ECYL အခန်း ၇

ဖဝါးထက်က ပုလဲသွယ် (၇)

________

နောက်တစ်ရက် ယဲ့ကျာ့ယို အိပ်ရာထချိန်တွင် ပထမဆုံးအော်သည်က “ကျူးကျူး” ဖြစ်ကာ အစေခံမလေးက သူ့ပါးစပ်ကို အသာလေးလာပိတ်၏။ “မအော်ရဘူးလေ သခင်လေးရဲ့။ သခင်မလေး အိပ်နေတယ်”

ယဲ့ကျာ့ယိုက ထိုင်လိုက်ကာ အစေခံတွေကို သူ့အား အင်္ကျီဝတ်ပေးရန် ပြောလိုက်၏။

“အခုဘယ်အချိန်လဲ”

“သုံးနာရီကျော်ပါပြီ စားဖိုဆောင်က သခင်လေးဖို့ နံနက်စာပြင်နေပါတယ်။ စားပြီးတာနဲ့ ကျောင်းကို သွားလို့ရပါပြီ”

ယဲ့ကျာ့ယိုက ကိုယ်လက်သန့်စင် အ၀တ်အစားဆင်ယင်ပြီးနောက်တွင် နံနက်စာကို အပြင်တွင်စား၏။ သူက အထဲက လှုပ်ရှားမှုတွေကိုလည်း ဆက်တိုက်နားထောင်နေသေးသည်။ သူစားသောက်ပြီးနောက် အတွင်းခန်းထဲမှ မားမားတစ်ယောက်အော်သံကို ကြားလိုက်ရတော့သည်။ “သခင်မလေးနိုးလာပြီ….ရေနဲ့ ဆေးတွေ မြန်မြန်ယူခဲ့ကြစမ်း အေးအောင် လုပ်ထားနော်။ ပျားရည်လဲပြင်ထားကြ”

အစေခံအနည်းငယ်က လိုက်ကာကိုမကာ လက်ဖက်ရည်၊ ရေနှင့် ဆေးတွေယူလာကြသည်။ သူတို့အလုပ်များနေခိုက်တွင် ယဲ့ကျာ့ယိုက မုန့်အနည်းငယ်ကိုကိုက်ကာ အခန်းထဲသို့ဝင်လာခဲ့သည်။

“ကျူးကျူး”

ယဲ့လီကျူးက ပြုံးကာ ပြော၏။ “ဝင်ခဲ့လေ”

သူမက အ၀တ်အစားလဲ ကိုယ်လက်သန့်စင်ကာ မှန်ရှေ့တွင်ထိုင်ပြိး အစေခံတစ်ယောက်က ခေါင်းဖြီးပေးတာကို ခံနေလေ၏။

ယဲ့လီကျူးက ကြာပွင့်ပုံထိုးထားသော ဘရိုကိတ်ဝတ်ရုံကို ဆင်မြန်းထားသည်။ သူမဆံပင်လေးတွေက တိမ်စိုင်လေးတွေလို ပွပွလေးဖြစ်ကာ ဆံပင်နက်တို့က ဝေ့ဝဲကျနေသည်။ သို့သော် ရှုပ်ထွေးမနေပေ။ သူမမျက်နှာသေးသေးလေးက အိပ်ရာထစမို့ ဖြူဖျော့ကာ နှုတ်ခမ်းတွေက သွေးရောင်မရှိသေးပေ။

ယဲ့ကျာ့ယိုက ဘေးတွင် ဝင်ထိုင်လိုက်သည်။  “ကျူးကျူး ခဏနေရင် ဝူသခင်မကို သွားနှုတ်ဆက်ဖို့ မလိုဘူးသိလား။ ကျန်တဲ့ကိုယ်လုပ်တော်နှစ်ယောက်ကလည်း ကျူးကျူးဆီကို လာလိမ့်မယ်။ သူတို့က ကျူးကျူးကို မပျော်အောင်လုပ်ရင် မားမားတွေကိုသာ သင်ခန်းစာပေးခိုင်းလိုက်။ သူတို့က အရမ်းမရိုက်ပါဘူး။ ကျူးကျူးက အခုမှ အိမ်တော်ကိုရောက်တာ ဒေါသထွက်စေလို့ မဖြစ်ဘူး”

အစေခံလေးက စန္ဒကူးသားဘီးကို ဘေးချလိုက်သည်။

“မမက အဲလောက်မရက်စက်ပါဘူး။ လူတိုင်းကို အချိန်တိုင်း သင်ခန်းစာပေးနေလို့မှ မရတာ”

ယဲ့ကျာ့ယိုက ပြော၏။

“မားမားတွေက ဘာလုပ်ရမယ်ဆိုတာကို သိပါတယ်။ သူတို့ကိုပဲ အပ်ထားလိုက်ပါ။ ကျူးကျူး ကျွန်တော်သွားတော့မယ်။ ညကို ကျွန်တော်ပြန်လာရင် ဒီမှာပဲညစာ လာစားမှာနော်”

နောက်ထပ်အစေခံတစ်ယောက်က ဆေးပန်းကန်နှင့်အတူ ဝင်လာတာမို့ မားမားတစ်ယောက်က ယူပြီး ယဲ့လီကျူးကို တိုက်၏။ သူမက ပျားရည်ကို အရသာခံကြည့်ပြီး အစေခံလေးကိုဆူလိုက်၏။ “ဒါက ပျားရည်မှ မဟုတ်တာ သကာရည်တွေကို မလဲခဲ့ကြဘူးလား”

အစေခံလေးက ခပ်သွက်သွက်ပဲ ထွက်သွားသည်။

တခြားအဆောင်တွင်တော့ ဝူသခင်မတစ်ယောက် နံနက်စာ စားနေလေ၏။ သူမဘေးက အစေခံရှင်းအာက ပွစိပွစိလုပ်နေလေသည်။

“အချိန်တောင် လွန်နေပြီ။ ဟိုသခင်မလေးက ဂါရ၀ပြုဖို့ ဘာလို့မလာသေးတာလဲ သူက ဘယ်လောက်ပဲ တိသမီးပါပြောပြော သခင်မကိုတော့ လာတွေ့ရမယ်လေ။ သခင်မက ဒီအိမ်တော်ရဲ့ အရှင်မပဲဟာ”

ဝူသခင်မက ပြုံးကာ ဆိုလိုက်သည်။

“သူက ကျန်းမာရေး မကောင်းဘူးလေ။ သခင်ကြီးကလည်း သူ့ကို အလိုလိုက်ထားတာ။ အဲ့ကျ သူ မလာရင် မင်းသွားကြည့်လိုက်ပေါ့”

ရှင်းအာက ဘောက်ဆတ်ဆတ်နှင့် ထွက်သွား၏။ ခဏလောက်နေတော့ သူမပြန်လာသည်။ ဝူသခင်မလည်း နံနက်စာ စားလို့ပြီးပြီ။

ရှင်းအာက ဝူသခင်မဘေးတွင်ခြေဆောင့်၏။

“သူက မလာဘဲ နူးဘီတို့ကို လာဂါရ၀ပြုစေချင်နေတာလေ။ လောကကြီးမှာ ဒါမျိုးလည်း ရှိသေးတာပဲနော်။ သမီးကို အမေက လာဂါရ၀ပြုရတယ်လို့။ လျန်သခင်မနဲ့ ကျိုးသခင်မ သွားတာကိုလည်း ထွက်မတွေ့ဘူးတဲ့။ မားမားတွေကို ရိုက်ခိုင်းလိုက်တယ်တဲ့”

ယဲ့လီကျူးကို ဝူသခင်မ တွေ့ဖူးတာ လွန်ခဲ့သည့်ကိုးနှစ်က ဖြစ်သည်။ ထိုစဉ်က သူမသည် ကိုယ်လုပ်တော်အဆင့်သာ ရှိသေးပြီး ယဲ့လီကျူးကလည်း ဖြူဖြူဖွေးဖွေးလှလှလေးမွေးဖွားခဲ့သည်။ သူမက နူးညံ့သည့်ပုံပေါ်ပြီး လိမ်လည်းလိမ်မာသည်။

ဒီနှစ်တွေထဲမှာ ယဲ့လီကျူးဘာဖြစ်သွားလဲ သူမလည်းမသိပေ။

ဝူသခင်မက ပြောလိုက်၏။ “အခု သခင်မလေးဆီကို ငါသွားတွေ့မှာဆိုတော့ စားဖိုဆောင်ကို ကြည့်ကောင်းတဲ့ မုန့်နှစ်ခုလောက် လုပ်ခဲ့ခိုင်းလိုက်”

ရှင်းအာက နှုတ်ခမ်းဆူပြန်သည်။ “ဘာလို့လဲ၊ သခင်မက သူ့ကိုအလိုလိုက်ရင် ခေါင်းတက်နင်းသွားလိမ့်မယ်နော်။  ဒီကနေတောင် နှင်ချချင် ချနေဦးမယ်”

ရှင်းအာက ဝူသခင်မ ပစားအပေးဆုံးအစေခံဖြစ်သည်။ ဝူသခင်မကတော့ မြလက်စွပ်ကို ပွတ်ကာ ပြောလိုက်သည်။

“နင်ဘာတွေ ဂရုစိုက်နေတာလဲ ဟိုကဖြင့် သင်္ချိုင်းကုန်းကို ခြေတစ်ဖက်လှမ်းနေပြီဥစ္စာ”

ယဲ့ကျာ့ယိုက ကျောင်းထဲသို့ဝင်ခဲ့သည်။ ဆရာက မလာသေးသည်မို့ သူ့အစေခံနှစ်ယောက်က ပစ္စည်းများကို ချပေးပြီး လက်ဖက်ရည်ကို လောင်းထည့်ပေး၏။

မင်းသားချန်၏ သားဖြစ်သူ တောက်ဟန်၀မ်ကလည်း အစောကြီး ရောက်နေလေသည်။ သူ့လက်ထဲတွင်ယပ်တောင်တစ်လက်နှင့် ယဲ့ကျာ့ယိုနား လာထိုင်၏။

“ကျာ့ယို မင်းအစ်မနဲ့ တွေ့ပြီးပြီလား ဘာတဲ့လဲ လာမယ်တဲ့လား”

ယဲ့ကျာ့ယိုက စားပွဲကိုမှီလိုက်သည်။

“ငါ့အစ်မက လွန်ခဲ့တဲ့နှစ်ရက်လောက်ကတည်းက ဆေးသောက်နေရတာ။ သူက နေရောလေရော ထိလို့ကိုမရဘူး။ ငါ့အဖေက ငါ့အစ်မအတွက် လက်သမားခေါ်ပြီး ဥယျာဉ်တစ်ခု ဆောက်ပေးမယ်တဲ့လေ။ မင်းလည်း သိတာပဲ။ အခုတစ်လော ရာသီဥတုက အိပ်ခန်းထဲ ရေခဲနှစ်ပုံး ထားတာတောင် ပူနေသေးတာ။ အဲတော့ တစ်ယောက်တည်းပဲ ပန်းကြည့်ပါစေကွာ”

တောက်ဟန်ဝမ်က စုတ်သပ်၏။

“ကျစ် ဟေ့ကောင် မင်းလိမ်ပြောနေတာမလား”

“မင်းထင်ချင်သလိုထင်ကွာ။ ဒါပေမဲ့ နောက်စာသင်နှစ်မှာတော့ ငါ့နားလာမထိုင်နဲ့။ စာစီစာကုံးတွေ ရေးမပေးနိုင်တော့ဘူး”

တောက်ဟန်ဝမ်က အမြန်ပဲ ပြန်ပြော၏။

“ဟာ မင်းကလည်း ငါက စတာပါကွ စကားအဖြစ်ပြောတာကို မရဘူးလား။ တောင်းပန်တယ်လေကွာ”

မင်းသားချန်က ရုံးတော်တွင် ကြားနေဖြစ်သည်။ အိမ်ရှေ့စံဖက်လည်း မပါသလို ဒုတိယမင်းသားဖက်လည်း မပါပေ။ မင်းသားချန်ညီမ ကိုယ်လုပ်တော်ရှန်းက နန်းတော်ထဲဝင်ပြီး နှစ်နှစ်အကြာမှာပင် ကိုယ်ဝန်ရခဲ့သော်လည်း ပျက်ကျခဲ့ကာ ကလေး ထပ်မရတော့ပေ။ တောက်မိသားစုစီးပွားရေးက အတော်လေးကြီးကာ မောင်နှမလည်း များသည်။ တောက်ဟန်၀မ်က သူနှင့် အမျိုးတော်ချင်နေမှန်း ယဲ့ကျာ့ယို သိသည်။

သူပြောလိုက်၏။

“မင်းကို ငါ့ညီနောင်လို သဘောထားလို့ ရှင်းရှင်းပဲ ပြောမယ်ကွာ။ ဒါငါ့အစ်မကွ။ မင်းသားက ကြိုက်တယ်ဆိုရင်တောင် ငါ မကြိုက်ဘူး။ ဘယ်ကောင်က ငါ့အစ်မကို လာတော်ကောက်ရဲလဲ မင်းအခြေအနေကို သိချင်ရုံပဲဆိုရင် ရတယ်။ ဒါပေမဲ့ တခြားအတွေးရှိနေရင်တော့ ငါ အရင်ပြောလိုက်မယ်။ငါ့အစ်မက ကျန်းမာရေးမကောင်းဘူး။ ဘယ်သူပဲ အိမ်တော်ထဲ ရောက်လာလာ ငါ့အစ်မကို အတွင်းခန်းမှာပဲ ထားထား အပြင်ခန်းမှာပဲထားထား ငါ့အဖေကိုတောင် ငါစောင့်မှာ မဟုတ်ဘူး။ သတ်ပစ်မှာ”

တောက်ဟန်၀မ်၏ မျက်နှာကြီးက ညိုသွားသည်။

“ယောကျာ်းတစ်ယောက်က မိန်းမအများကြီးယူတာ ပုံမှန်ပဲ မဟုတ်ဘူးလားကွ၊ အထူးသဖြင့် ငါ့အိမ်တော်မှာ ကိုယ်လုပ်တော် မရှိတဲ့သူ ဘယ်သူရှိလို့လဲ မင်းသမီးဟူယန်းရဲ့ သမက်တောင် ကိုယ်လုပ်တော် လေးယောက်နဲ့လေ။ မင်းအဖေဆိုလည်း မိန်းမများတာပဲဟာ။ မင်းအစ်မကို ယူမဲ့ယောကျာ်းကျမှ မိန်းမတစ်ယောက်ပဲ ယူခိုင်းချင်နေတာလား”

“ငါ့အိမ်ကတော့ အဲ့လိုပဲ။ ငါရော ငါ့အဖေရော သည်းမခံနိုင်ဘူး”

တော်ဝင်မင်းသမီးတစ်ယောက်က သူမ လက်ထပ်ပွဲအတွက် ပူစရာမလိုသလို အမတ်ချုပ်၏ သမီးကလည်း ပူစရာမလိုပေ။ သူ့အစ်မ၏ နတ်သမီးလို မျက်နှာလေးကို မဆိုထားနှင့် ရုပ်ဆိုးနေရင်တောင် ပူစရာမလို။ လိုက်ဖက်သူကတော့ ရှိမှာပင်။ “မင်းရဲ့ အမျိုးတွေက မိန်းမရှုပ်တဲ့ကောင်နဲ့ လောင်းကစားလုပ်တဲ့ကောင်နဲ့။ အမှန်အတိုင်းပြောရရင် မင်းကိုတော့ ငါ့ညီအစ်ကိုအဖြစ် သဘောထားပါတယ်။ ဒါပေမဲ့ တခြားကိစ္စတွေနဲ့တော့ မျက်နှာမပျက်ချင်ဘူး”

တောက်ဟနိ၀မ်က ယဲ့ကျာ့ယို၏ စကားကြမ်းတွေကို အမှုမထားပေ။ ယဲ့ကျာ့ယိုသာ သူ့ကို ညီအစ်ကိုအဖြစ် သဘောမထားလျှင် ဒီလောက်စကားတွေ အများကြီး ပြောမှာ မဟုတ်ပေ။

တောက်ဟန်၀မ်က တွန့်ဆုတ်နေပြီးမှ ထုတ်ပြောလာသည်။ “မင်းက မင်းသားအကြောင်း ပြောတော့မှ ကျာ့ယို အမှန်အတိုင်းပြောရရင် မင်းအစ်မက အိမ်ရှေ့မင်းသားနဲ့ ယူရလောက်တယ်နော်။ မနေ့က ငါ နန်းတော်ထဲမှာ နေတုန်းက မိဖုရားခေါင်ကြီးနဲ့ ငါ့အဒေါ်နဲ့ ပြောနေတာကို ငါကြားခဲ့တယ်။ မင်းသားချင်နဲ့ အိမ်ရှေ့မင်းသားက မနက်ဖြန် မင်းတို့အိမ်တော်ကို လာပြီး မင်္ဂလာကိစ္စ ကမ်းလှမ်းမလား မသိဘူးတဲ့။  အကယ်၍ မင်းအစ်မသာ အိမ်ရှေ့နန်းကို ဝင်လာခဲ့ရမယ်ဆိုရင် မင်းသားရဲ့ကိုယ်လုပ်တော်တွေကို မင်းထိန်းချုပ်လို့မရဘူးနော်”

“မင်းသားချင်က ငါ့အိမ်တော်ကို ဒီနေ့လာမှာပေါ့ အဲ့ကျ”

ထိုနှစ်ယောက် ဒီလောက်မြန်မြန် လှုပ်ရှားလိမ့်မည်ဟု ယဲ့ကျာ့ယိုထင်မထားပေ။ သူ အတန်းလစ်ကာ အိမ်သို့သာ ပြန်ပြေးချင်တော့သည်။ ထိုစဉ် ကျောင်းတက်ခေါင်းလောင်းမြည်လာ၏။ စွန်းတိရန်ကလည်း သူ့ခန္ဓာကိုယ်ဝဝကြီးနှင့်ပြေးလာကာ ဆရာကလည်း မုတ်ဆိတ်မွေးကြီးသပ်ပြီး၀င်လာလေပြီ။

ယဲ့ကျာ့ယိုက လက်လျှော့လိုက်ရတော့သည်။

အိမ်ရှေ့မင်းသားကလည်း အမှန်တကယ်ကို မင်းသားချင်နှင့်အတူ ယဲ့အိမ်တော်သို့ လာခဲ့သည်။

သတင်းတွေကို ကျောက်ယွင်ကြားပါသည်။ ယဲ့အမတ်ချုပ်က သမီးကို အိမ်တော်ပြန်ခေါ်လာကာ တိရှောင်းကလည်း ယဲ့ဖူအန်းကို ဆွဲဆောင်ပြီး ကျောက်ယွင်နှင့် ယဲ့သမီးကို လက်ထပ်စေမည်။

ဒီလက်ထပ်ပွဲက နိုင်ငံရေးလက်ထပ်ပွဲမှန်း ​ကျောက်ယွင်သိသည်။ ယဲ့၏ သမီးက လုံးလုံး ပြားပြား လှလှ မလှလှ ကောင်းကောင်း ဆိုးဆိုး သူဂရုမစိုက်ပေ။ ယဲ့ဖူအန်းချစ်ရသည့် ယဲ့ဖူအန်းသမီးဖြစ်နေလျှင် လုံလောက်ပြီ။

သို့သော် လမ်းတွင် တိရှောင်းက ပုံမှန်နှင့်မတူအောင် တိတ်ဆိတ်နေသည်။

ကျောက်ယွင်က တိရှောင်းကို ကြည့်လိုက်၏။

တိရှောင်းက ဝိုင်ခွက်ကို လက်ထဲတွင် ကိုင်ကာ ထိုင်နေသည်။ သူ့မျက်ခုံးများက အေးစက်နေ၏။ ပုံမှန်ဆို လူ မော်မကြည့်ရဲသည့် မျက်နှာပေမဲ့ အတွေးနွံထဲနစ်နေချိန်မို့ သူ့မျက်နှာက နူးညံ့နေ၏။

တိရှောင်း ဘာတွေတွေးနေလဲ ကျောက်ယွင်သိချင်သည်။

အမတ်ချုပ်အိမ်တော်နားရောက်လာတော့ သူ ပြောလိုက်၏။

“ဦးရီးတော်”

တိရှောင်းက သူ့ကိုပျင်းရိစွာ ကြည့်သည်။ “အင်း”

“ကျွန်တော်ကြားတာတော့ ယဲ့သမီးရဲ့ ခန္ဓာကိုယ်က နေမကောင်းဘူးတဲ့။ အဲနေ့က နန်းတော်မှာ အရှင်မင်းကြီးက ကျောက်ယိကို ယဲ့သမီးနဲ့ လက်ထပ်စေချင်နေတာ။ ယဲ့ဖူအန်းပြောပုံအရတော့ သူ့သမီးက ဆင်းရဲဒုက္ခသေးသေးလေးကိုတောင် ခံစားလို့မရဘူးတဲ့။ အကယ်၍ သူ အရှေ့နန်းကို ရောက်လာမှ ဖျားပြီးသေသွားရင် ကျွန်တော့်ကို ယဲ့ဖူအန်းက စိတ်မဆိုးလောက်ဘူးလား”

တိရှောင်းက ကျောက်ယွင်ကို ကြည့်လိုက်သည်။

“ယဲ့သမီးကို အိမ်ရှေ့နန်းကို ပို့မယ်လို့ မင်းက ဘာကြောင့်ထင်နေတာလဲ”

ကျောက်ယွင်: ” …”

“ဦးရီးတော်ပဲ အဲ့လိုဖြစ်စေချင်တာမဟုတ်ဘူးလား”

တိရှောင်းက အေးစက်စွာ ငေါ့လိုက်၏။

“မင်းဘာတွေပြောနေတာလဲ ဘယ်တုန်းက မင်းနဲ့ ယဲ့သမီးကို လက်ထပ်ပေးမယ်ပြောလို့လဲ”

ကျောက်ယွင်က ပြောလာ၏။

“ဦးရီးတော် ဟိုနေ့က ယဲ့ဖူအန်းနဲ့ အရက်အတူသောက်ခဲ့တာမလား။ ပြီးတော့ ယဲ့ကျာ့ယိုကိုလည်း ဟိုရက်က ပုတီးလက်ပတ် ပေးသေးတယ်။ ရုတ်တရက်ကြီး ယဲ့မိသားစုတွေအပေါ် ကောင်းပေးနေတာ ကျွန်တော်နဲ့ ယဲ့ရဲ့သမီးကို လက်ထပ်စေချင်လို့မလား။ လူတို်င်းကလည်း ဒီလိုပဲထင်နေကြတာ။ အခု ဦးရီးတော်က မဟုတ်ဘူးဆိုတော့….”

တိရှောင်းက မျက်စိကို မှိတ်လိုက်သည်။

“အဲလောက် မရိုးရှင်းဘူး။ ယဲ့သမီးက မင်းနဲ့ ပတ်သက်ဖို့ မရှိဘူး။ သူ့ကိုစဉ်းတောင်မစဉ်းစားနဲ့”

ကျောက်ယွင်က ယဲ့လီကျူးကို တစ်ခါမှတောင် တွေ့ဖူးတာ မဟုတ်ပေ။ သူက ဘယ်လိုလုပ် ယဲ့လီကျူးကို လွမ်းရမတဲ့လဲ။ ယဲ့လီကျူးက နာမကျန်းဖြစ်နေသော အလှလေးဟု သူကြားခဲ့သည်။ သူကနေမကောင်းသူတွေကို မကြိုက်ပေ။ သူကြိုက်တာက ရင်ကြီးကြီး ခါးသွယ်သွယ် တင်ကားကားတွေဖြစ်သည်။ သို့သော် တိရှောင်းပုံစံကြီးက အတော်လေး ရည်မှန်းချက်ကြီးနေသည်။

ကျောက်ယွင်၏ မျက်လုံးတွေ တောက်သွားသည်။

“ဦးရီးတော် သူ့ကိုစိတ်ဝင်စားနေတာလား

တကယ်တော့ ကျောက်ယွင်က အငယ်ဖြစ်ကာ ယဲ့လီကျူးက ကျောက်ယွင်ထက် ငယ်သည်မို့ ဒီလိုသာဆို အတော်ဆိုးသွားလိမ့်မည်။

တိရှောင်းက ချောင်းဟန့်၏။

“ရည်ရွယ်ချက်မရှိဘူး”

ထိုစကားကို ကြားတော့ သူ့အတွေးတွေကို ကျောက်ယွင် ဖယ်ထုတ်လိုက်သည်။ သူကလည်း ကျန်းမာသည့်အလှလေးတွေကို ကြိုက်သည်မို့ သူ့ဦးရီးတော်ကိုလည်း သူ့လိုပဲဟု ထင်သည်လေ။

အမှန်အတိုင်းပြောရရင် ထောင်ထောင်မောင်းမောင်း သူ့ဦးရီးတော်ဘေးတွင် လူမမာမိန်းမတစ်ယောက် ရပ်နေမည့်ပုံက မျက်စိစပါးမွေး စူးစရာဖြစ်နေပေမည်။

ဒီလောက်နှစ်တွေအကြာကြီးတွင် တိရှောင်း၌ စိတ်ဆန္ဒအနည်းငယ်သာရှိသည်။ သူနှင့်ရင်းနှီး နီးကပ်သောမိန်းမမျိုး သူ မတွေ့ဖူးပေ။ ယဲ့သမီးကလည်း  တောင်ပေါ်ဘုန်းကြီးကျောင်းတွင် ကြီးပြင်းလာသူဖြစ်ကာ တိရှောင်းနှင့်လည်းမတွေ့ဖူးပေ။ ကျောက်ယွင်တစ်ယောက် သူ့လက်ထပ်ပွဲကို သူ့ဦးရီးတော် အသုံးမချချင်လို့ဟူ၍သာ တွေးလိုက်သည်။

ဒီလိုတွေးမိတော့လည်း သူစိတ်သက်သာရာရသွားသည်။

ထိုအချိန်တွင် တိရှောင်းက ရုတ်တရက်မေးလာ၏။

“ယွင်အာ…မိန်းကလေးတွေက အသက်ကြီးတဲ့ယောကျာ်းကို ကြိုက်မယ်လို့ထင်လား”

“ဟင်….ဒါက”

တိရှောင်းက အသက်နှစ်ဆယ်ကျော်မို့ သိပ်မအိုသေးပေ။ သိူ့သော် ယဲ့သမီးနှင့် ယှဉ်လျှင်တော့ အနည်းငယ် ကြီးလိမ့်မည်။

(မင်းသားနဲ့မင်းသမီးက ၁၀နှစ်လောက်ကွာပါတယ်)

ကျောက်ယွင်အတွက်တော့ ဒါမျိုးမေးခွန်းမေးခံရတာ ပထမဆုံးမို့ သူပြုံးလိုက်၏။

“ဒါကတော့ ဘယ်လောက်ကြီးလဲဆိုတာပေါ်မူတည်တယ်လေ။ အသက်၇၀ ရှစ်ဆယ်ဆိုရင်တော့ ကျွန်တော်တောင် စိတ်ကုန်တာ မိန်းကလေးတွေဆို ပိုပြိးတောင်စိတ်ကုန်မှာပေါ့။ ဦးရီးတော်လို အရွယ်ကောင်း ရာထူးကြီးကြီးနဲ့ အာဏာရနေတဲ့သူ ကြည့်လို့လည်းကောင်းဆိုရင်တော့ လူတိုင်းကြိုက်ကြမှာပေါ့”

ECYL
Author: ECYL
ဖဝါးထက်က ပုလဲသွယ်

ဖဝါးထက်က ပုလဲသွယ်

掌上骊珠
Score 7.2
Status: Ongoing Type: Author: Artist: Released: 2019 Native Language: Chinese
မိတ်ဆက်  ယဲ့လီကျူးက အသားအရေကောင်းခြင်းနှင့် ပြည့်စုံသော ဖြူဖျော့နူးညံ့သည့် အလှလေး။ သူမ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရမဲ့အချိန်ရောက်သည်အထိ မည်သူတစ်ဦးတစ်ယောက်ကမှ လာရောက် မကြောင်းလမ်းရဲကြ။  လူတိုင်းသိထားကြသည်က ယဲ့လီကျူးသည် နှစ်လှမ်းလောက် လျှောက်လိုက်ရုံဖြင့်ပင် ကူတွဲပေးရမည့်သူ လိုသည်အထိ အားပင်နည်းပါးသော ခန္ဓာကိုယ်ပိုင်ရှင်။ ထို့အပြင် အမတ်ချုပ်ကြီးကလည်း သူ့သမီးကညာလေးကို ကောင်းကင်ထိတက်အောင် ဖူးဖူးမှုတ်လို့ထားသည်။ အကယ်၍ ဒီလို မကျန်းမာသည့်အလှလေးကို လက်ထပ်ယူကာ ကောင်းကောင်း မခစားခဲ့လျှင် ရက်စက်လှသည့် အမတ်ချုပ်ကြီးယဲ့က သေချာပေါက် သတ်ပစ်မှာပင်။  ယဲ့လီကျူးတစ်ယောက် အတော်လေး စိတ်ညစ်နေပြီ။ သူမခန္ဓာကိုယ်က တစ်နေ့ထက်တစ်နေ့ အားနည်း၍လာသည်။ သူမ သေအံ့မူးမူးအချိန်မှာပင် အမျိုးသားတစ်ယောက်က အမတ်ချုပ်အိမ်တော်သို့ ရောက်လာခဲ့သည်။ ထိုအမျိုးသားက အရပ်ရှည်သည်၊ နတ်ဘုရားတစ်ပါးကဲ့သို့ အေးစက်သောအသွင် ရှိသည်။ ထို့နောက် ယဲ့လီကျူးကို ကြောက်မက်ဖွယ် မျက်လုံးများဖြင့် ကြည့်တတ်သည်။  သို့သော် ယဲ့လီကျူးနားသို့ အဆိုပါအမျိုးသား ကပ်လာသည်နှင့် သူမ၏ ချိနဲ့သောခန္ဓာကိုယ်က တစ်နည်းမဟုတ်တစ်နည်း ပြန်ကောင်းလာလေသည်။ သူ အဝေးရောက်သွားလျှင်တော့ သူမလည်း အသက်ပင် ကောင်းကောင်းမရှူနိုင်တော့။  နောက်ဆုံး တစ်ရက်တွင်တော့ ထိုအမျိုးသားနားတွင် ကပ်၍နေရလျှင် သူမ အသက်ရှင်နိုင်သည်ဟု တွေးကာ ယဲ့လီကျူးတစ်ယောက် လဲကျချင်ယောင် ဆောင်လိုက်တော့သည်။  မိုးမြေတစ်ခွင် ဘာကိုမှမကြောက်သည့် အမတ်ချုပ်ကြီးယဲ့ခမျာ သူ့သမီးလေးကို ချက်ချင်းဆွဲထူကာ ခပ်တိုးတိုး ပြောလိုက်၏။  "အဲဒါ ဧကရာဇ်ကို စစ်သည်အင်အားတစ်သိန်းနဲ့ ခြောက်ရအောင်လာတဲ့ မင်းသားချင်ပဲ။ တခြားသိမ်မွေ့တဲ့ယောကျာ်းကို ရှာရအောင်ပါ သမီးလေးရယ်။ အဲ့မကောင်းဆိုးဝါးကိုတော့ မကြည့်ပါနဲ့”  ထို့နောက်တွင်တော့ မင်းသားက သနားစရာ လီကျူးလေးကို သူ့ရင်ခွင်ထဲပွေ့ကာ  "ကောင်းတယ်....နည်းနည်းလေး အနားတိုးအုံး"  ဒီအလှလေးကို ဘယ်လောက်ကြာကြာချစ်ခဲ့သလဲဆိုတာကိုတော့ မင်းသားကိုယ်တိုင်သာ သိလိမ့်မည်။  ...

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset