အပိုင်း ( ၂၇) သခင်က ဘာလို့ အဲဒီပူညံပူညံကမ္ဘာပေါ်က မိန်းမလို လိုက်တုနေတာလဲ
သူသည် သူမအတွက် တူဖြင့် အသီးအရွက်ကို ညင်ညင်သာသာ ယူထည့်ပေးလိုက်သည်။
“ ချင်းယွီ သမီး အိမ်မှာပဲ နေပြီး ရက်နည်းနည်းလောက် နားလိုက်အုံး၊ သမီးကို ဘယ်သူမှ လုံးဝမနှောင့်ယှက်စေရဘူးလို့ အဖေကတိပေးတယ်… ရှင်းယွမ်ကိုတော့ သူ့စိတ်ရင်းကို ကြည့်ပြီး သမီး စိတ်ကြည်သွားရင် သမီးဆီ အိမ်ကို အလည်လာခိုင်းလိုက်ပေါ့”
သူသည် ချစ်တတ်သည့်အဖေတစ်ယောက်နှင့် တူနေသော်လည်း ကုချင်းယွီသည် အန်ထွက်မတတ် အလွန်ရွံရှာနေတော့သည်။
ကုဝမ်ချန်သည် သူမအား ယောက်ျားဖမ်းနည်းကို သင်ပေးနေပြီး သို့မှသာ တွမ့်ရှင်းယွမ်ကို သူမ၏လက်ထဲတွင် ဖမ်းဆုပ်ထားနိုင်ပေမည်။
သူမသည် ခေါင်းငုံ့ကာ ပြုံးလိုက်ပြီး
“ သမီး နာလည်ပါပြီ ကျေးဇူးတင်ပါတယ် အဖေ”
စားသောက်ပြီးနောက် ကုဝမ်ချန်သည် ‘ချစ်တတ်သည့်အဖေ’တစ်ယောက်ပုံရိပ်ကို အပြည့်အဝ ပေးလိုက်ပြီး သူမကို အပေါ်ထပ်သို့ ကိုယ်တိုင်လိုက်ပို့ပေးလေသည်။ သို့သော် ကုမိသားစုတွင် ဓာတ်လေကားတစ်ခုရှိရာ သူသည် သူမကို ဓာတ်လှေကားထဲသို့သာ တွန်းပေးလိုက်ပြီ သူမ၏အခန်း ဆီသို့ တွန်းပို့ပေးလိုက်လေရာ လုံးဝ အားမစိုက်ထုတ်လိုက်ရချေ။
သူမ၏ နူးညံ့သိမ်မွေ့ကာ နာခံတတ်သည့်အသွင်သည် အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်တွင် အောင်အောင်မြင်မြင် ရှိနေသည်ဟု ထင်နေသည့် ကုဝမ်ချန်ကို လှည့်စားနိုင်ခဲ့သဖြင့် သူသည် စိတ်ချမ်းသာစွာ ထွက်သွားတော့သည်။
“သခင်ဘာလို့ အဲဒီပူညံပူညံကမ္ဘာပေါ်ကမိန်းမကိုလိုက်တုနေတာလဲ”
ဖေးဖေးက ထွက်လာပြီး သူ့အသံထဲတွင် သံသယရိပ်တစ်ခု ပါနေလေသည်။
သူ့သခင်က ဒီလိုအကျင့်မျိုးမရှိဘူးလေ။ သူ့သခင်က စစ်မြေပြင်မှာဆို ပြိုင်ဘက်ကင်းစစ်နတ်ဘုရားမပဲ။ ဒါကြောင့် မြင်ရတာ တကယ်ပဲ နည်းနည်းတော့ အဆင်မပြေလေဘူး။
ကုချင်းယွီသည် သူမရှေ့က ကမ္ဘာမြေပေါ်က ဒေစီပန်းနှင့် ကစားနေပြီး လေထဲတွင် ယိမ်းယိုင်နေသည့် ဒေစီပွင့်ဖတ်များကို ခြွေချနေလေသည်။ ခပ်သင်းသင်းပန်းရနံ့ကို ရှူရှိုက်လိုက်ပြီး သူမသည် ပျော်နေသည့် ခံစားချက်ဖြင့် ပြောလိုက်၏။
“ ရန်သူကို အနိုင်ယူဖို့ သူရဲ့အကောင်းဆုံးအရည်အချင်းကို သုံးတာက သူ့ကို ပိုပြီး ဒေါသထွက်စေမယ်လို့ နင်မထင်ဘူးလား”
ကုချင်းချန်နဲ့ မစ္စကုတို့က ကြာပန်းဖြူလေးလို အမြဲတမ်းနေပြီး သူတို့ရဲ့နူးညံ့သိမ်မွေ့တဲ့အမူရာတွေကို လက်နက်တစ်ခုလို အောင်အောင်မြင် အသုံးချပြီး ကုဝမ်ချန်က သူတို့ရဲ့အလိုဆန္ဒနောက် လိုက်လာအောင် လုပ်ခဲ့တာလေ။ ဪ သူတို့တွေက ဒါကို ကုဝမ်ချန်တစ်ယောက်ထဲ ဆီမှာပဲ သုံးခဲ့တာ မဟုတ်ဘူးနော်။ ရှန်ချန်းနဲ့ တခြားလူတွေဆီမှာလည်း သုံးခဲ့သေးတယ်လေ…
သူတို့အားလုံးက သိမ်မွေ့နူးညံ့မှုတွေနဲ့ ကောင်းကောင်း လှည့်စားခံလိုက်ရတာပေါ့။ ပြီးတော့ ကုချင်းချန်နဲ့ မစ္စကုတို့ ရဲ့အားနည်းတဲ့အသွင်အပြင်တွေက သူတို့ဖြစ်စေချင်တာကို ကာယကံရှင်တောင် မသိလိုက်ဘဲ အမြဲတမ်းလိုက်လုပ်ပေးနေခဲ့တာလေ။ သူတို့ထဲက တချို့ဆိုရင် ဒါကိုတောင် မသိလိုက်ဘဲ အခွင့်အရေး ယူခံလိုက်ရတယ်၊ တချို့ကျတော့ ကိုယ်ဟာကိုကျေနပ်နေကြပြီး တချို့ကျတော့ အသုံးချခံနေရမှန်း သိရက်နဲ့ အထင်ကြီးခံရတာကနေ ခံစားရတဲ့ အောင်မြင်မှုနဲ့ ဂုဏ်ဒြပ်တွေက သူတို့ကို လိုလိုချင်ချင်နဲ့ အသုံးချခံအောင် လုပ်လိုက်တယ်လေ။
ကုချင်းချန်နဲ့ မစ္စကုတို့က သူတို့ရဲ့နည်းလမ်းတွေကို အမြဲတမ်း ဂုဏ်ယူနေခဲ့တာပေါ့။ ပြီးတော့ အလိုလိုက်ခံရလို့ ဘယ်လိုပြုမူရမယ်၊ အားနည်းချက်ကို ဘယ်လိုပြသရမယ်ဆိုတာကို မသိဘူးတဲ့သူမကို အလွယ်တကူ ခြယ်လှယ်လို့ရမယ် ထင်ခဲ့ကြတာပဲ။
ကုချင်းယွီသည် တခစ်ခစ် သိမ့်မွေစွာရယ်လိုက်ကာ
“ ငါ သူတို့ကို လက်တုံ့ပြန်ဖို့ နည်းလမ်းတစ်ခုထဲကိုသုံးခဲ့ပြီး အောင်မြင်သွားတာ သူတို့သိသွားရင် သေတာထက် ပိုနာကျင်ရမှာ သေချာတယ်၊ ပြီးတော့ တွမ့်ရှင်းယွမ်နဲ့ ကုဝမ်ချန်တို့ကလေ သူတို့က အနိုင်ရပြီး အရာအားလုံးက သူတိုထိန်းချုပ်မှုအာက်ရောက်နေတာဆိုပြီး အပြည့်အဝ ယုံကြည်နေကြတယ်လို့ နင်မထင်ဘူးလား… သူတို့တွေ ကောင်းကောင်း အလှည့်စားခံလိုက်ရတာကို ရုတ်တရက်များ သိသွားရင်တော့ သူတို့ရဲ့မာန သိက္ခာတွေ အရှက်ခွဲခံရပြီး ထိခိုက်သွားတယ်လို့ ခံစားကြရမှာ မလား”
စဥ်းစားလိုက်ရုံနဲ့တင် အရမ်း စိတ်ဝင်စားစရာ ကောင်းနေပြီလေ။
“ သခင်ရဲ့ သုံးသပ်ချက်က မှန်ပါတယ်”
AIတစ်ခုအနေဖြင့် ခံစားချက်မရှိသော်လည်း စကြ၀ဠာထဲတွင် နှစ်ပေါင်းများစွာ သွားလာနေရင်း အလိုလို တိုးတက်လာပြီးနောက် ဖေးဖေးသည် သူ့သခင်စကားကို နာခံတတ်ပြီး သူမ၏ထက်မြက်မှုကို သိထားသည်ဖြစ်ရာ ကုချင်းယွီကို အလုံးစုံလေးစားအားကျသည့်အာရုံတစ်ခု အမြဲရှိနေသည်။
ထို့ကြောင့် ဤသို့သော သွားတစ်ချောင်းအတွက်သွားတစ်ချောင်း နည်းလမ်းသည် သွေးအေးကာ ရက်စက်သည်ဟု မတွေးတတ်ဘဲ သူ့သခင်သည် အမှန်ပင် အလွန်တော်သည်ဟုသာ ထင်လေသည်။
ကုချင်းယွီသည် ပြုံးလိုက်ပြီး သူမရှေ့က ခြွေချထားသည့် ဒေစီဖူးကို ကြည့်ကာ ပြောလိုက်၏။
“ ပြီးတော့ လူသားတွေရဲ့အပြုအမူကို လိုက်တုရတာ တော်တော်စိတ်ဝင်စားစရာကောင်းတယ်ရယ်”
ဒါပေမဲ့ ကြာဖြူမလေးကို သရုပ်ဆောင်ရတာ နည်းနည်း ပျင်းစရာကောင်းလာပြီဆိုတော့ နောက်တစ်ခါကျရင် အကျင့်ပုံစံကို ပြောင်းရမယ်။
“ သခင် system သုံးသပ်ချက်အရ နင့်ရဲ့ လက်ရှိစိတ်ပညာအရည်အသွေးက ပရော်ဖက်ရှင်တစ်ခုအတွက် အရမ်းသင့်တော်နေပြီတဲ့”
“ဘာ ပရော်ဖက်ရှင်လဲ”
ကုချင်းယွီသည် အဖြေကို ကြားရရန် တော်တော်
စိတ်ဝင်စားမိနေတော့သည်။
…
အပိုင်း (၂၈) စုံစမ်းပြီးသွားပြီ
“ သရုပ်ဆောင်”
“ အာ ဟုတ်သားပဲ ဒါပေမဲ့ … ငါ အခု လေ့လာနေတုန်းပဲ၊ ဒီဂြိုဟ်ပေါ်မှာ စိတ်ဝင်စားစရာတွေအများကြီးပဲ၊ ငါရဲ့ အနာဂတ် သက်မွေးအလုပ်ကို မရွေးခင် ဒါတွေကို အကုန်ပြီးတဲ့အထိလေ့လာလိုက်အုံးမယ်”
ကုချင်းယွီသည် ပြောရင်းဆိုရင်း သမ်းဝေလိုက်ပြီး ဝီးချဲလ်ပေါ်က ထလိုက်ကာ အိပ်ရာဆီသို့ သွားလိုက်ပြီးနောက် လှဲချလိုက်လေသည်။
တစ်စုံတစ်ယောက်သည် သည်အခိုက်အတန့်ကို မြင်သွားလျှင် သူတို့သည် အလွန်အံ့ဩသွားကြပေလိမ့်မည်။ သူမသည် သည်နေ့ ကိစ္စအများအပြားကို လုပ်ဆောင်ခဲ့ပြီး ထိုအရာထဲမှ အရေးအကြီးဆုံးမှာ…..
စားသောက်ခြင်းပင်။
ထို့နောက် သူမသည် ပိုစားလေလေ သူမခန္ဓာကိုယ်ထဲတွင် စွမ်းအင်ပိုများလာလေလေ ဖြစ်နေသည်ကို သိရှိသွားတော့သည်။
ဒါပေမဲ့ ဘေးထွက်ဆိုးကျိုးနည်းနည်းရှိပုံရတယ်…
ဥပမာ သူမရဲ့ခန္ဓာကိုယ်က အစားအသောက်ထဲက စွမ်းအင်ကို စုပ်ယူဖို့ သူတို့ဂြိုဟ်က ထူးခြားတဲ့စွမ်းအင် စုပ်ယူတဲ့နည်းလမ်းကို သုံးလိုက်ပြီးတော့ ကျန်တာတွေကို အညစ်အကြေးအနေနဲ့ စွန့်ထုတ်လိုက်တယ်။ ဒါနဲ့ သူမရဲ့ခန္ဓာကိုယ်က ထူးထူးခြားခြားသန့်ရှင်းပြီးတော့ ထူးထူးခြားခြား….အထိခိုက်မခံ ဖြစ်နေတာပဲ။
စားပွဲထောင့်စွန်းကို အသာလေး ရိုက်မိတာနဲ့တင် အဲဒီနေရာမှာ ရက်တော်တော်ကြာတဲ့ထိ ညိုမဲနေတာ ရိုက်ခံထားရတဲ့အတိုင်းပဲ။
“ သခင် တွမ့်ရှင်းယွမ်က Sမြို့ကို လေယာဥ်နဲ့ ရောက်လာပြီထင်တယ်”
ဖေးဖေးက ပြောလိုက်သည်။
“ သူ့ကို ဂရုစိုက်မနေနဲ့”
သူက သာမန်လူတစ်ယောက်ပဲဟာ။
“ သခင် အနက်ရောင်ဝတ်စုံနဲ့ အဲဒီလူနှစ်ယောက်က နင့်ကို စောင့်ကြည့်နေတုန်းပဲ၊ သူတို့ကို မရှင်းတော့ဘူးလား”
ကုချင်းယွီသည် ထိုနေ့က မုရွှမ်ချင် ထားခဲ့သည့်လူနှစ်ယောက်အကြောင်း စဥ်းစားရင်း အသာအယာ ရယ်မောလိုက်လေသည်။
“ ဟင့်အင်း”
ငါလေးက သူတို့ကို ဖော်ကောင်လုပ်လိုက်ရင် သူ့ကို ဘယ်လိုရှာလို့ရတော့မှာလဲဟဲ့။
ငါလေးရဲ့ ရသာမွန် အစားအစာရင်းမြစ်လေးကိုလေ….
မူလပိုင်ရှင်ဘက်က အရှုပ်ထုပ်တွေကို ရှင်းပြီးမှပဲ ငါလေးရဲ့ ချစ်စဖွယ် ရသာမွန် အစားအစာရင်းမြစ်လေးကို သေချာပေါက်သွားရှာရမယ်…
သူ့သွေးက အရမ်းကို ချိုမြနေတာပဲ….
စွမ်းအင်ပြည့်ပြီး အရသာကလည်းရှိ စွဲမက်စရာကောင်းနေရော။ စဥ်းစားလိုက်ရုံနဲ့တောင် ဆာလာအောင် လုပ်နိုင်လေရဲ့။
ကံဆိုးတာပဲ။ သူ့ကြည့်ရတာ Sမြို့မှာ မရှိတော့တဲ့ပုံပဲ။
ပြီးတော့ ငါလေးလည်း ဒီမှာ လုပ်စရာတွေရှိနေသေးတော့ နောက်မှပဲ သွားရှာပါတော့မယ်လေ။
သူမသည် အိပ်ရာပေါ် လဲလျောင်းကာ မျက်လုံးများကို မှိတ်လိုက်ပြီး အိပ်လိုက်တော့သည်။ ကမ္ဘာပေါ် ရောက်လာပြီးနောက် ဒါသည် သူမ၏ ပထမဆုံး ကောင်းကောင်း အနားယူခြင်းဖြစ်ပုံရလေသည်။ မကြာမီ သူမသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
“ ဆရာ ကျွန်တော် စုံစမ်းပြီးသွားပါပြီ”
ထိုလူ၏ မျက်နှာထားသည် ပြောင်းလဲမသွားဘဲ ချန်ရန် ဆက်တင်ပြလာသည်ကို နားထောင်လိုက်လေသည်။
“ မိန်းကလေးက ကုချင်းယွီတဲ့၊ Sမြို့မှာ အချမ်းသာဆုံးလူ ကုဝမ်ချန်ရဲ့ သမီးအကြီးအဆုံး၊ ပြီးတော့ သူမမှာ ကုချင်းချန်လို့ခေါ်တဲ့ သွေးတစ်ဝက်တော်တဲ့ညီမလေး တစ်ယောက်ရှိတယ်၊ သူတို့တွေက ပြီးခဲ့တဲ့နှစ်ရက်လောက်ကအထိ ရှာဖွေမှုအများဆုံးနေရာမှာ ရှိခဲ့ကြတယ်”
ရှာဖွေမှုအများဆုံးတဲ့လား။
မုရွှမ်ချင်၏ မျက်ခုံးများ မြင့်တက်သွား၏။
ချန်ရန်သည် အကြောင်းစုံကို အကျဥ်းချုပ်ပြောပြလိုက်ပြီးနောက် မုရွှမ်ချင်၏မျက်လုံးများသည် ရေခဲတမျှ အေးစက်သွားတော့သည်။
ဒါဆို အဲဒီနေ့က သူမက အသည်းကွဲပြီး မတော်တဆမှုဖြစ်ခဲ့တယ်၊ ဒီလိုနဲ့ သူမက စွန့်ပစ်စက်ရုံနားမှာ ပေါ်လာခဲ့တာပေါ့။
ဒါပေမဲ့ ဒါက တကယ်ပဲ သူမရဲ့သရုပ်မှန် ဟုတ်ရဲ့လား။ ဒါမှမဟုတ် မူလမိန်းကလေးကုက ပျောက်သွားပြီး လက်ရှိကုချင်းယွီက တခြားတစ်ယောက်များလား။
သူသည် မျက်လွှာချထားပြီး
“ ကုမိသားစုနဲ့ လက်တွဲလို့မဲ့နည်းလမ်း ရှာခဲ့”
“ဟုတ်ကဲ့”
“ ပြီးတော့ ကုချင်းချန်ကိုလည်း စောင့်ကြည့်ဖို့ လူတစ်ယောက်လွှတ်ထားလိုက်၊ သူမ မူမမှန်တာတစ်ခုခု လုပ်တာနဲ့ ငါ့ကို အသိပေး”
“နားလည်ပါပြီ”
သည်တစ်ကြိမ်၌ ချန်ရန်၏မျက်လုံးထဲက အကြည့်မှာ ပြောင်းလဲသွားတော့သည်။ ဒါသည် သူ့ဆရာက ပထမဆုံးအကြိမ် မိန်းမတစ်ယောက်ကို အလွန်အာရုံစိုက်နေခြင်း ဖြစ်လေသည်။
“ဆရာ မှာစရာရှိပါသေးလား”
“…”
မုရွှမ်ချင်သည် ခဏတာ တိတ်ဆိတ်သွားပြီးနောက်
“ တွမ့်ရှင်းယွမ်…. လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က Sမြို့ကို လာပြီး ကုမ္ပဏီဖွင့်ခဲ့တာ သူမကြောင့်လား”
တော်ဝင်မြို့တော်မှ ရောက်လာသူချင်းဖြစ်ရာ မုရွှမ်ချင်သည် တွမ့်မိသားစုကို သိလေသည်။ အမှန်တွင်လည်း ထိုမိသားစုသည် တော်ဝင်မြို့တော်ရှိ အ
ကောင်းဆုံးမိသားစုထဲမှာ တစ်ခုဖြစ်လေသည်။
…