PCTG

အပိုင်း (၁၁)

အရင်ဘဝက သစ္စာဖောက် စစ်သူကြီး​၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ

အခန်း ၁၁

တစ်ဖက်လူက ညင်သာစွာ ပြုံးပြီး ခေါင်းညိတ်ပြသည်။ မင်းမျိုးမင်းနွယ်ကုန်းကျစ်သည် နူးညံ့ရည်မွန်ပြီး ခမ်းနားသော အနာဂတ်အလားအလာရှိသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သူသည် သူ့အရင်ဘဝက ပထမဆုံးတွေ့စဉ်ကနှင့် မကွာခြားပေ။

သူ့မျက်နှာကို မြင်လိုက်ရတော့ လီယွမ်မင်သည် သူ့အရင်ဘဝက သူတို့ကြားမှ အဖြစ်အပျက်တချို့ကို ရုတ်တရက် ပြန်သတိရသွားသည်။

လီယွမ်မင်သည် ငယ်စဉ်ကတည်းက အေးစက်စွာ ဆက်ဆံခံခဲ့ရပြီး ကမ္ဘာကြီးပေါ်ရှိ လူသားတို့၏ စိတ်ခံစားမှုဆိုင်ရာ ပြောင်းလဲမှုများကို ငယ်ရွယ်စဉ်ကပင် မြည်းစမ်းခဲ့ဖူးသည်။ သူ၏ယခင်ဘဝက ပထမဆုံးတွေ့ဆုံမှုသည် အံ့မခန်းရုံသာမက သူ၏အမှောင်နှစ်များကို ကယ်တင်ခြင်းလည်းဖြစ်သည်။

ငယ်စဉ်ကတည်းက ခါးသီးသော အေးစက်မှုဖြင့် နေထိုင်လာသူတစ်ဦးသည် တောက်ပလင်းလက်သော နေကဲ့သို့ လူ၏အဝန်းအဝိုင်းမှ ဘယ်လိုလုပ် လွတ်မြောက်နိုင်မှာလဲ? အဆုံးမှာတော့ ကံတရားက သူ့အပေါ်ကောင်းကောင်းဆက်ဆံလာတယ်လို့ တွေးရင်း သူသည် ဤကဲ့သို့ ကောင်းကင်ဘုံမှ ရှားပါးသော လက်ဆောင်ကို စိုးရိမ်ပူပန်ကြောက်လန့်စွာဖြင့် လက်ခံခဲ့သည်။

လီယွမ်မင်ကဲ့သို့ အသိတရားရှိသောသူသည် နေ့ရောညပါ နှစ်ယောက်သား အဆင်ပြေပြေဖြစ်နေရင်း တစ်စုံတစ်ခုက လွဲချော်နေသည်ကို သတိပြုမိလိုက်သည်။ တစ်ဖက်လူ​၏ နူးညံ့သိမ်မွေ့သော အကြည့်တစ်ချက်ဆိုပေမယ့် ရံဖန်ရံခါတွင် ချုပ်တည်းထားပြီး ရွံရှာနေသလို ဖြစ်နေခဲ့သည်။ သူသည် ထိုအကြောင်းကို ကောင်းကောင်း ဖုံးကွယ်ထားနိုင်ခဲ့ပြီး သူကိုယ်တိုင်တောင် အမြင်မှားတာနေမှာပါဟု တွေးမိခဲ့သည်။

စဉ်းမာယွိ့သည် မူလက သူချစ်မြတ်နိုးသည့် မြင့်မြတ်သော အမျိုးသမီးတစ်ဦးရှိခဲ့ကြောင်း နောက်ပိုင်းတွင် သူသိလာခဲ့သည်။ သူတို့နှစ်ဦးမှာ အရည်အချင်းရှိသော ယောက်ျားကောင်းနှင့် ချောမောလှပသည့် မိန်းမပျိုဖြစ်ကြသည်။ သူတို့နှစ်ဦးစလုံးသည် ကောင်းကင်ဘုံက သတ်မှတ်ထားသော အတွဲကဲ့သို့ တစ်ဦးပေါ်တစ်ဦး ခံစားချက်များ ရှိကြသည်။ သူ့ဖခင် စဉ်းမာကျီက စဉ်းမာယွိ့အား သူ့ရွံရှာမှုကို သည်းခံပြီး လီယွမ်မင်ကို ငရဲထဲသို့ ဝင်ရောက်ရန် သူ့ခန္ဓာကိုယ်ကို ငါးစာအဖြစ် အသုံးချပြီး သွေးဆောင်ရန် ဘာနဲ့ ဆွဲဆောင်ထားသလဲဆိုတာ သူ မသိပါ။

လီယွမ်မင်သည် သူ့အား ကဲ့ရဲ့ချင်စိတ်ကို မျိုသိပ်ထားရင်း နှုတ်ဆက်ဟန်ဖြင့် ခေါင်းအနည်းငယ်ညိတ်ပြလိုက်ပြီး ထပ်မကြည့်တော့ဘဲ ဘေးသို့သာ အကြည့်ကို လွှဲထားလိုက်သည်။

မြင့်မားသောစင်မြင့်ပေါ်တွင် ကျောက်စိမ်းချောင်း လေးရောင်၏ မဲဆန္ဒမှာ ပြီးလုနီးပါးဖြစ်သည်။ မင်းသားလေးပါးထံမှ ကူးယူထားသော စာလိပ်များကို လက်မှတ်မထိုးရသေးသော်လည်း အကြောင်းအရာကို သီးသန့် ပေးပို့ထားသည်မှာ ကြာပါပြီ။ ဘုရင်ခံနှင့် တော်ဝင်သားစဉ်မြေးဆက်များသည် ဘာတွေ ဖြစ်ပျက်နေသည်ဆိုတာကို သိပြီးဖြစ်၍ ဘယ်ကဗျာကို ဘယ်သူရေးခဲ့တယ်ဆိုတာ ဘယ်လိုလုပ် မပြောနိုင်ဘဲ နေမှာလဲ?

အမွှေးတိုင်တစ်ချောင်းကုန်သွားသောအခါ အကောင်းဆုံးသင်္ကေတဖြစ်သော ဟင်္သာပဒါး ကျောက်စိမ်းချောင်းအများစုသည် အကြီးဆုံးမင်းသားနှင့် စတုတ္ထမင်းသားတို့၏ စာလိပ်များထံမှာ ရှိသည်။ ကျန်စာလိပ်နှစ်လိပ်၌ တစ်လိပ်တွင် အများစုမှာ တစ်ရောင်ဖြစ်ပြီး ဟင်္သာပဒါး ကျောက်စိမ်းချောင်း အနည်းငယ်ရှိသည်။ လီယွမ်မင်၏ စာလိပ်အောက်တွင် အားလုံးသည် နောက်ဆုံးအဆင့်အဖြစ် သတ်မှတ်သော အနက်ရောင် ကျောက်စိမ်းချောင်းများ ဖြစ်ကြသည်။

လီယွမ်မင်သည် အင်ပါယာကျောင်းတော်သို့ တက်ရောက်သည်မှာ နောက်ကျသော်လည်း သူသည် လုံ့လဝီရိယပိုထားကာ အိမ်စာကို လုပ်ခဲ့သည်။ အင်ပါယာကျောင်းတော်​၏ ကွန်ဖြူးရှပ်လမ်းစဉ် ဂန္တဝင်ငါးရပ်ကို သင်ကြားသော ဧကရာဇ်ဆရာသည် အခြားမင်းသားများ၏ရှေ့တွင် သူ့ကို ခက်ခဲစေကာ တစ်ခါမှ မျက်နှာသာမပေးပါ။ သို့သော် နှစ်ကိုယ်ကြား အားပေးမြဲဖြစ်သည်။ ယခင်ဘဝက သူသည် ဒီဆောင်းဦးရာသီရွေးချယ်ပွဲအတွက် လုံ့လဝီရိယရှိရှိ လေ့လာခဲ့သည်ဟု ဆိုနိုင်ပေသည်။ သူသည် ဝူကျားကို လေ့လာရန် အခက်အခဲများကို ကြံ့ကြံ့ခံခဲ့ရသည်။ သို့သော် သူစောင့်မျှော်နေခဲ့သော ဆောင်းဦးရွေးချယ်ပွဲတွင် ဤကဲ့သို့သော ရလဒ်မျိုး ထွက်ပေါ်လာခဲ့သည်။ ၁၃နှစ်အရွယ် ကလေးသည် ဘယ်လို နည်းလမ်းများကို အသုံးပြုရမည်ဆိုတာကို ဘယ်လိုလုပ် သိနိုင်မှာလဲ? သူ့မှာ အားကိုးစရာ တစ်ဦးမှမရှိပါ။ ထို့ကြောင့် ထိုအရာသည် သူ့အတွက် ကြီးမားသောထိုးနှက်ချက် ဖြစ်လာခဲ့သည်။ သို့သော် လက်မှိုင်ချကာ အားမလိုအားမရဖြစ်နေချိန်တွင် ဟင်္သာပဒါး ကျောက်စိမ်းချောင်းကို ကိုင်ဆောင်ထားသော ဗောဓိသတ်တစ်ပါးလို စဉ်းမာယွိ့သည် သူ့စာလိပ်ရှေ့တွင် နေရာချလိုက်သည်။

လီယွမ်မင်သည် နှုတ်ခမ်းထောင့်က လှောင်ပြုံးနှင့်အတူ မျက်လုံးများကိုမှိတ်လိုက်သည်။

ကြည့်လိုက်တော့ အရာရှိအားလုံးနီးပါးသည် သူတို့၏ ကျောက်စိမ်းချောင်းများကို နေရာချထားပြီးပြီးဖြစ်ပြီး သစ်သားတိုင်ရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေဆဲဖြစ်သော စဉ်းမာကျီတစ်ဦးသာလျှင် ကျန်တော့သည်။ ဧကရာဇ်မင်သယ်က ဒါကို မြင်ပြီး ပြုံးကာ-

“ဘယ်လိုဖြစ်လို့ ကျန်းပေဘုရင်ခံက မဆုံးဖြတ်ရသေးတာလဲ?”

စဉ်းမာကျီက အတော် စိတ်ဖိစီးနေဟန်ဖြင့် ခေါင်းကိုယမ်းလိုက်ပြီး သက်ပြင်းချလိုက်သည် ။

“အရှင်မင်းကြီး၊ ဒီလက်အောက်ငယ်သားအတွက်က ခက်ခဲလှပါတယ်။ စစ်ပွဲမှာ ချီတက်တိုက်ခိုက်တဲ့ အခါမှာ ဒီလက်အောက်ငယ်သားအိုကြီးက သတ္တိကောင်းပါတယ်။ ဒါပေမယ့် စစ်သည်တွေကို ဦးဆောင်နိုင်ပေမယ့် ဒီစာပေနဲ့ပတ်သက်လာရင် ဒီလိုမျိုးကိစ္စတွေက ဒီလက်အောက်ငယ်သားအိုကြီးကို ခေါင်းကိုက်စေတာတော့ အမှန်ပါပဲ။ ကျွန်တော်မျိုး မြင်တာကတော့ ဒါက စစ်ပွဲထက် သိသိသာသာ ပိုခက်တယ်ဆိုတာပါပဲ”

အရာရှိတွေက ရယ်မောပြီး ဧကရာဇ်မင်သယ်လည်း ကျေနပ်သွားသည် “ကောင်းပါပြီ၊ ငါကိုယ်တော်မြတ်မင်းကို ခက်ခဲစေတယ်လို့ မှတ်ယူလိုက်ပါ။ ဘုရင်မင်းမြတ်နဲ့ အမတ်အဖြစ် နှစ်ပေါင်းများစွာ အမှုတော်ထမ်းရွက်လာခဲ့တာကြာပြီမို့ ငါကိုယ်တော်မြတ်က မင်းရဲ့ အတွေးအမြင်တွေကို ဘယ်လိုလုပ် နားမလည်နိုင်ဘဲနေမှာလဲ? ဒီနေ့မင်း ယွမ်ရော့ကို ခေါ်လာတာကို မြင်ပုံအရတော့ သူ မင်းကို ကယ်တင်ဖို့ လာခဲ့တာဖြစ်မယ်။ ဒါလည်း ကောင်းတာပဲ၊ ယွမ်ရော့က ဘယ်သူ့ရဲ့ စာသင်ဖော်ဖြစ်ချင်တာလဲဆိုတာ ငါကိုယ်တော်မြတ် သိချင်တော်မူတယ်!”

စဉ်းမာကျီက ကျေးဇူးတင်စွာ အရိုအသေပေးကာ “အရှင်မင်းကြီးက ပညာရှိပီသပါပေတယ်”

ဧကရာဇ်မင်သယ်က ပြုံးပြီး စဉ်းမာကျီကို လက်ဝှေ့ယမ်းပြကာ “ယွမ်ရော့၊ မင်းဖခင်ကို ဘာလို့ မြန်မြန်သွားမကူညီတာလဲ?”

စဉ်းမာယွိ့က အပြုံးသဲ့သဲ့ ပြုံး၍ မတ်တပ်ရပ်ကာ ဧကရာဇ်မင်သယ်ကို အရိုအသေပေးသည်။

ကန့်လန့်ကာနောက်တွင် အုတ်အော်သောင်းတင်း ဖြစ်နေခဲ့သည်။

ချူကွေ့ရန်သည် ကျစ်သပ်လိုက်ကာ သက်ပြင်းချသည်။ ဧကရီဘုရင်မ စဉ်းမာကို မျက်နှာမူကာ “သူက လူအများကြားက ‘မြို့တော်ရဲ့ ယောက်ျားအပီသဆုံး’ ဖြစ်ထိုက်ပါပေတယ်။ ဧကရီနျန်နျန်ရဲ့ ချစ်လှစွာသော တူတော်က ခံ့ညားထည်ဝါတဲ့ရုပ်ရည်ရည်နဲ့ ချောမောပြီး ကျက်သရေရှိလှတယ်။ မြို့တော်က မင်းမျိုးမင်းနွယ်သားသမီးတွေကို တောင် အနိုင်ယူနိုင်တယ်။ အနာဂတ်မှာ ဘယ်အမျိုးကောင်းသမီးက အကျိုးအမြတ်ရနိုင်မလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ?

ဧကရီက ရယ်မေပြီး “အချိန်တွေက ကုန်တာ အရမ်းမြန်တယ်။ ယွိ့အော်ကို အဲဒီအချိန်က အနှီးထဲက ကလေးလေးလို့တွေးရင်း အခုဆို ၁၆နှစ်ပြည့်ပြီ။ အမှန်ဆို အိမ်ထောင်ပြုဖို့ စဉ်းစားရမယ့်အချိန်တောင် ရောက်နေပြီ”

သူမသည် သူမ၏မိခင်မိသားစုမှ ပထမဆုံးမွေးသောတူလေးကို အမှန်တကယ် ချစ်မြတ်နိုးပါသည်။ သူမအစ်ကိုက ခွင့်မပြုသောကြောင့်သာ မဟုတ်လျှင် မင်းသမီးဖုန့်မင်၏ ကြင်ယာတော်ဖြစ်လာစေရန် ဘုရင်မင်းမြတ်ထံ အကြံပြုထားတာကြာပါပြီ။

သူမ၏ နှလုံးသားသည် တစ်ခုခု ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။

တစ်ဖက်တွင် ဝမ်ချောင်လွမ်သည်လည်း စဉ်းမာယွိ့ကို အနီးကပ် စိုက်ကြည့်နေခဲ့သည်။ သူသည် စဉ်းမာကျီ၏ လက်မှ ကျောက်စိမ်းချောင်း လေးရောင်ကို ယူလိုက်ပြီးနောက် သူမ၏ နှလုံးသည် ပြင်းထန်စွာ ခုန်နေပြီဖြစ်သည်။

အရာအားလုံးသည် ဒီအားထုတ်မှု​၏ အချိန်ပေါ်မှာ မူတည်နေပါသည်။

သူမ​၏အာရုံစူးစိုက်မှုသည် စဉ်းမာယွိ့အပေါ်မှာသာရှိသောကြောင့် ထုံးစံအတိုင်း တခြားသူများကို ဂရုမစိုက်နိုင်ပါ။ ထို့ကြောင့် သူမအနားက ချူကွေ့ရန်​၏ စူးစူးဝါးဝါးအော်သံ ရုတ်ခြည်းထွက်ပေါ်လာသောအခါ သူမသည် ခဏတာ ဣန္ဒြေမဆယ်လိုက်နိုင်ခဲ့ပါ။ ထို့နောက် သူမရှေ့မှ အဖြစ်အပျက်များကို ရှင်းရှင်းလင်းလင်းမြင်လိုက်သော် ကြောက်လွန်း၍ သူမ မအော်ဘဲမနေနိုင်တော့ပါ။

မြင့်မားသောစင်မြင့်အောက် နေရာတိုင်းတွင် ရှုပ်ထွေးမှုများနှင့် ပရမ်းပတာဖြစ်နေခဲ့သည်။ လူတိုင်းသည် တစ်ယောက်ပြီး တစ်ယောက် ငယ်သံပါအောင် အော်ဟစ်ကာ ဖရိုဖရဲ ပြေးလွှားနေကြသည်။

ကြမ်းကြုတ်သောကျားတစ်ကောင်သည် မည်သည့်နေရာမှ ထွက်ပေါ်လာသည်မသိ၊ မြင့်မားသောစင်မြင့်ပေါ်သို့ ခုန်တက်လိုက်သည်။ သစ်သားတိုင်များပေါ်တက်ကာ ချက်ချင်းဆိုသလို တစ်စစီဖြစ်သွားအောင် လုပ်လိုက်သည်။ ကြမ်းကြုတ်သောကျားသည် ကောင်းကင်သို့ ဟိန်းဟောက်ကာ အဆုံးမရှိ ပွက်လောရိုက်ခြင်းများကို ဖန်တီးနေစဉ်တွင် ဖုန်မှုန့်အပိုင်းအစများက ပျံ့လွင့်လာခဲ့သည်။

ဝမ်ချောင်လွမ်၏ မျက်နှာသည် သွေးမရှိသလိုပင် ဖြစ်နေခဲ့သည်။

သူမ​၏ သားရဲအိမ်က ရက်စက်ကြမ်းကြုတ်သော သားရဲက ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ?

အဖြေကို သူမ မတွေးမိခင်မှာဘဲ သူမရှေ့က ရှုပ်ထွေးမှုများသည် လုံး၀ ရှုပ်ပွသွားခဲ့ပါပြီ။

“ဧကရာဇ်ကိုကာကွယ်ပါ၊ ဧကရာဇ်ကိုကာကွယ်ပါ!”

ဧကရာဇ်နှင့် တွဲဖက်လိုက်ပါလာသော မိန်းမစိုးများ​၏ မျက်နှာသည် ပြောင်းကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ထိုစက္ကန့်ပိုင်းလေးအတွင်းမှာပင် ကြမ်းကြုတ်သောကျားသည် လှေကားထစ်များပေါ်သို့ ခုန်တက်သွားသည်။ ဧကရာဇ်မင်သယ်သည် ဧကရာဇ်ရာဇပလ္လင်မှ အမြန်လှိမ့်ဆင်းလာခဲ့သည်။ ရှေ့ရှိ ဧကရာဇ်အစောင့်တပ်များသည် လျင်မြန်စွာလှုပ်ရှားပြီး ခဏအတွင်းတွင်ပင် ဧကရာဇ်မင်သယ်ကို အနီးကပ်စောင့်ကြပ်ခဲ့ကြသည်။

ကြမ်းကြုတ်သောကျားသည် ပုံမှန်မဟုတ်သလို ဂနာမငြိမ်ဖြစ်နေသည်။ ၎င်းသည် မြင့်မားသောစင်မြင့်ပေါ်မှ နေရာတိုင်းသို့ ထွက်ပြေးသွားသူများကို လိုက်ဖမ်းသည်။

အကြီးဆုံးမင်းသားနှင့် စတုတ္ထမြောက်မင်းသားတို့သည် သူတို့အား ကာကွယ်ရန် သူတို့၏တရားဝင်အစောင့်များရှိပြီး ပြန်လည်ဆုတ်ခွာသွားကြသည်။ လီယွမ်လန်မှာလည်း ပေါ့ပါးဖျတ်လတ်သောကြောင့် မြင့်မားသောစင်မြင့်ပေါ်မှ အမြန်ခုန်ဆင်းခဲ့သည်။ လီယွမ်မင်သာလျှင် သစ်သားတိုင်ဘေးတွင် တစ်ဦးတည်းကျန်ခဲ့သည်။

နှလုံးခုန်မြန်နေပေမယ့် သူသည် အရမ်းထိတ်လန့်နေပုံမပေါ်ပါ။ မထင်မှတ်ဘဲ သူ့မျက်လုံးထဲတွင် စိတ်အားထက်သန်မှု အနည်းငယ်ရှိနေခဲ့သည်။

“ငါနဲ့လိုက်ခဲ့” လက်ကောက်ဝတ်ကို ပိန်ပါးသောလက်က ဆုပ်ကိုင်လိုက်သည်။ လီယွမ်မင်သည် နောက်လှည့်ကြည့်လိုက်တော့ စဉ်းမာယွိ့ကို တွေ့လိုက်ရသည်။ သူ ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် သူ့ခါးကို ဖက်ခံလိုက်ရပြီး စင်မြင့်ပေါ်မှ ခုန်ဆင်းခဲ့သည်။

အစောင့်အများအပြားသည် ဝိုင်းဖွဲ့ကာ ဘေးကင်းရာသို့ ပြောင်းရွှေ့ရန် အကာအကွယ်ပေးခဲ့သည်။

ဧကရာဇ်ကိုယ်ရံတော်တပ်သည် အလျင်အမြန်ရောက်လာကာ စစ်သည်များနှင့် စင်မြင့်ကို အထပ်ထပ် ဝိုင်းရံလိုက်သည်။ ခေါင်းဆောင်မှ လက်ဟန်ပြလိုက်သော် လေးပစ်သမားများက နေရာယူလိုက်သည်။

“ပစ်!” အသံတစ်သံ ထွက်ပေါ်လာသည်။

ကြီးမားလှသော ဓားမိုးတစ်စင်း ပျံထွက်သွားပြီး ကျားသည် ကျယ်လောင်စွာ ဟိန်းလိုက်သည်။ ၎င်းသည် ခဏချင်းပင် ဖြူကောင်အဖြစ် ပစ်သတ်ခံလိုက်ရသည်။

ကြမ်းကြုတ်သောကျားသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားပြီး မြေပြင်တစ်ခုလုံး သွေးများဖြင့် ပျံ့နှံ့သွားသည်။

လီယွမ်မင်သည် မျက်လုံးများကိုမှိတ်လိုက်ပြီး သွေးအစွန်းအထင်းများမှ အကြည့်ကို လွှဲလိုက်သည်။

“အဆင်ပြေရဲ့လား?” စဉ်းမာယွိ့က သိသာစွာ ထိတ်လန့်သွားသော်လည်း သူ့ကို နူးညံ့စွာ မေးဖို့ သတိရနေသေးသည်။

လီယွမ်မင်သည် လေကို အမောတကော ရှုသွင်းပြီး ပြန်မဖြေခဲ့ပေ။ စဉ်းမာယွိ့၏ လက်ထဲမှ သူ့လက်ကောက်ဝတ်ကို တည်ငြိမ်စွာ ပြန်ယူလိုက်သည်။

အခြေအနေသည် ငြိမ်သက်သွားပြီ ဖြစ်သည်။ ဧကရာဇ်မင်သယ်သည် အထိတ်တလန့်အခြေအနေတွင်ရှိနေဆဲဖြစ်ပြီး သူ၏နောက်ကွယ်မှ အလျင်စလိုအော်သံများကို သူကြားနေရသည်။

“နျန်နျန်! နျန်နျန်!”

အမြဲကြောက်တတ်သော ယင်းအလှလေးသည် မေ့လဲသွားခဲ့သည်။

“တော်ဝင်သမားတော်ကို ခေါ်ပါ!” ဧကရာဇ်မင်သယ်က သူ့ဝတ်ရုံလက်များကို ခါနေသည်။

အချိန်တိုလေးအတွင်းမှာပင် တော်ဝင်သမားတော်တစ်စုသည် အင်ပါယာကျောင်းတော်သို့ အပြေးအလွှား ရောက်လာကြသည်။

ဟော်ယွင်ယိ့သည် အင်ပါယာကျောင်းတော်သို့ အလျင်အမြန်လျှောက်လာသောအခါ ပထမဆုံးမြင်လိုက်ရသည့် မြင်ကွင်းမှာ ဖရိုဖရဲဖြစ်နေသော စင်မြင့်ဖြစ်သည်။ သေနေသည်မှာ သိသာလှသည့် မြှားများဖြင့် ပြည့်နေသော သန်မာသည့် ကျားတစ်ကောင်သည် မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲကျနေသည်။

မြင့်မားသောစင်မြင့်ရှေ့တွင် အော်ဟစ်ညည်းတွားသံများ ဆက်တိုက်ကြားလာရသည်။ ပြေးလွှားရင်း ထိခိုက်ဒဏ်ရာရသော နန်းတွင်းအစေခံများနှင့် ကြောက်လန့်ကာ မေ့လဲသွားသော အရာရှိများ ရှိကြသည်။ အရာအားလုံးသည် ဗရမ်းဗတာဖြစ်နေခဲ့သည်။

ဟော်ယွင်ယိ့သည် သူ့စိတ်ထဲတွင် စိုးရိမ်နေပြီး ခေါက်တုံ့ခေါက်ပြန် လှုပ်ရှားနေခဲ့သည်။ စင်မြင့်အောက်က အန္တရာယ်ကင်းသော လီယွမ်မင်ကို မြင်မှ အနည်းငယ် စိတ်သက်သာရာရသွားသည်။ တစ်ဖက်ကလည်း သူ့ကို မြင်သွားသည်။ သူ့မျက်နှာက အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသောကြောင့် မျက်နှာလွှဲလိုက်သည်။

အခြေအနေက အရေးပေါ်ဖြစ်ပြီး ဟော်ယွင်ယိ့သည် သိပ်ပြီးစဉ်းစားလို့မရပါ။ အခြားသော
တော်ဝင်သမားတော်များ​၏အကူအညီဖြင့် ဒဏ်ရာရသူများကို သက်သောင့်သက်သာနေရာဆီသို့ သယ်ဆောင်သွားသည်။ ကျားအလောင်းကို ဖြတ်သွားသောအခါ တစ်မူထူးခြားသော မြက်မွှေးရနံ့သင်းသင်းကို အနံ့ခံမိသည်။

သူ၏ ခန္ဓာကိုယ်သည် တောင့်တင်းပြီး သူငယ်အိမ်များ စုသွားကာ ကျားအလောင်းကို သံသယမျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။

“တော်ဝင်သမားတော်ဟော်?”

ဟော်ယွင်ယိ့ အသိဝင်သွားသည်။ သူ့လည်စလုပ်က လှုပ်ပြီး မျက်နှာက ဖြူဖျော့သွားသည်။

“ဒီနေရာက ငါရှိတော့ မင်း ကန့်လန့်ကာနောက်ကို လိုက်သွားပြီး ယင်းအလှလေးကို တစ်ချက်ကြည့်လိုက်ပါ”

ဟော်ယွင်ယိ့က ခေါင်းညိတ်ပြပြီး လူကို သက်တောင့်သက်သာရှိသော နေရာသို့ ရွှေ့လိုက်ပြီး ကျောမှဆေးသေတ္တာနှင့်အတူ တဲထဲသို့ လျှောက်သွားသည်။

ကျန်းပေဘုရင်ခံ၏ ကွပ်ကဲမှုအောက်တွင် မြင့်မားသောစင်မြင့်ထက်ရှိ အစီအစဉ်သည် တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်သွားသည်။ ဧကရာဇ်မင်သယ်သည် ဧကရာဇ်ရာဇပလ္လင်ပေါ်တွင် ထိုင်ကာ မျက်နှာတော်မှာ ဖြူဖျော့နေသည်။ ဆောင်းဦးရာသီရွေးချယ်ပွဲကဲ့သို့ နေ့ကြီးတွင် ရာနှင့်ချီသော အရာရှိများရှေ့မှာ ရာဇဣန္ဒြေပျက်ခဲ့ရသည်။ ဘယ်လိုတောင် ဒေါသထွက်စရာကောင်းလိုက်သလဲ! အရာရှိများက ဦးညွှတ်ထားကြသည်။ ဒီလို အနေအထားမှာ မတ်တပ်ရပ်နေရပြီး သူတို့သည် ထင်ထင်ပေါ်ပေါ် မလုပ်ဝံ့ပါ။

အလွန်လျင်မြန်စွာနှင့် ဧကရာဇ်ကိုယ်ရံတော်များစွာသည် အတွင်းအစေခံတစ်ဦးအား ကြီးကြပ်ခေါ်ဆောင်ကာ ရှေ့သို့လှမ်းလာခဲ့သည်။

ဧကရာဇ်ကိုယ်ရံတော်တပ်​၏ အကြီးအကဲမှ “အရှင်မင်းကြီးထံ လျှောက်တင်ပါတယ်။ ကျားကို လွှတ်ပေးတဲ့လူကို ကျွန်တော်မျိုး ရှာတွေ့ပါပြီ။ ထိုသူက ကျုံးချွေ့နန်းဆောင်ရဲ့ အတွင်းအစေခံ ချန်ရှီပါ”

ဧကရာဇ်မင်သယ်က ရာဇပလ္လင်​၏ နဂါးခေါင်းကို ချက်ချင်း လက်နှင့်ရိုက်လိုက်သည်။ သူ့နောက်က ကန့်လန့်ကာဆီသို့ ဒေါသတကြီးအော်ပြီး “ဧကရာဇ်မင်းရဲ့ခြေတော်ရင်း ခမ်းနားထည်ဝါတဲ့ နန်းတော်မှာ ကြမ်းကြုတ်တဲ့ သားရဲတစ်ကောင်က မထင်မှတ်ဘဲ ခိုးဝင်လာတယ်။ ဝမ်ကွေ့ဖေး၊ မင်းနန်းဆောင်က လူမလား? ဒီကိစ္စကို မင်း ဘယ်လိုရှင်းပြမှာလဲ?”

ကန့်လန့်ကာနောက်ကွယ်ရှိ ဝမ်ကွေ့ဖေးသည် စိတ်နောက်နေပြီဖြစ်သည်။ သူမသည် ပုတီးစေ့ကန့်လန့်ကာကို အလျင်အမြန်ဖွင့်ကာ ဧကရာဇ်မင်သယ်ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ပြီး “အရှင်မင်းကြီး၊ ဒီလူက ကျွန်တော်မျိုးမရဲ့ နန်းဆောင်အပိုင်ကပါ။ ဒါပေမဲ့ ဒါက ချန်ချဲ့ရဲ့ လုပ်ရပ်မဟုတ်ပါဘူး။ ဒီကိစ္စမှာ အခြားသော အကြောင်းရင်းတစ်ခုခု ရှိကိုရှိရပါမယ်”
(ချန်ချဲ့: မောင်းမမိဿံများက မိမိကိုယ်ကို ရည်ညွှန်းသော အခေါ်အဝေါ်)

သူမ၏မျက်လုံးများသည် ချက်ချင်းပင် လှည့်သွားကာ အတွင်းအစေခံအား အော်ပြောလိုက်သည်-
“ကျုံးချွေ့နန်းဆောင်ကို ချောက်ချဖို့ မင်းကို ဘယ်နန်းဆောင်က စေလွှတ်လိုက်တာလဲ?”

အတွင်းအစေခံသည် ဒူးများတုန်ကာ သူ့မျက်နှာသည် သွေးမရှိသလိုဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။ သူသည် ဆတ်ခနဲ ဒူးထောက်လိုက်ပြီး “ကျွန်တော်… ကျွန်တော်မျိုး ဘာဖြစ်သွားမှန်း တကယ်မသိပါဘူး”

ဝမ်ချောင်လွမ်သည် လျင်မြန်စွာ စိတ်တည်ငြိမ်သွားပြီး သူမ၏ အကြည့်ကို တည်ငြိမ်အောင် ထိန်းထားလိုက်သည်။ ယနေ့ အဖြစ်အပျက်များသည် ကောင်းစွာ မပြီးဆုံးနိုင်သည်ကို သူမ သိပါသည်။ ကျုံးချွေ့နန်းဆောင်​၏ သားရဲအိမ်တည်ရှိမှုသည် လူသိများပါသည်။ မူလက လူများ​ နှစ်သက်ရန်အတွက် ရှားပါးပြီး ထူးခြားဆန်းပြားသော တိရစ္ဆာန်များကို မွေးမြူရန် အသုံးပြုခဲ့သည်။ ထို့ကြောင့် ဒုက္ခပေးမည့်ဟန် မရှိပါ။ မကြာသေးမီနှစ်များအတွင်းတွင်သာ ရက်စက်ကြမ်းကြုတ်သော တိရစ္ဆာန်များကို ဖမ်းဆီးရမိခဲ့သည်။ သူမ၏အစ်ကိုဖြစ်သူသည် နန်းတော်၏တားမြစ်အာဏာကို အုပ်စိုးသော ကာကွယ်ရေးဝန်ဖြစ်သောကြောင့် ဤကိစ္စကို လျှို့ဝှက်ချက်အဖြစ် အဆင်ပြေစွာ ထိန်းသိမ်းနိုင်ခဲ့သည်။ ယခုဖြစ်ရပ်ဖြစ်ပွားပြီးနောက်၊ ဘယ်လိုဖြစ်ဖြစ် အပြစ်တင်ခြင်းမှ သူမ လွတ်ကင်းနိုင်မည်မဟုတ်ပေ။ လက်ရှိအစီအစဥ်မှာ ဦးစွာ အခြေအနေအရပ်ရပ်ကို ရွှေ့ဆိုင်းရန်ဖြစ်ပြီး သေချာစွာ အစီအစဉ်ချမှတ်ရန်ဖြစ်သည်။

နောက်ဆုံးတွင် သူမက နူးညံ့စွာဖြင့် ပြောဆိုသည် “အရှင်မင်းကြီး၊ ဒီကိစ္စက အရေးကြီးပြီး အသေးစိတ် စုံစမ်းစစ်ဆေးရပါမယ်။ ကျွန်တော်မျိုးမမြင်တာကတော့ ဒီအစေခံက အလွန်ကြောက်လန့်နေပြီဖြစ်လို့ တခဏတော့ ဘာမှမေးလို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒဏ်ရာရသူတွေကို အရင်နှစ်သိမ့်ပေးတာလောက်တော့ အရေးမကြီးပါဘူး။ ဒီအစေခံကို လက်ရှိအချိန်မှာ ထိန်းသိမ်းထားသင့်ပြီး စစ်ဆေးမေးမြန်းမှုတွေကို နောင်ကျ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”

သူမအသံ မဆုံးခင်မှာ ချူကွေ့ရန်​၏ လှောင်ပြောင်သံထွက်လာခဲ့သည်-

“ဒါက အရေးကြီးကိစ္စရပ်တွေနဲ့ သက်ဆိုင်နေတာကြောင့် ဒီကိစ္စကို နေရာတွင်ပဲ သေသေချာချာ စုံစမ်း စစ်ဆေးဖို့ လိုပါတယ်။ အရှင်မင်းကြီးက တစ်စုံတစ်ဦးကို ဖုံးကွယ်ပေးနေတယ်လို့ အရာရှိတွေအားလုံးက လွဲမှားစွာ ယူဆမိမှာစိုးလို့ပါ”

ပုတီးစေ့ကန့်လန့်ကာကို မလိုက်သည်နှင့် တပြိုင်နက် ဧကရီဘုရင်မစဉ်းမာသည် ချူကွေ့ရန် ၏အကူအညီဖြင့် ဖြည်းညှင်းစွာ ခြေလှမ်းလာခဲ့သည်။ နှစ်ယောက်သား ဒူးထောက်နေသော ဝမ်ချောင်လွမ်ကို ကြည့်ပြီး ဧကရာဇ်မင်သယ်အား ဦးညွှတ်အရိုအသေပေးလိုက်သည်။

ဝမ်ချောင်လွမ်က အံကြိတ်ပြီး ပြောသည် “ဒီကိစ္စက ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် မင်းလို အဆိပ်ပြင်းတဲ့ မိန်းမက ဒါက ဖုံးကွယ်ထားပါတယ်ဆိုပြီး ထပ်ခါထပ်ခါ ပြောနေတယ်။ မင်းရဲ့ ဆိုးညစ်တဲ့ ရည်ရွယ်ချက်က ဘာလဲ?!”

“မင်း ဘယ်လိုလုပ် ဒီလိုမျိုး မဆင်မခြင်ပြောတတ်တာလဲ?” ဧကရီဘုရင်မ စဉ်းမာက ချူကွေ့ရန်ကို ညင်သာစွာ အော်ဟစ်ပြီး ချက်ချင်းပင် ဝမ်ချောင်လွမ်အား ထရပ်ရန် အကူအညီပေးလိုက်ပြီး “ညီမတော်က အမြဲတမ်း ရိုသေလေးစားပြီး စိတ်တည်ငြိမ်တယ်၊ ဒီလို ဥပဒေမဲ့ လုပ်ရပ်တွေကို ဘယ်လိုလုပ် လုပ်မှာလဲ? တစ်နေရာရာမှာ နားလည်မှု လွဲနေတာ ဖြစ်ရမယ်”

“ဒါပေမယ့်…” သူမ စကားပြောင်းသွားသည်– “ချူကွေ့ရန် ပြောတာလည်း မှန်ပါတယ်။ ဒီကိစ္စက နှိုင်းချိန်စဉ်းစားသင့်ပါတယ်။ ဒီနေ့တော့ နေရာမှာပဲ အမှန်တရားကို ဖော်ထုတ်ရမှာစိုးပါတယ်။ ပန်ကုံးက ဒီကိစ္စဟာ ကွေ့ဖေး လုပ်ရပ်မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ ပြီးတော့ ဒီလိုလုပ်တဲ့အတွက် ကွေ့ဖေးရဲ့ အပြစ်ကင်းမှုကို ဒီကအရာရှိတွေ အားလုံးရှေ့မှောက်မှာ သက်သေပြရမယ်”

ဝမ်ချောင်လွမ်သည် ဧကရီဘုရင်မ စဉ်းမာကို နှုတ်ခမ်းထောင့်မှ နူးညံ့သော အပြုံးဖြင့် ကြည့်နေသည်မှာ သူမ၏ ငွေရောင်သွားများ ကျိုးလုနီးပါးပင်။ ဧကရာဇ်မင်သယ်သည် ဖြူဖျော့သောအမူအရာဖြင့် ပြောလာသည်-

“အဲ့ဒီခွေးကျွန်ကို အနီးကပ်မေးဖို့ ခေါ်ခဲ့!”

များမကြာမီ ထိုအတွင်းအစေခံအား အင်ပါယာတရားရုံးတော်ရှေ့သို့ ဆွဲခေါ်သွားခဲ့သည်။ သူသည် မျက်ရည်များ ကျကာ ဝပ်တွားသော အမူအရာဖြင့်သာ “ဒီကျွန်က ဘာမှမသိပါဘူး၊ ကျွန်တော်မျိုး ဘာမှမသိပါဘူး အရှင်မင်းကြီး! ကွေ့ဖေးနျန်နျန်၊ ဒီကျွန်ကို ကယ်ပါ! ဒီကျွန်ကို ကယ်ပါ!”

“တိတ်စမ်း!” ဧကရာဇ်မင်သယ်သည် သူ့ဒေါသကို ထိန်းပြီး “မင်းပြော၊ မင်းဘာလို့ ဒီကြမ်းကြုတ်တဲ့ သားရဲကောင်ကို အင်ပါယာကျောင်းတော်ကို ခေါ်လာခဲ့တာလဲ?”

အတွင်းအစေခံက ” တတိယတော်ဝင်မင်းသားပါ၊ ဒါက တတိယတော်ဝင်မင်းသားရဲ့ အမိန့်ပါ!”

PCTG
Author: PCTG

ဝိုး.. လားလား.. ရှင်ဘုရင်လေးလား...

Private: အရင်ဘဝက ပုန်ကန်ခဲ့တဲ့စစ်သူကြီးနဲ့ ကိုယ်ဝန်ရသွားပြီ။

Private: အရင်ဘဝက ပုန်ကန်ခဲ့တဲ့စစ်သူကြီးနဲ့ ကိုယ်ဝန်ရသွားပြီ။

朕怀了前世叛将的崽
Score 8
Status: Ongoing Type: Author: Artist: , Released: 2020 Native Language: Chinese
အညွှန်း အအေးနန်းဆောင်မှာ ကြီးပြင်းလာရတဲ့ မင်းသားက တစ်ရက်မှာတော့ ချစ်ခင်ရတဲ့သူကြောင့် ရုပ်သေးဘုရင်ဖြစ်လာရတယ်။ သူ မသေခင်မှာမှ သူက တခြားသူတွေအတွက် အာဏာနဲ့ လိုအင်ဆန္ဒအတွက် အသုံးချခံပစ္စည်းဆိုတာကို သိလာခဲ့ရတယ်။ မြို့တော် ကျရှုံးသွားပြီးတဲ့နောက် နှစ်များစွာ အကျဉ်းချခံခဲ့ရတဲ့သူက သူ့မျက်နှာကို ဖျက်ဆီးခံလိုက်ရပြီးတော့ ပိုးကြိုးဖြူနဲ့ သူ့ရဲ့ ကြေကွဲဖွယ်ဘဝကို အဆုံးသတ်ခဲ့ရတယ်။ သူက သူ့ငယ်စဉ်ဘဝကို ပြန်ရောက်လာပြီးတဲ့အခါမှာတော့ အနောက်ခြံဝန်းမှာ တော်ဝင်ကလေးတစ်သိုက်ဆီက နင်းခြေခံနေရတဲ့ သစ္စာဖောက်စစ်သူကြီးကို တွေ့လိုက်ရတယ်။ ထိုသူက သူ့အတိတ်ဘဝတုန်းက မြို့တံခါးကို သွေးနဲ့ဆေးခဲ့တဲ့ သူပုန်သူရဲကောင်းဖြစ်တယ်။ လီရွှမ်းမင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ဒဏ်ရာအပြည့်နဲ့ကလေးကို နန်းဆောင်ဆီ တိတ်တဆိတ် ခေါ်ဆောင်သွားပြီး ပြည်သူတွေနဲ့ သူ့အပေါ်မှာ ရှိတဲ့ ရန်ငြှိုးတချို့တလေကို ပြေလျော့အောင် လုပ်နိုင်ဖို့ မျှော်လင့်ခဲ့တယ်။ ++++ နှစ်အတော်ကြာပြီးနောက်မှာတော့ နယ်ခြားကို ငြိမ်သက်စေခဲ့ပြီးတဲ့ စစ်သူကြီးက နန်းတော်ကို ပြန်လာခဲ့တယ်။ သူ ပထမဆုံး လုပ်တဲ့အလုပ်က သူ့အိမ်တော်ကို ပြန်သွားတာ မဟုတ်ဘဲနဲ့ အတွင်းဆောင်ဆီကို တန်းသွားတာပဲ ဖြစ်တယ်။ အရှင်မင်းမြတ်ရဲ့ဖိနပ်၊ ခြေအိတ်တွေကို ချွတ်ပေးပြီးတော့ ခြေဖဝါးကို ညင်ညင်သာသာနဲ့ ဆေးကြောပေးခဲ့တယ်။ “ဒီအမှုတော်ထမ်းက ဒီနှစ်တွေမှာ သူ့ရှင်မင်းအတွက် အမှုတော်ကို ကြိုးကြိုးစားစား ထမ်းရွက်ရင်း ပျော်ရွှင်စရာတွေနဲ့ လွဲချော်ခဲ့ပါတယ်” အရပ်မြင့်မြင့်နဲ့ အရှိန်အဝါကြီးတဲ့ စစ်သူကြီးရဲ့ မျက်လုံးတွေက ပူလောင်လာတယ်။ “ဒါကြောင့် အရှင်မင်းမြတ် အနေနဲ့ အရှင်မင်းနဲ့ လက်ထပ်ဖို့ကို ခွင့်ပြုပေးသင့်ပါတယ်” 

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset