အခန်း ၁
ကျီဟဲ၏ တတိယမြောက် နှစ်သစ်ကူးအကြိုနေ့၌ မြို့တော်တွင် နှစ်တစ်ရာအတွင်း နှင်းများထူထပ်စွာကျနေခဲ့သည်။ ပေ့အန်းပြည်နယ် အင်ပါယာနန်းတော်ရှိ ခိုင်းယွမ် ဗုဒ္ဓဘာသာဘုရားကျောင်း၏ ခေါင်မိုးမှာ ပေါက်သွားပြီး ပင်မခန်းမဆောင်ရှိ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်မှ သွေးနှင့် မျက်ရည်စီးကြောင်းနှစ်ကြောင်း စီးကျလာခဲ့သည်။
ဒီနှစ်သည် မလွဲဧကန် အရှုပ်အထွေးများမည့် နှစ်တစ်နှစ်ဖြစ်လိမ့်မည်။
နှစ်သစ်ကူးပြီးနောက် ဘုရင်ရှစ်ပါး၏ ဆူပူအုံကြွမှုများ စတင်ခဲ့သည်။ လက်အောက်ခံပြည်နယ်အားလုံးမှ ဘုရင်များသည် စတင်ပုန်ကန်ကြသည်။ လအနည်းငယ်အတွင်းမှာ စစ်မီးလျှံများသည် နေရာအနှံ့ပျံ့နှံ့သွားပြီး ပြည်သူများသည် အသက်ရှင်ရပ်တည်ဖို့ ရုန်းကန်ကြရသည်။ သုံးနှစ်မပြည့်ခင်မှာပဲ ပုန်ကန်သူတွေသည် မြို့တော်ကို အောင်နိုင်ခဲ့ပြီး နှစ်ရာချီ တည်ရှိခဲ့သော ပေ့အန်းမင်းဆက်သည် နိဂုံးချုပ်သွားခဲ့သည်။
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ အဆုံးသတ်ခါနီး နေဝင်ချိန်သည် မထင်မရှား နန်းတော်ပေါ်သို့ သွေးများ လောင်းချလိုက်သလိုပင်။
နန်းတော်တံခါးကို ကန်ဖွင့်လိုက်သော် အပျက်အစီးများနှင့် ဖုန်မှုန့်များသည် နီမြန်းသော နေရောင်များကြား အရိုင်းဆန်စွာ ပျံ့လွင့်နေပြီး လေထုသည် သွေးညှီနံ့များ ဖုံးလွှမ်းနေသည်။
ပင်မနန်းတော်ခန်းမ၏ မျက်နှာကျက်တွင် တဖျတ်ဖျတ်လွင့်နေသည့် အဝါရောင်တောက်တောက် ၀တ်ရုံဝတ်ဆင်ထားသော ရုပ်ပုံလွှာတစ်ခုသည် တွဲလောင်းကျနေသည်။ ထိုသူ၏ ပခုံးကိုကျော်၍ ဆံပင်များမှာ ဖျာကျနေပြီး ခြေဗလာဖြစ်ကာ သွေးစိမ်း တတောက်တောက်ကျနေသည်။
ပုန်ကန်တပ်ဖွဲ့မှ တပ်သားနှစ်ယောက်က တက်ကြွစွာဖြင့် “ဧကရာဇ်ကို တွေ့ပြီ!”
ထိုစဉ် ဓားအိမ်မှ ဓားဆွဲထုတ်သံကို ကြားလိုက်ရပြီးနောက် တွဲလောင်းပုံရိပ်သည် မြေကြီးပေါ်သို့ သွေးစွန်းနေသော အဝတ်စုတ်တစ်စလို အပုံလိုက် ပြုတ်ကျလာသည်။ လျင်မြန်စွာပင် သွေးများသည် မြေပြင်ပေါ်တွင် ချင်းချင်းနီလာသည်။
“သေနေပြီ”
တပ်သားက ဖိနပ်ထိပ်နှင့် အလောင်းကိုကန်လိုက်ပြီး တက်နင်းလိုက်သည်။ ဆန်းကြယ်သော ခံစားချက်တစ်ခုက သူ့နှလုံးသားတစ်ခုလုံးကို ပြည့်နှက်သွားစေခဲ့သည်။ လွန်ခဲ့သည့်သုံးနှစ်က သူသည် နိုင်ငံတော်က မကာကွယ်ပေးနိုင်ခဲ့သော ငတ်မွတ်ခေါင်းပါးလုနီးနီး အသက်ရှင်နေထိုင်ခဲ့ရသော ဆင်းရဲသားများထဲက တစ်ဦးဖြစ်သည်ဟု ဘယ်သူကများ ထင်မိမှာလဲ? သို့ပေမဲ့ အခုတော့ သူအလိုရှိသည့်အတိုင်း ဧကရာဇ်မင်း၏အလောင်းကိုပင် နင်းချေနိုင်ပြီဖြစ်သည်။
သူ့ခြေထောက်အောက်က ဧကရာဇ်မင်းသည် အသက်မရှိတော့ပေ။ ဆံပင်ရှည်များက သူ့မျက်နှာကို ဖုံးအုပ်ထားသည်။ တပ်သားသည် အလောင်းကို အကြိမ်အနည်းငယ် စိုက်ကြည့်ပြီးနောက် လမ်းဘေးဈေးဆိုင်တွင် ကြားခဲ့ရသည့် ဆိုးရွားသော ကောလာဟလများကို သတိရသွားသည်။ ထို့နောက် သူ့မျက်နှာတွင် ညစ်ညမ်းသောမျက်နှာပေးက ပေါ်ပေါက်လာသည်။
“ဒီမင်းဆက်ရဲ့ ယွမ်ဧကရာဇ် မျက်နှာက ထူးခြားတယ်လို့ ငါကြားတယ်၊ သူက ဧကရာဇ်ဆိုပေမယ့် တကယ်က အရာရောက်တဲ့ အမတ်ကြီး စဉ်းမာရဲ့ အချစ်တော်အလှလေးဖြစ်နေလို့ ကျောထောက်နောက်ခံရနေတာပါ၊ မဟုတ်လို့ကတော့ ကိုယ်လုပ်တော်ရဲ့သားဆိုတဲ့ သူ့အဆင့်အတန်းနဲ့ ဘယ်လိုလုပ်နန်းတက်နိုင်မှာလဲ? ဟီးဟီး… လောင်ကျစ်က တကယ်ကို သိချင်နေပြီ”
သူသည် သူ၏ဓားကို ကိုင်လိုက်ပြီး ဓားနှင့် အလောင်း၏ဆံပင်ကို ဖယ်လိုက်သည်။ သူ့မျက်နှာသည် အရိုးအထိ နက်ရှိုင်းသော ဓားဒဏ်ရာများဖြင့် ရုပ်ပျက်နေသည်ကို မြင်လိုက်ရသော် လန့်စရာကောင်းလွန်း၍ ထပင်ခုန်မိသည်။ ပုံပျက်ပန်းပျက်ဖျက်ဆီးခံထားရသည်မှာ အမှန်ပင် ကြောက်စရာကောင်းလှသည်။
“ခွေးဧကရာဇ်က သေတာတောင် ဆိုးဆိုးရွားရွား သေရတာပါလား”
တပ်သားက တံတွေးထွေးပြီး သူ့ဓားကို အလျင်အမြန် ဖယ်ပစ်လိုက်သည်။ ဒေါသပိုပိုကြီးလာကာ ကျိန်ဆဲပြီး ကန်ထုတ်လိုက်သည်။
အလောင်းသည် လိမ့်သွားကာ တစ်ဖက်သို့ လည်သွားသည်။
ကျန်တပ်သားကလည်း ထိတ်လန့်သွားပေမယ့် အလောင်းပေါ်ရှိ သွေးစွန်းဝတ်ရုံမှာ ပြေလျော့ပြီး လည်ပင်းနှင့် ရင်ဘတ်တွင် ကြာပန်းဖြူရောင် အသားအရည် လှစ်ဟသွားသည်ကို တွေ့လိုက်ရသည်။ ၎င်းသည် တောက်ပသော ကျောက်စိမ်းရောင်နှင့် ဆင်တူသည်။ သူသည် အသက်ရှူမှားသွားပြီးနောက် ခါးစည်းကြိုးကို မတင်ရန် ဓားဖျားကို အသုံးပြုလိုက်သည်။
နှစ်ယောက်သား အတန်ကြာအောင် ကြည့်နေကြသည်။ သူတို့ထဲက တစ်ယောက်က “ဒီခွေးဧကရာဇ်က အသား တော်တော်ဖြူတာပဲ…”
သူတို့သည် တောင်နှင့်မြောက်တွင် တိုက်ခိုက်ရန် ကျားနီတပ်သို့ ဝင်ရောက်ခဲ့ပြီး ဓားလှံများနှင့်သာ လုံးထွေးနေခဲ့သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင် အန္တရာယ်ရှိသော ကိစ္စရပ်များသာ ပြုလုပ်ရသောကြောင့် ဘယ်လိုလုပ် မိန်းမနှင့် အထိအတွေ့ရှိနိုင်မည်နည်း။ တိုင်းပြည်ကို သိမ်းပိုက်ရန် အရှင်သခင်၏ နောက်လိုက်ရန်သာ သူတို့မျက်လုံးများက ဦးတည်နေခဲ့သည်။ သူတို့နှလုံးသားထဲက အသက်ရှုကျပ်သလို ခံစားချက်သည် ပိုပိုကြီးထွားလာခဲ့သည်။
တပ်သား၏ မျက်လုံးများက တောက်ပနေပြီး သူသည် တီးတိုးပြောဆိုနေသည် “ဧကရာဇ်က ဒွိလိင်လို့ ငါကြားတယ်၊ ဟုတ်မဟုတ်တော့ မသေချာဘူး…”
နှစ်ယောက်သား တံတွေးမျိုချရင်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်တော့ နှစ်ယောက်စလုံး၏ စိတ်ထဲတွင် တူညီသော အထင်အမြင်သေးမှုကို မြင်လိုက်ရသည်။
“ဒီနေရာက လူသူမရှိဘူးဆိုတော့…” သူတို့ထဲမှ တစ်ယောက်က ဆုံးဖြတ်ပြီးသွားပုံရသည်- “ချွိ၊ ဒီခွေးဧကရာဇ်က တစ်နိုင်ငံလုံးက ဆင်းရဲသားတွေရဲ့ ဘဝကို ဖရိုဖရဲဖြစ်အောင်လုပ်ပြီး လူမဆန်ခဲ့တာ၊ ဒီနေ့တော့ လောင်ကျစ်က ကောင်းကင်ဘုံအတွက် တရားမျှတမှုကို ယူပေးမယ်၊ ဘယ်လိုဖြစ်ဖြစ် ငါတို့ပြည်သူတွေက ဧကရာဇ်ကို လုပ်နိုင်တယ်၊ ပြောရုံနဲ့တင် တန်တယ်”
ပြောပြီးပြီးချင်းပဲ သူတို့၏သတ္တိသည် ရက်စက်ကြမ်းကြုတ်မှုအဖြစ် ကူးပြောင်းသွားသည်။ ရုပ်ပျက်နေသော မျက်နှာကို ဖုံးရန် အဝါရောင်ဝတ်ရုံ၏ အစတစ်စကို ဖြတ်လိုက်ပြီး ဧကရာဇ်၏ ဘောင်းဘီရှည်ကို မချွတ်ခင်မှာပဲ အပြင်ဘက်မှ ဆဲဆိုသံများကို ကြားလိုက်ရသည်။ ကျားနီစစ်တပ်၏ လက်ထောက်တပ်မှူး ချောင်ကန်းသည် တပ်ဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ ရှေ့သို့ ပြေးလာခဲ့သည်။ တပ်သားနှစ်ယောက်သည် ဖြူဖပ်ဖြူရော်မျက်နှာဖြင့် ကမန်းကတန်းထရပ်လိုက်ကြသည်။
နန်းတော်ကို တပ်သားတစ်ဒါဇင်ခန့် ဝိုင်းထားပြီးနောက် နန်းတော်တံခါးကို ဖြတ်ပြီး တောက်ပနေသော နေရောင်သည် မှိန်ဖျော့သွားခဲ့သည်။ အနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော အရပ်ရှည်ရှည် စစ်သူကြီးသည် တစ်လှမ်းချင်း လျှောက်လာသည်။
ရောက်ရှိလာသူမှာ ကျားနီစစ်တပ်၏ စစ်သေနာပတိ နီလျဲ့ဖြစ်သည်။ နှာတံပေါ်ပေါ်၊ နက်နဲသော မျက်လုံးတစ်စုံနှင့် သူ၏အကြည့်များသည် မကောင်းဆိုးဝါးတစ်ကောင်အလား ရက်စက်ကြမ်းကြုတ်သည်။ သူ၏ မျက်ခုံးမှ မေးစေ့အထိ ဖြတ်သွားသော ထင်ရှားသည့်အမာရွတ်တစ်ခု ရှိပြီး သွေးခြောက်များဖြင့် ဖုံးအုပ်ထားသောမျက်နှာသည် သူ့ကို ပို၍ပင် ဆိုးသွမ်းကြောက်မက်ဖွယ်အသွင် ပေါ်စေသည်။
ကျားနီစစ်တပ်၏ လက်နက်ကိုင်တပ်ဖွဲ့များကို လည်ပတ်ရာတွင် ကြုံရသော လူမဆန်မှုများအကြောင်းကို တပ်သားနှစ်ယောက် ကြားဖူးသည်မှာ ကြာပြီဖြစ်သည်။ သူတို့သည် အသက်ကို ဖြည်းဖြည်းရှုရင်း ခေါင်းမှ ခြေဖျားထိ အကြောက်တရားနှင့် တုန်ရင်နေကြသည်။ ကျားနီစစ်တပ်ကို ပြင်ပလူများ၏ ပါးစပ်တွင် ပုန်ကန်သူများနှင့် သစ္စာဖောက်များဟု သိထားသော်လည်း ၎င်းတို့၏ စစ်စည်းကမ်းမှာ တင်းကျပ်သည်။ သူတို့၏ ယခင်လုပ်ရပ်ကို လုံးဝခွင့်လွှတ်မှာ မဟုတ်ပါ။
နှစ်ယောက်သားက ခွင့်လွှတ်ဖို့ တောင်းပန်နေကြပေမယ့် အချိန်နှောင်းသွားပြီဖြစ်သည်။ အဖြူရောင်အလင်းတန်းလေးနှင့်အတူ မြေပြင်ပေါ်မလဲကျမီ အဲ့ဒီစက္ကန့်ပိုင်းအတွင်း သူတို့နှစ်ယောက်၏ မျက်လုံးများပြူးကျယ်သွားသည်။ လည်ပင်းမှ သွေးများ ပန်းထွက်ကာ မြေပြင်တစ်ခုလုံး ပက်ဖျန်းသွားသည်။
နန်းတော်အတွင်း၌ အပ်ကျသံပင် မကြားရလောက်အောင် လူတိုင်းက အသက်ရှုအောင့်ထားကာ စကားပင်မပြောဝံ့ကြပါ။ သို့သော် ကျားနီဘုရင်သည် သွေးတစ်စက်စက်ကျနေသော ဓားရှည်ကြီးကို ဆွဲကာ ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်။ သူက ဂရုမစိုက်ဟန်ဖြင့် ပြောသည်-
“သူတို့ကို ဆွဲထုတ်သွားစမ်း”
“အမိန့်အတိုင်းပါ”
ချောင်ကန်းက ခေါင်းငုံ့ပြီး တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ သူသည် သူတို့စစ်သူကြီး၏ ရက်စက်ကြမ်းကြုတ်မှုများကို သတိပြုမိခဲ့သည်မှာ ကြာပြီ။ အခြေအနေက သေချာပေါက် ခွင့်မလွှတ်နိုင်စရာပေမယ့် ပညာရှိတစ်ယောက်အနေနဲ့ မွေးဖွားလာခဲ့သော သူ့အတွက် သူ့နှလုံးသားထဲမှာ စာနာစိတ်အချို့ ကျန်ရှိနေပါသေးသည်။ ဒီလူနှစ်ယောက်သည် စစ်တပ်၏ဥပဒေနဲ့ မလွတ်ကင်းနိုင်မှန်း သူသိပေမယ့် သူတို့၏ ရာဇ၀တ်မှုသည် သေရလောက်အောင် မပြင်းထန်ပါ။ သူသည် ဤစစ်သားနှစ်ဦးအတွက် ခွင့်လွှတ်မှုကို တောင်းခံချင်ခဲ့သော်လည်း မထင်မှတ်ထားလောက်အောင် နီလျဲ့သည် ရက်စက်သော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်။
ကြုံရခဲသည့် ရဲရင့်သော စစ်သည်တော်တစ်ဦးအဖြစ် နီလျဲ့ကို လေးစားကြောက်ရွံ့ပါသည်။ နီလျဲ့သည် ရဲရင့်ပြီး လူသတ်သည့်နေရာတွင် ယင်ကောင်သတ်သည့်အလား ပြိုင်ဘက်ကင်းမဲ့သည်။ ရန်သူ့စခန်းသို့ မရောက်မီပင် “လူသတ်စက်” ဟူသော ကြွေးကြော်သံသည် ရန်သူများကို ထိတ်လန့်စေနေပြီဖြစ်သည်။ လက်အောက်ခံဘုရင်ရှစ်ပါး၏ ပုန်ကန်မှု ပြင်းထန်လာချိန်မှစ၍ မြောက်ပိုင်းနယ်စပ်ရှိ ကျားနီစစ်တပ်သည် ဧကရာဇ်အမိန့်ကို ခံယူကာ ပုန်ကန်မှုကို နှိမ်နင်းရန် တောက်လျှောက် ခရီးနှင်ခဲ့သည်။
စစ်ပြေငြိမ်းပြီးနောက် ကျားနီတပ်သားများသည် ဧကရာဇ်ပုန်ကန်မှုကို ကာကွယ်ရန် မြို့တော်ကို ပတ်၍ တပ်စွဲခဲ့သည်။ ပုန်ကန်မှုကို ပြေလျော့စေရန် တပ်စွဲထားသည့် စစ်သူကြီး နီလျဲ့သည် ဧကရာဇ်မင်းမြတ်ဘေးရှိ ဆိုးသွမ်းသော အမတ်ကြီးများအားလုံးကို သုတ်သင်ရှင်းလင်းရေး ခေါင်းစဉ်အောက်တွင် မြို့တော်ကာကွယ်ရေးကို ထိုးဖောက်ကာ သူ၏တပ်ဖွဲ့များကို ဦးဆောင်ခဲ့သည်။
ရဲရိုနန်းဆောင်၏ အဆင့်နိမ့်ကျွန်မျိုးမှ ဆင်းသက်လာသော ရက်စက်သောသားရဲ၊ နီဆိုသော မျိုးရိုးနာမည်နှင့် နန်းတော်ကျွန်တစ်ဦးမှ တိုတောင်းသောနှစ်အနည်းငယ်အတွင်း ပေ့အန်းပြည်နယ်ကို ကျွမ်းထိုးမှောက်ခုံလုပ်သွားလိမ့်မည်ဟု ဘယ်သူက ထင်နိုင်မည်နည်း။
ချောင်ကန်းက သူ့တံတွေးကို မျိုချလိုက်သည်။ အလောင်းနှစ်လောင်းကို သယ်ထုတ်ဖို့ လိုက်ပါလာသောစစ်သည်တွေကို အမိန့်ပေးလိုက်သည်။ ထို့နောက် မြေပြင်ပေါ်ရှိ အလောင်းအား စစ်ဆေးရန် ရှေ့သို့ လှမ်းလာပြီး ခဏအကြာတွင် မတ်တပ်ထရပ်ကာ အရိုအသေပေးလျက် “စစ်သူကြီး လူကသေပြီ”
“ဧကရာဇ် ချောင်းယွမ်လား?”
“ဧကရာဇ်ရဲ့ ၀တ်ရုံတော်ကို ဝတ်ဆင်ထားပေမယ့် မျက်နှာက ပျက်စီးနေတော့ အတုဖြစ်မှာ စိုးပါတယ်”
နီလျဲ့က ခြေလှမ်းအနည်းငယ်လှမ်းပြီး “စဉ်းမာယွိ့ကို ခေါ်ခဲ့” လို့ပြောလိုက်သည်။
လျင်မြန်စွာ စဉ်းမာယွိ့ကို အထဲသို့ ခေါ်သွင်းလိုက်သည်။ သူ၏ အသွင်အပြင်သည် စိတ်မချမ်းမြေ့စရာကောင်းလှပြီး တော်ဝင်မျိုးနွယ်တစ်ဦး၏ ခံ့ညားသော ကိုယ်ရောင်ကိုယ်ဝါကို ဆုံးရှုံးခဲ့သည်မှာ ကြာလှပြီဖြစ်သည်။
စဉ်းမာယွိ့သည် မြေပြင်ပေါ်က လူသေအလောင်းကို အချိန်အတော်ကြာ ကြည့်ပြီးနောက် သူ့မျက်နှာသည် လုံးဝဖြူဖျော့သွားသည်။ တုန်ရင်နေသောလက်ကို ဆန့်ထုတ်လိုက်ပြီး ကြောက်ရွံ့ထိတ်လန့်ကာ မယုံနိုင်အောင်ဖြစ်လျက် သွေးစွန်းနေသော ရှုပ်ထွေးလှသည့် ဆံပင်နက်များကို တွန်းဖယ်လိုက်သည်။
ထိုလူ၏မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ပြီးနောက်တွင် သူ၏မျက်လုံးများသည် မယုံကြည်နိုင်ဟန်ဖြင့် နီရဲလာသည်။ သူသည် လူသေအလောင်း၏ ထူးခြားသောအသွင်အပြင်ကို တစ်ဖန်ရှာဖွေခဲ့ပြီး ရင်ဘတ်ပေါ်က ထူးထူးခြားခြား အရောင်အသွေးရှိသော မွေးရာပါအမှတ်အသားပေါ် သူ့မျက်လုံးများ ရောက်မိသောအခါတွင် ပို၍ပင် ငိုကြွေးလိုက်ပြီး မြေပြင်ပေါ်ထိုင်ရင်း အားမရှိသလို တုံ့ဆိုင်းသွားပုံရသည်။
“ကျားနီဘုရင်ကို လျှောက်တင်ပါတယ်၊ ဧကရာဇ် ချောင်းယွမ်ပါ”
သူသည် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်နေပြီး “ဧကရာဇ်ချောင်းယွမ်မှာ ဒွိလိင်ခန္ဓာကိုယ်ရှိပြီး ရင်ဘတ်မှာ ထူးခြားတဲ့ မွေးရာပါ အမှတ်အသားတစ်ခု ရှိပါတယ်။ ကျားနီဘုရင်က မယုံရင် ဘုရင်မင်းမြတ်ရဲ့ အမှုတော်ထမ်းတွေကို သက်သေခံခိုင်းလို့ရပါတယ်”
များမကြာမီ စစ်သည်များသည် အလောင်းကို ခန့်မှန်းရန် အတွင်းနန်းဆောင်အစေခံများကို တစ်ယောက်ပြီးတစ်ယောက် ခေါ်ဆောင်လာခဲ့သည်။
နီလျဲ့က သူ့ဓားကို ဓားအိမ်ထဲ ထည့်လိုက်သည်။ သူ့အတွက်ကတော့ ဒီအလောင်းသည် ဧကရာဇ် ချောင်းယွမ် ဟုတ်မဟုတ် အရေးမကြီးပါ။ လွတ်မြောက်သွားလျှင် သူ့ဂုဏ်သတင်း ထိခိုက်မည်။ ဒီလို သာမညောင်ည မိုက်မဲသော ဧကရာဇ်မျိုးသည် ဂယက်တစ်ခုတောင် မလုပ်နိုင်လောက်ပါ။ မြို့တော်တစ်ခုလုံးသည် သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး သူ့ရှေ့က စဉ်းမာမျိုးနွယ်နှင့်အတူ တရားမျှတမှုတစ်ခုအဖြစ် အကျင့်ပျက်အမတ်များကို ရှင်းလင်းရေးဟူသော ခေါင်းစဉ်ကို အသုံးချလျှင် လက်နက်ကိုင်ပုန်ကန်မှု ရပ်စဲသွားနိုင်သည်။
သူသည် ဧကရာဇ်မင်း၏ ဖရိုဖရဲဖြစ်နေသော အလောင်းကို အဝေးမှ ငုံ့ကြည့်ကာ သူ၏ ပါးစပ်ထောင့်သည် သရော်ဟန် မြင့်တက်လာသည်။
ဧကရာဇ်မင်သယ် ထီးနန်းစိုးစံချိန်အတွင်း စဉ်းမာယွိ့၏ဖခင်၊ ကျန်းပေဘုရင် စဉ်းမာကျီသည် လှပသော အမျိုးသမီး ဖျော်ဖြေရေးသမားတစ်ဦးအား နန်းတော်အတွင်းသို့ သွင်းခဲ့သည်။ ထိုမိန်းမပျိုသည် အလွန်တရာ ထူးခြားလှပပြီး ပေ့အန်းပြည်နယ်ရှိ မည်သူမျှ သူမကို မယှဉ်နိုင်ခဲ့ပေ။ သူမ၏ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းသောရနံ့နှင့် အိပ်ယာပေါ်ရှိ မိန်းမချောလေးသည် ဧကရာဇ်မင်သယ်ကို တတ်နိုင်သမျှ နည်းမျိုးစုံဖြင့် စွဲဆောင်ထားသည်။ ဧကရာဇ်သည် နေ့တိုင်း သူမကို ထားခဲ့ဖို့ အမြဲတွန့်ဆုတ်နေခဲ့သည်။ မထင်မှတ်ပဲ ကိုယ်ဝန်ရသွားပြီး ယောက်ျားမဟုတ် မိန်းမမဟုတ်သော မကောင်းဆိုးဝါးတစ်ကောင်ကို မွေးဖွားခဲ့သည်။ ထို့နောက် အမျိုးသမီး ဖျော်ဖြေရေးသမားသည် သွေးများစွာ ဆုံးရှုံးကာ သေဆုံးသွားလေသည်။
မကောင်းဆိုးဝါး မွေးဖွားလာခြင်းကြောင့် အင်ပါယာနန်းတွင်း၌ ဘေးဆိုးကျရောက်ကာ၊ ကောင်းကင်ဘုံ၌ ကသောင်းကနင်းဖြစ်လိမ့်မည်ဟူသော အံ့ဩဖွယ်ကောင်းသည့် နိမိတ်ဖတ်ချက်များ ပေါ်ပေါက်လာခဲ့သည်။
ပြိုပျက်သွားသောယခင်မင်းဆက်၏ ဆိုရိုးစကားများအရ ဧကရာဇ်မင်သယ်သည် ဒေါသအမျက်ထွက်ကာ ကလေးကို ရေတွင်းထဲသို့ ပစ်ချ၍ သတ်ရန် နန်းတွင်းအစေခံအား အမိန့်ပေးခဲ့သည်။ သို့သော် ဒီမကောင်းဆိုးဝါးကို ရေတွင်းထဲသို့ ပစ်ချခါနီးမှာ ဧကရာဇ်၏ ခိုင်းယွမ် ဗုဒ္ဓဘာသာဘုရားကျောင်းက ဆရာတော်မှ မြင်သွား၍ ကံကောင်းသွားသည်။ တရားရေအေးတိုက်ကျွေးရန် နန်းတော်ထဲသို့ ဝင်လာသော ဆရာတော် ခုံးယွမ်က ချက်ချင်းတားလိုက်ပြီးနောက် မြတ်ဗုဒ္ဓ၏ တရားတော်များကို အကြိမ်ကြိမ်ဟောကြားခဲ့သည်။ ပေ့အန်းပြည်နယ်သည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်ရာ ဧကရာဇ်မင်းမြတ်ကလည်း နာခံခဲ့သည်။ ဤအခွင့်အရေးကြောင့် ဧကရာဇ်၏ ခိုင်းယွမ် ဗုဒ္ဓဘာသာဘုရားကျောင်းအနီးရှိ အေးခဲနန်းတော်သို့ မကောင်းဆိုးဝါးအား နှင်ထုတ်ခဲ့သည်။ ဝတ်ကြီးဝတ်ငယ်ပြုစုကာ သူသည် ဆရာတော် ခုံးယွမ်ဆီ တပည့်ခံခဲ့သည်။
သို့သော်လည်း နှစ်အနည်းငယ်ကြာပြီးနောက် ထိုမကောင်းဆိုးဝါးသည် အိမ်ရှေ့မင်းသားရာထူးကို လက်ခံရရှိခဲ့သည်။ ဧကရီဘုရင်မ စဉ်းမာတွင် ကလေးမရှိသည့်အတွက် နောက်ပိုင်းတွင် ဒွိလိင်မင်းသားသည် ဧကရာဇ်ဘွဲ့ကို ရယူခဲ့ပြီး မထင်မရှား ဧကရာဇ်ချောင်းယွမ်ဖြစ်လာခဲ့သည်။ ကြားထဲတွင် စဉ်းမာမိသားစု၏ အကြံအစည်သည် မရှိမဖြစ် အရေးပါပြီး သူတို့၏ အစီအစဥ်သာဆို ပိုမိုရှင်းလင်းနိုင်မည်မဟုတ်ပေ။ ဒီလိုမှမဟုတ်လျှင် ခြစားသော အရာရှိတွေကို ဖယ်ရှားရေးဆိုသည့် ခေါင်းစဉ်အောက်မှာ ဒီလက်အောက်ခံဘုရင်အားလုံးသည် ပုန်ကန်ဖို့ အခွင့်အရေး ရှိမှာ မဟုတ်ပါ။
လွန်ခဲ့သော ရက်အနည်းငယ်က သူမြို့တော်ကို ဝိုင်းထားစဉ်အား ပြန်တွေးကြည့်သောအခါ နီလျဲ့၏ ပါးစပ်ထောင့်သည် ပို၍ပင် ကွေးညွှတ်သွားသည်။
ကျားနီစစ်တပ်က မြို့တော်ကို ဖိအားပေးသောအခါ စဉ်းမာယွိ့သည် သူတို့၏စခန်းကြီးသို့ ဧကရာဇ်အမိန့်ကို ဆောလျင်စွာ သယ်ဆောင်လာခဲ့သည်။ ဧကရာဇ်ချောင်းယွမ်သည် ကျားနီဘုရင်နှင့် လက်ထပ်ရန် သူ၏ ဒွိလိင်ခန္ဓာကိုယ်ကို အသုံးပြုပြီး သူ့ကို ဧကရာဇ်၏ကြင်ယာတော်ဖြစ်စေလိုကြောင်း ဧကရာဇ်အမိန့်တော်တွင် ဖော်ပြထားသည်။ အနာဂတ် တော်ဝင်ကလေးသည် တိုင်းပြည်တစ်ပြည်လုံး၏ အနာဂတ်အုပ်စိုးသူ ဖြစ်လာမည်ဖြစ်သည်။ နီလျဲ့သည် ဧကရာဇ်ချောင်းယွမ်ကို ဤမျှရယ်စရာကောင်းသည့် လုပ်ရပ်အထိ လုပ်လိမ့်မည်ဟု အမှန်တကယ်ပင် မမျှော်လင့်ခဲ့ပေ။ သူသည် ဧကရာဇ်အမိန့်ကို မစုတ်ဖြဲခင် နေရာမှာပင် လွန်လွန်ကဲကဲ ရယ်မောကာ မြို့ကို ဝိုင်းထားရန် အမိန့်ပေးခဲ့သည်။
စဉ်းမာမိသားစု၏ လျှို့ဝှက်ထားရှိသည့် ဇနီးသည်ဖြစ်သောသူ(ဧကရာဇ်) သည် ဤချစ်လှစွာသော တိုင်းပြည်ကို သူ (နီလျဲ့) နှင့် မည်သို့မျှဝေနိုင်မည်နည်း။
တိုင်းပြည်က ဖရိုဖရဲဖြစ်ကာ နောက်ဆုံးတွင် ကျားနီသည် ဧကရာဇ်ဖြစ်လာခဲ့သည်။
ငယ်စဉ်က အရှက်ရမှုများသည် လေနှင့်အတူ ပြန့်ကျဲသွားခဲ့ပြီး နောက်ဆုံးမှာတော့ ဤနိုင်ငံသည် သူ့အပိုင်ဖြစ်ခဲ့ပြီဖြစ်သည်။
နီလျဲ့သည် နန်းတော်ခန်းမထဲမှ ထွက်လာခဲ့သည်။ ကောင်းကင်နှင့်မြေကြီးသည် နေဝင်ချိန် အနီရောင်ထဲတွင် နစ်မြုပ်နေပြီး ပူပြင်းသောအပူရှိန်တွင် မတူညီသောရှုခင်းများကို လှစ်ဟထားသည်။ နီလျဲ့သည် မျက်လုံးများမှိတ်ပြီး ရုတ်တရက် လှည့်ကြည့်လိုက်သည်။
“ချောင်ကန်း၊ ငါ့အတွက် လူတစ်ယောက် ရှာခဲ့”
***
သူတို့စစ်သူကြီးက နန်းတော်အစေခံတစ်ဦးကို ရှာနေသေးသည့် အကြောင်းရင်းကို တပ်သားများက နားမလည်သော်လည်း ချောင်ကန်းက နားလည်သည်။ နီလျဲ့သည် ရာဇဝတ်သား စစ်သူကြီးတစ်ဦး၏သားဖြစ်ပြီး သူ့ဖခင်ဖြစ်သူသည် အသတ်ခံခဲ့ရသည်။ သီးခြားထိန်းသိမ်းခံရပြီး ဧကရာဇ်နန်းတော်တွင် မရေမတွက်နိုင်သော ရက်စက်ကြမ်းကြုတ်မှုများကို ခံယူကာ ကျွန်ဖြစ်ခဲ့ရစဉ်က သုံးနှစ်ပင် မပြည့်သေးပါ။ ကြားဖူးနားဝပြောရလျှင် နန်းတော်က မိန်းမပျိုလေးက စောင့်ရှောက်၍သာ အသက်ရှင်လွတ်မြောက်ခဲ့ရခြင်းဖြစ်သည်။
ထို့ကြောင့် ဤမြို့ကို သိမ်းပိုက်သောအခါတွင် အေးစက်ကြမ်းတမ်းပြီး သွေးဆာကာ အညှာအတာမရှိသော ကျားနီစစ်တပ်က စစ်မိန့်သုံးရပ်ကို ထုတ်ပြန်ခဲ့သည်။ ကျားနီတပ်ဖွဲ့၏ စစ်သည်များနှင့် အရာရှိများသည် အမျိုးသမီးများအား လက်နှင့်ပင် မရွယ်ရန် ညွှန်ကြားထားပြီး မလိုက်နာပါက စာနာထောက်ထားခြင်းမရှိ သတ်ဖြတ်ခံရမည်ဖြစ်သည်။
ချောင်ကန်းသည် ဤညွှန်ကြားချက်ကို လျစ်လျူမရှုဝံ့ဘဲ အမိန့်ကို ဖြန့်ဝေလိုက်သည်။
ဧကရာဇ်ချောင်းယွမ်၏ ရုပ်အလောင်းကို ပါးလွှာသော ခေါင်းတလားထဲသို့ ရွှေ့ထားသည်။ အခြေအနေတွေ ငြိမ်သက်သွားသောအခါ စဉ်းမာမိသားစုက ဧကရာဇ်ကို လုပ်ကြံသတ်ဖြတ်သည့် ရာဇ၀တ်မှုတွေကို တစ်ပြည်လုံး ကြေငြာသွားမည်။ ဘုရင်ရှစ်ပါး၏ ပုန်ကန်မှုကြောင့် ဧကရာဇ်မိသားစု၏ သွေးရင်းသားရင်းများ ရှားပါးလာပြီး ဤနိုင်ငံသည် ၎င်း၏အရှင်သခင်ကို အမှန်တကယ် ပြောင်းလဲရပေတော့မည်။
ချောင်ကန်းသည် ခေါင်းတလားအတွင်းမှ သွေးစွန်းနေသော ဧကရာဇ်မင်းအား စိတ်နှလုံးညှိုးငယ်စွာဖြင့် ကြည့်နေသည်။
သူသည် ယခင်က ဒီဧကရာဇ်ကို စာသင်ကြားပေးခဲ့ဖူးသည်။ သူ၏ ထူးဆန်းလှသောလိင်အင်္ဂါကြောင့် ယခင်ဧကရာဇ်က သူ့ကို ရွံရှာခဲ့ပြီး မင်းသားများစွာက သူ့ကို မကြာခဏ အနိုင်ကျင့်ခဲ့သည်။ တော်ဝင်နန်းတွင်း ပဋိပက္ခများအတွင်း သူသည် နန်းတွင်းကျောင်း၏ အတွင်းကျဆုံးထောင့်တွင် အမြဲတမ်း ကျိုးနွံစွာထိုင်နေသည်။ သူ၏ အသက်ရှုသံကပင် တိုးညှင်းလှသည်။
ချောင်ကန်းသည် သူနှင့် အဆက်အဆံ သိပ်မရှိသော်လည်း သူ့အပေါ် သနားဂရုဏာထားမိသည်။
သို့သော် လောက၌ အရာအားလုံးသည် မတည်မြဲပါ။ နန်းတွင်းကျောင်းတော်၏ ပညာရှိသည် ရာထူးကြီးကြီးမားမား ခန့်အပ်ခြင်း မခံရဘဲ မျှော်လင့်ချက်ပျောက်ဆုံးကာ စစ်တပ်စခန်းတွင် ခိုလှုံခွင့် တောင်းခံခဲ့ရသည်။ ယခုအခါ တိုင်းပြည်ကို တော်လှန်ရန် အရှင်သခင်နောက်သို့ လိုက်ခဲ့ရသည်။ ထိုအချိန်က နန်းတွင်းကျောင်းတော်၏ထောင့်တွင် အမြီးကုပ်နေသော ထိုကလေးကို မြှောက်ပင့်တတ်သော နန်းတွင်းအရာရှိများက ဧကရာဇ်နေရာသို့ တွန်းပို့ခဲ့သည်။ နောက်ဆုံးတော့ သေဆုံးကာ ဂုဏ်သတင်းများ ပျက်သုဉ်းခဲ့ရသည်။
စဉ်းစားရင်း ချောင်ကန်းသည် ဝမ်းနည်းစွာ သက်ပြင်းအနည်းငယ်ကို မချဘဲ မနေနိုင်ခဲ့ပါ။ ကံကြမ္မာက လူသားတွေကို ကျီစားရတာ ကြိုက်ပုံပေါ်သည်။
ဧကရာဇ်ချောင်းယွမ်သည် ခေါင်းတလားအတွင်း၌ ငြိမ်သက်စွာ လဲလျောင်းနေလေသည်။ ဧကရာဇ်၏ ၀တ်ရုံကို လဲလိုက်ပြီးဖြစ်သည်။ သူ့ဘဝ၏ နောက်ဆုံးဂုဏ်သိက္ခာကို ပေးအပ်သည့်အနေနှင့် မမှတ်မိနိုင်တော့သော မျက်နှာကို ကျောက်စိမ်းတုံးတစ်တုံးဖြင့် ဖုံးလွှမ်းထားလိုက်သည်။ ကမ္ဘာကြီးရဲ့ ပဋိပက္ခတွေမှာ သူသည် နောက်ထပ် ပါဝင်ပတ်သက်ခြင်း မရှိတော့ပါ။ သူ၏ ကြမ်းတမ်းခက်ထန်သောဘဝသည် အရှက်တရားဖြင့် ရေးထွင်းထားခံရသည်မှာ ကြာပြီ။ ယင်းကြောင့် မျိုးဆက်များစွာသည် သူ့အကြောင်းကို အပျက်သဘောဆောင်ကာ သမိုင်းစာအုပ်များတွင် မှတ်ကျောက်တင်ကာ ရွံရှာဖွယ်လူတစ်ဦးအဖြစ် ပစ်ပယ်ကြမည်။
သို့သော် သူ ဘာမှဂရုမစိုက်နိုင်တော့ပါ။ သူ့ဘဝအစကတည်းက တစ်ခါမှ မငြိမ်းချမ်းခဲ့ဖူးပါ။ သို့ပေမဲ့ ကံကောင်းထောက်မစွာပင် နောက်ဆုံးတော့ သူ၏သေဆုံးချိန်ကို ရရှိခဲ့သည်။
ဤငြိမ်းချမ်းမှုသည် သေခြင်းတရားပေါ် အခြေခံသော်လည်း သူကတော့ ဝမ်းမြောက်ဝမ်းသာစွာ လက်ခံပါသည်။