အခန်း (၁၀)
“ငါ မနေ့တုန်းက မင်းပုံကို ရိုက်ခဲ့သေးတယ်၊ ငါ အဲဒါကို Weibo မှာ တင်လို့ရမလား ”
ထိုသို့ အမေးခံရပြီးနောက် ရှန်းထင်ရွှမ်းသည် မျက်နှာချင်းဆိုင်တွင် သတိထားလျက် ရပ်နေကာ အသံကျယ်ကျယ် ထွက်သွားမည်ကို စိုးရွံ့နေသည့်ပုံပေါ်သည့် ရှောင်ဖုန်းကို မြင်သွားသည်။
ဂျင်ဆင်းမြစ်တစ်ခုအနေဖြင့် သူမက ထိုအရာကို တကယ်ပင် ဂရုမစိုက်ချေ။ ထို့အပြင် ရှောင်ဖုန်းကို သူမ၏တာဝန်များ ပြီးမြောက်အောင် ကူညီပေးသည့်သူတစ်ယောက်အဖြစ် သတ်မှတ်ထားပေသည်။
ရှန်းထင်ရွှမ်းက သိပ်တွေးမနေဘဲ သဘောတူလိုက်သည်။ “ရပါတယ် ” ရှောင်ဖုန်းက စိတ်သက်သာရာရလျက် အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်သည်။ မထင်ထားဘဲ ရှန်းထင်ရွှမ်းက ထိုကဲ့သို့ လျင်လျင်မြန်မြန် သဘောတူလိုက်သောကြောင့် သူက မေးလိုက်သည်။
“ငါ မင်းကို WeChat မှာ အပ်လို့ရမလား ” ရှန်းထင်ရွှမ်းက ငြင်းဆိုမည်ကို ကြောက်ရွံ့သောကြောင့် ရှောင်ဖုန်းက ရှင်းပြလိုက်သည်။ “ငါ မင်းကို ပုံပို့ပေးချင်လို့ပါ ”
ရှန်းထင်ရွှမ်းက “ရတယ် ” သူမက ဖုန်းတွင် WeChat ရှိသည်ကို သိသည်။ သို့သော် သူမ ကူးပြောင်းလာသည့်အချိန်တုန်းက တစ်ခါသာ နှိပ်ကြည့်ဖူးသည်။ ၎င်းတွင် ရှုပ်ယှက်ခတ်နေသော အရာများကို ပြောဆိုနေကြသည့် လူများကို တွေ့ခဲ့သည်။
ရှောင်ဖုန်းနှင့် ရှန်းထင်ရွှမ်းက WeChat တွင် မိတ်ဆွေများ ဖြစ်သွားကြပြီး ရှောင်ဖုန်းက ပျော်ပျော်ရွှင်ရွှင် အိမ်ပြန်သွားခဲ့သည်။ WeChat က ဖိုင်တစ်ခုကို အများဆုံး 20mb အထိ ပို့လို့ရသည်။ မူရင်းပုံက 70mb ထက်ပိုပေသည်။ သူက ရှန်းထင်ရွှမ်းဆီသို့ ပုံကို မပို့ခင် ၎င်းကို အကြိမ်များစွာ ချုံ့ခဲ့ရသည်။
၎င်းကို ပို့ပြီးနောက် ရှောင်ဖုန်းက အနည်းငယ် ဝမ်းနည်းသွားခဲ့သည်။ သူသာသိခဲ့ပါက ရှန်းထင်ရွှမ်း၏ အီးမေးအကောင့်ကို မေးခဲ့မည် ဖြစ်သည်။ မူရင်းပုံက ချုံ့ထားသည့် ပုံထက် အများကြီး ပိုကောင်းပေသည်။
ပို့ပြီးသွားသောအခါ စာပြန်လာခြင်း မရှိပေ။ ထို့ကြောင့် ရှောင်ဖုန်းက Weibo ကို ဝင်လိုက်ပြီး ပုံကို Weibo ပေါ်တွင် တင်လိုက်သည်။
[ဖန်းကော: မနေ့ကနဲ့ ဒီနေ့အတွက် အကောင်းဆုံးဖြစ်သည်။ ပြန်လည်ချေပချက် လက်မခံပါ (ပုံ)။ (TN: Weibo နာမည်၏ နောက်ရှိ V ဆိုသည်မှာ စိစစ်ထားသော အသုံးပြုသူများကို ဆိုလိုသည်]
ရှောင်ဖုန်းက Weibo တွင် ဖော်လိုဝါ (၁) သန်းအထက် ရှိသည်။ သူက နေ့စဥ် ပုံမှန် လမ်းဘေးပုံ ၉ပုံကို တင်လေ့ရှိသည်။ မနေ့က ရှန်းထင်ရွှမ်းဆီမှ ခွင့်ပြုချက် မရသေးသောကြောင့် သူက Weibo တွင် ပို့စ်မတင်ခဲ့ပေ။
ယနေ့ ရှောင်ဖုန်းက ရှန်းထင်ရွှမ်းကို ခွင့်ပြုချက်တောင်းပြီးဖြစ်သောကြောင့် Weibo တွင် ပုံကို တင်လိုက်သည်။
ထို့ကြောင့် ဤ Weibo တွင် ပုံတစ်ပုံသာရှိပေသည်။ ၎င်းက ပုံမှန်ထက် တစ်ရက်နောက်ကျပေသည်။
ယခင်ကနှင့် မတူဘဲ Weibo တွင် ပုံတင်ပြီးနောက် ရှောင်ဖုန်းက မှတ်ချက်များကို ဖတ်ရန် စတင်လိုက်သည်။ ဤပုံက သေချာပေါက် ထင်ပေါ်ကျော်ကြားလိမ့်မည်ဟု သူက စိတ်ထင်နေပေသည်။
တစ်မိနစ်မပြည့်ခင်မှာပဲ ပထမဆုံး မှတ်ချက်က တက်လာခဲ့သည်။
[ငါက ရှုခင်းတွေရိုက်တဲ့ ဓာတ်ပုံဆရာတွေကိုပဲ အာရုံစိုက်လေ့ရှိတာ၊ အနီးကပ်ကြည့်ပြီးမှပဲ အစ်ကိုဖန်းက အရမ်းမိုက်တာပဲ။ ]
ရှောင်ဖုန်းက ပျော်ရွှင်စွာ ပြုံးလိုက်ပြီးနောက် တဖန် Refresh လုပ်လိုက်သည်။ များစွာသော မှတ်ချက်များ ရှိလာပြီး ပို့စ်ပြန်တင်သည့် အရေအတွက်ကလည်း တိုးလာခဲ့သည်။
[ သုံးခါလောက် စိုက်ကြည့်ပြီးတော့ ငါ့ဖုန်းထဲမှာ ဒီပုံကို သိမ်းထားလိုက်ပြီ။]
[စခရင်ကို လျှာနဲ့လျက်လိုက်ပြီ]
[ဝိုး… ဒါက အောင်မြင်ပြီးသား သူတစ်ယောက်ကိုတောင် မရှုံးနိုင်ဘူး]
[ညီအစ်ကိုဖန်းရဲ့ ရိုက်ချက်တွေက ခမ်းနားနေတာပဲ]
[အရမ်းကောင်းတယ်။ wallpaper ထားဖို့ ဒေါင်းလုတ်ဆွဲလိုက်ပြီ။ နေ့တိုင်း ဒါကို ကြည့်နေတော့မယ်]
[ဒီပုံက ဒီလအတွက် အကောင်းဆုံးပုံပဲ]
၅မိနစ်အတွင်းမှာပင် မှတ်ချက်ပေါင်း ၁၀၀ ကျော်သွားခဲ့ပြီး ဆက်လက် မြင့်တက်နေခဲ့သည်။
ရှောင်ဖုန်းက ပြီးခဲ့သည့် မှတ်ချက်များကို ဖတ်ပြီးနောက် တဖန် Refresh လုပ်လိုက်သည်။ မှတ်ချက်များက ၅၀၀၀ ကျော်အထိ စံချိန်ချိုးသွားခဲ့သည်။ ပို့စ်ကို ပြန်တင်သည့်သူ အရေအတွက်ကလည်း ၁၀၀၀ ကျော်သွားပြီ ဖြစ်သည်။ သူ၏ပရိသတ် အရေအတွက်ကလည်း တဖြည်းဖြည်း တိုးလာခဲ့သည်။
များစွာသော မှတ်ချက်များထဲတွင် ရှောင်ဖုန်းက စာမပြန်ခဲ့ပေ။ ထိုမှတ်ချက်ကိုသာလျှင် သူက သဘောကျလေသည်။ [ဒီအမျိုးသမီးက ဘယ်သူလဲ။ ငါ သူမရဲ့နောက်ကိုပဲ ကြည့်နေရတယ်။ သူမရဲ့ ရှေ့ဘက်ကိုလည်း မြင်ချင်တယ်။ သူမရဲ့ရှေ့ဘက်ကနေလည်း ကြည့်ကောင်းမယ်လို့ ငါခန့်မှန်းမိတယ်]
ရှောင်ဖုန်းက Like ကို နှိပ်လိုက်ပြီးနောက် ထိုမှတ်ချက်က ထိပ်ဆုံးတန်းကို လျင်မြန်စွာ ရောက်ရှိသွားတော့သည်။
ရှောင်ဖုန်း ၎င်းကို Like လုပ်ပြီးကတည်းက ထိုပုံ၏ပိုင်ရှင်သည် အလွန်လှပကြောင်း သူသိပြီးဖြစ်မည်ဟု လူတိုင်းက ပြောနေကြတော့သည်။
ထိုအချိန်၌ လူတိုင်းက အရမ်းစပ်စုချင်နေကြသည်။ တစ်ယောက်ပြီးတစ်ယောက် ရှောင်ဖုန်းကို ရှေ့ဘက်မျက်နှာကို ထုတ်ဖော်ပြရန် တောင်းဆိုနေကြသည်။
Weibo တွင် အလွန် လှုပ်ရှားတက်ကြွနေသော်လည်း ထိုပုံထဲရှိလူက ထိုအခိုက်အတန့်တွင် မျက်မှောင်ကြုတ်ထားလေသည်။
ရှန်းရွှမ်ဒီမှာ ရောက်နေခြင်းကလွဲလို့ တခြားကြောင့် မဟုတ်ပေ။
ရှန်းရွှမ်က အလွန်နောက်ကျမှ ရောက်လာခဲ့ပြီး ရှန်းထင်ရွှမ်းသည် တောင်အောက်တွင် ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် အစီအရင်က ရှန်းရွှမ်ကို မရပ်တန့်နိုင်ပေ။
ဂျင်းဆင်းမြစ်၌ လူသားများကဲ့သို့ များစွာသော လိမ်လည်မှုများနှင့် လည့်ဖျားမှုများ မရှိချေ။ ထို့ကြောင့် မကြိုက်သည့်သူတစ်ယောက်ကို မြင်ပါက သဘာဝကျစွာပင် ပျော်ရွှင်နေသည့်မျက်နှာထားအား ပြမည်မဟုတ်ပေ။
ရှန်းရွှမ်က ရှန်းထင်ရွှမ်းကို မြင်သောအခါ သူမက ရှန်းထင်ရွှမ်းကို ရက်အနည်းကြာ မမြင်ခဲ့ရသည်ကို သဘောပေါက်သွားသည်။ တခြားသူ၏ အသားအရေနှင့် အနေအထားက အများကြီး ကောင်းမွန်လာပေသည်။ သူမ၏မျက်လုံးထဲရှိ မနာလိုမှုက တခဏတာ ဖျတ်ခနဲပေါ်လာခဲ့ပြီး ဝမ်းနည်းမှုနှင့် စိုးရိမ်ပူပန်မှုတို့က လျင်မြန်စွာ အစားထိုးသွားလေသည်။ ရှန်းထင်ရွှမ်းသာ စာအုပ်ထဲရှိ ဇာတ်လမ်းကို မသိထားခဲ့ပါလျှင် ရှန်းရွှမ်က သူမကို ဂရုစိုက်သည်ဟု ထင်ကောင်းထင်နေပေလိမ့်မည်။
“ညီမလေး ဒီအတောအတွင်း ဘယ်လိုတွေ နေခဲ့လဲ၊ အိမ်က လူတွေက ညီမလေးကို အရမ်းစိတ်ပူနေကြတာ ”
၎င်းက စစ်မှန်သော အခြေအနေတစ်ခုလို့တောင် ထင်ရပေသည်။ သူမက ဝမ့်ချန်၏ သရုပ်ဆောင်စကေးထက်တောင် အများကြီး အဆင့်မြင့်ပေသည်။ ရှန်းထင်ရွှမ်းက သုန်မှုန်စွာ နားထောင်နေသည်။
“ညီမလေးက အသီးတွေ ရောင်းနေတာဆို၊ သူများတွေပြောတာ ကြားခဲ့တယ် ”
ရှန်းထင်ရွှမ်းက ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။
“ဘာမှ မမှားဘူးဆိုရင် ငါ အရင် သွားလိုက်တော့မယ် ” ရှန်းရွှမ်က နောက်ကို ပြန်မကြည့်ဘဲ ထွက်သွားသော ရှန်းထင်ရွှမ်းကို ကြည့်ပြီး ပြုံးနေသည့် သူမမျက်နှာက အေးစက်သွားသည်။
…
ရှန်းရွှမ်က အိမ်သို့ ပြန်လာပြီး မာမားရှန်းက နီရဲသောမျက်လုံးများနှင့် ရှန်းရွှမ်ကို မြင်လိုက်ရသည်။ သူမက ချက်ချင်း လျှောက်လာပြီး “ဘယ်သူက ငါတို့မိသားစုရဲ့ရွှမ်ရွှမ်ကို အနိုင်ကျင့်တာလဲ၊ ရွှမ်ရွှမ် ဘာလို့ ငိုနေတာလဲ ”
ရှန်းရွှမ်က သူမ၏မျက်လုံးထောင့်ကို သုတ်လိုက်ပြီး “ညီမလေးကို သွားကြည့်ခဲ့တာ၊ အသီးတွေ ရောင်းဖို့ ခက်ခဲနေတယ် ”
မာမားရှန်က တစ်ရှူးကို သွားယူလိုက်ပြီး ရှန်းရွှမ်လက်ထဲသို့ ထည့်ပေးလိုက်သည်။
“ရွှမ်ရွှမ်က အရမ်းကြင်နာတာပဲ ”
ရှန်းရွှမ်က ဒုတိယထပ်မှ ဆင်းလာသော တစ်စုံတစ်ယောက်ကို ကြည့်လိုက်ပြီး အနည်းငယ် ပိုပြီး စိတ်ထိခိုက်ရသလို ခံစားနေလိုက်သည်။ “ညီမလေးက အလုပ်ကြိုးစားတယ်ထင်တယ်၊ သမီးက အသီးတချို့ ဝယ်ချင်ခဲ့တာ၊ ဒါ့အပြင် သူတို့ပြောတာတော့ ညီမလေးရဲ့အသီးတွေကို ပိုင်လျန်စူပါမားကတ်မှာ ရောင်းတယ်တဲ့၊ ဒါ့ကြောင့် အရသာကတော့ ကောင်းမှာပဲ၊ အမေနဲ့ အဖေ့ဖို့ အသီးတချို့ ဝယ်ချင်ခဲ့ပေမဲ့… ”
ရှန်းရွှမ်က ပြောနေရင်း ရှိုက်သံက ပိုကျယ်လာခဲ့သည်။ မာမားရှန်က ရှန်းရွှမ်၏ ကျောကို ဖွဖွပုတ်ပေးလိုက်ပြီး “စိတ်ကိုလျှော့၊ ဖြည်းဖြည်းပြောလို့ ရတယ် ”
ရှန်းရွှမ်က သူမနှလုံးသားထဲရှိ ဝမ်းနည်းမှုအားလုံးကို ထိန်းချုပ်နေရသည့်ပုံဖြင့် မျက်ရည်များ အနည်းငယ် ပိုပြီး ကျလာခဲ့သည်။ “ညီမလေးကတော့ သမီးကို ဘာမှမပြောချင်တဲ့ ပုံပဲ ”
ရှန်းရွှမ် ဤသို့ ပြောခဲ့တာက ရှန်းထင်ရွှမ်း၏ အကြင်နာမဲ့မှုကို ဖော်ပြရုံသာမက ရှန်းထင်ရွှမ်း၏ အဖေနှင့်အမေအပေါ် သူမ၏ သားသမီးဝတ္တရားသိတတ်မှုနှင့် ရှန်းထင်ရွှမ်းအပေါ် သူမ၏ စိုးရိမ်ပူပန်မှုကိုပါ ဖော်ပြရာရောက်ပေသည်။
ထိုအချိန်၌ သူမက ရှန်းထင်ရွှမ်းအတွက် စိုးရိမ်ပူပန်မှုကို မျှဝေပေးချင်ခဲ့ပြီး ပါပါးရှန်နှင့် မာမားရှန်အပေါ် သူမ၏ သားသမီးဝတ္တရားသိတတ်မှုကို ဖော်ပြရန် အသီးများအား ဝယ်ယူချင်ခဲ့သည်။ ရှန်းထင်ရွှမ်းက ၎င်းကို အသိအမှတ်မပြုခဲ့သည်မှာ သနားစရာ ဖြစ်နေသည်။ နှိုင်းယှဉ်ကြည့်ပါက ရှန်းထင်ရွှမ်းသည် မယဉ်ကျေးသော လူတစ်ယောက် ဖြစ်သွားတော့သည်။
မာမားရှန်က ရှန်းရွှမ်ကို နှစ်သိမ့်ပေးနေပြီး “ဘာဝယ်စရာ လိုလို့လဲ၊ သူသာ သားသမီးဝတ္တရား သိတတ်ရင် အသီးတချို့ ပြန်ပို့ပေးလိုက်မှာပေါ့ ”
သေချာပေါက် ပါပါးရှန်က လှေကားကို ရိုက်ချလိုက်ပြီး အပြစ်တင်လိုက်သည်။ “ရှန်းမိသားစုက ထွက်သွားတည်းက သူက ဘာမှမဟုတ်တော့ဘူး ”
ပါပါးရှန်းက သူ့ဖုန်းကို ထုတ်လိုက်ပြီး ဖန်းမိသားစု၏ခေါင်းဆောင်ကို ခေါ်လိုက်သည်။
ဖန်းယဲ့က ရှန်းထျန်းသဲ၏ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသောအခါ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ (TN: နောက်ဆုံးတော့ ငါတို့မှာ နာမည်တစ်ခု ရှိလာပြီ။) သူက ဖုန်းချလိုက်သောအခါ သူ၏ခံစားချက်က သိပ်မကောင်းနေပေ။
သူက စူပါမားကတ်၏ အထွေထွေမန်နေဂျာကို တိုက်ရိုက် ဖုန်းခေါ်လိုက်သည်။
…
ရှန်းရွှမ် ထွက်သွားပြီးနောက် ရှန်းထင်ရွှမ်းက သူမ၏ခြံဝင်းသို့ ပြန်သွားတော့သည်။ တောင်အောက်ရှိ အစီအရင်တည်ဆောက်ပုံက တစ်စုံတစ်ခု မှားယွင်းနေသည်ဟု သူမ ခံစားမိပြီး အနားယူလိုက်တော့သည်။
ရှန်းထင်ရွှမ်းက သက်ပြင်းချလိုက်သည်။ သူမက မည်သူ့ကို ရန်စထားမိမှန်း မသိပေ။ နေ့စဥ် ပြဿနာများက တစ်ခုပြီးတစ်ခု လာနေကြသည်။
သူမက တောင်ခြေသို့ လျှောက်လာသောအခါ သူမ၏ ဝါးတောကို ဝင်တိုက်ထားသော အနက်ရောင် ကားတစ်စီးကို မြင်လိုက်ရသည်။ သူမ၏ခံစားချက်က ပိုတောင်ဆိုးသွားပေသည်။
သူမ ခက်ခက်ခဲခဲ ရွှေ့ပြောင်းစိုက်ပျိုးခဲ့ရသည့် ထိုဝါးတောကို ဘယ်လို ကောက်ကျစ်သည့်သူက ဝင်တိုက်လဲဆိုတာ သူမ မြင်ချင်ပေသည်။
ယောက်ျားတစ်ယောက်က သွေးများဖြင့် ဖုံးလွှမ်းနေပြီး ကားမောင်းသည့်ထိုင်ခုံတွင် လဲကျနေသည်ကို တွေ့ခဲ့ရသည်။
တောင်ခြေ၌ အစီအရင်အခင်းအကျင်းတစ်ခု ရှိသောကြောင့် ဝါးတောကို တိုက်မိသောအခါ ကား၏သက်ရောက်မှုကို အနည်းငယ်တော့ လျှော့ချပေးနိုင်ပေသည်။ သို့သော် အခြေအနေကတော့ အနည်းငယ် ဆိုးဝါးနေဆဲဖြစ်သည်။
ရှန်းထင်ရွှမ်းက ကားတံခါးကို ဆွဲဖွင့်လိုက်ပြီးနောက် ထိုယောက်ျားကို အပြင်ဘက်သို့ ဆွဲထုတ်လိုက်သည်။ သို့သော် သွေးများက နေရာတိုင်းကို ကျနေခဲ့သည်။
သူ သွေးအမြောက်အမြား ဆုံးရှုံးထားပြီး သူ၏မျက်နှာက အနည်းငယ် ဖြူဖပ်ဖြူရော် ဖြစ်နေပေသည်။ သို့သော် ထိုလူက လူချောတစ်ယောက်ဖြစ်ခဲ့သည်ကို သူမ မြင်နိုင်သေးသည်။
ရှန်းထင်ရွှမ်းက သွေးထွက်နေသည်ကို ရပ်ရန် ဝိညာဉ်စွမ်းအင်ကို အသုံးပြုခဲ့သည်။ သူမက ဝိညာဉ်စွမ်းအင်ကို အတော်များများ သုံးလိုက်ရသည်။ ယခု ထိုယောက်ျား၏မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်မနေတော့ချေ။ သို့သော် သူက သတိလစ်နေဆဲ ဖြစ်သည်။
အသက်ပြင်းပြင်းရှူလိုက်ပြီး ရှန်းထင်ရွှမ်းက ထိုယောကျာ်းကို သူမ၏ကျောပေါ်တင်ပြီး သယ်သွားခဲ့သည်။ ထို့နောက် ခြံဝင်းဆီသို့ လျှောက်သွားလိုက်သည်။
ရှန်းထင်ရွှမ်းက အရင်ဆုံး ခြံဝင်းထဲတွင် ထိုယောကျာ်းကို ထားလိုက်ပြီး သူ၏ကိုယ်မှ သွေးများကို သန့်စင်သော ရေဖြင့် ဆေးကြောပေးလိုက်သည်။ ထို့နောက် သူ၏အဝတ်များနှင့် ဘောင်းဘီတို့ကို ချွတ်လိုက်ပြီး သူမ၏အိပ်ရာပေါ်တွင် ထားလိုက်သည်။
ရှန်းထင်ရွှမ်းက တီးတိုးရေရွတ်လိုက်သည်။ “ဒီမှာ အိပ်ရာတစ်ခုပဲ ကျန်တာ၊ ရှင်က ဒဏ်ရာရနေတဲ့သူဆိုတော့ ရှင့်ကိုပဲ ဦးစားပေးလိုက်မယ် ”
ရှန်းထင်ရွှမ်းက သူမ၏ဆံပင်တစ်ချောင်းကို ယူလိုက်ပြီး ရေထဲတွင် ထားလိုက်သည်။ ပြီးနောက် သူမ၏ဝိညာဉ်စွမ်းအင်ဖြင့် အရည်ဖျော်လိုက်သည်။
ဂျင်ဆင်းများက ထာဝရ အသက်ရှင်ကြသည်။ နှစ်တစ်သောင်းဂျင်ဆင်းမြစ်တစ်ခုအနေဖြင့် သူမ၏တစ်ခုတည်းသော ဆံပင်က သေခြင်းမှ ပြန်ခေါ်ပေးနိုင်သည်။
သူမက ထိုယောက်ျား၏ပါးစပ်ထဲသို့ နည်းနည်းချင်းစီ ရေကို တိုက်လိုက်သည်။ ပြီးနောက် ထိုယောကျာ်း ဖျက်ဆီးထားသည့် ဝါးတောကို ရှင်းလင်းရန် တောင်ခြေသို့ ဆင်းလာခဲ့သည်။
ကံကောင်းစွာပင် ဝါးများက အများကြီး မပျက်စီးသွားခဲ့ပေ။ တချို့ကို ဖြောင့်အောင် ပြန်လုပ်ပြီး သုံးလို့ရနိုင်သည်။
ကျိုးသွားသည့်ဝါးများကတော့ ဆက်သုံးလို့မရနိုင်တော့ပေ။ ထို့ကြောင့် ရှန်းထင်ရွှမ်းက ၎င်းတို့ကို ဖြတ်တောက်လိုက်ပြီး တစ်ဝက်စီ ခွဲထားလိုက်သည်။ ၎င်းတို့ကို အတူတကွ စည်းထားလိုက်ပြီး ဝါးများကို အတန်းလိုက်ချည်ရန် တောင်မှ နွယ်ပင်များကို ရှာလိုက်သည်။
တိုသည့် ဝါးတချို့ကို အောက်ဘက်မှာ ခြေထောက်အဖြစ်ထားပြီး ပိုရှည်သည့် ဝါးများကို အပေါ်ဘက်တွင် လေးထောင့်ပုံစားပွဲအဖြစ် အထိုင်ချလိုက်သည်။
အသီးများကို ရှေ့လျောက် ထိုစားပွဲပေါ်တွင် တင်ရောင်းနိုင်ပေသည်။
ယခုမူ မြေဆီလွှာများ မရှိသည့်အတွက် ရှန်းထင်ရွှမ်းက အပင်စိုက်ရန် ဝါးတချို့ ပိုဝယ်ရန် စီစဥ်ထားသည်။
ခုတ်ဖြတ်ထားသည့် ဝါးပင်များ၏ အရွက်များကို အသုံးပြုပြီး ရှန်းထင်ရွှမ်းက ကားအနက်ကို ဖုံးထားလိုက်သည်။
…
လုမင်ဟွေ့ကို အထွေထွေမန်နေဂျာရုံးက ခေါ်ယူသောအခါ အထွေထွေမန်နေဂျာက သူ့ကို ချီးမွမ်းမည်ဟု သူထင်နေခဲ့သည်။ တကယ်တော့ ရှန်းထင်ရွှမ်း၏အသီးများနှင့် လွန့်ခဲ့သည့်နှစ်ရက်က ပိုင်လျန်သို့ ရောက်လာခဲ့သော ဝယ်သူများအား ခေါ်ဆောင်ထားသည်ကို သူတွေ့ခဲ့ရသည်။
သို့သော် သူ ရုံးခန်းထဲသို့ရောက်သောအခါ အထွေထွေမန်နေဂျာ၏ ဆူပူကြိမ်းမောင်းခြင်းကို ခံရမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
“မင်း ရူးနေလား၊ မင်း ဘာလုပ်ခဲ့တယ်ဆိုတာရော သိလား၊ မင်းစင်ပေါ်တင်ထားတဲ့ ပစ္စည်းတွေက ရှန်းမိသားစုကို စော်ကားရာ ရောက်တယ်ကွ ”
လုမင်ဟွေ့က မယုံသင်္ကာ ကြည့်လိုက်မိသည်။ အရင်ဆုံး သူက ဘာ့ကြောင့် ဝေဖန်ခံနေရမှန်း မသိခဲ့ပေ။ သို့သော် သူ့ကို ပိုပြီး ရှော့ရသွားစေသည်က ရှင်းယွမ်ရှန်၏ ပိုင်ရှင်ပင် ဖြစ်သည်။ ထိုမိန်းကလေးက အရမ်းဖြူစင်လွန်းတယ်၊ ဘယ်လိုလုပ် သူမက ရှန်းမိသားစုကို စော်ကားမလဲ။
သူ အထွေထွေမန်နေဂျာ၏ရုံးခန်းမှ ထွက်လာခဲ့ပြီး စိတ်ရှုပ်ထွေးနေဆဲ ဖြစ်သည်။
မင်းက ဘာကြောင့် ဒီလို အရသာရှိတဲ့အသီးတွေနဲ့ စာချုပ်ကို ဖျက်သိမ်းချင်ရတာလဲ။
မင်းက ရှန်းမိသားစုကို စော်ကားခဲ့တာကြောင့်လား။
…
လုမင်ဟွေ့က သူ၏ရုံးသို့ ပြန်ရောက်သွားသည်။ လီရင်နှင့် တခြားသူများက လုမင်ဟွေ့နှင့်ပတ်သက်ပြီး တစ်စုံတစ်ခုမှားယွင်းနေသည်ကို တွေ့လိုက်ရသည်။ “ဘာဖြစ်တာလဲ ဘော့စ် ”
လုမင်ဟွေ့က သူ့ထိုင်ခုံတွင် ထိုင်လိုက်ပြီး ရေရွတ်လိုက်သည်။
“အထွေထွေမန်နေဂျာက ငါတို့ကို ရှင်းယွမ်ရှန်နဲ့ ပူးပေါင်းတာကို ဖျက်သိမ်းစေချင်နေတယ် ”
လူတိုင်းက ထိတ်လန့်သွားကြသည်။
…
ရှန်းထင်ရွှမ်းက တောင်ခြေ၌ စားပွဲကို နေရာချထားလိုက်ပြီး ပိုင်လျန်မှ ၂၂၀၁၅ ယွမ်ကို လက်ခံရရှိခဲ့သည်။ လုမင်ဟွေ့က မကြာမီ လာတော့မည်ဖြစ်သည်။
ရှန်းထင်ရွှမ်း၏ ပျင်းနေသည့်ခံစားချက်က အများကြီးလျော့ကျလာခဲ့ပြီး သူမက လက်ကို ဝှေ့ယမ်းပြလိုက်သည်။ ယခု သူမက လုမင်ဟွေ့ နှင့် တခြားသူများကို ကျေးဇူးတင်ရမည်ပင်။ သူမ၏နေ့စဥ်တာဝန်များကို အလွန်လွယ်ကူစွာ ပြီးမြောက်နိုင်ပေသည်။
စိတ်အားထက်သန်စွာ လက်ဝှေ့ယမ်းပြနေသော ရှန်းထင်ရွှမ်းကို လုမင်ဟွေ့က မြင်လိုက်ရပြီး ပိုပြီး အပြစ်ရှိသလို ခံစားနေရသည်။ “ဒီနေ့ စီးပွားရေးအခြေအနေ ဘယ်လိုလဲ ”
ရှန်းထင်ရွှမ်းက “ကောင်းပါတယ် ”
လုမင်ဟွေ့က စိတ်မပါလက်မပါ ပြုံးလိုက်သည်။ သူက အချိန်အတော်ကြာ အစပျိုးပြီးနောက် ပြောလိုက်သည်။ “ငါတို့ မင်းနဲ့ အလုပ်ဆက်လုပ်ဖို့ မဖြစ်နိုင်တော့ဘူး ”
ရှန်းထင်ရွှမ်းက သံသယတချို့ဖြင့် နားထောင်လိုက်သည်။ သို့သော် သူမက လျင်မြန်စွာ လက်ခံလိုက်သည်။ သူမ သိပေသည်။ တာဝန်က ပြီးမြောက်ရန် မလွယ်ပေ။ “ပြဿနာမရှိပါဘူး ”
လုမင်ဟွေ့က ရှန်းထင်ရွှမ်း ခေါင်းငုံ့သွားသည်ကို မြင်လိုက်ပြီး သူ့နှလုံးသားက ပိုပြီး မသက်မသာဖြစ်လာခဲ့သည်။ “မိန်းကလေး၊ မင်းက ဘယ်လိုလုပ် ရှန်းမိသားစုကို စော်ကားရတာလဲ ”
သူက သူ့ဌာနရှိ လူများကိုတောင် မပြောခဲ့ပေ။ သို့သော် ယခု ရှန်းထင်ရွှမ်းကို တိုက်ရိုက် ပြောလိုက်သည်။
ရှန်းထင်ရွှမ်းက ယခု ပိုပြီးတောင် စိတ်ရှုပ်ထွေးသွားခဲ့သည်။ “အာ ” မူလကိုယ်က ရှန်းမိသားစုမှ ဖြစ်သည်။ ရှန်းမိသားစုကို စော်ကားတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။
လုမင်ဟွေ့က သက်ပြင်းချလိုက်သည်။
“ငါတို့ စူပါမားကတ်ရဲ့ တာဝန်ရှိသူကို ဆက်သွယ်ခဲ့တဲ့သူက ရှန်းမိသားစုကလေ၊ သူတို့က မင်းရဲ့အသီးတွေကို ဖယ်ရှားပစ်ဖို့ ပြောခဲ့တာ ”
ရှန်းထင်ရွှမ်း၏ မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင်များ ဖော်ပြနေသည်။ ရှန်းရွှမ်က ဆိုးရွားသည့် လူတစ်ယောက်မှန်း သူမ သိခဲ့သော်လည်း ထိုမျှ ဆိုးဝါးလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။
ရှန်းထင်ရွှမ်း၏ အမူအရာကို မြင်သောအခါ လုမင်ဟွေ့က ဘာ့ကြောင့် ဖြစ်သည်ကို သူမ သိလောက်မည်ဟု ခန့်မှန်းလိုက်သည်။
“စိတ်မပူပါနဲ့၊ ဒါက ငါတို့ကုမ္ပဏီဘက်က စာချုပ်ဖောက်ဖျက်တာပဲ၊ မင်းအတွက် ဆုံးရှုံးမှုကို လျော်ကြေးပေးဖို့ နည်းလမ်းတစ်ခု ရှာလိုက်ပါ့မယ် ”
ရှန်းထင်ရွှမ်းက ထိုလျော်ကြေးများနှင့်ပတ်သက်ပြီး အားလုံးကို ဂရုမစိုက်ပေ။ လုမင်ဟွေ့ ထွက်သွားပြီးသည့်တိုင်အောင် သူမက အလွန်ဒေါသထွက်နေဆဲဖြစ်သည်။
ရှန်းထင်ရွှမ်းက တက်စီကို တိုက်ရိုက်တားလိုက်ပြီး ရှန်းအိမ်သို့ ပြန်လာခဲ့သည်။
သူမက ရှန်းရွှမ်ကို မေးချင်ခဲ့သည်။ ငါက အသီးပဲရောင်းတာလေ။ ဒါကို နင်က ဘာလို့ ယုတ်မာနေတာလဲ။
…..
စာရေးသူမှာ ပြောစရာရှိနေပါတယ်။
အို့… အခန်း (၁၀) ပြီးသွားပြီပဲ။
…