အရင်ဘဝက သစ္စာဖောက် စစ်သူကြီး၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ
အခန်း ၁၀
“မရိုင်းစိုင်းနဲ့!”
ဝမ်ချောင်လွမ်က ဒေါသတကြီးအော်ပြောလိုက်ပေမယ့် ဒီတစ်ခါ ဆန့်ကျင်သူက သူမ၏
သားတော်လီယွမ်ရွှိ့ပါ။
လီယွမ်ရွှိ့သည် သူ၏တော်ဝင်မယ်တော်မှ အခြားသူအပေါ် ဤမျှအကာအကွယ်ပေးနေသည်ကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းဖြစ်ပါသည်။ ထို့အပြင် ထိုသူသည် လုံးဝအရေးမပါသော နိမ့်ကျသည့် လူတစ်ဦးမျှသာဖြစ်သည်။ သူ့မာနကို ခဏလောက် စွန့်လွှတ်ချင်စိတ်မရှိ၍ စကားအနည်းငယ်ပြောတော့မည်ပြုစဉ် သူမမျက်နှာပေါ်က စိုးရိမ်ဖွယ် စိတ်ပျက်လက်ပျက်အမူအရာကို သူမြင်လိုက်ရသည်။ သူမစိုးရိမ်နေပုံရသည်။ အဆုံး၌ ထိုအချိန်တွင် တော်ဝင်မယ်တော်၏ ပြောင်းပြန်စကေးကို မထိဝံ့ဘဲ လီယွမ်မင်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ကာ မိမိဘာသာ ချုပ်တည်းထားနိုင်ခဲ့သည်။
ဝမ်ချောင်လွမ်သည် အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်သည်။ သူမသည် လီယွမ်လန်ကို စုန်ဆန်ကြည့်ကာ ပြုံးနေသော်လည်း မပြုံးသည့်ဟန်ဖြင့် “ဒုတိယမင်းသားက လူတွေကို သွေးထိုးလှုံ့ဆော်ရာမှာ တကယ်ကျွမ်းကျင်တာပဲ”
လီယွမ်လန် လန့်သွားသည်။ သူ့လက်နှစ်ဖက်ကို အရိုအသေပြုဟန် လုပ်လိုက်ပြီး “ယွမ်လန် မလုပ်ဝံ့ပါဘူး”
သူ့စိတ်ထဲတွင် ယခုပင် သူ၏လှုံ့ဆော်မှုကို တိတ်တဆိတ် နောင်တရနေမိသည်။ သီးသန့်ဆိုလျှင် အဆင်ပြေပါသည်။ အရိုင်းအစိုင်း လီယွမ်ရွှိ့ကို သူစိတ်ကြိုက် လုပ်လို့ရပေမယ့် မောင်းမဆောင်တွင် ဆယ်နှစ်ကျော်ကြာ နစ်မြုပ်ထားသော ကျွမ်းကျင် ဝမ်ချောင်လွမ်၏ ရှေ့တွင် သူ့အတွေးများကို သူမက ဘယ်လိုလုပ် မမြင်နိုင်ဘဲနေမှာလဲ?
မူလက သူ့ကိုယ်သူ အလွန်အမင်း ဖုံးကွယ်ထားခဲ့သည်။ မမျှော်လင့်ဘဲ ထိုအပေါစား ပြဿနာကောင်ကို မြင်လိုက်ရသောအခါ သူ့စိတ်တွေ ပူလာပြီး ဆင်ခြင်ဥာဏ်မဲ့သွားစေခဲ့သည်။ ယခုတော့ ဝမ်ချောင်လွမ်သည် ဒီကိစ္စကို စိတ်ထဲ ဆက်ရှိနေမလားဆိုတာ သူ မသိပါ၊ အကယ်၍…
သူသည် ခေတ္တမျှ လေးပင်စွာ ရှုရှိုက်ရင်း ပြောရန် သင့်တော်သောစကားလုံးများကို တွေးတောရန် ကြိုးစားနေခဲ့သည်။ သို့သော် ဝမ်ချောင်လွမ်သည် သူစကားမပြောနိုင်အောင် လှည့်ထွက်သွားခဲ့ပြီဖြစ်သည်။ သူ့နှလုံးသားက ပိုလို့တောင် မငြိမ်မသက်ဖြစ်သွားပြီး သူ့လက်များကို ချကာ ဘေးဘက်သို့ ဆုတ်ခွာရုံသာ တတ်နိုင်ခဲ့သည်။
ယနေ့တွင် ဝမ်ချောင်လွမ်သည် အထူးခမ်းနားစွာ ၀တ်ဆင်ထားပြီး အသေးဆုံးအသေးစိတ်အချက်များကပင် လက်ရာမြောက်လှသည်။ သို့သော် သူမသည် ရက်ပေါင်းများစွာ ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ရပြီး ညဘက်တွင် အိပ်မက်များစွာ မြင်မက်သောကြောင့် မလွဲမသွေ ပင်ပန်းနေခဲ့သည်။ လက်ရှိတွင် သူမသည် မျက်နှာချေကို စေ့စေ့စပ်စပ် လိမ်းချယ်ထားသော်လည်း မည်းနေသော မျက်ကွင်းအချို့ကို မြင်တွေ့နိုင်သည်။ ချင်းဟော်၏အရည်အချင်းက ကောင်းမွန်ပေမယ့် သူမမျက်နှာပေါ်က ပင်ပန်းနွမ်းနယ်နေသော အကြည့်များကို ဖုံးကွယ်လို့ မရသေးပါ။ သူမ၏ မျက်ခုံးကြားရှိ ဧရိယာများသည် အိပ်မပျော်သော ညများစွာမှ စိတ်မရှည်မှုပါးပါးကို ပြသနေခဲ့သည်။
သူမဘာသာ ပြဿနာများကို လိုက်လံရှာဖွေနေတာ မဟုတ်ပေမယ့် လွန်ခဲ့သောရက်အနည်းငယ်က ကျဲ့ရှီးရှိ သဘာဝဘေးကယ်ဆယ်ရေးအတွက် ငွေတွင်းများကို သူမ ဖြည့်နေသောကြောင့် ဖိအားအချို့ ရှိနေသည်ဟု ယူဆလို့ရသည်။ ထို့အပြင် သူမ အားကုန်နီးပါးထုတ်သုံးခဲ့ရသော ဆောင်းဦးရာသီရွေးချယ်ပွဲကိစ္စရှိခဲ့သည်။
ကျန်းပေဘုရင်ခံ၏အိမ်တော်သည် သတင်းစကား တစ်စွန်းတစ်စမျှပင် ထွက်မလာခဲ့ဘဲ ရေငုံနှုတ်ပိတ်နေနေသည်မှာလည်း စိတ်တိုစရာကောင်းလှသည်။ သူတို့မပြောနှင့်၊ အကြီးဆုံးမင်းသားတောင်မှ တံခါးပိတ်စွပ်ပြုတ်သောက်နေခဲ့ပြီး ဘာသတင်းစကားမှ ထွက်မလာခဲ့ပေ။ တော်ဝင်မိသားစုနှင့် မင်းမျိုးမင်းနွယ်သားစဉ်မြေးဆက်များက အလွန်အလေးထားသည့် ဤဆောင်းဦးရာသီရွေးချယ်ပွဲသည် စဉ်းမာကျီနှင့် လုံးဝသက်ဆိုင်ခြင်းမရှိသလိုပင်။
မင်းသားနှစ်ယောက် တဖြည်းဖြည်း ကြီးပြင်းလာသည်ကို မြင်ရသော် အချို့ကိစ္စများသည်… အရှိန်မြှင့်ရန်မှတပါး ရွေးချယ်စရာမရှိပေ။ ကျန်းပေဘုရင်ခံ၏ အိမ်တော်ကို သိမ်းသွင်းနိုင်ဖို့ ကိစ္စမှာ အကြီးဆုံးမင်းသားက အသာစီးမရရင်တောင်မှ သူ့ဘက်တွင် ဦးရီးတော်ရှိသည်။ ကျောက်မိသားစု၊ လက်ဝဲအမတ်ချုပ်ကြီး ကျောက်ကို့မှာ လက်အောက်ငယ်သားများ အများအပြားရှိသည်။ ကျန်းပေဘုရင်ခံ အိမ်တော်၏ ကန့်လန့်ကာထဲကို ဝင်ရန် ကြိုးမဆွဲနိုင်ခဲ့လျှင်တောင် သူတို့သည် ဧကရာဇ်အိမ်တော်အတွင်း အာဏာတစ်ဝက်ကို ချုပ်ကိုင်ထားပြီးသားဖြစ်နေသည်။ သူမသည် ဘယ်လိုလုပ် ငြိမ်းချမ်းစွာနေနိုင်မှာလဲ?
ဒီမြေခွေးအိုကြီး စဉ်းမာကျီက ဘာစီစဉ်နေတာများလဲ?
စဉ်းမာကျီသည် စိတ်ရင်းမှန်ဖြင့် ရိုးရှင်းသောအရာရှိတစ်ဦးသာ ဖြစ်လိုကြောင်းကို သူမ ယုံမည်မဟုတ်ပေ။ သူဖြစ်ချင်လျှင်တောင်၊ သူ့နောက်က ကျန်းပေဘုရင်ခံ၏အိမ်တော်နှင့် မျိုးနွယ်စုတစ်ခုလုံးသည် သူ့ဆန္ဒကို မဖြည့်ဆည်းပေးနိုင်လောက်ပေ- ဂိုဏ်းခွဲတိုက်ပွဲတွင် မည်သည့် မင်းမျိုးမင်းနွယ် မိသားစုက တစ်ထီးတည်း ရပ်တည်နိုင်မည်နည်း။ မင်းဆက် အဆက်ဆက်တိုင်းတွင် ဧကရာဇ်အသစ် အုပ်စိုးလျှင် တရားရုံးတော်အတွင်းရှိ အာဏာများသည် ကျဆင်းလာတာဖြစ်နိုင်သလို တိုးပွားလာတာလည်းဖြစ်နိုင်သည်။ အထူးသဖြင့် သူသည် ယခုတွင် ထိပ်တန်းရာထူး၌ ရှိနေသဖြင့် မတိုက်ခိုက်ပါက သူ၏ သြဇာကြီးမားသော မိသားစုသည် ရိုးရှင်းသော ဘဝမျိုးကို သည်းခံနိုင်မည်မဟုတ်ပေ။
ယခု ခန့်မှန်းလျှင် အဓိပ္ပါယ်မရှိပေ။ ယနေ့နေ့လယ် ကျင်းပသည့်ပွဲအပြီးတွင် ရလဒ်မှာ ရှင်းလင်းမည်ဖြစ်သည်။ ကံကောင်းထောက်မစွာ စဉ်းမာကျီနှင့် လက်ဝဲအမတ်ချုပ်ကြီးသည် အမြဲတစေ သဘောထားကွဲလွဲနေခဲ့သည်။ ဒီနေ့မှာတော့ သူတို့၏ အနိုင်ရဖို့ အခွင့်အလမ်းက မနည်းပေမယ့် ပွဲမပြီးသေးပါ။ သူမသည် မလွှဲမရှောင်သာ ကြောက်ရွံ့နေသေးသည်။ နောက်ဆုံးတော့ နန်းတော်မှာ နေခဲ့သော နှစ်ပေါင်းများစွာ အတွေ့အကြုံများက သူမကို အိတ်ကပ်ထဲမထည့်ခင် ဘယ်တော့မှ မရေတွက်ဖို့ကို နားလည်ရန် သင်ပေးခဲ့သည်။
သူမ စိတ်ထဲမှာ အရမ်းစိုးရိမ်နေမိသည်။ မနက်အာရုံတက်မှာ လီယွမ်လန်၏ သိသာထင်ရှားသော နှစ်ခွန်း၊ သုံးခွန်းသော မှတ်ချက်များနောက်လိုက်ကာ တခြားသူ၏ လက်နက်အဖြစ် ရူးမိုက်စွာ လုပ်ဆောင်နေသော ဘာမှမသိသေးသည့် သားအရင်းဖြစ်သူကို မြင်လိုက်ရတော့ သူမသည် ဒေါသထွက်သွားသည်။
လီယွမ်လန်… နောက်ဆုံးတော့ ကြီးပြင်းလာခဲ့ပြီး သူ၏ ရည်ရွယ်ချက်များလည်း အနည်းငယ် ကြီးထွားလာခဲ့သည်။
သူမ၏စိတ်ထဲမှာ အနည်းငယ် စိတ်ပူနေခဲ့ပြီး ယခုအချိန်တွင် သူနှင့် ပြဿနာမဖြစ်နိုင်သေးပါ။ သို့သော် ဒီနေ့အရေးကိစ္စပြီးဆုံးသည်အထိစောင့်ပြီးလျှင် သူ့နေရာသူ မမေ့အောင် သေသေချာချာ ရိုက်နှက်ဆုံးမရလိမ့်မည်။
ဤကဲ့သို့ ကိစ္စရပ်များစွာ အပုံလိုက်ရှိနေသောကြောင့် သူမသည် စိတ်ဆတ်နေခဲ့သည်။ သို့သော်လည်း
ဝမ်ချောင်လွမ်သည် သာမန်လူ မဟုတ်သောကြောင့် သူမသည် ချက်ချင်းပင် စိတ်ကိုချိုးနှိမ်နိုင်ခဲ့သည်။ လီယွမ်ရွှိ့ကို ကြိမ်းမောင်းရင်း လီယွမ်မင်ကို ဆွဲကာ နှစ်သိမ့်စကား အနည်းငယ်ပြောခဲ့သည်။
သူမသည် လီယွမ်မင်၏ နိမိတ်ဖတ်ကျွမ်းကျင်မှုကို အပြည့်အ၀ ယုံကြည်နိုင်ခြင်းမရှိပေ။ သို့သော် သူမ၏ကြောက်ရွံ့မှုကို လုံးလုံးလျားလျား ဖယ်ရှားပြီးကြောင်း ပြောရန်မှာ ယခင်ကကဲ့သို့ ပေါ့ပေါ့တန်တန် ကိုင်တွယ်ဖြေရှင်းရန် မဖြစ်နိုင်ပေ။ မဟုတ်ပါက ဤတစ်ကြိမ်တွင် သူမသည် ကျဲ့ရှီး ဘေးအန္တရာယ်ကယ်ဆယ်ရေးရန်ပုံငွေကို ဖြည့်ရန် နေရာအနှံ့လှုပ်ရှားပြီး ဖိအားအောက် ရောက်စရာ မလိုပါ။ သူမသည် လီယွမ်မင်အား ကြိုးချည်ရန် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အားထုတ်မှု အမျိုးမျိုးကို သုံးစွဲရန် ပို၍ပင် မလိုအပ်ပေ။
မနေ့က သူမသည် လီယွမ်ရွှိ့ကို ညွှန်ကြားချက်များစွာ ပေးခဲ့သည်။ လီယွမ်မင်ကို ယခင်ကကဲ့သို့ ပေါ့ပေါ့ဆဆ မပြုမူရန်နှင့် ယခင်ကကဲ့သို့ လီယွမ်မင်အား အရှက်မခွဲရန် အမိန့်ပေးခဲ့သည်။ အကြောင်းပြချက်ကို ရှင်းရှင်းလင်းလင်း မပြောသော်လည်း သူမ၏ လေသံက လေးနက်ပါသည်။ သူလည်း ဒီအရေးကြီးသောကိစ္စကို နားလည်မှာ သေချာပါသည်။ မထင်မှတ်ဘဲ- ဒီသားအရင်းက သူမကို ဘယ်လောက်ကြာကြာ စိတ်ပူအောင်လုပ်နေမှာလဲ?
မူလက သူ့ကို စကားအနည်းငယ်နှင့်သာ ကြိမ်းမောင်းယောင်ဆောင်ချင်ခဲ့ပေမယ့် စိတ်ဆတ်နေခြင်းနှင့်အတူ ချက်ချင်းပင် သူ့အပေါ် ဒေါသတကြီး ဆဲဆိုခဲ့သည်။ လီယွမ်ရွှိ့သည် လူတိုင်းရှေ့တွင် ဤကဲ့သို့ ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရသောကြောင့် စိတ်မကျေမချမ်းဖြစ်ပြီး ပို၍ပင် မုန်းတီးလာခဲ့သည်။ သို့သော် သူသည် သားတော်တစ်ပါး၏ ကျင့်ဝတ်အရ သူမ၏မျက်နှာကို ဆန့်ကျင်ခြင်းမပြုဝံ့ပေ။ သူ့မျက်နှာ မည်းမှောင်သွားကာ အံကြိတ်လျက် သူ့နှလုံးသားထဲတွင် လီယွမ်မင်ကို စာရင်းထပ်ထည့်လိုက်သည်။
ဇာတ်လမ်းက လုံလောက်ပြီဆိုတော့ ဝမ်ချောင်လွမ်သည် ရှေ့သို့ တိုးလာကာ လီယွမ်မင်အား နောက်ထပ် စကားအနည်းငယ်ဖြင့် နှစ်သိမ့်လိုက်သည်။
လီယွမ်မင်သည် သူ့မျက်နှာပေါ်တွင် ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်နေသည်။ ဒီလိုမျိုးနဲ့ပဲ ဒီမနက်ခင်း၏ အငြင်းအခုံသည် လူတိုင်း၏စိတ်ထဲမှာ ရိုးရှင်းစွာ ပြီးဆုံးသွားခဲ့သည်။
***
ဒီနေ့၏ အင်ပါယာကျောင်းတော်သည် ခါတိုင်းထက် ပို၍ ကျက်သရေရှိပြီး လေးနက်နေပါသည်။
ပေ့အန်းပြည်နယ်ကို ဗဟိုအစိုးရဌာနသုံးခုနှင့် ဝန်ကြီးဌာနခြောက်ခုဖြင့် ယခင်မင်းဆက်များနောက်တွင် တည်ထောင်ခဲ့သည်။ ထို့အပြင် ဘာသာရေးဝန်ကြီးဌာနသည် ၎င်း၏ ခမ်းနားမှုကို ပြသသည့် ဤဆောင်းဦးရာသီ ရွေးချယ်ပွဲကို ကြီးကြပ်ရန် အခမ်းအနား အထူးညွှန်ကြားသူတစ်ဦးကို ခန့်အပ်ထားခဲ့သည်။
ဗုံသံ သုံးကြိမ်မြည်ပြီးနောက် ဧကရာဇ်မင်သယ်သည် အင်ပါယာအရာရှိတစ်ရာကို ကွန်ဖြူးရှပ်ဝတ်ပြုရန် ဦးဆောင်ကာ ကောင်းကင်နှင့်မြေကြီးကို ယဇ်ပူဇော်ခဲ့သည်။
အချိန်အတော်ကြာပြီးနောက် ဗုံသံများ ရပ်တန့်သွားသည်။ ဧကရာဇ်မင်သယ်သည် ရှေ့ပလ္လင်တွင်ထိုင်ကာ ၎င်းဘေးတွင် ကန့်လန့်ကာတစ်ခု တပ်ဆင်ထားသည်။ ဧကရီဘုရင်မ စဉ်းမာသည် ဧကရာဇ်ကိုယ်လုပ်တော်များကို ခေါ်ဆောင်ကာ ရာထူးအလိုက် ထိုင်ခဲ့သည်။
မြင့်မားသောစင်မြင့်ပေါ်တွင် ဧကရာဇ်မင်သယ်သည် အရိုအသေပေးနေသော အရာရှိများစွာကို မျက်နှာချင်းဆိုင်ကာ “ချစ်သော အမတ်ကြီးများ၊ မောင်မင်းတို့အားလုံး ထစေ”
“ဧကရာဇ်မင်း သက်တော်ရာကျော်ရှည်ပါစေ”ဟု အရာရှိများအားလုံးက ကြွေးကြော်ခဲ့ကြသည်။
လက်ဝဲအမတ်ချုပ်ကြီး သခင်ကျောက်ကို့၏ အတွေ့အကြုံသည် ကာလရှည်ကြာဆုံးဖြစ်သည်။ ထို့အပြင် သူသည် အသက် ၆၀ကျော်နေပြီဖြစ်သည်။ ဧကရာဇ်မင်းသည် သူ့အောက်က ပထမဆုံးခုံကို အထူးခုံအဖြစ် သူ့ကို ပေးအပ်ခဲ့ပြီး ကျန်အရာရှိများသည် ၎င်းတို့၏ ရာထူးအလိုက် ထိုင်ကြသည်။ ရှေ့ဆုံးခုံသည် ဧကရာဇ်မင်းမြတ်၏ အရေးကြီးသော အမတ်ကြီးများအတွက် ဖြစ်သည်။ ရာထူးအမြင့်ဆုံး မင်းမျိုးမင်းနွယ် ကျန်းပေဘုရင်ခံ စဉ်းမာကျီနှင့် သူ့သား အသက် ၁၆နှစ် ပြည့်ပြီဖြစ်သော စဉ်းမာယွိ့သည် ဘယ်ဘက်ခြမ်းတွင် ထိုင်နေသည်။ သားအဖနှစ်ယောက်သည် မျက်ခုံးပင့်ကာ ထိုင်လိုက်သည်။ သူတို့၏ အသွင်အပြင်နှင့် အမူအရာက အထင်ကြီးစရာပင်။ စဉ်းမာကျီသည် စစ်တပ်တွင် မွေးဖွားလာခဲ့ပြီး ဘဝတွင် ကြီးမားသော အပြောင်းအလဲများကို တွေ့ကြုံခဲ့ရသောကြောင့် သူ့၌ သူရဲကောင်းတစ်ဦး၏ဟန်အသင့်အတင့်ရှိသောကြောင့် လူအများက သူ့ကို လျှော့တွက်လို့မရပေ။
တစ်ဖက်တွင် ဆောင်းဦးရာသီရွေးချယ်ပွဲသည် ဧကရာဇ်မိသားစု၏ ကြီးမားသောကျေးဇူးတော်ကို ပြသရန်ဖြစ်ပြီး အခြားတစ်ဖက်တွင် မင်းသားများသည် သူတို့၏ယုံကြည်ရသောအမတ်ကြီးများကို ရွေးချယ်ရန်ဖြစ်သည်။ အရာရှိအားလုံး နေရာယူပြီးကြသောအခါ အခမ်းအနားမှူးသည် မှတ်တမ်းများကို ဖွင့်ပြီး ဧကရာဇ်မိသားစု၏ ဂရုဏာကို ချီးမွမ်းကာ ဧကရာဇ်မိသားစု၏ ကျေးဇူးတော်ကို ထပ်မံ၍ ကြေငြာခဲ့သည်။ ဧကရာဇ်မင်သယ်သည် လုပ်ရိုးလုပ်စဉ်အတိုင်း မှတ်ချက်အချို့ မြွက်ကြားခဲ့သည်။ ဤနည်းဖြင့်နောက်ဆုံးတွင် ချန်ရှစ်(မနက် ၇-၉နာရီ) ရောက်လာပြီဖြစ်သည်။
မင်းသားလေးပါးတို့သည် တောင်တံခါးကိုဖြတ်၍ လာကြသည်။ ရှေ့မှလျှောက်လာသူမှာ အကြီးဆုံးမင်းသား လီယွမ်ချန်ဖြစ်သည်။ ထို့နောက်တွင် စတုတ္ထမင်းသား လီယွမ်ရွှိ့ နှင့် အမျိုးသမီး ဖျော်ဖြေရေးသမားများမှ မွေးဖွားလာသော မင်းသားနှစ်ပါးဖြစ်သည့် လီယွမ်လန်နှင့် တတိယမင်းသား လီယွမ်မင်တို့က နောက်မှ နီးကပ်စွာလိုက်လာခဲ့ကြသည်။
ဝိသေသလက္ခဏာအမျိုးမျိုးဖြင့် တစ်ပါးနှင့် တစ်ပါးသည် ကွဲပြားခြားနားကြသည်။ အနည်းငယ် ချည့်နဲ့နေသော နောက်ဆုံးလူကသာလျှင် တော်ဝင်မင်းသားတစ်ပါးနှင့် မတူပါ။
လိုက်ပါလာကြသော အရာရှိအများအပြားသည် ဝမ်းနည်းခြင်းနှင့်အတူ သက်ပြင်းချကြသည်။
လီယွမ်ချန်သည် ရဲဝံ့စွာ ထိုင်လိုက်သည်။ ပြီးခဲ့သောလတွင် သူသည် ၁၆နှစ်ပြည့်ပြီး အရွယ်ရောက်ပြီးသူနှင့်တူသည်။ ခမ်းနားထည်ဝါသော အသွင်အပြင်၊ ခံ့ညားသော တည်ရှိမှုဖြင့် မွေးဖွားလာသူဖြစ်ပြီး သူ၏အသွင်အပြင်မှာ ဧကရာဇ်မင်သယ်နှင့် အလွန်ဆင်တူသည်။ ဧကရာဇ်မင်သယ်သည် စတုတ္ထမြောက်မင်းသား လီယွမ်ရွှိ့ကို ချစ်မြတ်နိုးသော်လည်း သူအပေါ်လည်း အလားတူပင်။ အစောပိုင်းက သူ့ကို တရားရုံးတော်မှာ ရာထူးတစ်ခု ပေးသနားခဲ့သည်။ သူ့အား မင်းသားတစ်ပါး၏ အိမ်တော်ကို အပ်နှင်းခဲ့ပြီး အလွန်အရေးကြီးသည့် ပြည်တွင်းရေးရာများကို ကြီးကြပ်ကွပ်ကဲစေခဲ့သည်။
လက်ဝဲအမတ်ချုပ်ကြီးသည် သူ့တူတော်၏ နှစ်လိုဖွယ်ကောင်းသောရုပ်သွင်ကို ကြည့်ကာ မုတ်ဆိတ်မွေးများကို လက်ဖြင့်ပွတ်လျက် သဘောကျကျေနပ်စွာ ကြည့်နေခဲ့သည်။
ပုတီးစေ့ကန့်လန့်ကာနောက်တွင် ရှိနေခဲ့သော ဝမ်ကွေ့ဖေးသည် သူ့သားထက် ခေါင်းတစ်လုံး ပိုမြင့်သောလီယွမ်ချန်အား ကြည့်နေခဲ့သည်။ သူသည် ခံ့ညားသော အမူအရာဖြင့် အထူးတည်ငြိမ်သည်။ သူမ နှလုံးသားထဲမှာ သူ့ကို မမုန်းတီးဘဲ မနေနိုင်ပါ။ သူ့နောက်တွင် ပုန်းအောင်းပြီး တိတ်တဆိတ် သမ်းဝေနေသော လီယွမ်ရွှိ့ကို မြင်လိုက်ရသော် ပို၍ပင် စိတ်အနှောင့်အယှက်ဖြစ်သွားသည်။
ဧကရီဘုရင်မ စဉ်းမာလည်း မြင်ပြီး နူးညံ့စွာ ပြုံးလိုက်သည်။ သူမ၏နောက်မှ ချူကွေ့ရန်က မျက်ခုံးပင့်ကာ ပြောသည် “စတုတ္ထတော်ဝင်မင်းသားက ဒီရက်ပိုင်း အရမ်းကြိုးစားနေပုံပေါ်တယ်။ ကွေ့ဖေးနျန်နျန် ခက်ခဲနေမှာပဲ”
(ကွေ့ရန်: မြင့်မြတ်သောအဆင့်အတန်း)
ဝမ်ချောင်လွမ်သည် ဧကရီဘုရင်မ နောက်လိုက်၏ ရွဲ့စောင်းသော ရည်ရွယ်ချက်ကို ဘယ်လိုလုပ် နားမလည်ဘဲ နေမှာလဲ? သူမလည်း ပြန်ရွဲ့လိုက်သည် “ပန်ကုံးရဲ့ သားတော်က ဉာဏ်နှေးတယ်။ ဒါကြောင့် ပိုကြိုးစားရတယ်။ ဒီဒုက္ခကို ညီမတော် နောက်ဆုံးတော့ ကြုံဖူးမှာပါ။ ဧကရီနျန်နျန် သဘောတူပါသလား?”
အဓိပ္ပာယ်က အလွန်ရှင်းပါသည်— နင်တို့နှစ်ယောက်စလုံး မင်းသားတစ်ပါးကို လမ်းညွှန်ပေးရသည့် အခက်အခဲကို ခံစားချင်ရင်တောင် နင်တို့နှစ်ယောက်စလုံးမှာ အရည်အချင်းမပြည့်မီဘူး။
ချုကွေ့ရန်၏ မျက်နှာသည် တင်းလာသည်။ မဲ့ရွဲ့ကာဖြင့် သူမ၏ခေါင်းပြန်လှည့်သွားသည်။ ဧကရီဘုရင်မ စဉ်းမာသည် အခြားအမူအရာ မပြဘဲ “ငါတို့ အခမ်းအနားတက်နေတာ၊ ရုတ်ရုတ်သဲသဲမလုပ်နဲ့” ဟုသာ အော်လိုက်သည်။
ကျန်သော ဧကရာဇ် မောင်းမမိဿံများ၏ မျက်နှာပေါ်မှာ အမျိုးမျိုးသော အမူအရာများ ဖြတ်ပြေးသွားသည်။ တချို့က ဘေးကနေ ကြည့်နေပြီး တခြားသူများ၏ ကံဆိုးမှုကို ဝမ်းမြောက်ဝမ်းသာဖြစ်နေကြသည်။ တချို့က ကြားရသည်များမှနေ၍ မိမိကိုယ်ကို သနားနေကြသည်။ တချို့က ခါးသီးသော မကျေမချမ်းဖြစ်မှုကို တိတ်တိတ်လေး သည်းခံနေကြသည်…။ အကြီးဆုံးမင်းသား၏ မယ်တော်၊ ဧကရာဇ်ကိုယ်လုပ်တော် ကျောက်ရှုးသာလျှင် အုံကြွမှုတွင် မပါဝင်ခဲ့ပေ။ သူမမျက်နှာမှာ အာရုံထွေပြားသော အမူအရာ ပေါ်လာသည်။ သူမ၏ အကြည့်များသည် မြင့်မားသောစင်မြင့်အောက်က တစ်ခုတည်းသော ပုံရိပ်ဆီသို့ မှင်သက်စွာ ကြည့်နေလေသည်။
ကန့်လန့်ကာနောက်ကွယ်တွင် ကြီးမားသော စစ်ပွဲတစ်ခုရှိနေသော်လည်း ရှေ့က ပို၍ပင် ကြီးမားပါသည်။
ဆောင်းဦးရာသီရွေးချယ်ပွဲတွင် မင်းသားများကို အကဲဖြတ်ရန် ကဗျာ၊ စာပေ၊ စာစီစာကုံးနှင့် ဆွေးနွေးခြင်းဟူ၍ အပိုင်းလေးပိုင်းပါရှိသည်။ အဖွင့်တွင် စာစီစာကုံးခေါင်းစဉ်ကို ပွဲနေ့တွင်သာ ကြေညာမည်ဟု ဆိုထားသော်လည်း မင်းသားလေးပါးသည် အင်ပါယာကျောင်းတော်မှ စာစီစာကုံးခေါင်းစဉ်ကို နည်းလမ်းအမျိုးမျိုးဖြင့် ကြိုတင်ရယူရန် သူတို့နည်း သူတို့ဟန်ရှိပါသည်။ ထို့အပြင် စာမေးပွဲအတွက် အုပ်ချုပ်သူများမှ အကြမ်းပြင်ဆင်ထားသော စာစီစာကုံးများရှိပြီး အခကြေးငွေပေးကာ ပြင်ဆင်ဖြည့်စွက်ပြီးသော် စာပေအားလုံးမှာ အံ့ချီးဖွယ်ကောင်းလှပါသည်။
နေမင်းကြီးသည် အလယ်ဗဟိုသို့ တဖြည်းဖြည်းရွေ့လာသည်။ မနက် ၉ နာရီရောက်သောအခါ အခမ်းအနားမှူးက ခေါင်းလောင်းထိုးလိုက်သည်။ မြင့်မားသောစင်မြင့်ပေါ်ရှိ မင်းသားများသည် နောက်ထပ်စာရေးခြင်းကို တားဆီးသည့်အနေဖြင့် မှင်တံနှင့် စာရွက်ကို ချလိုက်သည်။ ယင်းနောက် နန်းတွင်းမိန်းမစိုးများသည် စာရွက်များကို လက်ခံရရှိပြီး လက်ရေးမိတ္တူပြုလုပ်ရန် ကန့်လန့်ကာနောက်သို့ ဝင်သွားကြသည်။ ထို့နောက် လျှို့ဝှက်သေတ္တာလေးလုံးအတွင်း ထည့်ကာ ဧကရာဇ်မင်းထံ ပေးအပ်ခဲ့သည်။
ဧကရာဇ်မင်သယ်သည် လျှို့ဝှက်သေတ္တာကို တိတ်တဆိတ်ဖွင့်လိုက်ပြီး စာစောင်နှစ်ခုကို လှန်ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု လွင့်ပျံလာသည်။ ကောင်းတယ်လို့ ထပ်ခါတလဲလဲ ပြောခဲ့သည်။ ထို့နောက် မြင့်မားသော စင်မြင့်၏ သစ်သားတိုင်များပေါ်တွင် စာလိပ်ကို ချိတ်ဆွဲရန် အခမ်းအနားမှူးကို အမိန့်ပေးကာ အရာရှိအားလုံးကို အကဲဖြတ်ခိုင်းသည်။ လိမ္မော်၊ အစိမ်း၊ အဝါဖျော့ဖျော့နှင့် အနက်ရောင် ကျောက်စိမ်းချောင်း လေးရောင်ဖြင့် အဆင့်လေးဆင့် ခွဲခြားထားသည်။
သို့သော် ဒီနေ့၏ အာရုံစူးစိုက်မှုက စာမေးပွဲမှာ မင်းသားတွေ ဘယ်လိုဖြေခဲ့သလဲဆိုတာအပေါ်မှာ ရှင်းရှင်းလင်းလင်း မသိသာပေမယ့် မင်းမျိုးမင်းနွယ် ဘုရင်ခံများ၏ ရွေးချယ်မှုအပေါ်မှာတော့ ထင်ရှားပါသည်။ ထုံးစံအတိုင်း သူတို့အများစုသည် ဆုံးဖြတ်ထားပြီးသားဖြစ်ပေမယ့် ဒီနေ့၏ အကြီးမားဆုံးပြောင်းလဲနိုင်သူကတော့ ကျန်းပေဘုရင်ခံ၊ စဉ်းမာကျီ ဖြစ်ပါသည်။
လူတိုင်းက အကဲဖြတ်ယောင်ဆောင်နေသော်လည်း သူတို့၏မျက်လုံးများသည် ကျန်းပေဘုရင်ခံပေါ် အကြည့်ရောက်နေသည်။ သို့သော် သူက အာရုံစိုက်ပုံမပေါ်ပါ။ မုတ်ဆိတ်မွှေးကို ပွတ်ရင်း ဖြည်းညှင်းစွာ လျှောက်လာသည်။ သူသည် ပြုံးပြီး သူ့အနီးရှိ အင်ပါယာကျောင်းတော်၏ အုပ်ချုပ်သူများနှင့် ရွှင်ပျစွာ စကားပြောဆိုနေခဲ့သည်။ ရံဖန်ရံခါ သူသည် သစ်သားတိုင်များပေါ်ရှိ ကဗျာများကို ရည်ညွှန်းသည်။
ဝမ်ချောင်လွမ်သည် စိတ်မရှည်စွာဖြင့် ကန့်လန့်ကာနောက်တွင် ထိုင်နေသည်။ သူမ စောင့်ဆိုင်းနေသည်မှာ နေ့တစ်ဝက်ပင်ရှိနေပြီဖြစ်သော်လည်း စဉ်းမာကျီသည် ကျောက်စိမ်းစလစ်များကို နေရာချရန် ရွေးချယ်သည်ကို မတွေ့ရသေးပေ။ သူမ၏ နှလုံးသားသည် လည်ချောင်းမှ ထွက်လုနီးပါးပင်။ သူမသည် ဤမြေခွေးအိုကို အမူအရာလုပ်ပြီး လူများအား ရိုးရိုးတန်းတန်း တုံ့ပြန်ခွင့်မပြုသည့်အတွက် ကျိန်ဆဲနေခဲ့သည်။
မြင့်မားသောစင်မြင့်သည် အမှောင်ထုနှင့် စီးဆင်းနေပြီး လူတိုင်းက ကျောက်စိမ်းချောင်း လေးရောင်၏ အရေအတွက်ကို အာရုံစိုက်နေကြသည်။ ထိုအကြောင်းကို တွေးမနေသူမှာ လီယွမ်မင်တစ်ဦးသာလျှင် ရှိသည်။ သူသည် မျက်လွှာချကာ သူ့ရှေ့က စားပွဲကိုသာ တွေဝေစွာ စိုက်ကြည့်နေခဲ့သည်။ အစိမ်းဖျော့ဖျော့ စားပွဲပေါ်တွင် မှင်တစ်စက်သည် မတော်တဆ ပြုတ်ကျသွားသည်။ တဖြည်းဖြည်း စိမ့်ဝင်သွားပြီး စားပွဲမှာ မဖျောက်ဖျက်နိုင်သော အစွန်းအထင်းတစ်ခု စွန်းသွားသည်။
မှင်စွန်းထင်းနေတာကို ကြည့်ပြီး သူ့နှလုံးသားသည် ထူးထူးခြားခြား ငြိမ်သက်သွားသည်။
ပြန်တွေ့လျှင် မှင်တံတောင် မကိုင်နိုင်လောက်ဘူးဟု သူထင်ခဲ့သည်။
မြင့်မားသောစင်မြင့်ပေါ် သူခြေချပြီးနောက် ထိုအကြည့်သည် အစမှအဆုံး သူ့မျက်နှာပေါ်တွင် အမြဲရှိနေခဲ့သည်။
ဖြည်းညှင်းစွာ ခေါင်းမော့လိုက်တော့ နူးညံ့ရည်မွန်သော မျက်လုံးတစ်စုံကို သူတွေ့လိုက်ရသည်။
သူ၏အရင်ဘဝတွင် သူသည် ထိုသို့သောအကြည့်များအောက်တွင် နောက်ပြန်လှည့်၍မရသောလမ်းဆီသို့ တစ်လှမ်းချင်း လျှောက်သွားခဲ့ဖူးသည်။