ဖဝါးထက်က ပုလဲသွယ် (၄)
________
သူမနောက်ထပ် အဆင်မပြေဖြစ်လာသည်ဟု ယဲ့လီကျူး ခံစားလိုက်ရသည်။ သူမ ရင်ဘတ်လေးကို ဖိရင်း မျက်မှောင်ကျုံ့မိပေမဲ့ ဘာကိုမှတော့ သိပ်တွေးမနေတော့ပေ။ ကြည့်ရတာ သူမဖခင်ကို တွေ့ရသည့်အတွက် ခဏခံစားချက် ကောင်းသွားတာဖြစ်နိုင်သည်။
နောက်ကျနေပြီမို့ ယဲ့လီကျူးအခန်းတွင်းသို့ ပြန်သွားတော့ အစေခံတွေက သူမ အင်္ကျီချွတ်ဖို့ အပြေးအလွှား ကူညီပေးကြသည်။
အမတ်ချုပ်အိမ်တော်သို့ ပြန်ချိန်တန်ပြီမို့ အိမ်တော်၏စည်းမျဉ်းများက ဘုရားကျောင်းနှင့်တော့ ကွဲပြားလှသည်။ မင်ဖိုကျောင်းမှာတုန်းကတော့ သူမ၏ဝေယျာဝစ္စတွေကို သူမဟာသူမပဲ ဂရုစိုက်ရပြီး ကူညီလုပ်ကိုင်ပေးမည့်သူ တစ်ဦးတစ်ယောက်မျှ မရှိချေ။ မြို့တော်တွင်တော့ လူတွေအများကြီးနှင့် ဘဝကို သူမကျင့်သားရအောင် နေရပေဦးမည်။
ယဲ့လီကျူး ရုတ်တရက် အရမ်းအရေးကြီးသော အရာတစ်ခုကို မှတ်မိသွား၏။
သူမ မိခင်ကွယ်လွန်ခဲ့သည်မှာ ရှစ်နှစ်တင်းတင်း ရှိခဲ့ပြီ။ ထိုရှစ်နှစ်အတွင်း ဖခင်က အိမ်တော်သခင်မနေရာကိုများ တခြားလူနှင့် အစားထိုးခဲ့ပါသေးသလား။
ယူလီကျူးတစ်ယောက် မားမားချန်ကို မေးလိုက်သည်။
မားမားချန်ကတော့ အကြီးဆုံးသခင်မလေးကို မကွယ်ဝှက်ရဲသည်မို့ အမှန်အတိုင်းသာ ပြောပြလိုက်၏။
“လွန်ခဲ့တဲ့ ခြောက်နှစ်ကတော့ သခင်ကြီးက သခင်မဝူကို ရာထူးတိုးပေးခဲ့တယ်လေ။ သခင်မဝူက တခြားလူတွေအပေါ်မှာ အရမ်းရက်ရောတယ်။ သခင်မလေးပြန်လာရင်လည်း သခင်မဝူက ဂရုစိုက်ပေးမှာပါ”
ယဲ့လီကျူးခေါင်းကိုသာ ညိတ်လိုက်သည်။ “အဖေက ဒီအကြောင်းကိုလည်း မပြောဘူး။ အိမ်တော်ထဲမှာ နောက်သခင်အသစ်လေးရော ရှိနေပြီလား”
မားမားချန်က ခေါင်းကိုယမ်းကာဆိုသည်။
“မရှိပါဘူး။ လွန်ခဲ့တဲ့နှစ်တွေကတည်းက သခင်မဝူကပဲ ဒုတိယသခင်လေးကို စောင့်ရှောက်လာခဲ့တာ။ အခုဆိုသူက ပညာတောင်သင်နေပြီး ခြံထဲမှာ ကိုယ်ပိုင်အဆောင်နဲ့တောင် နေနေပြီ သခင်မလေးရဲ့”
တကယ်တော့ အမတ်ချုပ်ယဲ့ဖူအန်း၏မိသားစုက အတော်ကြီးပြီး စီးပွားရေးလည်း များပြားသည်မို့ အိမ်တော်တွင်းကိစ္စများကို ထိန်းသိမ်းပေးမည့် မိန်းမတစ်ယောက်တော့ ရှိကိုရှိရပေမည်။ ကျန်းသခင်မ ရှိစဉ်ကတည်းက ယဲ့ဖူအန်းတွင် ကိုယ်လုပ်တော်သုံးယောက် ရှိခဲ့ပြီး သခင်မဝူက လှပသောရုပ်ရည်၊ ထက်မြက်သော အရည်အချင်းကြောင့် အထင်ပေါ်ဆုံးဖြစ်ခဲ့သည်။ နောက်ပိုင်းတွင်တော့ သူမကို ယဲ့ဖူအန်းက ရာထူးတိုးပေးထားခဲ့သည်။
မားမားချန်က ဆက်ပြော၏။ “သခင်လေးက အရမ်းထူးချွန်တာ။ အိမ်တော်ထဲက လူတိုင်းက သခင်လေးကိုချစ်ကြတယ်။ သခင်မလေးအိမ်တော်ပြန်ရောက်ရင်လည်း သေချာပေါက်ချစ်မှာပဲ။ ပြီးတော့ သခင်မလေးတို့က သွေးသားရင်းချာတွေပဲမလား”
ယဲ့လီကျူးက ခေါင်းညိတ်လိုက်သည်။ အကယ်၍ သခင်မဝူက စိတ်ထားမြင့်မြတ်ကြင်နာတတ်ပြီး သူမဖခင်ကို အလုံးစုံ စိတ်ချရစေတယ်ဆိုလျှင် သူမလည်း သခင်မဝူကိုဆန့်ကျင်မှာ မဟုတ်ပေ။ သို့ပေမဲ့ ယဲ့လီကျူးကတော့ သူမ၏မိခင်မှလွဲ၍ ဘယ်သူ့ကိုမှ အမေခေါ်မှာမဟုတ်။
မောင်ငယ်လေးကိုတော့ သူမ မြင်တွေ့ချင်လှသော်လည်း မမြင်တွေ့ရဲ။ နှစ်ပေါင်းများစွာကြာအောင် သူမတို့ မမြင်တွေ့ခဲ့ကြရဘူးမလား။ သူမမောင်လေးက သူမကို သူစိမ်းတရံလို ဆက်ဆံမှာကို စိုးရိမ်လွန်းလှသည်။
သူမက အိမ်တော်ပြင်ပမှာ ကြီးပြင်းလာခဲ့ရသူလေ။ မားမားချန်က ဆိုလာသည်။ “သခင်မလေး မနက်ဖြန် ခရီးကလည်း အသော့နှင်ရမှာဆိုတော့ ညလည်းနက်နေပြီ။ နားပါတော့လား”
ယဲ့လီကျူးက အိပ်ရာပေါ်တွင် လှဲလိုက်သည်နှင့် အစေခံများက ဖယောင်းတိုင်များကိုမှုတ်ကာ နှစ်တိုင်ပဲချန်ထားပြီး အပြင်သို့ထွက်သွားကြတော့သည်။ မားမားချန်နှင့် မားမားလီကတော့ အပြင်တွင်စောင့်ရင်း သူမလိုသည့်အချိန်ရောက်နိုင်ဖို့ အသင့်ရှိနေကြတော့သည်။
ဝူရှီက ဒီနှစ်တွေအတွင်း ဘာမှမလုပ်ခဲ့သော်ငြား လွန်ခဲ့သည့်သုံးနှစ်က ယဲ့ကျာ့ယို(ဒုတိယသား) ၏ မတော်တဆမှုကြောင့် ယဲ့ဖူအန်းက သူမကို သတိထား၍နေခဲ့သည်။ ဒသည်တစ်ခါ ယဲ့လီကျူးကို လာခေါ်သည့်သူများက သူမမိခင်ဖြစ်သူ၏ ကျန်းအိမ်တော်တွင် နှစ်ပေါင်းများစွာ သစ္စာခံလာခဲ့ပြီး ယုံကြည်ရသည့် လူယုံများကိုသာ သမီးလုပ်သူကို ခစားစေခဲ့သည်။
နောက်တစ်ရက် အိပ်ရာထချိန်တွင်တော့ ယဲ့လီကျူးတစ်ယောက် ရင်ဘတ်တွင် ဖိစီးထားသလို လေးလံမှုကြီးကို တစ်ဖန်ပြန်လည်ခံစားရတော့သည်။
သူမ ခဏလောက် မူးဝေနေပြီးမှ အိပ်ရာပေါ်က ဖြည်းညင်းစွာ ထလိုက်သည်။ အပြင်တွင်
အသံတွေက ဆူသထက် ဆူလာသည်မို့ ယဲ့လီကျူးအော်မေးလိုက်၏။
“အပြင်မှာဘာတွေဖြစ်နေကြတာလဲ” မားမားချန်က ပြန်ဖြေသည်။
“မင်းသားချင် မြို့တော်ကို ပြန်ဖို့ပြင်နေလို့ပါ သခင်မလေး”
ယဲ့လီကျူးက ခေါင်းညိတ်လိုက်သည်။ သူမ အိပ်ရာထဲက ထွက်လာတော့ မင်းသားချင်၏လူတွေ မရှိကြတော့ပေ။
…
ယဲ့ဖူအန်းက အိပ်ရာစောစောထလာပြီး သမီးလုပ်သူ အပေါ်ဝတ်ရုံဆင်မြန်းနေသည်ကို ဝေးဝေးက လှမ်းကြည့်နေလိုက်သည်။ သူမက မြို့တော်တွင် သူမြင်ဖူးသမျှမိန်းကလေးတိုင်းထက် လှနေသည်မို့ သူ့စိတ်ထဲတွင် ဂုဏ်ယူမဆုံးဖြစ်နေသည်။ “ကျူးကျူး အောက်ကိုဖြည်းဖြည်းဆင်း ဟေ့ မင်းတို့သခင်မလေးကို ကူညီပေးလိုက်။ သူလဲရင် မင်းတို့တာဝန်နော်”
ယဲ့လီကျူးက အောက်သို့ ဖြည်းဖြည်းဆင်းလာခဲ့သည်။ “သမီးဟာသမီးဆင်းလို့ရပါတယ် အဖေရဲ့။ သုံးနှစ်ကလေး မဟုတ်တော့ပါဘူး။ သွားဖို့လာဖို့ကတော့ လူကူပေးစရာမလိုတော့ပါဘူး”
“အဖေ့မျက်လုံးထဲမှာတော့ သမီးက အမြဲကလေးလေးပဲ။ ကဲ လာ ဗာဒံစေ့တွေ၊ နှမ်းတွေ နှင်းဆီတွေနဲ့ လုပ်ထားတဲ့ ကောက်ညင်းဆန်မုန့်လုံးလေးကို စားကြည့်။ ဒါပေမဲ့ ဆီမွှေးနည်းနည်းတော့ပါတယ်။ မွှေးလည်းမွှေးတယ် ချိုလည်းချိုတယ်”
သူ့သမီးက မင်ဖိုကျောင်းအပြင်တွင် အသားစားပါ့မလားဆိုတာ သူ မသိတာမို့ စားဖိုမှူးကို သက်သတ်လွတ်ဟင်းအနည်းငယ် ချက်ခိုင်းထားခဲ့သည်။ အိုးခွက်တွေအားလုံးကလည်း အသစ်တွေကိုသာ သုံးထားသည်မို့ ယဲ့လီကျူးအတွက် အသားနံ့ရမှာ စိတ်ပူစရာမလိုတော့ပေ။ ဟဲ့လီကျူးက အမတ်ချုပ်ကြီးသမီးမို့ သူမအဆင့်အတန်းက တော်ဝင်မင်းသမီးထက် တစ်ဆင့်လောက်သာ နိမ့်တော့သည်မို့ ပြည့်စုံကြွယ်ဝသော ဘဝတွင် စံစားခဲ့သင့်သော်လည်း သူမလေးခမျာ မင်ဖိုကျောင်းတွင် ဆယ်နှစ်နီးပါးနေခဲ့ရသည်မို့ ယဲ့ဖူအန်းတစ်ယောက် သူ့သမီးကိုသေချာ ချစ်မပြနိုင်ခဲ့ရပေ။ ယဲ့လီကျူးက မိုးပေါ်က လမင်းကို လိုချင်ပါသည်ဆိုလျှင်တောင် သူရအောင်ယူပေးမှာပင်။
ယဲ့လီကျူးက သူမရှေ့တွင် လှပစွာပြင်ဆင်ထားသော ငုံးဥလုံးအရွယ်လောက် မုန့်လုံးပန်းကန်ကို ကြည့်လိုက်သည်။ စားဖိုမှူးကိုလည်း ယဲ့ဖူအန်းက အထူးတလည်ဖိတ်ကြားကာ ခရီးတစ်လျှောက်လုံး သယ်ဆောင်လာခဲ့သည်။ ထို့ကြောင့် မုန့်လုံးပန်းကန်က အတော်လေးအရသာရှိနေတော့သည်။ သူမ တစ်ကိုက်လောက်ကိုက်ပြီး ပြောလိုက်သည်။
“မနေ့က သမီးမားမားတစ်ယောက်ကို ဝူသခင်မအကြောင်းမေးတော့ သူက အမှန်အတိုင်းပြောပြတယ်။ အဖေ… ကျူးကျူးကို ဂရုစိုက်တာလည်းကောင်းပေမဲ့ အရမ်းတော့ မလုပ်နဲ့ပေါ့။ ဝူသခင်မက အဖေ့အတွက် ချက်ပြုတ်ပေးနေတဲ့သူဆိုတော့ သားသမီးကိုပဲ မျက်နှာသာပေးနေရင် မကောင်းဘူးလေ”
ယဲ့ဖူအန်းကတော့ ထိုမိန်းမကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပေ။ သူက ယဲ့လီကျူးအမေ ကျန်းရှီကိုသာ ချစ်သည်။ ကျန်းမိသားစုက တော်ဝင်သွေးနွယ်ကာ ကျန်းရှီကလည်း တုနှိုင်းမမှီအောင် လှပသည့်အပြင် ထူးလည်းထူးချွန်သေးသည်။ သူမကသာ အိမ်ကြီးရှင် သခင်မဖြစ်ကာ ယဲ့ဖူအန်းက သူမကို ချစ်သလို လေးလည်းလေးစားသည်။ ဝူရှီကတော့ ကိုယ်လုပ်တော်အဆင့်တွင်သာ ရှိကာ သူမက တခြားကိုယ်လုပ်တော်တွေလို ဒီအိမ်တော်၏ အစေခံနှင့်မခြားပေ။ ယဲ့ဖူအန်းက သူမကို ဘယ်လိုလုပ် တရားဝင်ဇနီးမယားလို ဆက်ဆံနိုင်ပါ့မလဲ။ သူက ပြောလိုက်၏။
“ကျူးကျူး..တခြားလူတွေရဲ့အမြင်ကို ဂရုစိုက်စရာမလိုဘူး။ သမီးက အဖေ့သွေးသား အဖေ့သမီးပဲ။ သမီးလက်မထပ်ခင်အထိ အဖေက တာဝန်မကျေခဲ့တာတွေကို ဆပ်ပေးမယ်။ ဝူသခင်မက သမီးကို အနိုင်ကျင့်ရင် အဖေ့ကိုပြော။ အဖေက သမီးဖို့ တရားမျှတမှုရှာပေးမယ်”
ယဲ့လီကျူးက ခေါင်းညိတ်ပြ၏။
“သမီးအမေရဲ့ တူမ ယွမ်မိန်းကလေးဆိုတာ ရှိတယ်။ သမီးရဲ့ဝမ်းကွဲအစ်မပေါ့။ သမီးကတော့ မမှတ်မိလောက်ဘူး။ သမီးရဲ့ တတိယဦးလေး ယွမ်မိန်းကလေးရဲ့အဖေက မြို့တော်ကိုပြောင်းလာတာ လေးနှစ်လောက်ပဲ ရှိဦးမယ်။ သူ့သမီးကို လက်ထပ်ပေးဖို့ပြင်ပြီးတော့ သူကတော့ ဝမ်ကျိုးကိုပြန်သွားတာ နှစ်နှစ်ကျော်ပြီ။ သမီးရဲ့အဖွားက သမီးမြို့တော်ကို လာတယ်ကြားတော့ ယွမ်သခင်မလေးကို သူ့အမေနဲ့ မြို့တော်ကို လာဖို့ခေါ်လိုက်တယ်။ အဲဒါမှ သမီးအစ်မလည်း လက်ထပ်လို့ရမယ်။ ပြီးတော့ သမီးအမေလည်း မရှိတော့ဘူးဆိုတော့ သမီးဝမ်းနည်းနေမှာ အဖေစိတ်ပူလို့ သမီးအဒေါ်ကိုပါ ခေါ်ထားလိုက်တာ။ သမီးမြို့တော်ရောက်ပြီးမကြာခင် သူတို့သားအမိလည်း ရောက်လာလိမ့်မယ်”
ယဲ့လီကျူး အိမ်တော်ကထွက်သွားတုန်းက ငယ်သေးသည့်အပြင် ရဲ့မိသားစုကလည်း အတော်လေးကြီးသည်မို့ သူမဖွားအေကလွဲ၍ ကျန်သည့်သူ ဘယ်သူ့ကိုမှ သူမ မမှတ်မိပေ။
သို့သော်လည်း သူမအဖွားက ဝမ်ကျုံးတွင် ရှိကာ နာမည်ကြီးမိသားစုဖြစ်တာကိုတော့ ရေးရေးလေးမှတ်မိသည်။
ယဲ့လီကျူးကသာ ဘာမှမမှတ်မိတာ ယဲ့ဖူအန်းကတော့ အကုန်လုံးကိုမှတ်မိသည်။
ကျန်းရှီက ကျန်းမိသားစု၏ တစ်ဦးတည်းသော သမီးဖြစ်ကာ အချစ်ခံလေးဖြစ်သည်။ ကျန်းသခင်မကြီးက ယဲ့လီကျူးကို တစ်ခါမှ မမြင်ဖူးသော်လည်း သူ့မြေးမလေးကိုတော့ အတော်လေး ချစ်ရှာသည်။
ကျွင့်သခင်မက ကျန်းသခင်မကြီး၏ အချစ်ဆုံးချွေးမဖြစ်သည်။ သူမက ယဲ့လီကျူးကို ဝူသခင်မ အနိုင်ကျင့်နေသလားဆိုတာကို ကြည့်ရှုရန်လာခြင်း ဖြစ်သည်။ ကျန်းမိသားစုနှင့် ယဲ့မိသားစုက ကျန်းရှီသေသွားရုံနှင့်တော့ ပြတ်တောက်မသွားခဲ့ပေ။
ယဲ့လီကျူးက ယဲ့အိမ်တော်၏ တိသမီးဖြစ်သည်။ ယဲ့ဖူအန်းတစ်ယောက် သမီးကြီးလုပ်သူနှင့် ပြန်လာပြီဆိုသည့် သတင်းသည် သူတို့ မြို့ထဲစဝင်ကတည်းက ပျံနှံ့သွားခဲ့သည်။ ဝူသခင်မက အစေခံတွေပါမကျန်ခေါ်ကာ ဒုတိယသား ယဲ့ကျာ့ယိုနှင့်အတူ တံခါးဝတွင် စောင့်သည်။ မြို့တော်၏မေလသည် နေရောင်က တောက်ပစွာလင်းထင်းနေ၏။ ဝူသခင်မက အပြာရင့်ရောင်ဝတ်ရုံကို ဆင်မြန်းကာ ရပ်နေပြီး သူမဘေးတွင်တော့ ယဲ့လီကျူး၏မောင်ဖြစ်သူ ယဲ့ကျာ့ယိုက ရှိနေသည်။ သူမတို့ကို အစေခံတွေက ထီးမိုးပေးထားပြီး တစ်ဖက်တစ်ချက်တွင်တော့ ကိုယ်လုပ်တော်များ ဖြစ်ကြသည့် လျန်ရှီနှင့် ကျိုးရှီက ရပ်နေသည်။ ဝူသခင်မက ခေါင်းကိုငုံ့ကာ ယဲ့ကျာ့ယိုကို နူးညံ့သောလေသံနှင့် တစ်ခုပြောလိုက်၏။
“ယဲ့သခင်မလေးကိုတွေ့ရင် သူ့အနား သိပ်မကပ်နဲ့နော် သိလား သား။ သားအစ်မက အရမ်းနုတယ်ဆိုတော့ သူ့ကို သွားကိုင်လို့မရဘူး။ သခင်ကြီးက သူ့ကို သိပ်ချစ်တာ။ သားက သူ့ကို ခြောက်မိရင် သခင်ကြီးက သားကို အရင်လိုချစ်တော့မှာ မဟုတ်ဘူး”
ယဲ့လီကျူးနှင့် ယဲ့ကျာ့ယိုက တစ်မအေတည်းက မွေးသူတွေမို့ မျက်နှာကျတွေက အတော်ဆင်ကြသည်။ ယဲ့ကျာ့ယိုက အခုမှရှစ်နှစ်ပဲရှိသေးတာတောင် အတော်လေး ချောမောနေလေပြီ။ သူက အဖြူရောင် ဘရိုကိတ်ဝတ်ရုံနှင့် ဆံပင်ကိုလည်း သေချာထုံးဖွဲ့ထားကာ သူ့မျက်လုံးတွေက ကြည်လင်သော အညိုရောင်ဖြစ်သည်။ ဝူရှီအနားကပ်လာတော့ ယဲ့ကျာ့ယိုက တည်ငြိမ်စွာပင် အနောက်သို့ ဆုတ်လိုက်၏။ ထိုအချိန်တွင် အပြင်ဘက်မှ အစေခံတစ်ဦး၏အော်သံကို ကြားလိုက်ရတော့သည်။
“သခင်ကြီးပြန်လာပြီ”
လူတွေလည်း အပြေးအလွှား တံခါးဆီ ပြေးသွားကြကာ မိန်းမတွေလည်း သူတို့နဖူးက ချွေးတွေကို လက်ကိုင်ပဝါနှင့် သုတ်လိုက်ကြပြီး သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်လိုက်ကြသည်။ ထိုစဉ် မြင်းသံများ ကြားလိုက်ရပြီး ရှေ့ပြေးများက လမ်းကို ရှင်းထားပေးကြသည်။ လှည်းရပ်သွားတော့ ယဲ့ဖူအန်းက ပထမဆုံး ဆင်းလာလေ၏။
ဝူသခင်မကတော့ မျက်နှာကြီးကို ပြုံးကာ
“ သခင်ကြီး ပြန်လာပြီလား သခင်မလေးရော ဘယ်မလဲ၊ သခင်မလေးကို မတွေ့ရတာ ကြာနေတော့ သတိတွေရနေတာ။ ယွင်ရှန်းအဆောင်ကို သခင်မလေးအတွက် ရှင်းခိုင်းထားတယ်။ သခင်မလေးကို မြန်မြန်ချလိုက်လေ”
ကိုယ်လုပ်တော် လျန်ရှီကလည်း အပြုံးနှင့် ဆိုလိုက်သည်။ “ဟုတ်တယ် ဟုတ်တယ်။ သခင်မပြောတာ မှန်တယ်သိလား။ လူတိုင်းကလည်း သခင်မလေးကို လွမ်းနေကြတာ။ ခုနကတောင် ဝူသခင်မက ပြောနေသေးတယ်။ သခင်မလေးက အားနည်းလွန်းပုံများ လေတိုက်ရုံနဲ့တင် ပါသွားနိုင်တယ်တဲ့။ အဲဒါကြောင့် အတော်လေး ဂရုစိုက်ပေးရမယ်တဲ့”
ယဲ့ဖူအန်း၏ မျက်နှာကြီးက တည်သွား၏။
“ကျူးကျူး ခန္ဓာကိုယ်က အကောင်းကြီးရှိသေးတယ်။ ဘယ်က လေတိုက်တာနဲ့ လဲမှာလဲ။ ဘာလဲ မင်းက လုပ်စရာမရှိတော့ တစ်နေ့လုံး လူတွေကို ထိုင်ကျိန်ဆဲနေတာလား”
ဝူရှီက လျန်ရှီကို မျက်စောင်းခဲကာ အရှက်ပြေပြန်ဖြေ၏။
“အို သခင်ကြီးကလည်း ကြံကြီးစည်ရာရှင်။ စိတ်မဆိုးပါနဲ့။ ဒီအစေခံက အပြောမတတ်ဘူး ဖြစ်သွားပါတယ်”
သူမကပဲ မျက်နှာချိုသွေးကာ ဆက်ပြောပြန်သည်။ “သခင်ကြီးလှည်းစီးလာရတာ ပင်ပန်းရောပေါ့။ မြန်မြန်နားတော့လေ”
ယဲ့ဖူအန်းက ဆိုလိုက်သည်။ “ကျူးကျူးက အိပ်နေတယ်။ သူ့ကို သေချာပွေ့ခေါ်သွားပြီး ကျင်းရွှေရွှမ်မှာ ထားလိုက်”
ဝူသခင်မက ကြောင်သွားသည်။ “သခင်မလေးကို ယွင်ရှန်းအဆောင်မှာထားမှာ မဟုတ်ဘူးလားဟင်”
“မထားဘူး” ယဲ့ဖူအန်းကဆိုသည်။ “ကျင်းရွှေရွှမ်ကို ပို့လိုက်”
ယဲ့ကျာ့ယိုက အော်လိုက်၏။ “အဖေ”
ယဲ့ဖူအန်းက သူ့သားခေါင်းကို ပွတ်ကာ “သခင်လေးက ချွေးတွေ့ရွှဲနေတာပဲ။ ဒီလောက်နေပူကြီးထဲ သူ့ကိုဘာလို့ ဘာလို့ ထွက်ခိုင်းရတာလဲ”
ယဲ့ဖူအန်းက အထိန်းတော်တွေကို ကြည့်ပြီးပြောလိုက်တော့ “ သ သခင်လေးက သခင်မလေးကို မမြင်ဖူးဘူးဆိုလို့ပါ”
ယဲ့ဖူအန်းက အေးစက်စွာ ဆိုလိုက်သည်။ “နောက်တစ်ခါ မင်းတို့ သူ့နောက်ကို မလိုက်ကြနဲ့တော့”
သူက အထဲကိုဝင်သွားတော့ ယဲ့ကျာ့ယိုက အနောက်ကနေ လိုက်လာသည်။ “အဖေ သား ကျူးကျူးကို သွားတွေ့လို့ရလား”
သူက သူ့သားခေါင်းလေးကိုပုတ်ကာ “သား… သူက သားထက်အကြီးလေ ကျူးကျူးက ဘာလဲ မမလို့ ပြောင်းခေါ်။ အခုတော့ အဝတ်အစားလဲလိုက်။ အဖေနဲ့ နန်းတော်ထဲလိုက်ခဲ့။ အရှင်မင်းကြီးက ညစာစားပွဲလုပ်မှာ။ သားပြန်လာရင် သားအစ်မ နိုးနေလောက်ပြီ”
ယဲ့ကျာ့ယိုက ပြန်မေး၏။ “အဖေက အခုမှပြန်လာတာကို အရှင်မင်းကြီးက တန်းခေါ်တော့တာပဲလား”
ယဲ့ဖူအန်းက သူ့သားကို နန်းတော်အရေးကိစ္စများ ပြောပြလေ့ရှိသည်။
“မင်းသားချင်က မြို့တော်ကို ရောက်နေတယ်။ အရှင်မင်းကြီးကလည်း စားတော်ပွဲပြင်ထားတာ အမတ်တွေအတော်များများ လာကြလိမ့်မယ်။ သားလည်းလိုက်ခဲ့ပြီး မင်းသားချင်ကို လိုက်အကဲခတ်။ အမြဲတမ်း မင်းသားချန်တို့လို ဘုစုခရုတွေနဲ့ပဲ ရန်ဖြစ်မနေနဲ့။ သိုင်းလည်းကျင့် စာလည်း သေချာလေ့လာမှ ကောင်းကောင်းအရွယ်ရောက်လာမှာ”
…