အခန်း (၂၀)
ထွက်လာသည့်လူက အဘိုးဖေး ဖြစ်နေသည်။
ရှန်းထင်ရွှမ်း၏ စိတ်ပျက်သွားသည့် အမူအရာကို မြင်သောအခါ အဘိုးဖေးက ပြုံးပြီး မေးလိုက်သည်။
“ဘာလို့လဲ၊ ငါက မင်းစောင့်နေတဲ့တစ်ယောက် မဟုတ်လို့လား ”
ရှန်းထင်ရွှမ်းက ရိုးသားစွာ ခေါင်းညိတ်လိုက်သည်။
အဘိုးဖေးက ရယ်မောလိုက်သည်။
ဖေးမိသားစုက သူတို့၏နေရာမှာ ရှိနေသောအခါ ဆုံတွေ့ခဲ့သည့်လူတိုင်း၏ မြောက်ပင့်ခြင်းကို ခံခဲ့ရသည်။ တစ်ယောက်ယောက်က သူတို့စိတ်ထဲမှ မုန်းနေလျှင်တောင် သူတို့၏လေးစားမှုကို ပြနေဆဲ ဖြစ်သည်။ ထိုကဲ့သို့ သူတော်ကောင်းယောင်ဆောင်သည့် လူများက နေရာတိုင်းတွင် စံသတ်မှတ်ချက် ဖြစ်လာပေသည်။
အဘိုးဖေးက ထိုလူများနှင့် အမြဲတမ်း မြင်တွေ့နေခဲ့ရသော်လည်း မည်သည့်အခါမှ တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိခဲ့ပေ။ ယခု သူက သာမန်ကာလျှံကာ မေးလိုက်သော်လည်း မိန်းကလေးက တိုက်ရိုက် ဝန်ခံခဲ့ပေသည်။ သူက မိန်းကလေးစောင့်နေသည့်လူကို မေးရန် အစီအစဉ်မရှိပေ။ သို့သော် သူလာရသည့် ရည်ရွယ်ချက်ကို ဖော်ပြလိုက်သည်။
“ငါ ဒီကိုလာတာ မင်းကို ဧည့်ခံပွဲတစ်ခု ဖိတ်မလို့ပဲ ” အဘိုးဖေးက ဖိတ်စာကို ထုတ်ယူလိုက်သည်။
ရှန်းထင်ရွှမ်းက ဧည့်ခံပွဲများကို အများကြီး စိတ်ဝင်စားမှု မရှိပေ။ မူလကိုယ်က ဧည့်ခံပွဲများကို မကြာခဏ သွားလေ့မရှိပေ။ သွားခဲ့သည့်အချိန်တိုင်းလည်း ဆိုးရွားသည့် မှတ်ဉာဏ်များသာ ရှိပေသည်။ ထို့ကြောင့် ရှန်းထင်ရွှမ်းက မသိစိတ်အရ ငြင်းဆိုလိုက်သည်။
အဘိုးဖေးက ပြောလိုက်သည်။
“ငါတို့က ဧည့်သည်တချို့ကို မင်းရဲ့အသီးတွေနဲ့ တည်ခင်း ဧည့်ခံဦးမှာ ”
သူမက ၎င်းကို ကြားပြီး စိတ်ဝင်စားလာခဲ့သည်။ “ကောင်းပါပြီ ”
များစွာသော လူများ စားခြင်းက သူမ၏တာဝန်ကို အမြန်ဆုံး ပြီးမြောက်နိုင်ပေသည်။
အဘိုးဖေးက ထွက်သွားရန် အလျင်မလိုသည်ကို ရှန်းထင်ရွှမ်းက မြင်သောအခါ “ကျွန်မကို ခဏစောင့်၊ စိုက်ခင်းထဲမှာ ဖရဲသီးတွေ မှည့်နေပြီ၊ မြည်းစမ်းကြည့်ဖို့ နည်းနည်း ယူသွားဦး ”
သူ့အသက်အရွယ်တွင် များသောအားဖြင့် သွားများက မကောင်းတော့ပေ။ သို့သော် ဖရဲသီးစားဖို့ကတော့ သေချာပေါက် အဆင်ပြေပေသည်။
အဘိုးဖေးက ၎င်းကို ကြားသောအခါ သူ့မျက်နှာပေါ်ရှိ အပြုံးက ပိုပြီး ထင်ရှားလာတော့သည်။
“ကောင်းတာပေါ့ ”
ရှန်းထင်ရွှမ်းက ဖရဲသီးများ ခူးထည့်ရန် ခြင်းကို ယူလာခဲ့သည်။ အဘိုးဖေးက ချင်ယွဲ့ကျီကဲ့သို့ အစားကြမ်းပိုး မဟုတ်သော်လည်း သူက သူမကို အများအပြား ကူညီခဲ့ပြီး အလွန်လည်း ခင်မင်ပေသည်။ ထို့ကြောင့် ရှန်းထင်ရွှမ်းကလည်း သူ့ကို အလွန် သဘောထားကြီးရပေမည်။
ရှန်းထင်ရွှမ်းက ခြင်းထဲသို့ ဖရဲသီးနှစ်လုံး ထည့်ပြီးနောက် ခြင်းက ဒီထက်ပိုပြီး မဆန့်တော့ပေ။ ထို့ကြောင့် ရှန်းထင်ရွှမ်းက ဖရဲသီးတစ်လုံးကို ဘယ်ဘက်လက်ဖြင့် ကိုင်လိုက်ပြီး ညာဘက်လက်က ခြင်းကို ကိုင်လိုက်သည်။
ကြီးမားသော ဖရဲသီး သုံးလုံးက အတူတကွ ရှိနေကြသည်။ လူအိုကြီးဖေးက ကားထဲသို့ ရောက်သောအခါ သူ့မျက်နှာပေါ်ရှိ အပြုံးက ဘယ်တော့မှ ပျောက်ကွယ်သွားမည့်ပုံ မပေါ်ပေ။
ဒရိုင်ဘာ အဘိုးတင်းက နောက်ဆုံးတစ်ခေါက် အဘိုးဖေးပေးခဲ့သော အသီးများကို စားခဲ့သည်။ သူက အသီးများကို စားနေစဥ်အတွင်း အဘိုးဖေးကို အလွန်ကျေးဇူးတင်နေခဲ့သည်။ သို့သော် ယခုက ဖရဲသီး သုံးလုံးသာ ရှိသည်။
၎င်းတို့က စိမ်းစိုနေပြီး အလွန်လတ်ဆတ်ပုံ ပေါ်ပေသည်။ အနံ့ကလည်း အလွန်အမင်း ချိုမြနေပေသည်။
အဘိုးဖေးက သူ့ကို သေချာပေါက် ပေးမည်မဟုတ်ကြောင်း အဘိုးတင်းက သိပေသည်။ သို့သော် ယခုအချိန်၌ သူ့အတွက်က အသီးတချို့ရှာဝယ်ရန် မခက်ခဲသင့်ပေ။ ထို့ကြောင့် အဘိုးဖေးကို ပြန်ပို့ပြီးနောက် အဘိုးတင်းက ရှင်းယွမ်ရှန်သို့ ထပ်လာခဲ့လိုက်သည်။
သူက ရှန်းထင်ရွှမ်းကို ကြည့်လိုက်ပြီး အနည်းငယ် ရှက်နေသည့်ပုံဖြင့် “မစ်ရှန်း ကျုပ်ကို ဖရဲသီးတစ်လုံးလောက် ရောင်းနိုင်မလား ”
လူအိုတင်းတို့ မိသားစုတွင် ကလေးနှစ်ယောက် ရှိပေသည်။ ထိုနေ့က သူပြန်ယူလာခဲ့သည့် အသီးများထဲမှ တစ်လုံးကို သူနှင့် သူ့ဇနီးက စားလိုက်ပြီး ကျန်သည့်အသီးများကို ကလေးများအတွက် ချန်ထားလိုက်သည်။ သို့သော် သူတို့က စားနေသည်ကို မရပ်တန့်ချင်ကြပေ။ အဆုံးတွင် ဆီးသီးတစ်လုံးနှင့် မက်မွန်သီးတစ်လုံးကျန်ခါမှ ဆက်စားရန် ငြင်းဆိုလိုက်ကြတော့သည်။
ကလေးများက ထိုအသီးများကို သူတို့၏မိဘများအတွက် ချန်ထားသင့်သည်ဟု ပြောခဲ့ကြသည်။ လူအိုတင်းနှင့် သူ့ဇနီးက ကလေးများ စားဖို့ ချန်ထားချင်ခဲ့သည်။ နောက်ဆုံးတွင် လူအိုတင်း၏ဇနီးက အသီးကို လေးခြမ်းခြမ်းလိုက်ပြီး လူတိုင်းက အတူတကွ စားသောက်လိုက်ကြသည်။
သူတို့က ဘယ်သူမှ စားလို့ မဝကြောင်း သိကြသည်။
နောက်ကျ လူအိုတင်းက စူပါမောသို့ အသီးများ ဝယ်ရန် သွားခဲ့သည်။ သို့သော် သူရောက်သွားသောအခါ အသီးများက ရောင်းကုန်သွားခဲ့သည်။
ယနေ့က လူအိုတင်းက ဖရဲသီးကို မြင်သွားခဲ့သည်။ ၎င်းက အလွန်ကြီးမားပေသည်။ သူတို့မိသားစုအတွက် ရက်အနည်းလောက် စားရန် လုံလောက်ပေသည်။
“ကောင်းပြီ ” စားပွဲပေါ်ရှိအသီးများ အားလုံးက ရောင်းကုန်သွားခဲ့ပြီး သူမက အသီးများ ထပ်ဖြည့်ဖို့ သွားရန် အစီအစဉ် မရှိခဲ့ပေ။ ထို့အပြင် နေ့လယ်ရောက်တော့မည် ဖြစ်သည်။ ထို့ကြောင့် ရှန်းထင်ရွှမ်းက ဖရဲသီး ကြီးကြီးတစ်လုံး ခူးရန် သွားလိုက်သည်။
၎င်းက ၄၀ ကတ်တီနီးပါး ရှိပေသည်။
အဘိုးကြီးတင်း “ဒါက ဘယ်လောက်လဲ ”
ရှန်းထင်ရွှမ်းက “စျေးနှုန်းသတ်မှတ် မထားဘူး၊ အဆင်ပြေသလို ပေးခဲ့ပါ ”
ရှန်းထင်ရွှမ်း၏ဖရဲသီးများက စူပါမားကတ်တွင် ရောင်းသည်ကို လူအိုတင်းက သိပေသည်။ ပုံမှန် ဖရဲသီးအများစုက တစ်ကတ်တီကို နှစ်ယွမ် ကျသင့်ပေသည်။ သို့သော် ဤဖရဲသီးက ပိုကောင်းပေရာ “ငါတို့ တစ်တီကို ၅ယွမ် ထားမလား ”
“ရတာပေါ့ ” ရှန်းထင်ရွှမ်းက သဘောတူလိုက်သည်။
လူအိုတင်းက ငွေပေးချေလိုက်ပြီး သူမကို ထပ်ခါ ထပ်ခါ ကျေးဇူးတင်ကာ ထွက်ခွာသွားတော့သည်။
…
အဘိုးဖေးက အိမ်ပြန်ရောက်သောအခါ သူ၏ အိမ်အကူကို ဖရဲသီးခွဲရန် ပြောလိုက်သည်။ မူလက အတုံးသေးလေးများ တုံးချင်ခဲ့သည်။ အဘိုးဖေးက သူ့လက်ကို ဝေ့ယမ်းလိုက်ပြီး “ငါ့ကို တစ်ခြမ်းပေး၊ ပြီးတော့ ဇွန်းတစ်ချောင်းပေး ”
ရှန်းထင်ရွှမ်းက အဘိုးဖေးအတွက် အလွန်ကြီးမားသော ဖရဲသီးများကို ရွေးချယ်ပေးခဲ့သည်။ ဖရဲသီးတစ်ဝက်ကတင် ၂၀ ကတ်တီ ရှိပေသည်။ အိမ်အကူက တစ်ချက်ကြည့်လိုက်ပြီး အလယ်တည့်တည့်မှ တိုက်ရိုက်မခွဲဘဲ တစ်ဘက်ရှိ တစ်ဝက်အစင်းမှ ခွဲရန် ဆုံးဖြတ်လိုက်သည်။
အဘိုးဖေးက ဖရဲသီးနှင့် ဇွန်းတစ်ချောင်းကို ကိုင်ထားသည်။ လတ်ဆတ်သည့် အနီရောင် ဖရဲသီးက အထဲတွင် အစေ့အများကြီး မရှိပေ။ ထို့ကြောင့် သူက ပါးစပ်ထဲသို့ တစ်လုတ်တည်း ထည့်စားလိုက်တော့သည်။
ချိုမြိန်သည့် ရနံ့က ပေါက်ထွက်လာခဲ့ပြီး အနည်းငယ် ဝါးပြီးနောက် ချိုမြိန်သည့် အရည်များက ချက်ချင်း စိမ့်ထွက်လာတော့သည်။ အဘိုးဖေးက သူ၏ ငယ်ဘဝကို အမှတ်ရသွားခဲ့သည်။ သူ ငယ်ရွယ်စဥ်က သူ၏အိမ် အခြေအနေက အရမ်းမကောင်းခဲ့ပေ။
နွေရာသီတွင် ဖရဲသီးစားရခြင်းက အကြီးမားဆုံး ဇိမ်ခံခြင်း ဖြစ်ပေသည်။ သူ့အမေက အချိန်တိုင်း သူစားရန် ဖရဲသီးကို အလယ်မှ ပိုင်းပေးခဲ့၏။ ချိုမြိန်သည့် အရသာက ယခု သူ့ပါးစပ်ထဲရှိ အရသာအတိုင်းပင် ဖြစ်သည်။
အဘိုးဖေးက ဖရဲသီးကို စားကုန်သွားပြီးနောက် အနီးအနားတွင် လမ်းပတ်လျှောက်လိုက်သည်။ ဖရဲသီးတွင် သကြားပါဝင်မှု မြင့်မားပြီး သူက ပုံမှန်ဆို စားလေ့မရှိပေ။ သို့သော် ယနေ့တွင် ထိန်းမထားနိုင်ဘဲ အများကြီး စားလိုက်ပေသည်။
အိမ်အကူက ကျန်ရှိနေသည့် ဖရဲသီးများကို အတုံးလေးများ တုံးလိုက်ပြီး ရေခဲသေတ္တာထဲတွင် ထားလိုက်သည်။
…
ရှန်းထင်ရွှမ်းက အဘိုးတင်းအတွက် အသီးခူးပေးပြီးသောအခါ မြို့တော်ဘီသို့ သွားရန် ကားတစ်စီးကို ခေါ်လိုက်သည်။
သူမက ထော်လာဂျီအသေးတစ်စီး ဝယ်ရန် စီစဉ်ထားခဲ့သည်။ လုမင်ဟွေ့နှင့် တခြားသူများက ရှင်းယွမ်ရှန်သို့ ဝင်လာခဲ့ကြပြီး သူတို့က ရုတ်တရက် အသီးများဖြင့် ပြည့်နေသည့်တောင်ကို တွေ့သွားခဲ့ပါက သေချာပေါက် သူတို့က သံသယဖြစ်သွား ပေလိမ့်မည်။
ထို့ကြောင့် ရှန်းထင်ရွှမ်းက မနက်ဖြန်မှ စတင်ပြီး သူမကိုယ်တိုင် အသီးများကို တောင်ခြေသို့ ပို့ဆောင်ရန် ရည်ရွယ်ထားသည်။
ရှောင်ဖုန်းအိမ်၌ ဝါးများ တူးသည့်နေ့တုန်းက ရှောင်ဖုန်း၏အမေက ရှန်းထင်ရွှမ်းကို အများကြီး ပြောပြလိုက်သည်။ သူတို့ကြား၌ ဤထော်လာဂျီအကြောင်းလည်း ရှောင်ဖုန်းအမေဆီမှာ သင်ယူခဲ့ရသည်။
စိုက်ပျိုးရေးသုံး စက်ပစ္စည်းစက်ရုံက ရွာမှ မိုင် သုံးဆယ်ခန့် ကွာဝေးပေသည်။ သူတို့က စိုက်ပျိုးရေးသုံး ထော်လာဂျီများကို ရောင်းချပေသည်။ ရှန်းထင်ရွှမ်းက သူမကိုယ်တိုင် မောင်းနိုင်ပေသည်။ ၎င်းက အရမ်း အကြီးကြီးဖြစ်ရန် မလိုပေ။ တစ်တန်ခန့် ထော်လာဂျီအသေးတစ်ခုကို ဝယ်ပေမည်။
အကောင်းဆုံး ထော်လာဂျီက ယွမ်တစ်သိန်းသာ ရှိပြီး ရှန်းထင်ရွှမ်းက တိုက်ရိုက် တစ်စီးရွေးလိုက်သည်။ ကံအားလျော်စွာ သူမက ရှန်းအိမ်သို့ သွားရောက်ပြီးနောက် ယာဥ်မောင်းလိုင်စင်ကို ယူလာခဲ့သည်။ ရှန်းထင်ရွှမ်းက ထော်လာဂျီကို ရှင်းယွမ်ရှန်သို့ တိုက်ရိုက် ပြန်မောင်းလာခဲ့လိုက်သည်။
ရှန်းထင်ရွှမ်းသည် လွန်ခဲ့သည့် ရက်အနည်းငယ်က ပိုက်ဆံ အများကြီး ရှာနိုင်ခဲ့သည်။ သို့သော် သူမကလည်း အများအပြား အသုံးပြုခဲ့သည်။ သူမက ကားတစ်စီးဝယ်ပြီးသည့်တိုင် သူမ၏အကောင့်တွင် ၅၅၇၃၇ ယွမ် ကျန်နေဆဲဖြစ်သည်။
ယခင်က ပိုက်ဆံနှင့် ပတ်သက်ပြီး ဆတ်ဆတ်ထိမခံ မဖြစ်တတ်သော ရှန်းထင်ရွှမ်းက ရုတ်တရက်ကြီး တုံ့ပြန်တတ်လာသည်။ တစ်ခါတစ်ရံတွင် အချိန်နှင့် စွမ်းအင်ကို ချွေတာရန် ပိုက်ဆံက အရေးကြီးနေဆဲ ဖြစ်သည်။
ရှန်းထင်ရွှမ်းက ဖရဲသီးစိုက်ခင်းကို ရေလောင်းရန် အလေးအနက်ထားလိုက်သည်။ ထို့နောက် မျိုးစေ့များကို ဆက်လက် စိုက်ပျိုးလိုက်၏။ တောင်ပေါ်ရှိ သုံးပုံတစ်ပုံကို စိုက်ပျိုးလိုက်ပြီဖြစ်သည်။
…
နောက်နေ့မနက် ၇နာရီတွင် လုမင်ဟွေ့က ရောက်လာသောအခါ ထော်လာဂျီတစ်စီးကို မောင်းလာပြီး တောင်ခြေတွင် အဆင်သင့် စောင့်နေသော ရှန်းထင်ရွှမ်းကို တွေ့လိုက်ရသည်။
သူတို့က အသီးများကို စူပါမော၏ ကားပေါ်သို့ တိုက်ရိုက် တင်လိုက်ပြီး ထွက်သွားကြသည်။
မန်နေဂျာက မနက်စောစောတွင် စူပါမောသို့ သွားပြီး စစ်ဆေးသူတစ်ယောက်ကို ခေါ်လိုက်သည်။ သို့သော် သူက ဆီးသီးနှင့် မက်မွန်သီးများ ရှိသည့် ကောင်တာသို့ လျှောက်သွားပြီး အသီးတစ်လုံးစီကို ယူလိုက်သည်။
ဘေးမှ စူပါမားကတ် တာဝန်ခံ၏ မျက်လုံးများက ထိတ်လန့်စွာ ကြည့်နေသည်။ မန်နေဂျာက ဤနေရာကို စစ်ဆေးရန် မလာဖူးကြောင်း သူသိပေသည်။ သို့သော် သူက ဘာမှ မပြောနိုင်ချေ။
မနေ့က ဥက္ကဌဖေး၏ အကြောင်းကြားမှုအရ ယခု စူပါမားကတ်ရှိ ဆီးသီးနှင့်မက်မွန်သီးများကို နဖူးစည်းစာတန်းဖြင့် သေသပ်စွာ စီစဉ်ထားသည်။ “အကန့်အသတ်ဖြင့် ဝယ်ပေးပါ၊ တစ်ဦးကို တစ်လုံးသာ ”
ဆီးသီးတစ်လုံးက တစ်ယွမ်ဖြစ်ပြီး မက်မွန်သီး တစ်လုံးက ငါးယွမ် ဖြစ်သည်။
သို့သော် ၎င်းက အမှန်တကယ် တင်းကျပ်လိမ့်မည်ဟု မည်သူက သိမည်နည်း။ ထိုသို့ဆိုလျှင် စျေးဝယ်သူက ယူတာ များလွန်းလျှင် အရောင်းဝန်ထမ်းက သူတို့က တားလိမ့်မည်။ သူတို့ ဘာတတ်နိုင်မှာလဲ။
ဝယ်သူများစွာက မျက်နှာများ ရှုံ့မဲ့လျက် အသီးများကိုင်ထားသည်ကို မန်နေဂျာက တွေ့လိုက်ရသည်။
သူက ၎င်းကို စဉ်းစားမိပြီး တစ်လုံးပဲ ယူသွားတော့သည်။
မန်နေဂျာက ရှေ့ဆက်သွားနေသည်ကို မြင်မှ စူပါမားကတ် တာဝန်ခံက စိတ်သက်သာရာ ရသွားသည်။ မန်နေဂျာက အလွန်အကျွံလုပ်ဆောင်မည်ကို သူက ကြောက်ရွံ့နေသည်။ သူတို့က သူ့ကို မတားနိုင်ပေ။ သူ့ကို ဝယ်သူမြင်သွားပါက တိုင်ကြားနိုင်ပေသည်။
စူပါမားကတ်၏ အပြင်တွင် မန်နေဂျာက အသီးရနံ့ကို ရလိုက်သည်။ ကန့်သတ်ပြီး ဝယ်ယူရလောက်အောင် အသီးနှစ်မျိုးက အလေးချိန်မစီးပေ။ အပြင်သို့ရောက်လေ အသီးနံ့က ပိုပိုပြီး မွှေးလာလေသည်။
မန်နေဂျာက ပထမဆုံး ဆီးသီးကို အခွံနွှာလိုက်သည်။ တစ်ကိုက်ကိုက်စားပြီးနောက် သူက အသီးများ ထပ်ယူရန် ပြန်လှည့်သွားလိုက်တော့သည်။
အသီးက ထိုမျှ အရသာရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဥက္ကဌဖေးက ဒီလိုအမိန့်ပေးထားတာ အံ့ဩစရာမရှိဘူး။ လုမင်ဟွေ့ နားလည်နိုင်တာလ
ည်း အံ့ဩစရာမရှိဘူး။ သူလည်း ယခု နားလည်နိုင်ပေသည်။
—–
စာရေးသူမှာ ပြောစရာ ရှိနေပါတယ်။
အားချီ။ ငါလည်း မက်မွန်သီး စားချင်တယ်…
…