ဖဝါးထက်က ပုလဲသွယ် (၃)
________
တိရှောင်းက ပြုံးကာပြောလိုက်သည်။
“အမတ်ချုပ်ယဲ့ရဲ့ သားက ငယ်ငယ်ကတည်းက ပြောစမှတ်တွင်အောင် ထူးချွန်တယ်လို့ ကြားတယ်။ အမတ်ချုပ်ယဲ့က အရမ်းတင်းကြပ်တော့ အဖိုးတန်သမီးလေးကလည်း သင်ယူတဲ့နေရာမှာ ထူးချွန်ပြီး ကျင့်ဝတ်ကလည်း သာမန်မိန်းမတွေနဲ့ မတူဘဲကောင်းမယ်ဆိုတာ သေချာလောက်ပါတယ်”
မင်းသားချင်၏အမူအရာပြောင်းသွားကတည်းက သူ့အတွေးကို ယဲ့ဖူအန်းသိလိုက်သည်။ မြို့တော်တောင် မရောက်သေးခင် နှစ်ဖက်က သူ့သမီးကို တွက်ချက်ပြီး ပြိုင်လုနေကြပါပကော။
ယဲ့ဖူအန်းက ဆိုလိုက်သည်။
“မင်းသားချင်ကတော့ မြှောက်နေပြန်ပါပြိ။ ကျွန်တော့်သမီးလေးက သာမန်ပါပဲ။ မြို့တော်က မိန်းကလေးတွေနဲ့ယှဉ်ရင် ရုပ်ရည်ရော အရည်အချင်းရောက ပြောလောက်စရာမရှိပါဘူး။ ကျွန်တော့်သမီးလိမ္မာလေးက မွေးကတည်းက အားနည်းတာ။ ဆရာတော်ဝူရှင်းဆီမှာ ကြီးပြင်းခဲ့ရလို့ စရိုက်ကလည်း အရမ်းရိုးတယ်။ တကယ်ဆို သူ့ကို မြို့တော်နဲ့ အသားမကျမှာတောင်စိုးရိမ်နေရတာပါ”
ဧကရာဇ်ရှေ့တွင်တော့ ယဲ့ဖူအန်းက သူ့သမီးကိုဂုဏ်ဖော်ခဲ့သည်။ ဂုဏ်ဖော်ပြီးနောက်တွင် သူ့အဖိုးတန်သမီးလေးက ခစားရခက်ပြီး တော်ဝင်မိသားစုထဲ မသင့်တော်ကြောင်း ခြောက်ခဲ့သည်။ ဘုရင်က ယဲ့ဖူအန်းကို ကြောက်သူမို့ ဘာတွန်းအားမှ မပေးရဲတော့တာတော့ သေချာသည်။ ထို့အပြင် ဒုတိယမင်းသား၏ နေရာက မခိုင်မာဘဲ အမတ်များကို ဦးဆောင်သည့် ယဲ့ဖူအန်းကပင် ပို၍ အင်အားကြီးနေသေးသည်။ အမတ်ချုပ်၏ နာမကျန်းသူ သမီးကို လက်ထပ်ခြင်းက ဘိုးဘေးတစ်ယောက်ကို လက်ထပ်ခြင်းနှင့် မခြားနားတော့ပေ။
မင်းသားချင်ဟုခေါ်သည့် တိရှောင်းကတော့ လွယ်လွယ်ကြောက်တတ်သည့်သူမဟုတ်။ အိမ်ရှေ့မင်းသားနှင့် လက်ထပ်ပြီး ယဲ့မိသားစုကို သူကစားလျှင်တောင် ယဲ့ဖူအန်းသည် ပြန်လက်စားချေနိုင်မှာမဟုတ်ပေ။
တိရှောင်း လက်ထဲတွင် စစ်အင်အားကို ကိုင်ထားကာ ပင်ကိုယ်ကလည်း အေးစက်ပြီး ဘုရင်ကိုယ်တိုင်ကပင် သူ့ကို ကြောက်ရသည်။ စာပေပညာ၊ သေနင်္ဂဗျူဟာ တိုက်ခိုက်ရည်ပါကောင်းသူမို့ သူ့ကိုတိုက်ခိုက်လျှင် ကျောက်တုံးကိုခဲနှင့်ပေါက်သလိုသာ ဖြစ်နေလိမ့်မည်။
ထို့ကြောင့် သူ့သမီးကို ရသလောက်နှိမ်ထားတာက ကောင်းလိမ့်မည်။ အိမ်ရှေ့မင်းသားကို အကျိုးရှိစေမည့် လက်ထပ်ပွဲမျိုးပဲ တိရှောင်းက စီစဉ်မယ် မဟုတ်လား။
အိမ်ရှေ့မင်းသားက အတော်လေး ကောင်းသော်ငြား ယဲ့လီကျူးကတော့ ကျန်းမာရေးမကောင်းပေ။ ယဲ့ဖူအန်းကိုယ်တိုင်ကလည်း သူ့သမီးကို မထင်မရှားမိသားစုနှင့်သာ လက်ထပ်စေလိုသည်။ ထို့မှသာ သူ့သမီးကို အနိုင်ကျင့်ပါက သူကိုင်တွယ်နိုင်လိမ့်မည်။
ယဲ့ဖူအန်းတွင် သူ့တူနှင့် သမီးလုပ်သူကို ပေးစားလိုစိတ်မရှိမှန်း တိရှောင်းသိသည်။ သို့သော် တိရှောင်းကိုယ်တိုင်ကလည်း လူကောင်း မဟုတ်သည်မို့ ယဲ့ဖူအန်းသဘောမတူလျှင် သူက ဆန့်ကျင်ရလိမ့်မည်။
“အမတ်ချုပ်ယဲ့က တကယ်နှိမ့်ချတတ်တာပဲ။ အပေါ်ထပ်မှာ အခန်း၂ခန်းရှိတယ်။ ခင်ဗျားရဲ့ သမီးလေးကို လှည်းထဲကထုတ်ပြီး အခန်းထဲမှာ အရင်နားခိုင်းလိုက်ပါ့လား”
ယဲ့ဖူအန်းက သူ့မုတ်ဆိတ်မွေးကို သပ်ကာသူ့အစေခံတွေကို အမိန့်ပေးလိုက်သည်။
ခဏအတွင်းမှာပင် သန်မာသော အစေခံတစ်ဦးက ယဲ့လီကျူးကို သယ်လာသည်။ သူမက အားနည်းကာ အိပ်နေတုန်းမို့ ဘယ်သူမှ မနှိုးရဲကြ။ သူမ လှည်းပြင်ကိုထွက်တော့ မျက်နှာကိုရော တစ်ကိုယ်လုံးကိုပါ ပိတ်စအကာဖြင့် ကာထားကြပြီး လူတွေကလည်း ဝန်းရံလို့ထား၏။
တိရှောင်းက အနံ့ခံကောင်းသူမို့ သူ့နှာခေါင်းထဲ မဖော်ပြတတ်သော အနံ့သင်းသင်းလေးတစ်ခု ရလိုက်သည်။
ကြည့်ရတာ သစ်ခွနံ့နှင့် နံ့သာဖြူနံ့ပေါင်းထားသော ရနံ့မျိုးဖြစ်ကာ အတော်လေး အနံ့ကောင်းသည်။ အရမ်းစူးရှတာမျိုးလည်းမဟုတ် ဖျော့တော့နေတာမျိုးလည်းမဟုတ်။
ယဲ့ဖူအန်းကဆိုလိုက်သည်။ “ကျွန်တော်မျိုးရဲ့သမီးလေးက အလိုလည်းလိုက်ခံရ၊ သူ့ခန္ဓာကိုယ်ကလည်း အားနည်းနေတာဆိုတော့ ဒီလိုပဲ အစေခံတွေက သယ်ပေးရတယ်။ မင်းသားချင် မရယ်ပါနဲ့”
တိရှောင်း၏ မျက်လုံးများက လမ်းလျှောက်သွားသော မိန်းမအုပ်စုနားသို့ ကပ်ပါသွားသည်။
ဘယ်သူ့ဆီက အနံ့ရနေမှန်းသူမသိ။
တိရှောင်းက သွေးညှီနံ့တွေနှင့် ရင်းနှီးခဲ့သူဖြစ်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက ခရီးပန်းနေသည်မို့ ရုတ်တရက်ရသော ရနံ့သင်းသင်းလေးက သူ့ကိုနေလို့ကောင်းသွားစေသည်။
ယဲ့ဖူအန်းက ခေါင်းကြောမာသော်ငြား အမှားအမှန်ကိုတော့ ဝေဖန်ပိုင်းခြားနိုင်သည်။ သူ့တွင် လုပ်ရည်ကိုင်ရည် မရှိဘဲနှင့်တော့ လူတစ်ထောင်ကျော်ကို ကျော်တက်ပြီး အမတ်ချုပ် ဖြစ်မှာမဟုတ်ပေ။ သူ့သမီးကလည်း တုံးအနေသည်ဆိုဦးတော့ အရမ်းကြီးတော့ မဆိုးတန်ရာ။
ထိုသို့တွေးမိတော့ တိရှောင်းတစ်ယောက် ယဲ့ဖူအန်း၏ သမီးကို အိမ်ရှေ့မင်းသားနှင့် တအား ပေးစားချင်လာသည်။
ယဲ့လီကျူး အခန်းထဲရောက်တော့ အစေခံမိန်းမတစ်ယောက်က သူမအပေါ်၀တ်အင်္ကျီတွေ၊ ခြေအိတ်တွေ၊ ဖိနပ်တွေိကို ချွတ်ပေးသည်။
သေချာပေါက်အိပ်ရာပေါ်က ပစ္စည်းတွေကတော့ မသုံးရသေးဘူးပေါ့။ အစေခံနှစ်ယောက်က အိပ်ရာကို သေချာခင်းကာ ခေါင်းအုံးအသစ်တွေထားပြီး ယဲ့လီကျူးကို သက်သောင့်သက်သာ အိပ်စေသည်။
ယဲ့လီကျူးကိုအိပ်ရာပေါ်ချပြီးတော့ အစေခံအများစုထွက်သွားကြပြီး အစေခံမားမားကြီး ၂ယောက်သာ စောင့်ကျန်ရစ်ခဲ့ကြသည်။
ထိုအချိန် ယဲ့ဖူအန်းနှင့် တိရှောင်းက အောက်ထပ်တွင် အရက်သောက်နေကြသည်။ ရုံးအမှုထမ်း ဖြစ်သော်ငြား ယဲ့ဖူအန်းက စာအုပ်ကြီးသမားတော့ မဟုတ်ပေ။ သူက တိရှောင်းနှင့် မိတ်ဆွေ မဖွဲ့ချင်တာတောင် ဝိုင်ကို သုံးခွက်လောက် အပြောင်သောက်လိုက်သည်။ ယဲ့ဖူအန်းက တိရှောင်းကို ပခုံးဖက်ကာ ညီနောင်ဟုတောင် ခေါ်နေသေး၏။
အစတော့ ယဲ့ဖူအန်းကို ပြုံးနေသောကျားဟု တိရှောင်းထင်ခဲ့သည်။ မျှော်လင့်ထားသလိုပင် စကားအနည်းငယ် ပြောပြီးနောက်တွင် တကယ်လည်း အပြုံးလှလှနှင့် မကောင်းသောစိတ်အပြည့်ရှိသူ ဖြစ်သည်။
အရေးကြီးသော ကိစ္စများမဟုတ်ဘဲ ယဲ့ဖူအန်းလက်အောက်က အမှုထမ်းတွေ၏ အတင်းတွေကိုသာ သူတို့ ပြောဖြစ်နေကြသည်။ မင်းသားတွေအပေါ် ယဲ့ဖူအန်း၏အမြင်ကိုတိရှောင်းနှိုက်ဖို့ကြိုးစားတိုင်း ယဲ့ဖူအန်းက ရှောင်သွားခဲ့သည်။
အချိန်တိုလေးအတွင်းမှာပင် မြို့တော်တွင်ရှိသော တည်းခိုခန်းတိုင်း၏ ဝိုင်များအကြောင်း ယဲ့ဖူအန်း အတော်လေး ပြောထားပြီးပြီ။ မြို့တော်တွင် အချိန်တိုအတွင်း နာမည်ကြီးလာသူ ကဗျာဆရာတွင် တကယ်တမ်းကျ အနောက်က ရေးပေးနေသူရှိမှန်းလည်း သူသိသည်။ ဘုရင်က စကားအရမ်းများသော ကြက်တူရွေး မွေးထားကြောင်းလည်း သူပြောသည်။ သို့သော် ထိုကိစ္စတွေက သူ့ထံမှ တိရှောင်း သိချင်သောကိစ္စတွေမဟုတ်ပေ။
တိရှောင်းက နှာတစ်ချက်ရှုံ့လိုက်၏။
“ဒီမင်းသားထင်တာက အမတ်ချုပ်ကြီးယဲ့တစ်ယောက် အရမ်းအလုပ်များပြီး အရေးကြီးတာတွေကိုပဲ စိတ်ဝင်စားမယ်ထင်ခဲ့တာ”
ယဲ့ဖူအန်းက ပြုံးပြုံးလေးပြန်ပြော၏။
“ဒီအမတ်ချုပ်က အလုပ်များတဲ့ဘ၀မှာတောင် ကိုယ်ပိုင်နားနေချိန်ကို ရအောင်ယူတယ်လေ။ တစ်နေ့ ဘုရင်မင်းမြတ်သာ ခွင့်ပြုမယ်ဆို ဒီအမတ်အိုကြီးက အငြိမ်းစားယူပြီး သမီးလေးနဲ့ တောရွာလေးမှာပဲ သွားနေတော့မယ်”
တိရှောင်းက နှာခေါင်းရှုံ့လိုက်သည်။ ဒီလူအိုကြီးက အလုပ်နားချင်တာတဲ့လား။ အဲ့လိုသာဆို တိရှောင်းတို့ ပျော်တာပေါ့။ သူမရှိရင် ဘုရင်နဲ့ ဒုတိယမင်းသားဆိုတာ အလကားပဲ။
ပထမ မင်းကြီးလက်ထက်တွင် ယဲ့ဖူအန်းက နှစ်ဆယ်ပင် မပြည့်သေးသော လူငယ်တစ်ဦးဖြစ်ပြီး မင်းမှုထမ်းရာထူးကိုရဖို့ သူ့မိသားစုနောက်ခံကို အားကိုးခဲ့ရသည်။ နောက်ငါးနှစ်အကြာတွင် ဧကရာဇ်ရှန်းက ယဲ့မိသားစုကို အတော်လေး တန်ဖိုးထားခဲ့သည်။ သူ မသေခင်မှာတောင် ယဲ့ဖူအန်းကို ရွှေတံဆိပ်၂ခုနှင့် ဓားတစ်ချောင်း ချီးမြှင့်ခဲ့သည်။
ယဲ့ဖူအန်းက အသက်သုံးဆယ်၌ အမတ်ချုပ် ဖြစ်လာခဲ့သူဖြစ်သည်။ အခုမင်းဆက်မပြောနှင့် အရင်မင်းဆက်မှာတောင် ဒီအသက်အရွယ်နှင့် ဒီလိုရာထူးရသူက အင်မတန်ရှားသည်။
ယဲ့ဖူအန်းက အခု အသက်လေးဆယ် ရှိနေပြီ။ သူနှစ်နည်းနည်းကြာကြာထပ်နေရပြီး အသက်၇၀လောက်အထိ အာဏာကိုလက်လွှတ်ဖို့ ငြင်းနေကာ အမှားလည်းမလုပ်ခဲ့ပါမူ သူ့ကို အိမ်ရှေ့စံမင်းသား ထိပါးရန် ခက်လိမ့်မည်။
တိရှောင်း ခုနက ယဲ့လီကျူးကို လှမ်းကြည့်လိုက်သည်။ လူတွေအများကြီးဝိုင်းရံကာ ကန့်လန်ကာ အထပ်ထပ် ကာထားသော်လည်း ယဲ့ဖူအန်းသမီးက ငယ်တော့သည့်အရွယ် မဟုတ်ဘဲ လက်ထပ်ရမည့်အရွယ်ဆိုတာကိုတော့ သူသိလိုက်သည်။
ယဲ့ဖူအန်းက သူ့သမီးကို အိမ်ရှေ့မင်းသားနဲ့ မပေးစားချင်ဘူးဆိုတော့ ဒုတိယမင်းသားနဲ့ ပေးစားမဲ့သဘောလား။
ယဲ့ဖူအန်းနှင့် တိရှောင်းတို့ ခွက်ချင်းတိုက်ကာ သောက်နေကြသည်။ နှစ်ယောက်လုံးက သောက်နိုင်သူများမို့ တစ်ယောက်ကိုယ်တစ်ယောက်ဖက်ပြီး တက်လာခဲ့၏။
ယဲ့ဖူအန်းက သူ့သမီးတံခါးရှေ့သို့သွားကာ အစေခံတစ်ယောက်ကို မေးလိုက်သည်။
“သခင်မလေး အိပ်နေတုန်းပဲလား”
အစေခံလေးက ခေါင်းညိတ်ပြ၏။
“အိပ်နေတုန်းပါပဲ သခင်ကြီး။ မားမားလီက မီးဖိုထဲသွားပြီး မုန့်လုပ်နေပါတယ်။ မားမားချန်ကတော့ ဘေးမှာစောင့်နေပါတယ်။ သခင်မလေးနိုးလာရင် တစ်ခုခုစားရအောင်ပါ။ သခင်ကြီး သွားနားလိုက်ပါ”
ယဲ့ဖူအန်းလည်း ခေါင်းညိတ်ကာ သူ့အခန်းသို့ပြန်လာခဲ့လိုက်တော့သည်။
…
ညလယ်တွင် ယဲ့လီကျူးတစ်ယောက် ခန္ဓာကိုယ်ပေါ့ပါးစွာ နိုးလာခဲ့ပြီး သူမအပေါ်ဖိစီးနေသော မကောင်းဆိုးဝါးများအကုန် ပပျောက်သွားပြီဟု ခံစားနေရသည်။ သူမ မျက်လုံးဖွင့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
“လက်ဖက်ရည်”
မားမားတစ်ယောက်က အမြန်ပဲပြေးလာကာ သူမကို ပလုတ်ကျင်းစေသည်။ ယဲ့လီကျူးတစ်ယောက် ခက်ခက်ခဲခဲနှင့် ထလိုက်ပြီးမေးလိုက်၏။
“ဘယ်အချိန်ရှိပြီလဲ အဖေဘယ်မှာလဲ”
အစေခံက ပြန်ဖြေ၏။
“ညတစ်နာရီလောက်ရှိနေပါပြီ၏ သခင်ကြီးက ဝိုင်သောက်ပြီး အိပ်သွားပါပြီ သခင်မလေး။ သခင်မလေး မငိုတော့နဲ့နော်။ မျက်လုံးတွေလည်းမို့နေပြီ။ ဗိုက်ဆာလား တစ်ခုခုစားမလား”
ယဲ့လီကျူးက မားမားကိုမြင်တော့ သူမ၏မိခင်ကျန်းရှီကို သတိရမိသည်။
သူမဝမ်းနည်းပြီး မျက်ရည်တွေ ဝဲလာသော်လည်း အံကိုကြိတ်ကာ “ဟုတ် စားမယ်လေ”
တည်းခိုဆောင်တွင် အစေခံတွေက အပြင်ကို အစားအစာ ထွက်ဝယ်ရန် အဆင်မပြေပေ။ အဘယ်ကြောင့်ဆိုသော် ယဲ့လီကျူးက အခုမှ ဘုရားကျောင်းက ထွက်လာခဲ့သူမို့ သူမ ငါးစားသလား အသားစားသလား သူမတို့ မသိကြပေ။ ထို့ကြောင့် ဂျင်ဆင်းဆန်ပြုတ်ကို သကြားခဲအနည်းငယ်ထည့်ကာ ကျိုကြတော့သည်။
ယဲ့လီကျူးက ဂျင်ဆင်းအရသာကို မကြိုက်သည်မို့ နည်းနည်းပဲသောက်ပြီး အစာသွတ်မုန့်ကိုသာ စားသည်။
သူမက အနည်းငယ်သာ စားသည်မို့ ဗိုက်အောင့်ပြီး အိပ်ပျော်သွားမှာ စိုးကြတာကြောင့် အစေခံ၂ယောက်ကို အပြင်လွှတ်လိုက်ကြပြီး အခြေအနေ ကြည့်ခိုင်းလိုက်ကြသည်။
အချိန်က ညလယ်ရောက်နေပြီမို့ လမင်းက ထိန်ထိန်သာနေသည်။ တည်းခိုဆောင်ကို ယဲ့အမတ်ချုပ်၏ လူများနှင့် မင်းသားချင်၏ မြင်းတပ်က ပတ်ပတ်လည် ကာရံထားသည်။ ထို့အပြင် စစ်သည် ရာပေါင်းများစွာလည်း ဝန်းရံထားသည်မို့ လုံခြုံရေးကတော့ အထူးကောင်းမွန်နေသည်။
အစေခံတစ်ယောက်က ဆိုလိုက်၏။
“သခင်မလေး…အခုမှစားသောက်ပြီးတာဆိုတော့ ထပ်မလှဲနဲ့ဦးလေ။ ညလေလေးကလည်း တဖြူးဖြူးနဲ့။ အခုမှ မေလဆိုတော့ မအေးသေးဘူး။ ဒီအစေခံက အပေါ်၀တ်အပါးလေး ယူပေးမယ်။ အပြင်ထွက်လမ်းလျှောက်မလားဟင်”
ယဲ့လီကျူးက ခေါင်းညိတ်လိုက်သည်။
လရောင်အောက်က အလှလေးကို မြင်ရတာ အင်မတန်မျက်စိပသာဒဖြစ်ရသည်။ ယဲ့လီကျူးက ငွေရောင်ပန်းထိုးထားသော အစိမ်းရောင် ဝတ်ရုံပါးလေးကိုဝတ်ထားကာ သူမ၏ စကပ်စတွင် ဖုန်တစ်မှုန်တောင် ကပ်မနေ။ သူမ၏ ပိတုန်းရောင်ကေသာက နက်မှောင်ကာ ပုလဲဆံထိုးလေးက ညင်သာစွာ ယိမ်းနွဲ့နေသည်။
မိန်းကလေး၏ မျက်နှာကို မမြင်ရသေးသော်လည်း ကိုယ်လုံးကိုယ်ထည်ကို ကြည့်ရုံနှင့် အင်မတန်လှမည်မှန်း တိရှောင်းသိလိုက်သည်။
သူ ဝိုင်အနည်းငယ်ထပ်သောက်ပြီး မူးရိပ်ရိပ်ဖြစ်နေကာ အိပ်လည်းမအိပ်ချင် ပျင်းလည်းပျင်းနေသည်။ လကလည်း သာနေသည်မို့ အပြင်ထွက်လမ်းလျှောက်လာခြင်းပင်။
ထိုအချိန်တွင် မမျှော်လင့်ဘဲ လူအများကြီးဝန်းရံထားသော ယဲ့လီကျူးကို တွေ့လိုက်ရခြင်းဖြစ်သည်။ သို့သော် တိရှောင်းက အခုထိ ယဲ့လီကျူးနာမည်ကို မသိသေးပေ။
သူက အမှောင်ထဲမှာ တစ်ယောက်တည်းဖြစ်ကာ သူ မမြင်စေချင်လျှင် ဘယ်သူမှ သူ့ကိုမြင်ရမည်မဟုတ်။
မိန်းမပျိုလေး၏ ဆံနွယ်လှလှများက အနောက်တွင် လျော့တိလျော့ရဲနှင့် ကျနေပုံမှာ အဖြူရောင်စကပ်နှင့် ဆန့်ကျင်ဖက်ပင်။
တိရှောင်းက သူမ အစေခံတွေကို ပြောသည့်စကားအား နားထောင်နေလိုက်သည်။
“အရမ်းနောက်ကျနေပြီဆိုတော့ အားလုံးပြန်ကြတော့လေ။ ဟုတ်ပြီလား။ ရှင်တို့အနားမှာရှိတော့ အရမ်းဆူနေတယ်”
အစေခံတွေ ဝေ့ဝဲကြည့်လိုက်တော့ ဘယ်သူမှမရှိပေ။ ထို့ကြောင့် အများစုက တည်းခိုဆောင်ထဲသို့ ဝင်သွားကြသည်။ တစ်ခုခုဆို ယဲ့လီကျူး အော်ခေါ်လိုက်ပါက ပြေးထွက်လာကြလိမ့်မည်။
အစေခံအုပ်လိုက်ကြီး အထဲသို့ပြန်သွားကြ၏။
အနားမှာ လူတွေမရှိတော့မှ ယဲ့လီကျူးစိတ်သက်သာရာရသလို ခံစားလိုက်ရသည်။
ယဲ့လီကျူး နိုးလာတော့ သူမခန္ဓာကိုယ်က ပေါ့ပါးနေသည်။ ရင်ဘတ်တွင် ကျောက်တုံးဖိနေသလို ခံစားချက်ရော၊ သူမ ပခုံးတွေလေးလံနေမှုကိုရော၊ သူမထလိုက်တိုင်း တစ်ယောက်ယောက်က ခြေထိုးခံသည့်ခံစားချက်များရော မရှိတော့ပေ။
ဆရာတော်ပြောသည်ကတော့ သူမက မကောင်းသည့်အချိန်တွင် မွေးသူမို့ မကောင်းဆိုးဝါးအငွေ့အသက်တွေ ရစ်ပတ်နေပြီး သူမခန္ဓာကိုယ်က နေထိုင်လို့ကောင်းမှာ မဟုတ်တဲ့။
သို့သော် အခုတွင်တော့ ထိူလက္ခဏာတွေအကုန် သက်သာနေသည်ဟု ယဲ့လီကျူးခံစားနေရသည်။ ဘာဖိစီးမှုမမရှိဘဲ သူမရွှင်လန်းနေ၏။
ဒီတည်းခိုဆောင်က ဖုန်းရွှေပဲ ကောင်းလို့လား။
ယဲ့လီကျူးပတ်ကြည့်ရင်း အရှေ့သို့ ခြေနှစ်လှမ်းလျှောက်လိုက်သည်။ သူမရှေ့တွင် တစ်ခုခုရှိနေသလို သူမခံစားနေရ၏။ အရှေ့ကိုလျှောက်လေ သူမ ခံစားရပိုသက်သာလေ။
တိရှောင်း : “……”
မိန်းမပျိုလေးက လှည့်လိုက်သည်မို့ သူမ မျက်နှာကို သူမြင်ရပြီ။ ထိုခဏမှာတင် သူ့စိတ်ထဲ ပြောမပြတတ်သော အတွေးများ ဖြတ်ပြေးသွား၏။
ဒီအမျိုးသမီးက ထူးခြားတဲ့အလှပိုင်ရှင်ပဲ။
တိရှောင်းသည် ကြောင်အနေသည်။ ဒီလောက်လှတဲ့မိန်းမကိုသာ အိမ်ရှေ့စံကို ပေးလိုက်ပါက တစ်ချိန်လုံး မိန်းမနားပဲ ကပ်နေပြီး တိုက်ခိုက်ချင်စိတ်တောင်ပျောက်သွားလိမ့်မည်။
ယဲ့လီကျူး၏ အလှကို ပေါ့ပေါ့လေး ဖော်ပြလို့ မရပေ။ သန့်စင်ကာ ဆွဲဆောင်မှုရှိသည်။ နေရာတိုင်းက ဆန့်ကျင်မှုတွေချည်း။
သူမ မျက်တောင်ကော့ကြီးတွေက ရှည်လျားကာ မျက်လုံးက မက်မွန်ပွင့်သဏ္ဌာန်၊ အရည်လဲ့ကာ ညှို့အားပြင်းသည်။ ငိုထားသည်နှင့် တူသည်မို့ အနည်းငယ်နီရဲကာ မို့အစ်နေ၏။ သို့သော် အနီးကပ်ကြည့်ပါက သူမမျက်ဝန်းတွေထဲတွင် သန့်စင်မှုကို တွေ့ရလိမ့်မည်။
နှာတံမြင့်မြင့်လေးက ကော့ဆင်းကာ နှုတ်ခမ်းဖူးဖူးလေးက လာနမ်းလှည့်ပါဟု ဖိတ်ခေါ်နေသယောင်။
တိရှောင်း ခြေ၂လှမ်းလောက်ဆုတ်သွားသည်။
အိမ်ရှေ့မင်းသားက ချင်ပြည်နယ်ကို မရောက်ဖူးဘဲ စာနှင့်သာ အဆက်အသွယ်ရှိသည်မို့ သူဘယ်လောက် အာရုံစူးစိုက်မှုကောင်းပြီး စိတ်ထိန်းနိုင်လဲဆိုတာကို တိရှောင်းမသိပေ။
ထို့အပြင် တိရှောင်းက ယဲ့လီကျူး၏ စိတ်နေစိတ်ထားကိုလည်းမသိ။ သူမက နတ်မိမယ်လိုအရမ်းလှပြိး မိစ္ဆာမလေးလို ညှို့အားပြင်းနေသည်မို့ သူမစိတ်ကလည်း သာမန်မိန်းမတွေနှင့်မတူဘဲ ကွဲပြားလိမ့်မည်။ ဒီလိုမိန်းကလေးမျိုးက သူ့တူကို မထိခိုက်စေနိုင်ဘူးလား။
အဲ့လိုသာဆို အချိန်တန်လျှင် ဒီကပ်ဘေးဆိုးလေးကို သူဖြတ်ပစ်ရလိမ့်မည်။
ယဲ့လီကျူးက အရှေ့သို့ တဖြည်းဖြည်း တိုးလာသည်။ သူ တိရှောင်းနှင့် နီးလာလေ ပို၍နေကောင်းလာလေပင်။
တိရှောင်းက မခံနိုင်တော့ပေ။ သူ့လက်ထဲက ဓားကို သူ ဆုပ်ကိုင်ရင်း လှည့်ထွက်သွားတော့သည်။
ယဲ့လီကျူး : “ဟင်”
______
ယဲ့လီကျူးကို တိရှောင်းမတွေ့ခင်။
တိရှောင်း: ဒီမင်းသားက ကျုပ်တူနဲ့ ယဲ့သမီးကို နတ်ဖက်တဲ့စုံတွဲလို့ ထင်တယ်ဗျာ။ အမတ်ချုပ်ယဲ့ ခင်ဗျားသဘောမတူလည်း တူကိုတူရမယ်
ယဲ့လီကျူးကို တိရှောင်းတွေ့ပြီး။
အမတ်ချုပ်ယဲ့ : အရှင့်သားပဲ အိမ်ရှေ့စံနဲ့ သဘောတူတာဆို ဘယ်မလဲ အိမ်ရှေ့မင်းသား
တိရှောင်း: အိမ်ရှေ့မင်းသားက ဒီကောင်မလေးကို ထိန်းနိုင်မှာမဟုတ်တော့ ငါကိုယ်တော်ပဲ လာလိုက်တော့တယ် :3
…