အပိုင်း ( ၃၁) သူ ရှင့်ကိုတွေ့ချင်တာဆိုရင် သွားတွေ့လိုက်ပါ
ကုချင်းချန်သည် သူမ၏အဖေက သည်တစ်ကြိမ်တွင် အခိုင်အမာဆုံးဖြတ်ထားသည်ကို ခန့်မှန်းမိသဖြင့် တုန်ယင်နေလေသည်။ တွမ့်ရှင်းယွမ်က သူ့ကို ပြောထားသဖြင့် သူမအမေ ပြောသမျှသည် အသုံးမဝင်တော့ပေ။
ထို့ကြောင့် သူမသည် တခြားတစ်ယောက်ကိုသာ ရှာရတော့မည်။
သို့သော် သူမဘေးတွင် ဒုတိယမျိုးဆက်သူဌေးလေးများစွာရှိသော်လည်း သူတို့သည် Sမြို့မှဖြစ်ရာ ပင်ကိုအားဖြင့် ကုမိသားစုလောက် မချမ်းသာကြဘဲ တခြားလူများသည် ကုမိသားစုကို မထိရဲကြချေ။
သူမဘာလုပ်ရမလဲ။
သူမသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် သူမ၏မျက်လုံးများသည် လင်းဟန်ကျောက်၏ လိပ်စာကတ်ပေါ်သို့ ရုတ်တရက် ကျသွားတော့သည်။ ဓာတ်ပုံကို ကြည့်နေရင်း သူမ၏မျက်လုံးများသည် အရောင်တောက်သွားလေသည်။
ဟုတ်တယ်။ လင်းဟန်ကျောက်က ကုချင်းယွီနဲ့ တစ်ထပ်ထဲ တူတာမလား။ ချန်အန်းကော်က ငါ့အစ်မကို ပိုကြိုက်တာလေ။ ဒီတော့ သူက ငါ့ထက် လင်းဟန်ကျောက်ကို ပိုသဘောကျမှာ သေချာတယ်။
ပြီးတော့ လင်းဟန်ကျောက် ပလက်စတစ်ဆာဂျရီလုပ်ခဲ့တာကလည်း လူ့အသိုင်းအဝိုင်းလှေကားကို တက်ဖို့ပဲမလား။ ဒီတော့ ငါက သူမကို လူချမ်းသာတစ်ယောက်နဲ့ မိတ်ဆက်ပေးပြီး ကူညီပေးလိုက်မယ်။ ချန်အန်းကော်က ရှန်ချန်းထက် အများကြီး ပိုချမ်းသာတာ သိထားကြပြီးသားပဲလေ။
သူမသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး စာတစ်စောင်ပို့လိုက်လေသည်။
“ကျောက်ကျောက် ရှန်ချန်းက နင့်ကို ခွင့်လွှတ်ပေးလိုက်ပြီလား”
အခုလေးတင်မှ liveလွှင့်ပြီးသွားသည့် လင်းဟန်ကျောက်သည် စာကို ဖတ်လိုက်ပြီး သူမ၏မျက်ခုံးများကို ပင့်လိုက်ကာ စခရင်ရှော့တ်ရိုက်ပြီး ကုချင်းယွီထံ ပို့လိုက်လေသည်။
“ ဘောစ့် ကျွန်မ ဘယ်လို ပြန်ပြောလိုက်ရမလဲ”
တစ်နေ့ထဲမှာပင် လင်းဟန်ကျောက်သည် ကုချင်းယွီက သူမကို အမှန်ပင် အကုန် ပြင်ဆင်ပေးထားသည်ကို သိလိုက်ရလေသည်။ သူမတွင် ပရော်ဖက်ရှင်နယ်အသင်းတစ်ခုရှိပြီး သူမလိမ်းထားသည့် မိတ်ကပ်လှလှလေးမှာလည်း သူမကိုယ်တိုင် ပြင်ဆင်ထားခြင်း မဟုတ်သလို သူမတွက် အလွန်တော်သည့် PR(ပြည်သူ့ဆက်ဆံရေး) အဖွဲ့တစ်ခုလည်း ရှိလေသည်။ သည်အချိန်တွင် လူအများစုသည် သူမကို liveတွင် ဆဲဆူနေဆဲဖြစ်သော်လည်း အဖွဲ့က စကားဝိုင်းကို ထိန်းချုပ်ပေးထားရာ အံ့ဩစရာကောင်းလောက်အောင် ဖန်များ ပိုတိုးလာတော့သည်။
Liveလွှင့်ပြီး တစ်နာရီအတွင်းတွင် သူမသည် ယွမ် ၁၀,၀၀၀နီးပါ ရှာနိုင်ခဲ့လေသည်။
အတိတ်က သူမအတွက်တော့ ဒါသည် သူမလုံးဝစဥ်းစားလို့မရနိုင်သည့် ပမဏပင်။
ထို့ကြောင့် ယခုတော့ သူမသည် ကုချင်းယွီကို အထူးယုံကြည်သွားပြီး ကုချင်းယွီသည် သူမမှတဆင့် အွန်လိုင်းဆယ်လီကုမ္ပဏီတစ်ခုကို တည်ထောင်ဖို့ အမှန်တကယ်ကြိုးစားနေသည်ဟု ဖြည်းဖြည်းချင်း နားလည်သွားတော့သည်။ ကုမ္ပဏီက အခုတလောတွင် လူသစ်များကို ခေါ်ယူထားပြီး ထိုအသစ်ရောက်လာသူများအားလုံးသည် အလွန်ချောမောကာ အများစုမှ သဘာဝအလှပိုင်ရှင်များ ဖြစ်ကြလေသည်။ သူတို့သည် သူမလို နာမည်ကြီးပလက်စတစ်ဆာဂျရီမွန်းစတားထက် များစွာ နာမည်ကြီးလာလောက်လေသည်…
အဲလိုဖြစ်မှာမဟုတ်ဘူး။
ငါက ကုမ္ပဏီရဲ့ဝါရင့်ဝန်ထမ်းလေ။ သူမက တစ်ရက်လောက် စောရောက်လာရင်တောင် အကောင်းဆုံးလခနဲ့ အမြင့်ဆုံးရာထူးကို ငါကပဲ ရရမယ်။
ထို့ကြောင့် သူမသည် ယခုအချိန်မှစ၍ ကုချင်းယွီ၏ခေါင်းဆောင်မှုနောက် လိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။
ကုချင်းယွီသည် တခစ်ခစ်နှင့် ပျော့ပြောင်းစွာရယ်လိုက်ပြီး
“သူ ရှင့်ကို တွေ့ချင်နေတာလေ ၊ သွားတွေ့လိုက်ပါ”
လင်းဟန်ကျောက်သည် အခိုက်အတန့်တွင် ငြိမ်သက်သွားပြီးနောက် တစ်ဖက်မှ ကုချင်းယွီ ဆက်ပြောလိုက်သည်ကို ကြားလိုက်ရလေသည်။
“ မစိုးရိမ်ပါနဲ့၊ ကျွန်မ နေရာကို ရွေးပေးမယ် ၊ ဘာမှမဖြစ်ဘူး”
လင်းဟန်ကျောက်သည် စိတ်အေးသွားတော့သည်။ ကုချင်းချန်သည် တစ်ခါက သူမဆီအလည်လာခဲ့ပြီး ထိုရှေ့ရက်က WeChatတွင် သူမက သူတို့ကို အတင်းမိတ်ဆက်ခိုင်းသည်ဟု သေချာပြောခဲ့သော်လည်း သူမရှေ့တွင်တော့ ထိုအကြောင်းကို မပြောခဲ့ချေ။ ထို့အစား သူမကို ရှန်ချန်းအား ချော့ခိုင်းလေသည်။ သူမ၏စကားလုံးများသည် ဤသို့သွယ်ဝိုက်ပြောနေလေသည်။ ‘ရှန်ချန်း’က သူမတွေ့သမျှထဲမှာ အကောင်းဆုံးယောကျ်ားဖြစ်ပြီး နောက်ပိုင်း သူနဲ့လက်မထပ်နိုင်ခဲ့ရင်တောင် အရှုံးမရှိဘူး’ ဟူ၍ပင်။
ကုချင်းချန်က သူမကို အရူးတစ်ယောက်လို သတ်မှတ်ထားတယ်။ ရှန်ချန်းက သူမကို blacklistထဲ ထည့်ထားပြီး သူမကို မတွေ့ချင်တော့ဘူး။ သူမသာ သူ့ရှေ့မှာ ပေါ်လာလို့ သူက သူမကို လက်တုံ့မပြန်ဘူးဆိုရင် ထူးဆန်းနေအုံးမယ်။
အထူးသဖြင့် ကုချင်းချန်က သူ့ကို ဒီလိုတွေပြောထားခဲ့တာဆိုတော့…
ထို့ကြေင့် ထိုနေ့က သူတို့တွေဆုံခဲ့သည်မှာ အဆင်ပြေပြေ ဖြစ်ခဲ့သည်မဟုတ်ချေ။ သို့သော် ကုချင်းချန်သည် မအပေ။ သူမနှင့် အပေါ်ယံသူငယ်ချင်းဆက်ဆံရေးကို ထိန်းထားရန်အတွက် သူမ ကြိုက်သည့် ဒီဇိုင်နာပစ္စည်းတချို့ကို ပို့လိုက်သေးသည်။
“ကောင်းပါပြီ”
လင်းဟန်ကျောက်သည် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး အနည်းငယ်ချွဲ့နွဲ့သည့်လေသံဖြင့် ပြောလိုက်လေသည်။
“ဘောစ့် ရှင် ကျွန်မကို ကာကွယ်ပေးရမယ်နော်”
ကုချင်းယွီက ပြုံးလိုက်ပြီး
“ မစိုးရိမ်ပါနဲ့၊ ရှင်က အခု ကျွန်မတို့ ကုမ္ပဏီနဲ့ ပဒေသာပင်ဖြစ်နေပြီလေ”
ထိုကိစ္စနှင့်ပတ်သက်ပြီး လင်းဟန်ကျောက်သည် အနည်းငယ်မလုံမလဲ ခံစားလိုက်ရလေသည်။
သူမသည် သူတို့၏ကုမ္ပဏီက တစ်ဦးသောငွေရှာသည့် အစီအစဥ်တင်ဆက်သူဖြစ်သော်လည်း သူမကို ထောက်ပံ့ပေးနေသည့် ကုချင်းယွီအတွက်တော့ အမြတ်မကျန်သလောက်ပင်။ သူမအတွက် ကုချင်းယွီပြင်ဆင်ပေးသည့် လစဥ်ကုန်ကျစားရိတ်မှာ သူမ၏ဝင်ငွေ ၂၀%ထက်များပြီး သူမသည် ဝင်ငွေ၏
၈၀%ကို အမှန်ပင် ရထားလေသည်…
…
အပိုင်း (၃၂) မစိုးရိမ်ပါနဲ့၊ ရှင်က ထိုက်တန်ပါတယ်
သူမသည် ပြီးခဲ့သည့်နှစ်ရက်က အသစ်ဝင်လာသူများကို တိတ်တဆိတ်မေးကြည့်ရာ သူတို့၏ရပိုင်ခွင့်သည် သူမ၏တစ်ဝက်သာ ရှိပြီး သူတို့ ဝင်ငွေ၏ ၄၀%ကိုသာ ရလေသည်။ သို့သော် စျေးကွက်ထဲမှ တခြားအွန်လိုင်း ဆယ်လီများထက်စာလျှင် သူတို့၏ကုမ္ပဏီသည် ပို၍ သဘောကောင်းလေသည်။ ထို့ကြောင့် ထိုလူသစ်များအားလုံးသည် ကျေနပ်ကြပြီး အရှုံးရှိသည်ဟု လုံးဝမခံစားရချေ။
လင်းဟန်ကျောက်သည် မနေနိုင်တော့ဘဲ မသက်မသာဖြစ်သွားတော့သည်။
ငါ ကုချင်းယွီအတွက် နည်းနည်းလေးဖြစ်ဖြစ် ငွေမရှာပေးနိုင်ရင် နောက်ပိုင်း လူသစ်တွေ တိုးတက်လာတဲ့အခါ ကုမ္ပဏီကနေ ကန်ထုတ်ခံရတော့မှာလား မသိဘူး။
တခြားကုမ္ပဏီကို သွားနိုင်ပေမဲ့ ဒီလိုလွတ်လပ်မှုနဲ့ လစာကောင်းတော့ ရမှာမဟုတ်တော့ဘူးပေါ့။
သူမသည် အံကြိတ်ကာ ပြောလိုက်လေသည်။
“ ဘောစ့် ကျွန်မရဲ့စာချုပ်လေ ကုမ္ပဏီက တခြားလူသစ်တွေနဲ့ အတူတူမဖြစ်သင့်ဘူးလား”
ကုချင်ယွီသည် သူမစိတ်ပူနေသည့်အရာကို သိလိုက်ရာ ပြုံးလိုက်လေသည်။
“ ရပါတယ်၊ မစိုးရိမ်ပါနဲ့၊ ရှင်က ထိုက်တန်ပါတယ်”
သူမက… ထိုက်တန်သတဲ့လား။
ဖုန်းကျသွားသော်လည်း လင်းဟန်ကျောက်သည် အနည်းငယ် တွေဝေနေဆဲ။
သူမက… ထိုက်တန်သတဲ့လား။
ဒါသည် သူမဘဝတွင် ဤသို့သောစကားကို ပထမဆုံးအကြိမ် ကြားလိုက်ရခြင်းပင်။
ကလေးဘဝကတည်းက သူမကို သာမန်ကလေးတစ်ယောက်လိုသာ မွေးဖွားခဲ့ပြီး အနည်းငယ် ရုပ်ဆိုးသေးသည်။ သူမ၏အဘွားကပင် ထိုသို့ပြောခဲ့လေသည်။ သူမကို မွေးရကျိုးမနပ်ဘူး၊ သူမကို မွေးရတာထက် ဝက်တစ်ကောင်ကို မွေးရသည်က ပိုကောင်းသေးသည်တဲ့။ အနည်းဆုံးတော့ ဝက်က ကြီးလာရင် ရောင်းစားလို့ရပြီး သူမ ပိုတောင်ရုပ်ဆိုးသည်တဲ့။ သူမ ကြီးလာရင် လက်ထပ်လို့ရမှာတောင် မဟုတ်လို့ လက်ဖွဲ့ငွေလည်း ရမှာမဟုတ်ဘူးတဲ့။ သူမအဖေက သူကို တက္ကသိုလ်မရောက်တောင် ကျောင်းဆက်တက်ဖို့ တိုက်တွန်းတော့ သူမအဘွားက သူမကို ငွေကုန်တဲ့ဟာမလို့တောင် ခေါ်လိုက်သေးသည်တဲ့။
သူမသည် လက်ဖွဲ့ငွေ ယွမ် ၁၀၀,၀၀၀ မရလျှင် လက်မထပ်ဖို့အပြင် သူတို့ဆီက ချေးငှားထားသည့် ငွေပြန်ပေးရန် မိသားစုအတွက် အနည်းဆုံးဆယ်နှစ် အလုပ်လုပ်ပေးရမည်ဟု သတိပေးခံထားရလေသည်။
သူမသည် အသားတစ်တုံး ပိုစားမိလျှင်ပင် သူမ၏အဘွားက အရှုံးဟုသာ သတ်မှတ်ပြီး မတန်ဘူးဟု ထင်ခဲ့လေသည်။
သို့သော ယခုတော့ ကုချင်းယွီက သူမသည် လစာကောင်းနှင့်ထိုက်တန်သည်ဟု ပြောနေလေသည်…
သူမ၏လည်ချောင်းသည် လှုပ်ရှားသွားပြီး မျက်ရည်များကျမလာအောင် သူမ၏နီရဲနေသည့်မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်လေသည်။
တကယ်လို့…
တကယ်လို့ ကုချင်းယွီက သူပြောသလို ငါ့ကို တကယ်ပဲ ကောင်းကောင်းဆက်ဆံပေးရင် လင်းဟန်ကျောက်က သူ့အတွက် အကောင်းဆုံးကြိုးစားပြီး ငွေတွေလည်း သေချာပေါက် ကြိုးစားရှာပေးရမှာပေါ့။
ငါက ဒီကုမ္ပဏီကို တခြား အွန်လိုင်းဆယ်လီကုမ္ပဏီတွေထက် မနိမ့်အောင် သေချာပေါက်ကူညီပြီး တိုးတက်အောင်လုပ်ပေးရလိမ့်မယ်။
ကုချင်းယွီသည် သူမ၏သာမန်စကားတစ်ခွန်းက အလွန်သစ္စာရှိသည့် လက်အောက်ငယ်သားတစ်ယောက် ရလာအောင် လုပ်ပေးခဲ့သည်ကို မသိခဲ့ချေ။ သူမသည် မျက်လုံးများကို ကျုံ့ထားကာ သေချာစဥ်းစားနေလေသည်။
ကုချင်းချန်ကို ကုဝမ်ချန်က အိမ်မှာ ချုပ်ထားတာလေ။ ပြီးတော့ နောက်တစ်ရက် နှစ်ရက်နေရင် ချန်အန်းကော်နဲ့ လိုက်သွားရတော့မှာ။ ဒါပေမဲ့ ဒီလိုအချိန်မှာ သူက အပြင်ထွက်ပြီး လင်းဟန်ကျောက်ကို သွားတွေ့မလို့တဲ့…
ကျွတ်။ ပူးပေါင်းကြံစည်နေတဲ့ အနံ့ရသလိုပဲ။
ဒါပေမဲ့ ဒါလည်း မကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။
လင်းဟန်ကျောက်သည် အချိန်မီ ဆုံးဖြတ်ချက်ချလိုက်ပြီး ကုချင်းချန်နှင့် တွေ့ရန် နေရာသတ်မှတ် လိုက်လေသည်။ ထိုနေရာသည် ကုချင်ယွီအရမ်းနှီးပြီးသား ကော်ဖီဆိုင်တစ်ဆိုင်ဖြစ်လေသည်။ အတိအကျပြောရလျှင် ကုချင်းယွီအမေက သူမအတွက် ချန်ထားခဲ့သည့် ကော်ဖီဆိုင်ဖြစ်သည်။ သို့သော် နေရာ မြို့စွန်ကျသဖြင့် သူမသည် ဝင်ငွေမရသလောက်ပင်။ အရင်က ကော်ဖီနှင့် အချိုပွဲများကို ပြင်ဆင်ရတာ ကြိုက်ကြသည့် ရှန်ချင်းယန်နှင့် သူမသူငယ်ချင်းတို့ ဆုံစည်းရာနေရာတစ်ခုဖြစ်ခဲ့သည်။ ရှန်ချင်းယန်ဆုံးသွားပြီး နောက်ပိုင်း သည်ဆိုင်ကို မရောင်းချနိုင်ဘဲ ကုချင်းယွီက သူမအမေ၏ အကြိုက်ဆုံးဆိုင်ကို ဆက်သိမ်းထားချင်ခဲ့သည်။ ကုဝမ်ချန်သည် ငွေပြတ်လပ်သူ မဟုတ်သဖြင့် ဆိုင်ကို သူမအား ချက်ချင်း ပေးလိုက်သည်။
ဒါသည် သူမ၏ကိုယ်ပိုင်ဆိုင်ဖြစ်ရာ စီမံရန်အလွန် လွယ်ကူသွားတော့သည်။
ကုချင်းချန်သည် ထိုဆိုင် ရှိသည်ကို မသိပေ။ ကုချင်းယွီသည်လည်း ဝမ်းနည်းစရာအမှတ်တရများ ပြန်ပေါ်လာမည် စိုးသဖြင့် သည်နေရာသို့ လုံးဝမလာသလောက်ပင်။ ထို့ကြောင့် ကုချင်းချန်သည် သည်ဆိုင်က သူမ၏အပိုင်မှန်း မသိခဲ့ချေ။ လင်းဟန်ကျောက် ရွေးလိုက်သည့်ဆိုင်က ကောင်းသည်ဟုပင် ထင်လိုက်မိသည်။ အပြင်အဆင်မှာ အလွန်သားနားပြီး အလွန်ဝေးသည့်နေရာတစ်ခု ဖြစ်သည်။ အတွင်းရှိ စားပွဲနှင့် ထိုင်ခုံများသည်လည်း အလွန်ဝေးရာ တခြားလူများ ပြောသည့်စကားကို ကြားရန် ခက်ခဲလေသည်။
ထင်တောင်မထားဘူး လင်းဟန်ကျောက်က ဒီလိုနေရာမျိုးကို သိတယ်တဲ့လေ…
ကုချင်းချန်သည် သူမရှေ့က လင်းဟန်ကျောက်ကို ကြည့်ကာ မေးလိုက်၏။
“ကျောက်ကျောက် အခု နင်ဘယ်လိုစီစဥ်ထားလဲ”
လင်းဟန်ကျောက်သည် မျက်လွှာချထား၏။ သူမအမုန်းဆုံးလူ ဖြစ်သည့် ကုချင်းယွီအောက်တွင် အွန်လိုင်းဆယ်လီတစ်ယောက် ဖြစ်နေသည်ကိုတော့ သူမကို ပြောပြလို့ရမည်မဟုတ်ပေ။ သူမသည် ခါးသီးစွာ ရယ်လိုက်ပြီးမှ ပြောလိုက်လေသည်
။
“ ငါဘာလုပ်နိုင်မှာလဲဟယ်”
…