Translation of Pearl In The Palm.
ဖဝါးထက်က ပုလဲသွယ် (၉)
________
ယဲ့လီကျူးလုံးဝပျောက်ကွယ်သွားသည်အထိ တိရှောင်ငေးကြည့်နေမိသည်။
ယဲ့လီကျူး၏ လမ်းလျှောက်ပုံက အလွန်လှ၏။ ကြာပန်းလေး လေတွင်ယိမ်းသလို ခါးလေးယမ်းသွားပုံနှင့်အတူ သူမပုံစံလေးက ကျက်သရေရှိလွန်းလှသည်။
သူမခါးလေးက သေးသွယ်လွန်းကာ နူးညံ့မည့်ပုံပေါ်သည်။ ထို ခါးလေးကို ဆုပ်ကိုင်ထားရမယ်ဆို ဘယ်လိုခံစားရမှာပါလိမ့်။
ယဲ့လီကျူးတစ်ယောက် သူမအဆောင်သို့ ပြန်ရောက်ခဲ့သည်။ မားမားချန်တို့တစ်အုပ်စုလုံး သူမကို အတော်လေး လိုက်ရှာနေခဲ့ကြ၏။
မားမားချန်ကပြောသည်။ “သခင်မလေး ဘယ်တွေသွားနေတာလဲ ဒီအိမ်တော်ကြီးက အကြီးကြီးပဲ။ နောက်ရက်မှ ကျွန်မ လမ်းတွေလိုက်ပြပါဦးမယ်။ နောက်တစ်ခါ မသိရင်တစ်ယောက်တည်း လျှောက်မသွားနဲ့တော့နော်” ယဲ့လီကျူးက ခေါင်းညိတ်လိုက်သည်။
“အင်းပါ မားမားချန်ရဲ့ သိပါပြိ”
“နေက အရမ်းပူတာပဲ။ ဟဲ့ ရှောင်ဟုန် နင့်မမလေးဖို့ ထီးသွားယူခဲ့စမ်း။ သခင်မလေးကို နေမထိစေနဲ့”
ပန်းရောင် ၀တ်ထားသည့် အစေခံမလေးက ထီးပြေးယူကာ သူမအပေါ်သို့မိုးပေး၏။
ထိုအစေခံမလေးက မျက်လုံးရွဲကြီးတွေနှင့် ဆိုလာသည်။
“သခင်မလေးကို ကျွန်မ ထီးမိုးပေးမယ်နော်”
ယဲ့လီကျူးက ထိုအစေခံလေးဘေးမှ လျှောက်လာရင်း သူမကိုကြည့်မိသည်။ အတော်လေး လှတာပဲဟုလည်းကောက်ချက်ချမိ၏။ ထို့နောက် သူမက သူ့ကိုစကားနည်းနည်းစလိုက်သည်။
“မင်းနာမည်က ရှောင်ဟုန်လား ဒီနှစ်ဆို အသက် ဘယ်လောက်ရှိပြီလဲ”
ရှောင်ဟုန်က ပြုံးကာပြောသည်။
“နာမည်အရင်းက ဟုန်ဟွားပါ။ လူတွေက သိပ်မလှဘူးဆိုလို့ ရှောင်ဟုန်လို့ပဲ ခေါ်ခိုင်းလိုက်တာ။ နူးဘီက ဒီနှစ်ဆို ဆယ့်ခြောက်နှစ်ပြည့်ပါပြီ”
ကျင်းရွှေဟွမ်တွင် ယဲ့လီကျူး စာအုပ်အနည်းငယ် ဖတ်ပြီးနောက် နေ့လယ်စာစားပြီး ထိုင်ခုံပေါ်တွင် ပျင်းရိစွာထိုင်ကာ ပန်းထိုးနေတော့သည်။
ယဲ့လီကျူးက ရှောင်ဟုန်ကို သဘောကျတာ တွေ့ရသည်မို့ မားမားချန်က ရှောင်ဟုန့်ကို သူမအတွက် လက်ဖက်ရည် ဆက်စေသည်။ ပုံမှန်တော့ သူမကို အခန်းထဲ ရေနှင့် လက်ဖက်ရည်ပို့ရသည့် အစေခံမလေးနှစ်ယောက် အမြဲရှိသည်။
ရှောင်ဟုန်က ထက်မြက်သည်။ ကျင်းရွှေဟွမ်တွင် အစေခံပေါင်း တစ်ဒါဇင်လောက် ရှိသော်လည်း အတွင်းခန်းတွင် ခစားရသူက အနည်းငယ်သာရှိသည်။
သူမက လက်ဖက်ရည်ကို ဖျော်ကာ ယဲ့လီကျူးကို လက်လေးနှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။
“သခင်မလေး လက်ဖက်ရည်သုံးဆောင်နော်။ ဒါက ဒီနှစ်ရဲ့ ရွက်သစ်ခြောက်လေ။ နန်းတော်ကလည်း တစ်နှစ်ကို လမုန့်၁၀ခုစီ ချီးမြှင့်တယ်။ မိဖုရားခေါင်ကြီးနဲ့ ကိုယ်လုပ်တော်နည်းနည်းလောက်ပဲ ရကြတာ။ နူးဘီတို့အိမ်တော်ကတော့ ၁၀ခုရတယ်။ သခင်ကြီးက သုံးခုယူတယ်။ နောက်သုံးခုကို သခင်လေးဆီ ပို့တယ်။ ကျန်တာတော့ သခင်မလေးအတွက်ပဲ။
ယဲ့လီကျူးက လက်ဖက်ရည်ခွက်ကို ကြည့်လိုက်သည်။ တကယ်အဖြူရောင်လေးပဲ။
သူမသောက်ကြည့်ကာ ပြောလိုက်၏။ “မင်းက တကယ်စကားပြောကောင်းတာပဲ။ ရှောင်ဟုန်လို့ မခေါ်တော့နဲ့ သာမန်ဆန်လွန်းတယ်။ ယုရှားလို့ ပြောင်းခေါ်မယ်လေ”
နာမည်အသစ်ရသွားသည့်ရှောင်ဟုန်တစ်ယောက် ချက်ချင်းပျော်ရွှင်သွားသည်။ “နာမည်ပေးတာ ကျေးဇူးပါ သခင်မလေးရယ်”
ယဲ့လီကျူးက ခေါင်းညိတ်ရင်း လက်ဖက်ရည်ခွက်ကို ချလိုက်သည်။ “တို့ တစ်ရေးလောက်အိပ်ဦးမယ်။ မင်းတို့သွားကြတော့လေ”
အစေခံတွေလည်း ကြာကြာမနေရဲကြပေ။ ပြတင်းပေါက်တွေပိတ်ကာ ရေခဲတွေလည်း ယူသွားပြီးလိုက်ကာတွေပါ ချထားခဲ့၏။
ယဲ့လီကျူးကတော့ ပုံမှန်ဝတ်စုံဖြင့်ပင် လှဲအိပ်လိုက်သည်။ သူမရင်ဘတ်က တင်းကြပ်နေပြီး နေရတာ အဆင်မပြေပေ။ မအိပ်ခင်လေးမှာတော့ နေ့လယ်က နံရံအကြောင်းကို စဉ်းစားနေမိတော့သည်။
…
တိရှောင်း ပြန်လာသည့်အချိန်အထိ ကျောက်ယွင်နှင့် ယဲ့ဖူအန်းတို့ စကားမပြတ်ကြသေးပေ။ ကျောက်ယွင်ရော ယဲ့ဖူအန်းရောက စကားပြောကောင်းကြသည်။ တိရှောင်းထိုင်ပြီးနောက် ယဲ့ဖူအန်းက သူ့မုတ်ဆိတ်ကို လက်ဖြင့်သပ်ကာ “အရှင့်သား ဒီတစ်ခေါက်မှ ပြန်လာဖြစ်တာပဲဟာ မြို့တော်ကလည်း ဝေးတော့ ကြာကြာနေပါဦးလား”
တိရှောင်းကဖြေသည်။ ” ငါးရက်လောက်တော့ နေဦးမှာပါ။ ရှန်ကျိုးကလည်း အမှုကိစ္စက များတယ်လေ။ အဲ့ကျ ကြာကြာနေလို့တော့မရဘူး”
တိရှောင်းပြောတာကို ကြားတော့ ယဲ့ဖူအန်း စိတ်အေးသွားရသည်။ သူက တိရှောင်းကို မြန်မြန်ပြန်စေချင်လှပြီ။ သူရှိနေလျှင် ဘုရင်ရော အမတ်တွေပါ အနေရကြပ်လှ၏။
မင်းသားကျောက်ယွင်ကတော့ ဝိုင်ကိုထည့်ကာ ယဲ့ဖူအန်းနှင့် တိရှောင်းကို အကဲခတ်နေသည်။
“ယဲ့သခင်မလေးက လှပပြီး အကျင့်ကောင်းတယ်လို့ ကျုပ်ကြားတယ်။ အဆင်းရော အချင်းပါ ပြည့်စုံတယ်တဲ့။ အမတ်ချုပ်ကြီးယဲ့က ယဲ့သခင်မလေးအတွက် စေ့စပ်ကြောင်းလမ်းတာမျိုးများ လုပ်ပြီးပြီလား သိချင်မိတယ်”
‘ဒီအမြီးကြီးကြီးနဲ့ ဝံပုလွေကောင်က နောက်ဆုံးတော့ ဇာတိပြပြီပဲ။
မင်းက ငါ့အဖိုးတန်သမီးလေးကို အိမ်ရှေ့မင်းသားနဲ့ပေးစားချင်နေတာ ဟုတ်တယ်မလား’
ယဲ့ဖူအန်းက ဆိုလိုက်သည်။
“လှပပြီး အကျင့်သိက္ခာပြည့်စုံတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ သမီးလေးက ကောင်းချီးတော့ အပေးမခံရဘူးဗျာ။ ဖျားနာနေတော့ တစ်ယောက်တည်းနေရတယ်လေ။ လက်ထပ်ဖို့လည်း မဆုံးဖြတ်ရသေးပါဘူး။ သူက သူ့ဟာသူပဲ ကြီးပြင်းလာတာဆိုတော့ ကျွန်တော်မျိုးလည်း ဘယ်ဖိအားပေးချင်မလဲ။ သူ့ဟာသူပဲရွေးပါစေ”
ယဲ့ဖူအန်းက ထိုသို့သာပြောတာ တကယ်တော့ ယဲ့လီကျူး၏ လက်ထပ်ပွဲက သူ့အပေါ်တွင် မူတည်နေသည်။ မျိုးကောင်းရိုးကောင်း သန့်သန့်ပြန့်ပြန့်လူငယ်လေးရှိလျှင် ယဲ့လီကျူးနှင့် ပေးတွေ့လိုက်မည်။ သမီးလုပ်သူ သဘောကျတယ်ဆိုလျှင် သမီး၏ ဆန္ဒအတိုင်း လိုက်လျောလိုက်မည်။
ယဲ့လီကျူးက သမီးအကြီးဖြစ်သလို အတွင်းဆောင်တွင် ကြီးပြင်းရသူမို့ လူများများစားစားနှင့် တွေ့ဖူးမှာမဟုတ်ပေ။
တိရှောင်းက လက်ဖက်ရည်သောက်ရင်းရယ်လိုက်သည်။
“သူ့ဟာသူရွေးတဲ့လား”
ကျောက်ယွင်ကတော့ တိရှောင်းဝိုင်ခွက်ကို ဖြည့်ပေးကာ သူတို့ပြောတာကိုပဲ နားထောင်နေသည်။
ယဲ့ဖူအန်းက ခပ်ရွှင်ရွှင်ပြန်ပြောသည်။
“ကျွန်တော်ရော ကျွန်တော့်သမီးရော အလျင်မလိုပါဘူး။ သူကငယ်သေးတော့ နောက်နှစ်နည်းနည်းလောက်ထိ အိမ်မှာပဲ ပျိူးထောင်ပေးရဦးမယ်။ ဒါနဲ့ မင်းသားချင်ရော အိမ်ထောင်မပြုသေးဘူးလား မင်းသားအတွက်သာ အိမ်ထောင်ရှာပေးနေတာ ကိုယ်တိုင်ကျ ကိုယ်လုပ်တော်တောင် မရှိသေးဘူးမလား။ ညီနောင်အတွက် ကျုပ်စိတ်ပူမိတယ်။ အခု ကျုပ်ဆီကို ကချေသည်အသစ်လေးနှစ်ယောက် ရောက်ထားတယ်။ တောင်ဖက် ယန်ကျဲမြစ်ကလာတာ။ ကြည့်ပါဦးလား။
တိရှောင်း တစ်ချက်တွန့်သွား၏။ ဘယ်သူက ယဲ့ဖူအန်းနဲ့ ညီနောင်တွေဘာတွေ ခေါ်ချင်လို့လဲ။
ပြောရင်းဆိုရင်း ယဲ့ဖူအန်းက လက်ခုပ်တီးလိုက်တော့ အသားပေါ်အောင်ဝတ်စားထားသော ကချေသည်တစ်အုပ်က စင်ပေါ်သို့ ရောက်ရှိလာသည်။
ယဲ့ဖူအန်းအမြင်က တကယ်ကောင်းသည်။ ကချေသည်တွေအကုန်ကြော့ရှင်းကာ အသံသာကြသည်။
တိရှောင်းက သူတို့ကို မကြိုက်တာတော့ နှမြောစရာ။
ယဲ့ဖူအန်းက ပြောပြန်သည်။ “အိမ်ရှေ့မင်းသားလည်း နောက်နှစ်ဆို အိမ်ထောင်ပြုရတော့မယ်မလား လော့လင်းနဲ့ လော့တန်းရဲ့ သမီးတွေလည်းမဆိုးဘူးနော်။ မင်းသားသာ ကြင်ယာတော်ကို မြို့တော်ထဲက ရွေးချယ်မယ်ဆို သူတို့က အကောင်းဆုံးပဲ၊၊ ကျွန်တော်မျိုးတောင် မနေ့ညက သမီးလုပ်သူနဲ့ စကားပြောဖြစ်သေးတယ်။ ကောင်မလေးက ငယ်ရွယ်ပြီး မာနလေးက ကြီးသေး။ သူက ပြောသေးတာ သူက အားနည်းပြီး အတွင်းဆောင်မှာပဲ ကြီးခဲ့ရလို့ သူ့မှာ နှစ်နှစ်လောက်ကြီးတဲ့ အမရှိရင် ကောင်းမှာပဲတဲ့။ အဲ့လိုသာဆို သူ့အစ်မကို လူတိုင်းသဘောကျကြတဲ့ မင်းသားနဲ့ သဘောတူမယ်ဆိုပဲ”
ကျောက်ယွင် “…..”
ယဲ့ဖူအန်း….ဒီမြေခွေးအိုကြီးကတော့ သူ့သမီးကို သူတို့နဲ့ မပေးစားချင်လို့ ပေါ်တင်ကြီးကို နေမကောင်းဘူးပြောလိုက်၊ ကံမကောင်းဘူးပြောလိုက်၊ အခုလည်း အသက်ငယ်တယ်ဖြစ်သွားပြန်ပြီ။ ယဲ့သခင်မလေးက သူ့ကို အစ်ကိုခေါ်တာ ပုံမှန်ပဲဆိုပေမဲ့ သူ့ဦးလေးကလည်း ယဲ့သခင်မလေးကို စိတ်ဝင်စားနေတာဆိုတော့ သူ့ကို ညီနောင်ခေါ်လိုက်တာကတော့ ကျောက်ယွင်အတွက် စိတ်မသက်သာစရာပင်။
…
ကချေသည်က သီဆိုကပြနေပြီး သူမဘေးတွင်လည်း ဂီတပညာရှင်တွေရှိနေသည်။ တိရှောင်းက ဂီတသမားတွေကို အေးစက်စက် တစ်ချက် ကြည့်လိုက်၏။
သူတို့လည်း မင်းသားချင်အကြည့်ကို ကြောက်ကာ အတီးရပ်သွားကြသည်။
တိရှောင်းက ပြောလိုက်၏။ “ထွက်သွားကြ”
ကချေသည်တွေလည်း သီဆိုကခုန်နေတာကို ရပ်ကာ အတန်းလိုက်ရပ်ပြီး သူတို့ခေါင်းတွေကို ငုံ့ထားလိုက်ကြတော့သည်။
ယဲ့ဖူအန်းက သူ့မုတ်ဆိတ်ကိုသပ်ကာ ဆိုသည်။ “သူတို့က မင်းသားချင်အကြိုက် မဟုတ်ဘူးထင်တယ်”
“ဒီမင်းသားက ဒါမျိုးတွေ စိတ်မဝင်စားလို့ပါ”
ယဲ့ဖူအန်းက အပြုံးဖြင့် ဆိုပြန်သည်။ “မင်းသားက တကယ်ကြေးများတာပဲ။ ကဲ မင်းတို့အားလုံး သွားကြတော့”
သူသာ ဒီအချိန် သူ့သမီးယဲ့လီကျူးကို သဘောကျနေတယ် ပြောလိုက်ပါက ယဲ့ဖူအန်းသေချာပေါက် ကမူးရှူးထိုးတွေ ဖြစ်ကုန်မှာကို တိရှောင်းသိနေသည်။
ဒီမြေခွေးအိုကြီးပြောသမျှက သူ့ကို စိတ်မသက်မသာ ဖြစ်စေသည်။ သူကလည်း ယဲ့ဖူအန်းကို စိတ်ချမ်းသာမှု မပေးချင်ပေ။
တိရှောင်းက အေးစက်စွာ ပြုံးကာပြောလိုက်သည်။ “နောက်ကျနေပြီဆိုတော့ မင်းသားရေ ငါတို့ပြန်ကြရအောင်။ ဒါနဲ့ အမတ်ချုပ်ကြီးယဲ့ရဲ့သမီးက အခုမှပြန်ရောက်တာဆိုတော့ မိဖုရားခေါင်ကြီးကို ဂါရ၀မပြုရသေးဘူးမလား သူ့ကိုနောက်ရက်ကျ နန်းတော်ထဲလွှတ်လိုက်လေ။ သူ့အစ်ကိုမင်းသားကလည်း သူ့ကိုတွေ့ချင်နေတယ်လို့ပါပြောလိုက်ပါဦး”
ကျောက်ယွင်လည်း ကြက်သီးထသွားသည်။
ယဲ့ဖူအန်း “ဟမ်”
တိရှောင်းအပြုံးက ပို၍အေးစက်လာသလို အကြည့်တွေကလည်း ကျောချမ်းဖွယ်ဖြစ်လာသည်။
“ပြောပြီးပြီဆိုတော့ မနက်ဖြန် မိဖုရားခေါင်ရဲ့လူတွေကို အိမ်တော်ဆီလွှတ်လိုက်မယ်”
ယဲ့ဖူအန်းခမျာ သူဘာတွေပြောသွားတာလဲ နားမလည်နိုင်အောင်ဖြစ်နေသည်။
ဒီကောင်နားမလည်တာလား။ သူ့သမီးက ငယ်ရွယ်၊ ကံမကောင်း အားနည်းလို့ အိမ်ရှေ့မင်းသားနဲ့ မသင့်တော်ပါဘူးဆိုတာကို။ တိရှောင်းက ဘာလို့ဒီလောက် စိတ်ညစ်စရာကောင်းရတာလဲ။ သူ့သမီးလေးကို မိဖုရားခေါင်ဆီ ပို့ရဦးမယ်။
သူက ယဲ့လီကျူးကို လက်မထပ်စေချင်သေးလို့ အတင်း လက်ထပ်ခိုင်းနေတာများလား။
ယဲ့ဖူအန်းက ဆိုလိုက်သည်။ “သမီးလေးက နေမကောင်းလို့ အပြင်မသွားနိုင်ဘူးဖြစ်နေတာ”
တိရှောင်းက မျက်နှာထားမပြောင်းသော မြေခွေးအိုကြီးကို ကြည့်ကာ ကတ်သီးကတ်သတ် ပြောလိုက်သည်။ “အဲဒါဆိုလည်းအတော်ပဲ။ မိဖုရားခေါင်ကြီးနားမှာ အတော်တော်တဲ့ နန်းတွင်းသမားတော်တစ်ယောက်ရှိတယ်။ သူနဲ့ တစ်ခါတည်း ပြလိုက်ပေါ့။ အမတ်ချူပ်ကြီးယဲ့က အရှင်မင်းကြီးနဲ့ မိဖုရားခေါင်ကြီးကို မျက်နှာသာတော့ပေးမယ်မလား။ ဟုတ်တယ်မလား”
ယဲ့ဖူအန်းတစ်ယောက် စားပွဲတွေကိုလှန်ကာ မလုပ်နိုင်ဘူးကွာလို့ ပြောချင်လှသည်။
သို့သော် တိရှောင်းက လွယ်လွယ်သွားထိသင့်သူမျိုးမဟုတ်ပေ။ သူကလန်ကဆန် လုပ်လိုက်မှ အရှင်မင်းကြီးက ဇွတ်လက်ထပ်ခိုင်းလျှင် သူဘာမှလုပ်လို့ရမှာမဟုတ်တော့ပေ။
ယဲ့ဖူအန်း တွေးကြည့်မိတော့ သူ့သမီးအခြေအနေနှင့် မိဖုရားခေါင်ကြီးက လက်ထပ်ခွင့်ပြုမှာ မဟုတ်သလို မင်းသားကလည်း လက်ထပ်ပြီး နောက်ဆက်တွဲတွေကို စဉ်းစားလိမ့်မည်။
နန်းတွင်းသမားတော်ကို ကြည့်ခိုင်းပြီး မိဖုရားခေါင်ကြီးနှင့် မင်းသာကို ပြလိုက်လျှင် သူတို့ လက်လျှော့သွားလိမ့်မည်။
ယဲ့လီကျူး၏ပုံစံကိုလည်း ယဲ့ဖူအန်းသိသည်။ ယဲ့လီကျူးက ဘုရားကျောင်းတွင် နှစ်ပေါင်းများစွာ ကြီးပြင်းခဲ့ရပြီး လူတွေအများကြီးနှင့်မဆက်ဆံဖူးသော်လည်း ဘယ်အခြေအနေမျိုးမှာမဆို အဆင်ပြေအောင်လုပ်နိုင်သည်။
“ကောင်းပြီလေ။ ဒါဆိုသမီးလေးကို မနက်ဖြန် မိဖုရားခေါင်ကြီးကို နှုတ်ဆက်ဖို့နဲ့ နန်းတွင်းသမားတော်နဲ့ ပြဖို့ နန်းတော်ကိုလွှတ်လိုက်ပါ့မယ်”
တိရှောင်း၏မျက်နှာထား လျော့ကျသွားကာ ယဲ့ဖူအန်းကို အပြုံးတစ်ဝက်နှင့် “ဒါဆို ဒီမင်းသားကစောင့်နေပါ့မယ်။ အခုတော့ သွားလိုက်ပါဦးမယ်”
ယဲ့ဖူအန်းတစ်ယောက် တစ်ခုခုမှားနေသလို ခံစားနေရသည်။ တိရှောင်းပုံစံက သူ့ကိုဆန့်ကျင်နေသလို ထင်ရသော်ငြား ဘာမှားနေလဲဆိုတာကို ယဲ့ဖူအန်းအခုထိ အဖြေရှာမရပေ။
…