ဖဝါးထက်က ပုလဲသွယ် (၅)
________
နန်းတော်ထဲတွင် ယဲ့ကျာ့ယိုက ယဲ့ဖူအန်းနှင့် အတူမထိုင်ပေ။ ကျောင်းအိမ်တော်က ကလေးများနှင့် တခြားသော မင်းသားများလည်း ရောက်ရှိနေကြသည်။ သူတို့က သက်တူရွယ်တူတွေမို့ အတူတူကစားလေ့ရှိတတ်ကြသည်။ အခုတော့ လူကြီးတွေအထဲတွင် ဝိုင်သောက်ကြချိန်၌ သူတို့တစ်သိုက်က အပြင်ဖက်တွင် ဝိုင်းဖွဲ့ထိုင်ကာ ရယ်မောနေကြ၏။
ရုတ်တရက် လေအေးတစ် ခုဖြတ်တိုက်သွားသလို ခံစားလိုက်ရသည်မို့ ယဲ့ကျာ့ယိုရော တောက်ဟန်ဝမ်ပါ မော့ကြည့်လိုက်မိကြသည်။ အရပ်ရှည်ရှည်နှင့်လူတစ်ယောက်က အထဲသို့ ဝင်ရန် ဟန်ပြင်နေ၏။
မြို့တော်တွင်းရှိ ဝန်မင်းအဆင့်တွေများစွာကို ယဲ့ကျာ့ယိုမြင်ဖူးသည်။ သူရှေ့ကလူလောက်တော့ မခံ့ညား မတင့်တယ် တော်ဝင်မဆန်ကြပေ။ သူ့ကို သူတစ်ခါမှ မမြင်ဖူးခဲ့။
သို့သော်လည်း ထိုလူက နန်းတော်ထဲကိုဝင်ကာ ဘုရင်နှင့် တွေ့ခါနီးအချိန်မှာတောင် ခါးကြားတွင် ဓားတစ်ချောင်း ထိုးထား၏။ သူ့ဘေးတွင် အိမ်ရှေ့မင်းသား ကျောက်ယွင်နှင့် အနောက်တွင်တော့ မိန်းမစိုးကြီး လိုက်ပါလာသည်မို့ ရှီကျိုးနယ်စား မင်းသားချင်ဖြစ်ရမည်ဟု သူခန့်မှန်းမိသည်။
တိရှောင်းက အပြင်ဖက်တွင်ရှိသော ကလေးတစ်ဒါဇင်လောက်ကို လျစ်လျူရှုကာ အထဲသို့ ဝင်ဖို့ ဟန်ပြင်လိုက်သည်။ ယဲ့ကျာ့ယိုဘေးက ဖြတ်သွားမိသည့်အခါတွင်တော့ တိရှောင်းက ရုတ်တရက် ရပ်တန့်သွားသည်။
ကောင်ငယ်လေး၏ မျက်နှာကျက သူ ထိုနေ့ကတွေ့ခဲ့သော ယဲ့အိမ်တော်က သမီး၏လှပသော ရုပ်ရည်နှင့် အတော်လေး ဆင်တူလှသည်။
တိရှောင်းက မေးလိုက်၏။ “အဲဒါ ယဲ့သခင်ကြီးရဲ့သားလား”
သူ့ဦးရီးတော်က ရုတ်တရက်ဒီကောင်လေးအကြောင်း ထမေးရသည့်အကြောင်းအရင်းကို မင်းသား ကျောက်ယွင်လည်း မသိပေ။ သူ ယဲ့ကျာ့ယိုဆီသို့ သွားလိုက်၏။
ကျောက်ယွင်က ယဲ့ကျာ့ယို၏ပခုံးကို ပုတ်ကာ တိရှောင်းကို မိတ်ဆက်ပေးသည်။
“ဒါက ယဲ့ဖူအန်းရဲ့သားပါ။ ယဲ့ကျာ့ယိုတဲ့”
သူကတစ်ဖန် ယဲ့ကျာ့ယိုကို ပြောပြန်၏။ “ညီလေးယဲ့ ဒါ မင်းသားချင်”
ကျောက်ယွင်နှင့် ယဲ့ကျာ့ယိုက အသက်မတူကြပေ။ ကျောက်ယွင်က အသက် ၁၇ ၁၈လောက်ဖြစ်ကာ ယဲ့ကျာ့ယိုကတော့ ခုနှစ်နှစ် ရှစ်နှစ်သာ ရှိဦးမည်။ နှစ်ဦးက အသက်မတူသည့်အပြင် ယဲ့ဖူအန်းက မင်းသားချင်၏တူ မဟုတ်သည်မို့ သူတို့က မကြာခဏတွေ့ရလေ့မရှိပေ။
ယဲ့ကျာ့ယို၏ ထင်ရှားကာ ချောမောလှသောမျက်နှာကို ကြည့်ရင်း ကျောက်ယွင်တစ်ယောက် ယဲ့ကျာ့ယိုက မရဲတင်းလွန်းသော်လည်း သူ့မျက်နှာက အေးစက်ကာ ရက်စက်သည်ဟု တွေးနေမိသည်။ ကလေးအတော်များများကလည်း သူ့ကိုကြောက်ရသည်လေ။ ကျောက်ယွင်က ပြုံးကာ ပြောလိုက်သည်။
“ညီလေးယဲ့ အရမ်းယဉ်ကျေးနေဖို့မလိုပါဘူး။ ဝါအရ မင်း မင်းသားချင်ကိုတွေ့ရင် ဦးရီးတော်လို့ ခေါ်ပေါ့”
တိရှောင်းက မျက်ခုံးတစ်ဖက်ပင့်သွားသည်။ “ယွင်အာ မင်းမျက်လုံးထဲမှာ ငါက အဲ့လောက်အိုနေပြီလား ကလေးတွေက ငါ့ကိုမြင်တာနဲ့ ဦးလေးခေါ်ရတော့မှာလား”
ကျောက်ယွင် : “……..”
ဦးလေးမခေါ်လို့ ဘယ်လိုခေါ်ရမှာလဲ သူက ယဲ့ကျာ့ယိုကို ညီလေး ခေါ်သည်မို့ တိရှောင်းကိုလည်း အစ်ကိုကြီး မခေါ်ခိုင်းချင်ပေ။
ကျောက်ယွင်က သူ့မိခင် မိဖုရားခေါင်ကြီးနှင့် ဆင်သည်။ သူက လှပနူးညံ့စွာ မွေးဖွားခဲ့သူဖြစ်ပြီး သူ့အပြုံးကလည်း နွေဦးလေညင်းလေးလိုပင်။ ကျောက်ယွင်သည် ပြုံးလိုက်ကာ ယဲ့ကျာ့ယိုကို ကြည့်လိုက်သည်။
ယဲ့ကျာ့ယိုက ပြော၏။ “မင်းသားချင်က သန်မာရဲရင့်ပြီး အသက်လည်း မကြီးသေးပါဘူး။ အရှင်မင်းသားနဲ့ အတူတူရပ်နေရင် ညီအစ်ကိုတွေလိုပါပဲ။ အရှင်မင်းသားက ဝါကြီးနေလို့ပါ”
တိရှောင်းက သူဒီနေ့ဝတ်လာသော သစ်ရွက်ပုံ စန္ဒကူးနီလက်ပတ်လေးကို ချွတ်လိုက်ပြီး ယဲ့ကျာ့ယိုလက်ထဲသို့ ထည့်လိုက်သည်။
“ဒါကို ငယ်ငယ်ရွယ်ရွယ်နဲ့ရတာပဲ”
ယဲ့ကျာ့ယိုက သူ့ကိုကျေးဇူးတင်လိုက်သည်။
တိရှောင်းထွက်မသွားခင် သူက ယဲ့ကျာ့ယိုကို နောက်တစ်ခေါက် ထပ်ကြည့်လိုက်သေး၏။ သို့သော် ယဲ့လီကျူး၏မျက်နှာကသာ သူ့စိတ်ထဲပေါ်လာသည်။
သူ့လူတွေလွှတ်ပြီး သူမနာမည်ကို သူစုံစမ်းခိုင်းထားခဲ့သည်။ အများစုက ယဲ့လီကျူးနာမည်ကို မသိကြဘဲ ယဲ့အိမ်တော်ကလည်း အတော်လေးကို စည်းကမ်းတင်းကြပ်သည်။ ဘယ်လိုလုပ်ပြီး တိသမီးရဲ့နာမည်ကို ပြောမလဲ။ ထို့ကြောင့် ယဲ့လီကျူးနာမည်ကို တိရှောင်းမသိရပေ။
တိရှောင်းနှင့် ကျောက်ယွင်ထွက်သွားပြီးနောက်တွင် ယဲ့ကျာ့ယိုက သူ့နေရာသူ ပြန်ထိုင်လိုက်သည်။ သူက သစ်ရွက်ပုံလက်ပတ်လေးကို သူ့လက်ထဲထည့်ကာ အသီးဖျော်ရည်တစ်ကျိုက်ကို မော့လိုက်၏။
တောက်ဟန်ဝမ်က သူ့အနားသို့ရောက်လာသည်။ “ဘယ်လိုလဲ မင်းသားချင် ဂရုစိုက်တာခံရတာ”
ယဲ့ကျာ့ယိုက မင်းသားချန်၏မျက်နှာကြီးကို ဘေးသို့တွန်းထုတ်လိုက်ပြီး “ဘာခံစားရမှာလဲ နောက်တစ်ခါ မင်းကို သူ ဂရုစိုက်ပေးဖို့မျှော်လင့်တယ်”
တောက်ဟန်ဝမ်က ရယ်၏။
“ခုနက သူမင်းရှေ့မှာ ရပ်တာမြင်လိုက်ရတော့ ငါဖြင့် လည်ပင်းတွေပါ ခြောက်သွားတယ်။ သူ့ခါးက ဓားကို မင်းမြင်လား၊ လူတွေပြောကြတာကတော့ အဲဒါက ကမ္ဘာပေါ်မှာ အရှားဆုံးလက်နက်တဲ့။ ရွှေနက်ဇာမဏီကျောက်သားနဲ့ လုပ်ထားတာတဲ့။ သူ့လက်နက်ရဲ့ အရှိန်အဝါကို အဝေးကနေတောင် ငါခံစားမိနေပြီ”
ယဲ့ကျာ့ယိုက ပြောလိုက်သည်။
“နန်းတော်ထဲက နံရံတိုင်းမှာ မျက်စိတွေ နားတွေ ရှိတယ်။ တချို့စကားတွေက မင်း မပြောတာ ကောင်းမယ်”
တောက်ဟန်ဝမ်က ရယ်ကာ ယဲ့ကျာ့ယို၏ပခုံးကိုဖက်လိုက်သည်။ “ညီအစ်ကိုစိတ်ဓာတ်ပေါ့”
ယဲ့ကျာ့ယိုက ပြောလိုက်သည်။ “ညီအစ်ကိုတွေဆိုတော့ ကဲ မင်းပြောချင်တာပြော”
“မင်းအစ်မပြန်လာပြီလို့ ငါ့အဖေပြောတာကြားခဲ့တယ်။ ကျာ့ယို ငါ့ရဲ့ ဒုတိယအစ်မက သခင်မလေးအနည်းငယ်ကိုဖိတ်ပြီး ဒီလလယ်မှာ ဆီးပန်းပွင့်တာကို ရှုစားကြမလို့တဲ့။ မင်းလည်း မင်းအစ်မကို ခေါ်လိုက်ပါလား။ ပန်းလေးဘာလေးကြည့် လက်ဖက်ရည်လေးဘာလေး သောက်ရတာပေါ့”
ယဲ့ကျာ့ယိုက တောက်ဟန်ဝမ်၏လက်ကို ဖြန်းခနဲ တစ်ချက်ရိုက်လိုက်သည်။ “အိပ်မက် မက်နေလိုက်။ မေလလယ်ကြီး ဘယ်က ဆီးပန်းက ပွင့်မှာလဲ။ လျှောက်ပြောမနေနဲ့”
တောက်ဟန်ဝမ်က ပြောလိုက်သည်။ “ဟေး ကျာ့ယို မင်းအစ်မကို မြို့တော်က တော်ဝင်အသိုင်းအဝိုင်းထဲ ထည့်ပေးမှပေါ့ကွ။ မဟုတ်ရင် ဘယ်လူဝင်ဆံ့မလဲ”
ယဲ့ကျာ့ယိုကတော့ ပြုံးပြုံးလေးပင်။
“ငါ့အစ်မက မွေးကတည်းက လှလှပပ ချမ်းချမ်းသာသာ မွေးလာတာ။ သူက တခြားလူတွေနဲ့ မပေါင်းသင်းဘူးဆိုတာနဲ့ပဲ လူရာမဝင်ဘူးဖြစ်သွားစရာလား၊ အဖေက ပြောတယ်။ ငါ့အစ်မက အားနည်းနေလို့ ဘယ်ကိုမှ လျှောက်သွားလို့မရဘူးတဲ့။ ဒါပေမဲ့ မင်းက ငါ့ညီနောင်ဆိုတော့ ငါ့အစ်မကို လာချင်လားဆိုတာ မေးလိုက်ဦးမယ်လေ။ ပြီးရင် မင်းဆီကို အကြောင်းပြန်ဖို့ တစ်ယောက်လောက် လွှတ်ပေးလိုက်မယ်”
ယဲ့ကျာ့ယိုက ငယ်သေးသော်ငြား အတော်များများကို သူနားလည်သည်။ ရုတ်တရက် အမတ်ချုပ်ကြီးအိမ်တော်တွင် သမီးတစ်ယောက်ရှိလာပြီး သူမက သတင်းတွေအတိုင်း တကယ်ပဲ အားနည်းသူလားဆိုတာကို လူတွေက ပထမဆုံးအနေနှင့် သိချင်ကြသည်။ အကယ်၍ သူမ၏ခန္ဓာကိုယ်က အဆင်ပြေပါက အနာဂတ်တွင် ယဲ့အိမ်တော်ရှေ့၌ အောင်သွယ်တစ်သိုက် ခြေချင်းလိမ်နေတော့မည်။
ထို့အပြင် သူ့အဖေ၏ ခွင့်ပြုချက်မရဘဲ အစ်မလုပ်သူ ယဲ့ကျာ့ယိုကို ခေါ်ထုတ်သွားဖို့ဆိုတာ မဖြစ်နိုင်သော ကိစ္စပင်။
စားသောက်ပွဲပြီးခါနီးတော့ ယဲ့ဖူအန်းက သူ့သားအနားသို့ လာထိုင်သည်။
ယဲ့ဖူအန်းက မျက်နှာရွှင်ရွှင်ပျပျနှင့်ပဲ ပြောလာသည်။ “မင်းသားချင်က မြို့တော်မှာ အကြာကြီးနေလိမ့်မှာ မဟုတ်ဘူး။ နန်းတော်ထဲဝင်ရတာ တကယ့်ကို စိတ်ဒုက္ခပဲ။ ဒါနဲ့ကောင်လေး မင်းကို မင်းသားချင်က စကားလာပြောသွားတယ်ဆို”
ယဲ့ကျာ့ယိုကပြန်ဖြေ၏။
“အဖေ့မျက်နှာကြောင့် စကားတော့ သေချာလေးပြောသွားပါတယ်။ ထွေထွေထူးထူးတော့ မပြောဖြစ်ပေမဲ့ ဒီတန်ဖိုးကြီး လက်ပတ်ကိုတော့ ပေးသွားတယ်”
ယဲ့ဖူအန်းကဆို၏။ “မင်းသားချင်ကို ကြည့်စမ်းပါဦး၊၊ နေမင်းကြီးလိုလည်းတောက်ပတယ်။ လက်ရုံးရည်ရော နှလုံးရည်ရောပြည့်စုံတယ်။ ဒီနေ့ နန်းတော်ထဲမှာ ဒုတိယမင်းသားကို စကားလုံးကြမ်းတွေ မပါဘဲ နှပ်ချသွားတာ။ ဒုတိယမင်းသားကို ထောက်ခံတဲ့ တန်းပိဖူဆို ဒေါသတွေကို ထွက်လို့။ မင်းကျတော့ ဓားရေးကျလည်း တစ်ဝက်တစ်ပျက်နဲ့။ မြင်းစီးသင်တော့လည်း ခြေထောက်ကျိုးလို့ကျိုး”
ယဲ့ကျာ့ယိုက မခံပေ။ “မင်းသားချင်အဲ့လောက်တော်နေရင် သူ့ကိုပဲ အဖေ့သားလုပ်ခိုင်းလိုက်ပါ့လား”
ယဲ့ဖူအန်းက မုတ်ဆိတ်ကြီးကိုသပ်ကာ သူ့သားကို ကြည့်၏။ “ဟေ့ကောင် လျှောက်မပြောနဲ့ကွ။ သူက မိဖုရားခေါင်ကြီးရဲ့ မောင်လေ။ ငါ့ကို အဖေခေါ်ခိုင်းလို့ ရမလားဟ” တိရှောင်းလို စစ်နတ်ဘုရားကို အဖေခေါ်ခိုင်းလို့ကတော့ အသက်နဲ့ကိုယ် အိုးစားကွဲရော့မည်။
ယဲ့ကျာ့ယိုက ပြုံး၏။ “ဒီသားလေးက စကားအနေနဲ့ပြောတာပါ။ မင်းသားချင်က ကျွန်တော့်ထက် အများကြီး ကြီးတာ။ ပြီးတော့ ကျွန်တော့်တို့က မျိုးဆက်လည်းမတူဘူး။ သူ့ကို ဘယ်လိုလုပ်ယှဉ်လို့ရမလဲ နန်းတော်ထဲမှာတောင် ယှဉ်နိုင်တဲ့သူမရှိတာ။ ဒါပေမဲ့ ကျွန်တော့်အတွက်ကတော့ အဖေက သူ့ထက်တော်ပါတယ်”
အိမ်တော်သို့ ပြန်ရောက်တော့ ယဲ့ကျာ့ယိုက လှည်းပေါ်ကနေ ခုန်ပေါက်ကာ ပြေးဆင်းသွားသည်။
“အဖေ ကျူးကျူး နိုးလောက်ပြီမလား။ ကျွန်တော်သူ့ဖို့ နန်းတော်ထဲက မုန့်တွေထုပ်လာတယ်”
ယဲ့ဖူအန်းကဆိုသည်။ “မမလို့ခေါ်လေ။ ငါ့ကိုလူရယ်စရာဖြစ်အောင်မလုပ်နဲ့”
တံခါးရှေ့ရောက်သွားတော့ ယဲ့ကျာ့ယိုတစ်ယောက် ဝင်ရ မဝင်ရ ချီတုံချတုံဖြစ်နေသေးသည်။
သူ ကလေးဘဝကတည်းက ဘုန်းကြီးကျောင်းတွင် ရှိသော ယဲ့လီကျူးအကြောင်းကို ယဲ့ဖူအန်းက ချီးမြှောက်ပြောတာ သူကြားနေကျပင်။
အစ်မလုပ်သူကို ယဲ့ကျာ့ယို အရမ်းမြင်ဖူးချင်လှပြီ။ သူ့မှာ မွေးကတည်းက အမေမရှိတော့ဘူးမလား။ အပြင်ပန်းမှာတော့ ဝူသခင်မက သူ့ကိုအရမ်းဂရုစိုက်သော်လည်း စိတ်ထဲက မပါလှတာ သူသိပါသည်။ ကျန်သည့် ကိုယ်လုပ်တော်များကလည်း သူ့ကို ကြောက်ရွံ့လေးစားကြသည်။ သူ၏တစ်မအေတည်းမွေးသော အစ်မအရင်းက သူ့ကို ချစ်ပါ့မလားဆိုတာကို သူသိချင်မိသည်။
…