ဖဝါးထက်က ပုလဲသွယ် (၈)
________
ဝူသခင်မက အစေခံများကို ခေါင်းဆောင်ကာ ယဲ့လီကျူး၏ အဆောင်တော်သို့ ရောက်လာခဲ့သည်။ လမ်းတစ်ဝက်မှာပင် အိမ်တော်ထိန်း၏ ဇနီးဖြစ်သူနှင့် ဆုံ၏။
“သခင်မ…..သခင်ကြီးက အခုပဲ နန်းတော်ကနေ ပြန်ရောက်လာပါတယ်။ ပြီးတော့ အိမ်ရှေ့မင်းသားနဲ့ မင်းသားချင်ကလည်း ယဲ့အိမ်တော်ကို လာပါမယ်တဲ့။ မိဖုရားခေါင်ကြီးရဲ့နန်းဆောင်က မားမားလျန်ရှင်းလည်း ပါလာမယ်ပြောတယ်။ အဲဒါကြောင့် သူတို့ကိုကြိုဆိုဖို့ သခင်မ ပြင်ဆင်ရပါမယ်”
လျန်သခင်မရှိစဉ်က သူမနှင့် ယဲ့ဖူအန်းအတူရှိနေတိုင်း အားလုံးက လျန်သခင်မကို ငေးကြည့်ခဲ့ကြရသည်။ တော်ဝင်ကိုယ်လုပ်တော်တွေတောင်ပါ၏။ သူမကတော့ နောက်ခံနိမ့်ပါးသူမို့ လျန်သခင်မကို အားလုံးက ပစားပေးကြတာကို သူမ မကြိုက်ပေ။ အားလပ်ရက်တွေမှာသာ မိဖုရားခေါင်ကြီးကို သူမတွေ့ရသည်။ နန်းတော်ထဲက မားမားတစ်ယောက်ကိုလွှတ်တယ်ဆိုတာ ဒါပထမဆုံးပင်။
ဝူသခင်မက ပုတီးကိုလက်မှာကိုင်ရင်း ပြုံးကာပြောလိုက်သည်။ “ အခု သခင်မလေးကို သွားတွေ့မလို့။ မနေ့က ရောက်ကတည်းက မျက်နှာကို မမြင်ရသေးလို့လေ”
အဒေါ်စွန်းက ပြန်ပြော၏။
”သခင်မလေးက အငယ်ပဲဟာ သူဂါရ၀လာပြုပါလိမ့်မယ်။ အခုဧည့်သည်ကြိုဖို့ကိစ္စက ပိုအရေးကြီးတယ်”
ဝူသခင်မက ခေါင်းညိတ်ကာ သူမနောက်က အစေခံနှစ်ယောက်ကို လှည့်ပြောလိုက်၏။ “ဒီမုန့်တွေကို သခင်မလေးရဲ့အဆောင်ကိုယူသွား။ ငါက နှုတ်ဆက်တယ်ဆိုတာကိုလည်း ပြောဖို့မမေ့နဲ့”
အစေခံနှစ်ယောက်က ဦးညွတ်လိုက်ပြီး စားစရာတွေယူကာ ထွက်သွားတော့သည်။ အဆောင်ကို ရောက်တော့ တံခါးခေါက်သည့်အခါ မိန်းမငယ်လေးတစ်ဦးထွက်လာ၏။
အစေခံနှစ်ယောက် က ဆိုလိုက်သည်။ “သခင်မလေးနဲ့တွေ့ချင်လို့ပါ။ သခင်မလေးရှိလား”
ကောင်မလေးက ဆိုလိုက်၏။ “သခင်မလေးက အခုမှ စားပြီးလို့ အစာကြေအောင် ဥယျာဉ်ထဲ လမ်းသွားလျှောက်တယ်။ သခင်မက ဘာပြောစရာရှိလို့လဲ”
သူမတို့က စားစရာြခင်းကို ကိုင်ပြလိုက်ပြီး “သခင်မက မုန့်တွေပို့ခိုင်းလိုက်လို့ပါ။ ပြီးတော့ သခင်မလေးရဲ့ ကျန်းမာရေးအခြေအနေကိုလည်း မေးခိုင်းလိုက်ပါသေးတယ်”
ကောင်မလေးက မုန့်တွေကို လှယ်ယူပြီးနောက်သူမတို့နှစ်ယောက်ကို ထွက်သွားဖို့ပြောလိုက်သည်။
အစေခံနှစ်ယောက်က မုန့်သေတ္တာအခွံကို ယူလာပြီးလမ်းတွင် စကားပြောလာကြ၏။ “ဘယ်သူ့ကိုမှ အဖက်မလုပ်ဘူးဆိုတာ တကယ်နေမှာနော်။ သခင်မက ဒီအိမ်တော်ရဲ့ အရှင်သခင်မပဲကို။ သူ့ကိုတောင် လျစ်လျူရှုရဲတာ လက်မထပ်ခင် ဘဝကို ဘယ်လို ကောင်းကောင်းနေမှာလဲမသိဘူး”
တခြားတစ်ယောက်က ပြောလိုက်သည်။ “သူများတွေ ပြောတာကြားတာတော့ သခင်မလေးက ကျန်းမာရေး မကောင်းဘူးတဲ့။ လက်မထပ်ခင်တောင် သေမယ်ပြောနေကြတာ”
ယဲ့လီကျူးနှင့် မားမားချန်က ထောင့်တွင် ရှိနေကြသည်မို့ ထိုအစေခံနှစ်ယောက်ပြောသွားသမျှကို ကြားလိုက်သည်။ မားမားချန်ကတော့ ချက်ချင်းကိုဒေါသတွေထွက်ကာ ထိုနှစ်ယောက်ကို သွားဆူမယ်ပြင်၏။
ယဲ့လီကျူးကမျက်မှောင်ကျုံ့ရင်း မားမားချန်၏ အင်္ကျီလက်ကို ဆွဲထားလိုက်သည်။
“မားမားချန်….ထားလိုက်ပါ”
သူမက လှည့်ကာ တခြားဖက်သို့ လျှောက်လှမ်းလိုက်သည်။ “ကျွန်မက ယဲ့အိမ်တော်ကို အခုမှပြန်ရောက်လာခါစရှိသေးတာလေ။ ယဲ့အိမ်တော်က နဂိုအေးချမ်းနေတာကို ကျွန်မကြောင့် ပြဿနာမတက်စေချင်ဘူး”
မားမားချန်ကတော့ သူမနောက်လိုက်ရင်း ပြန်ဖြေသည်။
“သခင်မလေးက တိသမီးလေ။ ပြီးတော့ ဒီအိမ်တော်ရဲ့ အရှင်သခင်။ သူတို့ပြောတာ လွန်တယ်။ သခင်ကြီးသိရင်လည်း သခင်မလေးဖက်ကပဲ ရပ်တည်မှာ”
ယဲ့လီကျူးက ပြန်ပြောသည်။ “အဖေက ရုံးတော်က အလုပ်တွေနဲ့တင် အလုပ်အတော်များနေပါပြီ။ ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ သူ့ကို အလုပ်မရှုပ်စေချင်ဘူး။ ကိုယ့်နောက်မှာ မကောင်းပြောတဲ့သူရှိရင် အဲဒါကို မှားကြောင်းသက်သေပြလိုက်လို့ ရတာပဲ။ စကားကျွံတာက နှုတ်လို့မရဘူး။ မားမားရယ် ဒီတစ်ခါတော့ သူတို့ကိုထားလိုက်ပါ။ နောက်တစ်ခါထပ်လုပ်ရင် အိမ်တော်ကနေ မောင်းထုတ်လိုက်ပေါ့”
မားမားချန်က သူမကို သတိပေးသည်၊၊ “သခင်မလေးကလေ ဝူရှင်းဆရာတော်ရဲ့ကျောင်းမှာ နှစ်တွေအကြာကြီးနေလာတော့ ဘုန်းကြီးတွေပြောနေကျ တရားစကားတွေ၊ ကျင့်ဝတ်တွေကို နားရည်ဝနေလောက်တယ်။ ဒါပေမဲ့ သခင်မလေးရဲ့ အခု မြို့တော်မှာတော့ အဲဒါတွေက အသုံးမဝင်ဘူး။ သခင်မလေးသိပ်မကြာခင် နားလည်လာမှာပါ”
ယဲ့လီကျူး ဘုန်းကြီးကျောင်းမှာနေစဉ်က ဘာမဆို သူမဟာသူမပဲ လုပ်ရပြီး လူအုပ်စုကြီးနှင့်လည်း မနေဖူးပေ။
ပန်းဥယျာဉ်ထဲ ရောက်တော့ သူမထိုင်လိုက်ရင်း ပြောလိုက်သည်။ “အားလုံးသွားကြတော့လေ။ တစ်ယောက်တည်းနေချင်တယ်”
လူတွေထွက်သွားကြတော့ လေထုက ပို၍အေးစက်လာသည်။
ခုနက မိန်းကလေးပြောသွားတာ မှန်ကြောင်း ယဲ့လီကျူးသိနေသည်။ သူမက အတော်လေး ဖျားနာနေကာ ကုသလို့လည်း မရပေ၊၊ သူမ အိမ်ထောင်မပြုရသေးခင်မှာပင် သေဆုံးသွားနိုင်သည်၊၊
သူမခမျာ အိပ်မပျော်သည့်ဝေဒနာ ရနေသည့်အပြင် အိပ်မက်တွေလည်း မက်သည်။ နှစ်လှမ်းလောက်လျှောက်ရုံနှင့်ပင် မောနေလေပြီ။ အပြင်လူတွေကသာ မသိတာ။ သူမကတော့ သူမအခြေအနေကို သိပါသည်။
သူမ ပန်းဥယျာဉ်ထဲတွင် ထိုင်နေရင်း ခပ်လှမ်းလှမ်းတွင် ဒန်းတစ်ခုကိုမြင်သဖြင့် သူမသွားစီးချင်လာသည်။
ထို့ကြောင့် နေရာမှထကာ ယိုင်ထိုး ယိုင်ထိုးဖြင့် ထသွားတော့၏။
…
တိရှောင်းနှင့် ကျောက်ယွင် ယဲ့အမတ်ချုပ်အိမ်တော်ကိုရောက်တော့ ယဲ့ဖူအန်းက အပြုံးနှင့်ကြိုသည်။
စိတ်ထဲမှာတော့ တိရှောင်းက သူ့သမီးကို သူ့တူနှင့် ထိမ်းမြားဖို့လာပြောမှန်း သူသိနေပါသည်။
အိမ်ရှေ့မင်းသားကျောက်ယွင်အနေနှင့်တော့ မြို့တော်က အမျိုးသမီးတိုင်း၏ အိပ်မက်ဖြစ်လောက်အောင် ချောမောသူဖြစ်သည်။ ယဲ့ဖူအန်းသာ သူ့အကျိုးအတွက် နန်းတော်တွင်းတွင် အုပ်စုဖွဲ့မထားဘူးဆိုပါက အိမ်ရှေ့မင်းသားက အတော်လေး အဆင်ပြေတယ်ဆိုရမှာပင်။
သို့သော် ယဲ့လီကျူးအတွက် အင်အားကြီးသော ယောကျာ်းမလိုအပ်ပေ။ အရမ်းအင်အားကြီးလွန်းလျှင် သူ့သမီးလေးကို နိုင့်ထက်စီးနင်းလုပ်မှာကို သူစိုးရိမ်သည်။
သူအာဏာရဖို့ သမီးတွေကို အားကိုးတာမျိုး သူလုပ်မှာမဟုတ်။ ယဲ့မိသားစုကိုသာ ယောကျာ်းတွေက အားကိုးရမည်။ ဒီလောက်နှစ်တွေအကြာကြီးမှာတောင် ယဲ့အိမ်တော်က သမီးတစ်ယောက်မှ နန်းတော်ထဲသို့ မရောက်ခဲ့ပေ။
ယဲ့လီကျူးအတွက်လည်း အတူတူပင်။
ယဲ့ဖူအန်းက အစေခံတွေကို လင်ရှန်းမျှော်စင်အား ဖွင့်ခိုင်းပြီး သူတို့သုံးယောက် ထိုမျှော်စင်မှာပင် သောက်စားကြသည်။
အမြင့်ပိုင်းမို့ တံခါးတွေက အပွင့်ဖြစ်ကာ လေကတစ်ဟောဟောနှင့်တိုက်နေသည်။ ယဲ့ဖူအန်းနှင့် ကျောက်ယွင်တို့ တောင်ပိုင်းက ပိုးစာသီးခင်းတွေကို ပြန်ပြုပြင်ဖို့အကြောင်းပြောနေစဉ်မှာပင် တိရှောင်းကတော့ ပြတင်းပေါက်အပြင်ကိုကြည့်နေသည်။
အဆောက်အဦက လေးထပ်ရှိကာ ယဲ့အိမ်တော်တွင် အမြင့်ဆုံးဖြစ်သည်။ လင်ရှန်းမျှော်စင်က မြောက်ဖက်တွင် တည်ရှိသည်မို့တောင်ဖက်ကို ကြည့်လိုက်သည်နှင့် ယဲ့အိမ်တော်တစ်ခုလုံးကို မြင်ရသည်။
တိရှောင်းက အိမ်တော်တစ်ခုလုံး၏ ဖွဲ့စည်းပုံကို ကြည့်နေရင်း ယဲ့ဖူအန်းက သူ့သမီးကို ဘယ်နေရာမှာများ ထားမလဲဟု တွေးနေမိသည်။
တိရှောင်းက မင်္ဂလာပွဲအကြောင်း ဘာမှဟမလာတော့ ယဲ့ဖူအန်းပင် ကြောင်တောင်တောင်ဖြစ်လာသည်။
တိရှောင်းက ဘာမှမပြောတော့ သူလည်း ဘာမှစပြောလို့မရ။
“အရှင့်သား ဘာလို့ တစ်ယောက်တည်း လေတိုက်ခံနေတာလဲ”
တိရှောင်းက ယဲ့ဖူအန်းကိုလှည့်ကြည့်သည်။ “အမြင့်ပိုင်းမှာနေရတော့ နည်းနည်း မူးနောက်နောက် ဖြစ်နေလို့ပါ”
“ကဲ မင်းသား။ အမတ်ချုပ်ကြီးနဲ့ စကားပြောနေခဲ့ဦး။ ကျုပ် လမ်းနည်းနည်းလျှောက်လိုက်ဦးမယ်”
ကျောက်ယွင်ခဏတော့ အံ့သြသွားသော်ငြား အပြုံးလေးနှင့်ပြောလိုက်သည်။ “ဦးလေးက မြင့်တဲ့နေရာတွေကို မကြိုက်ဘူးလေ။ အခု ကျွန်တော်တို့ ပြောနေတာ ဘယ်ရောက်သွားပါလိမ့်။ ပိုးစာပင်စိုက်တဲ့နေရာတွေကို လျှော့ချလိုက်ရင်……”
…
တိရှောင်းက အောက်ကို ဆင်းသွားပြီးနောက် သူ့တပည့်များကို မလိုက်ခိုင်းသည်မို့ ယဲ့အိမ်တော်ကလူတွေပင် သူ့နောက်မလိုက်ရဲကြပေ။
သူက အပြင်လူဖြစ်သည့်အပြင် အိမ်တော်အတွင်းဆောင်၌ မိန်းမတွေအများကြီး ရှိသည်။ အပြင်လူအနေနှင့် အိမ်တော်အတွင်းဆောင်ထဲကို ဝင်ဖို့မလွယ်ပေ။ တိရှောင်းတစ်ယောက် ယဲ့လီကျူးဘယ်နားနေမလဲဆိုတာကို ခန့်မှန်းကြည့်နေမိသည်။ သူမကို မတွေ့နိုင်တာကို သိသော်လည်း တခြားအကြံလည်း သူ့မှာရှိနေသေးသည်။
သူယဲ့လီကျူးကို တွေ့ခဲ့သည့်ညမှစကာ ညတိုင်းအိပ်မက်တွေမက်နေခဲ့သည်။ သူ အိပ်မက်မက်တာကို မရပ်တန့်နိုင်ပေ။ မက်သည့်အကြောင်းအရာတွေကလည်း ရှက်စဖွယ်ပင်။ တိရှောင်းသည် ဒါမျိုးဖြစ်လေ့မရှိသော်လည်း မနက်တွင်တော့ သူ့မျက်နှာထားက ပြောင်းလဲသွားသည်။ သူ အ၀တ်အစားလဲရင်း တွေးလိုက်မိသည်။ ဒီမိန်းကလေးကို အိမ်ရှေ့မင်းသားထံ မပေးတော့ ဟူ၍။
ယဲ့လီကျူးက ဒုက္ခရောက်စေနိုင်သော မျက်နှာလှလှလေးနှင့်မွေးလာသူဟု သူတွေးမိသည်။ သူ့တွင် စိတ်ဆန္ဒနည်းပါးပြီး ဖြူစင်သော်လည်း ဒီလို အင်မတန်လှသော အမျိုးသမီးနှင့် တွေ့လိုက်ရသည့်အချိန်တွင် သူလည်း သာမန်ယောကျာ်းမို့ ဒီလိုအတွေးတွေ တွေးနေတာဟု နားလည်မိသည်။ အကယ်၍ ဒီမိန်းကလေးကို အိမ်မှာသာခေါ်ထားပြီး နေ့တိုင်းမြင်နေရမည်ဆိုလျှင် တခြားမိန်းမတွေလိုပဲ သူမကို စိတ်ဝင်စားတော့မှာ မဟုတ်ပေ။
တိရှောင်းက ရှေ့ကိုဆက်လျှောက်လာသည်။ ယဲ့လီကျူးကလည်း ဒန်းစီးရတာ ပျင်းလာသည်မို့ ကျင်းရွှေ့ဟွမ်သို့ သွားရန်ပြင်လိုက်၏။
ယဲ့အိမ်တော်က အရမ်းကြီးသည်မို့ သူမ လမ်းပျောက်လေပြီ။
သူမကို ဘေးကနေ လမ်းပြမည့်သူလည်း မရှိတာမို့ လျှောက်ရင်း လျှောက်ရင်းနှင့် အတွင်းဆောင်မှ ဝေး၍လာသည်။
ယဲ့လီကျူးက အားနည်းသူမို့ လမ်းလေးနည်းနည်းလျှောက်လိုက်ရုံနှင့်ပင် နဖူးမှာ ချွေးတွေထွက်လာကာ မျက်နှာက ဖြူဖျော့လာသည်။ သူမ နံရံကိုမှီရင်း ခဏ နားမိသည်။ နာရီတက်လောက်ကြာတော့ သူမ ပေါ့ပါးလာသလိုခံစားမိ၏။
ရင်ဘတ်က တင်းကြပ်မနေတော့ပေ။
ခြေထောက်တွေကလည်း လေးလံမနေတော့။
ယဲ့လီကျူး ထူးဆန်းသလို ခံစားလိုက်ရသည်။ ထိုနေ့ညက ခံစားချက်မျိူး သူမ ပြန်ရလာသည်။
သူမက မကောင်းသော အချိန်တွင် မွေးဖွားခဲ့သည်မို့ သူမခန္ဓာကိုယ်ကလည်း ကျန်းမာရေးမကောင်းပေ။ သာမန်လူတစ်ယောက် ဘယ်လိုခံစားရလဲဆိုတာ မသိခဲ့သော သူမအဖို့ ယခုတော့ ပုံမှန်ကျန်းမာသည့်လူတစ်ယောက်လို ခံစားနေရသည်။
ယဲ့လီကျူးတစ်ယောက် နံရံကနေ ခွာလိုက်တော့ တံခါးဝိုင်းလေးတစ်ခုကိုတွေ့ရသည်။ သူမလည်း ထိုထဲသို့ ဘုမသိဘမသိ ဝင်ခဲ့လေ၏။
ထိုစဉ် ယောကျာ်းတစ်ယောက်ကို သူမတွေ့လိုက်ရတေ့သည်။
ထိုသူက အရပ်အတော်လေးမြင့်သည်။ ယဲ့ဖူအန်းထက်ပင် မြင့်သေးသည်။
ယဲ့လီကျူးက မင်ဖိုကျောင်းတွင် ငါးနှစ်သမီးကတည်းက နေခဲ့သူဖြစ်သည်။ သူမ မှတ်မိသလောက်ဆို သူမ အဖေကလွဲ၍ ယောကျာ်းများများစားစားကို မမြင်ဖူးပေ။ ယဲ့ဖူအန်း၏ ဘေးက လူများကလည်း သခင်မလေးကို မော်တောင်မကြည့်ကြပေ။ ထို့အပြင် အမျိူးသမီးအစေခံကတောင် ယဲ့လီကျူးကို လက်ဖြင့် မထိရဲ။
ထို့ကြောင့် ယဲ့လီကျူးအများဆုံးတွေ့ရသမျှက မိန်းမတွေဖြစ်ကာ ရုတ်တရက်ကြီး အရပ်ရှည်ရှည်နှင့် ခါးကြားတွင် ဓားထိုးထားသော လူကို တွေ့လိုက်ရတော့ သူမ သက်သောင့်သက်သာ မဖြစ်တော့ပေ။
သူမ လမ်းပျောက်နေပြီဆိုတာကို သူမ နားလည်သွားသည်။ သူမသာ ခေါင်းမမာခဲ့ဘူးဆို ဒီလူကြီးနှင့် တွေ့မှာမဟုတ်ပေ။
ယဲ့လီကျူးက ထိုလူကိုမသိပေ။ ထို့အပြင် ယောကျာ်းနှင့် မိန်းမကွာခြားချက်ကြောင့် သူမတို့ အခုမှဆုံတာကို စကားပြော၍ မဖြစ်ပေ။ ထို့ကြောင့် သူမ အနောက်သို့ပြ န်လှည့်တော့သည်။
သူမ မှတ်မိသလောက် မှတ်ဉာဏ်တွေနှင့်သွားရင်တော့ လမ်းပြန်တွေ့လောက်မှာပါ။ မားမားချန်လည်း သူမ ပြန်အလာကို စောင့်နေတော့မည်။
တိရှောင်း : “………”
တောင်ပေါ်တွက်နေရင်း နှင်းမြူဆိုင်းနေသောမြို့ကို အပေါ်စီးကကြည့်ရတာ၊ မီးအိမ်ငယ်နံဘေးတွင် လမင်းကို ရှုစားရတာ၊ လှေပေါ်တွင်ရပ်ကာ တိမ်တွေကိုငေးရတာ၊ လရောင်အောက်တွင် မိန်းမလှလေးကို မြင်ရတာ….ထိုအရာတွေက အလှဆုံးမြင်ကွင်းမျာ ဖြစ်သတဲ့။ အစကတော့ ယဲ့လီကျူးကို လရောင်အောက်တွင် တွေ့လိုက်ရသည်မို့ လရိပ်ကြောင့် သူမက ပိုလှနေသည်ဟု သူထင်မိခဲ့သည်။ အခုတော့ သူမကိုနေရောင်အောက်တွင် တွေ့လိုက်ရမှ အဆပေါင်းများစွာ ပိုလှကြောင်း….လွန်ခဲ့သည့်နှစ်ရက်က သူစိတ်ကူးယဉ်ထားသည်ထက် ပိုလှကြောင်း သိလိုက်ရတော့သည်။
ယဲ့လီကျူးက ရွှေရောင်စကပ်အ၀ဲလေးကို ဝတ်ဆင်ထားကာ အလွှာပေါင်းများစွာဖြင့် ကျက်သရေရှိနေတော့သည်။ သူမက ခေါင်းလေးကိုငုံ့ကာ ဦးညွှတ်အရိုအသေ ပေးသွားသေး၏။ သူမ မျက်ခုံးနှစ်ခုကြားက အနီရောင်အမှတ်လေးကလည်းတောက်ပနေသေး၏။ ဒီနေ့တော့ သူမကို တိရှောင်း သေသေချာချာ မြင်လိုက်ရပြီမို့ အလှလေးဟူသောဘွဲ့နှင့်ထိုက်တန်ကြောင်း သူလက်ခံလိုက်ရပေပြီ။
သို့သော်….
သူမက ဘာကြောင့် သူ့ကိုမကြည့်ရသနည်း။
သူ့ကို မြင်မြင်ချင်း ပုန်းတယ်ဆိုတော့ ရှက်လို့များလား။
တိရှောင်း လက်သီးကိုဆုပ်လိုက်ရင်း သူမပျောက်ကွယ်သွားတာကို ငေးကြည့်နေမိသည်။
ယဲ့လီကျူးကတော့ လမ်းလျှောက်နေရင်း တစ်ခုခုမှားနေသလို ခံစားလာရသည်။
သူမထပ်ပြီးမောပန်းကာ နေမကောင်းပြန်ဖြစ်သွားပြန်ပြီ။
ခုနက နံရံကိုမှီနေတုန်းက သေချာပေါက် နေလို့ကောင်းနေတာပါ။
နံရံကပဲ မှော်အစွမ်းတွေရှိနေသလား။
ယဲ့လီကျူးက နံရံဖက်ကို နောက်ပြန်လှည့်ကြည့်မိတော့ စောနကလူ အခုထိ ရပ်နေသေးတာကို တွေ့လိုက်ရတော့သည်။ သူက သူမကို စူးရှသောမျက်လုံးများနှင့် ကြည့်နေ၏။
အမျိုးသား၏ အကြည့်က သူမကို စိတ်မသက်မသာဖြစ်စေသည်။ ထိူအကြည့်တွင် ထူးခြားသော တစ်စုံတစ်ခု ပါမှန်း သူမခံစားမိ၏။ သူက ရာထူးမြင့်မြင့်ထဲက ဖြစ်ပုံပေါ်ကာ အဖေ့မိတ်ဆွေ ဖြစ်ဟန်တူသည်။ ထောင်ထောင်မောင်းမောင်းနှင့် သူမတစ်ကိုယ်လုံးကို သိမ်းကြုံးကြည့်ရှုနေတော့သည်။
ယဲ့လီကျူးက သူ့ကိုလှမ်းကြည့်တော့ တိရှောင်းတစ်ယောက် ဟန်တောင်မဆောင်နိုင်အောင် ပြုံးဖြီးသွားရသည်။ သူမက ရှက်နေတဲ့ပုံလေးပေါက်တာတောင် သူ့ကိုဝေးဝေးကနေ ရဲရဲတင်းတင်းနဲ့ လှည့်ကြည့်သွားသေးတယ်…..
(ငါတို့MLတစ်ယောက်တော့ ဆေးမမှီရှာတော့ဘူး )
…