အပိုင်း (၁၁) စက်ဆုပ်စရာကောင်းသူလို့ ထင်ခံလိုက်ရတယ်
“ ယောကျ်ားတစ်ယောက်က အပြင်သွားရင် သူ့အမျိုးသမီးကို ကာကွယ်ပေးရမှာပေါ့၊ မင်းကတော့ အထိအခိုက်မရှိဘဲ မင်းဘေးက မိန်းမငယ်လေးကို ဒီလောက်အထိဒဏ်ရာရစေတာ မရှက်ဘူးလား”
“…”
မုရွှမ်ချင်၏မျက်နှာသည် ပြောင်းလဲသွားလေသည်။
“ ဆရာ အဲလိုမဟုတ်….”
သူသည် ရှင်းပြချင်ခဲ့သော်လည်း နောက်တစ်စက္ကန့်တွင်တော့ ဆရာဝန်ကြီးက သူ့ကို ဝါးစားမတတ် ကြည့်လိုက်ပြီး
“ ယောက်ျားတစ်ယောက်အနေနဲ့ လုပ်တော့လုပ်ရဲပြီး ဝန်မခံရဲဘူးပေါ့လေ၊ မင်း မလုပ်ရဲဘူးဆိုရင်လည်း မိန်းမငယ်လေးတစ်ယောက်ကို ဘာလို့အဲနေရာကို လှည့်စားပြီးခေါ်သွားသေးလဲ၊ ဘေးမှာထိုင်နေ၊ မင်းရဲ့ချစ်သူလေးကိုတောင် ကာကွယ်မပေးနိုင်ဘူး…”
ထိုနေရာသည် စွန့်ပစ်စက်ရုံများစွာရှိပြီး တော်တော်ပင် အစွန်အဖျားကျလေသည်။ သို့သော် မြို့ပြင်ကျပြီး ရှုခင်းမှာလည်း သာယာလေရာ လူငယ်စုံတွဲများသည် မကြာခဏဆိုသလို ထိုနေရာတွင် လာချိန်းတွေ့တတ်ကြလေသည်။
ထို့အပြင် ညပိုင်းတွင် မီးရောင်အနည်းငယ်ရှိပြီး စွန့်ပစ်စက်ရုံအနီးရှိ မြေပြင်အနေအထားသည် တော်တော်ရှုပ်ထွေးလေသည်။ မကြာခဏဆိုသလို လူများ ပြုတ်ကျတတ်ပြီး ဒဏ်ရာရပြီးနောက် သူ့ထံတွင် ကုသယူခံရန် ရောက်လာတတ်ကြလေသည်။
သူ့အမြင်တွင်တော့ သူတို့၏ချစ်သူကောင်မလေးများကို ထိုနေရာတွင် ချိန်းတွေ့ရန် ခေါ်လာကြသူများ အားလုံးသည် မိန်းကလေးများကို အသားယူတတ်ကြသည့် စက်ဆုပ်စရာကောင်းသူများဖြစ်သည်။ ဒဏ်ရာရသူက ‘သူ’ဖြစ်နေလျှင်တော့ ကိစ္စမရှိချေ။ သို့သော် သူသည် မိန်းကလေးတစ်ယောက်၏လုံခြုံရေးကို ဂရုမစိုက်ဘဲ ညအချိန်အလွန်နောက်ကျသည်အထိ နေရဲသေးသည်တဲ့။ ကျွတ် ကျွတ်။
ဆရာဝန်သည် သန့်ရှင်းကာ မျက်နှာပေါ်တွင် ဟန်ဆောင်အကြည့်တစ်ခုနှင့် ဒဏ်ရာတစ်ခုပင်မရှိသည့် မုရွှမ်ချင်ကို တစ်ချက်ကြည့်လိုက်၏။
“…”
မုရွှမ်ချင်သည် ကုချင်းယွင်၏ သွေးထွက်နေသည့်ဒူးကို ကြည့်လိုက်ပြီးနောက် သိသာထင်ရှားသည့် ဒဏ်ရာမရှိသည့် သူ၏ဖျော့တော့နေသည့်မျက်နှာနှင့် ခန္ဓာကိုယ်ကို ကြည့်လိုက်ပြီးနောက် ခဏတာ ငြိမ်သက်သွားတော့သည်။
သည်လိုအခြေအနေမျိုးတွင် သူရှင်းပြလျှင်တောင် ဆရာဝန်က သူ့ကို ယုံလိမ့်မည်မဟုတ်ချေ။
ထားလိုက်ပါတော့လေ…. နားလည်မှုလွဲခံရလည်း အသားပဲ့ပါသွားတာမှ မဟုတ်တာ။
မုရွှမ်ချင်သည် ထိုသို့တွေးလိုက်သော်လည်း သူမျက်နှာထားကတော့ဖြင့် သိပ်မကောင်းသေးချေ။
ဆရာဝန်သည် ကုချင်းယွီ၏ခြေထောက်က ဒဏ်ရာကို ကြည့်လိုက်ပြီး သူ့မျက်ခုံးများသည် တစ်ချက်လေးမှ ပြေလျော့မသွားချေ။
“ နူးညံ့နုဖတ်နေတဲ့အသားအရေနဲ့ မိန်းမကောင်းလေးကို မင်းဘာလုပ်ခဲ့မိလဲ ကြည့်စမ်းပါအုံး…”
ဆရာဝန်သည် မုရွှမ်ချင်ကို စွပ်စွဲသည့်အကြည့်ဖြင့် တစ်ဖန် ကြည့်ပြန်လေသည်။ မုရွှမ်ချင်သည် စက်ဆုပ်စရာကောင်းသည့်လူတစ်ယေက်သဖွယ် ဆက်ဆံခံနေရသည့်ခံစားချက်ကို သည်းခံရင်း ဘာကိုမှ မမြင်သည့်နှယ် မျက်လုံးများကို မှိတ်ထားလိုက်၏။
ကုချင်းယွီ၏ခြေထောက်ကို မြန်မြန်ဆန်ဆန် ပြန်ဆက်ပေးလိုက်ပြီးနောက် ဆရာဝန်က ဒဏ်ရာကို ဆေးလိမ်းပေးလိုက်၏။ ကုချင်းယွီသည် သိသိသာသာ ပိုသက်သာလာသည့် ဒဏ်ရာကို စဥ်းစဥ်းစားစားဖြင့် ကြည့်လိုက်လေသည်။
ဆရာဝန်ကြီးသည် တရုတ်ရိုးရာဆေးခန်းတစ်ခုကို ဖွင့်ထားပြီး သူမဒဏ်ရာပေါ်တွင် သုံးခဲ့သည့် ဆေးများသည် နာကျင်မှုကို သိသိသာသာသက်စေသည့် ဆေးဖက်ဝင်အပင်များဖြင့်ပြုလုပ်ထားသည့် ဆေးဖြစ်ပြီး ဒဏ်ရာကို အေးမြစေကာ အလွန်သက်သောင့်သက်သာဖြစ်စေသည်။ ကုချင်းယွီသည် ရုတ်တရက်ဆိုသလို သည်ဆေးဖက်ဝင်အပင်ဖြင့် လုပ်ထားသည့် ဆေးများကို စိတ်ဝင်စားလာတော့သည်။ သည်ဆေးပင်များ၏ အကျိုးသက်ရောက်မှုသည် သူမစွမ်းအင်ကုသမှု၏ အကျိုးသက်ရောက်မှုနှင့် အလွန်ဆင်တူလေသည်…
ဧကန္တ ဒီဂြိုဟ်ပေါ်က စွမ်းအင်တွေက သူတို့ဂြိုဟ်လိုပဲ လေထဲမှာ ပျံ့နှံ့နေတာမဟုတ်ဘဲ အပင်တွေထဲမှာ ရှိနေတာလား။ စောစောက ငါစားခဲ့တဲ့ခေါက်ဆွဲတွေလိုလေ။ ဒီခန္ဓာကိုယ်ရဲ့ ဦးနှောက်ထဲက သာမန်အသိတွေအရဆိုရင် ခေါက်ဆွဲကို ဂျုံမှုန့်နဲ့လုပ်ထားတာ၊ ပြီးတော့ ဂျုံကလည်း အပင်တစ်ခုပဲ…
သူမသည် ထိုအကြောင်းကို အတန်ကြာအောင် စဥ်းစားနေမိ၏။
တံခါးအပြင်ဘက်တွင် ပိုပြင်းထန်သည့်ဒဏ်ရာနှင့် လူနာတစ်ယောက်ကို သယ်ဝင်လာသည်။
“ဆရာ သူ့ကို မြန်မြန်လေး ကြည့်ပေးပါအုံး…”
ဆရာဝန်ကြီးသည် လူနာကို တစ်ချက်ကြည့်လိုက်ပြီးနောက် မုရွှမ်ချင်ကို ကြည့်လိုက်သည်။ ကိုယ့်ဟာကို သည်နေရာအထိ လျှောက်လာနိုင်ပြီး သူ့မျက်နှာသည် သိပ်မကောင်းသော်လည်း သူ့အခြေအနေမှာ လူနာသစ်လောက် မပြင်းထန်သည်ကို ဆရာဝန်က ခံစားမိလိုက်ပြီးနောက် မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်၏။
“မိန်းကလေး ခဏလောက်အနားယူပြီး ဘာလီလက်ဖက်ရည် သောက်လိုက်အုံး၊ ခဏနေမှ နင့်ချစ်သူကို ငါလာကြည့်ပေးမယ်”
ထိုသို့ပြောလိုက်ပြီးနောက် သူသည် ရှေ့သို့ထွက်သွားလိုက်လေသည်။
သို့သော် မုရွှမ်ချင်သည် မတ်တတ်ရပ်လိုက်ပြီး သူ့အကြည့်မှာ တည်တည်ငြိမ်ငြိမ်ပင်။
“ ငါ စစ်ဆေးစရာမလိုဘူး၊ သွားစို့”
ကုချင်းယွီသည် သူ၏သွေးမရှိတော့သည့်နှုတ်ခမ်းများကို ငေးကြည့်လိုက်ပြီး
“ သေချာလို့လား”
“သေချာတယ်”
သူ့ကိုယ်ပိုင်အခြေအနေကို သည်ထက်ပိုမရှင်းတတ်တော့ချေ။
ကုချင်းယွီသည် အချိန်ကို တစ်ချက်ကြည့်လိုက်၏။ ညသန်းခေါင်ရောက်ခါနီးဖြစ်ပြီး အိမ်ပြန်ရမည့်အချိန်ပင်။
သူမ၏ခန္ဓာကိုယ်သည် အလွန်ပင်ပန်းနွမ်းနယ်နေပြီး သူမသည် အနားယူရန် နေရာတစ်ခုလိုအပ်ကာ ဗီဒီယိုထဲကအခြေအနေကိုလည်း အဖြေရှာရန်လိုအပ်လေသည်။
“ကောင်းပြီလေ ရှင် ဆေးဖိုးရှင်းလိုက်တော့ ကျွန်မသွားတော့မယ်”
သူမသည် ထိုသို့ပြောပြီးသည်နှင့်တစ်ပြို
င်နက် လှည့်ထွက်သွားလေတော့သည်။
…
အပိုင်း (၁၂) အမျိုးသမီးတစ်ယောက်အကြောင်း စုံစမ်းပေး
မုရွှမ်ချင်သည် သူမကို မတားတော့ဘဲ ဆေးဖိုး ရှင်းလိုက်ပြီးနောက် သူမထွက်သွားသည့်ဖက်ကို ငေးကြည့်ရင်း သူ့မျက်လုံးများသည် ညို့မှိုင်းလာလေသည်…
ကုချင်းယွီတွင် ပိုက်ဆံတစ်ကျပ်ပင် မရှိချေ။ ထို့ကြောင့် မူလခန္ဓာကိုယ်၏မှတ်ဉာဏ်ထဲက လမ်းအတိုင်း လိုက်လာရင်း အိမ်ပြန်သို့ နှစ်နာရီကြာလမ်းလျှောက်ပြန်လာခဲ့လေသည်။
ယောက်ျားတစ်ယောက်က အသံတစ်ချက် မလှုပ်ဘဲ တစ်လမ်းလုံး သူမနောက်လိုက်လာနေသည်ကို သတိမထားမိခဲ့ပေ။
ထို့အပြင် ၀၀း ၀၀ အချိန်ကျော်သွားသည်နှင့်တစ်ပြိုင်နက် ထိုယောက်ျား၏မျက်နှာသည် တဖြည်းဖြည်း ပုံမှန်ဖြစ်လာပြီး သူ့လမ်းလျှောက်နှုန်းကလည်း ပိုမြန်လာကာ ကျားသစ်တစ်ကောင်ကဲ့သို့ အသံမထွက်ဘဲ မြန်ဆန်လာလေသည်။
ကုမိသားစုအိမ်တော်တံခါးအထိ သူမနောက်လိုက်လာခဲ့ပြီး သူမ နံရံကို ကျော်တက်ကာ အိမ်ထဲဝင်သွားသည်ကို မြင်လိုက်ပြီးနောက် သူ့မျက်လုံးများကို ကျဥ်းမြောင်းထားလိုက်ပြီး သူ့မျက်လုံးများသည် အေးစက်မည်းမှောင်လာကာ ချိနဲ့စွာပြောလိုက်လေသည်။
“ ငါ့ကို လာကြို”
“ အဲဒီကလူတွေရော ဘာဖြစ်သွားပြီလဲ”
“ သူတို့အားလုံးကို ရှင်းပြီးသွားပါပြီ”
ချန်ရန် ပြန်ဖြေလိုက်၏။
“သွားစို့”
မုရွှမ်ချင်သည် မတ်တတ်ရပ်ကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ အသက်ပင်မရှူရဲလောက်သည့် ဖိအားတစ်ခုကို ထုတ်လွှတ်နေတော့သည်။ ချန်ရန်ဘေးမှ သက်တော်စောင့်များသည် သူတို့၏ခေါင်းကိုပင် မဖော်ဝံ့ဘဲ အသက်အောင့်ထားကြကာ သူတို့ကိုစီးနင်းထားသည့် အသက်မရှူနိုင်လောက်သည့် မွန်းကြပ်မှုကို ခံစားနေရသည်။ ချန်ရန်တစ်ယောက်သာလျှင် သူ့ခေါင်းကို ခက်ခက်ခဲခဲ မော့ထား၏။
“ဟုတ်ကဲ့”
ချန်ရန်သည် ကားတံခါးကို ဖွင့်ပေးလိုက်သော်လည်း မုရွှမ်ချင်က ကုမိသားစုအိမ်တော်ကို နှိုင်းနှိုင်းဆဆဖြင့် ရပ်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်…
သူမ ထွက်မလာတော့ဘူးဆိုတော့ ကြည့်ရတာ ဒါက သူမနေတဲ့နေရာအစစ် ထင်တယ်။
“ဆရာ”
ချန်ရန်၏လေသံထဲတွင် သံသယရိပ်တစ်ခု ပါနေ၏။
“ ဒီနေရာကို စောင့်ကြည့်ထား ပြီးတော့ ငါ့ကို မိန်းမတစ်ယောက်အကြောင်း စုံစမ်းပေး”
မုရွှမ်ချင်က ပြောလိုက်၏။
မိန်းမတစ်ယောက်ဟုတ်လား။
ချန်ရန်၏မျက်လုံးများ ပြူးကျယ်သွားလေသည်။
ဆရာက ဘယ်မိန်းမကိုမှ တစ်ခါလေးတောင် စိတ်မဝင်စားခဲ့ဖူးဘူးလေ။ ဆရာငယ်ငယ်တုန်းက မိဘမဲ့ဂေဟာကနေကနေ ခေါ်ပြီးမွေးစားထားတဲ့ ညီအစ်ကိုတွေနဲ့ပဲ အမြဲနေခဲ့တာလေ။ အဘိုးကြီးက ဆရာ့ရဲ့လိင်ကိစ္စကို သံသယဖြစ်ခဲ့ရတာပဲ။ ဒါပေမဲ့ ဒီတစ်ခါတော့ သူတကယ်ပဲ မိန်းမတစ်ယောက်အကြောင်းကို စုံစမ်းခိုင်းနေတာလား။
ချန်ရန်သည် အံ့ဩသွားသော်လည်း မုရွှမ်ချင်၏မျက်နှာကတော့ ပြောင်းလဲမသွားချေ။ သူ့မျက်လုံးများကို မှေးလိုက်ရာ စိတ်ထဲတွင် ကုချင်းယွီ၏မျက်နှာက ဖျက်ခနဲ ပေါ်လာတော့သည်…
နောက်ဆုံးတော့ သူမက တကယ်ပဲ ဘယ်သူများပါလိမ့်။
သူ့ဘေးမှာပေါ်လာပြီး သူ့ကို ကယ်ပေးခဲ့တယ်၊ ဒါတကယ်ပဲ တိုက်ဆိုင်မှုတစ်ခုလား ဒါမှမဟုတ် ရေရှည်စီမံကိန်း အစီအစဥ်တစ်ခုလား။
မုရွှမ်ချင်နှင့် သူ့လူများသည် ထွက်သွားကြပြီး ကုမိသားစုကို စောင့်ကြည့်ရန် လူနှစ်ယောက် ချန်ခဲ့လိုက်၏။
ညလယ်အချိန် ၂နာရီရှိနေပြီး ကုအိမ်တော်သည် အတိ မှောင်မည်းနေလေသည်။ တံခါးကို လော့ချ် ချထားပြီး ကုချင်းယွီအတွက် တံခါးဖွင့်ပေးမည့်သူမရှိသလို မီးဖွင့်ပေးမည့်သူလည်းမရှိပေ။
မဲ့ပြုံးတစ်ခုဖြင့် ကုချင်းယွီသည် တံတိုင်းကို ကျော်တက်လိုက်ပြီး ခြံထဲဝင်သွားလေသည်။ သူမ မြေပေါ်ကျလာချိန်၌ သူမ၏ဒူးက နာကျင်မှုကြောင့် တဖန်ဆန္ဒပြလာပြန်သည်။ သူမ၏နှုတ်ခမ်းများ ဖြူဆွတ်သွားသော်လည်း သူမမျက်လုံးထဲက အကြည့်မှာ ပြောင်းလဲမသွားချေ။
ထို့နောက် သူမထက် ပိုကြီးကာသန်မာသည့် ကုမိသားစုဝံပုလွေခွေး၏ အရောင်တောက်တောက် မျက်လုံးများနှင့် ဆုံသွားတော့သည်..
“ အားမောက် ဒီကိုလာ”
သူမ၏မျက်လုံးများသည် နူးညံ့နေ၏။ သူမသည် တိရစ္ဆာန်သေးသေးများကို ချစ်လေသည်။ အကြောင်းမှာ သူတို့၏ဂြိုဟ်ပေါ်တွင် သူတို့မှလွဲလျှင် တိရစ္ဆာန်အားလုံးမှာ မျိုးသုဥ်းပျောက်ကွယ် သွားသောကြောင့်ပင်။ အားမောက်သည် သူမ၏မိခင် အသက်ရှိစဥ်က မိခင်ထံမှ မွေးနေ့လက်ဆောင်အဖြစ်ရခဲ့သည်ကို သည်ခန္ဓာကိုယ်၏မှတ်ဉာဏ်ထဲမှ တဆင့်သိလိုက်ရ၏။ သူသည် အခု ၁၂နှစ်ရှိပြီဖြစ်သည်။ တနည်းအားဖြင့် သူမရှေ့က ကြီးမားသည့် ဝံပုလွေခွေးသည် အသက်ဆယ်နှစ်နှစ် ဖြစ်သည်။ ဝံပုလွေခွေးတို့သက်တမ်းအရ သူသည် လူအိုကြီးတစ်ယောက်ပင် ဖြစ်နေလေပြီ။
သူမကို ရုတ်တရက် ခုန်အုပ်ကာ ကိုက်တော့မည့် ဝံပုလွေခွေးကြီးသည် အံ့ဩစရာ ကောင်းလောက်အောင် သိမ်မွေ့ကျိုးနွံကာ သူမထံ ခုန်လိုက်ပြီး သူမကို လျက်နေ၏။
ပထမဆုံးအကြိမ်အဖြစ် ကုချင်းယွီသည် စိတ်ရင်းဖြင့် အသက်ထွက်အော်ရယ်လိုက်လေသည်။
ရယ်သံသည် အိမ်မောမကျနိုင်သေးသည့် အိမ်ထဲက တစ်စုံတစ်ယောက်၏အာရုံကို ဆွဲဆောင်လိုက်၏။
“ မမ နင် နောက်ဆုံးတော့ ပြန်လာပြီနော်… ငါ နင့်ဖုန်းကိုလည်းဆက်လို့မရဘူး ပြီးတော့ ကိုကိုရှင်းယွမ်ကလည်း ငါ့ဖုန်းကို မကိုင်ဘူး၊ ငါဘယ်လောက် စိတ်ပူနေလဲ သိရဲ့လား”
စကားပြောနေသူမှာ သည်ခန္ဓာကိုယ်ပိုင်ရှင်၏ သွေးတစ်ဝက်တော်စပ်သူ ကုချင်းချန်ဖြစ်လေသည်။
ကုချင်းချန်သည် သူမထက် တစ်နှစ်ငယ်၏။ ဆယ့်ကိုးနှစ်ဖြစ်ပြီး တက္ကသိုလ်ပထမနှစ် ကျောင်းသူဖြစ်သည်။
သူမအသက်အရွယ်ကို ကြည့်ရုံနှင့်ပင် ‘ကုချင်းယွီ’နှင့်သူမ၏ဆက်ဆံရေးမှာ သေချာပေါက်ကောင်းမည် မဟုတ်သည်ကို သူမသိလေသည်။
…