အပိုင်း (၄၉) ဒီခရီးမှာ အိမ်ပြန်လာစရာတောင် လိုမှာမဟုတ်လောက်ဘူး
ကုချင်းယွီ….
အဲကလေးမရဲ့ ငါမြေးပေါ် လွှမ်းမိုးမှုက တဖြည်းဖြည်း ကြီးထွားလာတော့ လုံးဝ စိတ်မချမ်းမြေ့စရာပဲ….
ပြီးတော့ သူတို့ရဲ့ တွမ့်မိသားစုရဲ့ မြစ်ကလေးက ဘယ်လိုလုပ်ပြီး တရားမဝင်ကလေးတစ်ယောက် ဖြစ်လို့ရမလဲ။
အဘိုးတွမ့်သည် အတန်ကြာအောင် စဥ်းစားလိုက်ပြီးနောက် Sမြို့သို့ ဖုန်းခေါ်လိုက်လေသည်။
တစ်ဖက်တွင် ကုချင်းယွီသည် အဘိုးတွမ့်၏ဖုန်းကို ကိုင်လိုက်ပြီး မျက်ခုံးတစ်ဖက် ပင့်မိသွားတော့သည်။
အဘိုးတွမ့်က ငါလေးကို တွေ့ချင်သတဲ့လား။
မကြာခင်ဘဲ ဘာဆက်ဆံရေးမှ မရှိတော့မဲ့ အဘိုးကြီးတစ်ယောက်ကို တွေ့ဖို့ ငါလေးက ဘာလို့ တော်ဝင်မြို့တော်ကို အထူးတလည် သွားရမှာလဲ။ ပြီးတော့ ဖုန်းထဲက ကြားရတဲ့လေသံက သိပ်ပြီး ဖော်ရွေတဲ့ပုံလည်း မပေါ်ပါဘူး။ သူ့လေသံက မူလခန္ဓာကိုယ်ပိုင်ရှင် စေ့စပ်ပွဲတုန်းကတွေ့တဲ့ အဘိုးတွမ့်ရဲ့လေသံနဲ့တောင် မတူဘူး။
သူမသည် သိပ်မသွားချင်ပါသော်လည်း ကုဝမ်ချန်ကတော့ တိုက်တွန်းနေလေသည်။
“ချင်းယွီ လူကြီးက သမီးကို တွေ့ချင်တယ်ဆိုရင် သမီးက သွားတွေ့သင့်တာပေါ့၊ အဘိုးတွမ့်က အိုနေပြီ သူ့ကို ဒီလာခိုင်းလို့မဖြစ်ဘူးလေ ဟုတ်လား၊ ပြီးတော့ ဒီခရီးမှာ သမီး ပြန်လာစရာ မလိုတာလဲ ဖြစ်သွားနိုင်တာပဲ၊ တွမ့်မိသားစုရဲ့ လက်ထပ်ပွဲက တော်ဝင်မြို့တော်မှာပဲ လုပ်မှာ သေချာတယ်”
ကုဝမ်ချန်သည် ကုချင်းယွီနှင့် တွမ့်ရှင်းယွမ်တို့ လက်ထပ်မည့်အရေးကို မစောင့်နိုင်အောင် ဖြစ်နေတော့သည်။ သို့မှသာ မစ္စကုကြောင့် စွန်းထင်းခဲ့သည့် ကုကုမ္ပဏီ၏ သေးငယ်သော ဂုဏ်သတင်းလေးနှင့် ကုချင်းချန် ချက်ချင်း ပျောက်ကွယ်သွားခြင်းက လူအားလုံးအား ထိုဖြစ်ရပ်ကို မေ့လျော့သွားပေလိမ့်မည်။ အကြောင်းမှာ တွမ့်မိသားစုမှတစ်ဆင့် တက်လှမ်းလာသည့် ကုမိသားစုသည် မူလကုမိသားစုလုံးဝ မဟုတ်တော့သောကြောင့်ပင်။
ကုချင်းယွီသည် သူ၏စိတ်မရှည်ဖြစ်နေသည့် အမူအရာကို ကြည့်ကာ ပျော့ပြောင်းစွာ တခစ်ခစ် ရယ်လိုက်တော့သည်။
ကုဝမ်ချန် ကြည့်ရတာ သူ့မျှော်လင့်ချက်တွေ မကြာခင် ပျက်စီးသွားတော့မှာကိုတော့ မခန့်မှန်းနိုင်ဘူးထင်ပါ့။
“ ဟုတ်ကဲ့ပါ အဖေ၊ အဖေက တောင်းဆိုနေမှတော့ သမီးသွားလိုက်ပါ့မယ် “
သူမ ခေါင်းညိတ်ပြလိုက်၏။
ငါလေးက စကားအရမ်းနားထောင် တတ်တာမလို့တော့ မဟုတ်ဘူးပေါ့လေ။ ဒါပေမဲ့ စိတ်ထဲမှာ ရုတ်တရက်ပေါ်လာတာက…
မုရွှမ်ချင်လည်း တော်ဝင်မြို့တော်မှာ ရှိနေတဲ့ပုံပဲ….
ကုချင်းယွီသည် သူ့အကြောင်းစဥ်းစားလိုက်သည့်ခဏတွင် တံတွေးကို အတင်းမျိုချလိုက်မိတော့သည်။
ကုဝမ်ချန်သည် အလျင်စလိုထရပ်လိုက်ရာ သူမ၏အမူအရာကို သတိမထားမိလိုက်ချေ။
“ သမီး လက်ဗလာနဲ့ သွားလို့မဖြစ်ဘူး၊ အဖေ သမီးအတွက် လက်ဆောင်တွေ ပြင်ပေးလိုက်မယ်၊ အဘိုးတွမ့်က စစ်တုရင် ကစားရတာအကြိုက်ဆုံးပဲ ၊ သမီးလည်း ကစားတတ်တယ်မလား၊ အဖေ ခုနက မှင်ရည်ကျောက်နဲ့ လုပ်ထားတဲ့ စစ်တုရင်ခုံတစ်ခု မှာထားပေးတယ်၊ သူ့ဆီယူသွားပေးလိုက်၊ ဒါဆို အဖေ ကမ္ဘာပေါ်က အကန့်သတ်နဲ့ထုတ်တဲ့ အိတ်တွေကို မှာထားတယ်၊ တွမ့်သခင်မလည်း သေချာပေါက် သဘောကျလိမ့်မယ်….”
ကုချင်းယွီသည် သူ့လုပ်ပုံများကို ကြည့်နေလိုက်ပြီး သူ့စကားများသည် ဘယ်ဖက်နားကဝင် ညာဖက်နားက ထွက်သွားကာ သူမသည် ဂရုမစိုက်နေချေ။
နောက်တစ်နေ့တွင် ကုချင်းယွီသည် တွမ့်မိသားစုအိမ်တော်သို့ ရောက်ရှိလာခဲ့၏။
ကုချင်းယွီသည် တွမ့်ရှင်းယွမ် အနားတွင် ရှိမနေသည်ကို တွေ့လိုက်ရလေသည်။ အဘိုးတွမ့်သည် တွမ့်ရှင်းယွမ်၏ သဘောထားမပါဘဲ သူမကို တွေ့ချင်ခဲ့ပုံပေါ်သည်။
ငါလေးကို သူနဲ့ သီးသန့်တွေ့ဖို့ခေါ်တယ်ဆိုကတည်းက ငါလေးကို တွမ့်မိသားစုနဲ့ လက်ထပ်ခိုင်းဖို့ ဆန္ဒလုံးဝမရှိဘူးဆိုတဲ့ သဘောပဲ။ ကြည့်ရတာ ကုဝမ်ချန်ကတော့ စိတ်ပျက်ရဖို့ ကံပါလာတဲ့ပုံပဲ။ အို, ဘယ်ဟုတ်မှာလဲ။ အဘိုးတွမ့် သဘောတူခဲ့ရင်တောင် ကုဝမ်ချန်က စိတ်ပျက်ရအုံးမှာပဲလေ။
“ထိုင်”
အဘိုးတွမ့်သည် သူ့ရှေ့က မိန်းမငယ်လေးကို လေ့လာလိုက်၏။ သူသည် သူမကို အရင်က တစ်ကြိမ်သာ မြင်ဖူးခဲ့ပြီး လွန်ခဲ့သည့်နှစ်နှစ်က သူ့မြေး စေ့စပ်သည့်နေ့တွင် ဖြစ်လေသည်။ ထိုအချိန်က သူမသည် မှင်တက်လောက်အောင် လှပပြီး ထိန်းချုပ်ရလွယ်ကူသည့် မိန်းကလေးတစ်ယောက်ဟုသာ တွေးလိုက်ပြီး သူတို့တွမ့်မိသားစု၏ ချွေးမဖြစ်ဖို့ရာ သင့်တော်သည်ဟု စဥ်းစားခဲ့သော်လည်း ယခုမူ…..
အဘိုးတွမ့်သည် သူ့ကိုလာတွေ့ရာတွင် လုံးဝစိတ်လှုပ်ရှားဟန် မပေါ်ကာ ‘တွမ့်ရှင်းယွမ်ကော’ ဟုပင် မမေးသည့် ထိုမိန်းမကိုကြည့်လိုက်ပြီး သေသေချာချာ တစိမ့်စိမ့် တွေးလိုက်လေသည်။
ဒီမိန်းမကို ကြည့်ရတာ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းကထက် ပိုပြီး ရင့်ကျက်လာသလိုပဲ၊ ပြီးတော့ သူမက ပိုထက်မြက်ပြီး အကင်းပါးလာတာပဲ။
အဘိုးကြီးသည် သူမကို လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်ကာ လိုရင်းကို ပြောလိုက်တော့သည်။
“ မနေ့က ရှင်းယွမ် ငါ့ကို ပြောတယ်၊ သူ မင်းနဲ့ လက်ထပ်ချင်တယ်တဲ့၊ မင်းကော ဘယ်လိုထင်လဲ”
ကုချင်းယွီသည် ရယ်မောလိုက်ပြီး
“ ကျွန်မ ဘယ်လို စဥ်းစားလဲဆိုတာ အရေးမကြီးပါဘူး၊ အရေးကြီးတာက အဘိုး ဘယ်လိုတွေးလဲဆိုတာကိုပါ”
အဘိုးတွမ့်သည် မျက်ခုံးများကို ပင့်လိုက်လေသည်။
ကြည့်ရတာ သူမ တကယ်ပဲ ပြောင်းလဲသွားပြီး ပိုပါးနပ်လာတာပဲ။ ပါးနပ်တာကတော့ မကောင်းတဲ့ကိစ္စ မဟုတ်ဘူးဆိုပေမဲ့ သူမက အခု အရမ်းကို လိမ္မာပါးနပ်လာတော့ ထိန်းချုပ်လို့ မရတော့မှာကိုတော့ စိတ်မပူဘဲ မနေနိုင်ဘူးပေါ့။
…
အပိုင်း (၅၀) မင်းက ဒီအတိုင်း လက်လျှော့လိုက်တော့မလို့လား
“တွမ့်မိသားစုက ရှင်းယွမ်အတွက် ကြင်ဖက်တွေ့ဖို့ စီစဥ်ထားပြီးပြီ”
အဘိုးတွမ့်ကပြောလိုက်၏။
ကုချင်းယွီသည် မတ်တတ် ထရပ်လိုက်လေသည်။ သို့သော် သူမ ထွက်သွားတော့မည်ပြင်လိုက်စဥ် အဘိုးတွမ့်သည် သူ့မျက်ခုံးများကို ပင့်လိုက်ပြီး
“ မင်း ဘယ်လို နားလည်သလဲ”
“ ဒီလိုပါပဲ၊ အဘိုး ကျွန်မကို ဒီကို ဘာလို့လာခိုင်းလဲဆိုတာ နားလည်ပါတယ်”
ကုချင်းယွီသည် ပြောစကားကို ရပ်ထားလိုက်ပြီး သူ့ကို အသာအယာပြုံးကာ ကြည့်လိုက်လေပြီး
“ မစိုးရိမ်ပါနဲ့ သခင်ကြီး ဒီနေ့ကစပြီး ကျွန်မရဲ့ စေ့စပ်ပွဲကို တရားဝင်ဖျက်သိမ်းပြီး တွမ့်ရှင်းယွမ်နဲ့ ရှင်းရှင်းလင်းလင်း စည်းခြားထားလိုက်ပါမယ်၊ ပြီးတော့ နောက်ပိုင်းကျရင်လည်း သူ ကျွန်မကို လာရှာရင်တောင် ကျွန်မ သူနဲ့ ပတ်သက်စရာ ဘာအကြောင်းမှ မရှိတော့ပါဘူး၊ ဒါပေမဲ့ သူ ကျွန်မဆီ လာနေတာကိုတော့ ကျွန်မလည်း ထိန်းချုပ်လို့မရဘူး၊ ဆိုတော့ကာ အခု အဘိုးက ဆုံးဖြတ်ချပြီးပြီဆိုတော့ နောက်ဆိုရင် အဘိုးရဲ့ မြေးလိမ္မာလေးကို စည်းကမ်းတင်းကြပ်ဖို့ သတိရပေးပေါ့နော်”
‘မြေးလိမ္မာလေး’ ဟူသည့်စကားလုံးသည် တမင် သရော်ကာ ပြောလိုက်သည့်စကားပင်။
အဘိုးတွမ့်သည် သူမက ဤသို့ တုံ့ပြန်လာမည်ကို မျှော်လင့်မထားခဲ့ချေ။ သူမသည် ငိုယိုကာ သူတို့နှစ်ယောက်ကို မခွဲဖို့ သူ့အား တောင်းဆိုတာ မဟုတ်လျှင် တွမ့်ရှင်းယွမ်ကို ရှာကာ ဒေါသဖြေမည်ဟုသာ သူ မျှော်လင့်ထား ခဲ့လေသည်။ သို့သော် သူမသည် တစ်စက်ကလေးမှ ဆန့်ကျင်ရန် မရည်ရွယ်ဘဲ စေ့စပ်ပွဲကို အလွန်ရိုးရှင်းစွာ ဖျက်သိမ်းကြောင်း ပြောလိမ့်မည်ကိုတော့ သူမျှော်လင့်မထားခဲ့ချေ။
“ မင်း ဒီအတိုင်းပဲ လက်လျှော့လိုက်တော့မလို့လား”
အဘိုးတွမ့်သည် သူ့မျက်လုံးများကို ကျဥ်းမြောင်းထား၏။
“ ဘာလို့လဲ၊ ကျွန်မက လက်မလွှတ်ဘူးဆိုရင်ကော အဘိုးက ကျွန်မတို့ လက်ထပ်ဖို့ သဘောတူမှာ မလို့လား”
ကုချင်းယွီလည်း မျက်ခုံးပင့်ကာ ပြန်မေးလိုက်လေသည်။
“ မဟုတ်ဘူး၊ ငါ့မြေးက ဒီနှစ်တွေမှာ မင်းအတွက် အများကြီးလုပ်ပေးခဲ့တာပဲ၊ မင်း လုံးဝ ခံစားရဘူးလား၊ မင်း အဲဒီအတွက် ပြန်မခုခံတော့ဘူးလား၊ ဒီအတိုင်းပဲ လွယ်လွယ်လေး လက်လျှော့လိုက်တာလား”
အဘိုးကြီးသည် အမှန်ပင် မကျေမနပ်ဖြစ်ကာ နားမလည်နိုင် ဖြစ်နေတော့သည်။
သူ့မြေးလေးက ကုမိသားစုက ဒီမိန်းကလေးတွေ့ဖူးတာတွေထဲက အကောင်းဆုံးယောက်ျားလေ၊ ပြီးတော့ သူက သူမကို အင်မတန်စွဲလမ်း ချစ်ခင်နေတာ၊ သူမက အခွဲခံလိုက်ရတာကို မနှစ်မြို့နိုင်၊ သူ့မြေးကို မခွဲနိုင်မခွာရင် ဖြစ်နေသင့်တာမလား။
“ သခင်ကြီးက တကယ်ပဲ ရှေ့နောက်မညီ သိပ်ပြောနေတာပဲ၊ အဘိုးက ကျွန်မကို သူ့အတွက် တိုက်ခိုက်စေချင်လား၊ မတိုက်ခိုက်စေချင်တာလား”
ကုချင်းယွီသည် သရော်လှောင်ပြောင်ကာ မေးလိုက်လေသည်။
“ ဒါမှမဟုတ် သခင်ကြီးက ပြီးခဲ့တဲ့နှစ်တွေမှာ တွမ့်ရှင်းယွမ်လုပ်ပေးခဲ့တာတွေအတွက် သူ့ဘေးမှာ ကျွန်မကို နေခိုင်းဖို့ ရည်ရွယ်တာလား၊ နာမည်မရှိ၊ ဘွဲ့ထူးမရှိတဲ့ သူ့ရဲ့မယားငယ် အနေနဲ့လေ”
“…”
အဘိုးတွမ့်သည် ချက်ချင်းဆိုသလို ပြောစရာစကားရှာမရ ဖြစ်သွားတော့သည်။
ကုချင်းယွီသည် ရပ်မည့်ပုံပေါ်ချေ။
“ ဒါ့အပြင် တွမ့်ရှင်းယွမ်က ကျွန်မအတွက် ဘာလုပ်ပေးခဲ့လို့လဲ၊ စိတ်ကူးယဥ်ဆန်ဆန် ချိန်းတွေ့တာနဲ့ စျေးကြီးတဲ့လက်ဆောင်တွေကို ပြောတာလား၊ ကျွန်မ စျေးကြီးတဲ့ပစ္စည်းတွေကို မကြိုက်ပါဘူး၊ ကျွန်မက တစ်ဖက်သားအတွက် တွေးပေးတတ်တဲ့လက်ဆောင်တွေကို ပိုသဘောကျတာ၊ ဒီတော့ သူ ကျွန်မကို ပေးခဲ့တဲ့ လက်ဆောင်အများစုက အဲလောက်လဲ တန်ဖိုးမရှိပါဘူး၊ ဆန့်ကျင်ဖက်အနေနဲ့ ပြောရင် ကျွန်မ သူ့ကို ပေးခဲ့တာကမှ ပိုစျေးကြီးပြီး စဥ်းစားတွေးခေါ်ပေးတတ်သေးတယ်၊ သူကျွန်မကို ပေးခဲ့တဲ့ လက်ဆောင်အများစုကလည်း ကျွန်မအဖေဆီ ရောက်သွားတာလေ၊ ကျွန်မတောင် လက်မခံခဲ့တဲ့ဟာတွေပေါ့”
“ကျွန်မ သူ့ဆီက အနည်းအကျဥ်းတော့ ရခဲ့ပါတယ်…. ကျွန်မရဲ့ပျက်စီးသွားတဲ့ဂုဏ်သိက္ခာနဲ့ ခြေထောက်တစ်ဖက် ကျိုးသွားတာလေ…. ဪ အခုတော့ ကောင်းလာပါပြီ ဒါပေမဲ့ လမ်းလျှောက်ရတာ နည်းနည်းခက်နေတုန်းပဲ၊ ကျွန်မရဲ့ ဖအေတူမအေကွဲညီမနဲ့ မိထွေးဆီက အမုန်းတရားတွေလည်း ထပ်ရခဲ့သေးတယ်၊ ပြီးတော့ ကျွန်မအဖေကြောင့် အာဖရိကကို သွားပြီး လက်ထပ်ရတော့မလို့လေ…. ဒါတွေအားလုံးက တွမ့်ရှင်းယွမ် ကြောင့်ပေါ့”
“ မင်း စကားကို ကပ်ပြောနေတာ ပြီးတော့ တမင်လုပ်ပြောနေတာပဲ ဒီကိစ္စတွေက ရှင်းယွမ်ကြောင့် ဖြစ်တာမှ မဟုတ်တာ…”
အဘိုးတွမ့်သည် သူမ၏စကားများကို သဘောမတူချေ။
“ ဟုတ်ပါတယ် ၊ အပေါ်ယံကကြည့်ရင်တော့ သူက လုံးဝကို အပြစ်ကင်းတဲ့ပုံပေါ်တာပေါ့၊ ဒါပေမဲ့ သူ့ကြောင့်သာ မဟုတ်ရင် ကျွန်မဆီမှာ ဒီလိုကိစ္စတွေ လုံးဝဖြစ်လာမှာ မဟုတ်ဘူးလေ ဟုတ်တယ်မလား”
“….”
အဘိုးတွမ့်သည် ရုတ်တရက် ငြင်းဆန်ရန် မတတ်နိုင်တော့ချေ။ သူသည် ဝန်ခံရမည်ဆိုလျှင် သူ့မြေးနှင့်အတူ ရှိနေလျှင်လည်း ကုချင်းယွီသည် အချစ်ခံရခြင်းကြောင့် ပျော်ရွှင်ရသည်ထက် ဘာတစ်ခုမှ မည်မည်ရရ ပိုင်ဆိုင်ခဲ့ရတာ မဟုတ်သည်ကလည်း အမှန်ပင်။
သို့သော်ငြား သူ့မြေးသည် သူမအတွက် အများအပြား စွန့်လွှတ်ခဲ့ရသည်ကလည်း အမှန်ပင်။ သို့သော် ထို့အတွက်ကြောင့်တော့ သူမကို အပြစ်ဆိုရန်ကလည်း မဖြစ်နိုင်။ သည်အရာအားလုံးကို တွမ့်ရှင်းယွမ်ဖက်မှ လိုလိုလားလား ရှိခဲ့သောကြောင့်ပင်။
“ ကျွန်မသာ တွမ့်မိသားစုရဲ့ သခင်မလေး ဖြစ်လာခဲ့ရင် အနည်းဆုံးတော့ ဒီနှစ်တွေမှာ ကျွန်မ တွမ့်ရှင်းယွမ်ကြောင့် ခံစားခဲ့ရတာ တန်တယ်လို့ ထင်ထားခဲ့တာလေ….”
…