PCTG

အပိုင်း (၇)

အရင်ဘဝက သစ္စာဖောက် စစ်သူကြီး​၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ

အခန်း ၇

ယနေ့တွင် လီယွမ်မင်သည် အနောက်နန်းဆောင်သို့ ချက်ချင်း မပြန်ခဲ့ပေ။ ယင်းအစား၊ သူသည် ကျုံးချွေ့နန်းဆောင်​၏ သားရဲအိမ်သို့ ခိုးကြောင်ခိုးဝှက် လှည့်ထွက်သွားသည်။

ဆောင်းဦးရာသီရွေးချယ်ပွဲ နီးကပ်လာသောအခါ ဝမ်ကွေ့ဖေးသည် လီယွမ်ရွှိ့ကို ပြဿနာဖြစ်စေမည်ကို စိုးရိမ်သောကြောင့် သူ၏အိမ်စာများကို ပြန်လည်သုံးသပ်ရန် နန်းတော်တွင် ထိန်းချုပ်ထားခဲ့သည်။ ထို့ကြောင့် အမြဲတမ်းအသက်ဝင်နေသော သားရဲအိမ်သည် လူသူကင်းမဲ့နေခဲ့သည်။

ဝမ်ကွေ့ဖေး၏နယ်မြေဖြစ်သောကြောင့် ကျုံးချွေ့နန်းဆောင်​ရှိ အစောင့်များသည် အခြားနေရာများထက် ပိုတင်းကျပ်သည်။ ကံကောင်းထောက်မစွာ၊ သားရဲအိမ်သည် နန်းဆောင်နှင့် အတော်လေးဝေးသည်။
တကယ့်ကို အရေးကြီးသော နေရာမဟုတ်သလို ကြောက်စရာကောင်းသော တိရစ္ဆာန်များကို ထားထားသောကြောင့် နန်းဆောင်အစေခံများက အဲဒီ့ဘက်သို့ ဘယ်တော့မှ မပြေးဘဲ ရှောင်ဖို့ ကြိုးစားကြသည်။ အလားတူစွာ၊ နန်းတော်အစောင့်တွေကလည်း ဂရုမစိုက်ပါ။ အလှည့်ကျ တာဝန်ကျသော အချိန်မှာ သောက်စားပျော်ပါးရန် အဝေးတစ်နေရာမှာ စုဝေးကြပြီး သားရဲအိမ်ထဲသို့ အဝင်အထွက်လုပ်သော နန်းဆောင်အစေခံများကိုတောင် မေးမြန်းစစ်ဆေးခြင်းမပြုကြပါ။

နေက အနောက်တောင်ကုန်းနဲ့နီးကပ်နေပြီ၊ ညစာစားချိန်ရောက်ပြီ။ နန်းတော်အစောင့်တစ်ယောက်ပဲ ကျန်တော့သည်။ လီယွမ်မင်သည် ရက်အနည်းငယ်ကြာအောင် စောင့်ကြည့်နေခဲ့ပြီး အချိန်ခဏအတွင်းမှာပင် နန်းတော်အစောင့်က အစားအသောက်ဗန်းကို လက်ခံကာ အချိန်ဖြုန်းရန် ဘေးခန်းထဲတွင် ပုန်းအောင်းနေမည်ကို သိခဲ့သည်။

လီယွမ်မင်သည် ဥယျာဉ်ရှိ ကျောက်တုံးကြီးပေါ်တွင် မှီ၍ ဒဏ်ရာရနေသော ပါးစပ်ထောင့်ကို လက်ခုံဖြင့် ပွတ်သပ်လိုက်သည်။ လက်ပေါ်က သွေးများကို တစ်ချက်ကြည့်ကာ ဂရုမထားဟန်ဖြင့် နှာရှုပ်လိုက်သည်။ သူသည် ဥယျာဉ်ရှိ ကျောက်တုံးအတွင်း ဝှက်ထားသော အပေါက်မှ အဝတ်စဖြင့် ထုပ်ပိုးထားသော အထုပ်တစ်ထုပ်ကို ထုတ်ယူလိုက်သည်။ လှန်လှောရှာဖွေပြီး လဲဝတ်ရန် ခေတ်ဟောင်း နန်းတွင်းအစေခံ၀တ်စုံတစ်စုံကို တွေ့သွားသည်။ သူ့အသွင်အပြင်သည် အမျိုးသားလား၊ အမျိုးသမီးလား ခွဲခြား၍ မရပါ။ ထို့ပြင် သူ့အရပ်အမောင်းက သေးသေးလေးမို့ အဝတ်အစားတွေပြောင်းပြီးနောက် နန်းတွင်းအစေခံတစ်ယောက်လို လုံးလုံးလျားလျား ဖြစ်သွားသည်။ သူသည် သားရဲအိမ်ထဲသို့ တိတ်တဆိတ် မဝင်မီ အဝေးမှ နန်းတော်အစောင့်၏ ခြေသံများ တဖြည်းဖြည်း မှိန်ဖျော့သွားသည်ကို စောင့်ဆိုင်းနေခဲ့သည်။

အနံ့ဆိုးတစ်ခုထွက်လာသည်။

သားရဲအိမ်အတွင်းရှိ လေးလံသောအကာအရံများကို သီးခြားနေရာများအဖြစ် ပိုင်းခြားထားပြီး ရက်စက်ကြမ်းကြုတ်သောခြင်္သေ့၊ ကျားနှင့် အခြားတိရစ္ဆာန်အမျိုးအစား အမျိုးမျိုးကို ပိတ်လှောင်ထားသည်။ သားရဲများ၏ မကျယ်လှသော ဟိန်းသံနှင့်အတူ လီယွမ်မင်၏ မျက်ခုံးများ ကြုတ်သွားကာ အသက်ရှုအောင့်လိုက်ပြီး အတွင်းဆုံးအခန်းဆီသို့ အမြန်လျှောက်လာခဲ့သည်။

ပုံရိပ်တစ်ခုသည် မြေပြင်ပေါ်တွင် ခွေနေသည်။

အစိမ်းရောင် ဦးခေါင်းရှိသော ယင်ကောင်များသည် တဝဲလည်လည်ဖြစ်ပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် ရံဖန်ရံခါ ရပ်နေသည်။ အပေါ်အောက် အနည်းငယ်ရွေ့လျားနေသော ခန္ဓာကိုယ်သာ မဟုတ်ပါက၊ ထိုသူသည် သေသွားသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သော လူသေနှင့်တူသည်။

ဤအခိုက်တွင် မြေပြင်ပေါ်ရှိ “လူသေ”သည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ပြီး ဝင်လာသောလူကို ကြည့်ကာ မျက်နှာလွှဲလျက် စိတ်အနှောင့်အယှက်ဖြစ်သွားကာ မျက်လုံးများကို ပြန်မှိတ်ထားပြန်သည်။

လီယွမ်မင်သည် အဲ့ဒါကို မမြင်သလိုပဲ ချဉ်းကပ်သွားသည်။ အကာအရံကို ဖြတ်လျက် နီလျဲ့ရှိနေသော မြက်ခြောက်များကို သူ့ဘက်သို့ အားနှင့် ဆွဲလိုက်သည်။

ကုသရန် အနီးသို့ တိုးသွားလိုက်ပြီး သူ့လက်နှင့် ညစ်ပတ်နေသော အနက်ရောင်လည်ပတ်ကို အသာအယာဆွဲတင်လိုက်ကာ ရင်ဘတ်ပေါ်ရှိ ဒဏ်ရာများ ပေါ်လာအောင်လုပ်လိုက်သည်။ ဒဏ်ရာ​များ၏ အစွန်းက အနာဖေးစတင်ဖြစ်နေပြီ၊ အနာပြည်မတည်တော့ပါ။

လွန်ခဲ့သည့်ရက်အနည်းငယ်က လီယွမ်မင်သည် ဒဏ်ရာများမှ လောက်များကို တစ်ကောင်ပြီးတစ်ကောင် ဖယ်ရန် ငွေအပ်တစ်ချောင်းကို အသုံးပြုခဲ့သည်။

စတုတ္ထမင်းသား၏ စိတ်ဝင်စားမှုက အပြင်းထန်ဆုံးဖြစ်သောအခါ နီလျဲ့သည် ပြင်းထန်သောတိုက်ပွဲကို နှစ်ရက်တစ်ကြိမ် လက်တွေ့တိုက်ရလေသည်။ များသောအားဖြင့် ဒဏ်ရာဟောင်းများသည် အသစ်များရောက်လာသောအခါ မပျောက်သေးပါ။ ဆေးကုပေးဖို့မပြောနှင့်၊ အစားအသောက် ကျွေးဖို့ပင် အာမမခံပါ။ ထို့အပြင် သားရဲအိမ်သည် ညစ်ပတ်စိုစွတ်နေသဖြင့် ဒဏ်ရာများမှ လောက်များ ပိုပိုများကာ ပြည်တည်လာသည်။ သူသည် ထူးထူးခြားခြား ပါရမီရှင်ဖြစ်လျှင်တောင်မှ ဟောဟဲလိုက်သည်အထိ ညှင်းပန်းနှိပ်စက်ခံရန် မွေးဖွားလာရသေးသည်။ ယခုအချိန်တွင် လီယွမ်ရွှိ့သည် ဆောင်းဦးရာသီရွေးချယ်ပွဲဖြင့် အလုပ်ရှုပ်နေသောကြောင့် သားရဲအိမ်၏အစေခံများက သူ့ကို အလိုလို လျစ်လျူရှုပြီး သူ့ကိုယ်သူ ထိန်းကျောင်းခွင့်ပေးထားသည်။

ယင်ကောင်များကဲ့သို့ လူများကို သတ်ပြီး လူသတ်သမား နတ်ဘုရား “လူသတ်စက်”ဟူသော အမည်ကြားရုံမျှနှင့်ပင် ရန်သူများကို ထိတ်လန့်စေသည့် အနှိုင်းမဲ့ ရဲရင့်သော သူရဲကောင်းသည် ယခုအခါ ဤအေးစက်ပြီး နံစော်နေသော သားရဲအိမ်တွင် ကျုံ့ဝင်နေသော အရေးမပါသည့် အမှုန်အမွှားနှင့် ဆင်တူသည်။

ကံကောင်းထောက်မစွာ၊ ဟော်ယွင်ယိ့ ပေးသောဆေးသည် ကောင်းမွန်သည်။ ဒဏ်ရာများမှာ ပိုကောင်းလာပုံပေါ်သည်။

သူ​၏ အောက်ခံဘောင်းဘီကို ဆက်ဖယ်ရန် ပြင်နေစဉ်တွင် ကြမ်းတမ်းပြီး ဩရှသော အသံက “မင်းဘာလုပ်နေတာလဲ!”

လီယွမ်မင်က ခေတ္တရပ်လိုက်ပြီး “မင်းရဲ့ တခြားဒဏ်ရာတွေကို ငါကြည့်ပါရစေ”

သို့သော် နီလျဲ့သည် သူ့ဘောင်းဘီကို မလွှတ်ဘဲ တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ လီယွမ်မင်က မျက်မှောင်ကြုတ်ကာ တစ်ဖက်သား၏ ရှောင်တိမ်းလိုသည့် နီရဲနေသော မျက်လုံးများပေါ်သို့ သူ့အကြည့်များက ကျရောက်လာသည်။

“ထွက်သွား!”

ကောင်လေးသည် ဒေါသတကြီးဖြင့် အံကြိတ်ကာ အော်ဟစ်ဆဲဆိုလိုက်သည်။ သူသည် အခြားသူများမှ သူတို့၏နယ်မြေကို ကျူးကျော်ရန် ငြင်းဆန်နေသော သားရဲနှင့်တူသည်။

သူ့ခန္ဓာကိုယ်မှာ ပြည်တည်နေသော ဒဏ်ရာများစွာရှိပြီး ဒီလိုလှုပ်ရှားလိုက်ခြင်းသည် ရေတံခွန်လို ချွေးများကို ထွက်လာစေသည်။ အရမ်းနာကျင်၍ သူ့တစ်ကိုယ်လုံး တုန်သွားသော်လည်း သူ့ဘောင်းဘီကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲပင်။

“မင်း…”

လီယွမ်မင်သည် ရုတ်တရက် တစ်စုံတစ်ခုကို ရိပ်မိသွားသည်။ သူ့မျက်နှာ နီရဲလာပြီး အသာအယာ ချောင်းဟန့်ကာ-

“အဆင်ပြေပါတယ်…. ငါမဟုတ်ဘူး…”

သူက မိန်းမမဟုတ်ဘူးလို့ ပြောချင်ပေမယ့်​ ​တွေးကြည့်​​တော့ ​ယောက်ျားလည်း မဟုတ်​ပါ။ ထို့ကြောင့် ရှင်းပြစရာ မလိုတော့ပါ။ သူသည် သက်ပြင်းအနည်းငယ်သာ ချလိုက်ပြီး ဘောင်းဘီကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသော လက်တစ်စုံကို သူ့လက်ဖဝါးများဖြင့် အုပ်ကိုင်လိုက်ကာ သူ့ကို ဖိအားမပေးတော့ပါ။ နူးညံ့ညင်သာစွာဖြင့်-

“မကြောက်ပါနဲ့ ငါမင်းကိုကူညီနိုင်တယ်…”

သူသည် နှုတ်ခမ်းများကို စေ့ပြီး ထပ်ဖြည့်ပြောလိုက်သည် “ဒါက ဘာမှမဖြစ်ပါဘူး”

နီလျဲ့၏မျက်လုံးများသည် သွေးနီရောင်ဖြစ်နေသည်။ သူသည် ရက်ပေါင်းများစွာ ချုံးချုံးကျနေခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ကြမ်းကြုတ်သည့်တိုင် အသက်၁၀နှစ်အရွယ် လူငယ်လေးတစ်ယောက်မျှသာ ဖြစ်သည်။ သူသည် ဒေါသတကြီး နှာမှုတ်ကာ အားယူလိုက်ပြီး နောက်ဆုံးတွင် မြက်ခြောက်ပေါ်သို့ လဲကျသွားသည်။

လီယွမ်မင်သည် တခဏမျှ တုံ့ဆိုင်းသွားပြီး ခါးပတ်ကို ဖြည်ရန် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

ပို၍ပြင်းထန်သော ငါးညှီနံ့သည် သူ့မျက်နှာကို ရိုက်ခတ်သွားပေမယ့် သူ့ခြေထောက်များကြားရှိ အနက်ရောင်နှင့် အဝါရောင် ညစ်ညစ်ပတ်ပတ်ကို မြင်လိုက်ရသော် လီယွမ်မင်သည် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပါ။

နီလျဲ့သည် ခေါင်းကို လှည့်ကာ အံကြိတ်ထားပြီး ဘေးဘက်တွင် လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားသည်မှာ အရိုးကွဲအက်သံများပင် ထွက်ပေါ်လာသည်။ ရှင်းရှင်းပြောရလျှင် သူအလွန်အမင်း ရှက်သွားသည်။

မှိတ်ထားသော မျက်လုံးထောင့်များသည် သိသိသာသာ စိုစွတ်နေ၏။

လီယွမ်မင်က သူသည် ကလေးပဲလို့ တွေးလိုက်သည်။

သူ ထပ်ပြီး မနှောင့်နှေးတော့ပါ။ အားစိုက်ထုတ်၍ သားရဲသောက်ရေကန်ကို ရွှေ့ကာ ရေအိုးထဲသို့ ရေခပ်ထည့်သည်။ ဦးစွာ သူသည် ထိုညစ်ပတ်ပြီး ရွှံ့ပေနေသော အောက်ခံဘောင်းဘီကို အနည်းငယ် သန့်ရှင်းရန် ချွတ်ပြီးနောက် အနားတစ်စကို ဆုတ်ဖြဲကာ ရေဖြင့် စိုစွတ်စေပြီး သူ့ကို သေသေချာချာ သုတ်ပေးလိုက်သည်။

ကောင်းကင်ကြီးသည် တဖြည်းဖြည်း အရိပ်များ ဖုံးလွှမ်းသွားကာ အုံ့ဆိုင်းနေသော အရောင်ရင့် အလွှာတစ်ခု စုရုံးလာသည်။

လီယွမ်မင်၏ နဖူးတစ်ပြင်လုံးတွင် ချွေးများထွက်နေသည်။ မြက်ခြောက်ပုံပေါ်တွင် ပို၍ လန်းဆန်းနေပြီဖြစ်သော ကောင်လေးကို ကြည့်လိုက်တော့ သူ့စိတ်တွေ သက်သာရာရသွားသည်။

သူ ထရပ်တာ အရမ်းမြန်သွားသည် ထင်သည်၊ ခေါင်းတွေ မူးဝေလာပြီး သူ့ခွန်အားတွေလည်း လျှပ်တပြက် ပြိုကျသွားသည်။ နောက်ထပ် သည်းမခံနိုင်တော့ပါ။ အကာအရံဘေးကို မှီပြီး အော့အန်လိုက်သည်။

အော့အန်တော့မည့် အရှက်မရှိသော နန်းတွင်းအစေခံလေးကို ကြည့်ပြီး နီလျဲ့​၏ မျက်လုံးထောင့်သည် နီရဲလာသည်။ သူစိတ်ထဲတွင် ခါးခါးသီးသီး တွေးလိုက်မိသည်၊ ဤကဲ့သို့ သည်းမခံနိုင်လျှင် လူကောင်းယောင်ဆောင်ရန် မလိုပေ။ ဤလောကရှိ လူတိုင်းသည် လူကောင်းယောင်ဆောင်သူနှင့် ယုတ်မာရက်စက်သူများ ဖြစ်ကြသည်၊ သူမသည်လည်း ထိုနည်းတူပင်။

လီယွမ်မင်သည် အနည်းငယ် မောသွားသည်။ သူသည် ပါးစပ်ထောင့်များကို လက်အဖျားဖြင့် သုတ်လိုက်သည်။ သူသည် အကာအရံပေါ် နဖူးကို ညင်သာစွာ မှီလိုက်တော့ ကောင်လေး၏ အနက်ရောင်မျက်လုံးများကို အမှတ်မထင် တွေ့လိုက်ရသည်။ သူ့အရင်ဘဝက ကျဲကျဲဟုခေါ်သော ကလေးအား မြင်လိုက်ရသလိုဖြစ်ပြီး သူသည် တဒင်္ဂအတွင်း ဘဝင်ကျသွားသည်။ လီယွမ်မင်၏ အကြည့်များသည် တခဏချင်း ပျော့ပျောင်းလာသည်။

နီလျဲ့ လန့်သွားသည်။ အသက်ရှုမှားသွားပြီး မျက်နှာလွှဲလိုက်သည်။

လီယွမ်မင်က ရယ်မောလိုက်ပြီး အကာအရံကို ဖြည်းညှင်းစွာ မှီကာ ထိုင်လိုက်သည်။ သူက ခေါင်းကို မော့ပြီး အဝေးကို လှမ်းကြည့်လိုက်သည်.။

ဤအခိုက်အတန့်တွင် သားရဲအိမ်၏အထက်ရှိ ကျဉ်းမြောင်းသောကောင်းကင်သည် မထင်ရှားသော အရောင်မှိုင်းမှိုင်း မှင်ပန်းချီကားတစ်ချပ်လို အုံ့မှိုင်းနေသည်။

သူ့စိတ်အတွေးထဲမှာ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြိုးစားခဲ့ပေမယ့် ဒီကလေးကို စိတ်အေးလက်အေးနှင့် ဘေးချိတ်မထားနိုင်ပါ။ သူသည် ဤကဲ့သို့သော အပေါစားအရာများဖြင့် စိတ်ထိခိုက်ရမြဲဖြစ်သည်။

ဒီဘဝမှာ…. ဒီဘဝက တွက်ဆရမှာဖြစ်ပေမယ့် ခြေတစ်လှမ်းဆီသာ လှမ်းပြီး အလှမ်းတိုင်းကို အစီအစဉ်ချမည်။

လီယွမ်မင်က သူ့ကိုယ်သူ စကားပြောနေခဲ့သည်။

နီလျဲ့သည် ခေါင်းပြန်လှည့်ကာ “သူမ”ကို မကြည့်ဘဲ မနေနိုင်ပေ။

အချိန်တွေက တိတ်တဆိတ် စီးဆင်းသွားသည်။ လီယွမ်မင် မျက်လုံးမှိတ်လိုက်သည်။ သူ့ပတ်ဝန်းကျင်က အနံ့ဆိုးတွေနဲ့ ပြည့်နေသည်။ ဆီး၏ငါးညှီနံ့နှင့် မနှစ်မြို့ဖွယ်အနံ့မျိုးစုံတို့ ရောထွေးနေသည်။ သို့သော် သူသည် ထူးထူးခြားခြား ငြိမ်သက်ခြင်းကို ခံစားလိုက်ရသည်။

ရုတ်​တရက်​​ အ​ဝေးမှ ရုတ်ရုတ်သဲသဲအသံကို ကြားလိုက်ရသည်။​ နန်းတော်အစောင့်တစ်ဦးသည် စိတ်လှုပ်ရှားစွာအော်လိုက်သည်-

“မြန်မြန် ကောင်းကင်ကို ကြည့်စမ်း!”

“အံ့ဖွယ်ဖြစ်ရပ်! အံ့ဖွယ်ဖြစ်ရပ်ပဲ!”

သူ့မျက်လုံးများဖွင့်ပြီး ကောင်းကင်ကို မော့ကြည့်ပြန်သည်။ မူလက မှေးမှိန်သော ကောင်းကင်သည် ခရမ်းရောင်တောက်တောက်ဖြစ်ပြီး အနီရောင်သရဖူ ကြိုးကြာငှက်များသည် မသေနိုင်သောမြေ​၏ ကောင်းကင်ဘုံမှာကဲ့သို့ ရံဖန်ရံခါ နိမ့်နိမ့်လေးပျံသန်းကြသည်။

သူ့အရင်ဘဝက သူ့နှလုံးသားထဲမှာ အမြစ်တွယ်နေသော အံ့သြစရာကောင်းသည့် မြင်ကွင်းကို ပြန်လည်မြင်တွေ့လိုက်ရတော့ လီယွမ်မင်​၏ မျက်လုံးများသည် ချက်ချင်းနီရဲသွားသည်။

သားရဲအိမ်အတွင်းရှိ သားရဲများသည် အမှောင်ထုထဲတွင် ညည်းတွားနေကြပြီး မြင်ကွင်းက လွှမ်းမိုးနေပုံရသည်။ ၎င်းတို့သည် နေရာမှာပင် ကောင်းကင်ကို မော့ကြည့်ရင်း ငြိမ်သက်စွာ ကြည့်နေကြသည်။

ကမ္ဘာကြီးက ရုတ်တရက် တိတ်ဆိတ်သွားသလိုပင်။

စစ်နှစ် နှစ်ဆယ့်တစ်နှစ်၏ ပထမဆုံး ရှောင်ဟန် (ဇန်နဝါရီလ ၆ ရက်မှ ၁၉ ရက်အထိ)၊ ခရမ်းရောင်မှော်တိမ်တိုက်များသည် ကျုံးချွေ့နန်းဆောင်ထိပ်ကို ဝန်းရံထားပြီး အနီရောင်သရဖူ ကြိုးကြာများက
တဖျပ်ဖျပ်ခတ်နေကြသည်။ ဧကရာဇ်မင်သယ်သည် ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ၎င်းအား ကံကောင်းစေသော နိမိတ်တစ်ခုဟု မှတ်ယူသည်။ ဘာသာရေးဝန်ကြီးဌာနသည် အထိမ်းအမှတ်ပွဲကို တာဝန်ယူ ကျင်းပပြီး ဘုရားကျောင်းများက ဆုတောင်းစာများရွတ်ဖတ်ကာ နန်းတွင်းနှင့် မောင်းမဆောင်ကို လက်ဆောင်များ ချီးမြှင့်ခဲ့သည်။

***

ဤကံကောင်းသည့် နိမိတ်ကြောင့် နန်းတော်သည် ရက်အတော်ကြာ တက်ကြွနေခဲ့ကြသည်။

သို့သော် စိတ်လှုပ်ရှားပျော်ရွှင်မှုအားလုံးသည် အနောက်နန်းဆောင်နှင့် မသက်ဆိုင်ပါ။

အပြင်ဘက်တွင် နှင်းအနည်းငယ် လွင့်လာကာ မြေပြင်ပေါ်သို့ သက်ဆင်းတော့ ရေစီးကျသလို ဖြစ်သွားသည်။ အနောက်နန်းဆောင်ဝင်းအတွင်းရှိ ပေါင်းပင်များသည် အချိန်အတော်ကြာ ညှိုးနွမ်းနေပြီး အဝါရောင်ဖြစ်လာသည်။ အနောက်လေ တိုက်ခတ်လာသောအခါတွင် ယိမ်းနွဲ့ကာ အနည်းငယ် ယိုယွင်းနေသောသဏ္ဍာန်ကို ပေါ်လွင်စေပါသည်။

လီယွမ်မင်သည် ခြံဝင်းအတွင်းရှိ နှင်းများကို တွေဝေစွာ ကြည့်ကာ စိတ်ထဲတွင် အနည်းငယ် စိတ်ပူနေသည်။

“အရှင့်သား ဘာတွေစိုးရိမ်နေပါသလဲ?”

လီယွမ်မင်သည် အသိပြန်ဝင်လာပြီး အားယူပြုံးပြီး “ကောင်းကင်မှာ မနေ့က နေရောင်ရှိနေပေမယ့် ဒီနေ့တော့ နှင်းတွေကျနေတယ်။ ငါလည်းမသိဘူး…လူဘယ်နှစ်ယောက်လောက်များ အေးခဲနေပြီလဲ?”

“ဆောင်းရာသီရောက်လာပြီလေ၊ ရာသီဥတုက ပြောင်းလဲတတ်ပါတယ်”

ဟော်ယွင်ယိ့က သူ့ကို တိတ်တဆိတ် ကြည့်နေသည်။ ဒီကာလအတွင်းမှာ သူ့အသားအရည်သည် တော်တော့်ကို တိုးတက်လာပါသည်။ သို့သော် သူ့ခန္ဓာကိုယ်သည် ယခင်လို အားနည်းနေသေးသဖြင့် စိတ်မပူဘဲ မနေနိုင်ပါ။

ယခုအချိန်တွင် သူသည် ဖောင်းကြွ မီးခိုးဖျော့ရောင်အပေါ်ရုံနှင့် ဖောင်းကြွခါးပတ်ကို ၀တ်ဆင်ထားသည်။ထိုအရာတွေက အဖိုးမတန်ပေမယ့် အရင်ကထက် အများကြီး ပိုကောင်းပါသည်။ ကြားရတာတော့ ဝမ်ကွေ့ဖေးက သူ့ကို သနားတော်မူသောကြောင့် ဆောင်းရာသီမှာ အသုံးပြုဖို့ ပစ္စည်းများကို ဒီနေရာသို့ ပို့ပေးရန် တော်ဝင်အိမ်တော်ဌာနမှ အရာရှိများကို အမိန့်ပေးခဲ့သည်။

နန်းဆောင်ခန်းမအတွင်းရှိ ကြေးမီးပြင်းဖို၌ပင် လတ်ဆတ်သော ကျောက်မီးသွေးများစွာရှိသည်။

အဆုံးတွင် သူသည် ထိုသို့မြင်ရသည့်အတွက် သူ့အတွက် ပျော်ရွှင်သွားပြီး “ကံကောင်းစွာနဲ့
ကွေ့ဖေးနျန်နျန်က စာနာထောက်ထားမှုအချို့ပြခဲ့တယ်။ နောက်ဆုံးတော့ အရှင့်သားရဲ့ မင်္ဂလာရှိတဲ့နေ့ရက်တွေ ရောက်လာပါပြီ”

လီယွမ်မင်သည် ပြုံးပြီး ဘာမှမပြောပေ။

“ကျွန်တော်မျိုး ဒီကိုရောက်နေပြီဆိုတော့ အရှင့်သားရဲ့သွေးခုန်နှုန်းကို စစ်ဆေးပေးပါ့မယ်”

တစ်ဖက်က မတုံ့ပြန်ခင်မှာ သူသည် သူ့လက်ကောက်ဝတ်ကို ဆွဲယူပြီး သူ​၏သွေးခုန်နှုန်းပေါ် လက်နှစ်ချောင်းကို တင်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် ဟော်ယွင်ယိ့က ပြုံးလိုက်သည်။

“ကံကောင်းတာက ကု့ပန်ဖေယွမ်လိမ်းဆေးအဆီက နည်းနည်းအသုံးဝင်တယ်။ အရှင့်သားရဲ့သွေးခုန်နှုန်းက အရင်အကြိမ်တွေထက် အများကြီး ပိုကောင်းလာတယ်”

လီယွမ်မင်၏အမူအရာက လှုပ်ခတ်သွားပြီး “အဲ့ဒီကု့ပန်ဖေယွမ်လိမ်းဆေးအဆီက… အားနည်းသူတွေကို ကုသဖို့ကောင်းလား?”

“သဘာဝအတိုင်း ခန္ဓာကိုယ်ကို သန်မာစေပြီး တက်ကြွလန်းဆန်းစေဖို့အတွက် ကောင်းပါတယ်”
ဟော်ယွင်ယိ့သည် သူ့ကိုယ်သူ သဘောကျခဲသည် “ကျွန်တော်မျိုးတို့ ဟော်မိသားစုရဲ့ ကု့ပန်ဖေယွမ်လိမ်းဆေးအဆီက သူ့အရည်အသွေးကြောင့် နာမည်ကြီးပြီး အခြားအရာတွေနဲ့ ယှဉ်လို့မရပါဘူး”

လီယွမ်မင်သည် တစ်စုံတစ်ခုကို စဉ်းစားပြီး ရှုပ်ထွေးသော အမူအရာဖြင့် ဆေးသေတ္တာငယ်ပေါ်သို့ သူ့လက်ကို တင်လိုက်သည်။

သူသည် အသေးအမွှားကိစ္စတိုင်းကို အမြဲသတိထားနေသည်ဟု ဟော်ယွင်ယိ့ သိထားပြီး မည်သည့်အကူအညီကိုမဆို အလွယ်တကူ လက်ခံမည်မဟုတ်ပေ။ သူက နှစ်သိမ့်လိုက်သည် “ဒါက သာမန်အားဆေးတစ်မျိုးပါပဲ၊ ဒါပေမဲ့ လုပ်တဲ့နည်းက ဒုက္ခများတယ်။ အဖိုးတန်တဲ့အရာတော့မဟုတ်ပါဘူး၊ စိတ်သက်သောင့်သက်သာ သုံးလို့ရပါတယ်”

သူ့ဆေးသေတ္တာထဲက လိမ်းဆေးအဆီဘူး အနည်းငယ်ကို ထုတ်ပြီး လီယွမ်မင်ရှေ့သို့ တွန်းပို့လိုက်သည်။

“ဒီဘူးတွေက အသစ်လုပ်ထားတာပါ။ သုံးရလွယ်အောင် ဆောင်းရာသီပျားရည်အချို့ကို အထူးပြုပြင်ထားပါတယ်”

လီယွမ်မင်သည် ဒီတစ်ကြိမ်တော့ မငြင်းပါ။ သူ့ပါးပြင်များပေါ်တွင် အပြုံးတစ်ခုလွင့်ပျံလာကာ လက်ခံခဲ့သည်။ သူ တစ်ခုခုပြောတော့မည့်အချိန်တွင် အပြင်မှ အသံတစ်ခု ထွက်လာသည်။ ဝင်လာသူက ပန်းကန်ပြားဝိုင်းလို မျက်နှာဝိုင်းဝိုင်းနှင့် နီမြန်းသောသစ်ခွဝတ်စုံကို ၀တ်ဆင်ထားသည့် အဆင့်မြင့်နန်းတွင်းအစေခံတစ်ဦး ဖြစ်သည်။

“တတိယတော်ဝင်မင်းသား၊ ဝမ်ကွေ့ဖေးက အသစ်ရောက်လာတဲ့ မွှေးရနံ့လက်ဖက်ရည်ကို မြည်းစမ်းကြည့်ဖို့ ကျုံးချွေ့နန်းဆောင်ကို​ လာလည်ဖို့ ဖိတ်ခေါ်ပါတယ်”

ဤသည်မှာ ကျုံးချွေ့နန်းဆောင်​၏ အစေခံ ခေါင်းဆောင် ချင်းဟော် ဖြစ်သည်။ အစေခံတစ်ဦးသည် သူတို့အရှင်သခင်၏ပြောင်းလဲမှုများကို လိုက်နာရသည်။ ထိုအချိန်ကာလအတွင်း ဝမ်ကွေ့ဖေးသည် လီယွမ်မင်ကို အရေးပေးပြီး သူမပတ်ဝန်းကျင်ရှိ လူများအား သူ့အပေါ် အနည်းငယ် ပိုရိုသေသမှုထားရန် အမိန့်ပေးခဲ့သည်။

လီယွမ်မင်သည် တိတ်တဆိတ်သက်ပြင်းချကာ မတ်တပ်ထရပ်လိုက်သည်။

“ကျွန်တော့်ကို သတိရအောင် နျန်နျန်ကို အနှောင့်အယှက်ပေးရတာ အားနာပါတယ်။ အအေးမိတာက မသက်သာသေးလို့ ကျွန်တော်ရဲ့ ရောဂါက နျန်နျန်ဆီ သက်ရောက်မှာစိုးလို့ မသွားတော့ပါဘူး”

“ဒါ…” ချင်းဟော်၏ မျက်နှာမှာ ချီတုံချတုံ ဖြစ်နေသည်။

လီယွမ်မင်သည် သူ့ခန္ဓာကိုယ်ကို ဦးညွှတ်ကာ “နျန်နျန်ကို စကားပါးဖို့ ဒေါ်ဒေါ့်ကို ဒုက္ခပေးရမှာပဲ။ အနာဂတ်မှာ ပြန်ကောင်းလာရင် ယွမ်မင်က သေချာပေါက် တောင်းပန်ပြီး နျန်နျန်ကို ဂါရဝလာပြုပါမယ်”

ဤခရီးသည် အကျိုးမရှိဟု ချင်းဟော် သိသည်။ ထို့ကြောင့် သူမသည် ဦးညွှတ်ပြီး မင်္ဂလာရှိသော စကားအချို့ပြောပြီးနောက် ပြန်ဆုတ်သွားခဲ့သည်။

“အရှင့်သား အအေးမိတာ မသက်သာသေးဘူးလား?” ဟော်ယွင်ယိ့က ကမန်းကတန်း မေးလိုက်သည်။

လီယွမ်မင်သည် ပေါ့ပေါ့ပါးပါး ရယ်လိုက်ပြီး “ငါ မသွားဖို့ ဆင်ခြေတစ်ခု ရှာတာပါ”

ဒီနန်းဆောင်မှာ အချိန်အကြာကြီး စိတ်နစ်သွားပြီးနောက် ဟော်ယွင်ယိ့သည် သူ့အတွက် အစီအစဉ်မချဘဲ မနေနိုင်တော့ကာ “အရှင့်သားက တခြားသူတွေနဲ့ တွေ့ဆုံရတာကို မနှစ်သက်တောင် ဘာဖြစ်ဖြစ် ကွေ့ဖေးက ဧကရာဇ်မောင်းမဆောင်က ဇနီးတစ်ယောက်ပါ။ အခုချိန်ကစပြီး… အရှင့်သား မျက်စိစုံမှိတ်ပြီး မရှောင်သင့်ပါဘူး”

လီယွမ်မင်သည် သူ့ကို မရှင်းပြနိုင်သည့်အတွက် ပြုံးရုံသာ “ငါနားလည်ပြီ”

ဒီတစ်ခေါက် ထွက်လာချိန်မှာတော့ ဟော်ယွင်ယိ့က နောက်ထပ် ဆင်ခြေတစ်ခု ပေးခဲ့ပါသည်။ ထို့ကြောင့် သူသည် ဒီနေရာတွင် အချိန်အတော်ကြာနေခဲ့ပြီး ဖခင်ဖြစ်သူက သံသယဖြစ်မည်ကို စိုးရိမ်သဖြင့် ဆေးသေတ္တာကို ကျောပေါ်တင်ကာ မတ်တပ်ရပ်လိုက်ပြီး တီးတိုးပြောသည်။

“မစောတော့ဘူး၊ ကျွန်တော်မျိုး တော်ဝင်သမားတော်ဝင်းထဲကို ပြန်ပါတော့မယ်”

လီယွမ်မင်က ခေါင်းညိတ်ပြီး မတ်တပ်ထရပ်လိုက်သည်။ သူက ခဏတုံ့ဆိုင်းနေပြီး ပေါ့ပေါ့ပါးပါးနဲ့ “ငါအခု အခြေအနေကောင်းနေပါပြီ။ အခုချိန်ကစပြီး တော်ဝင်သမားတော်ဟော်က ငါ့သွေးခုန်နှုန်းကို စမ်းသပ်ဖို့ တကူးတက လာရန်မလိုတော့ပါဘူး။ ဒီအနောက်နန်းဆောင်က…”

သူ ခေတ္တရပ်တန့်လိုက်ပြီး “နောင်ကျ ငါနေမကောင်းရင် ကိုယ်တိုင်လာပြီး သမားတော်ကို ဖိတ်ခေါ်ပါ့မယ်”

ဟော်ယွင်ယိ့သည် သူ့နှလုံးသားထဲမှာ နာကျင်မှုကို ခံစားလိုက်ရသည်။ သူ့စိတ်ထဲမှာ တွေးမိသည်၊ သူက ဘယ်လိုလုပ် ဖိတ်ခေါ်ဖို့ ရွေ့လျားနိုင်မှာလဲ? ပြီးတော့ ဘယ်သူက လာဖို့ ဆန္ဒရှိမှာလဲ? ဒီရောဂါကို ၁၀နှစ်ကျော်ကြာ သူ့တစ်ယောက်တည်းခံစားနေရမှာကို စိုးပါသည်။ သူ့အခြေခံအုတ်မြစ်ကို သူသိပြီး သူသည် မူလကိုက အားနည်းပါသည်။ ဤနှစ်များသည် အနည်းနှင့်အများ အလဟဿဖြစ်ခဲ့ရသည်။ အခုဆေးမကုလျှင် အသက်ရှည်ရှည် နေနိုင်မှာ မဟုတ်ပါ။

“တကူးတက မဟုတ်ပါဘူး၊ ဖြတ်သွားဖြတ်လာ ကြုံလို့ပါ”

သူ့မျက်လုံးများထဲက နူးညံ့သိမ်မွေ့သည့် ရွှန်းလဲ့သော အသွင်အပြင်ကို ကြည့်လိုက်တော့ ဟော်ယွင်ယိ့သည် ဝမ်းနည်းလာသည်။ သူ​၏ နိမိတ်မကောင်းသော ဂုဏ်သတင်းက သူ့ကို ထိခိုက်စေမည်ကို စိုးရွံ့နေမှန်း သူက ဘယ်လိုလုပ် မသိဘဲနေမှာလဲ? သို့ပေမဲ့ သူ့ကို ထုတ်မပြဘဲ သူ့သဘောအတိုင်းသာ လိုက်ကာ ပြုံးရုံသာပြုံးနေခဲ့သည်။

သူသည် ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် လှည့်လာကာ ဘာရှင်းပြချက်မှမရှိဘဲ သူ့လက်ထဲသို့ ကျောက်စိမ်းဆွဲသီးကို ထည့်လိုက်ကာ “အခုချိန်ကစပြီး နောင်မှာ အရေးကြီးတဲ့ကိစ္စတစ်ခုရှိရင် ဒါကို ရှောင်ကွမ်ဆေးဆိုင်ကို ပို့လိုက်ပါ။ ကျွန်တော်မျိုး လာနိုင်ပါတယ်။ အရှင့်သားက ဘာအကြောင်းပဲဖြစ်ဖြစ် တစ်ယောက်တည်း မထမ်းထားပါနဲ့”

“အင်း”

လီယွမ်မင်သည် ခေါင်းညိတ်ပြပြီး ဤတန်ဖိုးကြီးသောအရာကို သူ့ရင်ဘတ်ထဲသို့ ထည့်လိုက်ကာ အနည်းငယ်ပြုံးပြီး “ငါ နားလည်ပါပြီ”

ဟော်ယွင်ယိ့၏ နှလုံးသားသည် စွန့်လွှတ်ရန် တွန့်ဆုတ်နေသော်လည်း ဒီအချိန်မှာတော့ ထွက်သွားရုံသာ တတ်နိုင်သည်။

***

ဇိမ်ကျပြီး ခမ်းနားထည်ဝါသော ကျုံးချွေ့နန်းဆောင်သည် အမွှေးတိုင်အခိုးအငွေ့များဖြင့် ဝန်းရံထားသည်။

ဝမ်ချောင်လွမ်သည် မျက်လုံးများကို တစ်ဝက်တစ်ပျက်မှိတ်ကာ ကွေ့ဖေး​၏ ညောင်စောင်းပေါ် မှီနေသည်။ လီယွမ်လန်သည် သူမ​၏နားထင်များကို ဂရုတစိုက် နှိပ်နယ်နေခဲ့သည်။

“အနောက်နန်းဆောင်ကလူကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံပါ” ပျင်းရိသောအသံက ပေါ့ပေါ့ပါးပါး အမိန့်ပေးလိုက်သည်။

“….အမိန့်တော်အတိုင်းပါ”

လီယွမ်လန်သည် တရိုတသေလုပ်နေပေမယ့် သူ့နှလုံးသားထဲတွင်တော့ ဒေါသူပုန်ထနေခဲ့သည်။ ရက်အနည်းငယ်အကြာတွင် ဝမ်ချောင်လွမ်၏ အနောက်နန်းဆောင်အပေါ် သဘောထားသည် မမျှော်လင့်လောက်အောင် ကွာခြားနေလိမ့်မည်ဟု သူဘယ်လိုလုပ်သိနိုင်မှာလဲ? စင်္ကြံတွင် ထိုနေ့က လီယွမ်မင်ပြောခဲ့သည့်စကားကို တွေးလိုက်တိုင်း သူ ထိတ်လန့်သွားသည်။ သူ့တံတွေးကို မျိုချလိုက်ပြီး “မယ်တော်၊ စိတ်သက်သက်သာသာနေပါ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဒီကလေးက အသိတရားလုံလောက်အောင် မရှိပေမယ့် ဒီရက်ပိုင်းမှာ သူ့ကိုယ်သူ အကြိမ်ကြိမ် ပြန်ဆင်ခြင်နေပါပြီ။ အခုချိန်ကစပြီး တတိယမင်းသား ညီတော်ရဲ့ အစ်ကိုတော်တစ်ပါးအဖြစ် လေးစားခံရအောင် နေမှာပါ။ မယ်တော့်ကို စိတ်ပူပန်အောင် မလုပ်ပါဘူး”

“ညီတော်ရဲ့ အစ်ကိုတော်တစ်ပါးအဖြစ် လေးစားခံရအောင်…” ဝမ်ချောင်လွမ်သည် လှောင်ရယ်နေပုံရသည်။

ရှောင်ဟန်နေ့၏ နေဝင်ချိန်၌ ခရမ်းရောင် တိမ်တိုက်များနှင့် သရဖူနီ ကြိုးကြာငှက်များ ပေါ်ထွန်းသည့် အံ့ဖွယ်ဖြစ်ရပ်မှစ၍ ဤခွေးမသားသည် အကြောင်းအမျိုးမျိုးပြကာ ဤနေရာသို့ လာရန် ငြင်းဆိုခဲ့သည်။ သို့သော် သူမသည် သူ့အပေါ် အကောင်းမြင်သဘောထားကို ထိန်းထားဆဲဖြစ်သည်။ သူ့၌ နတ်ဘုရားစွမ်းရည်အချို့ရှိပြီး ယခုဆို သူမသည် သူ့ကို ဘာမှ မလုပ်နိုင်တော့ပေ။ သူမသည် ဤနေရာသို့ သူလာဖို့ ဆွဲဆောင်ရန် နည်းလမ်းမျိုးစုံကိုသာ တွေးနေနိုင်ခဲ့သည်။

ဤရက်အနည်းငယ်အတွင်း သူမသည် အရင်နှစ်များတစ်လျှောက်လုံး လီယွမ်မင်၏နေရာကိုစုံစမ်းရန် သူလျှိုအနည်းငယ်စေလွှတ်ခဲ့ပြီး သံသယဖြစ်ဖွယ်မရှိခဲ့ပါ။

ထိုညနေခင်းရှိ ကမ္ဘာကြီးက နိမိတ်ကောင်းအဖြစ်သတ်မှတ်ထားသော ကောင်းကင်ယံ၌ ပြည့်လျှံနေသော ခရမ်းရောင်တိမ်တိုက်များနှင့် ကြိုးကြာငှက်များကို တွေးတောရင်း သူမသည် အေးစက်ပြီး ထိတ်လန့်သွားသည်။

ဤအရာအားလုံးသည် ထိုခွေးမသား​၏ ဟောကိန်းဖြစ်သည်။ ဆိုလိုသည်မှာ ထို ကျဲ့ရှီး​၏ ဆာလောင်နေသော သရဲတစ္ဆေများ… သူမ မယုံနိုင်ဖြစ်ခဲ့ရသည်။

သူမသည် စိုးရိမ်စိတ်ဖြင့် လေးလေးနက်နက် စဉ်းစားနေမိသည်။ ချင်းဟော်သည် အနည်းငယ်သော စိတ်သောကရောက်နေသည့် မျက်နှာဖြင့် အပြင်မှ ဝင်လာခဲ့သည်။ ဝမ်ချောင်လွမ်၏ မျက်နှာသည် အနည်းငယ် မဲ့လာကာ ခွမ်းခနဲအသံနှင့်အတူ သူမလက်ထဲက ကျောက်စိမ်းခွက်ကို အပိုင်းပိုင်း ခွဲပစ်လိုက်သည်။

“ဒီတစ်ခါ သူ ဘာဆင်ခြေ သုံးလိုက်တာလဲ?”

ချင်းဟော်သည် မနှောင့်နှေးဝံ့ဘဲ သူမမြင်သမျှအရာတိုင်းကို ပြောပြသည်။ ဝမ်ချောင်လွမ်၏ မျက်နှာသည် မည်းမှောင်သွားသည်။

အချိန်အတော်ကြာအောင် လှပပြီး ရက်စက်သော အပြုံးတစ်ခုက ပေါ်လာသည်။

“ကောင်းပြီ၊ ဘာပဲဖြစ်ဖြစ် ပန်ကုံးကို သူ့ရဲ့ တော်ဝင်မယ်တော်တစ်ဝက်လို့ မှတ်ယူနိုင်တယ်။ ငါ့သားတော်က နေမကောင်းနေတာ ငါက ဘယ်လိုလုပ် စိတ်မပူဘဲနေနိုင်မှာလဲ? အစောင့်တွေ! အနောက်နန်းဆောင်ကို ထွက်ခွာဖို့ အသင့်ပြင်!”

PCTG
Author: PCTG

ဝိုး.. လားလား.. ရှင်ဘုရင်လေးလား...

Private: အရင်ဘဝက ပုန်ကန်ခဲ့တဲ့စစ်သူကြီးနဲ့ ကိုယ်ဝန်ရသွားပြီ။

Private: အရင်ဘဝက ပုန်ကန်ခဲ့တဲ့စစ်သူကြီးနဲ့ ကိုယ်ဝန်ရသွားပြီ။

朕怀了前世叛将的崽
Score 8
Status: Ongoing Type: Author: Artist: , Released: 2020 Native Language: Chinese
အညွှန်း အအေးနန်းဆောင်မှာ ကြီးပြင်းလာရတဲ့ မင်းသားက တစ်ရက်မှာတော့ ချစ်ခင်ရတဲ့သူကြောင့် ရုပ်သေးဘုရင်ဖြစ်လာရတယ်။ သူ မသေခင်မှာမှ သူက တခြားသူတွေအတွက် အာဏာနဲ့ လိုအင်ဆန္ဒအတွက် အသုံးချခံပစ္စည်းဆိုတာကို သိလာခဲ့ရတယ်။ မြို့တော် ကျရှုံးသွားပြီးတဲ့နောက် နှစ်များစွာ အကျဉ်းချခံခဲ့ရတဲ့သူက သူ့မျက်နှာကို ဖျက်ဆီးခံလိုက်ရပြီးတော့ ပိုးကြိုးဖြူနဲ့ သူ့ရဲ့ ကြေကွဲဖွယ်ဘဝကို အဆုံးသတ်ခဲ့ရတယ်။ သူက သူ့ငယ်စဉ်ဘဝကို ပြန်ရောက်လာပြီးတဲ့အခါမှာတော့ အနောက်ခြံဝန်းမှာ တော်ဝင်ကလေးတစ်သိုက်ဆီက နင်းခြေခံနေရတဲ့ သစ္စာဖောက်စစ်သူကြီးကို တွေ့လိုက်ရတယ်။ ထိုသူက သူ့အတိတ်ဘဝတုန်းက မြို့တံခါးကို သွေးနဲ့ဆေးခဲ့တဲ့ သူပုန်သူရဲကောင်းဖြစ်တယ်။ လီရွှမ်းမင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ဒဏ်ရာအပြည့်နဲ့ကလေးကို နန်းဆောင်ဆီ တိတ်တဆိတ် ခေါ်ဆောင်သွားပြီး ပြည်သူတွေနဲ့ သူ့အပေါ်မှာ ရှိတဲ့ ရန်ငြှိုးတချို့တလေကို ပြေလျော့အောင် လုပ်နိုင်ဖို့ မျှော်လင့်ခဲ့တယ်။ ++++ နှစ်အတော်ကြာပြီးနောက်မှာတော့ နယ်ခြားကို ငြိမ်သက်စေခဲ့ပြီးတဲ့ စစ်သူကြီးက နန်းတော်ကို ပြန်လာခဲ့တယ်။ သူ ပထမဆုံး လုပ်တဲ့အလုပ်က သူ့အိမ်တော်ကို ပြန်သွားတာ မဟုတ်ဘဲနဲ့ အတွင်းဆောင်ဆီကို တန်းသွားတာပဲ ဖြစ်တယ်။ အရှင်မင်းမြတ်ရဲ့ဖိနပ်၊ ခြေအိတ်တွေကို ချွတ်ပေးပြီးတော့ ခြေဖဝါးကို ညင်ညင်သာသာနဲ့ ဆေးကြောပေးခဲ့တယ်။ “ဒီအမှုတော်ထမ်းက ဒီနှစ်တွေမှာ သူ့ရှင်မင်းအတွက် အမှုတော်ကို ကြိုးကြိုးစားစား ထမ်းရွက်ရင်း ပျော်ရွှင်စရာတွေနဲ့ လွဲချော်ခဲ့ပါတယ်” အရပ်မြင့်မြင့်နဲ့ အရှိန်အဝါကြီးတဲ့ စစ်သူကြီးရဲ့ မျက်လုံးတွေက ပူလောင်လာတယ်။ “ဒါကြောင့် အရှင်မင်းမြတ် အနေနဲ့ အရှင်မင်းနဲ့ လက်ထပ်ဖို့ကို ခွင့်ပြုပေးသင့်ပါတယ်” 

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset