည့် မင်းသားကို စက်ဆုပ်နေခဲ့ပါသည်။ ထိုနှစ်တွင် ဧကရာဇ် ခိုင်းယွမ် ဗုဒ္ဓဘာသာဘုရားကျောင်း၏ ဆရာတော် ခုံးယွမ်မှ ထပ်တလဲလဲ မဖျောင်းဖျခဲ့ပါက သူ့အသက်ကို ဘယ်လိုလုပ် ချန်ထားနိုင်မှာလဲ?
နေရာမှာပင် သူ့သွေးတွေ စူပွက်လာခဲ့သည်။ သူ့ဝတ်ရုံလက်ကို ဒေါသတကြီး ခါလိုက်ပြီး “အစောင့်တွေ၊ ဒီမကောင်းဆိုးဝါးကောင်ကို ဆွဲထုတ်ပြီး ကြိမ်ဒဏ်အချက်တစ်ရာရိုက်”
တတိယမင်းသားလို သူ့ဝတ်ရုံနှင့်ပင် မတော်သော လူတစ်ယောက်မပြောနှင့်၊ သန်မာသောလူပင် ကြိမ်ဒဏ်အချက်တစ်ရာကို မခံနိုင်ပါ။
စဉ်းမာယွိ့သည် အသိခက်စွာ မျက်မှောင်ကြုတ်လိုက်သည်။
ထိုအချိန်တွင် ဟော်ယွင်ယိ့သည် ကန့်လန့်ကာအတွင်း၌ မေ့လဲနေသော ယင်းအလှလေးအား အပ်စိုက်ကုသနေသည်။ ထိုစကားများကိုကြားတော့ သူသည် စိုးရိမ်နေခဲ့သည်။ သို့ပေမယ့် ဧကရီနျန်နျန်၏အသံကိုကြားလိုက်ရပြီး-
“အရှင်မင်းကြီး စိတ်အေးအေးထားတော်မူပါ။ ဒီကိစ္စကို စုံစမ်းပြီး ရှင်းပြီးရင် ကျွန်တော်မျိုးမတို့က ပြင်းထန်တဲ့ ပြစ်ဒဏ်ကို မလွဲမသွေ ပေးရမှာပါပဲ။ ဒါပေမဲ့ ကျွန်တော်မျိုးမ လုံးဝနားမလည်နိုင်တဲ့ အရာတစ်ခု ရှိပါတယ်။ ကျုံးချွေ့နန်းဆောင်ရဲ့ အစေခံတွေက သူတို့အလုပ်အကျွေးပြုရမယ့် အရှင်သခင်မ ကွေ့ဖေးရှိပါတယ်။ သူတို့က ဘယ်လိုလုပ် တတိယမင်းသားရဲ့ အမိန့်ကို နာခံနိုင်မှာလဲ?”
“ကျွန်တော်မျိုးမ မှားယွင်းစွပ်စွဲခံရတာပါ!” ဝမ်ချောင်လွမ်က ရုတ်တရက် မကျေမနပ်ဖြစ်ပြီး အော်လိုက်သည် “ဒီကာလအတွင်းမှာ အနောက်နန်းဆောင်မှာ တစ်ယောက်တည်းနေထိုင်တဲ့ တတိယမင်းသားကို ကျွန်တော်မျိုးမမြင်ခဲ့ပြီး သူ့ရဲ့ စိတ်မချမ်းမြေ့စရာကောင်းပြီး ရိုသေလေးစားမှုမရှိတာကို သနားခဲ့တယ်။ ဒါကြောင့် သူ့ကို အနည်းငယ် ဂရုစိုက်ခဲ့ပြီး တတိယမင်းသားက ကျုံးချွေ့နန်းဆောင်မှာ လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာခွင့်ရှိတဲ့ ဆက်နွယ်မှုရှိခဲ့တယ်။ ဒါကြောင့် နန်းတွင်းအစေခံတွေက သူကျေနပ်အောင် လုပ်ခွင့်ပေးဟန်တူတယ်။ မထင်မှတ်ဘဲ ကိစ္စတွေက ဒီလိုမျိုးဖြစ်လာခဲ့တယ်”
သူမသည် ပြင်းထန်သောအကြည့်ဖြင့် ဧကရီဘုရင်မ စဉ်းမာကို ညွှန်ပြပြီး အော်သည် “ဧကရီနျန်နျန်၊တတိယမင်းသားက ဧကရီ အမည်နာမအောက်မှာ မှတ်တမ်းတင်ထားတာပါ၊ ဒီလိုမျိုး အကွက်ချရလောက်တဲ့အထိ ကျွန်တော်မျိုးမက နျန်နျန်ကို ဘယ်နေရာမှာ အပြစ်ပြုမိပါသလဲ?”
“မင်း-”
ဧကရီဘုရင်မ စဉ်းမာ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ တစ်ဖက်လူက ဤကဲ့သို့ ငြင်းဆိုမည်ကို သူမ ဘယ်လိုလုပ် သိနိုင်မှာလဲ? သူမသည် ချက်ချင်းပင် ကိုယ့်မီးကိုယ်မွှေးခဲ့မိသည်။
ဧကရာဇ်မင်သယ်၏စိတ်သည် ဤဆူညံသံများအားလုံးကြောင့် နာကျင်စပြုလာသည်။ သူသည် မျက်ခုံးများကို နှိပ်နယ်လိုက်ရာ ဤအခိုက်အတန့်တွင် မမျှော်လင့်ဘဲ ခေါင်းအေးသွားသည်။ နှေးကွေးစွာ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ခေါင်းဆောင်ကို သူပြောလိုက်သည်-
“အဲ့ဒီမကောင်းဆိုးဝါးကောင်ကို မေးမြန်းဖို့ အရှေ့ကိုဆွဲခေါ်ခဲ့”
လီယွမ်မင်သည် အသက်ပြင်းပြင်းတစ်ချက်ရှုပြီး ဧကရာဇ်ကိုယ်ရံတော်၏နောက်မှ လျှောက်လာခဲ့သည်။ စဉ်းမာယွိ့သည် ဘယ်လိုခြေလှမ်း လှမ်းရမည်ဆိုတာကို တွေးမိပြီး လီယွမ်မင်အား စကားအနည်းငယ်ရှင်းပြချင်ခဲ့သည်။ သို့သော် တစ်ဖက်သူသည် သူ့အရိပ်အမြွက်ကို သတိမထားမိပုံပေါ်ကာ သူ့နှုတ်ခမ်းများကို အသာအယာစေ့လျက် အင်ပါယာတရားရုံးတော်ရှေ့သို့ လျှောက်သွားခဲ့သည်။
သူသည် သူ့ဝတ်ရုံအနားကို ရုတ်လိုက်ပြီး အင်ပါယာတရားရုံးတော်ရှေ့တွင် ဒူးထောက်လိုက်သည်။
ဧကရာဇ်မင်သယ်သည် သူ၏ ချည့်နဲ့သောအသွင်အပြင်ကို အကြည့်အနည်းငယ် ကြည့်လိုက်ပြီး သူ့စိတ်နှလုံးထဲတွင် ရွံရှာသွားသည်။ စိတ်ပျက်ဟန်ဖြင့် “ဒီရက်ပိုင်း မင်းဘာတွေ လုပ်ခဲ့လဲဆိုတာ အတိအကျ ပြောပါ။ ဖုံးကွယ်ထားတာရှိရင် ငါကိုယ်တော်မြတ်က သနားငဲ့ညှာမှာ မဟုတ်ဘူး!”
ဤဖခင်အရင်းဖြစ်သူနှင့်ပတ်သက်၍ လီယွမ်မင်သည် သူ၏ယခင်ဘဝတွင် ကြောက်ရွံ့ခြင်းအပြင် အမှန်တကယ်တော့ မျှော်လင့်ချက်အနည်းငယ်ကို နှလုံးသားနက်နက်ထဲတွင် ဖုံးကွယ်ထားခဲ့ပါသည်။ မိဘမရှိလျှင် ဒီကမ္ဘာပေါ်မှာ ဘယ်လိုလုပ် မွေးလာမှာလဲဟု သူတွေးဖူးသည်။ သို့သော် သူ့တစ်သက်တာလုံးသည် ဖခင်မရှိ၊ မိခင်မရှိသည့် အခြေအနေတွင် ထင်ရှားစွာ ရှိနေခဲ့သည်။ သားသမီးများအပေါ် နက်နက်ရှိုင်းရှိုင်း ချစ်ခင်မြတ်နိုးမှု ပြသခြင်းမှာ ဘာများလဲ? မိဘတို့၏ ချစ်ခြင်းမေတ္တာက ဘာလဲ? သူ လုံးဝမသိခဲ့ပါ။
နှစ်အတော်ကြာ ခွဲခွာခဲ့ရပြီးနောက် အထက်က သူ၏ “ဧကရာဇ်ခမည်းတော်”ဟုခေါ်တွင်သောသူသည် သူ့အား ယခင်ကကဲ့သို့ ဆက်ဆံတုန်းဖြစ်သည်။ သူ့ကို ခွေးကောင်ကဲ့သို့ ဆက်ဆံခဲ့သည်။ စိတ်အားငယ်ခြင်းမှတပါး အခြားမည်သည့်အရာမှ မရှိပေ။ သူသည် ဒီကမ္ဘာတွင် အမြစ်မရှိသော ဘဲစာမြက်နှင့် ရေကဲ့သို့ တစ်သမတ်တည်းမရှိခဲ့ပေ။ ကောင်းကင်နှင့်မြေကြီးသည် အလွန်ကြီးမားသော်လည်း ဘယ်နေရာသို့ ပြန်သွားရမည်ကို သူ မသိခဲ့ပါ။
သူတွေဝေနေတာကို မြင်တော့ ဧကရာဇ်မင်သယ်က ဒေါသတကြီးအော်ပြီး “မြန်မြန်ပြောစမ်း”
လီယွမ်မင်သည် တစ်ကိုယ်လုံး တုန်သွားပြီး ဧကရာဇ်မင်သယ်ကို မဝံ့မရဲ စိုက်ကြည့်နေခဲ့သည်။
သူ့မျက်လုံးထဲက တစ်ခုတည်းသော အလင်းရောင်က ထွက်လာပြီး ထိတ်လန့်ဟန်ဖြင့် ဒူးထောက်လိုက်ကာ အထစ်ထစ် အငေါ့ငေါ့ဖြင့် “ဒုတိယအစ်ကိုတော်လုပ်တာပါ… ယွမ်မင်က ဒုတိယအစ်ကိုတော်ရဲ့ စကားကို အတွင်းအစေခံဆီ ပါးပေးရုံပါ။ သူ့ကို ချန်ရှစ် (မနက် ၇-၉နာရီ)မှာ သားရဲကို ခေါ်ဆောင်လာဖို့ တောင်းဆိုခဲ့ပါတယ်…”
“မင်း အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ!”
လီယွမ်လန်သည် ထော့နဲ့ ထော့နဲ့ဖြင့် ပြေးထွက်သွားသည်။ ထိတ်လန့်တကြားဖြင့် မြင့်မားသောစင်မြင့်ထက်မှ ခုန်ဆင်းလိုက်စဉ်က သတိမထားမိဘဲ ခြေချင်းဝတ်လည်သွားခဲ့သည်။ သို့သော် သူ၏ခြေထောက် မည်မျှနာကျင်စေကာမူ သူခံစားနေရသော ထိတ်လန့်မှုနှင့် ဒေါသကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ? လီယွင်မင်ကို လက်ညှိုးထိုးကာ ကျိန်ဆဲလိုက်သည်။
“ဘယ်လိုတောင် တော်တဲ့ လီယွမ်မင်လဲ? မင်းက အဆိပ်ရှိတဲ့ မဟုတ်မမှန်စကားတွေကို ဆိုနေတာပဲ!”
လီယွမ်မင်က ရုတ်တရက် ခေါင်းမော့ပြီး သူ့ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေခဲ့သည်။
သူ့နှုတ်ခမ်းများ တုန်ရင်သွားပြီး မျက်လုံးများက ထိတ်လန့်ကာ နောက်ဆုံးမှာတော့ ခက်ခက်ခဲခဲနဲ့ စကားပြောလိုက်သည်။
“ဧကရာဇ်ခမည်းတော်ထံ ပြန်လျှောက်တင်ရရင် ဒီကိစ္စမှာ ယွမ်မင်တစ်ဦးတည်းသာ လုပ်ခဲ့ပါတယ်။ ဒုတိယအစ်ကိုတော်နဲ့ ဘာမှမဆိုင်ပါဘူး”
နန်းတော်ရှိ သူ့အခြေအနေကို ရောက်နေသူတိုင်းက သိကြသည်။ သူ အတင်းကိုက်လိုက်လျှင် အခြားသူများတွင် သံသယအချို့ရှိလာမည်မှာ သဘာဝပင်။ သို့သော် ဤကဲ့သို့ တာဝန်အပြည့်ယူလိုက်သောအခါ လီယွမ်လန်သည် အပြစ်ကင်းသည်ဟု အခြားသူများက ဘယ်လိုလုပ် ယုံကြည်နိုင်မှာလဲ?
အကြောက်တရား၏ အေးစက်မှုတစ်ခုက သူ့နှလုံးသားကို ရိုက်ခတ်သွားသည်။ လီယွမ်လန်က ပျာယာခတ်သွားပုံပေါ်သည်။ သေချာသည်မှာ ဝမ်ချောင်လွမ်၏ တရုတ်ဆီးသီးလို မျက်လုံးတစ်စုံသည် အေးခဲသောအကြည့်ဖြင့် သူ့ကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။
ဧကရာဇ်ကိုယ်ရံတော်တစ်ဦးသည် သူ့လက်ထဲတွင် ကြေးဝါသော့ကို ကိုင်ကာ ရှေ့သို့ တိုးလာခဲ့သည်။
“အရှင်မင်းကြီးထံ လျှောက်တင်ပါတယ်၊ ဒါက ကျားကို အကျဉ်းချထားတဲ့ သံလှောင်အိမ်က သော့ပါ။ ဒီနိမ့်ကျတဲ့ တပ်သားက စစ်ဆေးပြီးပါပြီ။ သော့ပုံမပျက်ပေမယ့် သော့အူတိုင်က တစ်ခုခုလုပ်ထားပုံရပြီး ထိလိုက်ရုံနဲ့ ပြုတ်ကျသွားနိုင်ပါတယ်။ ဒါကြောင့် ဒီကြောက်စရာကောင်းတဲ့ သားရဲက အလွယ်တကူ လွတ်မြောက်သွားနိုင်ပါတယ်”
ဧကရာဇ်မင်သယ်၏ မျက်နှာသည် မည်းမှောင်လာပြီး “ကောင်းတယ်၊ ကောင်းတယ်။ မမျှော်လင့်ဘဲ အခု မင်းက ငါကိုယ်တော်မြတ်ရဲ့ ခေါင်းထက်မှာ ကြံစည်ဝံ့တယ်!”
ဧကရာဇ်ကိုယ်ရံတော်က တုံ့ဆိုင်းသွားပြီး “ဒီနိမ့်ကျတဲ့ တပ်သားက လူတွေကို ကျုံးချွေ့နန်းဆောင်မှာရှိတဲ့ သားရဲအိမ်ဆီကို လွှတ်လိုက်တာ…”
ဧကရာဇ်မင်သယ်သည် သွေးရူးသွေးတန်းဖြစ်နေပြီး ဖရိုဖရဲဖြစ်နေသော ဝမ်ကွေ့ဖေးကို တစ်ချက်ကြည့်လိုက်သည်။ သော့ပြဿနာသည် မသေးမှန်း သူမသိပါသည်။ သူမသည် ဒေါသစိတ်တွင် နစ်မြုပ်သွားပြီး-
“ပြောလေ၊ ရက်စက်တဲ့ အကောင်ဘယ်နှစ်ကောင် မွေးထားတာလဲ?”
“ကျားသုံးကောင်၊ ဝက်ဝံနှစ်ကောင်၊ ကျားသစ်ငါးကောင်…”
နန်းတော်တွင် ရက်စက်ကြမ်းကြုတ်သော တိရစ္ဆာန်များစွာရှိသည်ဆိုသော ဧကရာဇ်ကိုယ်ရံတော်၏ လျှောက်တင်ချက်ကို ကြားရသောအခါတွင် ဧကရာဇ်ကိုယ်လုပ်တော်များနှင့် အရာရှိများသာမက ဧကရာဇ်မင်သယ်လည်း ထိတ်လန့်တကြား မဖြစ်ဘဲမနေနိုင်ခဲ့ပေ။ ရုတ်တရက် အေးစက်သောချွေးများက သူ့နောက်ကျောမှ ထွက်လာခဲ့သည်။
“ဒါ့အပြင်…” ကိုယ်ရံတော်သည် ဧကရာဇ်မင်သယ်၏ မျက်နှာကို ချောင်းကြည့်ကာ ပြောခဲ့သည်- “အဲ့မှာ လူတစ်ယောက်ရှိပါတယ်”
ဧကရာဇ်မင်သယ်က သူ့နားကို သံသယဝင်လုနီးပါးဖြစ်သွားပြီး – “လူ?”
“အဲ့ဒါ ရဲရိုတရားရုံးက ကျွန်တစ်ယောက်ပါ”
ဧကရာဇ်ကိုယ်လုပ်တော်နန်းဆောင်သည် ရဲရိုတရားရုံးမှ ကျွန်တစ်ယောက်ကို အမှန်တကယ် ဝှက်ထားသလား။ အရာရှိများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ စကားမပြောဝံ့ကြပေ။ ဧကရာဇ်မင်သယ်၏ မျက်လုံးများသည် မှောင်မိုက်သွားခဲ့သည်။ သူသည် ခြေလှမ်းအနည်းငယ် နောက်ပြန်ယိုင်သွားကာ ဝမ်ကွေ့ဖေးကို အချိန်အကြာကြီး ဒေါသတကြီး စိုက်ကြည့်နေခဲ့၏။ အံကြိတ်ကာ ပြောလိုက်သည်-
“အဲ့ဒီလူကို ဒီကိုခေါ်ခဲ့”
သူမ၏သားရဲအိမ်တွင် ကျွန်တစ်ယောက်ကို ဖုံးကွယ်ထားသည်ဟု ဝမ်ချောင်လွမ်က ဘယ်လိုလုပ် သိနိုင်မှာလဲ? သူမသည် လှည့်ကြည့်ပြီး မြင့်မားသောစင်မြင့်အောက်ရှိ လီယွမ်ရွှိ့ကို စိတ်ရှုပ်ထွေးစွာ တစ်ချက်ကြည့်လိုက်သည်။ တစ်ဖက်သူ၏မျက်လုံးများသည် ထိတ်လန့်မှုအပြည့်ရှိနေသည်။ သူမစိတ်ထဲတွင် စိတ်ပျက်လက်ပျက်ဖြစ်ကာ မြေပြင်ပေါ်သို့ ထိုင်ကျသွားသည်။ သူမ၏ ကလေးအပေါ်မှာ အလိုလိုက်မိခဲ့သော နှစ်အားလုံးကို သူမ မုန်းမိသည်။
အလွန်လျင်မြန်စွာပင် ဧကရာဇ်ကိုယ်ရံတော်များသည် နီလျဲ့ကို ပိတ်လှောင်ထားသော လှောင်အိမ်အား ရဲရို တရားရုံးမှ ကျုံးလင့်နှင့်အတူ အင်ပါယာတရားရုံးတော်ရှေ့သို့ ရွှေ့လာခဲ့ကြသည်။
နီလျဲ့၏ မျက်လုံးများသည် နက်မှောင်ကာ အကာအရံကို ဆုပ်ကိုင်ထားရင်း ပတ်ဝန်းကျင်ကို သတိရှိရှိ ကြည့်နေခဲ့သည်။ ယခုပင် အရာရှိနှင့် စစ်သည်တစ်စုက သားရဲအိမ်ကို ဝိုင်းထားကာ သူနှင့် လှောင်အိမ်ကို ဆွဲထုတ်လာကြသည်။ ဘာဖြစ်နေမှန်းမသိပေမယ့် ကောင်းသောကိစ္စမဟုတ်ကြောင်း သူနားလည်သည်။
သူသည် ဒီမြင့်မားသောစင်မြင့်နှင့် ရင်းနှီးပြီး ဒီနေရာ၌ မရေမတွက်နိုင်သော သားရဲများကို တိုက်ခိုက်သတ်ဖြတ်ခဲ့ဖူးသည်။ နောက်ထပ် သွေးထွက်သံယို တိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မည်ဟု သူထင်ခဲ့သည်။သို့သော် ယနေ့တွင် ထိုကိစ္စမဟုတ်သည်မှာ ထင်ရှားပါသည်။
သူ့မျက်လုံးများက သူ့ရှေ့တွင် ဒူးထောက်နေသော နောက်ကျောကို မကြည့်ဘဲမနေနိုင်ခဲ့ပါ။ မျက်မှောင်ကြုတ်ရင်း ဤနောက်ကျောနှင့် အလွန်ရင်းနှီးသွားသလို ခံစားလိုက်ရသည်။
ဧကရာဇ်မင်သယ်သည် နီလျဲ့ကို ခဏတာကြည့်၍ ရဲရိုတရားရုံးမှာ အကျဉ်းချခံထားရသူသည် ရာဇ၀တ်ကောင်များ၏ ဆွေမျိုးများဖြစ်ရမည်ကို သိသော်လည်း နီလျဲ့၏ဆံပင်များမှာ ဖွာလန်ကြဲနေပြီး သူ့မျက်နှာမှာ မည်းနေသောကြောင့် ဘယ်လိုပုံရှိသည်ကို မမြင်နိုင်ပေ။
“လှောင်အိမ်ထဲကလူက ဘယ်သူလဲ?”
စတုတ္ထမင်းသားက သူ့အား ဒီအယုတ်တမာကျွန်ကို တောင်းစဉ် အစောကြီးကတည်းက ဒီကျုံးလင့်သည် တစ်နေ့နေ့တစ်ချိန်ချိန်မှာ တစ်ခုခုဖြစ်လာမယ်ဆိုတာကို သိပေမယ့် နောက်ဆက်တွဲများက ဒီလိုစိုးရိမ်ဖွယ်ဖြစ်သွားလိမ့်မယ်လို့တော့ မသိခဲ့ပါ။ သူသည် ရေတံခွန်လို ချွေးများထွက်ပြီး တုန်ယင်သော အသံဖြင့် ပြောလိုက်သည်-
“သစ္စာဖောက် နီရန့်ရဲ့သား နီလျဲ့ပါ”
နေရာတွင်ပင် ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့သည်။
ပုန်ကန်သူ စစ်သူကြီး နီရန့်သည် ဆင်းရဲသော မျိုးနွယ်စုမှ မွေးဖွားလာသူဖြစ်သည်။ သူသည် ကျန်းပေစခန်း၏ စစ်သေနာပတိရာထူးကို ရယူရန် တစ်ချိန်က သူ၏ ထူးချွန်သော စစ်မှု့တာဝန်ထမ်းဆောင်မှုကို အမှီပြုခဲ့သည်။ ပထမဆယ်နှစ်ပြီးနောက် ကျန်းပေစစ်တပ်သည် သုံးနှစ်ကြာ ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးတွင် မော့ပေကို ပြန်လည်သိမ်းပိုက်ကာ ပေ့အန်း၏ နယ်မြေကို အနောက်ဒေသများသို့ ချဲ့ထွင်ခဲ့သည်။ သူသည် ချီးမွမ်းထိုက်သော လုပ်ဆောင်ချက်များနှင့် တာဝန်ထမ်းရွက်မှုများကို ပြုလုပ်ခဲ့သည်။ သို့သော် လွန်ခဲ့သော ငါးနှစ်က ဒီလူသည် ရန်သူနှင့် ပူးပေါင်းကာ တိုင်းပြည်ကို သစ္စာဖောက်ပြီး ရက်အနည်းငယ်အတွင်းမှာ ပေ့အန်း၏ နန်ထိုင် ၁၆ စီရင်စုကို ဆုံးရှုံးစေခဲ့သည့် သတင်းများထွက်ပေါ်လာပြီးနောက် ဧကရာဇ်မင်သယ်သည် ဒေါသတကြီးဖြစ်ကာ နေရာတွင်ပင် သူ့ကို ခေါင်းဖြတ်သတ်ရန် ဆုံးဖြတ်ခဲ့သည်။ သူ၏နေအိမ်မှ အသက်ဆယ့်ခြောက်နှစ်ပြည့်ပြီးသူများအားလုံးကို သတ်ဖြတ်ခဲ့ပြီး အသက်မပြည့်သေးသူများကို ရဲရိုတရားရုံးသို့ နန်းတော်ကျွန်အဖြစ် ခေါ်ဆောင်သွားခဲ့ပြီး အမျိုးသမီးဆွေမျိုးများကို ကျောက်ဖန်းဌာနခွဲသို့ ခေါ်ဆောင်သွားခဲ့သည်။
ရဲရိုတရားရုံးမှ ကျုံးလင့်သည် ဒီကိစ္စမှာ ထိန်းမနိုင်သိမ်းမရဖြစ်နေကြောင်း သိထားပြီး ယင်းကိစ္စကို အသေးစိတ် ဖော်ပြရုံသာတတ်နိုင်ခဲ့သည်- စတုတ္ထမင်းသားက နီလျဲ့အား မည်သို့တောင်းဆိုခဲ့ပုံနှင့် သူသည် အခြားသားရဲများနှင့် တိုက်ခိုက်ရန် သားရဲအဖြစ် အစားထိုးခံရပုံဖြစ်သည်။
ဤနေရာ၌ ရှိနေသော စစ်သူကြီးများစွာသည် နီရန့်နှင့် လက်တွဲဆောင်ရွက်ခဲ့ဖူးသည်။ ထိုအချိန်က အဖြစ်အပျက်ကို ရည်ညွှန်းသောအခါ သူတို့အများစု၏ စိတ်ထဲတွင် သံသယစိတ်များ ရှိနေကြဆဲဖြစ်သည်။ သို့သော် ဤအခိုက်အတန့်တွင် အလွန်သေးငယ်ပေမယ့် ဤကဲ့သို့ လူမဆန်သော ညှဉ်းပန်းနှိပ်စက်မှုများကို ခံစားခဲ့ရပြီးပြီဖြစ်သော နီရန့်၏ တစ်ဦးတည်းသောသားကို တွေ့လိုက်ရသောအခါ မတရားမှုကို မခံမရပ်နိုင် မဖြစ်ဘဲ မနေနိုင်ခဲ့ပါ။
စစ်သူကြီးဟောင်းတစ်ဦးသည် သူ့ဒေါသကို မထိန်းနိုင်တော့ဘဲ ရှေ့သို့ တိုးလာခဲ့သည်။ သူသည် နီလျဲ့အား အကာအရံကို ဖြတ်ကာ ဆွဲထုတ်ပြီး အရောင်မမြင်နိုင်လောက်အောင် မည်းနေသည့် သူ၏ မည်းညစ်သောအဝတ်အစားများကို ဆုတ်ဖြဲကာ ရှုပ်ပွနေသော ခန္ဓာကိုယ်ကို လူတိုင်းရှေ့တွင် ချပြလိုက်သည်။
ဒဏ်ရာဟောင်းများပေါ်တွင် ဒဏ်ရာအသစ်များ ရှိနေပြီး အချို့မှာ ရောင်ရမ်းနေသေးသည်။ သူ၏ အရေပြားတစ်ပြင်လုံးတွင် သွေးကွက်ခြောက်များ ထူထပ်စွာ ဖုံးလွှမ်းနေပါသည်။ သူ့ခန္ဓာကိုယ်တွင် ကောင်းသောနေရာ တစ်လက်မပင် ရှာမတွေ့ပါ။
နီလျဲ့၏မျက်လုံးများသည် သွေးနီရဲပြီး ထိုလူအို၏လည်ချောင်းကို ညှစ်ထုတ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ သို့သော် သူ့မျက်လုံးထောင့်မှ သူ့ရှေ့တွင် ဒူးထောက်နေသောလူမှ နီလျဲ့အပေါ် အကြည့်ရောက်နေပြီး မသိမသာခေါင်းခါပြနေသည်။
နီလျဲ့သည် သူ့လက်ကို လွှတ်လိုက်ပြီး အံ့သြသွားသည်။
သူ အနီးကပ်ကြည့်တော့မလို့ လုပ်ပေမယ့် ထိုလူက မျက်လုံးလွှဲသွားကာ သူ့ကို လုံးဝမသိယောင် ဆောင်နေသည်။
နီလျဲ့၏ ရင်ဘတ်သည် ပြင်းပြင်းထန်ထန် အပေါ်အောက်ရွေ့လျားနေသည်။ ရုတ်တရက် သူနှင့် နောက်ဆုံး တွေ့ဆုံမှုကို သတိရသွားသည်။ ထိုလူက သူ့ကို ပြောခဲ့သည်- ဘာကိစ္စပဲဖြစ်ဖြစ် သူ့ကို မသိချင်ယောင်ဆောင်ရမည်ဟူ၍ ဖြစ်သည်။
သူမ? သို့မဟုတ် သူ?
ထိုလူသည် မင်းသား၏အဝတ်အစားများကို ဘာကြောင့် ဝတ်ထားရသလဲ? ဘာကြောင့် မြေပြင်ပေါ်၌ ဒူးထောက်နေရသလဲ? နီလျဲ့သည် သံတိုင်ကို တင်းတင်းဆုပ်လိုက်သည်။
နီလျဲ့၏အဝတ်အစားများကို လှစ်ဟခဲ့သူမှာ ပေကျန်းစစ်တပ်၏ စစ်သူကြီးဟောင်း လီမောက်ဖြစ်သည်။ သူသည် နီရန့်ကို အမြဲလေးစားခဲ့သည်။ ထိုနှစ်မှာ နီရန့်ကြောင့်လည်း ဒုတိယအဆင့် စစ်သူကြီးမှ စတုတ္ထအဆင့် စစ်သူကြီးအဖြစ်သို့ ရာထူးလျှော့ချခံခဲ့ရသည်။ သူ့သူငယ်ချင်းဟောင်း၏သားသည် ဤကဲ့သို့ တမင်သက်သက် နှိမ့်ချစွာ ဆက်ဆံခံရသည်ကို မြင်လျှင် သူ့ဒေါသကို ဘယ်လိုလုပ် ထိန်းနိုင်မှာလဲ?မျက်လုံးထဲတွင် မျက်ရည်များဝဲလျက် လက်ဖဝါးကိုကွေးကာ ချက်ချင်းပင် ဒူးထောက်ပြီး “အရှင်မင်းကြီး၊ နီရန့်က ခွင့်လွှတ်လို့မရတဲ့ ရာဇဝတ်မှုကို ကျူးလွန်ခဲ့ပေမယ့် အဲဒီတုန်းက အသတ်ခံခဲ့ရပြီး သူ့မိသားစုလည်း ဖျက်ဆီးခံခဲ့ရပြီး ပြင်းထန်တဲ့ ပြစ်ဒဏ်ကို ခံခဲ့ရပြီးပေမယ့်လည်း သူက ကြီးမားသော အရည်အချင်းတွေလည်း ပိုင်ဆိုင်ခဲ့ပါသေးတယ်။ မော့ပေနယ်မြေကို ထောက်ထားသောအားဖြင့် ဒီကလေးငယ်ကို ဘယ်လိုလုပ် ဒီလိုမျိုး ကြမ်းတမ်းစွာ ဆက်ဆံရမှာပါလဲ?”
ဧကရာဇ်မင်သယ်၏ အသားအရေသည် စိမ်းပြီး နီရဲနေသည်။ ပြဿနာတစ်ပုံ၏ နောက်ကွယ်မှာ အခြားတစ်ပုံတစ်ပင်ရှိနေမည်ကို သူဘယ်လိုလုပ် သိနိုင်မှာလဲ? မုန်လာဥဆွဲထုတ်တာ ရွှံ့ပါလာသလိုပင်။ ဝမ်ကွေ့ဖေး၏ သီးသန့်စစ်ဆေးရန် အကြံပြုချက်ကို နားမထောင်မိတာကို နောင်တရနေပါသည်။ ယခု စင်မြင့်ပေါ်၌ တင်ခံရသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
ကိစ္စများက ပိုပိုပြီးပင် ခက်ခဲလာသည်။ နီရန့်သည် ရန်သူနှင့် ဆက်သွယ်၍ အပြစ်ပေးခံထိုက်သူဖြစ်သည်။ သို့သော် သူ၏ မော့ပေအရည်အချင်းများကို လျစ်လျူရှု၍ မရပေ။ ပေ့အန်းသည် ကြင်နာတတ်သော အစိုးရရှိသော နိုင်ငံတစ်ခုဟု လူသိများသည်။ ချီးကျူးထိုက်ဖွယ် အရည်အချင်းများနှင့် ရာဇဝတ်မှုသည် အနူးညံ့ဆုံး ကိုင်တွယ်ရမည်ဖြစ်သည်။ ထိုနှစ်၏ မငြိမ်မသက်မှုများသည် စစ်သူကြီးများစွာ၏ နှလုံးသားထဲတွင် ဆူးတစ်ချောင်းဖြစ်နေဆဲပင်။ ယခုအခါ နီရန့်၏သားသည် တော်ဝင်ကလေးများ၏ ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံခြင်းကို ခံခဲ့ရသည်။ သူသာ သူတို့ကို သင့်တော်စွာ ချွေးမသိပ်နိုင်ခဲ့ပါက နှလုံးသားရှိသော တစ်စုံတစ်ဦးက ဒီအကြောင်းကို ဖွခဲ့လျှင် တစ်တိုင်းပြည်လုံးက ပြည်သူများ၏ နှလုံးသားကို သိသာထင်ရှားစွာ အေးစက်သွားစေလိမ့်မည်။
ဧကရာဇ်မင်သယ်၏ မျက်နှာသာပေးမှုကို အားကိုးရင်တောင် လီယွမ်ရွှိ့သည်လည်း ယနေ့အဖြစ်အပျက်ကို ပေါ့ပေါ့တန်တန် မကျော်ဖြတ်နိုင်မှန်း သိလိုက်သည်။ ယိုင်တိုင်တိုင်လျှောက်ကာ ဧကရာဇ်မင်သယ်၏ ခြေဖဝါးအောက် ဒူးထောက်လိုက်ပြီး ငိုယိုကာ- “ဒီသားတော်က ခဏတာ အချိန်ကောင်းလေး လိုချင်ရုံထက် မပိုခဲ့ပါဘူး။ ဒီသားတော်က ပျော်ချင်တာကြောင့်ပါ။ ဧကရာဇ်ခမည်းတော်၊ ဒီသားတော် နောက်ထပ် ထပ်မလုပ်တော့ပါဘူး”
သံသည် သံမဏိမဖြစ်နိုင်သည်ကို ဧကရာဇ်မင်သယ် မုန်းတီးခဲ့သည်။ သူသည် သူ့ကို အဝေးသို့ ကန်ထုတ်လိုက်ကာ “မိုက်မဲလိုက်တဲ့ကောင်၊ ဒီနေ့ရဲ့ ဘေးဒုက္ခတွေက မင်းကြောင့်ဖြစ်ရတာ။ မင်းကို သင်ခန်းစာမပေးရင် နောင်မှာ ကြီးစွာသော ဘေးဒုက္ခကို မင်းဖန်တီးမှာကို ငါကိုယ်တော်မြတ် ကြောက်တယ်။ အစောင့်တွေ၊ ဒီယုတ်မာတဲ့သတ္တဝါကို ဆွဲထုတ်ပြီး ကြိမ်ဒဏ် အချက်၂၀ရိုက်လိုက်”