ဖဝါးထက်က ပုလဲသွယ် (၁၀)
________
ယဲ့လီကျူးနိုးလာတော့ သူမပျင်းတိပျင်းရွဲ့နှင့် မျက်လုံးဖွင့်လိုက်ကာ ဆိုလိုက်သည်။ “လက်ဖက်ရည်”
သူမအသံကို အပြင်ဖက်က အစေခံလေးကကြားတော့ ယုရှားလည်း ခပ်သွက်သွက်ပင် လက်ဖက်ရည်ယူကာ အခန်းထဲရောက်လာခဲ့သည်။ “သခင်မလေး”
ယဲ့လီကျူးအဝတ်အစားတွေက လျော့ရဲနေပြီး အိပ်ရာထခါစမို့ ဆံပင်လေးတွေက ရှုပ်ပွနေသည်။ သူမက အခုထိအိပ်ချင်မူးတူးလေသံနှင့် “ဘယ်နှနာရီရှိသွားပြီလဲ”
ယုရှားက ဖြေသည်။ “သခင်မလေးအိပ်နေတာ တစ်နာရီခွဲလောက်တော့ရှိပြီ”
ယဲ့လီကျူးက ယုရှားကို ကြည့်ရင်း လက်ဖက်ရည်တစ်ငုံသောက်ကာ ပြောလိုက်သည်။
“ကျာ့ယိုတောင် ကျောင်းက ပြန်ရောက်တော့မှာပဲ”
သူမ အိပ်ရာထပြီးနောက်ခေါင်းကိုဖြီးသင်သည်။ ယုရှားက အပြင်ကအသံကိုကြားတော့ ပြတင်းပေါက်ကို ဖွင့်ကြည့်ကာ သူမကို ပြန်ပြောပြသည်။
“သခင်မလေး။ ဝူသခင်မက လာတွေ့နေတယ်”
ယဲ့လီကျူးက မတ်တတ်ထရပ်လိုက်သည်။ “သခင်မက ဒီရောက်နေတာလား”
ယုရှားက ပြန်ဖြေ၏။ “ဒီမနက်က ဝူသခင်မက သခင်မလေးဖို့ဆိုပြီး မုန့်နှစ်မျိုးလောက် ပို့လိုက်သေးတယ်။ အဲ့မုန့်တွေက ရင်ပြည့်စေတဲ့မုန့်တွေဆိုတော့ သခင်မလေး အဆင်မပြေဖြစ်လိမ့်မယ်လို့ မားမားလီကပြောတယ်။ အဲဒါကြောင့် နူးဘီလည်း သခင်မလေးကို မုန့်အကြောင်း မပြောတော့တာ”
ယဲ့လီကျူးကခေါင်းညိတ်လိုက်သည်။ “ဟုတ်ပြီ”
သူမတို့နှစ်ယောက်စကားပြောနေတုန်း အပြင်က အစေခံမလေးက ထပ်ပြောလာပြန်သည်။
“သခင်မလေး….ဝူသခင်မရောက်နေပါတယ်”
ယဲ့လီကျူးအပြင်သို့ ထွက်ကာကြည့်လိုက်တော့ အရောင်ရင့်ရင့် ဝတ်စုံဝတ်ထားသည့် သက်လတ်ပိုင်းအရွယ် မိန်းမတစ်ယောက်ကို တွေ့လိုက်ရသည်။
ဝူသခင်မက အသက်သုံးဆယ်လောက်ဖြစ်ကာ နူးညံ့သောမျက်ခုံးပုံစံနှင့် မျက်နှာထားက ချိုသည်။
မားမားချန်က ယဲ့လီကျူးကိုပြောလိုက်သည်။ “သခင်မလေး ဒါက ဝူသခင်မပါ”
ယဲ့လီကျူးက နှုတ်ဆက်၏။ “သခင်မ”
ဝူသခင်မက ရှေ့သို့ခြေလှမ်းအနည်းငယ်တိုးကာ ပြုံးလိုက်ပြီး ယဲ့လီကျူးလက်ကို ကိုင်လိုက်သည်။
“သခင်မလေးကတော့ တို့ကိုမှတ်မိမှာမဟုတ်ဘူး။ သခင်မလေး ထွက်သွားတုန်းက ငါးနှစ်ပဲ ရှိသေးတာလေ။ အခုပြန်ရောက်လာတော့ ကြည့်ပါဦး အပျိုကြီးဖားဖားကိုဖြစ်လို့။ ဒီနေ့တောင် မိဖုရားခေါင်ကြီးဘေးက မားမားလျန်ရှင်းကတောင် သခင်မလေးကြီးပြင်းလာပြီလို့ပြောနေတာ။ အော် မိဖုရားခေါင်ကြီးက သမီးကို တွေ့ချင်လို့တဲ့”
ယဲ့လီကျူးက အပြုံးလေးနှင့် ပြန်ဖြေသည်။ “သခင်မ ထိုင်ပါဦး။ ယုရှားရေ သခင်မဖို့ လက်ဖက်ရည်လေး ဖျော်ခဲ့ပါဦး”
ယုရှားက ဟုတ်ကဲ့ဟုဆိုကာ လက်ဖက်ရည်နှစ်ခွက်ဖျော်လာပေးသည်။
ဝူသခင်မက သူမကို တည်ငြိမ်စွာကြည့်လိုက်သည်။
အစကတော့ သူမကို ဘုန်းကြီးကျောင်းတွင် ကြီးပြင်းခဲ့ရသော ခပ်ရိုင်းရိုင်း မာနကြီးကြီးကောင်မလေးဟု ထင်ခဲ့မိသည်။ အခုတော့ ယဲ့လီကျူးက စကားပြောသိမ်မွေ့စွာ ကျက်သရေရှိလှသော သမီးကြီးဖြစ်လို့နေသည်။
အဓိကက ယဲ့လီကျူးတွင် လှပသောမျက်နှာနှင့် စွဲမက်ဖွယ်ကိုယ်လုံး ရှိနေခြင်းပင်။
ယဲ့လီကျူးအမေ ကျန်းသခင်မက မြို့တော်တွင် အလှဆုံးဟူသော ဘွဲ့ကို ရထားသူဖြစ်သည်။ သူမ၏အလှနှင့် နောက်ခံကြောင့် ယဲ့ဖူအန်း၏ ဇနီးအဖြစ် လက်ထပ်နိုင်ခဲ့သည်အထိ ကံကောင်းခဲ့သည်။ အခုချိန်ထိ ကျန်းသခင်မသည် ဆယ်နှစ်ကျော်ကြာသည့်တိုင်အောင် မြို့တော်က မိန်းကလေးများ မနာလိုအားကျရသည့်သူ ဖြစ်နေဆဲပင်။
ယဲ့လီကျူး၏ အခုပုံစံကိုတွေ့တော့ သူမစိတ်ထဲတွင် အပ်အစင်းတစ်ရာလောက် လာထိုးနေသလို ယားကျိကျိ ဖြစ်နေတော့သည်။
ဝူသခင်မက လက်ဖက်ရည်ကို တစ်ချက်သောက်ကာ ဆက်ပြောပြန်သည်။
“သခင်မလေးသာ ပြန်လာတာ တို့က ကောင်းတာလေးဘာတစ်ခုမှ မပြင်ဆင်ထားရဘူး။ ဒီမှာ လက်ဝတ်ရတနာလေးတွေပါ။ သခင်မလေးကိုပေးတာ။ ဒါလေးတွေ ဝတ်ပြီး မနက်ဖြန်နန်းတော်ထဲကို သွားပေါ့”
ရှင်းအာက ရတနာဘူးကိုကိုင်ရင်း ချိုသာစွာပြော၏။
“ဒါက သခင်မအတွက် သီးသန့်လုပ်ပေးတဲ့ ပန်းထိမ်သည်ဆီမှာ အပ်ထားတာ သခင်မလေးရဲ့။ ဒါအတွက် အများကြီးကုန်ထားရတာ။ သခင်မလေးအပေါ်ထားတဲ့ စေတနာလေးပါ” ယဲ့လီကျူးက ပြုံးလိုက်ရင်း ယူထားလိုက်ဖို့ ပြောလိုက်၏။
တစ်နာရီလောက် စကားပြောပြီးကြတော့ ယဲ့ကျာ့ယိုတစ်ယောက် ကျောင်းက ပြန်လာတော့သည်။
ယဲ့ကျာ့ယိုခမျာ ဒီနေ့တစ်နေ့လုံး တစ်ပူပန်နေရသည်။ မင်းသားချင်ကများ သူ့အစ်မကို အိမ်ရှေ့မင်းသားနှင့် ပေးစားလိုက်မလားဆိုကာ တွေးပူနေရသည်။ သူ့အဖေက ထိုကိစ္စကို ကိုင်တွယ်နိုင်သည်ဆိုသော်လည်း သူကတော့စိတ်ပူဆဲပင်။
သူ့အစ်မကို သူ အစောကြီးလက်မထပ်စေချင်ပေ။ သူမသာ အိမ်ရှေ့မင်းသားကိုလက်ထပ်လိုက်လျှင် သူမကို အနိုင်ကျင့်ကြလိမ့်မည်။ မင်းသားက ဘုရင့်သားတော်ဖြစ်ကာ ယဲ့မိသားစုက အမတ်ချုပ်ကြီးမို့ သူမဘေးကြပ်နံကြပ် ဖြစ်လိမ့်မည်။ ထို့ကြောင့် တောက်ဟန်ဝမ်က သူ့ကို ပြောစရာရှိသည်ဆိုကာ ဆွဲထားတာကိုတောင် လွယ်အိတ်နှင့်ကောက်ထုခဲ့ပြီး အပြင်သို့ထွက်လာတာ ဖြစ်သည်။
အိမ်ပြန်ရောက်တော့ ယဲ့လီကျူး၏ ကျင်းရွှေအဆောင်ကို ပြေးလာခဲ့သည်။ သူအထဲမရောက်ခင်မှာပင် အစေခံမလေးက တံခါးကနေဆီးကြို၍ ပြောသည်။ “သခင်လေး….သခင်မဝူရောက်နေတယ်”
ကျာ့ယိုသည် ခေါင်းညိတ်ကာ အထဲသို့ဝင်သွားသည်။
ဒီလိုနှင့် လက်ဆင့်ကမ်းကြရင်း အထဲကလည်း သူရောက်လာနေသည်ကို သိသွားကြသည်။
ဒီနေ့တော့ ယဲ့ကျာ့ယိုက ဘရိုကိတ်ဝတ်စုံကိုဝတ်ထားပြီး ရွှေအိုရောင် လည်ပင်းပုံလေးနှင့်ဖြစ်သည်။ သူ့ဆံနွယ်တွေကို ရွှေရောင်မကိုဋ်ဖြင့် အုပ်ထားပြီး ပုံစံလေးက ကလေးဆန်သော်လည်း ချောမောသည်။
ဝူသခင်မက အပြုံးနှင့် ပြောလိုက်၏။
“ကျာ့ယိုတောင် ပြန်လာပြီပဲ။ ပြန်ရောက်ရောက်ချင်း အစ်မရဲ့အဆောင်ကို ပြေးလာတာလား အစ်မ အနားယူတာကို နှောင့်ယှက်မိမှာ မစိုးဘူးလား”
ယဲ့ကျာ့ယိုက အရိုအသေပေးလိုက်သည်။ “သခင်မကို နှုတ်ဆက်ပါတယ်။ တစ်နေ့လုံးအဆင်ပြေရဲ့လား”
“ပြေပါတယ် ထိုင်ဦးလေ”
ယဲ့ကျာ့ယိုက ယဲ့လီကျူးနား သွားထိုင်လိုက်တော့ သူမက သူ့နဖူးလေးကို ပွတ်သပ်ပေးသည်။
“ချွေးတွေရွှဲနေတာပဲ။ ပြေးလာတာလား လှည်းနဲ့လာတာမဟုတ်ဘူးလား”
ယဲ့ကျာ့ယိုက ပြန်ဖြေသည်။ “ကျောင်းကနေတော့ လှည်းနဲ့လာတာပါ။ လှည်းက အိမ်တော်ရှေ့ပဲ ရောက်တယ်လေ။ အာ့ကြောင့်ပြေးလာတာ”
ယဲ့လီကျူးက သူ့ကို လက်ကိုင်ပဝါနှင့်သုတ်ပေးကာ တစ်ချိန်တည်းမှာပင် ယုရှားကို လှမ်းပြောလိုက်သည်။
“သခင်လေးဖို့ အပူသက်သာစေမဲ့ စွပ်ပြုတ်တစ်ခုခုယူခဲ့”
မောင်နှမနှစ်ယောက် ချစ်ခင်နေကြတာကိုကြည့်ပြီး ဝူသခင်မက လက်စွပ်ကို ပွတ်သပ်ကာ ပြောလိုက်၏။
“နောက်ကျနေပြီဆိုတော့ တို့ပြန်တော့မယ်။ ကျာ့ယို….သားအတွက် အမေ စားတော်ကဲကို သေချာချက်ခိုင်းထားတယ်။ သားအကြိုက် အသားနှပ်လေ။ သားအမက အသားမစားဘူးဆိုတော့ ညစာကို အမေနဲ့ လာစားပေါ့”
ယဲ့ကျာ့ယိုက ပြောလို်က်သည်။ “သခင်မရဲ့အားထုတ်မှုကိုကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ရာသီဥတုကပူတော့ ကျွန်တော် အသားမစားတော့ပါဘူး။ ဒီမှာ မမနဲ့ပဲ သားသတ်လွတ်စားလိုက်ပါ့မယ်။ အဆင်ပြေပါတယ်”
ကျင်းရွှေဟွမ်က ထွက်လာတော့ သူမဆင်မြန်းထားသမျှ အပြုံးတွေ ပျောက်ကုန်သည်။
ရှင်းအာကလည်း ပွစိပွစိလုပ်နေ၏။
“သခင်လေးက သခင်မနဲ့နှစ်တွေအများကြီး အတူရှိခဲ့တာပါ။ အခုတော့ဒင်းပြန်ရောက်လာမှ သခင်မကို မေ့နေပြီ။ တကယ့်ကိုမြေခွေးမပဲ”
ဝူသခင်မက သူမကို တစ်ချက်ကြည့်လိုက်၏။
ရှင်းအာက ချက်ချင်းပဲ သူမပါးစပ်ကို ပိတ်လိုက်ကာ ဘေးဘီကို လှည့်ပတ်ကြည့်လိုက်သည်။ တကယ်တော့ ဒီလိုကိစ္စမျိုးဆိုတာ အပြင်ကို ထုတ်ပြောသင့်တာမျိုး မဟုတ်ပေ။
ဝူသခင်မလည်း စိတ်မသက်မသာ ဖြစ်နေသည်။ ယဲ့ကျာ့ယိုက သူမကို အပေါ်ယံတွင် တလေးတစား ဆက်ဆံသော်လည်း တကယ်တမ်းကျ ရှောင်နေခြင်းဖြစ်သည်။ ဒါကလည်း သူမ၏ နောက်ဆုံးတစ်ခေါက်က အမှားကြောင့်ဖြစ်သည်။ ထိုအမှားက ကောင်လေးကိုသံသယဝင်စေခဲ့သည်။ ယဲ့ကျာ့ယိုက ယဲ့ဖူအန်းလိုပင် အရမ်းထက်မြက်သည်။
ဝူသခင်မတွင် ကလေးမရှိပေ။ သူမက ကလေးမမွေးနိုင်လို့ မဟုတ်ဘဲ ယဲ့ဖူအန်းက ကလေးရနိုင်မည့် အခွင့်အရေးမျိုး မပေးခဲ့တာဖြစ်သည်။ ယဲ့ဖူအန်းက သူ့သားနှင့် သူ့သမီးကိုပဲ ချစ်၏။ သူတို့မောင်နှမရှိလျှင် သူမ ကလေးရခဲ့လျှင်တောင် သွေးတက်နေရဦးမည်သာ။
ယဲ့ဖူအန်းက မောင်နှမတွေ တိုက်ခိုက်ကြမှာမျိုးကိုလည်း မလိုလားပေ။ ဒီနှစ်ပိုင်းတွေအတွင်း ကိုယ်လုပ်တော်အရေအတွက်တွေသာ များလာပြီး ကလေးကတော့ နှစ်ယောက်တည်း ရှိနေသေးတာကို ကြည့်တာနှင့်တင် သိနိုင်သည်။
သူမက လက်ထဲက စိပ်ပုတီးကို ကိုင်ကာ “ဘုန်းတော်ကြီးစွာသောအရှင်ဘုရား” ဟု ရေရွတ်ကာ အဆောင်သို့ ပြန်သွားတော့သည်။
ဝူသခင်မ ထွက်သွားတာကိုမြင်မှ ယဲ့ကျာ့ယိုလည်း အင်္ကျီအမြန်လဲလိုက်သည်။ ယဲ့လီကျူးကတော့ သူ့ဆံပင်တွေကို ပြန်ထုံးပေးနေ၏။ သူက ပြောလိုက်သည်။ “ဝူသခင်မက အရမ်းမာယာများတာ။ ဒါပေမဲ့ နှစ်အတော်ကြာအောင်တော့ အမှားမရှိဘဲ နေနိုင်ခဲ့တယ်။ ကျူးကျူး သူ့ကိုမယုံနဲ့။ သူပေးတာတွေဆို မစားချင်မစားနဲ့။ မလုပ်ချင်ရင် ဘာမှမလုပ်နဲ့။ တစ်ခုခုလိုအပ်ရင် ကျွန်တော်နဲ့ အဖေ့ကိုပြော”
ယဲ့လီကျူးက ခေါင်းညိတ်လိုက်သည်။
သူမမှာ လုပ်စရာမရှိတော့ဘူးဆိုတော့ သူမနှင့်အတူ ယဲ့ကျာ့ယိုက ညစာ စားသည်။ ယဲ့ကျာ့ယိုခမျာ သူ့အစ်မ သားသတ်လွတ်ဟင်းတွေကို အနည်းငယ်သာ စားပြီး မစားနိုင်တော့သည်မို့ ယဲ့ဖူအန်းအဆောင်သို့ပြေးကာ ထမင်းစားရလေသည်။
……..
တိရှောင်းက ယဲ့လီကျူးကို အိပ်မက်မက်ခဲ့သည်။ သူမက လှပသော ခုံပေါ်တွင် ကနွဲ့ကလျနှင့် လဲလျောင်းနေကာ သူမ ဝတ်စုံလေးက လေထဲတွင် လွင့်မြူးနေသည်။ ကျောက်စိမ်းလို ခြေဖဝါးလေးတွေက လှပလွန်းပါဘိ။
တိရှောင်းလျှောက်လာတော့ သူမက မျက်လုံးလေးပင့်ကာကြည့်လိုက်သည်။ သူမ၏နှင်းလို အသားအရေလေးက ရဲခနဲရှက်သွေးဖြာသွား၏။ သူမက တိရှောင်းကို ကြည့်သည်။
ယဲ့လီကျူးအလှက ယစ်မူးဖွယ်ရာပင်။ တိရှောင်းက မျက်လုံးကို လွှဲကာကြည့်လိုက်၏။
“မင်းအဝတ်တွေ သေချာပြန်ဝတ်ထား”
ယဲ့လီကျူးဝတ်စုံလေးက လေထဲတွင်လွင့်မြောနေသည်။ သူမ ခါးလေးက ကျဉ်သွယ်ပြီး ပါးလေးကို လက်ကလေးနှင့် ထောက်ထား၏။ “အရှင့်သား ကျွန်မကို ကြည့်ပါဦး”
တိရှောင်းတစ်ယောက် မနေနိုင်တော့ဘဲ ကြည့်လိုက်မိသည်။ ထိုစဉ် မမျှော်လင့်ဘဲ ယဲ့လီကျူးက ထရပ်လိုက်ကာ သူ့ရင်ခွင်ထဲသို့ ပစ်ဝင်လာသည်။ “ကျွန်မကလေ အရှင့်သားကို စမြင်ကတည်းက ချစ်ခဲ့ရတာ။ ကျွန်မကို လက်ထပ်ပါလားဟင်။ ရှန်ကျိုးကို ခေါ်သွားလေနော်….နော်”
တိရှောင်းတစ်ယောက် တင်းကြပ်နေအောင် အဖက်ခံထားရသဖြင့် တစ်ကိုယ်လုံး တောင့်တင်းနေတော့သည်။
သူမှတ်မိသလောက်ဆို မိန်းမတစ်ယောက်ဖက်တာခံရတာ ဒါပထမဆုံးပင်။
တိရှောင်း မရိုင်းချင်ပေ။ သူ့ရင်ခွင်ထဲက ရဲတင်းသောမိန်းမလှကို ခွာထုတ်ချင်လှသည်။ ဘယ်မိန်းမမှ မခိုဝင်ဘူးသော သူ့ရင်ခွင်ထဲကို သူမက ရဲတင်းလှစွာရောက်လာသည်အထိ ရိုင်းပျလှသည်။
တိရှောင်းက အေးစက်သောမျက်နှာထားဖြင့်ဆိုလိုက်၏။ “ငါ့နားကို မကပ်နဲ့။ ဒါမျိုး လျှပ်ပေါ်လော်လီတာမျိုး ငါမကြိုက်ဘူး” သူငြင်းတာကို ကြားရသည့် ယဲ့လီကျူး၏ မျက်လုံးလေးထဲတွင် မျက်ရည်တို့ ပြည့်လျှံလာသည်။ “ရှင်…..အရှင့်သားက လီကျူးကို မချစ်ဘူးပေါ့….. ဟင့်အင်း ဟင့်အင်း ကျွန်မ အိမ်ရှေ့မင်းသားအစ်ကိုကိုပဲ သွားရှာတော့မယ်”
သူမက ပြောရင်းဆိုရင်း သွားမည့်ဟန်ပြင်ကာ အနောက်သို့လှည့်လိုက်သည်။
“အိမ်ရှေ့မင်းသား” ဟူသည့် နာမည်ကိုကြားလိုက်သည်နှင့် တိရှောင်းတစ်ယောက် မနာလိုမှုတွေ လှိုက်တက်လာကာ သူမကို သူ့အောက်သို့ ဖိဆွဲချလိုက်တော့သည်။ “ကျုပ် ခွင့်မပြုနိုင်ဘူး”
သူ့လက်ကြမ်းကြီးများနှင့် ယဲ့လီကျူး၏ပါးပြင်နုနုလေးများကို ပွတ်သပ်လိုက်၏။ “ဒီမင်းသားက သူ့ကို အစ်ကိုလို့ ခေါ်တာကို တားမြစ်တယ်”
ယဲ့လီကျူး ဘာစကားမှပြန်မပြောနိုင်သေးခင်မှာပင် သူမကို ကြမ်းတမ်းစွာဖြင့် ခုံပေါ်သို့ လှဲချလိုက်တော့သည်။
အိပ်မက်ထဲတွင် တိရှောင်းက တကယ့်ကို ဆိုးသွမ်းလွန်းသည်။ သူ့ကို ယဲ့လီကျူးလေးက အစ်ကိုကြီးဟု ခေါ်ညည်းအောင် အကြိမ်ကြိမ် ပြုလုပ်၏။
ယဲ့လီကျူးလေးခမျာ မိုးရေတွေလို သည်းထန်စွာငိုရရှာသည်။ တိရှောင်းက သူမလေးကို ဖက်ထားပြီးပြော၏။
“လီကျူးလေးက အခုလိုတောက်လျှောက်ငိုနေတော့မယ်ဆို အငိုသန်လေးလို့ပဲ နာမည်ကို ပြောင်းပစ်လိုက်တော့မယ်ကွာ”
တိရှောင်းမျက်လုံးတွေကို ဖွင့်ကြည့်မိတော့ ရောင်နီပျိုးစပဲရှိသေးသည်။
သူတစ်ခုခုမှားနေသလို တိရှောင်းခံစားရ၏။
အဲ့ဒီယဲ့လီကျူးက တကယ့်ကိုစုန်းမလေးပဲ။ နှစ်ခါတည်းတွေ့ရုံနဲ့တောင် သူ့ဣန္ဒြေတွေကို ပျက်စေတယ်။
တိရှောင်းက သူ့ကိုယ်သူ လူကြီးလူကောင်းဟုသာ တွေးထားခဲ့သည်။ သူက သေချာပေါက် တဏှာရူး မဟုတ်ပေ။ သူက အင်အားကြီးမားသူ၊ လူပေါင်းများစွာက သူ့ဆီက မျက်နှာသာကို လိုချင်ခဲ့သဖြင့် လှပလွန်းသောမိန်းမများကို ပဏာဆက်ခဲ့တာတောင် သူ ဘယ်သူ့ကိုမှ လက်မခံခဲ့ပေ။
အခုတော့ ယဲ့လီကျူးကို နှစ်ခါလေးတွေ့ဖူးရုံနဲ့တောင် သူ့သမာဓိတွေ မခိုင်ချင်တော့ပေ။
သူ အိပ်ရာပေါ် ပက်လက်လန်နေစဉ်မှာပင် အစေခံတစ်ယောက်က သူ့ကို ဝတ်စုံဝတ်ရာတွင် ကူညီပေးဖို့ ရောက်လာခဲ့သည်။ အစောကြီးရှိသေးသော်လည်း သူတို့အတွက်တော့ ကျင့်သားရနေလေပြီ။ သူတို့မင်းသားက မနက်အစောကြီး သိုင်းလေ့ကျင့်တတ်တာကို သိထား၏။
တိရှောင်းက အရပ်ရှည်ကာ ခန္ဓာကိုယ်က ကြည့်ကောင်းလှသည်။ သူက ကြွက်သားတောင့်တင်းပြီး မကြီးလွန်း မသေးလွန်းပေ။ အိပ်မက်ထဲတွင် တိရှောင်းက ယဲ့လီကျူးကို ထိုခန္ဓာကိုယ်အားသုံးပြီး မျက်ရည်ကျအောင် အနိုင်ကျင့်ခဲ့သည်။
သို့သော် ဘယ်လိုနေနေ အိပ်မက်က အိပ်မက်ပါပဲ။
သူမ၏ အငွေ့အသက်ကို သူ မခံစားရ သူမ၏ နှလုံးခုန်သံကို သူ မကြားရပေ။
တကယ့်လက်တွေ့တွင် သူမက တကယ်ပဲနူးညံ့ကာ အငိုသန်သလား သိချင်မိသည်။
သူအတွေးထဲမျောနေတုန်း အစေခံလေးက ခါးပတ်ကို မှားချည်ကာ အမှားနှစ်ခု လုပ်လိုက်သည်မို့ သူ့အတွေးစ ပြတ်သွားရသည်။
သူ ယဲ့လီကျူးကိုတွေးရင်း အချိန်တွေ ကုန်ဆုံးခဲ့တာလား နှစ်ခါပဲတွေ့ရသေးတာတောင် ဒီလောက် လွမ်းနေတာလား ဒီမိန်းမနဲ့တော့ ဒုက္ခပါပဲ။
သို့သော် ယဲ့လီကျူးသာ သူ့ကို အင်္ကျီဝတ်ပေးလျှင် ဒီလိုနမော်နမဲ့နိုင်မှာ မဟုတ်ဘူးဟု တွေးမိပြန်သေးသည်။
တိရှောင်းတစ်ယောက် သူ့ခါးပတ်ကို ကိုယ်တိုင်ပတ်ကာ အစေခံလေးကို ဆူလိုက်၏။
“ငတုံး”
အစေခံလေးခမျာ ကြောက်ကြောက်လန့်လန့်နှင့် ဒူးထောက်ကာ တိရှောင်းထွက်သွားသံကိုပဲ နားစွင့်နေလိုက်ရတော့သည်။
…