အရင်ဘဝက သစ္စာဖောက် စစ်သူကြီး၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ
အခန်း ၄
စင်မြင့်ရှေ့တွင် လူများဝိုင်းနေသည်။ ရုံဟွာနန်းဆောင်မှ အအေးမိပြီး အနားယူနေသော အကြီးဆုံးမင်းသားလီယွမ်ချန်မှလွဲ၍ ကျန်သော မင်းသားအကုန်လုံး ရောက်နေပါပြီ။ စင်မြင့်၏ညာဘက်တွင် ကန့်လန့်ကာ မပါသောထိုင်ခုံတစ်ခုရှိပြီး ဧကရီဘုရင်မ စဉ်းမာ၏ တစ်ဦးတည်းသောသမီးတော်၊ လှပသော မင်းသမီးလီစစ်ရှိသည်။ သူမသည် အထိန်းတော်၏ရင်ခွင်ထဲတွင် ပုန်းနေပြီး စင်မြင့်ပေါ်ရှိ သံလှောင်အိမ်အား ကြောက်လန့်တကြားနှင့် စပ်စပ်စုစုကြည့်နေသည်။
လှောင်အိမ်အတွင်း၌ သွေးထွက်နေသော ကောင်လေးတစ်ယောက်သည် ဒူးတစ်ဖက်ထောက်လျက်ရှိပြီး သူ့နှင့် မျက်နှာချင်းဆိုင်တွင် အနက်ရောင် အမွေးအမျှင်များနှင့် မြင့်မားတောင့်တင်းသော အိမ်စောင့်ခွေးကြီးတစ်ကောင်ရှိသည်။ ကောင်းကင်ကို မော့ကြည့်ပြီး အူလိုက်တော့ သစ်ကိုင်းပေါ်ရှိ ငှက်များသည် အရပ်မျက်နှာအားလုံးသို့ လန့်ဖျပ်ကာ ပျံသန်းသွားသည်။
သူမြင်ရမည့်အရာကို သိသော်လည်း လီယွမ်မင်သည် အရင်ဘဝကကဲ့သို့ပင် ဖြူဖျော့နေဆဲဖြစ်သည်။
ထိုကောင်လေးနှင့် လှောင်အိမ်ထဲမှ ကြမ်းတမ်းသော သားရဲကောင်ကို သူမှတ်မိပါသည်။ စတုတ္ထမင်းသားနန်းဆောင်မှ “ရှောက်ထျန်း” ဖြစ်သည်။ သူ့အရင်ဘဝတုန်းကတော့ ခြိမ်းခြောက်ခံရတာကို မရှောင်နိုင်ခဲ့ပါ။ ရှောက်ထျန်း၏ သဘာဝသည် ရက်စက်ကြမ်းကြုတ်ပြီး နေ့စဉ်နှင့်အမျှ သက်ရှိတိရစ္ဆာန်များကို အစာကျွေးရန်နှင့် သူ၏ရက်စက်မှုကို မြှင့်တင်ရန် အသုံးပြုကြသည်။ ကျုံးချွေနန်းဆောင်၏ အစေခံများသည် ဝမ်ကွေ့ဖေး၏သားတော်ကို အပြစ်ပြုမိပါက အစာအဖြစ် လှောင်အိမ်ထဲသို့ တစ်ခါတည်း ပစ်ချခံရလိမ့်မည်ဟူသော ကောလဟာလများပင်ရှိခဲ့သည်။
ဒီလိုသွေးဆာနေသော သားရဲမျိုးအား ဤနေရာတွင် ကြည့်ရှုရန် မပြသထားသင့်ပါ။
သို့သော် လှောင်အိမ်တွင် သွေးညှီနံ့များ ပျံ့လွင့်နေပြီး ကောင်လေးသည် သံလှောင်အိမ်၏ တိုင်ကို ဆွဲကိုင်လိုက်ပြီး ရှေ့ကို သတိဝီရိယဖြင့် ကြည့်နေသည်။ သူ့တစ်ကိုယ်လုံးမှာ သွေးများဖြင့် ဖုံးလွှမ်းနေကာသူ၏ပခုံး၊ နောက်ကျောနှင့် ပေါင်တို့မှာ စုတ်ပြဲနေပြီး နက်နဲသော ဒဏ်ရာများစွာ ရရှိနေပြီဖြစ်သည်။ သူ့အသားများသည် ပြင်းပြင်းထန်ထန် တုန်လှုပ်နေပြီး သွေးထွက်သံယိုများက ရှောက်ထျန်း၏ သတ်လိုစိတ်ကို နှိုးဆွနေသည်။ သားရဲသည် ပါးစပ်ကိုဖွင့်လိုက်သည်နှင့် သွားရည်များသည် ပါးစပ်ထောင့်မှ စီးကျလာကာ ၎င်း၏လည်ချောင်းမှ အန္တရာယ်ရှိသော အော်မြည်သံ ထွက်လာပြီး အလွန်လျင်မြန်စွာပင် ရှေ့သို့ ခုန်တက်သွားသည်။
လီယွမ်မင်သည် တုန်လှုပ်သွားပြီး မျက်နှာလွှဲကာ ဆက်မကြည့်နိုင်တော့ပါ။
ရှောက်ထျန်းသည် ကျွန်ကို ကိုက်ဖြတ်တော့မည်ကို မြင်လိုက်ရသဖြင့် လူတိုင်း၏ မျက်လုံးများသည် ပို၍ စိတ်လှုပ်ရှားလာသည်။ မထင်မှတ်ပဲ ကျွန်က နေရာမှာတင် လှိမ့်ချလိုက်ပြီး ရှေ့သို့ ချီတက်ကာ
ရှောက်ထျန်း၏ နောက်ကျောပေါ် တိုက်ရိုက်တက်သွားသည်။ ရှောက်ထျန်းသည် အပေါ်အောက် လှုပ်ခါနေပေမယ့် ကျွန်၏လက်ချောင်းများသည် တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ သားရဲ၏လည်ပင်းကို ဖိညှစ်လုနီးပါးပင်။ ရှောက်ထျန်းသည် အရိုင်းဆန်စွာ လှုပ်ခါစပြုလာသည်။
လီယွမ်ရွှိ့၏ မျက်လုံးများသည် နီရဲလာပြီး “ဟေ့ သားရဲကောင်၊ သူ့ကို အသေကိုက်လိုက်!”
သူက သံဘောင်ကို ကြာပွတ်နှင့် ရိုက်ပြီး အသံကျယ်ကျယ်ပေးလိုက်သည်။ ရှောက်ထျန်း၏ မျက်လုံးများသည် လျင်မြန်စွာ အနီရောင်ပြောင်းသွားကာ ၎င်းသည် သံနံရံနှင့် ပြင်းပြင်းထန်ထန် ရိုက်လိုက်သည်။ ကျွန်ပေါ်ရှိ ဒဏ်ရာများမှာ သံလက်ရန်းများနှင့် ရိုက်မိပြီး နေရာအနှံ့ သွေးတွေ စီးကျလာသည်။ နောက်ဆုံးတွင် သူသည် နာကျင်စွာ လဲကျသွားသည်။
လူတိုင်းသည် ရှောက်ထျန်း၏ နောက်ဆုံးပွဲသိမ်းတိုက်ကွက်ကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြပြီး အသက်ပင် အောင့်ထားကြသည်။
သို့သော် မထင်မှတ်ဘဲ ထိုကျွန်၏အရှိန်သည် ထူးထူးခြားခြား မြန်သည်။ မြေပြင်ပေါ်သို့ လဲကျသွားပြီးအားနှင့် ပြန်ထလာသည်။ သူက ရှောက်ထျန်း၏လည်ပင်းကို ဖက်ထားပြီး သူ့ခြေထောက်နှစ်ချောင်းက ဗိုက်ကို ညှပ်ထားသည်။ လူတိုင်းမျှော်လင့်ထားသည့်အရာနှင့် ဆန့်ကျင်စွာ သူသည် ခွေးကြီး၏ လည်ပင်းကို အသားကုန် ကိုက်လိုက်သည်။
ချက်ချင်းပင် သွေးများ ပန်းထွက်သွားသည်။
ခွေးကြီးသည် အရူးအမူး လှုပ်ရှားနေပြီး ဟိန်းဟောက်ကာ လူကို ဖယ်ထုတ်ရန် ကြိုးစားနေသည်။ ကျွန်၏ သွေးပြန်ကြောက ရုတ်တရက်ပေါက်ထွက်သွားပြီး ရက်စက်သည့် အသွင်အပြင်တစ်ခု တောက်ပလာသည်။ သူ့သွားများသည် ခွန်အားများပြည့်နေပြီး၊ ထို့နောက်တွင် မမျှော်လင့်ထားစွာ ရှောက်ထျန်း၏ သွေးကြောများကို ကိုက်ဖြတ်ပစ်လိုက်သည်။ ဒဏ်ရာမှ ထွက်ကျလာသော နီရဲရဲသွေးများသည် စိမ့်စမ်းမှ ပန်းထွက်လာသလိုပင်။ ခွေးကြီးသည် တုန်ရင်နေပြီး ၎င်း၏ ပြင်းထန်သော သွေးခုန်နှုန်းသည် နှေးကွေးသွားကာ နောက်ဆုံးတွင် ခြေလက်များ ဆန့်ငင်ဆန့်ငင်လှုပ်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
လုံးဝ တိတ်ဆိတ်သွားကာ ကျွန်သည် ဖြည်းညှင်းစွာ မတ်တပ်ထရပ်လိုက်တော့ ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများဖြင့် ဖုံးလွှမ်းနေသည်။
ထောင့်ရှိ လီယွမ်မင်၏ ကျောပြင်သည် ချွေးများဖြင့် စိုရွှဲနေသည်။
ဆယ်နှစ်အရွယ် ကျွန်ငယ်လေးက လီယွမ်ရွှိ့၏ သွေးဆာနေသော သားရဲကို လက်ဗလာဖြင့် အမှန်တကယ် သတ်ခဲ့သည်ဆိုတာကို လူတိုင်းက ယုံကြည်ရန် ခက်ခဲနေကြသည်။
သို့သော် လီယွမ်ရွှိ့သည် ဒေါသမထွက်ပေ။ ယင်းအစား သူ့မျက်လုံးများတွင် စိတ်လှုပ်ရှားမှုရောင်ခြည်တစ်ခု ရှိနေသည်။
“တကယ့်ကို လူ့တိရစ္ဆာန်သစ္စာဖောက်တစ်ယောက်ကနေ မွေးဖွားလာတဲ့ မကောင်းဆိုးဝါးတစ်ကောင်ပဲ။ ဟားဟား… နောက်ဆုံးတော့ ငါ့ကလေးကို ရှာတွေ့ပြီ!”
နူးညံ့သိမ်မွေ့သော အသံတစ်သံက နားလည်ရခက်ဟန်ဖြင့် မေးသည်– “အစ်ကိုတော်၊ လူ့တိရစ္ဆာန်သစ္စာဖောက်ဆိုတာက ဘာလဲ?”
အမေးစကားဆိုသူက ချောမောလှပသည့် မင်းသမီး လီစစ်ပါ။ သူမသည် အသက်၁၀နှစ်ကျော်နေပြီဖြစ်ပြီး ဧကရီဘုရင်မ စဉ်းမာနှင့် ဆင်တူသော လှပသည့် ဘဲဥပုံမျက်နှာရှိသည်။ ယခုလို ငယ်ရွယ်စဉ်မှာပင် လှပပြီး ကျက်သရေရှိသောကြောင့် ဧကရာဇ်မင်သယ်သည် သူမကို အလွန်ချစ်မြတ်နိုးပါသည်။ ထို့ကြောင့် မင်းသမီးတစ်ပါးအနေဖြင့်ပင် အင်ပါယာကျောင်းတော်သို့ တက်ရောက်နိုင်ခဲ့သည်။
လီယွမ်ရွှိ့ က ရှင်းပြတော့မည်ဖြစ်သော်လည်း လီယွမ်လန် ချောင်းဟပ်သံကို ကြားလိုက်သဖြင့် မသင့်တော်ကြောင်း သတိထားမိပြီး ပြုံးကာ-
“ဆဋ္ဌမမြောက်နှမတော်လေးက ငယ်ရွယ်သေးတဲ့အတွက် ဒီလိုညစ်ညမ်းတာမျိုးတွေ မကြားသင့်ဘူး၊ အခု လန့်သွားတာလား”
လီယွမ်ရွှိ့ မပြောချင်ဘူးဆိုတာ လီစစ် သိသည်။ သူမက မျက်မှောင်ကြုတ်ကာ “စတုတ္ထအစ်ကိုတော်က ခေါင်းစဉ်ပြောင်းစရာ မလိုပါဘူး၊ ဘာကြောင့် သိလို့မရတာလဲ? စတုတ္ထအစ်ကိုတော်က မပြောချင်ဘူးဆိုရင် ခမည်းတော်ဆီသွားပြီး အစ်ကိုတော်က သမီးတော်ကို အနိုင်ကျင့်တယ်လို့ တိုင်မယ်”
လီယွမ်ရွှိ့ သည် ကျယ်လောင်စွာ ရယ်မောပြီး မတရားဘူးဟု အော်ဟစ်လိုက်သည်။
“ဒီစတုတ္ထအစ်ကိုတော်က လိမ္မာတဲ့နှမတော်ကို ဘယ်လိုလုပ် အနိုင်ကျင့်နိုင်မှာလဲ?”
သူသည် လီစစ်၏ ကြော့ရှင်းသောနှာခေါင်းကို ကျီစယ်ကာ ပြောရန် စကားလုံးအချို့ကို ရွေးချယ်လိုက်သည်-
“ဒီကျွန်ရဲ့ ဖခင်က နန်ထိုင် ၁၆ စီရင်စုကို ရှုံးနိမ့်ခဲ့တဲ့ ရဲရင့်တဲ့ စစ်သူကြီး နီရန့်လေ၊ နီရန့် ငယ်ငယ်က တောင်ပေါ်မှာ လမ်းပျောက်သွားတော့ ကျားမတစ်ကောင်က ကယ်တင်ခဲ့တယ်လို့ ပြောသံကြားတယ်။ နောက်ပိုင်းမှာ သူက အဲ့တိရစ္ဆာန်နှင့် အရှက်မဲ့စွာ ပဋိသန္ဓေယူခဲ့ပြီး ဒီကျွန်ကို မွေးခဲ့တယ်။ ကျစ် ကျစ်… ဒီနီရန့်က နှိမ့်ကျတဲ့ဇာစ်မြစ်နဲ့ မွေးဖွားလာတာ။ သူသာ တိုက်ပွဲမှာ စစ်သားတွေကို ဦးဆောင်နိုင်စွမ်းမရှိရင် ဧကရာဇ်ခမည်းတော်က သူ့ကို ကျန်းပေစခန်းကို ဘယ်လိုလုပ်ပေးမှာလဲ? ကံမကောင်းစွာနဲ့ ဧကရာဇ်ခမည်းတော်လို ထက်မြက်တဲ့ ပုဂ္ဂိုလ်ကတောင် တစ်ခါတစ်ရံ ဆုံးဖြတ်ချက်အမှားတွေ ရှိနိုင်တယ်လေ။ နိမ့်ကျတဲ့ဘဝက အဆုံးမှာလည်း နိမ့်ကျတဲ့ဘဝဖြစ်နေဆဲပဲ၊ သူသာ အမှန်တကယ်ကို တိရစ္ဆာန်တစ်ကောင်နှင့် လိင်ဆက်ဆံခဲ့ပြီး ရှောက်ထျန်းထက် ပိုရက်စက်ကြမ်းကြုတ်တဲ့ သားရဲလေးတစ်ကောင် မွေးဖွားခဲ့ရင် သူက ဘယ်လိုလုပ် ယဉ်ကျေးပြီး မြင့်မြတ်နိုင်မှာလဲ?”
“လူနဲ့တိရစ္ဆာန်…”
လီစစ်၏ မျက်လုံးများသည် မယုံကြည်နိုင်စွာ ပြူးကျယ်သွားပြီး ချက်ချင်း မျက်မှောင်ကြုတ်မိသည်။ ခေါင်းမာသောကျွန်သည် လည်ပင်းမှ စီးကျလာသော သွေးများကို စုပ်ရန်အတွက် ရှောက်ထျန်း၏ တုန်လှုပ်နေသော ခန္ဓာကိုယ်ပေါ်မှာ တုန်တုန်ယင်ယင် လှုပ်နေသည်ကို သူမတွေ့လိုက်ရသည်။ မူလက သူမသည် ကိုယ်ချင်းစာသော်လည်း သူ၏ဘဝအကြောင်းကို ကြားသိရပြီး ကြောက်မက်ဖွယ်ကောင်းသော သားရဲကဲ့သို့ အိမ်မွေးတိရစ္ဆာန်၏သွေးကို စုပ်ယူနေသည်ကို မြင်လိုက်ရသောအခါတွင် သူမသည် ရွံရှာမဆုံးတော့ပေ။
“အ၊ စတုတ္ထအစ်ကိုတော်၊ ဒီသွေးစုပ်နေတဲ့ကျွန်ကို ခေါ်သွားဖို့ တစ်ယောက်ယောက်ကို အမြန်စေလွှတ်ပေးပါ၊ သူက လူတွေကို အန်ချင်အောင် လုပ်နေတယ်”
လီယွမ်ရွှိ့က မတ်တပ်ရပ်လိုက်ပြီး လှောင်အိမ်အတွင်းရှိ သွေးကွက်များကို စိတ်ဝင်တစားကြည့်ကာ လှပသော မင်းသမီးလေး၏ ခေါင်းကို ထိလိုက်သည်။
“ဆဋ္ဌမမြောက်နှမတော်က သတိမထားမိလို့ပါ၊ ဒီကျွန်က ရေနဲ့ ထမင်းပြတ်နေတာ နှစ်ရက်ရှိပြီ။ ဒီကျွန်က အများသုံး ပုံးထဲက နံစော်နေတဲ့ ချီးကျွေးရင်တောင် သူက ဝမ်းမြောက်ဝမ်းသာစားအုန်းမှာ”
သူသည် မုန့်အနည်းငယ်ကိုယူ၍ လှောင်အိမ်ထဲသို့ ပစ်ချလိုက်သည်။
“ဒီကျွန်ရဲ့နာမည်ကဘာလဲ”
ရဲရိုနန်းဆောင်၏ အစေခံက အပြုံးမျက်နှာဖြင့် “အရှင့်သား၊ သူ့နာမည်က နီလျဲ့ပါ။ ရဲရိုရဲ့ စည်းမျဉ်းအရ သူ့မိသားစုနာမည်ကို ပြောင်းထားပါတယ်။ နီဆိုတာ ကြမ်းတမ်းသောသားရဲ၏ နီပါ၊ လျဲ့ဆိုတာက ပြင်းစွာသောမီး၏ လျဲ့ပါ”
“ကောင်းပြီ နီလျဲ့”
လီယွမ်ရွှိ့ က ထိုင်ချလိုက်ပြီး လှောင်အိမ်ထဲက ကောင်လေးကို ကြည့်လိုက်သည်။
“ငါ့ရဲ့ခွေးကြီးက သေသွားပြီဆိုတော့ အခု သူ့နေရာကို အစားထိုးဖို့က မင်းပေါ် မူတည်တယ်”
“ဒီ….” အစေခံက သူ့ကိုပြုံးပြပြီး “အရှင့်သား၊ ရဲရိုနန်းဆောင်ရဲ့ ကျွန်တွေက ဧကရာဇ်နန်းတော်ထဲမှာ နေလို့မရပါဘူး၊ ဒါ့အပြင် ဒီကျွန်ရဲ့ မူလဇာစ်မြစ်က ရက်စက်ကြမ်းကြုတ်တော့ တော်ဝင်မျိုးနွယ်တွေကို အပြစ်ပြုမိမှာကို ကျွန်တော်မျိုး စိုးရိမ်မိပါတယ်”
လီယွမ်ရွှိ့က သူ့စကားနောက်ကွယ်က အဓိပ္ပါယ်ကို ဘယ်လို လွတ်သွားရတာလဲ? သူ ဒေါသူပုန်မထခင်မှာဘဲ ဘေးနားမှာ တလေးတစား စောင့်နေသော လီယွမ်လန်က ပြောထွက်ပြီးသားဖြစ်နေသည်။
“စတုတ္ထမြောက်မင်းသားက သူ့ကို လိုအပ်တယ်လို့ ပြောနေတယ်။ ရဲရိုနန်းဆောင်က မင်းတို့က ငါတို့ရဲ့ ခွေးကြီးကို သတ်ပစ်လိုက်တယ်။ ဘာလဲ၊ မင်းတို့က သူ့အစား လျော်ကြေးမပေးချင်ဘူးလား? ဒါ့အပြင် ငါတို့ စတုတ္ထမြောက်မင်းသားရဲ့ ဦးရီးတော်က နန်းတော်တားမြစ်အာဏာကို ကြီးကြပ်ရတဲ့ ကာကွယ်ရေးစခန်းရဲ့ အကြီးအကဲဖြစ်တယ်။ သူသိရင် မင်းတို့ အပြစ်တင်ခံရမှာ မဟုတ်ဘူးလား?”
အစေခံက ထပ်ပြောချင်ပေမယ့် လီယွမ်လန်၏ ရက်စက်သော မျက်လုံးများက လူသတ်ချင်စိတ်နှင့် နက်မှောင်နေခဲ့သည်။ အစေခံသည် စကားလုံးများကို သူ့လည်ချောင်းထဲသို့သာ ပြန်မျိုချခဲ့သည်။
“စတုတ္ထမင်းသားက သူ့ကို သဘောကျတယ်ဆိုတော့…… ဒီကျွန်ရဲ့ ကောင်းချီးလို့တောင် ယူဆလို့ရတယ်”
လီယွမ်ရွှိ့က ကျေနပ်စွာ ရယ်မောလိုက်သည်။ သူသည် စိတ်တက်ကြွစွာဖြင့် သူ့လက်ပေါ်ရှိ လက်စွပ်ကို ထိလိုက်ချိန်တွင် သူ့နောက်ရှိ လီယွမ်လန်တွင် မသိသာသော လှောင်ပြုံးလေးတစ်ခု ပေါ်ပေါက်ခဲ့သည်။
***
ထိုညတွင် လီယွမ်မင်သည် အိပ်မက်ဆိုးများ ထပ်မံမက်ပြန်သည်။
သူ့အိပ်မက်က ထိုမိုးရွာတဲ့နေ့ပါ။
ကလေးလေးတစ်ယောက်က သူ့အင်္ကျီကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။
“နန်းတွင်းအစေခံ ကျဲကျဲ… အားလျဲ့ကို မမေ့သွားနဲ့နော်…”
မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ရန် ဝတ်ဆင်ထားသော လီယွမ်မင်၏ နန်းတွင်းအစေခံ အဝတ်အစားသည် ရွှဲရွှဲစိုနေသည်။ သူ၏စိုစွတ်နေသော မျက်နှာလေးကိုသာ ကိုင်ကာ နူးညံ့စွာ နှစ်သိမ့်ပေးလိုက်သည်-
“ကောင်းပြီ၊ အားလျဲ့ကို မေ့မှာမဟုတ်ဘူး။ ဒီဆေးသောက်လိုက်။ သုံးရက်ပြီးရင် လွတ်လပ်ပြီ။ အခုချိန်ကစပြီး… ကျဲကျဲက မင်းကို ဂရုမစိုက်နိုင်တော့ဘူး။ အပြင်မှာ တစ်ယောက်တည်းနေရတော့မယ်… မင်းကိုယ်မင်း ဂရုစိုက်ရမယ်”
အိပ်မက်ထဲမှာ မိုးက သည်းထန်နေဆဲ။ မိုးခြိမ်းသံကြောင့် ကမ္ဘာမြေကြီး တုန်ခါနေ၏။
လီယွမ်မင်သည် ရုတ်ခနဲ ထထိုင်လိုက်ပြီး မောဟိုက်နေသည်။
ညလေက ပြတင်းပေါက်ကို တွန်းဖွင့်လိုက်သည်နှင့် အပြင်ဘက်မှ သာနေသော လရောင်က အထဲဝင်လာကာ မြေပြင်ပေါ်သို့ သူ့အလင်းရောင်များ ဖြန့်ကျက်နေသည်။
လီယွမ်မင်သည် မြေပြင်ကို ငေးကြောင်ကြောင်ကြည့်နေသည်။ သူသည် ဖြည်းညှင်းစွာ ကွေးလိုက်ပြီး ဒူးကို ပွေ့ဖက်ကာ သူ့မျက်နှာကို ဝှက်လိုက်သည်။
လေအေးက တိုက်ခတ်လာသဖြင့် သူ့နောက်ကျောနှင့် လည်ပင်းသည် အေးစက်သွားသည်။
နောက်ရက်အနည်းငယ်တွင် လီယွမ်မင်သည် ထုံးစံအတိုင်း အင်ပါယာကျောင်းတော်သို့ သွားခဲ့သည်။ အရာအားလုံးသည် ၎င်း၏ မူလအတိုင်း ပြန်ရောက်သွားပုံရသည်။ သူသည် အင်ပါယာကျောင်းတော်၏ တူညီသော နိမ့်ကျသည့် တည်ရှိမှုတစ်ခု ဖြစ်နေဆဲပင်။ သူ၏ယခင်ဘဝနှင့် ကွာခြားသည့် တစ်ခုတည်းသောအရာမှာ ထိုကလေးအား ကယ်တင်ရန် မကြိုးစားတော့သလို ဒဏ်ရာများအတွက် အစားအစာနှင့် ဆေးဝါးများ မပေးသလို ဟန်ဆောင်ကာ ညဘက်တွင် သူ့ကို ပုံပြင်များပြောပြခြင်းလည်း မရှိတော့ပေ။ သူ့နှလုံးသားတွင် ကြောက်ရွံ့ထိတ်လန့်မှုနှင့် ကိုယ့်ကိုယ်ကိုယ် ထိခိုက်နာကျင်စေသည့် ခံစားချက်မျိုး နောက်ထပ် မရှိတော့ပါ။ သူ့တွင် မျိုသိပ်ခြင်းသာ ကျန်ရှိခဲ့သည်။ သို့ပေမယ့် အတိတ်ကို ပြန်မတွေးဘဲနဲ့တော့ မနေနိုင်ပါ။
ဒီကလေးသည် တကယ့်ကို အလုပ်ကြိုးစားလွန်းသည်။
အရင်တုန်းကတော့ သူတို့နှစ်ယောက်သည် အခုထိ မတွေ့ဖူးဘူးထင်သည်။ သူသည် ရုပ်သေးရုပ်အဖြစ် နန်းတော်အတွင်း ပိတ်မိနေစဉ် နီလျဲ့သည် အသက်ရှင်ရန် ရုန်းကန်နေရသည်။ မထင်မှတ်ဘဲ ပြန်ဆုံတွေ့ဖို့ အခွင့်အရေးတွေ ရှိနေဆဲပါ။
သူနှင့် ထပ်တွေ့တာက ရင်ကျိုး၏ ကြီးကျယ်ခမ်းနားသော အောင်မြင်မှုတွင် စစ်သေနာပတိအဖြစ် ရာထူးလက်ခံရန် မြို့တော်သို့ ဝင်စဉ်ကဖြစ်သည်။
ဧကရာဇ်၏ လေးလံသောသရဖူကို ဆောင်းထားသည့် လီယွမ်မင်သည် သူ၏လေးလံသော ပုတီးစေ့ကန့်လန့်ကာမှနေ၍ ခန်းမအတွင်း၌ သူကယ်တင်ထားသောကလေးကို ကြည့်လိုက်သည်။
သူသည် ကြီးပြင်းလာပြီး ပိုသန်မာလာသည်။ ခန်းမထဲက တခြားစစ်သူကြီးများထက်တောင် အရပ်ပိုမြင့်သည်။ လီယွမ်မင်သည် အရမ်းကျေနပ်သွားသည်။ သူသည် နီလျဲ့နဲ့ စကားပြောချင်သည်။ သူ့အသွင်အပြင်ကို မှတ်မိနိုင်သည်၊ သို့မဟုတ် မမှတ်မိတာလည်း ဖြစ်နိုင်ပေမယ့် သူ့”ကျဲကျဲ” ကို မှတ်မိလားဟု မေးချင်သည်။ ထိုသို့မေးတဲ့အခါ သူ့မျက်နှာက ပူလာတာမျိုးဖြစ်ကောင်းဖြစ်နိုင်သလို၊ တစ်ယောက်ကိုတစ်ယောက် ကြည်လင်တောက်ပစွာ ပြုံးပြပြီး အတိတ်ကို ထားခဲ့တာမျိုးလည်း ဖြစ်နိုင်ပါသည်။
သို့သော် သူ့မှာ ရွေးချယ်စရာမရှိပါ။ သူ့ကိုခေါ်ဖို့ အခွင့်အာဏာတောင် မရှိပါ။ သူလုပ်သမျှအရာအားလုံးကို စဉ်းမာမိသားစုက ထိန်းချုပ်ထားသည်။
သို့သော်လည်း ဆုလာဘ်များနှင့် ဘွဲ့များရယူရန် ရောက်လာသူမှာ နှစ်ပေါင်းများစွာ သွေးစွန်းတိုက်ပွဲများမှ ရလဒ်များစွာဖြင့် ထူးချွန်သော စစ်သေနာပတိ နီလျဲ့မဟုတ်ပေ။ ယင်းအစား စဉ်းမာယွိ့၏ ယုံကြည်ရသောလက်ထောက် ဘုရင်ခံ လူစု့ ဖြစ်သည်။
“ရဲရိုနန်းဆောင်ရဲ့ အဆင့်နိမ့်ကျွန်က ဒီဂုဏ်အသရေရဲ့ အလေးချိန်ကို ဘယ်လိုလုပ် ထမ်းနိုင်မှာလဲ? အရှင်မင်းမြတ်က ဒီစစ်ဘက်ရေးရာကိစ္စကို ဂရုမစိုက်သင့်ပါဘူး”
သူတို့ထဲက တစ်ယောက်က ဧကရာဇ်မင်းမြတ်ဖြစ်ပြီး ကျန်တစ်ဖက်က စစ်သေနာပတိဖြစ်ပေမယ့် သူတို့နှစ်ဦးစလုံးသည် ဘာမှမဟုတ်ဘဲ အာဏာ၏မျက်နှာစာမှာ အနည်းငယ်မျှသာ ပါဝင်ကြသည်။
လီယွမ်မင်သည် နန်းတော်ခန်းမအတွင်း အုပ်စု၏အဆုံး၌ ရပ်နေသော အရပ်ရှည်ရှည် အထီးကျန်ပုံရိပ်ကို ကြည့်လိုက်သည်။ သူ့ကို နှစ်ပေါင်းများစွာ ဂရုတစိုက် ပြုစုစောင့်ရှောက်ခဲ့သည်။ သူ့အထီးကျန်မှုကို ကောင်းကောင်းနားလည်တော့ သူ့နှလုံးသားသည် နာကျင်မှုအစပျိုးလာခဲ့သည်။ ဘွဲ့က နာမည်သာလျှင် ရှိပေမယ့် ထိုကလေးကို ဘွဲ့ပေးရန် ကျန်းပေဘုရင်ကို သူရှာရမည်ဟု တွေးမိသည်။
သို့သော်လည်း နောက်ပိုင်းတွင် သူက နီလျဲ့ကို သိသော်လည်း နီလျဲ့က သူ့အကြောင်းကို မသိပေ။
“စတုတ္ထညီတော်၊ မင်းနန်းဆောင်က အဲဒီကျွန်က ယဉ်ပါးနေပြီလား”
မင်းသားကြီး၏ စကားက လီယွမ်မင်ကို နိုးထစေပြီး လီယွမ်ရွှိ့က ရယ်မောလိုက်သည်။
“ပုံမှန်အတိုင်းပါပဲ၊ ဒါပေမဲ့ ဒီကျွန်က မထင်မှတ်ထားလောက်အောင် ခေါင်းကြောမာတယ်၊ ညီတော့်နန်းဆောင်ရဲ့ အစေခံတွေက သူနဲ့ ပတ်သက်ပြီး ဘာမှ မတတ်နိုင်ဘူး။ ဒါပေမဲ့ ကံကောင်းတာက ဒုတိယအစ်ကိုတော်ရဲ့ အကြံဉာဏ်တွေကြောင့် ဒီကျွန်ကို အနိုင်ရသွားပြီ”
“စတုတ္ထညီတော်က အစ်ကိုတော့်ကို ယုံကြည်ပြီး တာဝန်အပ်နှင်းထားတော့ ဘယ်လိုလုပ်ပြီး အကောင်းဆုံး မလုပ်နိုင်ရမှာလဲ?”
သူ့နောက်မှာ တလေးတစား စောင့်ဆိုင်းနေသော လီယွမ်လန်က ပြုံးပြီး “ဒါပေမဲ့ ဒီကျွန်က အရင်တုန်းက ရှောက်ထျန်းထက်တောင် ယဉ်ပါးဖို့ ပိုခက်တယ်။ သူ့ကို ယဉ်ပါးအောင် ထိန်းဖို့ တစ်လခွဲကျော်လောက် အချိန်ယူခဲ့ရတယ်။ ကံကောင်းစွာနဲ့ ထိုက်ချန်ဘုရားကျောင်းမှာ သွားစုံစမ်းကြည့်တော့ ပညာရေးဌာနမှာ ဒီလူရဲ့ ညီမတစ်ယောက်ရှိတယ်ဆိုတာ သိသွားတယ်။ အဲဒီနေ့မှာပဲ သူ့ညီမငယ်လေးရဲ့ လက်သန်းကို ဖြတ်ပြီး သူ့မျက်စိရှေ့မှာ ပစ်ချလိုက်တယ်။ အဲဒီကျွန်ရဲ့ မျက်လုံးတွေ နီရဲလာတယ်၊ ဘယ်လိုမှ အရှုံးမပေးဘဲ မနာခံဘဲ မနေနိုင်ဘူး”
စကားပြီးသွားတော့ သူ(လီယွမ်ချန်) တော်တော်စိတ်ဝင်စားသွားပုံရသည်။
“အခုအချိန် ဧကရာဇ်ဆရာ ဝူကျင့်က ဒီမှာမရှိဘူး။ စတုတ္ထညီတော်က အစ်ကိုတော်တွေ့ရအောင် ကျွန်ကို ဘာလို့ မခေါ်လာတာလဲ? နောက်ဆုံးအကြိမ်တုန်းက ဒီကျွန်က ရှောက်ထျန်းကို ကိုက်ဖြတ်နေတဲ့ အသွင်အပြင်ကို အစ်ကိုတော် မမြင်လိုက်ရဘူး”
“အိုး?” လီယွမ်ချန်သည် ဒီဖြစ်စဉ်ကို ကြားသိပြီး အနည်းငယ် စပ်စုချင်လာသည် “ဒီကျွန်က ဘယ်လိုတောင် နိုးနိုးကြားကြားရှိပြီး သတ္တိရှိတယ်ဆိုတာကို ငါမြင်ချင်တယ်”
လီယွမ်ရွှိ့သည် လီယွမ်ချန်ကို တန်ခိုးအာဏာဖြင့် အနိုင်ယူရန် ရှားပါးလှသောကြောင့် စိတ်ထဲတွင် လှောင်ပြုံးမပြုံးဘဲ မနေနိုင်ပါ။ သူ့လေသံက နည်းနည်းတော့ ကျေနပ်ဟန်ပေါ်သည်။
“ဒီတခါတော့ စကားကြီးစကားကျယ်ပဲ မဟုတ်တော့ဘူး။ အစ်ကိုတော်ရဲ့ အသိပညာနဲ့တောင် ဒီကျွန်ရဲ့ ကြမ်းကြုတ်တဲ့ သဘာဝကို အစ်ကိုတော် တစ်ခါမှ မြင်ဖူးမှာ မဟုတ်သေးဘူး”
ပြောပြီးသွားတော့ သူ့ဘေးကို မျက်စိတစ်ဖက်မှိတ်ပြပြီး “သွား၊ သူ့ကို ဒီခေါ်ခဲ့!”
လီယွမ်ရွှိ့၏ အစေခံသည် သူ့အမိန့်ကို အကောင်အထည်ဖော်ရန် ထွက်သွားသည်။
စူးရှသော မျက်လုံးများဖြင့် လီယွမ်လန်သည် သူ့ထိုင်ခုံမှ ထထွက်သွားတော့မည့် လီယွမ်မင်ကို လှမ်းဆွဲလိုက်သည်။
“မင်းဘာလုပ်ဖို့ကြံနေတာလဲ? စတုတ္ထမင်းသားရဲ့ ကြမ်းကြုတ်တဲ့ သားရဲကို မကြည့်ချင်ဘူးလား?”
လီယွမ်မင်သည် မျက်လွှာချလျက် “… ညီတော့် ခန္ဓာကိုယ်က နေလို့ သိပ်မကောင်းတော့၊ ဒီမှာဆက်နေဖို့ မသင့်တော်ပါဘူး”
လီယွမ်ရွှိ့၏ မျက်နှာမှာ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသည်။ ဒီကျွန်ကို ယဉ်ပါးအောင် ထိန်းနိုင်ခဲ့သည့်အတွက် လူတိုင်းရှေ့မှာ ချပြချင်ခဲ့သည်။ မမျှော်လင့်ဘဲ တစ်စုံတစ်ယောက်သည် သူ့စိတ်ဓာတ်ကို နှိမ့်ချနေလေသည်။ သို့ရာတွင် အကြီးဆုံးမင်းသားသည် ဤနေရာတွင်ရှိ၍ သူ့အဆင့်အတန်းကို ကြွားဝါခြင်းသည် မကောင်းပေ။ မျက်လုံးကို ပင့်ကာကြည့်ပြီး လှောင်ပြုံးဖြင့်-
“မင်းက ဘာကောင်းလဲ မကောင်းဘူးလဲဆိုတာ မသိဘူး။ အရှင့်သားကို စိတ်အနှောင့်အယှက်မပေးခင် မြန်မြန်ထွက်သွားတော့”
လီယွမ်မင် နှုတ်ဆိတ်သွားသည်။ ဒီလိုစော်ကားမှုမျိုးက ကြုံနေကြဖြစ်ပြီး လက်နှစ်ဘက်ကို မြှောက်ကာ တင်းတင်းဆုပ်ပြီး အသံမထွက်ဘဲ ထွက်လာခဲ့လိုက်သည်။