အရင်ဘဝက သစ္စာဖောက် စစ်သူကြီး၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ
အခန်း ၆
လီယွမ်မင်သည် ခါးညွှတ်ကာ မျက်လွှာချလျက် ဂါရဝပြုအမူအရာအတိုင်း ဆက်နေနေဆဲဖြစ်သည်။ မီးခိုးငွေ့များကြားတွင် ဝမ်ချောင်လွမ်သည် သူမရှေ့မှလူကို စစ်ဆေးရန် မျက်လုံးများကို မှေးကြည့်လိုက်သည်။
သူ့ကို နောက်ဆုံးတွေ့ခဲ့တာက လွန်ခဲ့သည့် ငါးနှစ်လောက်ကဖြစ်သည်။ ဧကရာဇ် ခိုင်းယွမ် ဗုဒ္ဓဘာသာဘုရားကျောင်းမှ ဆရာတော်နှင့် ဘုရင်မင်းမြတ်တို့ ဘာပြောနေကြသည်ကို သူမမသိသော်လည်း ရက်အနည်းငယ်အတွင်းမှာ ဒီပြဿနာကောင်ကို နန်းတော်ထဲသို့ ပြန်ခေါ်လာခဲ့သည်။ ဧကရာဇ်နန်းတော်ကြီးထဲမှာ မသပ်မရပ် မျက်နှာနှင့် ရွံ့တွံ့တွံ့ကလေးတစ်ယောက်ကို မိန်းမစိုးက ဆွဲခေါ်သွားသည်ကို သတိရလိုက်သည်။
လွန်ခဲ့သည့်နှစ်အနည်းငယ်က အတော်လေးခက်ခဲခဲ့ပုံရသည်၊ ဒီပြဿနာကောင်၏ အရပ်သည် ပုံမှန် ၁၃နှစ်သားနှင့် ဘယ်လိုလုပ် နှိုင်းယှဉ်လို့ရမှာလဲ? သူ့ခန္ဓာကိုယ်ပေါ်ရှိ ၀တ်ရုံသည် သူနှင့်မတော်ဘဲ ပွယောင်းနေသည်။ ဝတ်ရုံလက်က ဝတ်ပါများ၍ ဖြူဖျော့နေပြီး ချည်မျှင်အချို့ ထွက်နေသည်။
ထိုမျက်နှာကသာလျှင်… ဝမ်ချောင်လွမ်သည် သူမ၏မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်သည်။ သူ့မျက်နှာမှာ သွေးရောင် မတွေ့ရဘဲ နှုတ်ခမ်းများပင် ဖျော့တော့နေသည်။ သို့သော် အဆုံးမှာတော့ သူသည် မျိုးစေ့ကောင်းတစ်ဦးဖြစ်ကြောင်း ပြောနိုင်ပါသည်။ အရွယ်မရောက်သေးလို့သာလျှင်ဖြစ်သည်။ ထို့အပြင် သူ၏ အသားအရေသည် အလွန်ဖြူဖျော့နေသဖြင့် သူသည် အားနည်းပြီး ယိုယွင်းနေသည်ဟု ခံစားရစေသည်။
ဧကရာဇ်သားတော်နှင့် ဆင်တူသည့်အရာ စိုးစဉ်းမျှပင် မရှိပါ။
ဝမ်ချောင်လွမ်က ပထမတော့ လှောင်ရယ်လိုက်ပြီး ယဉ်ကျေးသော နှုတ်ခွန်းဆက်စကားများကိုပင် မဆိုတော့ဘဲ “ဘာမှလုပ်စရာမရှိရင် ကျုံးချွေ့နန်းဆောင်ကို အလိုရှိတိုင်း မလာနဲ့လို့ မင်းကို ပြောထားတာကို ပန်ကုံးမှတ်မိတယ်”
လီယွမ်မင်သည် မြေပြင်ပေါ်သို့ ဦးညွှတ်လိုက်ပြီး “နျန်နျန်က ယွမ်မင်ကို နှစ်ပေါင်းများစွာ ဂရုစိုက်ခဲ့တယ်။ နျန်နျန်က ယွမ်မင်ကို သနားတော်မူပြီး မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ဂါရဝပြုဖို့ လှည့်ပတ်ပြေးလွှားရတာတွေကနေ ကင်းလွတ်ခွင့်ပေးထားပေမယ့် ယွမ်မင်ရဲ့စိတ်ထဲမှာ နှစ်အတော်ကြာအောင် အမှန်ကို မသက်မသာဖြစ်ရပါတယ်။ ဒီကိုလာရတဲ့ အကြောင်းအရာတွေထဲက တစ်ချက်ကတော့ ယွမ်မင်ရဲ့နှစ်ရှည်လများ စောင့်မျှော်နေခဲ့ရတဲ့ ချစ်ခြင်းမေတ္တာကို ဖြည့်ဆည်းဖို့ နျန်နျန် ရဲ့ငြိမ်းချမ်းရေးအတွက်ဆုတောင်းပေးဖို့ဖြစ်ပြီး နောက်တစ်ချက်ကတော့… ဒီရက်ပိုင်းတွေမှာ ယွမ်မင် အိပ်မက်တစ်ခု မက်ခဲ့ပါတယ်။ အိပ်မက်ထဲမှာ မြင်ခဲ့ရတာတွေက ယွမ်မင်ကို တကယ်ကြောက်လန့်စေပါတယ်”
“အိုး?” ဝမ်ချောင်လွမ်က လှောင်ပြုံးဖြင့် “ဘာအိပ်မက်လဲ?”
“နျန်နျန်မှာ ပြဿနာကြီးကြီးမားမားရှိနေတယ်ဆိုတဲ့ အိပ်မက်တစ်ခုကြောင့် ယွမ်မင်က အကူအညီပေးဖို့ ဒီကိုလာခဲ့တာပါ”
ဤစကားများသည် လူတိုင်းမျှော်လင့်ထားသည်ထက် ကျော်လွန်နေပါသည်။ ဝမ်ချောင်လွမ်က သူ့ကို ဒေါသတကြီး မငေါက်ခင်မှာဘဲ ဘေးမှလီယွမ်လန်က တိုက်ခိုက်နေပြီ ဖြစ်သည်။
“မင်းလို အနောက်နန်းဆောင်ရဲ့ အလကားကောင်က မယ်တော့်ကို ဒီလိုကျိန်စာတိုက်ဝံ့တယ်။ ခေါင်းကိုးလုံးပါရင်တောင် ဖြတ်ပစ်ဖို့ မလုံလောက်မှာစိုးတယ်!”
လီယွမ်မင်က ထိတ်လန့်ခြင်းမရှိပါ။ သူက အေးအေးဆေးဆေးပဲ “ဒါက မရိုမသေဖြစ်တာကို ယွမ်မင် သိပေမယ့် ဒီအိပ်မက်ကို မက်တာ သုံးကြိမ်ရှိပါပြီ။ ကွဲလွဲမှုမရှိဘဲ သုံးကြိမ်လုံး အတူတူပါပဲ။ ယွမ်မင်ကို တစ်စုံတစ်ခုကို ပြောပြချင်နေတဲ့ နတ်ဘုရားများနဲ့ ဘုရားသခင်ဖြစ်ရမယ်။ ကံကောင်းထောက်မစွာ ယွမ်မင်က ငယ်စဉ်ကတည်းက ဧကရာဇ် ခိုင်းယွမ် ဗုဒ္ဓဘာသာဘုရားကျောင်းမှာ ဘေးဒဏ်များကို ဖယ်ရှားရန် နည်းလမ်းအချို့ကို သင်ယူခဲ့ပါတယ်။ ဒါ့ကြောင့် မနှောင့်နှေးဝံ့ဘဲ ကျုံးချွေ့နန်းဆောင်ကို ကူညီရန် လာခဲ့ခြင်းဖြစ်ပါတယ်”
ဝမ်ချောင်လွမ်က ဒေါသတကြီး ရယ်မောလိုက်ပြီး “ကောင်းပြီ မင်းအိပ်မက်မက်ခဲ့သမျှကို အသေးစိတ်ပြောပြ၊ ပန်ကုံးကိုကူညီဖို့ ဘာလို့ မင်းလာဖို့လိုတာလဲ? ရူးမိုက်ပြီး အခြေအမြစ်မရှိတဲ့ မဟုတ်တမ်းတရားတွေ ပြောတဲ့သူကို ဘယ်လိုအပြစ်ပေးရမယ်ဆိုတာ ဒီအခိုက်အတန့်ကို ပန်ကုံးက ကောင်းကောင်းအသုံးချရမယ်”
လီယွမ်မင်၏ ခေါင်းသည် ပို၍ပင် ငုံ့သွားသည်။ သူ့မျက်လုံးပေါ်ရှိ မျက်တောင်များသည် ကျီးကန်းအမွှေးကဲ့သို့ နက်မှောင်ပြီး အရိပ်တစ်ခု ဖန်တီးထားသလိုပင်။ သူ့ပါးစပ်ကို စေ့လိုက်ပြီး သက်သောင့်သက်သာဟန်ဖြင့်-
“ယွမ်မင်က ဧကရာဇ်မြို့တော်ထဲကို ဝင်ရောက်လာတဲ့ ကျဲ့ရှီးရဲ့ ဆာလောင်နေတဲ့ သရဲတစ္ဆေသန်းပေါင်းများစွာကို အိပ်မက်မက်ခဲ့တယ်…”
သို့သော်လည်း ငှက်မွှေးကဲ့သို့ ပေါ့ပါးသော တိုတောင်းသည့် ထိုစကားကြောင့် ဝမ်ချောင်လွမ်က စားပွဲကို သူမလက်ဖဝါးဖြင့် ဆတ်ခနဲ ရိုက်လိုက်သည်။ သူမမျက်နှာက အရောင်တွေ စွန်းထင်းနေပြီး အလွန် ကြောက်လန့်နေပုံပေါ်သည်။
ထိတ်လန့်သွားသော နန်းတွင်းအစေခံများသည် ဒူးထောက်လျက်။ လီယွမ်လန်လည်း ဘာလုပ်ရမှန်းမသိဘဲ သူတို့နောက်ကိုလိုက်ကာ ဒူးထောက်လိုက်သည်။ မယ်တော့်အား စိတ်အေးအေးထားရန် သူ့နှုတ်မှ သတိပေးနေပြီး သူမကို ဂရုတစိုက် စောင့်ကြည့်နေခဲ့သည်။ ဝမ်ချောင်လွမ်သည် သူမ၏ အမူအရာမထိန်းနိုင်ပုံကို သူ တစ်ခါမှမမြင်ဖူးပေ။ ဤအနောက်နန်းဆောင်မှ ပြဿနာကောင်၏ စကားကို သူမ ယုံကြည်နေသည်ဟု ထင်မြင်ကာ အလျင်စလိုဖျောင်းဖျလိုက်သည်။
“မယ်တော်၊ သရဲတစ္ဆေအကြောင်းပြောနေတာက အဓိပ္ပါယ်မရှိပါဘူး။ ဒီလူရဲ့ နှလုံးသားက ဖောက်ပြန်နေပါတယ်။ သူက မယ်တော့်ကို စကားလုံးတွေနဲ့ တမင်သက်သက် လှည့်ဖြားခြိမ်းခြောက်နေတာပါ။ မယ်တော်၊ သူ့စကားတွေကို မယုံပါနဲ့”
“မင်းပါးစပ်ပိတ်ထား!” ဝမ်ချောင်လွမ်က ဒေါသတကြီးနှင့် သူမ၏ဝတ်ရုံလက်ကို လွှဲယမ်းလိုက်သည်။
လီယွမ်လန်သည် အကြောင်းပြချက်မရှိ ပါးရိုက်ခံလိုက်ရသည်။ သူ့မျက်လုံးများက ဖတ်ရခက်သည်။ ဘာမှပြန်မပြောဘဲ ခေါင်းကိုသာလျှင် ငုံ့ထားသည်။ နန်းဆောင်အတွင်း၌ အသံတစ်သံပင် မထွက်ဘဲ ပို၍ တိတ်ဆိတ်လာသည်။
ဝမ်ချောင်လွမ်၏ ရင်ဘတ်သည် မရပ်မနား ရွေ့လျားနေပြီး နန်းဆောင်တွင်းရှိ လူအားလုံးကို တင်းတင်းမာမာ စိုက်ကြည့်နေသည်။
သူမက သရဲတစ္ဆေနှင့် နတ်ဆိုသော စကားလုံးများကို ယုံသည်မဟုတ်ပါ။ ထိုစကားလုံးများသာဆို ဘာမှမဖြစ်ပါ။ တစ်ဖက်၏ “ကျဲ့ရှီး၏ ဆာလောင်နေသော သရဲတစ္ဆေများ”ကသာ သူမကို အမှန်တကယ် ထိတ်လန့်စေခဲ့ပါသည်။
ကျဲ့ရှီး… ဒါကို ဘယ်သူက သိနိုင်မှာလဲ?
သူမသည် အဖိုးတန်ပြီး မျက်နှာသာပေးခံရသော ဧကရာဇ်ကိုယ်လုပ်တော်ဆိုပေမယ့် သူမ၏မိသားစုသည် မချမ်းသာလှပါ။ အရာအားလုံးကို သူမကိုယ်တိုင် စီမံခန့်ခွဲရသည်။ အင်ပါယာတရားရုံး၏ မျက်လုံးများ၊ နားများနှင့် သူမ၏ ယုံကြည်ရသော လူယုံတော်များ၊ ဘယ်အရာကများ တောက်ပသောငွေမလိုအပ်တာရှိပါသလဲ? မဖြစ်စလောက် နန်းတော်လစာကို အားကိုး၍ ကြီးမားသော လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သူမသည် သဘာဝဘေးဒဏ်ခံရသူများ၏ ရိက္ခာအတွက် အရေးပေါ်ကယ်ဆယ်ရေးရန်ပုံငွေကို မျိုချရန် ဆုံးဖြတ်ခဲ့သည်။ မူလက သူမ၏ဖခင်နှင့် ကျဲ့ရှီးစီရင်စုတရားသူကြီးသည် အရာအားလုံးကို လျှို့ဝှက်လုပ်ဆောင်ခဲ့သည်ဟု သူမ ထင်ခဲ့သော်လည်း မမျှော်လင့်ဘဲ တစ်နေ့မှာ ထုတ်ဖော်ပြောဆိုခြင်းခံလာရသည်။ သူမသည် ဘယ်လိုလုပ်မထိတ်လန့်ဘဲ နေနိုင်မှာလဲ?
ဝမ်ချောင်လွမ်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး အေးစက်သောအကြည့်ဖြင့် မတ်တပ်ထရပ်လိုက်သည်။ သူမသည် လီယွမ်မင်အား လက်ညှိုးထိုးပြပြီး သွားများကို ကြိတ်ကာ
“သူကလွဲရင် ကျန်တဲ့သူတွေ ထွက်သွားကြ!”
“အမိန့်တော်အတိုင်းပါ!”
လီယွမ်လန်သည် လီယွမ်မင်အား ရက်စက်သောအကြည့်တစ်ချက်ဖြင့် ကြည့်ပြီးနောက် လူအုပ်နှင့်အတူ ထွက်လာခဲ့သည်။
နန်းတော်အတွင်း၌ တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။
ဝမ်ချောင်လွမ်သည် လက်နှစ်ဖက်ချလျက် ထိုလူကို အကြာကြီးစိုက်ကြည့်ပြီးနောက် ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။ သူမသည် မောင်းမဆောင်တွင် ဆယ်နှစ်ကျော်ကြာ အပြည့်အ၀ နစ်မြှုပ်နေခဲ့ရပြီး လူတစ်ဦး၏ နှလုံးသားကို မည်ကဲ့သို့ ခြယ်လှယ်ရမည်ကို သိခဲ့သည်။ ထို့ကြောင့် သူမသည် အနည်းငယ်မျှ စိတ်မပူခဲ့ပေ။ မမြင်နိုင်သော ဖိအားများဖြင့် စကားပြောရန် ပါးစပ်ဟလိုက်သည်။ သူအပြစ်ရှိလျှင် သဲလွန်စအချို့ကို မလွှဲမရှောင်သာ ထုတ်ဖော်လာလိမ့်မည်။
သို့သော် တစ်ဖက်က ကျောက်တုံးအလား ဖြစ်နေသည်။ သူသည် သတိမထားမိဟန်ဖြင့် ထိုနေရာတွင် ထုံထိုင်းစွာ ရပ်နေသည်။
ဝမ်ချောင်လွမ်က မျက်မှောင်ကြုတ်ပြီး သူမဘာသာ တွေးလိုက်သည်– “အစ်ကိုတော်မှာ ကုန်းကျင့် (ဧကရာဇ်မင်းမြတ်နေထိုင်ရာနေရာနဲ့ တရားရုံးကို ကိုင်တွယ်သောနေရာ)အခွင့်အာဏာက သူ့လက်ဖဝါးအောက်မှာ ရှိတယ်။ နန်းတော်တစ်ခုလုံးက သူ့နှာခေါင်းအောက်မှာပဲ ရှိတယ်။ ဒီကောင်က အတွင်းရေးအချက်အလက်တွေကို ရယူနိုင်စွမ်းမရှိဘူး။ သူမက အတွေးလွန်နေတာ နေမှာပါ။ သူ့ရဲ့ဘဝက လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း အဆင်မပြေတာကြောင့် သူ့အကျိုးအတွက် ကြောက်စရာကောင်းတဲ့ စကားတချို့ကို ပြောဖို့ ရောက်လာတာပါ”
ထိုသို့တွေးတောရင်း သူမသည် စိတ်အေးချမ်းသွားကာ လှောင်ပြုံးဖြင့် “မြို့တော်က ဧကရာဇ်မင်းအပိုင် ဖြစ်တယ်၊ အဲ့လိုညစ်ညမ်းတဲ့ အရာတွေက ဧကရာဇ်မြို့တော်နဲ့ ဘယ်လိုလုပ် နီးကပ်နိုင်မှာလဲ? ဒီနေ့
ပန်ကုံးကို ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်ရင် အနောက်နန်းဆောင်ဆီ ပြန်သွားဖို့ မစဉ်းစားနဲ့။ ပန်ကုံးရဲ့ သားရဲအိမ်ထဲမှာ အခုဆို သက်ရှိမမြင်ရတာ ရက်ပေါင်းများစွာကြာပြီ”
လီယွမ်မင်က အသာအယာ သက်ပြင်းချလိုက်ပြီး “ယွမ်မင် မလိမ်ပါဘူး၊ ယွမ်မင်က ဧကရာဇ် ခိုင်းယွမ် ဗုဒ္ဓဘာသာဘုရားကျောင်းမှာ ကြီးပြင်းခဲ့ပြီး ဗုဒ္ဓဘုရားရဲ့ ခြေဖဝါးတော်အောက်မှာ လိုက်ပါခဲ့ရပါတယ်။ ဒါကြောင့် သာမာန်လူတွေနဲ့ ယှဉ်ရင် ကျွန်တော်မျိုးက ဗေဒင်တွက်တဲ့နေရာမှ နည်းနည်းပိုသာပါတယ်။ မူလက နျန်နျန်ရဲ့ ငြိမ်းချမ်းရေးကို မနှောင့်ယှက်ချင်ပေမယ့် ဒီတစ်ခါတော့ အန္တရာယ်များတယ်။ ဒါကြောင့် စိတ်ပူပန်နေတဲ့ ယွမ်မင်က အားထုတ်ပြီး ကြိုးစားရမှာပါပဲ”
ထို့နောက် သူက ထပ်ဖြည့်ပြီး “အခုလေးတင် ယွမ်မင်က ကျုံးချွေ့နန်းဆောင်အပြင်ဘက်မှာ အဆီးအတား စီစဉ်ပြီးပါပြီ။ ယနေ့ နေဝင်တာနဲ့ ခရမ်းရောင်မှော်တိမ်တိုက်များက ဆာလောင်နေတဲ့ သရဲတစ္ဆေများကို လူစုခွဲဖို့ မသေနိုင်သောမြေရဲ့ သရဖူနီ ကြိုးကြာများကို သယ်ဆောင်လာလိမ့်မယ်။
နျန်နျန်က ဘာမှ စိတ်ပူစရာ မလိုပါဘူး။ နျန်နျန်က ကျွန်တော်မျိုးကို မယုံရင် အံ့ဖွယ်အဖြစ်အပျက်ကို အေးအေးဆေးဆေး စောင့်နိုင်ပါတယ်။ မမှန်ရင် မနက်ဖြန် ယွမ်မင် ကိုယ်တိုင်ကိုယ်ကျ လာတောင်းပန်ပါ့မယ်။ ကျွန်တော်မျိုးကို သတ်တာဖြစ်ဖြစ်၊ ပြစ်ဒဏ်အဖြစ် ဖြတ်တောက်တာဖြစ်ဖြစ် အချိန်တန်ရင်
နျန်နျန် ဆန္ဒရှိသလို အပြစ်ပေးခွင့် ရှိပါတယ်”
“ခရမ်းရောင် မှော်တိမ်တိုက်၊ သရဖူနီ ကြိုးကြာငှက်များ…”
ဝမ်ချောင်လွမ်သည် သူ့စကားတစ်ဝက်ကို ဘယ်လိုလုပ် ယုံကြည်နိုင်မှာလဲ။ သူမစိတ်ထဲမှာ လှောင်ရယ်နေ၏။ ဒီပြဿနာကောင်သည် ကျုံးချွေ့နန်းဆောင်ကို ရန်စရန် ဤကဲ့သို့ အဓိပ္ပာယ်မရှိသောနည်းလမ်းကို တွေးတောနေခြင်းမှာ မကောင်းပေ။ တကယ့်ကို ရယ်ဖွယ်ရာပင်။
သူမသည် လွန်လွန်ကဲကဲ တုံ့ပြန်မိခြင်းအတွက် တိတ်တဆိတ် နောင်တရခဲ့သော်လည်း သူ့ကို နေရာမှာတင် ကိုင်တွယ်ရန် အလျင်စလို မဖြစ်ခဲ့ပေ။ ဆန့်ကျင်ဘက်အနေနှင့် မနက်ဖြန်တွင် သူ မည်ကဲ့သို့ အဆုံးသတ်မည်ကို သူမမြင်ချင်သည်။ သူမသည် အနှောက်အယှက်ဖြစ်စေသော ဒီပြဿနာကောင်ကို ဒဏ်ခတ်ရန် နည်းလမ်းဆယ်ခုကျော်ကို တွေးထားပြီးဖြစ်သည်။
“ကောင်းပြီ၊ ပန်ကုံး မင်းကို မနက်ဖြန်အထိ ဒီမှာနေခွင့်ပေးမယ်။ ဒီခရမ်းရောင်တိမ်တိုက်နဲ့ သရဖူနီကြိုးကြာတွေက ရောက်လာပြီး မင်းရဲ့ စက်ဆုပ်ဖွယ်ကောင်းတဲ့ အသက်ကို ကယ်တင်နိုင်မလားဆိုတာကို ပန်ကုံး ကြည့်ရတာပေါ့”
သူမသည် အသက်ပြင်းပြင်းတစ်ချက် ရှိုက်ရင်း-
“ထွက်သွား!”
လီယွမ်မင်သည် ညင်သာစွာ သက်ပြင်းရှည်ကြီးကိုချကာ အရိုအသေပေးပြီးနောက် လက်ကိုချကာ အပြင်သို့ ဆုတ်ခွာသွားခဲ့သည်။
***
ကျုံးချွေ့နန်းဆောင်အပြင်ဘက်၊ ကောက်ကွေ့သောစင်္ကြံတွင် လီယွမ်မင်သည် ထိုလမ်းကို နှေးကွေးစွာ အေးအေးလူလူ ဖြတ်လျှောက်လာခဲ့သည်။
အစိုးရစားနပ်ရိက္ခာအတွက် ကျဲ့ရှီး၏ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးရန်ပုံငွေကို ခိုးယူသည့်ကိစ္စသည် စကားများ မပေါက်ကြားမီ နောက်ထပ် သုံးနှစ်ခန့် အချိန်ရှိသေးသည်။ ထိုအချိန်တွင် ဧကရာဇ်မင်သယ်သည် သေမင်းတံခါးဝတွင်ရှိနေပြီဖြစ်ပြီး၊ ဤကိစ္စကိုလည်း ဂိုဏ်းကွဲအငြင်းပွားမှုတစ်ခုအဖြစ်သို့ လျှော့ချလိုက်မည်ဖြစ်သည်။ နောက်ဆုံးတွင် မည်သူမျှ တာဝန်မယူခဲ့ပေ။ ပြီးနောက် စဉ်းမာမိသားစုသည် သူ့ကို ဧကရာဇ်ဖြစ်လာရန် တွန်းအားပေးခဲ့သည်။ ကျဲ့ရှီးရှိ အဓိကရုဏ်းများနှင့် ဒုက္ခသည်များ၏ပုန်ကန်မှုသည် ပေ့အန်း ကျဆုံးခြင်း၏အစဖြစ်သည်။
သို့သော် ယခုမူ သူမှလွဲ၍ နိုင်ငံတော်သည် လက်အောက်ခံဘဝသွတ်သွင်းခံရမည့် အကျပ်အတည်းကာလ ပေါ်ပေါက်တော့မည်ကို မည်သူမျှ မသိခဲ့ပေ။ ယခုအချိန်တွင် ပေ့အန်းပြည်နယ်၏ အရာရှိများအားလုံးသည် ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေး၏ အမြင်မှားတွင် နစ်မြှုပ်နေကြဆဲ ဖြစ်ကောင်းဖြစ်နိုင်သည်။
အတိတ်က အဖြစ်အပျက်တွေသည် သူ့စိတ်ထဲမှာ ကွက်ကွက်ကွင်းကွင်း ရှိနေတုန်းပင်ဖြစ်သည်။ အရာအားလုံးက တောင်တစ်တောင်လို လေးလံနေပုံပင်။ ကံကြမ္မာကို ပြောင်းလဲပစ်ရန် သူ၏ အာဏာအနည်းငယ်ကို အားကိုးနိုင်မလားမသိ၍ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
လျင်မြန်သော ခြေလှမ်းဖြင့် သူ့ရှေ့သို့ ရောက်ရှိလာသော ရုပ်ပုံလွှာတစ်ခုကြောင့် သူ မှင်သက်သွားသည်။ သူ့တုံ့ပြန်မှုကိုပင် မစောင့်ဘဲ သူ့မျက်နှာကို ရုတ်တရက် ထိုးခံလိုက်ရသည်။ တိုးတိတ်သော အသံထွက်လာပြီး လီယွမ်မင်သည် ဒယိမ်းဒယိုင်ဖြစ်ကာ စင်္ကြံ၌ ပြင်းထန်စွာ ဗုန်းခနဲလဲသွားသည်။
သူ့မျက်လုံးများ မည်းလာကာ ကိုယ်တွင်းအင်္ဂါများ အမွှေခံလိုက်ရသလိုဖြစ်ပြီး လည်ချောင်းထဲမှာ ငါးမွှေးအရသာရလိုက်ပေမယ့် ပြန်မျိုချလိုက်သည်။ သိပ်မကြာခင်မှာပဲ သူ့နားထဲမှာ စူးရှသော အသံတစ်ခု ကြားလိုက်ရသည်။
“စကားလုံးအနည်းငယ်ကို အားကိုးပြီး ကျုံးချွေ့နန်းဆောင်ကို မင်းလို ခွေးကောင်က တက်နိုင်မယ်လို့ မထင်လိုက်နဲ့။ မင်းနဲ့မထိုက်တန်ဘူး!”
လီယွမ်မင် သည် လီယွမ်လန်၏ မကျေမချမ်းဖြစ်မှုကို သူ့အမူအရာကို မကြည့်ဘဲနှင့်တောင် စိတ်ကူးကြည့်နိုင်သည်။ သူသည် ခေတ္တမျှ အသက်ကို အငမ်းမရရှုလိုက်ပြီးနောက် အေးဆေးတည်ငြိမ်သွားသောအခါ မတ်တတ်ထရပ်လိုက်သည်။
လီယွမ်လန်သည် စိတ်ရှည်သည်းခံပြီး ဖုံးကွယ်ရာတွင် တော်သည်။ ငယ်ငယ်ကတည်းက ကျုံးချွေ့နန်းဆောင်မှာ နှစ်ပေါင်းအတော်ကြာ နိမ့်ကျစွာနေခဲ့ရပြီး သူ၏ အထိန်းအကွပ်မဲ့ အသွင်အပြင်ကို အပြင်လူတွေဆီ ဘယ်တော့မှ ထုတ်ဖော်လေ့မရှိပါ။ လီယွမ်မင်သာလျှင် တစ်ခုတည်းသော ခြွင်းချက်ဖြစ်သည်။
ဘဝနှစ်ခုတွေ့ကြုံဖူးသော လီယွမ်မင်သည် ဘာကြောင့်ဆိုတာကို အတိအကျ သိပါသည်။
အဆုံးစွန်ထိ သည်းခံနေသော လူတစ်ယောက်သည် ထွက်ပေါက်ရှာဖို့ တစ်ခုခုကို လိုအပ်ပါသည်။ သူ၊ လီယွမ်မင်သည် အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်သည်။
သူသည် နောက်ခံမရှိ၍ ဆင်းရဲဒုက္ခကို ခါးစည်းခံရပြီး မည်သူတစ်ဦးတစ်ယောက်ဆီကမှ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောဆိုခြင်းမခံရသော တစ်ဦးတည်းသောသူလည်းဖြစ်သည်။ ရက်ရက်စက်စက် အရှက်ခွဲခံရရင်တောင် သူ့ဗိုက်ထဲသို့သာ ပြန်မျိုချခဲ့ရသည်။ အလေ့အကျင့်ရှိသလိုပဲ နည်းနည်းစီ နည်းနည်းစီ သူမျိုချရလိမ့်မည်။ အရေးကြီးဆုံးအချက်က လီယွမ်မင်သည် သူ့ထက်ပင် နိမ့်ကျနေခြင်းဖြစ်သည်။
လီယွမ်လန်သည် ရယ်မောသံကို ကြားလိုက်ပုံရပြီး သူ့မျက်နှာမှာ နစ်ဝင်သွားသည်။ သူနှင့် မျက်နှာချင်းဆိုင်စေရန် တစ်ဖက်လူရဲ့ မေးစေ့ကို ဖိညှစ်လိုက်သည်။ သို့သော် ထိုကြီးမားသော မျက်လုံးတစ်စုံအတွင်းတွင် ကြောက်ရွှံ့မှုအရိပ်အယောင် မရှိတော့ပေ။ စိတ်ခံစားမှုအရိပ်အယောင်တောင် မကျန်တော့ဘဲ သူ့ကို ဂရုမစိုက်ဟန်ဖြင့်သာလျှင် ငေးကြည့်နေသည်။
“မင်းကြောက်တဲ့အရာမှန်သမျှက…မကြာခင်ဖြစ်လာလိမ့်မယ်” လီယွမ်မင်က ညင်သာစွာ တိုးတိုးလေးပြောလိုက်သည် ။
“…. ဘာ?”
သို့သော် လီယွမ်မင်က စကားပြောတာကို ရပ်လိုက်ပြီဖြစ်သည်။ သွေးအနည်းငယ်စွန်းထင်းနေသော သူ့နှုတ်ခမ်းထောင့်က နည်းနည်းမြင့်တက်သွားပြီး အလွန်မှိန်ဖျော့သောအပြုံးကို ပေါ်လွင်စေသည်။
မမျှော်လင့်ဘဲ လှပသောအပြုံးတစ်ခုကို ဖန်တီးခဲ့သည်။
လီယွမ်လန်သည် သူ့အပြုံးကို တစ်ခါမှ မမြင်ဖူးပါ။ အကြောင်းတစ်ခုခုကြောင့် ဒီအပြုံးသည် စူးရှတောက်ပလွန်းသဖြင့် သူ့နှလုံးကို ပြင်းပြင်းထန်ထန် ခုန်စေကာ တစ်ချိန်တည်းမှာပင် အနည်းငယ် အေးစက်မှုတစ်ခုက ကျောတိုင်အောင် စိမ့်ဝင်သွားသည် ။
သူ့လက်၏ အားက လျော့ကျသွားပြီး နေရာတွင်ပင် သူ့ကို ငေးကြောင်ကြောင် စိုက်ကြည့်နေသည်။
သူဘယ်သူလဲ? သူ ဒီလူ့ကို မသိပါ! သူက တကယ်ဘယ်သူလဲ?
လီယွမ်လန်၏ နှလုံးခုန်သံသည် ဗုံတစ်ခုလိုဖြစ်ပြီး သူစိတ်ရှုပ်ထွေးသွားသည်။ သူ့အသိအာရုံများ ပြန်ဝင်လာသောအခါ ထိုလူသည် ဤနေရာ၌ မရောက်ဖူးသလို ပေါ့ပါးသော အမွှေးတောင်ကဲ့သို့ စင်္ကြံအဆုံးတွင်ပျောက်ကွယ်သွားပေပြီ။
လီယွမ်လန်၏ မျက်နှာသည် မည်းမှောင်လာသည်။