အရင်ဘဝက သစ္စာဖောက် စစ်သူကြီး၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ
အခန်း ၃
မိုးမိသောကြောင့် လီယွမ်မင် ဖျားသွားသည်။
သူသည် ဧကရီဘုရင်မ စဉ်းမာ၏အမည်အောက်က တရားဝင်မင်းသားဖြစ်သောကြောင့် ချိုးချန်သည် သူ၏သေဆုံးခြင်းသည် သူမအပေါ် ဘေးဒုက္ခဖြစ်စေမည်ကို ကြောက်သောကြောင့် ရုံဟွာနန်းဆောင်သို့ တင်ပြရန် သုံးယွဲ့ကို တောင်းဆိုခဲ့သည်။
ချိုးချန်မျှော်မှန်းထားသည့်အတိုင်း ဧကရီဘုရင်မ စဉ်းမာသည် ဤမွေးစားသားကို မနှစ်သက်တော့ပေ။ သို့သော် တရားဝင်မှတ်တမ်းတင်ထားပြီဖြစ်သောကြောင့် မကောင်းသောကောလဟာလများကို ရှောင်ရှားရန် တော်ဝင်သမားတော်ဝင်းမှလူတစ်ဦးကို စေလွှတ်ခဲ့သည်။
လီယွမ်မင်သည် ဖျားနေပြီး မူးနောက်နောက် ဖြစ်နေသည်။ ရင်းနှီးသော မျက်နှာကို မြင်လိုက်ရသော် မယုံနိုင်စွာဖြင့် သူ့မျက်လုံးများ ပြူးကျယ်သွားသည်။ မတ်တပ်ထထိုင်ကာ တစ်ဖက်လူ၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလျက်:
“အစ်ကိုကျစ်ဟော် ဘယ်လိုလုပ် အစ်ကိုဖြစ်နေတာလဲ? ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ?”
လီယွမ်မင်က ရှိုက်ကြီးတငင် ငိုကာ “ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ?”
ချိုးချန်က စိုးရိမ်နေမိသည်။ သူမသည် တော်ဝင်သမားတော်ငယ်ကို ဖက်တွယ်နေသော လီယွမ်မင်အား အတင်းအကျပ်ဖိထားလိုက်ပြီး တောင်းပန်စကားဆိုရင်း-
“သမားတော်ဟော်၊ တတိယမင်းသားက ခေါင်းနောက်နေလို့ လျှောက်ပြောနေတာပါ”
“ကိစ္စမရှိပါဘူး…. မင်း သူ့ကို လွှတ်ပေးသင့်တယ်”
ဟော်ယွင်ယိ့က ဖမ်းဆုပ်ခံထားရသော နီရဲနေသည့် လက်ကောက်ဝတ်ကို ပွတ်သပ်ရင်း စိတ်ထဲမှာ ထူးဆန်းနေသလို ခံစားလိုက်ရသည်။ ကျစ်ဟော်သည် သူ၏အမည်ပြောင်ဖြစ်ပြီး လူအနည်းငယ်သာသိသည်။ ဟော်မိသားစုသည် ကျော်ကြားသော တော်ဝင်သမားတော်မိသားစုမှ ဖြစ်သော်လည်းတစ်စုံတစ်ယောက်အား ကုသရန် တော်ဝင်သမားတော်ဝင်း အပြင်ဘက်သို့ ထွက်လာသည်မှာ ဤအကြိမ်သည် သူ၏ ပထမဆုံးအကြိမ်ဖြစ်သည်။ ဤနွမ်းလျပြီး ပိန်ကပ်နေသော တတိယတော်ဝင်မင်းသားက ဒီနာမည်ကို ဘယ်လိုလုပ် သိတာလဲ… လူကို စိတ်အနှောင့်အယှက်ဖြစ်စေသော သေသည့်အကြောင်းများကိုတောင် ပြောနေသည်။
ဟော်ယွင်ယိ့သည် မျက်မှောင်ကြုတ်ကာ သူ့စိတ်ထဲတွင် အနည်းငယ် မပျော်မရွှင် ဖြစ်သွားသည်။ သို့သော် သူ့ရှေ့က ကောင်လေးသည် အလွန်ဝမ်းနည်းနေပုံရပြီး သူ၏ ညှိုးငယ်သော အမူအရာသည် သူ့မျက်ခုံးများတွင် ထင်ဟပ်နေသည်။ ထိုအရာသည် ၁၃နှစ်အရွယ်ကလေးမှာ ရှိသင့်တဲ့ အရာမဟုတ်ပါ။ သူ့ဘာသာသူ ခဏတာ တွေးဆပြီး ဆက်စဉ်းစားမနေတော့ပါ။
သူ့ကို စတင် အပ်စိုက်ကုသပေးရုံသာ ရှိသည်။
သူ၏ အတွင်းခံအဝတ်အစားများကို ချွတ်လိုက်သောအခါ ဟော်ယွင်ယိ့သည် အံ့အားသင့်သွားသည်။ သူက အရမ်းပိန်လိုက်တာ! ဒီခန္ဓာကိုယ်က မင်းသားတစ်ပါးအဖြစ်နေနေတဲ့ လက္ခဏာ ဘယ်လိုလုပ်မရှိရတာလဲ! ဖြူဖျော့ဖျော့ ကျောက်စိမ်းနှင့်တူသော အသားအရည်တွင် ဒဏ်ရာ အဟောင်းနှင့်အသစ်တချို့ ကျန်နေသေးသည်ကို မြင်လိုက်ရပြီး တစ်ချက်ကြည့်လိုက်ရုံနဲ့ လူကလုပ်ထားမှန်း ပြောနိုင်ပါသည်။
ဟော်ယွင်ယိ့သည် တော်ဝင်သမားတော်ဝင်းအတွင်း ပျံ့နှံ့နေသည့် ကောလာဟလများကို မတွေးဘဲ မနေနိုင်တော့ဘဲ သူ့ရင်ထဲမှာ ထိတ်လန့်သွားသည်။ လူတိုင်း ရှောင်ရှားကြသည့် နိမိတ်မကောင်းသောမင်းသားသည် ဤကဲ့သို့အနိုင်ကျင့်ခံနေရမည်ဟု မမျှော်လင့်ထားပါ။ သမားတော်တစ်ယောက်၏ကြင်နာမှုဖြင့် ဟော်ယွင်ယိ့သည် သက်ပြင်းချမိသည်။ သူ့မျက်နှာမှာ မဖော်ပြထားပေမယ့် တော်ဝင်သမားတော်မိသားစု၏ အကြီးဆုံးသားဖြစ်သည့် အသက်၁၇နှစ်အရွယ် သူသည် သူ့မိဘမျိုးဆက်တွေလို ရှောင်တိမ်းပြီး ချောမွေ့သော သဟဇာတလောကထဲမှာ နှစ်မြုပ်နေသည်မှာ ကြာပါပြီ။ သူ့မျက်လုံးများက မယိမ်းယိုင်ဘဲ ထိုပုံမှန်မဟုတ်သော အရာများကို မမြင်ရသလိုပင် အပ်စိုက်လိုက်သည်။
ခဏကြာတော့ သူ့ရှေ့ကလူသည် ဖြည်းညှင်းစွာ နိုးလာပြီး သူ့ကို မှင်သက်စွာ ကြည့်နေသည်။ ထို့နောက် ဟော်ယွင်ယိ့သည် ပိန်လှီလှီ တတိယမင်းသားတွင် အလွန်တရာ လှပသော ဖီးနစ်မျက်လုံးတစ်စုံရှိသည်ကို တွေ့လိုက်ရသည်။ သူ၏ မည်းနက်နေသော သူငယ်အိမ်သည် ရေလှိုင်းများကဲ့သို့ ကြည်လင်နေသည်။ သို့သော် သူ့အတွင်း၌ အချည်းနှီးသော အရိပ်အယောင်များ ရှိနေသည်။ ဟော်ယွင်ယိ့သည် တဒင်္ဂတွေဝေသွားစဉ် တစ်ဖက်လူမှာ ထိန်းချုပ်မှုတစ်ခုရှိနေပုံပေါ်သည်။ အဆုံးမှာတော့ လီယွမ်မင်သည် မှင်နဲ့တူသော မျက်လုံးများကို မျက်လွှာချကာ သူ့ကို ကျေးဇူးတင်စကားပြောသည်။
ဟော်ယွင်ယိ့သည် သူ့အကြည့်ကို ရပ်လိုက်ပြီး အနည်းငယ် ခေါင်းညိတ်ကာ ထလိုက်သည်။
ချိုးချန်သည် သူ့ဆေးသေတ္တာကို ယဉ်ကျေးစွာ ဖမ်းဆွဲလိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လာသည်။
“တော်ဝင်သမားတော်ဟော်က ဒီလိုအသက်ငယ်ငယ်လေးနဲ့ တော်ဝင်သမားတော်ဘွဲ့ယူနိုင်ခဲ့တာ ချိုးချန် တကယ် လေးစားပါတယ်”
ချိုးချန်သည် ကြော့ရှင်းလှပ ကျက်သရေရှိစွာ မွေးဖွားလာသူဖြစ်သည်။ ဧကရီနန်းဆောင်မှာ အလုပ်လုပ်နေတဲ့အချိန်ကတည်းက သူမသည် လူသိများသူတစ်ယောက်ဖြစ်နေပြီး ကြားဖူးနားဝ ပြောရလျှင် သူမ၏ ရုပ်ရည်အသွင်အပြင်သည် ယခင်က အရေးပေးခံရဆုံး အမျိုးသမီး ဖျော်ဖြေရေးသမားနှင့် အနည်းငယ် ဆင်တူပါသည်။ ဤအကြောင်းကြောင့်လည်း သူမသည် ရုံဟွာနန်းဆောင်မှ အစေခံခေါင်းဆောင် ချင်းဟော်၏ မနာလိုမှုကို နှိုးဆွမိပြီး ဤမှောင်မည်းမှိန်ဖျော့နေသော အနောက်နန်းဆောင်တွင် အမှုထမ်းရန် နှင်ထုတ်ခြင်းခံခဲ့ရသည်။
ထူးခြားသော ရုပ်ရည်ကို အားကိုး၍ သူမ၏ရည်မှန်းချက်သည် အနည်းငယ် မြင့်မားလာသည်။
သူမသည် ကောင်းကောင်း နားလည်နေပြီဖြစ်သည်။ နန်းတော်မှာ ရာထူးတိုးဖို့ အခွင့်အလမ်းက အရမ်းနည်းတာမို့ သူမ၏ အနာဂတ်အိမ်ထောင်ရေး အစီအစဉ်ကို ဘာကြောင့် မချမှတ်နိုင်ရမှာလဲ?
နန်းတော်၏ ကြီးမြတ်သော စည်းစိမ်ဥစ္စာများနှင့် ဂုဏ်ကျက်သရေများက သူမကို လောဘကြီးစေခဲ့သည်။ လာမည့်နှစ်တွင် သူမသည် အသက် ၁၉ နှစ် ပြည့်တော့မည်ဖြစ်ပြီး နန်းတော်မှ ထွက်ကာ ကျေးလက်ခင်ပွန်းနှင့် မညားလိုပါ။ သို့သော် သူမကိုယ်တိုင်ကလည်း ဗဟုသုတအနည်းငယ်ရှိခဲ့သည်။ ထိုတော်ဝင်သားစဉ်မြေးဆက်များ၊ ငန်းအသားစားလိုသော ဖားပြုပ်များသည် သူမ၏ ဖြူစင်သောကိုယ်ခန္ဓာကိုယူ၍ လျော်ကြေးပေးခြင်းမှတပါး အခြားအကျိုးရှိမည်မဟုတ်ကြောင်း သူမ သိသည်။
ပို၍ကြီးမားသော စွမ်းဆောင်မှုတစ်ခုကို ပြီးမြောက်ရန် ခြေတစ်လှမ်း နောက်ဆုတ်ရမည်။ ဥပမာအားဖြင့် တော်ဝင်သမားတော်နန်းဆောင်မှ တော်ဝင်သမားတော်များ။ ဧကရာဇ်မိသားစုမှ သူတို့ကို လစာထောက်ပံ့ပြီး သူတို့၏ အဆင့်အတန်းသည် တော်ဝင်မျိုးနွယ်များနှင့် မယှဉ်နိုင်သော်လည်း နောက်ကျကျန်ခဲ့တာမျိုးမရှိဘဲ အဆိုးဆုံးထက်တော့ သာလွန်ပေသည်။ တွဲဖက်ကောင်းအဖြစ် ယူဆလို့ရသည်။
ထို့ထက်ပို၍ သူမရှေ့က တော်ဝင်သမားတော်၏ ရုပ်ရည်အသွင်အပြင်…
ဒါကိုတွေးရင်း ချိုးချန်၏ မျက်လုံးများက လှုပ်ရှားသွားကာ သူမ၏ ခန္ဓာကိုယ်ကို ရှက်ရွံ့စွာ ငုံ့လျက်-
“ဒီတစ်ခါ ဒုက္ခပေးရတဲ့အတွက် တော်ဝင်သမားတော်ဟော်ကို ကျေးဇူးတင်ရမယ်”
“ဒုက္ခမဖြစ်ပါဘူး”
ဟော်ယွင်ယိ့က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ သူသည် ခန်းဆီးကို တစ်ချက်ကြည့်လိုက်ပြန်သည်။ ခန်းဆီးနောက်ကွယ်မှ ပုံရိပ်သည် ခေါင်းကိုငုံ့ကာ ဒူးပေါ် နဖူးတင်ထားသည်။ မှုန်ဝါးဝါးပုံရိပ်သည် ဘာကြောင့်မှန်းမသိ အထီးကျန်ဆန်နေပုံရသည်။
ဟော်ယွင်ယိ့သည် သူ့အကြည့်ကို ခဏရပ်လိုက်ပြီး ချိုးချန်၏လက်မှ ဆေးသေတ္တာကို ယူလိုက်သည်။ သူက ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ပြီး ပြန်လှည့်မကြည့်ဘဲ ထွက်သွားခဲ့သည်။
ချိုးချန်၏ မလွှဲဖယ်လိုသော အကြည့်များသည် အရပ်ရှည်ရှည် ပုံရိပ်ပေါ်၌ ကြာရှည်စွာ ရှိနေသည်။ သူမအာရုံပြန်မလာခင် အခန်းထဲမှ “ချိုးချန်”လို့ အော်ခေါ်နေသောအသံကို ကြားလိုက်ရသည်။ ချိုးချန်၏ စိတ်ထဲမှ စိတ်အနှောက်အယှက် မဖြစ်ဘဲ မနေနိုင်ခဲ့ပါ။ သူမ လျှာကို အနည်းငယ် ဖိလိုက်ပြီး ပုတီးစေ့ခန်းဆီးကို ဖွင့်ကာ ဝင်လိုက်သည်။
“ဘာဖြစ်လို့ပါလဲ အရှင့်သား?”
အသံနေအသံထားက မယဉ်ကျေးပေမယ့် လုံးဝကြီး ရိုသေမှု မရှိတာတော့ မဟုတ်ပါ။
လီယွမ်မင်သည် စောင်ကို ဖယ်ပြီး ထထိုင်လိုက်သည်။ သူ့မျက်လုံးတွေကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး သူ့ရှေ့ကလူကို ကြည့်လိုက်သည်။
“တော်ဝင်သမားတော်ဟော်ကို အခွင့်ကောင်းယူဖို့ မစဉ်းစားနဲ့” သူ ပြတ်ပြတ်သားသား ပြောလိုက်သည်။
နှလုံးသားကို ဓားနဲ့ထိုးခံလိုက်ရသလို ချိုးချန်သည် ရှက်သွားပြီး ဒေါသလည်းဖြစ်သွားသည်။
“အရှင့်သားက ဖျားပြီး စိတ်ရှုပ်နေတယ်! ဒီအစေခံက အရှင့်သားဘာတွေပြောနေလဲဆိုတာ မသိပါဘူး”
လီယွမ်မင်၏ မျက်လုံးများသည် အေးစက်လာပြီး ချိုးချန်သည် ချက်ချင်းပင် သူမပါးစပ်ကို ပိတ်လိုက်သည်။ သူမသည် စိတ်မလုံဖြစ်ပြီး အနည်းငယ် သံသယဖြစ်မိသည်။
အိပ်ခန်းအတွင်းရှိ လေထုသည် အနည်းနှင့်အများ ညင်သာနေသည်။
အချိန်အတော်ကြာပြီးနောက်တွင် ဒေါသ သို့မဟုတ် ရွှင်လန်းမှုမပြသည့် လီယွမ်မင်၏အသံက ထွက်ပေါ်လာပြီး “ဒီမင်းသားမှာ အာဏာသိပ်မရှိပေမယ့် နန်းတွင်းအစေခံတစ်ယောက်ကို နှင်ထုတ်ဖို့တော့ သိပ်မခက်ဘူး”
သူ့လေသံက နူးညံ့ပေမယ့် ကျောက်တုံးတစ်တုံးက ကျင့်ရေကန်ထဲသို့ ကျသွားသလိုပင်။ ချိုးချန်၏နှလုံးကို ပရမ်းပတာ ခုန်စေခဲ့သည်။ ပြောစရာမလိုအောင် ဒီလေသံသည် ၁၃ နှစ်သားရဲ့ လေသံနဲ့ မတူပါ။ တတိယမင်းသားက အကြောင်းရင်းမရှိ ဒီလို မတူညီသောလူတစ်ယောက်အဖြစ် ဘာကြောင့်ပြောင်းလဲသွားရတာလဲ?
အရင်တုန်းက တိတ်တိတ်ဆိတ်ဆိတ်နေတတ်သော တတိယမင်းသားသည် လူတွေက စည်းကျော်လာလျှင်တောင် တရားလွန်မဖြစ်သေးသ၍ အမြဲတမ်း ဂရုမစိုက်သလို နေလေ့ရှိသည်။ ထို့ကြောင့် ဤနှစ်များအတွင်း သူမသည် ဤသခင်ကို လုံးဝ ဂရုမစိုက်ခဲ့ပေ။ အချိန်အတော်ကြာအောင် ဒီလိုဖြစ်နေတော့ သူမမျက်စိရှေ့ကလူသည် မင်းသားအဆင့်ရှိတယ်ဆိုတာတောင် မေ့နေ၏။ သူမသည် ရုံဟွာနန်းဆောင်မှ အနောက်နန်းဆောင်သို့ ရာထူးလျှော့ချခံလိုက်ရပြီး သူမအတွက် လွတ်လမ်းမရှိတော့တာ ကြာပြီဖြစ်သည်။ သူမသာ ဤနေရာ၌ သည်းမခံနိုင်ခဲ့လျှင်… ဤဧကရာဇ်နန်းတော်သည် သုံးစရာလူ ပြတ်လပ်နေသော နေရာမဟုတ်ပါ။
ချိုးချန်၏ကျောသည် အေးစက်လာသည်။ ချက်ခြင်း မြေပြင်ပေါ် ဝပ်တွားပြီး သနားညှာတာထောက်ထားရန် တောင်းပန်လိုက်သည်။
“ဒီအစေခံက အရှင့်သားကို စိတ်ပါလက်ပါ ပြုစုစောင့်ရှောက်ခဲ့ပါတယ်၊ ကျွန်တော်မျိုးမက တခြားသူတွေကို အခွင့်ကောင်းယူဖို့ ဘယ်လိုလုပ် သတ္တိရှိနိုင်မှာပါလဲ”
သူမ ခေါင်းကိုမော့ပြီး လီယွမ်မင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကမန်းကတန်း ပြန်ငုံ့လိုက်သည်။
“အရှင့်သားက ဒီအစေခံရဲ့ စစ်မှန်တဲ့ နှလုံးသားကို သံသယကင်းဖို့ မျှော်လင့်ပါတယ်…”
လီယွမ်မင်သည် သူမကို ခဏလောက် စိုက်ကြည့်ပြီးနောက် “ထွက်သွား” ဟု ပြောလိုက်သည်။
“…အမိန့်တော်အတိုင်းပါ”
ချိုးချန်မှာ ကြောက်ရွံ့မှုတွေ ရှိနေသေးသည်။ လီယွမ်မင်ကိုကြည့်ဖို့ သူမမျက်လုံးတွေကို တဖန် ပင့်ကြည့်လိုက်သည်။ သို့သော် သူသည် မျက်လုံးမှိတ်ထားပြီး ပင်ပန်းနေပုံရသဖြင့် သူမ တံတွေးကို မျိုချလိုက်ပြီး သတိကြီးကြီးနှင့် ထွက်လာလိုက်သည်။
လီယွမ်မင် သက်ပြင်းချလိုက်သည်။
သူ၏ယခင်ဘဝတွင် ချိုးချန်သည် ဟော်ယွင်ယိ့ကိုလက်ထပ်ရန် လှည့်ကွက်များကိုအသုံးပြုခဲ့သည်။ ဟော်ယွင်ယိ့သည် အိမ်ထောင်ရေးမှာ သူမကို ချစ်ခင်တွယ်တာမှု မရှိပေမယ့် ကောင်းမွန်စွာဆက်ဆံခဲ့သည်။ သို့သော် ချိုးချန်သည် စဉ်းမာယွိ့၏ အမုန်းတရားနှင့် သိမ်းပိုက်မှု၏ လမ်းညွှန်မှုအောက်တွင် ဟော်ယွင်ယိ့ကို အဆိပ်ခတ်ခဲ့သည်… ဟော်ယွင်ယိ့အပေါ် သူအလွန်အကြွေးတင်နေသည်။ ထို့ကြောင့်
ဟော်ယွင်ယိ့သေဆုံးမှုကို ရပ်တန့်ရန် သူ့အပေါ်တွင် လုံးလုံးလျားလျား မူတည်နေသည်။ ဒီဘဝမှာတော့ သူ့ကို ကာကွယ်ရမည်။
သူသည် တစ်ဘဝလုံး ရုပ်သေးဧကရာဇ်ဖြစ်ခဲ့ပြီး အချိန်အတော်ကြာကတည်းက လူတို့၏စိတ်နှလုံးကို ထိုးဖောက်မြင်နိုင်ခဲ့သည်။ ယခုအချိန်တွင် သူသည် တစ်ချိန်က မပြတ်မသား၊ ရွံ့တွံ့တွံ့၊ နလပိန်းတုံးဖြစ်သော ၁၃ နှစ်အရွယ် လူငယ်မဟုတ်တော့ပါ။
အခု စကားကုန်မပြောသေးပါ။ သူ့တွင် ချိုးချန်ကို မောင်းထုတ်ရန် သူ့နည်းသူ့ဟန်ရှိသော်လည်း ပေးဆပ်ရမှာ တန်ဖိုးများလွန်းသည်။ ကံကောင်းထောက်မစွာ၊ သူ့တွင် အစီအစဉ်ဆွဲရန် အချိန်အနည်းငယ်ရှိသေးသည်။ ဒီလူဆိုးမ ချိုးချန်သည် ရည်မှန်းချက်ကြီးပေမယ့် အဝေးကြီးတော့ မရောက်လောက်ပါ။ ယခုအချိန်မှာတော့ သူသည် သူမကို ခြိမ်းခြောက်ရန် သူ၏တန်ဖိုးမရှိသော ဘွဲ့ကို အသုံးပြုရလိမ့်မည်။
ယခု သူသည် အသက်ရှင်နေထိုင်ရန် ဆုံးဖြတ်လိုက်သည်နှင့် ဤဘဝသည် ခက်ခဲလိမ့်မည်ဖြစ်သောကြောင့် ခြေလှမ်းတိုင်းကို သေသေချာချာ စီစဉ်ရပေတော့မည်။
သူသည် မျက်ခုံးမွှေးများကို ပွတ်သပ်ရင်း ပင်ပန်းနွမ်းနယ်မှု လှိုင်းလုံးများက ခေါင်းကို ရိုက်ခတ်လာသည်။
***
ငါးရက်ကြာအားဖြည့်ပြီးနောက် လီယွမ်မင်သည် ပြန်လည်ကျန်းမာလာကာ ညဘက်တွင် အိပ်မက်ဆိုးများ အတော်လျော့နည်းသွားသည်။ ကြေးမှန်ထဲက မျက်နှာသည် အရောင်ဖျော့ဖျော့ပင် မရှိသေးပါ။ သူ၏ရှည်လျားသောဆံပင်များ ပြန့်ကျဲနေသဖြင့် သူသည် လွင့်မျောနေသော စိတ်ဝိညာဉ်တစ်ခုလိုပင်။
ဤဧကရာဇ်နန်းတော်ရှိ လူတိုင်းပြောနေကြသည့် နိမိတ်မကောင်းသည့် အခြေအနေနှင့် ကိုက်ညီနေသည်။
လီယွမ်မင်၏ ပါးစပ်ထောင့်သည် အနည်းငယ် မြင့်တက်သွားပြီး သူ့ကိုယ်သူ လှောင်ရယ်နေပုံရသည်။
ချိုးချန်သည် အပြင်မှရေကို သတိကြီးစွာ သယ်ဆောင်ကာ အထဲဝင်လာခဲ့သည်။ လီယွမ်မင်၏ အမူအရာကို ဂရုတစိုက် အစုန်အဆန် ကြည့်လိုက်သည်။
“အရှင့်သား၊ ဆေးကြောသုတ်သင်ချိန်ရောက်ပါပြီ”
သူမသည် ရေကိုချ၍ ဂရုတစိုက်ဟန်ဖြင့် ဆံပင်ကို ပြုပြင်ရန် သိမ်မွေ့စွာ ရှေ့သို့ လှမ်းလာခဲ့သည်-
“အရှင့်သား ခန္ဓာကိုယ်က ပြန်လည်ကျန်းမာလာပြီဆိုတော့ ဒီနေ့ အင်ပါယာကျောင်းတော်ကို… သွားမှာလား?”
လီယွမ်မင်သည် အနိုင်ကျင့်ခံရသောကြောင့် အင်ပါယာကျောင်းတော်သို့ မသွားချင်ဟု ချိုးချန်က တွေးမိပေမယ့် ကြန့်ကြာရခြင်း၏ အကြောင်းရင်းအမှန်ကို မသိခဲ့ပေ။
လီယွမ်မင်နှင့် စဉ်းမာယွိ့၏ ပထမဆုံးတွေ့ဆုံမှုသည် အင်ပါယာကျောင်းတော်တွင်ဖြစ်သည်။
ပထမဆုံးဧကရာဇ်သည် ပေ့အန်းပြည်နယ်ကို တည်ထောင်ပြီးကတည်းက အင်ပါယာကျောင်းတော်နှင့် နိုင်ငံ့ကျောင်းတော်ဟူသော နှစ်နေရာကို တည်ထောင်ခဲ့သည်။ အင်ပါယာကျောင်းတော်သည် မြောက်နန်းဆောင်တွင် တည်ရှိပြီး မင်းသားများအား သင်ကြားပို့ချပေးသော နေရာဖြစ်သည်။ နိုင်ငံ့ကျောင်းတော်သည် အင်ပါယာကျောင်းတော်၏ နယ်နိမိတ်တွင် တည်ရှိပြီး အထက်တန်းအရာရှိများ၏ ကလေးများကို သင်ကြားပို့ချပေးသည့် သီးသန့်ကျောင်းဖြစ်သည်။
မင်းသားများ အသက်၁၆နှစ်ပြည့်လျှင် “ဆောင်းဦးရာသီရွေးချယ်ပွဲ” ရှိသည်။ ပြောရလျှင် နိုင်ငံ့ကျောင်းတော်မှ နောက်ခံမြင့်မားသော မျိုးဆက်သစ်လူငယ်တစ်စုသည် မင်းသားများ၏ စာသင်ကြားရေးအဖော်အဖြစ် ရွေးချယ်ခံရမည်ဖြစ်သည်။ အပြင်မှာတော့ ဧကရာဇ်မိသားစု၏ ကြီးမားသောကျေးဇူးတော်ဖြစ်ပြီး နောက်ကွယ်တွင် အနာဂတ်ဧကရာဇ်အတွက် လမ်းခင်းခြင်းပင်ဖြစ်သည်။ ဤလူငယ်အများစုသည် အနာဂတ်ဧကရာဇ်၏ အရေးကြီးသောလက်ထောက်ဖြစ်လာမည့် မင်းသားများ၏ ဘယ်လက်ရုံး၊ ညာလက်ရုံးများဖြစ်လာအောင် ကြိုးပမ်းကြမည်ဖြစ်သည်။ ထို့ကြောင့် နှစ်ဖက်စလုံးအတွက် ဆောင်းဦးရာသီရွေးချယ်ပွဲသည် အလွန်အရေးကြီးသည်ဟု ဆိုနိုင်သည်။
ဧကရာဇ်မင်သယ်တွင် အမွေဆက်ခံသူ အနည်းငယ်သာရှိပြီး သားတော်လေးပါးနှင့် သမီးတော်နှစ်ပါးသာ ရှိသည်။ အကြီးဆုံးမင်းသား လီယွမ်ချန်သည် ဧကရာဇ်ကိုယ်လုပ်တော် ကျောက်ရှုးမှ မွေးဖွားခဲ့သည်။ ကျောက်မိသားစုသည် မင်းဆက်သုံးဆက်တိုင် လက်ဝဲအမတ်ချုပ်ကြီးဖြစ်ခဲ့ပြီး ၎င်းတို့၏လက်အောက်ငယ်သားများသည် အင်ပါယာတရားရုံး၏ အဆင့်အားလုံးကို လွှမ်းမိုးကာ အုပ်စုဖွဲ့နေကြသည်။ ထို့ကြောင့် ဧကရာဇ်ကိုယ်လုပ်တော် ကျောက်ရှုးသည် မျက်နှာသာပေးမခံရသော်လည်း အကြီးဆုံးမင်းသား လီယွမ်ချန်၏ အဆင့်အတန်းသည် အလွယ်တကူ ကိုင်လှုပ်၍မရပေ။ တစ်ဦးတည်းသော သူနှင့် ဖက်ပြိုင်နိုင်သူမှာ စတုတ္ထမြောက်မင်းသား လီယွမ်ရွှိ့ဖြစ်ပြီး တစ်ဦးတည်းသော ဧကရာဇ် အရေးပေးခံရသည့် ဝမ်ကွေ့ဖေးမှ မွေးဖွားလာသူဖြစ်သည်။ ကျန်သူများမှာ ဒုတိယမင်းသား လီယွမ်လန်နှင့် တတိယမင်းသား လီယွမ်မင်တို့ဖြစ်ပြီး သူတို့နှစ်ဦးစလုံးမှာ အမျိုးသမီးဖျော်ဖြေရေးသမားများမှ မွေးဖွားလာသောကြောင့် ထီးနန်းရယူရန် အခွင့်အရေးမရှိကြပေ။
အထူးသဖြင့် တတိယမင်းသား လီယွမ်မင်သည် သူ၏ နိမိတ်မကောင်းသော လိင်အင်္ဂါကြောင့် ဧကရာဇ်မင်သယ်၏ မုန်းတီးခြင်းကိုခံခဲ့ရပြီး ထီးနန်းအတွက် မျှော်လင့်ချက် ဆုံးရှုံးခဲ့ရသည်မှာ ကြာပါပြီ။ မြင့်မြတ်သောကလေးများသည် သူ၏စာသင်ကြားရေးအဖော်အဖြစ် ရွေးချယ်ခံရမည်ကို ကြောက်ရွံ့သောကြောင့်လည်း သူ့ကို ရှောင်ရှားခဲ့ကြသည်။ မမျှော်လင့်ဘဲ မင်းသားများ၏မျက်နှာသာပေးခံရသော ကျန်းပေဘုရင်၏အမွေဆက်ခံသူ စဉ်းမာယွိ့သည် သူ့ကိုရွေးချယ်ခဲ့သည်။
သူသည် ဧကရာဇ်နန်းတွင်း၌ ရုန်းကန်နေရချိန်တွင် အလားအလာကောင်းသော မျိုးရိုးမြင့်ဆက်ခံသူတစ် ယောက်က သူ့ကို လက်ကမ်းကြိုလာသည်ကို မြင်ရသော် သူ့နှလုံးသားသည် အံ့အားသင့်ကာ လှုပ်ရှားသွားခဲ့ရသည်။
ထို့နောက်တွင်တော့….
လီယွမ်မင်၏ မျက်လုံးများသည် အနည်းငယ် မှိတ်သွားကာ အတွင်းမှ အေးစက်မှုကို ဖုံးအုပ်လိုက်သည်။ အကြီးဆုံးမင်းသား လီယွမ်ချန်သည် ၁၆နှစ်ရှိပြီဖြစ်ပြီး တစ်လအတွင်း “ဆောင်းဦးရာသီ ရွေးချယ်ပွဲ”ကို ကျင်းပမည်ဖြစ်သည်။
သူမျက်မှောင်ကြုတ်နေတာကိုမြင်တော့ ချိုးချန်က စိတ်ထဲမှာ လှောင်ရယ်လိုက်ပေမယ့် သူမမျက်နှာမှာတော့ စိုးရိမ်တကြီးအမူအရာနှင့် ပြောလိုက်သည်-
“ဒီအစေခံက အရှင့်သားသွားသင့်တယ်လို့ ထင်ပါတယ်၊ ဧကရာဇ်မင်းမြတ်က အရှင့်သား လုံ့လဝီရိယရှိတော်မူတာကို မြင်ရင် ဝမ်းမြောက်ပါလိမ့်မယ်”
ဝမ်းမြောက်ဆိုသော စကားလုံးကိုကြားတော့ လီယွမ်မင်သည် ရယ်လိုက်ပြီး သူမကို တစ်ချက်ကြည့်လိုက်သည်။ ချိုးချန်၏ မျက်နှာသည် တင်းကြပ်သွားပြီး ပို၍ နှိမ့်ချသော အပြုံးကို ဆောင်လိုက်ကာ-
“ဒီအစေခံက ဘောင်ကျော်သွားပါတယ်၊ ကျွန်တော်မျိုးမ သွားပြီးတော့ အင်ပါယာကျောင်းတော်ဆီကနေ ခွင့်တောင်းလိုက်ပါ့မယ်”
“မလိုဘူး” လီယွမ်မင်က ကြားဖြတ်ပြီး “ငါသွားမယ်”
ချိုးချန်က စိတ်ထဲမှာ ကျိန်ဆဲလိုက်ပြီး အပြင်မှာ စောင့်နေသော ထုံထုံထိုင်းထိုင်း နန်းတွင်းအစေခံကို ညွှန်ကြားလိုက်သည်။
“သုံးယွဲ့၊ အပြင်သွားဖို့ အရှင့်သားရဲ့ ဝတ်စုံကို အဆင်သင့်ပြင်ထား”
***
အင်ပါယာကျောင်းတော်သည် မြောက်နန်းဆောင်တွင် တည်ရှိပြီး သစ်ပင်များဝန်းရံထားသည်။ စိမ်းလန်းသောမျှော်စင်၏ တံစက်မြိတ်ထောင့်တွင် နူးညံ့သိမ်မွေ့သော ငှက်မျိုးစုံ အော်ဟစ်သံကို ကြားနိုင်သဖြင့် ဤသီးသန့်နေရာသည် ပို၍ပင် အေးချမ်းသွားသည်။ သို့သော်လည်း ဒီနေ့ မြောက်နန်းဆောင်ကတော့ ဆူညံနေပါသည်။
တံခါးမကြီးကို မရောက်ခင်မှာပဲ လီယွမ်မင်သည် စတုတ္ထမင်းသား လီယွမ်ရွှိ့၏ ရယ်မောသံကို ကြားနေရပါပြီ။
“ဒီနေ့ ဧကရာဇ်ဆရာက မလာဘူးဆိုတော့ မင်းတို့ကို ငါ့ကလေးအသစ်နဲ့ တွေ့ခွင့်ပေးမယ်”
ဘယ်လိုလုပ် ဒီနေ့ဖြစ်ရတာလဲ?
လီယွမ်မင်သည် သူ၏ အဝတ်အနားကို ဖိညှစ်လိုက်ရင်း သူ၏နှလုံးသားသည် တင်းကျပ်လာသည်။ သူ၏ ရင်ဘတ်သည် ပြင်းထန်စွာ တုန်ခါသွားသည်။ စတုတ္ထမင်းသား၏ပါးစပ်မှထွက်လာသော “ကလေး” သည် ဘာဆိုတာကို သူအလိုလိုသိသည်။ အရင်ဘဝက သူမြင်ခဲ့ရသော ကြေကွဲဖွယ်မြင်ကွင်းတွေကို တွေးရင်း လီယွမ်မင်သည် ရှေ့သို့ ဆက်မလှမ်းနိုင်ခဲ့ပါ။
ရှုပ်ယှက်ခတ်နေသော အတွေးတွေအလယ်မှာ တစ်စုံတစ်ယောက်က သူ့ကို နောက်ကနေ တွန်းထုတ်လိုက်သည်။ လီယွမ်မင်သည် အနည်းငယ် ဒယိမ်းဒယိုင်ဖြစ်သွားပြီး ခေါင်းကို နောက်လှည့်ကြည့်လိုက်တော့ ဒုတိယမင်းသား လီယွမ်လန်၏ မတောက်ပသော မျက်နှာကို တွေ့လိုက်ရသည်။
“အိုး တတိယညီတော်၊ မတွေ့ရတာကြာပြီ၊ မင်းက ဒီအစ်ကိုတော်ကို အရမ်းသတိရစေတာပဲ”
လီယွမ်လန်သည် လီယွမ်မင်ကဲ့သို့ပင် ဝမ်ကွေ့ဖေးနန်းဆောင်ရှိ အမျိုးသမီး ဖျော်ဖြေရေးသမားတစ်ဦးမှ မွေးဖွားခဲ့သည်။ သို့သော် သူသည် ငယ်စဉ်ကတည်းက စတုတ္ထမင်းသားကို လေးစားခဲ့ပြီး ဘက်ပေါင်းစုံသည်းခံခဲ့သည်။ သူသည် မိမိအကျိုးစီးပွားအတွက် မရိုးသားစွာ ထောက်ခံခဲ့သည်။
ထို့ကြောင့် ဝမ်ကွေ့ဖေးသည် သူ့အား မိခင်နှင့်သားကဲ့သို့ ကောင်းမွန်စွာဆက်ဆံသည်။
သို့သော် လီယွမ်လန်သည် ကျန်ရှိနေသော သူ့ဘဝတစ်လျှောက်လုံး တခြားတစ်ယောက်၏ နောက်ကွယ်မှာ ရပ်နေရသော ဇာတ်ကောင်တစ်ယောက်ဖြစ်ဖို့ ဘယ်လိုလုပ် ဆန္ဒရှိနိုင်မှာလဲ? သူသည် ကိုယ့်အကျိုးအတွက် အခြားလူများကို အကောင်းဆုံးအသုံးချခဲ့သည်။ သူ၏ယခင်ဘဝတွင် လီယွမ်လန်သည် လီယွမ်ရွှိ့အား ဧကရာဇ်မင်းမြတ်အား ဖြုတ်ချရန် စစ်သားများကို ပုန်ကန်ဖို့ လှုံ့ဆော်ခဲ့ပြီး နောက်ပိုင်းတွင် ရှုံးနိမ့်ခဲ့သည်။ လီယွမ်ရွှိ့သည် စစ်တပ်အတွင်း ဆူပူမှုဖြစ်စေပြီး နီလျဲ့၏ ခေါင်းဖြတ်ခြင်းကို ခံခဲ့ရသည်။
အရင်ဘဝက အမျိုးမျိုးသောအကြောင်းအရာများကို တွေးတောရင်း လီယွမ်မင်သည် လည်ချောင်းထဲမှ ရွံရှာဖွယ်ခံစားချက်ကို မျိုချလိုက်သည်။ ခါတိုင်းလို ပြုမူရင်း အနည်းငယ် ဦးညွှတ်လျက် “ဒုတိယ အစ်ကိုတော်”
တစ်ဖက်က ပြုံးပြီး သူ့ကို ခေါင်းပုတ်သွားသည်။
“ဝင်လေ”
လီယွမ်မင်သည် မျက်လုံးများမှိတ်ပြီး အံကြိတ်ကာ ဝင်လိုက်သည် ။
တံခါးပွင့်သွားသည်နှင့် ဆူညံသံများက ပိုမိုကျယ်လောင်လာကာ သားရဲများ၏ဟိန်းဟောက်သံနှင့်အတူဩဘာသံများ တစ်သံပြီးတစ်သံထွက်ပေါ်လာသည်။