အခန်း (၂)
ကားမောင်းနေသည့် လူကို ရှောင်ဖုန်းဟု ခေါ်သည်။ သူက ဆီးသီးများကို အိမ်သို့ ယူလာပြီးနောက် တစ်လုံးစားရန် မစောင့်နိုင်တော့ချေ။ ထို့နောက် အသီးရနံ့က သူ့ဧည့်ခန်းအတွင်း ပြည့်နှက်သွားတော့သည်။
တစ်ကိုက်လောက် ကိုက်လိုက်သည်နှင့် အရည်ရွမ်းပြီး နူးညံ့ချိုမြသော အရသာများဖြင့် ပြည့်သွားတော့သည်။
သေချာပေါက် ဒီအရသာက သူစိတ်ကူးထားသကဲ့သို့ အတိအကျကို တူညီပေသည်။ သူက ဆီးသီးတစ်လုံးလုံးကို အလျင်အမြန်ပဲ စားပစ်လိုက်တော့သည်။
အရသာ ရှိတာကလွဲလျှင် သူ့မှာ ဒါကို ဖော်ပြရန် တခြားစကားလုံး ရှာတောင် မတွေ့နိုင်ခဲ့ချေ။
ရှောင်ဖုန်း၏အမေက အနောက်ဘက်ခြံဝန်းထဲ၌ အလုပ်ရှုပ်နေခဲ့သည်။ သူမက ဧည့်ခန်းထဲကို ပြန်လာလာချင်း ရှောင်ဖုန်းပြန်လာသည်ကို မြင်လိုက်သည်။ သူမက သူမသား ဘာစားနေမှန်း မသိခဲ့ပေ။ သို့သော် သူ့ကြည့်ရသည်မှာ အလွန်နှစ်သက်နေသည့်ပုံရသည်။ အနီးကပ် ကြည့်လိုက်သည့်အခါ ဆီးသီးများ ဖြစ်နေသည်။ ထိုအသီးများက သူမစိုက်ပျိုးထားသည့်အသီးများထက် ပိုကောင်းနေပုံပေါ်သည်။ “ဒါတွေ ဘယ်က ရလာတာလဲ ”
ရှောင်ဖုန်းက အလွန်စိတ်အားထက်သန်နေပြီး နောက်ထပ်အသီးများကို ဆက်လက် စားသုံးရန် မစောင့်နိုင်တော့ချေ။ သူ၏အမေက သူ့ကို ထိုကဲ့သို့ မြင်ရသောအခါ မနှစ်သက်စွာ ပြောလိုက်သည်။
“မင်း စားနေတာက တစ်ခါမှ ဆီးသီးမစားဘူးတဲ့ပုံနဲ့ ”
ရှောင်ဖုန်းက ရှင်းပြရန် အပင်ပန်းမခံတော့ပေ။ “အရသာက မတူဘူး ”
ရှောင်ဖုန်း၏အမေက သူမသား၏သဘောထားကို မကျေနပ်သလို ခံစားခဲ့ရသည်။
“ဘယ်လိုလုပ်မတူရမှာလဲ၊ ဆီးသီးက ဆီးသီးပဲပေါ့ ”
ရှောင်ဖုန်းက ဒီထက်ပိုမပြောတော့ဘဲ အခွံနွှာရန် စတင်လိုက်သည်။
ဆီးသီး၏ရနံ့က ပိုပိုပြီး မွှေးလာပြီး ရှောင်ဖုန်းအမေ၏ နားပူနားဆာလုပ်နေသည့်အသံက ပိုပြီး တိတ်ဆိတ်လာသည်။
“ဒီဆီးသီးက ငါ့ တစ်ဘဝလုံးမှာ စားခဲ့တာလိုပဲ တူတူပဲနေမှာ၊ အရသာကလည်း အထူးတလည် မဖြစ်နိုင်ဘူး ”
ရှောင်ဖုန်းက ဆီးသီးများကို အခွံနွှာပြီးသွားပြီး ၎င်းတို့ကို သူ့အမေဆီသို့ တိုက်ရိုက်ပေးလိုက်သည်။
ရှောင်ဖုန်းအမေက မဖြေခဲ့ဘူး။ “ငါ စားမှာ မဟုတ်ဘူး၊ ပြီးတော့ အဲဒါက ရှားပါးပစ္စည်း မဟုတ်ဘူး ”
ရှောင်ဖုန်းက မတ်တတ်ရပ်လိုက်ပြီး ဆီးသီးများကို သူ့အမေ၏ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။ သူသာ စကားထပ်ပြောနေပါက သူ စားနေသည့်အချိန်ကို ဖြုန်းတီးနေသကဲ့သို့ ခံစားရသည်။
ရှောင်ဖုန်းအမေက မသိစိတ်ဖြင့် တစ်ကိုက်ကိုက်လိုက်ပြီး ချိုမြိန်သည့်အသီးရည်က သူမ၏ပါးစပ်ထဲမှ အစာအိမ်ထဲသို့ စီးဝင်သွားလေသည်။ ရှောင်ဖုန်း၏အမေက ထပ်ပြီး ဝါးလိုက်သည်။ သူမ၏ပါးစပ်ထဲမှ ဆီးသီးများ ကုန်သွားခဲ့သည်။ သို့သော် ချိုမြိန်သည့်ရနံ့က သူမနှုတ်ခမ်းနှင့် သွားများကြား၌ ကျန်ရှိနေသေးသည်။
ရှောင်ဖုန်း၏အမေက ဆီးသီး၏တခြားတစ်ဝက်ကို မသိစိတ်ဖြင့် ရှာဖွေလိုက်မိသည်။ သူမက ကြည့်လိုက်စဉ် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် သူမကို ကြည့်နေသော ရှောင်ဖုန်းကို မြင်သွားခဲ့သည်။
ရှောင်ဖုန်း၏အမေက အနည်းငယ် ရှက်သွားခဲ့သည်။ သူမက ရှောင်ဖုန်း၏လက်ထဲမှ တခြားဆီးသီးတစ်ဝက်ကို ယူလိုက်ပြီး တစ်ကိုက်ထဲ စားလိုက်တော့သည်။ ထိုလတ်ဆတ်သည့် ခံစားမှုက နောက်တဖန် ပြန်ရောက်လာခဲ့သည်။
ဆီးသီးတစ်လုံးက ဘာကြောင့် ဒီလို ပျော်ရွှင်စေတာလဲ။
ဤဆီးသီးတစ်လုံးက သူမ၏ အစားကြီးမှု အားလုံးကို မဖြေရှင်းနိုင်ပေ။ ရှောင်ဖုန်းအမေ၏ပါးစပ်မှ စီးကျနေသည့်အရည်များက ယခု စားလိုက်သည့် ဆီးသီးမှ အရည်ပေလော၊ သို့တည်းမဟုတ် သွားရည်များ ကျန်ခဲ့သည်လောကို မသိနိုင်ချေ။
ယခုအချိန်တွင်မူ သူမအိမ်၌ စိုက်ပျိုးထားသော ဆီးသီးများရှိသော်လည်း အရသာကမူ အနည်းငယ် ကွဲပြားသည်ကို ရှောင်ဖုန်း၏အမေက ဝန်ခံရတော့သည်။ အတိအကျပြောရလျှင် အတော်လေးကို ကွဲပြားခြားနားလွန်းသည်။
မကြာမီ ဧည့်ခန်းတစ်ခုလုံးက တိတ်ဆိတ်သွားသည်။ လူနှစ်ယောက် ဆီးသီးများစားနေသည့် အသံသာလျှင် ထွက်ပေါ်နေတော့သည်။
ဆီးသီးက အများကြီး မရှိပေ။ ထို့ကြောင့် မကြာမီ သူတို့ စားလို့ ပြီးသွားသည်။ သူတို့က အမှိုက်ပုံးထဲရှိ စွန့်ပစ်ထားသည့် ဆီးသီးအခွံများကို မြင်ပြီး သူတို့နှစ်ယောက် ဝမ်းနည်းသလို ခံစားလိုက်ရသည်။ မင်း သိလား။ ဒီဆီးသီးအခွံတွေကလည်း စားလို့ရတယ်လေ။
ဤသည်ကို တွေးမိပြီး နှစ်ယောက်သား စားပွဲပေါ်ရှိ ဆီးသီးအစေ့များကို ကောက်ယူလိုက်ကြပြီး အစေ့များကို တူတစ်ချောင်းဖြင့် ခွဲဖွင့်လိုက်ကြသည်။
ကောင်းပြီ။ ဆီးသီးအစေ့ထဲမှာရှိတဲ့ အဆံကလည်း စားလို့ရတယ်လေ။ (ဘာသာပြန်မှတ်စု။ ဆီးသီးအဆံများစားခြင်းက များစွာသော ကျွမ်းကျင်သူများပြောချက်အရ ဘေးကင်းမကင်း မသေချာသေးပေ။ တချို့က အကျိုးအာနိသင် အများအပြားရှိသည်ဟု ဆိုကြပြီး တချို့ကမူ အဆိပ်အတောက်ဖြစ်စေသည်ဟု ပြောကြသည်။ ကျေးဇူးပြုပြီး ကိုယ်တိုင်လေ့လာပါ။ မသေချာလျှင် မစမ်းကြည့်ပါနှင့်။)
…
နောက်ဆုံး၌ ဤတာဝန်ကို ပြီးသွားပြီးနောက် ရှန်းထင်ရွှမ်းက သူမ၏ ဆီးသီးပင်ဆီသို့ ပြန်သွားတော့တယ်။ သူမ၏ဖုန်းက မြည်လာသည့်အချိန်တွင် သူမက ဝိညာဉ်စွမ်းအင်များဖြင့် နောက်ထပ် ရေလောင်းရန် အဆင့်သင့်ဖြစ်နေခဲ့သည်။
နှစ်ပေါင်းတစ်သောင်းကြာ အသက်ရှင်နေထိုင်ခဲ့သည့် ဂျင်ဆင်းမြစ်တစ်ခုအနေဖြင့် သူမက မိုဘိုင်းဖုန်းကို ဘယ်တုန်းကမှ အသုံးမပြုခဲ့ဖူးချေ။ ကူးပြောင်းခံရပြီးတဲ့နောက် သူမက မိုဘိုင်းဖုန်းသည် အလွန်ထူးဆန်းသည်ဟု ခံစားရသည်။ မူလကိုယ်၏ မှတ်ဉာဏ်ထဲ၌ ထိုအရာက နေရာတိုင်းကို သယ်သွားရသည့် တစ်စုံတစ်ခုတစ်ခုဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် သူမက ညလယ်ကြီးမှာ ရှန်မိသားစုမှ ထွက်လာသည့်အခါ ရှန်းထင်ရွှမ်းက သူမနှင့်အတူ သူမ၏ဖုန်းကို ယူလာခဲ့သည်။
“အဖေ ” ဟု ဖုန်း၏မျက်နှာပြင်ပေါ်တွင် ပြနေသည်။
ရှန်းထင်ရွှမ်းက မျက်မှောင်ကြုတ်လိုက်ပြီး ဖုန်းဖြေရန် ဖိဆွဲလိုက်သည်။ စကားမပြောခင် သူမက ဖုန်းထဲမှ အော်ငေါက်သံကို ကြားလိုက်ရသည်။
“ရှန်းထင်ရွှမ်း နင် ဘာပြဿနာတွေ ရှာနေတာလဲ ”
“ကျွန်မ ပြဿနာ မရှာပါဘူး ” ရှန်းထင်ရွှမ်းက အနည်းငယ် အံ့ဩသွားခဲ့သည်။ သူမက တစ်နေ့လုံး တာဝန်ကို လုပ်နေရပြီး ပင်ပန်းနေခဲ့သည်။ ပြီးတော့ အခု သူမ အနားယူရန် လိုအပ်ပေသည်။ သူမမှာ ပြဿနာရှာရန် မည်ကဲ့သို့ အင်အားရှိမည်နည်း။
“မင်း အိမ်ကနေ ထွက်ပြေးနေတာက ပြဿနာရှာနေတာ မဟုတ်ဘူးလား၊ မနေ့က မင်း အမှားလုပ်ခဲ့တာ ရှင်းနေတာပဲ၊ မင်းရဲ့အစ်မကို တောင်းပန်ဖို့ မလိုဘူး၊ အခု ဒီကို ပြန်လာခဲ့ ”
ရှန်းထင်ရွှမ်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ မနေ့က အတွေ့အကြုံအရ စနစ်က ညလယ်၌ တာဝန်တစ်ခုကို ထပ်မံ ထုတ်ပြန်ကောင်း ထုတ်ပြန်လာနိုင်သည်။ ခက်ခဲသည့် သတ်မှတ်ချက်များကြောင့် နောက်ထပ်တာဝန်က ပြီးခဲ့သည့်တာဝန်ထက် ပိုမိုခက်ခဲနိုင်ချေ ရှိသည်။ ရှန်းမိသားစုအိမ်သို့ ပြန်သွားပါက တာဝန်ကို သေချာပေါက် ကျရှုံးသွားလိမ့်မည်။
“ကျွန်မ ပြန်မလာဘူး ”
ပါပါးရှန်းက အရမ်းကို ဒေါသထွက်သွားခဲ့သည်။ “မင်း ပြန်မလာဘူးလား၊ မင်း ပြန်မလာဘူးဆိုရင် ငါ မင်းကို ပြောမယ်၊ ငါက မင်းအခန်းထဲက အဝတ်တွေအားလုံး လွှင့်ပစ်လိုက်မယ် ”
“ကျွန်မ ပြန်မလာဘူး ” ရှန်းထင်ရွှမ်းက ဖုန်းကို ချလိုက်သည်။ သူမက ဒါကို ဘာ့ကြောင့် နှစ်ခါတောင် ထပ်ပြောနေရတာလဲ။ သူမက လူသားစကားတွေနဲ့ ပြောနေတာ မဟုတ်ဘူးလား။
ရှန်းထင်ရွှမ်းက သူမထွက်မသွားခင် အထုပ်ထုပ်နေစဉ် အဝတ်များရှိနေသေးတာကို မြင်ခဲ့သည်။ ၎င်းတို့ အားလုံးက ထူးဆန်းသည့်ပုံစံနှင့် ထူးဆန်းသည့် အရောင်များ ရှိကြသည်။ ၎င်းတို့သည် မူလကိုယ်က သူမ၏မိဘများ သူမကို အာရုံစိုက်အောင် အသုံးပြုခဲ့သည့် အဝတ်များဖြစ်ကြသည်။
ထိုအရာက မူလကိုယ်ဖယ်ရှားချင်ခဲ့သည့် အဝတ်များလည်း ဖြစ်သည်။
သူ့ဖုန်းကို ချပစ်လိမ့်မည်ဟု ပါပါးရှန်က မျှော်လင့်မထားခဲ့ပေ။ ထို့နောက် သူ့၏မျက်နှာက ဒေါသအပြည့် ဖြစ်သွားသည်။ ရှန်းထင်ရွှမ်းက သူ့ကို မနာခံဘဲ သူ့ဖုန်းကို ချပစ်ရဲသည်။
“ရှန်းထင်ရွှမ်း မင်းက ငါ့ဖုန်းကို ချပြီး ထွက်ပြေးရဲတယ်ပေါ့ ” ရှန်းထင်ရွှမ်း ယခု ရှိနေပါက အမျက်ချောင်းချောင်းထွက်နေသည့် ပါပါးရှန်က သူမကို သွေးရူးသွေးတန်း ရိုက်ကောင်း ရိုက်နိုင်ပေသည်။
ရှန်းရွှမ်က ဒေါသထွက်နေသည့် ပါပါးရှန်ကို ကြည့်လိုက်ပြီး လေသံပျော့ပျော့ဖြင့် တီးတိုးပြောလိုက်သည်။
“အဖေ ဒေါသမထွက်ပါနဲ့၊ ညီမလေးက ရက်နည်းနည်းလောက်နေရင် ပြန်လာမှာပါ ”
ပါပါးရှန်က နူးညံ့သိမ်မွေ့သည့် ရှန်းရွှမ်ကို ကြည့်လိုက်ပြီး သူ့နှလုံးသားထဲမှ ဒေါသက အတော်လေး လျော့ပါးသွားသည်။
“မင်းညီမက မင်းလို တစ်ဝက်လောက်လေး ဖြစ်ရင်တောင် ကောင်းမှာပဲ” ရှန်းရွှမ်က ရိုသေကျိုးနွံသည်။ သူမ၏ ပင်ကိုယ်စရိုက်က နူးညံ့သိမ်မွေ့ပြီး မည်သည့်နေရာမှ မစွမ်းဆောင်နိုင်သည့် ရှန်းထင်ရွှမ်ကဲ့သို့ လမ်းလွဲနေသည့်သူ မဟုတ်ပေ။
ရှန်ရွှမ်း၏မျက်နှာက အနည်းငယ် စိုးရိမ်သွားခဲ့သည်။
“သမီး ညီမလေးကို နည်းနည်းတော့ စိုးရိမ်မိတယ်၊ သူ အပြင်ကို သွားတုန်းက သူ ဘာမှသယ်သွားပုံ မပေါ်ဘူး”
“သမီးကမှ သူ ဘာတွေလုပ်နေလဲ စိုးရိမ်ပေးနေသေးတယ်၊ သူ့ကို ကြည့်ရတာတော့ သမီး စိုးရိမ်ပေးသလို သမီးအတွက် စိုးရိမ်ပေးမှာ မဟုတ်လောက်ဘူး ”
သို့သော် ရှန်းရွှမ်၏စကားလုံးများက ပါပါးရှန်ကို သတိပေးလိုက်သည်။ သူမ ဘာမှယူမသွားလျှင်တောင် ကိစ္စမရှိပေ။ သူမ၌ ပိုက်ဆံရှိနေသရွေ့ကာလပတ်လုံး သူမ ထိုအဝတ်များကို ဝယ်နိုင်သည်။ သို့သော် သူမ၌ ပိုက်ဆံမရှိပါက ထိုအရာကို မဝယ်နိုင်ပေ။
ပါပါးရှန်က ဖုန်းကို ကောက်ကိုင်လိုက်ပြီး သူ၏ဘဏ်မန်နေဂျာကို ခေါ်လိုက်သည်။ ပြီးနောက် ရှန်းထင်ရွှမ်၏ဘဏ်ကတ်ကို ပိတ်ခိုင်းလိုက်သည်။
ပါပါးရှန် ပူပန်သလောက် ရှန်းထင်ရွှမ်းက သည်ပတ်ဝန်းကျင်မှ မထွက်ခွာရသေးပေ။ ထို့အပြင် သူမ၏ သုံးစွဲမှုအတွက် မိသားစုအပေါ် မှီခိုအားထားနေရတုန်း ဖြစ်သည်။ ရှန်းထင်ရွှမ်း၏ကတ်က ဖြတ်တောက်ခံရလျှင် သူမက သေချာပေါက် ပြန်လာလိမ့်မည်။
…
ဖုန်းချပြီးနောက် ရှန်းထင်ရွှမ်းက ပါပါးရှန်၏နာမည်ကို ‘ရှန်မိသားစုရဲ့ ကြေကွဲနေတဲ့ကောင်လေး ’ ဟု ပြောင်းလိုက်ပြီး တီးတိုးရေရွတ်ရန်လည်း မမေ့ပေ။
“ငအ နင့်ကို အဖေလို့ ခေါ်ဖို့ ငါ့ကို မေးရဲသလား ”
သူမ၏ဝိညာဉ်သွေးကြောက ၂ % ပြန်လည်သိုလှောင်ပြီးနောက် သူမ၏တစ်ကိုယ်လုံးက စွမ်းအင်အနည်းငယ် ရှိလာသည်။ ရှန်းထင်ရွှမ်က သူမ၏ ကြွက်သားများကို လှုပ်ရှားပြီး ဆီးပင်ကို ရေလောင်းခဲ့သည်။ ပြီးနောက် ခြင်းကို သယ်ပြီး အရှေ့ဘက် တောင်စောင်းဆီသို့ လမ်းလျှောက်ထွက်လိုက်တော့သည်။
သူမက မနက်စောစော လာခဲ့သောအခါ သူမက စားကောင်းသော အသီးများကို ရှာဖွေခဲ့ပြီး နောက်ဆုံးတွင် ဤဆီးတောကို တွေ့ခဲ့သည်။
အချိန်က စောနေသေးပြီး ရှန်းထင်ရွှမ်က ထိုဆီးသီးပင်တဝိုက်ရှိ အစေ့များကို ဆွဲထုတ်လိုက်သည်။ မြက်ခြောက်များကို ယူလိုက်ပြီး မြေကြီးပေါ်တွင် ဖြန့်ထားလိုက်သည်။ ပြီးနောက် ခဏလောက် ၎င်းပေါ်တွင် လှဲနေခဲ့သည်။
သူမက ပထမဆုံးကူးပြောင်းလာသည့် တစ်ညသာ နူးညံ့သည့်အိပ်ရာပေါ်တွင် အိပ်ခဲ့ရပြီး ယခု မြက်ခင်းပေါ်တွင် အိပ်နေရသည်။ သူမက အစပိုင်းတွင် အနည်းငယ် ကျင့်သားမရခဲ့ပေ။ မျှော်လင့်ရသလောက်တော့ ခြိုးခြံချွေတာရသည့်ဘဝမှ ဇိမ်ရှိရှိနေရသည့်ဘဝသို့ ပြောင်းလဲရန် လွယ်ကူပေသည်။ သို့သော် ဇိမ်ရှိရှိနေရသည့်ဘဝမှ ခြိုးခြံချွေတာရသည့်ဘဝသို့ ပြောင်းလဲရသည်ကား ခက်ခဲပေသည်။
ထို့ကြောင့် ရှန်းထင်ရွှမ်က ယခု တောင်၏ အရှေ့ဘက်ဆင်ခြေလျော၏ တခြားတစ်ဖက်ပေါ်တွင် သူမ ရှာဖွေတွေ့ရှိခဲ့သော ခြံဝင်းအတွင်းတွင် အနားယူရန် စီစဉ်ထားခဲ့သည်။
မနက်ခင်း၏ အစောပိုင်းအချိန်များ၌ တာဝန်က အလျင်လိုနေခဲ့သည်။ ရှင်းထင်ရွှမ်းက ခြံဝန်းကို ရှာတွေ့ပြီးနောက် အထဲကို မသွားခဲ့ပေ။ ယခု စနစ်က တာဝန်ကို ထပ်မပေးသေးချေ။ ရှန်းထင်ရွှမ်းက အချိန်ပိုနေ၏။
အပြင်ဘက်မှ ခြံဝန်းက အတော်ကြီးပေသည်။ အပြင်ဘက်ရှိသော့က သံချေးများဖြင့် ဖုံးလွှမ်းနေပေသည်။ ရှန်းထင်ရွှမ်းက ၎င်းကို ညင်သာစွာ တွန်းလိုက်ပြီး သော့က မြေပေါ်သို့ ပြုတ်ကျသွားလေသည်။ တံခါးပွင့်ပွင့်ချင်း မင်းမြင်ရမည့် အရာအားလုံးက ပင့်ကူအိမ်များသာ ဖြစ်သည်။
ရှန်းထင်ရွှမ်းက ခြင်းကို ဘေးသို့ ချလိုက်ပြီး မြေပေါ်ရှိ သစ်ကိုင်းခြောက်တစ်ခုကို ကောက်ယူလိုက်သည်။ သူမ၏ခြေထောက်ကို မြှောက်ကာ လမ်းလျှောက်ဝင်သွားပြီး ခြံဝန်းအတွင်းရှိ ပင့်ကူအိမ်များကို လှည်းကျင်းနေတော့သည်။
ခြံဝင်းအတွင်းပိုင်း တစ်ခုလုံးက အလွန်ကြီးမားပေသည်။ ပန်းခင်းများသာမက ကားပါကင်ထိုးရန်လည်း နေရာများ ရှိသည်။ သို့သော် ပန်းခန်းထဲရှိ စိုက်ပျိုးထားသော အပင်များက ကြာကြာ မရှင်နိုင်ခဲ့ပေ။ ထိုနေရာ၌ သစ်ကိုင်းခြောက်အနည်းသာလျှင် ရှိနေသည်။
အစပိုင်း၌ ပင့်ကူအိမ်များကို ရှင်းလင်းပြီးနောက် ရှန်းထင်ရွှမ်းက ထောင့်နားတွင် လဲနေသာ တံမြက်စည်းကို ကောက်ယူလိုက်ပြီး ခြံဝန်းတစ်ခုလုံးကို ရှင်းလင်းလိုက်တော့သည်။
ယေဘုယျအားဖြင့် ပြောရလျှင် ခြံဝန်းရှိသော အိမ်အများစုက တောင်ဘက်ကို မျက်နှာမူပြီး မြောက်ဘက်ကို အထိုင်ချထားသောပုံစံများ ဖြစ်ကြပြီး ဤခြံဝန်းနှင့်အိမ်ကို တောင်၏အရှေ့ဘက်ရှိ ဆင်ခြေလျောပေါ်တွင် တည်ဆောက်ထားလေသည်။
ဂျင်ဆင်းများက ယေဘုယျအားဖြင့် အရှေ့ဘက်နှင့် အနောက်ဘက် ဆင်ခြေလျောများကို နှစ်သက်ကြသည်။ ထို့ကြောင့် ရှန်းထင်ရွှမ်းက ဤအိမ်ကို အလွန် နှစ်သက်ပေသည်။
အိမ်၏အရွယ်အစားကိုတော့ မဖော်ပြတတ်ချေ။ ရှန်းထင်ရွှမ်းက ခြံဝန်းအတွင်းရှိ အမှိုက်များ ရှင်းလင်းရန် နှစ်နာရီမကအချိန်ယူခဲ့ရသည်။ သူမ ဝိညာဉ်သွေးကြောများ၏စွမ်းအားက ကူညီပေးနေဆဲ ဖြစ်သည်။
တောင်ဘက်ခြမ်းတွင် အိမ်မကြီး ရှိသည်။ ထိုနေရာက မူလကိုယ်၏အဘွားနေထိုင်ခဲ့သော နေရာ ဖြစ်လောက်ပေသည်။ ဧည့်ခန်း၊ အိမ်ခန်း၊ မီးဖိုချောင်နှင့် တခြားအခန်းငယ်များလည်း ရှိပြီး အခန်းအများစုက လွတ်နေသည်။
အနောက်ဘက်နှင့် အရှေ့ဘက်ရှိအိမ်များရှိ အခန်းများက တောင်ဘက်ခြမ်းရှိ အခန်းများထက် ပိုပြီးသေးသည်။ သို့သော် ၎င်းတို့၌ ပစ္စည်းအပြည့်အစုံ ရှိပေသည်။
တောင်ဘက်အခန်း၌ ဂိုထောင်များ ရှိကြသည်။ သို့သော် ထိုအထဲ၌ မည်သည့်အရာမှ မရှိပေ။ ထိုအထဲ၌ အမျိုးအမည်မသတ်မှတ်နိုင်သော သစ်စေ့ထုပ်အနည်းငယ်သာလျှင် ရှိပေသည်။
မူလကိုယ်၏အဘွားသေဆုံးပြီး နှစ်များအတွင်း တစ်စုံတစ်ယောက်က ရောက်လာပြီး အိမ်၌ ရှိသည့်အရာများအား ယူဆောင်သွားခဲ့သည်ဟု ရှန်းထင်ရွှမ်သာ ခန့်မှန်းမိသည်။
ရှန်းထင်ရွှမ်းက တံခါးအပြင်ရှိ ဖုန်များကို ရှင်းလင်းပြီး ပုံထားလိုက်သည်။ ပြီးနောက် မြောက်ဘက်ရှိ အိမ်မကြီးသို့ သွားလိုက်သည်။ နေက ဝင်သွားခဲ့ပြီဖြစ်သည်။ ပြီးနောက် ရှန်းထင်ရွှမ်းက တံခါး၌ရှိသည့် ခလုတ်ကို နှိပ်လိုက်သည်။ သို့သော် မီးလင်းသွားမည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
ရေချိုးခန်းထဲရှိ ရေပန်းက ကြာကြာ အလုပ်မလုပ်နိုင်တော့ပေ။ မီးဖိုချောင်ထဲတွင် မီးဖိုနှစ်ခုရှိပြီး အသုံးမပြုသည်မှာ ကြာလောက်ပြီဖြစ်သည့် ဂတ်စ်မီးဖိုတစ်ခုဖြစ်ပြီး တခြားတစ်ခုက သစ်သားမီးဖို ဖြစ်သည်။ သို့သော် မီးဖိုချောင်ထဲ၌ မည်သည့်ထင်းမျှ မရှိပေ။
သစ်သားမီးဖိုအနီး၌ မီးခြစ်တစ်ခု ရှိသည်။ ဂရုတစိုက် ကြိုးစားပြီးနောက် ထိုအရာက မီးတောက်လောင်သွားသည်။
ရှန်းထင်ရွှမ်းက တံခါးအပြင်ဘက်မှ သစ်ကိုင်းခြောက်တချို့ကို ကောက်ယူရန် သွားခဲ့သည်။ ပြီးနောက် မီးညှိလိုက်ပြီး ရေနွေး တည်ထားလိုက်သည်။
အချိန်ကို အကျိုးရှိစွာ အသုံးချရန် ရှန်းထင်ရွှမ်းက အိပ်ခန်းကို တဖန် သန့်ရှင်းရေးလုပ်ရန် သွားလေသည်။ အံဆွဲအများစုက ဗလာဖြစ်နေသည်။ ပွတ်တိုက်ပြီးနောက် ရှန်းထင်ရွှမ်က အံဆွဲများကို လေရစေရန် အပြင်သို့ ထုတ်လိုက်သည်။
အိပ်ခန်းထဲ၌ မူလကရှိသော ငှက်မွှေးဂွမ်းကပ်အိပ်ရာခင်းများအားလုံးကို ဖယ်ရှားလိုက်ပြီး တံခါးအပြင်ဘက်၌ ထားလိုက်သည်။
ခုတင်ကို အဝတ်စုတ်တစ်ခုဖြင့် အကြိမ်များစွား ပွတ်တိုက်ပြီးနောက် ၎င်းပေါ်တွင် အိပ်ရာခင်း အချို့ကို ဖြန့်ခင်းလိုက်ပြီး အိပ်မည့်နေရာ၌ နေရာချထားလိုက်သည်။
ရှန်းထင်ရွှမ်က သက်ပြင်းချလိုက်သည်။ သူမက ရှန်းမိသားစုမှ ထိုအိပ်ရာခင်းများကို ယူလာခဲ့ပြီး ယခု ထိုအရာများကိုသာ သုံးခဲ့ရသည်။ သူမက ခြံဝန်းအပြင်ဘက်သို့ ပြေးထွက်ခဲ့ပြီး ယနေ့ ရရှိထားခဲ့သော ဆီးသီးများကို ဆေးကြောလိုက်သည်။ ၎င်းတို့ကို တစ်ဝက်စီ ခွဲလိုက်ပြီး ခြံထဲ၌ အခြောက်ခံထားလိုက်သည်။
အားလုံးပြီးသွားပြီးနောက် ရေက ဆူလုနီးပါးဖြစ်နေပြီး ရှန်းထင်ရွှမ်းက ရေချိုးရန် ၎င်းကို ယူသွားတော့သည်။ ထို့နောက် ခြေဆင်းလှဲလိုက်သည်။ အိပ်ရာမရှိသော်ငြား မြက်ခင်းပေါ်တွင် အိပ်ခြင်းထက် ဤကဲ့သို့ အိပ်ခြင်းက ပိုပြီး သက်သောင့်သက်သာ ဖြစ်စေသည်။
ညလယ်သို့ တဖန် ပြန်ရောက်လာပြီး စက်ပိုင်းဆိုင်ရာအသံက နောက်တစ်ကြိမ် မြည်လာခဲ့သည်။
“ကျေးဇူးပြုပြီး လူလေးယောက်ကို မင်း စိုက်ထားတဲ့ အသီးများ ၁၂ နာရီအတွင်း စားခိုင်းပါ ”
—–
စာရေးသူမှာ ပြောစရာရှိနေပါတယ်။
ဂျင်ဆင်းမြစ်။ စနစ်က ငါ့ကို သတ်ချင်နေတာပဲ။
စာရေးသူ။ မကြောက်ပါနဲ့။
စနစ်။ ? …
…