အရင်ဘဝက သစ္စာဖောက် စစ်သူကြီး၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ
အခန်း ၉
လရောင်သည် မတည်မငြိမ်ဖြစ်ပြီး တိမ်မည်းက လကို ကျူးကျော်လာသည်။ ညလေက ရုတ်တရက်ကြမ်းလာပြီး ပြဲနေသော စက္ကူပြတင်းပေါက်မှ တဖျပ်ဖျပ်မြည်သံကြားနေရသည်။
ရုတ်တရက် လေအေးက ပြတင်းပေါက်ကို ဖြတ်ဝင်လာပြီး ခေတ်ဟောင်းခန်းဆီးကို နေရာအနှံ့ လှုပ်ယမ်းသွားစေသည်။ ကုတင်ပေါ်၌ လီယွမ်မင်သည် အိပ်ပျော်နေပြီး အိပ်ရာခင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ သူ့နဖူးမှ ချွေးအေးများ စီးကျနေသည်။
မူးဝေစွာဖြင့် လီယွမ်မင်သည် သွေးပင်လယ်ထဲသို့ ကျသွားသည်။
သူ့မျက်လုံးထဲသို့ ဝင်ရောက်လာသည်များမှာ သွေးစွန်းနေသော အနီရင့်ရောင် မြင်ကွင်းများ…
ဦးခေါင်းပြတ်များနှင့် ခြေပြတ်လက်ပြတ်များ အားလုံးကို စုပုံထားသည်မှာ မညီညာသော တောင်ကုန်းငယ် တစ်ခုအဖြစ်သို့ပင် ပြောင်းလဲသွားခဲ့သည်။ စေးကပ်သောသွေးများသည် ပေါင်းစည်းကာ မြစ်တစ်စင်းဖြစ်လာပြီး သူ့ဖိနပ်အောက်ခြေသည် စိုရွှဲနေသည်။
လူကို မအီမသာဖြစ်စေသော ပြင်းထန်သည့် အနံ့အသက်က လေထဲတွင် ပျံ့လွင့်နေသည်။
ဟိုးအဝေးမှာ ဧရာမ မကောင်းဆိုးဝါးတစ်ကောင်က ဟိန်းဟောက်နေသည်။ ၎င်းသည် ရှေ့ခြေကို မြှောက်လိုက်ကာ ရှေ့တွင် ဝိုင်းရံနေသော လူအုပ်ကြီးကို ချက်ချင်း နင်းခြေပစ်လိုက်သည်။ တခစ်ခစ်ရယ်သံများ ထွက်ပေါ်လာပြီးနောက်တွင် လူအရပ်တစ်ဝက်ခန့်ရှိသော သွေးလှိုင်းလုံး တစ်လုံးက လှိမ့်လာသည်။
ကမ္ဘာကြီးကို တုန်လှုပ်စေသော တုန်ရင်ခြင်းသည် ၎င်း၏ခြေဖဝါးအောက်မှ ထွက်ပေါ်လာပြီး ဧရာမ မကောင်းဆိုးဝါးသည် သူ့ဦးတည်ရာဆီသို့ လှမ်းလာခဲ့သည်။
ဝိုင်းထားသည့်လူများမှာ အဆုံးမသတ်နိုင်အောင် များပြားလှသည်။ သူတို့သည် ဧရာမ မကောင်းဆိုးဝါးကို သတ်ရန် လှိုင်းလုံး တစ်လုံးပြီး တစ်လုံးပေါ်သို့ ချီတက်ကြပြီး အရှုံးမပေးရန် အသက်ကိုတည်၍ ကတိပြုကြသည်။ သို့သော် နှစ်ဖက်စလုံးမှ စွမ်းအားကွာခြားချက်မှာ ကြီးမားလွန်းလှသည်။ ထိုလူများသည် ဧရာမ မကောင်းဆိုးဝါးရှေ့မှ ပုရွက်ဆိတ်များနှင့် မကွာခြားလှဘဲ ချက်ချင်းပင် အသားပျော့ဖတ်များအဖြစ်သို့ နင်းချေခံလိုက်ရသည်။
“မလုပ်နဲ့…” လီယွမ်မင်သည် အသံတစ်သံပင် မညှစ်ထုတ်နိုင်ခဲ့ပါ။
သူသည် မလှုပ်ရှားနိုင်ဘဲ ဧရာမ မကောင်းဆိုးဝါးက နီးကပ်လာပြီး ၎င်းနှင့်အတူ ယူဆောင်လာသည့် ကြီးမားသော သွေးလှိုင်းလုံးများက ၎င်းကို ဝန်းရံထားသည်ကိုသာ စောင့်ကြည့်နေခဲ့သည်။
သူသည် မတ်တတ်ရပ်ဖို့ပင် အနိုင်နိုင်ဖြစ်နေခဲ့သည်။ ခက်ခက်ခဲခဲ မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်တော့ ဧရာမ မကောင်းဆိုးဝါး၏ ခန္ဓာကိုယ်ပေါ်မှာ မြှားတွေ ထူထပ်စွာ စိုက်ဝင်နေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။ သူ့ကိုယ်ပေါ်ရှိ အနက်ရောင်များ အားလုံးသည် မြှားအမွှေးတောင်များ ဖြစ်ကြသည်။ မရေမတွက်နိုင်သော မြှားများဖြင့် ပြည့်ကျပ်နေသော အလွှာတစ်ခု၊ ပြီးတော့ မရေမတွက်နိုင်သော မြှားများသည် အက်ကွဲကြောင်းငယ်များကြားတွင် စိုက်ဝင်နေခဲ့သည်။ တစ်လွှာပြီး တစ်လွှာ၊ အဆုံးမရှိတော့ပေ။
ဧရာမ မကောင်းဆိုးဝါးသည် စိုးရိမ်ကြောင့်ကြစွာ ကောင်းကင်တိုင်အောင် ဟိန်းလိုက်တော့ ပိုမိုများပြားသော သွေးလှိုင်းလုံးများက ပက်ဖျန်းလာသည်။
တိုက်ပွဲက ဘယ်တော့မှ မပြီးဆုံးတော့ပါ။
“မလုပ်နဲ့….” သူ ငိုနေခဲ့သည်။
နောက်ဆုံးတွင် ဧရာမ မကောင်းဆိုးဝါးသည် သူ့ရှေ့တွင် လဲကျသွားသည်။ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် သူ့အား ဖိမိနေချိန်တွင် လီယွမ်မင်သည် ထူးဆန်းစွာ မကြောက်ဘဲ ဝမ်းနည်းနေခဲ့သည်။ ထူးထူးခြားခြား ဝမ်းနည်းနေခဲ့သည်။
ကြီးမားပြင်းထန်သော စွမ်းအားတစ်ခုက သူ့အပေါ်ကို လွှမ်းခြုံသွားပြီး နွေးထွေးပြီး ငြိမ်သက်သော ကမ္ဘာတစ်ခုအဖြစ်သို့ ဝန်းရံထားသည်။ ဧရာမ မကောင်းဆိုးဝါးသည် အသံတအီအီပြုကာ ပါးစပ်မှ သွေးများ ထွက်ကျလာသည်။ ပိန်းပိတ်အောင် နက်သောသူငယ်အိမ်များသည် မှိန်ကျသွားသည်။
လီယွမ်မင်သည် လျှောက်သွားလိုက်သည်။ ၎င်း၏ စိုစွတ်နေသော နှာတံဖျားပေါ် သူ့နဖူးကို မှီရင်း မျက်ရည်များက သူ့ပါးပြင်ပေါ်သို့ စီးကျလာသည်။
“မကြောက်ပါနဲ့” လီယွမ်မင်သည် သူ့အား ပွတ်သပ်ကာ ဆို့နင့်လျက် “… မကြောက်ပါနဲ့”
သတ်ဖြတ်သံများအားလုံး တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူ့ပတ်ဝန်းကျင်မှ မြူခိုးများကဲ့သို့ ထူထပ်လှသည့် သွေးညှီနံ့များသည် ရုတ်တရက် ပျံ့လွင့်သွားသည်။ လူသေကောင်များနှင့် သွေးပင်လယ်တောင်ကြားတွင် လီယွမ်မင်းနှင့် သေလုမြောပါး ဧရာမ မကောင်းဆိုးဝါးတို့သည် ပူးကပ်နေကြသည်။
“မကြောက်ပါနဲ့”
လီယွမ်မင် တိုးတိုးလေးပြောခဲ့သည်။
အိပ်မက်တစ်ခုမျှသာဖြစ်သော်လည်း သူ့ခန္ဓာကိုယ်ပေါ်ရှိ အပူဒဏ်ကို ခံစားနေရဆဲပင်။
ညလေက တဖြည်းဖြည်း လျော့ပါးလာပြီး ငြိမ်သက်နေသော လမင်းကြီးက တိမ်မည်းကို ကျော်လွန်ကာ ထွက်လာခဲ့သည်။ ငွေရောင်အလင်းတန်းသည် မြေကြီးပေါ်သို့ ဖြာကျလာပြီး အနောက်နန်းဆောင်သည် တိတ်ဆိတ်ငြိမ်သက်သော အခိုက်အတန့်မှာ နစ်မြုပ်နေခဲ့သည်။
လီယွမ်မင်၏ မျက်ခုံးများသည် တဖြည်းဖြည်း ပြေလျော့လာသည်။ သူ့မျက်လုံးထောင့်မှ မျက်ရည်စက်တစ်စက် ကျဆင်းလာကာ သူ၏အနက်ရောင်ဆံပင်များပေါ်တွင် ဖြေးညှင်းစွာ ခြောက်ခန်းသွားသည်။
***
ဆောင်းဦးရာသီရွေးချယ်ပွဲနေ့သည် ရာသီဥတုကောင်းမွန်သော နေ့တစ်နေ့ဖြစ်သည်။ သုံးရက်ဆက်တိုက် နှင်းများထူထပ်စွာကျပြီးနောက် ကောင်းကင်သည် ကြည်လင်လာသည်။ ဧကရာဇ်မြို့တော်အထက်က ကောင်းကင်သည် ပြာလွင် တိမ်ကင်းစင်ကာ လှိုင်းလေကင်းမဲ့သောပင်လယ်ကဲ့သို့ ကျယ်ပြောလှပြီး ငြိမ်သက်နေသည်။
နှစ်များစွာကြာပြီးနောက်မှာတောင်မှ လီယွမ်မင်သည် ထိုနေ့ကို မှတ်မိနေသေးသည်။
အကြောင်းမှာ သူ့ကံကြမ္မာက ပြောင်းလဲသွားခြင်းကြောင့် ဖြစ်သည်။ သူ့အရင်ဘဝနှင့် လုံးဝခြားနားသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။ ယခုအချိန်မှစ၍ သူ့ကံကြမ္မာသည် ပြောင်းပြန်ဖြစ်လာမည်။ ထိုအချိန်က သူသည် ဘယ်နေရာသို့ သွားရမည်ကို မသိ၍ ကြောက်လန့်နေသဖြင့် အကြောက်တရားဖြင့် ဆက်လက်တည်ရှိနေခဲ့ရသည်။
သူသည် မျက်စိစုံမှိတ် ရှေ့သို့ ရွေ့လျားနေသော အဘိုးကြီးတစ်ယောက်ကဲ့သို့ပင်၊ သူ၏ ခရီးသည် အဆုံးမရှိဟု ထင်ရသည်။ သို့သော် သူ့တွင် လွတ်မြောက်မည့် မည်သည့်နည်းလမ်းမှ မရှိခဲ့ပေ။ သူ့နောက်ကျောမှ အသူတစ်ရာနက်သောချောက်သည် သူ့ကို အချိန်မရွေး မျိုချချင်နေပုံပေါ်သည့် အကြည့်များဖြင့် စူးစိုက်နေခဲ့သည်။ ထို့ကြောင့် သူသည် ဤအကြည့်ကို ကြောက်ရွံ့ရခြင်းမှ လွတ်မြောက်အောင်သာ ရှေ့သို့ရွေ့လျားနေခဲ့သည်။
ကျုံးချွေ့နန်းဆောင်အတွင်းတွင် အိပ်ယာထနောက်ကျသော ဝမ်ကွေ့ဖေးသည် နန်းဆောင်အတွင်း၌ ဝတ်စားဆင်ယင်နေဆဲဖြစ်သည်။ မင်းသားသုံးပါးသည် နန်းဆောင်အပြင်ဘက်တွင် သူမကို စောင့်မျှော်နေပါသည်။
လီယွမ်လန်နှင့် လီယွမ်မင်တို့သည် ခန်းမအောက်ခြေတွင် ထိုင်နေကြပြီး တစ်လကျော်ကြာ မျက်နှာမပြရသေးသော စတုတ္ထမြောက်မင်းသား လီယွမ်ရွှိ့သည် ရှေ့ခုံတွင် ထိုင်နေသည်။ သူသည် ကြီးကျယ်ခမ်းနားသော အရာရှိ၀တ်ရုံကို ၀တ်ဆင်ထားပြီး ခေါင်းအုံးကို မှီကာ စမုန်နက်စေ့ အနည်းငယ်ကို ငြီးငွေ့သော အမူအရာဖြင့် ရံဖန်ရံခါ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။
လွန်ခဲ့သည့်ရက်များက သူသည် ဝူကျားကို အာဂုံဆောင်နေရင်း နန်းဆောင်ဘေး ခန်းမတွင် အမြဲမပြတ် စောင့်ကြည့်ခံနေခဲ့ရသည်။ သူ စိတ်ဆိုးနေသည်မှာ ကြာပြီ။ မနေ့ညက ဝမ်ကွေ့ဖေးသည် သူမ၏ကန့်သတ်ချက်ကို ရုပ်သိမ်းလိုက်သည်။ သို့သော် ယနေ့သည် ခက်ခဲသော ပြိုင်ပွဲဖြစ်ပြီး ပိုအရေးကြီးတာက သူ ရုတ်ရုတ်သဲသဲလုပ်ခွင့်မရှိတာပါ။ ထိုသို့တွေးမိသော် ခေါင်းပင်ကိုက်လာသည်။
ထို့နောက် မောင်ရှစ်(မနက် ၅ နာရီမှ ၇ နာရီကြား) အချိန်တွင် ချင်းဟော်နှင့် နန်းတွင်းအစေခံတစ်စုသည် တတိယအကြိမ် လက်ဖက်ရည်ဖြည့်ရန် ရောက်ရှိလာခဲ့သည်။
“မယ်တော်က အခုထိ အဆင်သင့်မဖြစ်သေးဘူးလား?” လီယွမ်ရွှိ့သည် စိတ်မရှည်စွာ မေးလိုက်သည်။
ချင်းဟော်က ခေါင်းငုံ့ပြီး ပြောသည် “နျန်နျန်က ယနေ့ ဆောင်းဦးရာသီ ရွေးချယ်ပွဲအတွက် လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက အိပ်မပျော်သလို ခံစားနေခဲ့ရပါတယ်။ အတွေးလွန်ပြီး ပိုပိုပင်ပန်းလာပါတယ်။ နောက်ဆုံးတော့ အားအင်ကုန်ခန်းပြီး ဒီနေ့ အိပ်ယာထနောက်ကျပါတယ်”
လီယွမ်လန်သည် ထိုစကားကိုကြားပြီးနောက် အလွန်စိတ်လှုပ်ရှားသွားပုံရသည်။ သက်ပြင်းချရင်း “မယ်တော်က တကယ့်ကို အလုပ်ကြိုးစားတာပဲ”
လီယွမ်ရွှိ့က သူ့လက်ကို အမှုမထားသလို ဝှေ့ယမ်းလိုက်ပြီး “မယ်တော်က အတွေးလွန်နေတာ ဖြစ်ရမယ်။ မြေခွေးအိုကြီး စဉ်းမာကျီက လက်ဝဲအမတ်ချုပ်ကြီးနဲ့ အမြဲတမ်း သဘောထားကွဲလွဲနေတယ်လို့ ဦးရီးတော်ပြောဖူးတယ်။ ဒါကြောင့် သူတို့ရဲ့ သီကျစ်ကို အစ်ကိုတော်ရဲ့ ရွှေလက်ထောက်အဖြစ် ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ? ဒီမင်းသားထက် ပိုကောင်းတဲ့ ရွေးချယ်မှု ရှိနိုင်မှာလား?”
(သီကျစ် = ဆက်ခံသူ သို့မဟုတ် ပထမဇနီး၏ သား)
သူ့မျက်လုံးထောင့်က သူ့ဘေးနားရှိ လီယွမ်မင်ကို တစ်ချက်ကြည့်လိုက်သည်။ တစ်ဖက်လူက အရင်လို အထင်သေးစရာကောင်းသော ကလေးပဲလေ။ သူ့လက်အစုံကို ခန္ဓာကိုယ်ဘေးတွင် ချထားပြီး မေးကို ငုံ့ထားသည်။ သူသည် အနိုင်ကျင့်ခံနေရသူတစ်ဦး ပုံစံပေါ်နေသည်။ သူက ဒီလိုပဲ ဖြစ်သင့်သည်၊ ဒီလိုပဲ ဖြစ်နေရမည်။ သို့ပေမယ့် သားရေအိတ်လို နူးညံ့သိမ်မွေ့သည့် ထိုပုံရိပ်က တကယ်တော့ အမှန်တရားမဟုတ်မှန်း လီယွမ်လန် သိပါသည်။
ထိုနေ့က စင်္ကြံတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်သည် သူ့နှလုံးသားထဲတွင် စိုးရိမ်ဖွယ် ရောဂါတစ်ခု ဖြစ်လာစေခဲ့သည်။ ညစဉ် အိပ်မရဖြစ်ပြီး မကြောက်လန့်ဘဲ မနေနိုင်ခဲ့ပါ။
သို့သော် ဘာက မှားနေတယ်ဆိုတာ သူ မပြောနိုင်ပါ။
ပိုလို့ပင် ကြောက်စရာကောင်းတာက လအနည်းငယ်အတွင်းမှာ လီယွမ်မင်သည် တစ်ချိန်က သူ့ကိုခွေးလောက်ပင် မကောင်းသူလို့ မှတ်ယူထားသော ဝမ်ကွေ့ဖေးကို မထင်မှတ်ထားစွာ ဖမ်းကိုင်နိုင်ခဲ့သည်။ ယခုရက်ပိုင်းအတွင်း လီယွမ်မင် သည် ကျုံးချွေ့နန်းဆောင်၏ အဖိုးတန်ဧည့်သည်တော်တစ်ဦးဖြစ်လာခဲ့ပြီး သူ၏အဆင့်အတန်းသည် သူ့ကို အနည်းငယ်လွှမ်းမိုးသွားခဲ့သည်။ ထို့ကြောင့် သူက ဘယ်လိုလုပ် သက်သောင့်သက်သာနေနေနိုင်မှာလဲ? သို့သော် ဒီကိစ္စများအားလုံးသည် ဘယ်လိုဖြစ်ပျက်သွားခဲ့သည်ဆိုတာကို သူ မသိခဲ့ပါ။ ပို၍အရေးကြီးတာက ဒီခွေးကောင် လုပ်ချင်နေသော တကယ့်ကိစ္စက ဘာများပါလဲ?
သူ့မျက်လုံးများထဲတွင် အနက်ရောင် ရေအောက်လှိုင်းလုံးများက အုံကြွနေပြီး သူသည် လီယွမ်မင်ကို ခဏတာ ငြိမ်သက်စွာ ကြည့်နေခဲ့သည်။ တစ်ဖက်လူသည် အရင်လိုပဲ တုံ့ပြန်မှုတစ်စုံတစ်ရာမရှိသော တောင့်တင်းသော ရုပ်သေးတစ်ရုပ်လိုပင်။ ကုလားထိုင်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေ၏။
သူသည် စိတ်ထဲက အကြံအစည်တချို့နှင့်အတူ သူ့မျက်လုံးများကို အနည်းငယ် စွေကြည့်လိုက်သည်။ရှေ့ခုံတွင်ထိုင်နေသော လီယွမ်ရွှိ့နှင့် မျက်နှာချင်းဆိုင်ရန် ခေါင်းလှည့်ကာ နွေးထွေးစွာ ပြုံးလိုက်သည်။
“စတုတ္ထညီတော်ကို မတွေ့ရတာ ရက်တော်တော်ကြာပြီ၊ ဒါပေမယ့် ညီတော် အရင်ကထက် အများကြီးပိန်သွားတယ်။ ဒီတစ်ခါ အိမ်စာတွေလုပ်တာ တိုးတက်မှုတချို့ ကျန်ခဲ့မယ်လို့ ထင်လား?”
ဘာမှမပြောတာက အဆင်ပြေပေမယ့် အမေးခံရတော့ လီယွမ်ရွှိ့သည် သူပြောပြီးပြီးချင်းပဲ စိတ်ပျက်စရာကောင်းစွာ စုတ်သပ်လိုက်ပြီး-
“ဒုတိယအစ်ကိုတော်၊ ဒီဂန္ထဝင်စာပေတွေကို ညီတော် ဘယ်လိုငြီးငွေ့တယ်ဆိုတာကို မသိဘူးဆိုတာ
ဖြစ်နိုင်ပါ့မလား? တိုးတက်ဖို့ မပြောနဲ့၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ နန်းဆောင်ထဲမှာ ဟိုဖက်လှိမ့် ဒီဖက်လှိမ့်ပဲ လုပ်နိုင်တယ်”
မနှစ်မြို့ဖွယ်အမှတ်တရများကို နှိုးဆွခြင်းခံရပြီးနောက် လီယွမ်ရွှိ့၏မျက်လုံးများသည် မည်းမှောင်လာကာ အနည်းငယ် မကျေမချမ်းဖြစ်ပြီး “ချောင်ကန်း၊ အဲ့ဒီ မသိနားမလည်တဲ့ အဘိုးကြီးက ခေတ်နောက်ကျပြီး ခေါင်းမာတယ်။ ဒီရက်အနည်းငယ်အတွင်းမှာ သူ့ကြောင့် ညီတော့်အရေပြားအောက်က အလွှာတောင် ပေါ်လုနီးပါးပဲ။ ဒါဟာ တကယ့်ကို ဒေါသထွက်စရာပဲ။ လောလောဆယ်တော့ သူ့ကို ဘာမှ မလုပ်နိုင်သေးဘူး။ ဒါပေမယ့် ဒီနစ်နာမှုကို ပြန်ပေးဆပ်ရမယ်”
လီယွမ်ရွှိ့ကို သိလျှင် ဤအရာသည် အပြောသက်သက်သာ မဟုတ်ကြောင်း သူတို့ သိလိမ့်မည်။
လီယွမ်မင်သည် ခဏတာ မှင်သက်သွားသည်။ သူသည် ထိုပုံရိပ်ကို စိုက်ကြည့်ပြီး လက်တင်ခုံကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။
ကျားနီစစ်တပ်၏ စစ်ရေးအကြံပေး ချောင်ကန်းသည် ယခုအချိန်တွင် သူသည် စိတ်ဓာတ်ကျနေသော ဆန္ဒရှိသလို မပြုမူနိုင်သည့် အင်ပါယာကျောင်းတော်၏ ပညာရှိတစ်ဦးမျှသာဖြစ်သည်။ သူ့ဘဝနှောင်းပိုင်းတွင် သူ၏အရှုံးမပေးသောစိတ်ဓာတ်သည် စတုတ္ထမင်းသားကို အပြစ်ပြုမိသည့် အကြောင်းရင်းတစ်ရပ်ဖြစ်လာခဲ့ပြီး သာမန်လူအဖြစ် ရာထူးလျှော့ချခံခဲ့ရသည်။ နောက်ပိုင်းတွင် နီလျဲ့၏ လှုံ့ဆော်မှုကြောင့် စစ်တပ်ထဲ ဝင်ခဲ့ပြီး သူတို့နှစ်ယောက်ထဲက တစ်ယောက်သည် အနှိုင်းမဲ့ ရဲရင့်ပြီး နောက်တစ်ယောက်သည် ကြီးမားသော ဆုံးဖြတ်ချက်များကို ချနိုင်ခဲ့သည်။ အမှန်စင်စစ် မတည်မငြိမ်ဖြစ်နေသည့် အခြေအနေများသည် အခွင့်အလမ်းကောင်းများဖြစ်သည်။ ကျားနီစစ်တပ်သည် မူလက မြို့ရိုးကာကွယ်ရန် နယ်ခြားစောင့်တပ်တွင် တပ်သားငါးထောင်သာရှိသည်။ နှစ်အနည်းငယ်ကြာပြီးနောက်တွင် ကောင်းကင်ဖြိုခွင်းမည့် ဓားတစ်လက်အသွင် ဖြစ်လာခဲ့ပြီး တိုင်းပြည်တစ်ခုလုံးကို ကျွမ်းထိုးမှောက်ခုံဖြစ်စေနိုင်ခဲ့သည်။
အရာရာတိုင်းသည် ဒဏ်ခတ်ခံရခြင်းပဲဆိုတာ ပေါ်လာပါသည်။
လီယွမ်လန်သည် ငယ်စဉ်ကလေးဘဝကတည်းက လီယွမ်ရွှိ့၏နောက်သို့ လိုက်ခဲ့ပြီး သူ၏ စိတ်နေစိတ်ထားကို ရှင်းရှင်းလင်းလင်းသိသောကြောင့် အလိုက်သင့်ပြောခဲ့သည်။
“ချစ်မြတ်နိုးရတဲ့ သားတော်တစ်ပါးအတွက် အစီအစဉ်က ညီတော့်အတွက် ကောင်းကျိုးရှိရမယ်။ သားတော်အတွက် မယ်တော်ရဲ့ချစ်ခြင်းမေတ္တာက အတုအယောင်မဟုတ်ပါဘူး။ ချောင်ကန်းရဲ့ ပါရမီထူးတဲ့ပညာရှိဆိုတဲ့ ရှည်ကြာလှတဲ့ ဂုဏ်သတင်းကြောင့် မယ်တော်က ညီတော့်ကို သင်ကြားပေးဖို့ သူ့ကို တသီးတသန့် ဖိတ်ခေါ်ထားခဲ့တာ။ ဒီလူက ဒေါသစိတ်နဲ့ ခေါင်းမာပြီး စိတ်ပျက်စရာကောင်းမယ်ဆိုတာ ဘယ်သူကသိမှာလဲ? လွန်ခဲ့တဲ့ ရက်အနည်းငယ်က စတုတ္ထညီတော် တကယ့်ကို ခက်ခဲခဲ့တာပဲ”
“မယ်တော်က အရာအားလုံးအတွက် အရမ်းစိုးရိမ်နေတယ်ဆိုရင် ညီတော်နဲ့ ဆွေးနွေးသင့်တယ်”
လီယွမ်ရွှိ့က လှောင်ရယ်ရင်း “ဧကရာဇ်ခမည်းတော်က ညီတော်တို့ကျုံးချွေ့နန်းဆောင်ကို အမြဲတမ်း မတူကွဲပြားစွာ ဆက်ဆံတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒီနန်းဆောင်လောက် ကောင်းတာရှိသေးလား? အကြီးဆုံးအစ်ကိုတော်မှာ ဦးရီးတော်ကောင်းတစ်ယောက်ရှိပေမယ့် ဒီမင်းသားနဲ့ ယှဉ်နိုင်တဲ့ တခြား ဘာရာများ ရှိပါသလဲ? လူတိုင်းမှာ မျက်လုံးကောင်းကောင်းရှိရင် အနာဂတ်ကို သူတို့က ဘယ်လိုလုပ် မမြင်နိုင်ဘဲနေမှာလဲ…?”
သူသည် စကားရပ်လိုက်သည်။ သူသည် ရူးမိုက်ပြီး ပုန်ကန်လိုစိတ်ရှိပေမယ့် လောလောဆယ်တွင် မပြောသင့်သည့်အရာအချို့ ရှိနေသည်ကို သူသိပါသည်။ လှောင်ရယ်လိုက်ပြီး “ကံကောင်းစွာနဲ့ ဒီနေ့ပြီးရင်တော့ မယ်တော် အနားယူနိုင်ပြီ” ဟု ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
“မှန်တယ်” လီယွမ်လန်၏အကြည့်သည် နက်ရှိုင်းသွားကာ “နောက်ဆုံးတော့ မယ်တော် အနားယူနိုင်ပြီ”
သူ့မျက်နှာကို တစ်ဖက်လှည့်လိုက်ပြီး လီယွမ်မင်ကို ကြည့်လိုက်တော့ သူ့နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခုပေါ်လာပြီး “မင်းဘယ်လိုထင်လဲ?”
လီယွမ်မင်က အနည်းငယ် ခေါင်းညိတ်လိုက်ပြီး “ဟုတ်ပါတယ်”
“အိုး?” လီယွမ်ရွှိ့သည် နောက်ကျောတွင်ထိုင်နေသောလူကို စောင်းငဲ့ကြည့်လိုက်သည်။ သူသည် သူ့ကို အကြိမ်ပေါင်းများစွာ အစုန်အဆန်ကြည့်လိုက်သည်။ သူက လှောင်ပြောင်ရယ်မောရင်း “ဒီဘိုးတော်လူကြီးမင်းက ဘယ်အချိန်က ကျုံးချွေ့နန်းဆောင်ကို ဝင်ထွက်သွားလာနိုင်တာလဲ?”
လီယွမ်မင်က သူ့ကို မဖြေပါ။
အဖြေပေးသောသူက လီယွမ်လန်ဖြစ်ပြီး “ဒီရက်ပိုင်းမှာ ကံကောင်းစွာနဲ့ မယ်တော်ရဲ့ စိုးရိမ်ပူပန်မှုအချို့ကို တတိယတော်ဝင်မင်းသားက ဖြေလျှော့ပေးခဲ့တယ်”
လီယွမ်ရွှိ့၏ မျက်နှာမှာ အနည်းငယ် စိတ်မသက်မသာဖြစ်နေသည်။ မနေ့တည်းက လီယွမ်လန်သည် သူ့ရှေ့မှာ ဆီနှင့်ရှာလကာရည်ထည့်နေတာကြာပြီ(သူ့ကို ဒေါသထွက်ပြီး မနာလိုဖြစ်စေတယ်) ဆိုတော့ သူ့စိတ်က နည်းနည်းမပျော်မရွှင် ဖြစ်နေသည်။ တခြားလူတွေက ကျုံးချွေ့နန်းဆောင်မှာ မြှောက်ပင့်ပြီး အခွင့်အရေးယူတာက အရေးမကြီးပေမယ့် သူ့ရှေ့က ခွေးမသားကတော့ မလုပ်သင့်ပါ။ ပြောစရာမလိုအောင် သူ့အဆင့်အတန်းက နိမ့်ကျပါသည်။ ထိုနိမိတ်မရှိသော ခန္ဓာကိုယ်ကို ကြည့်ရုံဖြင့် ကံဆိုးမှုများကို ယူဆောင်လာနိုင်ပါသည်။ သူ၏ တော်ဝင်မယ်တော်သည် သူနှင့် အမှန်တကယ် အဆက်အဆံရှိရန် ဘာတွေ စိတ်ကူးနေမှန်း သူ မသိပေ။ ထို့ကြောင့် သူသည် ဗြုန်းစားကြီး ပြောလိုက်သည်။
“တတိယတော်ဝင်မင်းသား? သူက ခွေးမက မွေးဖွားလာတဲ့ ယောက်ျားမဟုတ် မိန်းမမဟုတ်တဲ့ ကံဆိုးတဲ့အရာတစ်ခု မဟုတ်ပါလား? သူက ဘယ်လိုလုပ် တော်ဝင်မင်းသားလို့ ခေါ်ထိုက်မှာလဲ”
ဒီစကားများကို တစ်စုံတစ်ယောက်ရှေ့မှာ ပြောဖို့နေနေသာသာ နောက်ကွယ်မှာ ပြောနေသည်ဆိုလျှင်ပင် တော်တော့်ကို မသင့်လျော်ပါ။ ဒါသည် ဒဏ်ရာမပေါ်သော လူသတ်မှုတစ်ခုပါ။ လီယွမ်လန်သည် မည်သည့်စကားမှ ပြန်မဖြေတော့ပေ။ သူသည် လျှို့ဝှက်သော အပြုံးအနည်းငယ်ကိုသာ ပြသပြီး သူ့နံဘေးသို့ အထင်အမြင်သေးစွာ စိုက်ကြည့်နေခဲ့သည်။
သို့သော်လည်း တစ်ဖက်သားက အနည်းငယ်မျှပင် ဒေါသမထွက်ပေ။ သူသည် ခံစားချက်မရှိသော ကျောက်တုံးကဲ့သို့ မျက်နှာသေဖြင့်သာ ထိုနေရာတွင် ထိုင်နေလေသည်။
လီယွမ်လန်သည် သူ့အမူအရာကြောင့် ဖျားသွားခဲ့သည်။ အရင်တုန်းကတော့ အဆင်ပြေပေမယ့် အခုနောက်ပိုင်း နေပြန်ကောင်းလာပြီးနောက် သူသည် တုံ့ပြန်မှု မရှိတော့ပါ။ ယင်းကြောင့် လီယွမ်လန်သည် သူ၏ ကြောင်သူတော်သားရေရုပ်လွှာကို ပို၍ပင် ဆွဲဖြဲပစ်ချင်ခဲ့သည်။ သူသည် လီယွမ်ရွှိ့အား ထပ်မံလှုံ့ဆော်ရန် နည်းလမ်းအသစ်များကို တွေးတောနေစဉ်တွင် နန်းဆောင်အတွင်းမှ လှုပ်ရှားသံများ ထွက်လာခဲ့သည်။ ပုတီးစေ့ ကန့်လန့်ကာများကို မလိုက်သော် အဆင်တန်ဆာများမှ အသံထွက်လာပြီး ခမ်းနားသောအဝတ်အစားများကို ၀တ်ဆင်ထားသော ဝမ်ချောင်လွမ်သည် နန်းဆောင်ခန်းမအတွင်းမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။